ပြောင်းပြန်
Vol. 18 Ch. 255
ဘိုးဘေးအကြီးအကဲ ဝမ်သည် ဂိုဏ်းချုပ်သစ်၏ အမည်ကို ကြေညာတော့မည့်အချိန်၌ အဓိကခန်းမ၏ ဝင်ပေါက်တံခါးသည် ပွင့်သွားခဲ့ပြီး ထွက်ပေါ်လာသောကြောင့် ထိုဆူညံသံသည် အထူးအာရုံစူးစိုက်စရာ ဖြစ်ခဲ့သည်။
အကြီးအကဲများစွာသည် တံခါးဝဆီသို့ လှည့်ကြည့်ကာ မည်သူရောက်လာသည်ကို တွေးတောနေမိလိုက်ကြသည်။
ဤအစည်းအဝေးသို့ မဟာအကြီးအကဲများသာ တက်ရောက်ခွင့်ရှိပြီး ၎င်းတို့အားလုံးနီးပါး ရောက်ရှိနေကြပြီဖြစ်သည်။
မရောက်ရှိသေးသော မဟာအကြီးအကဲ တစ်ဦးတည်းသာ ရှိသည်။ ၎င်းမှာ ရှုယင်ပင်ဖြစ်သည်။
လူတိုင်းက ၎င်းသည် ရှုယင်သာဖြစ်နိုင်ခြေ အများဆုံးဟု ထင်ထားကြသည်။
ထိုအမျိုးသမီးသည် ဖန်းယုနှင့် နီးစပ်သောကြောင့် မဟာအကြီးအကဲများသည် ၎င်းတို့မှာ ကြီးမားသော ပြပွဲတစ်ခုကို ကြည့်ရှုရတော့မည်ဟု ယုံကြည်လိုက်ကြသည်။
ရှုယင်သည် ထိုမျှလွယ်ကူစွာ လက်လျှော့မည်မဟုတ်သည်မှာ ရှင်းလင်းနေသည်။
မဟာအကြီးအကဲတစ်ဦး သေဆုံးသည်ကို ၎င်းတို့ တကယ်မြင်ရတော့မည်လားဟုပင် များစွာသောသူများ တွေးတောနေမိကြသည်။
၎င်းတို့သည်သာ ရှုယင်ဖြစ်မည်ဟု ထင်ထားကြခြင်း မဟုတ်ပေ။ ဘိုးဘေးအကြီးအကဲများသည်လည်း ထိုနည်းတူပင် ထင်ထားကြလေသည်။
“ဟင်”
သို့သော် ဘိုးဘေးအကြီးအကဲ ယန်သည် ဝင်လာသောသူကို မြင်လိုက်ရသောအခါ အနည်းငယ် အံ့အားသင့်သွားရသည်။
၎င်းသည် ရှုယင်မဟုတ်ပေ။
ယင်းအစား ရက်အနည်းငယ်အကြာက ဤခန်းမသို့လာသည့် စင်္ကြံလမ်း၌ သူတွေ့ဆုံခဲ့မိသော ထိုစိတ်ဝင်စားဖွယ်ကောင်းသော အကြီးအကဲပင်ဖြစ်သည်။
“ဒါ... သူပဲလား”
မဟာအကြီးအကဲ ဇီယာသည်လည်း အာရန်ကို ကြည့်ကာ အနည်းငယ် အံ့အားသင့်သွားရသည်။
ယခုအချိန်၌ ခန်းမတစ်ခုလုံးတွင် ကြားနေနိုင်သော တစ်ခုတည်းသော အသံမှာ အာရန်၏ ခြေသံများပင်ဖြစ်သည်။
သူ၏ အနက်ရောင်ဝတ်ရုံသည် သူ၏ နောက်၌ လွင့်မျောလျက်ရှိနေကာ ဤနေရာရှိ လူအားလုံး၏ အာရုံကိုပင် ဆွဲဆောင်လျက်ရှိနေသည်။
ထို့နောက်သူသည် ခန်းမအလယ်သို့သို့ ချဉ်းကပ်လာခဲ့သည်။
“ဟေ့ကောင် မင်းကိုယ်မင်း ဘယ်သူလို့ ထင်ပြီး ဒီလိုအစည်းအဝေးမျိုးလုပ်နေချိန်မှာ ဝင်လာနိုင်ရတာလဲ”
အာရန်နှင့် ပဋိပက္ခရှိခဲ့ဖူးသော ထိုမဟာအကြီးအကဲ အဘိုးအိုသည် အာရန်ကို မြင်လိုက်သောအခါ နှုတ်ခမ်းများ တုန်ယင်သွားခဲ့သည်။
ဤလူကြောင့်ပင် သူသည် မကြာမှီကာလတိုလေးတစ်ခု၌ အရှက်ကွဲခံခဲ့ရလေသည်။
မဟာအကြီးအကဲ ဇီယာ ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ပါက ထိုအဘိုးအိုသည် ထိုနေရာ၌ပင် သူ့အား သတ်ပစ်မိခဲ့လိမ့်မည်ဖြစ်သည်။
သူသည် အာရန်ကို သင်ခန်းစာပေးရန် ရက်အတော်ကြာ ရှာဖွေနေခဲ့သော်လည်း အာရန်သည် ထွက်ပြေးသွားပုံရလေသည်။
အာရန်သည် သူ့ကို ကြောက်ရွံ့ပြီး လက်တုံ့ပြန်မှုကို ကြောက်ရွံ့သောကြောင့် ထွက်ပြေးသွားသည်ဟုပင် သူ ယုံကြည်ထားခဲ့သည်။
အဘိုးအိုသည် ယခုကဲ့သို့အချိန်မျိုး၌ အာရန် ပြန်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
အဘိုးအိုသည် အပြင်၌ ဒေါသထွက်နေသော်လည်း အတွင်း၌မူ ကြိတ်၍ ရယ်မောနေမိသည်။
အာရန်သည် ဤအစည်းအဝေးကို နှောင့်ယှက်ပြီး သူဝင်ခွင့်မရှိသော နေရာသို့ ဝင်ရောက်လာမိခဲ့သည်။
မဟာအကြီးအကဲ ဇီယာပင် ယနေ့ သူ့ကိုမကယ်တင်နိုင်တော့မည်မဟုတ်ပေ။
သူမ ကြိုးစားပါကလည်း ဘိုးဘေးအကြီးအကဲများသည် တစ်ခုခု လုပ်ဆောင်ကြလိမ့်မည်ဟု သူ သေချာသိနေလေသည်။
ထို့ကြောင့် ယခုအချိန်သည် သူ့အတွက် မည်သည့် အနှောင့်အယှက်ကိုမျှ စိုးရိမ်စရာမလိုဘဲ အာရန်ကို သင်ခန်းစာပေးရန် အကောင်းဆုံး အခွင့်အရေးလည်းဖြစ်လေသည်။
“သာမန်အကြီးအကဲတစ်ဦးက ဤအစည်းအဝေးကို သူ့ရဲ့အဆင့်လောက်နဲ့ရောက်မလာသင့်ဘူး ရန်သူတွေကို ပြောပြနိုင်ဖို့အတွက် လျှို့ဝှက်ချက်တွေကို ခိုးနားထောင်ဖို့ ကြိုးစားနေတာလား မင်းက တခြားတိုက်ကြီးတစ်ခုခုက သူလျှိုတစ်ယောက်လား” ဟု ထိုအဘိုးအိုက ဘိုးဘေးအကြီးအကဲများကဲ့သို့တုပက အကြောင်းပြချက်တစ်ခုကို ကြုံသလို ဖန်တီးရင်း အာရန်အား ဟိန်းဟောက်လိုက်သည်။
သူသည် သူ၏ ထိုစွတ်စွဲချက်နှင့်ပတ်သက်၍ အာရန်သည် အမှန်တကယ် ထိုသို့ဖြစ်နေခဲ့ကြောင်းကိုမူ သူသည် မည်သို့မျှ မသိနိုင်ခဲ့ပေ။
သူသည် မေးခွန်းတစ်ခု မေးလိုက်သော်လည်း အာရန်ကို ရှင်းပြခွင့် မပေးလိုခဲ့ပေ။
အာရန်သည် တောင်းပန်ပြီး ဤနေရာသို့ မတော်တဆရောက်လာခဲ့သည်ဟု ဆိုကာ ဘိုးဘေးအကြီးအကဲများ၏ ခွင့်လွှတ်မှုကို ရယူသွားနိုင်မည်ကို စိုးရိမ်မိသောကြောင့် သူသည် အာရန်ဆီသို့ တိုက်ရိုက်ပင် ပြေးဝင်သွားခဲ့သည်။
ထိုသို့ဖြစ်မလာခင် သူသည် အာရန်ကို သတ်လိုနေခဲ့သည်။
“ရှင်”
ဇီယာလည်း အဘိုးအို ဘာစီစဉ်နေသည်ကို ချက်ချင်းသဘောပေါက်လိုက်သည်။
မဟာအကြီးအကဲတစ်ဦးကို ရင်ဆိုင်ရန်အထိ အင်အားရှိမနေသော အာရန်ကို သူမ ကယ်တင်ရမည်ဖြစ်သည်။
သို့သော် မဟာအကြီးအကဲ ဇီယာ ရွေ့လျားတော့မည့်ဆဲဆဲအချိန်၌ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု သူမအပေါ်သို့ သက်ရောက်လာနေသည်ကို ခံစားလိုက်ရသည်။
ထိုဖိအားကြောင့် သူမသည် ခြေတစ်လှမ်းပင် ရှေ့သို့ မတိုးနိုင်တော့ပေ။
ဒုန်းခနဲအသံနှင့်အတူ သူမ၏ ခန္ဓာကိုယ်သည် ခန်းမကြမ်းပြင်ပေါ်သို့ဒူးထောက် ကျသွားခဲ့သည်။
ထိုဖိအား၏ သက်ရောက်ရာနေရာကို သူမ လှမ်းကြည့်လိုက်သည်။
၎င်းဖိအားသည် ပလ္လင်ပေါ်ရှိ အမျိုးသမီးဘေး၌ ထိုင်နေသော ဘိုးဘေးအကြီးအကဲ ယန်ဆီမှ ရောက်လာခြင်း ဖြစ်လေသည်။
ဘိုးဘေးအကြီးအကဲသည် သူမကို အဘယ်ကြောင့် ဖိအားပေးနေသည်ကို သူမ မသိပေ။
ယခင်က သူ၏ ဆုံးဖြတ်ချက်ကို သူမကန့်ကွက်မိခဲ့၍ သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သောကြောင့်များလား...။
ထိုသူကို သူမ ကယ်တင်လိုကြောင်း သူသိသောကြောင့် သူမကို တားဆီးခဲ့ခြင်းများလား...။
မည်သို့ပင်ဖြစ်စေ သူမ ဘာမှ မလုပ်နိုင်တော့ကြောင်း သဘောပေါက်လိုက်သည်။
သူမ သည် ခွန်အားကြီးမားသော မဟာအကြီးအကဲတစ်ဦး ဖြစ်သော်လည်း ဤဖိအားကိုမူ သူမ မခုခံနိုင်ခဲ့ပေ။
ဤဖိအားကို ဆန့်ကျင်၍ ထရပ်ရန် ကြိုးစားလိုက်သော်လည်း ဖိအားသည် ပို၍သာ အားကောင်းလာပြီး သူမကို အင်အားကြီးစွာဖြင့် ထပ်မံဒူးထောက်ကျသွားစေကာ သူမ၏ ဒူးခေါင်းများဆီမှပင် သွေးအချို့ ထွက်လာခဲ့သည်။
အဘိုးအိုသည် ဇီယာ ဘာဖြစ်သွားသည်ကို မြင်လိုက်သည်။
သူသည်တစ်ချက် ပြုံးလိုက်ပြီး ဘိုးဘေးအကြီးအကဲများ၏ တိတ်တဆိတ် ထောက်ခံပေးမှုအဖြစ် ယူဆလိုက်သည်။
ထို့ကြောင့် ဤမာနကြီးသော လူငယ်ကို သင်ခန်းစာပေးသောအခါ ဘာကိုမှ စိုးရိမ်စရာ မလိုတော့ပေ။
‘လူငယ်လေး မင်းရဲ့ ကံဆိုးမှုနဲ့ မာနကြီးမှုအတွက်ပဲ မင်းကိုယ်မင်း အပြစ်တင်လို့ရလိမ့်မယ်’ ဟု သူ သည် တွေးတောရင်း အာရန်ရှေ့၌ ပေါ်လာကာ သူ၏ အော်ရာကို ထုတ်လွှတ်လိုက်သည်။
သူ၏ ဓားသည် အာရန်၏ ရင်ဘတ်ဆီသို့ တိုက်ရိုက်ထိုးခွင်းလိုက်ပြီး ရှောင်ရှားရန် မဖြစ်နိုင်အောင် နောက်ထပ် အင်အားတစ်ခုဖြင့်ပင် ကာထားလိုက်သေးသည်။
ဓားသည် အာရန်၏ ရင်ဘတ်ဆီသို့ တဖြည်းဖြည်းနီးကပ်လာပြီး ဤတစ်ကြိမ်၌မူ သူ့အား ကယ်တင်ရန် မည်သူမျှ မရှိနေတော့ပေ။
“ဟင်”
အဘိုးအိုသည် သူ၏ ဓားမှာ အာရန်၏ ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်သွားသောအခါ ထိုနေရာ၌ ပင် ရပ်တန့်သွားလေသည်။
အကြောင်းမှာ သူသည် မည်သည့် ထိုးခွင်းမှုကိုမျှ မခံစားရသောကြောင့်ဖြစ်သည်။
သူသည် ဓားဆီမှ အသားကို ထိုးခွင်းဝင်ရောက်သွားသော ခံစားချက်မျိုး မရခဲ့ပေ။ လေကိုသာ ထိုးခွင်းသွားသကဲ့သို့ ပို၍တူညီနေလေသည်။
သူ မျှော်လင့်ထားသည့်အတိုင်း အာရန်၏ ပုံရိပ်သည် ထိုနေရာမှ ရုတ်တရက် ပျောက်ကွယ်သွားပြီး သူထိုးမိသောအရာသည် အာရန်၏ ပုံရိပ်ယောင်တစ်ခုသာဖြစ်ကြောင်း ထင်ရှားနေသည်။
အဘိုးအိုသည် အလွန်အံ့အားသင့်သွားရသည်။
အာရန်သည် မဟာအကြီးအကဲတစ်ဦးဖြစ်သော သူ့ထက်ပင် မည်သို့ဖြစ်၍ ထိုမျှပို မြန်နိုင်ရသနည်း။
ထိုစဥ် သူ၏ အံ့အားသင့်နေမှုသည် သူ၏ လည်ပင်းနောက်၌ ထက်မြက်သောအရာတစ်ခု ထိုးနှက်ခံရသည်ကို ခံစားလိုက်ရသောကြောင့် နာကျင်မှုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
သူသည် သူ၏ အကြည့်ကို အောက်သို့ ပို့လွှတ်လိုက်သောအခါ သူ၏ လည်ချောင်းရှေ့မှ ဖောက်ထွက်လာသော ထက်မြက်သည် ဓားတစ်ချောင်းကို သတိပြုမိလိုက်သည်။
ဓားသည် သူ၏ သွေးများဖြင့် ဖုံးလွှမ်းနေသည်။
သူ၏ မျက်လုံးများသည် ကြောက်လန့်မှုနှင့်အတူ မယုံကြည်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ထိုအရာသည် မည်သို့ ဖြစ်နိုင်မည်နည်း။ အာရန်သည်သာ သေဆုံးရမည့်သူဖြစ်သင့်သည် မဟုတ်ပါလား...။
အဘယ်ကြောင့် သူ ဖြစ်နေရသနည်း။
အဘယ်ကြောင့်နည်း....။
ထို့နောက်ဓားသည် သူ၏ လည်ပင်းကို ထိုးခွင်း
ဝင်ရောက်၍ တိကနည်းဖြတ်တောက်လိုက်သောကြောင့် မည်သည့် ရှင်းပြချက်ကိုမျှ စဉ်းစားရန် အချိန်မရခဲ့ပေ။
ကမ္ဘာသည် အဘိုးအိုအတွက် အထက်အောက် ပြောင်းပြန်ဖြစ်သွားခဲ့သော်လည်း သူသည် မျက်လုံးများကို ဖွင့်ထားဆဲဖြစ်လေသည်။
ဒုန်းခနဲ အသံနှင့်အတူ သူ၏ ဦးခေါင်းသည် သူ၏ ခြေထောက်ကြားရှိ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
သူသည် ထိုလူငယ်၏ ကျောပြင်ကိုသာ မြင်နိုင်ခဲ့သည်။
သူ၏ ဦးခေါင်းသည် ပြောင်းပြန်ကြီး ဖြစ်နေသောကြောင့် ထိုသူသည် သူ့အတွက် ပြောင်းပြန်ဖြစ်နေပုံသာမြင်ရလေသည်။
ထို့နောက် သူ၏ အမြင်အာရုံများ တဖြည်းဖြည်း မှောင်မိုက်ကျသွားသောအခါ ထိုလူငယ်သည် သူ့အား တစ်ချက်ပင် နောက်ပြန် လှည့်မကြည့်ဘဲ ရှေ့သို့သာ လျှောက်သွားနေသည်ကို သူ နောက်ဆုံးမြင်တွေ့လိုက်ရသည်။
ထို့နောက် တိတ်ဆိတ်သွားသော ခန်းမ၌ နောက်ထပ် ဒုန်းခနဲ အသံတစ်ခု ထပ်မံ ထွက်ပေါ်လာခဲ့သည်။
အဘိုးအို၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ကျရောက်သွားသောအချိန်တွင် သူ၏ မျက်လုံးများသည် ထာဝရ အမြင်အာရုံများကွယ်ပျောက်သွားခဲ့ပြီး ဖြစ်လေသည်။