ကယ်တင်ရှင် ဆရာတော်ရန်သမ်
Vol. 10 Ch. 127
ကျင့်ကြံသူအများစု ထိုသို့ ရက်ရက်စက်စက် ညှဉ်းပန်းခံနေရချိန်တွင် ရဟန်းတော်အဖွဲ့တစ်ဖွဲ့သည်ကား ဆေးဘုရင်တောင်ကြားကို အေးအေးဆေးဆေးသာ ဖြတ်သန်းနေကြသည်။
"ဟေ့ မြည်းကတုံးတွေ၊ အခု လက်နက်ချ!" တောင်စောင်းမှ ပုံသဏ္ဌာန်အမျိုးမျိုးရှိ အဖိုးတန်ဆေးပင်များစွာ ဝုန်းခနဲခုန်ထွက်လာပြီး ပြင်းထန်စွာ တိုက်ခိုက်လာကြသည်။
ဒေါင်~!
နက်ရှိုင်းသော ခေါင်းလောင်းသံတစ်ချက် ပဲ့တင်ထပ်လျက် ထွက်ပေါ်လာ၏။
ရွှေရောင်ခေါင်းလောင်းတစ်ခု ထွက်ပေါ်လာပြီး ၎င်း၏ မျက်နှာပြင်သည် ဖားလောင်းသဏ္ဌာန်နှင့်တူသော သက္ကတဘာသာစကားလုံးများဖြင့် ဖုံးအုပ်ထားကာ ဖျက်ဆီးရင်ဆိုင်ဖို့ရာ မစွမ်းသာလောက်အောင် ပြင်းထန်သောအရှိန်အဝါကို ထုတ်လွှတ်နေသည်။
ခေါင်းဆောင်ဖြစ်သော ဆရာတော် ရန်သမ်သည် ရွှေရောင်ခေါင်းလောင်းကို ရှေ့တွင် အကာအကွယ်တစ်ခုသဖွယ် ဆီးကာထားလိုက်ပြီး ထိုအဖိုးတန်ဆေးပင်များ၏ တိုက်ကွက်များကို အလွယ်တကူ ပိတ်ဆို့လိုက်နိုင်သည်။ ထို့နောက် သူသည် ဖန်သားကဲ့သို့ ကြည်လင်သော လက်ဖဝါးကို မြှောက်ကာ အလင်းတန်းတစ်ခုကဲ့သို့ ရှေ့သို့ လျှပ်တစ်ပြက် ရွေ့လျားသွားပြီး အဖိုးတန်ဆေးပင်တစ်ခုချင်းစီအား ခပ်ပြင်းပြင်း ရိုက်ထုတ်လိုက်သည်။
ဘန်း ဘန်း ဘန်း ဘန်း!
အဖိုးတန်ဆေးပင်များသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ရုတ်ချည်းနိုင်စွာ အရိုက်ခံလိုက်ရပြီး ခုခံတုံ့ပြန်ဖို့နေနေသာသာ တုတ်တုတ်ပင်မလှုပ်နိုင်တော့ဘဲ မြေပြင်ပေါ်သို့ ပြိုလဲပုံကျသွားကြတော့၏။
"ဆရာတော် ရန်သမ်က တကယ် အင်အားကြီးတာပဲ! သူ့ကို ဦးဆောင်ခိုင်းရင် ဒီတစ်ခေါက်တော့ အမြတ်အစွန်းအပြည့်နဲ့ အိမ်ပြန်နိုင်မှာ သေချာတယ်!" တပည့်ရဟန်းတစ်ပါးက ရွှင်လန်းသောအပြုံးများဖြင့် ဝမ်းသာအားရမှတ်ချက်ချကာ အဖိုးတန်ဆေးပင်များကို ကောက်ယူလျက် သိုလှောင်အိတ်ထဲသို့ ပစ်ထည့်လိုက်သည်။
လေပေါ်ကျောင်းတော်မှ ရဟန်းကျင့်ကြံသူများသည် အဆက်မပြတ်အောင်နိုင်မှုအတွက် အလွန်စိတ်လှုပ်ရှားနေကြပြီး ဆရာတော်ရန်သမ်ကို နတ်ဘုရားတစ်ပါးကဲ့သို့သတ်မှတ်ကာ လေးစားကြည်ညိုသောအကြည့်များဖြင့် မော်ဖူးလို့မဝနိုင်အောင်ရှိကြတော့၏။
ဆေးဘုရင်တောင်ကြားထဲသို့ ဝင်ရောက်ပြီးစအချိန်တုန်းက မမျှော်လင့်ထားသောအပြောင်းအလဲများကြောင့် ရဟန်းတော်တစ်အုပ်စုလုံးလည်း အလွန်ကြောက်လန့်ပြီး စိုးရိမ်ပူပန်ခဲ့ကြရသည်သာ။
အကြောင်းမှာ ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်များသည် ချီစုဆောင်းခြင်းအဆင့် ကိုးဆင့်သို့ လျော့ကျသွားကြောင်း တွေ့ရှိခဲ့ရပြီး ထွက်ပေါ်လာသော အဖိုးတန်ဆေးပင်များကလည်း ပုံမှန်မဟုတ်စွာ အလွန်အားကောင်းလို့နေကာ သူတို့အားလုံးကို အလွယ်တပူပင် ဇောက်ထိုးဆွဲလျက် ရိုက်နှက်နိုင်စွမ်းရှိလေသည်။
သို့သော် မကြာမီ လေပေါ်ကျောင်းတော်မှ လေးစားရိုသေဖွယ် ဤအကြီးအကဲသည် ခိုင်ခံ့သောဒိုင်းကာတစ်ခုသဖွယ် ကာကွယ်တိုက်ထုတ်ပေးလာပြီး ၎င်းတို့၏ စိတ်ထဲရှိ စိုးရိမ်ပူပန်မှုများကို အပြီးတိုင်ဖယ်ရှားပေးခဲ့သည်။
ယခုအချိန်အထိ သူသည် လမ်းတစ်လျှောက် တွေ့သမျှ အဖိုးတန်ဆေးပင်များစွာကို ရိုက်နှက်ဖိနှိပ်လာလိုက်သည်မှာ အနည်းဆုံး ဒါဇင်ပေါင်းများစွာလောက်အထိများပြားလှပြီဖြစ်ပြီး ၎င်းတို့အားလုံးကို စုဆောင်းထုပ်ပိုးနိုင်ခဲ့ကြလေသည်။
လေပေါ်ကျောင်းတော်မှရဟန်းတော်တို့ လွန်စွာနှစ်ထောင်းအားရဖြစ်ကြလျက်။
မည်သို့ပင်ဆိုစေ သူတို့အပြင်လောက၏ သာမန်နေ့ရက်များတွင် အဖိုးတန်ဆေးပင်တစ်ပင်လောက်ကိုပင် ရှာဖွေတွေ့ရှိရန် အလွန်ခက်ခဲသည်မဟုတ်လော။ ဤနေရာတွင်မူ ဤမျှတိုတောင်းလှသောအချိန်တွင်း အမြတ်ကြီးကြီး ပိုက်မိထားခဲ့ပြီဖြစ်သောကြောင့် ရှေ့ဆက်မည့် စွန့်စားခန်းများကို ပို၍ပင် တောင့်တလာကြသည်။
ဤလမ်းကြောင်းအတိုင်းသာဆိုလျှင် ၎င်းတို့သည် ဆေးဘုရင်တောင်ကြားရှိ အဖိုးတန်ဆေးပင်များကို အကုန်အစင် သိမ်းယူနိုင်မည် မဟုတ်ပေလော။ ဆေးဘုရင်အဆင့်အပင်ကိုပင် နှိမ်နင်းသိမ်းပိုက်ဖို့ အခွင့်အရေးရနေလေပြီ။
"ဟုတ်တယ်၊ အားလုံးက ဆရာတော်ရန်သမ်ရဲ့ အင်အားကြောင့်ပဲ! ငါတို့ ပြန်ရောက်ရင် ကျောင်းတော်ကလည်း ဂုဏ်ပြုတဲ့အနေနဲ့ ဆုချဦးမယ်ထင်တယ်။ ဒီခရီးကတော့ တကယ်ကို ထိုက်တန်လွန်းပါတယ်!" ရဟန်းတော်အုပ်စုတစ်ခုလုံး ရွှင်လန်းတက်ကြွလျက် သဟဇာတရှိစွာဖြင့် ရှေ့ဆက်ချီတက်လိုက်ကြသည်။
"အော်မီထော်ဖော~" ဆရာတော် ရန်သမ်သည် လက်အုပ်ချီကာ အကျင့်အတိုင်း ရွတ်ဆိုပူဇော်လိုက်ပြီး မျက်လုံးထဲတွင်မူ ငြိမ်းအေးသောတရားရောင်ဝါနှင့်ဆန့်ကျင်သည့် ခံစားချက်တစ်ခု ဖျတ်ခနဲလက်သွား၏။
သူ၏ နှလုံးသားသည် ထည်ဝါမြင့်သွန်းသော မာန်မာနဖြင့် လွှမ်းခြုံလျက်။
"ငါ တစ်လျှောက်လုံး ကြိုတင်ပြင်ဆင်ခဲ့တာတွေက တကယ်ကို အသုံးဝင်လာ။ အရင်တစ်ခေါက်တုန်းက ငါ့ရဲ့ ကျင့်ကြံဆင့်တွေ လျော့ကျသွားပြီး အားနည်းချက်တွေပေါ်လွင်ကုန်လို့ ဒီလိုအသေးအဖွဲလေးတွေရဲ့ ရက်ရက်စက်စက် ညှဉ်းပန်းခြင်းကို သည်းခံခဲ့ရတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်တော့ ခေါင်းကိုမော့ပြီး ငါ့ဆန္ဒပြည့်ဝဖို့ကိုပဲ ဦးစားပေးနိုင်ခဲ့ပြီ!"
ထို့နောက် ဆရာတော်ရန်သမ်နှင့် သူ၏ အဖွဲ့သည် ဆက်လက်၍ ရှေ့သို့ ချီတက်သွားကြသည်။
အဖိုးတန်ဆေးပင်များ၏ ဖိနှိပ်မှုကို မတရားသဖြင့် သည်းခံနေရသော ကျင့်ကြံသူအချို့သည် မျက်စိအမြင် မသင့်တော်စေလှသော အရာမျိုးစုံကို လုပ်ဆောင်ရန် အတင်းအကျပ် ခိုင်းစေခံနေရသည်ကို ၎င်းတို့ လမ်းတစ်လျှောက်လုံး တွေ့မြင်ခဲ့ကြသည်ပင်။
ထိုအထဲတွင် အချို့သော မင်းဆက်များ၏ တော်ဝင်မင်းသားများ၊ အချို့သော ဂိုဏ်းဂဏကြီးများမှ ဂုဏ်သရေရှိ အကြီးအကဲများ၊ အချို့သော ကျင့်ကြံရေးမျိုးနွယ်စုများ၏ မျိုးနွယ်စုခေါင်းဆောင်များလည်း ပါဝင်နေသည်။ နောက်ခံအမျိုးမျိုး ကွဲပြားခြားနားသော်ငြား ၎င်းတို့အားလုံးသည် သက်ဆိုင်ရာဒေသတွင်း၌ အဆင့်အတန်းမြင့် အာဏာရှိပုဂ္ဂိုလ်များ ဖြစ်ကြပေ၏။
သို့သော် ယခုအခါတွင် ထိုလူကြီးမင်းအပေါင်းတို့မှာ အဖိုးတန်ဆေးပင်များ၏ အနှိပ်စက်ခံကျွန်သပေါက်များဘဝသို့ကျရောက်ကာ ခုခံလိုသော်လည်း ခုခံနိုင်စွမ်း မရှိကြပေ။
မျက်နှာတို့တွင်လည်း ရွှံ့ညွှန်များဖြင့် ပေလူးဖုံးလွှမ်းနေပြီး မှေးမှိန်ဖျော့တော့သော မျက်လုံးအရောင်တို့မှာ အသက်မျှင်းမျှင်းကျန်ရှိဖို့ကိုပင် မျှော်လင့်တကြီးဆုတောင်းနေရဟန်ရှိ၏။ ထိုမြင်ကွင်းတို့အား မျက်ဝါးထင်ထင် တွေ့မြင်နေရသော ရဟန်းကျင့်ကြံသူတို့မှာ အကြောက်တရားကို တစ်ဆင့်ခံစားမိနေကြလျက် တစ်ချိန်တည်းတွင်ပင် ဆရာတော်ရန်သမ်၏ ကာကွယ်မှုကို ရရှိထားသောကြောင့် တိတ်တဆိတ် ဝမ်းသာမိနေကြသည်။
ဤမဆီလျော်သော မြင်ကွင်းများစွာကို ဖြတ်သန်းလာရသည့်တစ်လျှောက်တွင်...
ဆရာတော် ရန်သမ်သည် အပေါ်ယံ၌ တည်ငြိမ်ဟန်ရှိသော်လည်း အမှန်တကယ်တွင် သူသည် နက်နက်ရှိုင်းရှိုင်း စာနာမိရပါ၏။ အကြောင်းမှာ လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းအကြာက ဆေးဘုရင်တောင်ကြားတွင် သူသည်လည်း အနိုင်ကျင့်နှိပ်စက်ခံ သနားစရာပိုးကောင်လေးတစ်ကောင်၏ဘဝကို ကြုံတွေ့ခဲ့ရသောကြောင့်ပင်။
သို့သော် ကံကောင်းထောက်မစွာ ဤအဖြစ်သနစ်အားလုံးသည် သမိုင်းမှတ်တမ်းတို့၏ မရေရာသောကောလဟလသတင်းများကြား တိမ်မြုပ်ပျောက်ကွယ်ခဲ့ရလေပြီ။
ယခုတော့သူသည် အခွံချွတ်လိုက်သော လိပ်ပြာတစ်ကောင်ကဲ့သို့ အသွင်အပြင်သစ်ဖြင့် ပြန်လည်ရောက်ရှိလာကာ ဆေးဘုရင်တောင်ကြားကို တစ်ဖန်ပြန်လည် နှိမ်နင်းစိုးမိုးပေတော့မည်။
"ပွပေါက်ပဲဟေ၊ ဒီမှာ မြည်းကတုံးတစ်အုပ်တွေ့ထားတယ်၊ ရောင်းရင်းတို့ လာကြ သူတို့ကို ဖြုတ်ချကြစို့!" အဖိုးတန်ဆေးပင်တစ်ပင်က စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
"ရိုင်းစိုင်းလိုက်တာ!" ဆရာတော် ရန်သမ်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး လက်ကို ဆန့်တန်းလိုက်ရာ လေထဲတွင် ရွှေရောင်လက်ဝါးတစ်ခု ပုံပေါ်လာကာ ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် သက်ဝင်လှုပ်ရှားနေသကဲ့သို့ အဖိုးတန်ဆေးပင်ကို မြေပြင်ပေါ်သို့ အရည်ထွက်မတတ် ရိုက်ချလိုက်တော့၏။ ဆေးနံ့များကား လူတို့၏သွေးနံ့အလား နေရာတိုင်းသို့ ပျံ့နှံ့စီးဝင်သွားလျက်။
"ဝါးယားယားယား၊ ငါတို့ရဲ့ မြင့်မြတ်တဲ့ ဆေးပင်မျိုးနွယ်ကို ရန်စရဲတဲ့ ခွေးမသား မြည်းကတုံးအိုကြီး၊ နင်က လူပါးဝပြီး ပုန်ကန်ရဲတယ်ပေါ့!" ရဟန်းအုပ်စု၏ပတ်ပတ်လည်သို့ အဖိုးတန်ဆေးပင်များ အုပ်လိုက်ဝန်းရံလာကြပြီး သက်ဆိုင်ရာတိုက်ကွက်များကိုထုတ်လွှတ်လျက် အားကြိုးမာန်တက်တိုက်ခိုက်ကြတော့၏။
ဝှစ် ဝှစ် ဝှစ်~
စွမ်းအင်အတက်အကျများ၏ သက်ရောက်မှုကြောင့် ကြီးမားသော ဖုန်မှုန့်လုံးကြီးများ တဝုန်းဝုန်းထကြွလာကြတော့သည်။
"ကောင်းတယ်! အုပ်လိုက်ရောက်လာတော့ ဒုက္ခခံပြီး တကူးတကလိုက်ရှာစရာမလိုတော့ဘူးပေါ့!" ဆရာတော်ရန်သမ်က မဲ့ပြုံးပြုံးကာ မကြောက်မရွံ့ ကြိုဆိုလိုက်သည်။
စက္ကန့်ပိုင်းအကြာတွင် သူသည် အဖိုးတန်ဆေးပင်အုပ်စုတစ်ခုနှင့် ရုန်းရင်းဆန်ခတ် တိုက်ခိုက်လို့နေတော့သည်။
ဆရာတော် ရန်သမ်သည် ရွှေရောင်ခေါင်းလောင်းအကာအကွယ်ကို မလွတ်တမ်းချိတ်ဆွဲလို့ထားကာ အမျိုးမျိုးသော လှည့်ကွက်ဆန်းများကို ခေါင်းမာစွာ ခုခံတွန်းလှန်နေသည်။
သူပစ်ထုတ်လိုက်သော လက်သီးများနှင့် လက်ဝါးချက်များသည်လည်း အားကောင်းသော စွမ်းအားဖြင့် ရစ်ပတ်ဖြည့်တင်းထားကာ တက်ကြွအားပြည့်နေသော အဖိုးတန်ဆေးပင်များအား တစ်ပင်ပြီးတစ်ပင် လဲကျရှုံးနိမ့်စေ၏။
"ဒီမြည်းကတုံးအိုကြီးက တော်တော်ဖြိုရခက်မယ့်ပုံပဲဟေ့!"
"အားလုံးပဲ အားမလျှော့ကြနဲ့၊ အာရုံစိုက်ပြီးသာ ဆက်တိုက်ကြ! ဒီဆေးဘုရင်တောင်ကြားမှာ ငါတို့ကအရှင်သခင်တွေပဲကွ!"
"ဟုတ်တယ်၊ တိုက်ကြဟေ့!"
… …