မှတ်တိုင်သစ်တစ်ခု
Vol. 18 Ch. 248
ဖန်းယုသည် အာရန်ကို ကြည့်ရင်း အနည်းငယ် တွန့်ဆုတ်နေပုံရသည်။
သို့သော် သူမ၏ လက်များသည် အအေးဒဏ်ကြောင့် ဖြူဖျော့လျက်ရှိနေလေသည်။
သူမသည် ၎င်းတို့ကို ကောင်းစွာပင် မရွေ့လျားနိုင်တော့ချေ။
သူမသည် မသိစိတ်၏ လှုံ့ဆော်မှုဖြင့် အာရန်၏ လက်များကို သူမ၏ လက်ကလေးများနှင့် လှမ်း၍ ဆုပ်ကိုင်ထားလိုက်မိလေသည်။
“သူ့လက်တွေက အရမ်းနွေးတာပဲ” ဟု သူမက အာရန်၌ မည်ကဲ့သို့သော ထူးခြားခန္ဓာကိုယ်တည်ဆောက်ပုံမျိုးရှိကြောင်း တွေးတောမိရင်း ပြောလိုက်သည်။
အာရန်သည် ယခုကဲ့သို့သော အအေးဒဏ်မှ ကာကွယ်နိုင်သည့် စွမ်းအင်မျိုး တစ်စုံတစ်ရာ ပိုင်ဆိုင်နိုင်လိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မမျှော်လင်းခဲ့ပေ။
ကံကောင်းစွာဖြင့် ၎င်းစွမ်းအင်ကြောင့်ပင် သူ့အား အအေးဒဏ်မှ ကာကွယ်ပေးနိုင်ခဲ့ပြီး အသက်ရှင်လျက် ရှိနေစေခဲ့ခြင်းဖြစ်လေသည်။
မဟုတ်ပါက ထိုကဲ့သို့ ထူးဆန်းစွာ အေးစက်သော ရာသီဥတုမျိုးဖြစ်ပေါ်နေသည့် ဤကဲ့သို့နေရာမျိုးတွင် ထိုဒဏ်ရာများဖြင့် သူသည် ကြာမြင့်စွာကတည်းကပင် သေဆုံးသွားခဲ့ပြီးဖြစ်ပေလိမ့်မည်။
သွေးထွက်လွန်ခြင်းသည်လည်း ယခုအခါ ရပ်တန့်စပြုလာခဲ့ပြီး သူ၏ မျက်နှာအရောင်သည် သဘာဝအတိုင်း ကိုယ်ခံအားဖြင့် ကုသခြင်းများ စတင်ပြုလုပ်လာနိုင်ပုံရသောကြောင့် ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာနေလေသည်။
သူသည် ဤသဘာဝကုသခြင်းတစ်ခုတည်းဖြင့် ပျောက်ကင်းအောင် ကုသနိုင်မည်မဟုတ်သည်မှာ ရှင်းလင်းနေသော်လည်း ၎င်းသည် သူ၏ အခြေအနေ မှာ နောက်ထပ် မဆိုးရွားတော့ဟု ဆိုလိုနေသောကြောင့် သူမသည် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။
ထို့နောက် သူမအတွက် အနွေးဓာတ်ကို ထိန်းသိမ်းထားရန် တွေးတောမိနေစဉ် သူမ၏ မျက်နှာ၌ တစ်စုံတစ်ခုသော ဆုံးဖြတ်ချက်အတွက် လွန်ဆွဲလျက်ရှိနေပုံရလေသည်။
သို့သော် သူမသည် ယောက်ျားတစ်ဦးကို ဘယ်တုံးကမှ မပွေ့ဖက်ဘူးခဲ့ပေ။
အထူးသဖြင့် သူမသည် အဝတ်အစား အနည်းငယ်သာ ကျန်ရှိတော့သောယခုကဲ့သို့ အချိန်အခါမျိုးတွင် ထိုသို့ပြုလုပ်ရန် သင့်တော်ပါမည်လား။
သူမသည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ထိုအကြောင်းကို တွေးတောခြင်းကို ရပ်လိုက်သည်။
ယခုအချိန်၌ ဦးစားပေးမှာ သူ နိုးလာသည်အထိ နွေးထွေးနေရန်ပင် ဖြစ်သည်။
တွန့်ဆုတ်နေသော်လည်း သူမသည် အာရန်ဆီသို့ ပို၍ နီးကပ်အောင် ချဥ်းကပ်သွားလိုက်ပြီး သူမ၏ ခန္ဓာကိုယ်သည် သူ၏ ခန္ဓာကိုယ်နှင့် တဖြည်းဖြည်း ပူးကပ်သွားလေသည်။
သူတို့နှစ်ဦး၏ ခန္ဓာကိုယ်များသည် တစ်ဦးကိုတစ်ဦး အပြန်အလှန် နွေးထွေးစေသကဲ့သို့ ဖြစ်နေသော်လည်း အမှန်တကယ်၌မူ အာရန်၏ နွေးထွေးသော ခန္ဓာကိုယ်ကပင် သူမကို ပိုမို နွေးထွေးစေခဲ့ခြင်း ဖြစ်လေသည်။
အာရန်သည် မည်သို့မျှ မတုံ့ပြန်ခဲ့သော်လည်း သူ၏ စိတ်ထဲတွင်မူ အတော်လေး ရှုပ်ထွေးနေလေသည်။
သူမသည် သူနှင့် အလွန်နီးကပ်လွန်းနေသည်ဟု ခံစားသိရှိနေပြီး သူမ၏ ရင်သားများသည် သူ၏ ခန္ဓာကိုယ်ကို ပွတ်တိုက်မိနေကာ သူမ၏ လက်ကလေး များသည် ဒဏ်ရာများရှိမနေသည့် တစ်ခုတည်းသော နေရာဖြစ်သည့် သူ၏ ဝမ်းဗိုက်ပေါ်၌ တင်ထားလေသည်။
ထိုအခြေအနေ၌ပင် သူမသည် သူ၏ ဒဏ်ရာများကို အနည်းငယ်မျှပင် မထိခိုက်မိစေရန် အလွန်ဂရုစိုက်လျက်ရှိနေပြီး သူ့အတွက် ပို၍ ဆိုးရွားစေရန် မလိုလားသကဲ့သို့ ဖြစ်သည်။
ဖန်းယုသည် ထိုကဲ့သို့နေရင်းမှ တအောင့်အကြာတွင် အလိုလို အိပ်ပျော်သွားသည်ကိုပင် သတိမထားမိခဲ့ပေ။
အကြောင်းတစ်ခုခုကြောင့် ထို ပွေ့ဖက်ထားမှု၌ အလွန်သက်တောင့်သက်သာ ရှိသော ခံစားမှုတစ်ခုကို ခံစားခဲ့ရသည်။
သူမသည် အေးစက်နေသောကြောင့် ထိုနွေးထွေးမှုကို နှစ်သက်ခြင်းများလား သို့မဟုတ် အခြားအကြောင်းအရာတစ်ခုခုများ ပါဝင်နေခြင်းကြောင့်လားဟူ၍ပင် သူမ ကိုယ်သူမ မသေချာပေ။
တစ်ခုတည်းသော သေချာသည့်အရာမှာ သူမသည် ဤအခိုက်အတန့်ကို အလွန်သက်တောင့်သက်သာရှိသည်ဟု ခံစားနေရခြင်းပင် ဖြစ်သည်။
သူမသည် သူမ ငယ်ရွယ်စဉ်ဘဝသို့ ပြန်ရောက်သွားသကဲ့သို့ခံစားလိုက်ရပြီး ထိုကာလများ၌သာ ထိုမျှလောက် ငြိမ်းချမ်းစွာ အိပ်စက်ခဲ့သော နောက်ဆုံးအချိန်များ ဖြစ်ခဲ့လေသည်။
သူမ၏ ဖခင် သေဆုံးသွားပြီးကတည်းက သူမသည် တစ်ခါမျှ ငြိမ်းချမ်းစွာ အိပ်စက်ခဲ့ရခြင်းမရှိဘဲ သူမတစ်ဦးတည်းသာ သိသော ကြောက်မက်ဖွယ် အိပ်မက်များဖြင့် အမြဲနိုးထခဲ့ရလေသည်။
တစ်ခုတည်းသောပြဿနာမှာ သူမ ယခုကဲ့သို့ပွေ့ဖက်ထားမိသည်ကို နှစ်သက်နေသောသူသည် ဝိညာဉ်ခြင်း မတူညီနေသော်လည်း သူမ၏ ဖခင်ကို သတ်ခဲ့သည်ဟု ယူဆရသောသူနှင့် ခန္ဓာကိုယ်ချင်းမှာ အတူတူပင်ဖြစ်နေကြောင်းကို သူမ မသိရှိနိုင်ခြင်းပင် ဖြစ်သည်။
အိပ်ပျော်နေသော သူမသည် အာရန်ဆီသို့ ပို၍ပင် နီးကပ်စွာ ရွေ့လျားသွားခဲ့မိပြီး သူတို့၏ မျက်နှာများကြား၌ လက်မအနည်းငယ်ခန့်သာ ကွာဝေးတော့လေသည်။
အာရန်သည် သူ၏ သတ္တမအာရုံဖြင့် ဖန်းယု အိပ်ပျော်သွားကြောင်း အတည်ပြုပြီးမှသာ သူမကို ငေးကြည့်နေလိုက်မိသည်။
ရာသီဥတုသည် တူညီသည်ဖြစ်စေ မတူညီသည်ဖြစ်စေ သူသည် မျက်လုံးများကို နိုင်မဖွင့်ခဲ့ပေ။
နောက်ဆုံး၌ ၎င်းတို့သည် ဤနေရာ၌ အလုပ်မလုပ်နိုင်ကြခြင်းသည် အတူတူပင်ဖြစ်သည်။
ယခုအကြိမ်သည် သူ့အတွက် ကောင်းစွာ မမြင်နိုင်ခြင်းကို နောင်တရမိသော ပထမဆုံးအကြိမ်လည်း ဖြစ်လေသည်။
သူသည် သူ၏ သတ္တမအာရုံဖြင့် အရာအားလုံးကို မြင်တွေ့နိုင်နေသော်လည်း ၎င်းသည် အပြည့်အစုံ မဟုတ်ပေ။
ဖန်းယုသည် သူနှင့် အလွန်နီးကပ်နေသောကြောင့် သူမ၏ အသက်ရှူသံများကိုပင် သူ သည် ကြားနိုင်နေခဲ့သည်။
သူမ၏ နွေးထွေးသော အသက်ရှူသံများသည် သူ၏ မျက်နှာကို ထိတွေ့မိနေပြီး သူမ၏ နှုတ်ခမ်းများသည် အလွန်နီးကပ်လွန်းသောကြောင့် သူသည် လက်မအနည်းငယ် ရှေ့သို့တိုးလိုက်မည်ဆိုပါက ၎င်းတို့ကို နမ်းမိနိုင်လေသည်။
သူ ပြုလုပ်လိုနေခဲ့သည်မှာ သူမ၏ မျက်နှာသာပေးမှုလေး တစ်ခုကိုသာ ရရှိရန် ဖြစ်သော်လည်း သူပင် ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ဘူးခဲ့ပေ။
ဖန်းယုသည် အလွန်လှပလွန်းသောမိန်းကလေးတစ်ဦးဖြစ်သော်လည်း ရှုယင်ထံမှ ခံစားခဲ့ရသော ဆွဲဆောင်မှုမျိုးကို ဖန်းယုထံမှ သူ မခံစားခဲ့ရပေ။
ယင်းအစား သူမကို ကာကွယ်လိုသော ဆန္ဒတစ်ခု သူ၏ ရင်တွင်း၌ အလိုလိုပေါ်ပေါက်လာသကဲ့သို့ ခံစားနေရသည်။
သူသည် ဖြည်းဖြည်းချင်း လက်ကို ဆန့်တန်းလိုက်ကာ သူမ၏ မျက်နှာရှေ့၌ ကျနေသော ဆံပင်များကို နားရွက်နောက်သို့ သပ်တင်ပေးလိုက်သည်။
ခဏကြာပြီးနောက် ပြန်စဥ့်စားကြည့်သောအခါ သူသည် ထိုကဲ့သို့ ဟန်ဆောင်မှုများ ပြုလုပ်ခဲ့မိသောကြောင့်ပင် အနည်းငယ် အားနာသလို ခံစားလိုက်ရသည်။
သူ့ကြောင့် ဖန်းယုသည် ဤကဲ့သို့သော နေရာ၌ အိပ်စက်နေခဲ့ရခြင်းဖြစ်ပြီး သူမကိုယ်တိုင် အေးခဲလုနီးပါးဖြစ်နေခဲ့ရသည်။
သူ၏ ဒုတိယလမ်းစဥ်ဖြစ်သည့် အချစ်လမ်းကြောင်း ၏ တိုးတက်မှုအတွက်သာ မဟုတ်ခဲ့ပါက သူသည် ဤကဲ့သို့သော အရာကို ဘယ်တော့မှ ပြုလုပ်မိလိမ့် မည်မဟုတ်ပေ။
သူသည်သူမအား ထိုအပြုအမူများအတွက် တောင်းပန်စကား ပြောဆိုလိုခဲ့သော်လည်း သူ၏ အသံဖြင့် သူမကို နိုးထစေလိုခြင်း မရှိပေ။
ထို့ကြောင့် အာရန်သည် ထိုကဲ့သို့သာ ဆက်လက်မှေးနေခဲ့ရလေသည်။
ခဏတာအတွင်း၌ သူသည် ဤအချိန်လေးကို ထာဝရတာခန့် ရပ်တန့်သွားလိုသကဲ့သို့ပင် ခံစားလိုက်ရသည်။
သူ၏ ခန္ဓာကိုယ်၌ နာကျင်မှုများပြည့်နှက်လျက်ရှိနေပြီး ဒဏ်ရာများမှာ မသက်သာသေးသော်လည်း သူသည် နာကျင်မှုကိုပင် သတိမထားမိတော့ပေ။
ယခုအခြေအနေ၌ သူသည် ဤထက်ဆိုးသော နာကျင်မှုများကိုပင် အံတုနိုင်စွမ်း ရှိနေပြီဖြစ်သည်။
သူ၏ နဂါးသွေးမျိုးဆက်သည်လည်း နာကျင်မှုများကို အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်နေစေခဲ့လေသည်။
သူသာ သိမထားခဲ့ပါက သူ၏ ကိုယ်ပေါ်၌ ငြိမ်းချမ်းစွာ အိပ်မောကျနေသော ထိုမိန်းကလေးကို ကြည့်မိရုံဖြင့် ဤမိန်းကလေးသည် တိုက်ကြီးလေးခု၌ အင်အားအကြီးဆုံး ပုဂ္ဂိုလ်လေးဦးအနက်မှ တစ်ဦးဖြစ်သည်ဟု သူ မည်သည့်နည်းနှင့်မျှ ယုံကြည်မိမည်မဟုတ်ပေ။
ဤတိုက်ကြီးတွင် သူမသည် လူသားဆန်မှု အနည်းငယ်မျှပင်မရှိဘဲ လူတိုင်းကို အချိန်မရွေး သတ်ဖြတ်ပစ်လေ့ရှိသော နတ်ဆိုးမတစ်ဦးဟု လူတိုင်းနီးပါး သတ်မှတ်ထားသော အမျိုးသမီးတစ်ဦးဖြစ်လေသည်။
သူမသည် သူမ၏ ကျင့်စဥ်ကြောင့် ခံစားမှုများ အားလုံးကို ဆုံးရှုံးခံထားခဲ့သူလည်း ဖြစ်လေသည်။
အာရန်သည် အတိတ်၌ ထိုကဲ့သို့ပင် တွေးထင်မိခဲ့သည်။
သို့သော် ယခု သူမကို ကြည့်မိသောအခါ သူမသည် ထိုထက်များစွာ သာလွန်ကြောင်း သူ သဘောပေါက်လိုက်သည်။
သူမသည် သူမကိုယ်တိုင်နှင့် သူမ၏ ပတ်ဝန်းကျင်ရှိ လူများကို ကာကွယ်လိုသောသာမန် လူသားတစ်ဦးသာ ဖြစ်လေသည်။
၎င်းသည် နတ်ဆိုးမတစ်ဦး သို့မဟုတ် သူမ၏ ခံစားချက်များကို ဆုံးရှုံးထားသောသူတစ်ဦး၏ လက္ခဏာဖြစ်နိုင်ပါမည်လား။ မဖြစ်နိုင်ဟု သူထင်လိုက်မိသည်။
သူမ၏ မျက်နှာအမူအရာကို ကြည့်ရင်း သူသည် စိတ်အတွင်း၌ ဒွိဟဖြစ်သော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
သူ၏ ထို ဒုတိယလမ်းကြောင်းကို ပြီးမြောက်လိုပါက သူမကို သူ့အား ပြန် ချစ်စေမှရပေလိမ့်မည်။
သို့သော် ထိုချစ်ခြင်းသည် အတုအယောင်ဖြစ်နေမည်ကိုလည်း သူ မလိုလားနေပေ။
သူသည် ဖန်းယုအား သူ၏ သမီးကဲ့သို့ပင် လိမ်လည်မိခဲ့ကာ သူမ၏ တပည့်ကို သူ့တပည့် ဖြစ်လာစေရန် လှည့်စားမိခဲ့သည်။
သို့သော် အာရန်သည် သူ၏ တပည့်များဆီမှ ဘယ်တော့မှ အမြတ်မထုတ်ခဲ့ပေ။
သူသည် ထိုမိန်းကလေးအား သူမ၏ ဆရာထံမှ လုယူခဲ့ခြင်းမျိုးမဟုတ်ဘဲ နောက်ထပ် ဆရာတစ်ဦးအနေနဲ့သာ အကူအညီများ ပေးခဲ့ခြင်းဖြစ်လေသည်။
မဟာအကြီးအကဲ ဇီယာနှင့်ပတ်သတ်၍မူ ၎င်းသည် အရေးပါသော အရာတစ်ခုကို သူမအား ပေးအပ်သော သာမန် အပေးအယူတစ်ခုမျှသာဖြစ်ခဲ့သော်လည်း သူမကို အမှန်တကယ်ပင် သူနားလည်ထားသည့်အရာများကို သင်ကြားပေးခဲ့ခြင်းမျိုး ရှိခဲ့လေသည်။
သူ၏ ပထမဆုံးတပည့်နှင့်ပတ်သက်၍ သူမကိုလည်း စွန့်ပစ်ခဲ့ခြင်း မရှိပေ။
သူမ၏ လေ့ကျင့်မှုသည် ယခုအချိန်တွင် စတင်နေပြီဖြစ်သည်။
သူသည် ယခုအချိန်တွင် ပို၍ အင်အားကြီးမားလာပြီဖြစ်သောကြောင့် သူမကို ပို၍ ကူညီပေးနိုင်လိမ့်မည်ဟု သူ ယုံကြည်ထားလေသည်။
တစ်နည်းအားဖြင့် စနစ်ကြောင့် သူ လှည့်စားရန် ကြိုးစားခဲ့သော လူအားလုံးသည် သူ့ထံမှ အနည်းဆုံးတစ်စုံတစ်ရာကို ပြန်လည်ရယူနိုင်ခဲ့ကြသည်ချည်းသာ ဖြစ်လေသည်။
ထိုအထဲတွင်မပါသည့် တစ်ဦးတည်းသော ခြွင်းချက်မှာ ဖန်းယုပင် ဖြစ်လေသည်။
သူမကို သူ့အား ချစ်လာစေရန် ဤကဲ့သို့လှည့်စားခြင်းသည် တကယ်ကော မှန်ကန်ပါ၏လော...။
သူ မသေချာပေ။ အကယ်၍ ၎င်းကို ကိုယ်ကျင့်တရားရှုဒေါင့်မှကြည့်မည်ဆိုပါက ယခုလုပ်ရပ်သည် ရွံရှာစက်စုပ်ဖွယ်ကောင်းသော လုပ်ရပ်တစ်ခုဖြစ်နေပေလိမ့်မည်။
သို့သော် သူ၏ အသက်ရှင်ရပ်တည်ရေးအတွက် ယခုကဲ့သို့ လုပ်ဆောင်ခြင်းမျိုးသည် တောတွင်းဥပဒေသ ရှုဒေါင့်အရကြည့်မည်ဆိုပါက ယခုလုပ်ရပ်သည် မဖြစ်မနေ လုပ်ဆောင်ရမည့် လုပ်ရပ်ပင်ဖြစ်လေသည်။
ယခုအချိန်၌ သူသည် မှန်ကန်သော လမ်းကြောင်းကို လျှောက်နေသည်လား မှားယွင်းသည့် လမ်းကြောင်းကို လျှောက်မိနေပြီလားဆိုသည်ကိုပင် မသေချာနေတော့ပေ။
သို့သော် သူသိထားသည့်တစ်ခုတည်းသောအရာမှာ သူမသာ သူ့အား အမှန်တကယ် ချစ်မိသွားခဲ့ပါက သူမကိုသူသည် ဘယ်တော့မှ စွန့်ခွာမည်မဟုတ်ဟုပင်ဖြစ်သည်။
အာရန်သည် ဖန်းယုအကြောင်း နက်ရှိုင်းစွာ တွေးတောမိပြီး သူမအပေါ် သူ၏ စိုးရိမ်ပူပန်မှုများ တိုးလာသည်နှင့်အမျှ သူ၏ လက်ကောက်ဝတ်ပေါ်ရှိ မင်္ဂလာနှောင်ကြိုးသည် ပို၍ ထူထပ်လာသည်ကိုမူ သူသည် သတိမထားမိခဲ့ချေ။
အာရန်သည် အတွေးများ၌ နစ်မြောနေစဉ် သူ၏ ဦးခေါင်းဆီမှ အချက်ပေးသံ အသံတစ်ခု ကြားလိုက်ရသည်။
[သင်သည် မှတ်တိုင်တစ်ခု ထပ်မံ ပြီးမြောက်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။]
[ချစ်သူလမ်းကြောင်း ၏ ၂၀ ရာခိုင်နှုန်းကို ပြီးမြောက်နိုင်ခဲ့ပါသည်။]
[တတိယဦးစားပေးရွေးချယ်မှုများကို ရယူနိုင်ပါပြီ။]
[ပညာရှိစွာ ရွေးချယ်ပါ။]
သူ၏ မျက်စိရှေ့၌ မျက်နှာပြင်များစွာ ပေါ်ပေါက်လာပြီး အောင်နိုင်သူ သူရဲကောင်း၏ လမ်းကြောင်း၌ မှတ်တိုင်တစ်ခု ပြီးမြောက်ပြီးနောက် သူ၏ ဒုတိယဦးစားပေး ရွေးချယ်မှုများ ဆက်လက် ပေါ်လာခဲ့သည့်ပုံစံမျိုးပင်ဖြစ်သည်။
မကြာမီ သူ၏ တတိယဦးစားပေးလမ်းကြောင်းနှင့် သက်ဆိုင်သော ရွေးချယ်စရာအသစ်လေးခုပါသော မျက်နှာပြင်သစ်တစ်ခု ပေါ်လာခဲ့လေသည်။