အခန်း (၁၂၈)
Vol. 10 Ch. 128
မကြာမီ ရွှေရောင်ခေါင်းလောင်းအကာအကွယ်သည် အက်ကွဲကြောင်းများဖြင့် ဖုံးအုပ်သွားပြီး တိုက်ကွက်များ၏အလယ်တွင် ကြားညပ်လျက် ပေါက်ကွဲပျက်စီးသွားလေတော့၏။
ထိုအောင်မြင်မှုကိုမြင်သော် ကျန်ရှိသော အဖိုးတန်ဆေးပင်များသည် အလွန်စိတ်လှုပ်ရှားလာကြကာ ၎င်းတို့၏ ထိုးစစ်ကို တိုးမြှင့်ရန် ပို၍ပင် အားစိုက်ထုတ်လာကြသည်။
ခေါင်းမာသော မြည်းကတုံးအိုကြီး မကြာမီ ဒုက္ခရောက်ပေတော့မည်။
ထူးဆန်းစွာပင် ဆရာတော် ရန်သမ်သည် ထိတ်လန့်မှုတစ်စုံတစ်ရာမရှိဘဲ အဓိပ္ပာယ်ပါပါဖြင့် တစ်ချက်ပြုံးလိုက်သည်။
ဘုန်း ဘုန်း ဘုန်း~!
ပေါက်ကွဲထွက်လာသော အလင်းလုံးကြီး၏ အတွင်း၌ ပိန်လှီသော ပုံရိပ်တစ်ခုက ခိုင်မာဖြောင့်မတ်စွာ ရပ်တည်နေသည်။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?!" ပတ်ဝန်းကျင်ရှိ ဆေးပင်အပေါင်းမှာ ပုရွက်ဆိတ်ကလေးများကဲ့သို့ သေးငယ်ချိနဲ့သွားကာ နားမလည်နိုင်စွာဖြင့် တအံ့တသြသာမော့ကြည့်နေရတော့၏။
ဆရာတော်ရန်သမ်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ရွှေရောင်အလင်းဝန်းတစ်ခုဖြင့် ဝန်းရံခြုံလွှမ်းလို့ထားပြီး သူ၏ အရေပြားအရောင်အသွေးသည် အားအပြည့်ဖြင့် တောက်ပလင်းလက်လျက်ရှိကာ ကောင်းကင်သားတော်တစ်ပါး မွေးဖွားလာသကဲ့သို့ မည်သည့် ပြင်ပအင်အားကမျှ ထိခိုက်စေနိုင်ခြင်း မရှိဟု လူကိုထင်မြင်ယုံမှတ်မိစေသည်။
မီးခိုးများကြားမှ အိုမင်းသော အသံတစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
"မင်းတို့ကို ကိုင်တွယ်အနိုင်ယူဖို့ ဒီကြာရှည်လှတဲ့ ကာလများအတွင်း ငါဟာ ခန္ဓာကိုယ်သန့်စင်အားဖြည့်တဲ့ နည်းစနစ်တွေကို အပင်ပန်းခံပြီး လေ့ကျင့်ခဲ့တယ်၊ ငါ့ရဲ့ အားနည်းချက်တွေကို အလစ်အဟာမရှိအောင် ဖြည့်ဆည်းခဲ့တယ်၊ နာမည်ကြီးတဲ့ တောင်တန်းတွေနဲ့ မြစ်မင်းတွေဆီ ခရီးလှည့်ပြီး ရှာဖွေလေ့လာခဲ့တယ်၊ ရနိုင်သမျှ နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့တယ်၊ ဒီခန္ဓာကိုယ်ကို တည်ဆောက်ဖို့ အရင်းအမြစ်တွေ အများကြီး သုံးစွဲခဲ့ရတယ်။"
"အခုဆိုရင် ငါ့ရဲ့မဖျက်ဆီးနိုင်တဲ့ ခန္ဓာကိုယ်ဟာ အပြီးပြည့်စုံဆုံးအဆင့်ကိုရောက်နေပြီ ဒဏ္ဍာရီလာ ပြောင်းလဲခြင်းအဆင့်ကိုရောက်ဖို့ တစ်ဆင့်ပဲလိုတော့တဲ့အခြေအနေပေါ့။ ကျင့်ကြံဆင့်က ချီစုဆောင်းခြင်းအဆင့်အထိ လျော့ကျသွားတော့ရော ဘာဖြစ်လဲ? ဒီအားကောင်းတဲ့ခန္ဓာကိုယ်ကို မင်းတို့ဘာများလုပ်နိုင်မှာမလို့လဲ?!"
ဆရာတော် ရန်သမ်သည် လက်အုပ်ချီကာ ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။ သူ၏ မှုန်ဝါးသော မျက်လုံးများအတွင်း ထက်ရှသောအလင်းရောင်တစ်ပြက် တောက်ပသွားလျက်။
ထို့နောက် သူသည် သူ၏ မဖျက်ဆီးနိုင်သော ခန္ဓာကိုယ်ဖြင့် အဖိုးတန်ဆေးပင်များ၏ တိုက်ခိုက်မှုများကို ခုခံရင်း တစ်ပင်ချင်းစီ ပြန်လည်အလဲထိုးသုတ်သင်၏။
တဖြည်းဖြည်းနှင့် အဖိုးတန်ဆေးပင်အများစုကို နှိမ်နင်းနိုင်ခဲ့ပြီး ကြောက်လန့်တကြား ထွက်ပြေးသွားသော အဖိုးတန်ဆေးပင်အနည်းငယ်သာ ကျန်ရှိတော့ကာ သူတို့မှာလည်း ဘယ်ရောက်လို့ရောက်သွားမှန်းပင် မသိနိုင်တော့ချေ။
အနီးအနားရှိ ကယ်ဆယ်ခံရသော ကျင့်ကြံသူများအားလုံး ဝမ်းသာအားရ အော်ဟစ်ကြွေးကြော်ကြပြီး ဝမ်းသာလွန်း၍ ငိုကြွေးမြည်တမ်းကာ ဒူးထောက် ဦးညွှတ်လျက် ကျေးဇူးစကားဆိုလာကြသည်။
"ဆရာတော်ဘုရား၊ တပည့်တော်တို့ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်! ဆရာတော်ရဲ့ ကျေးဇူးကို တပည့်တော်တို့ မသေမချင်း မှတ်သားထားပါ့မယ်!"
"ဆရာတော်ရဲ့ ကျေးဇူးကြီးမားမှုကို ဆပ်လို့တောင်ကုန်မယ်မထင်ပါဘူး!"
"ဆရာတော်က ကျွန်တော်တို့ကို ကပ်ဘေးဒုက္ခကြီးထဲကနေ ဆွဲထုတ်ပေးခဲ့တာပါ၊ ဒါဟာ တကယ်ကို အတိုင်းအဆမရှိတဲ့ ကောင်းမှုကုသိုလ်နဲ့ သက်ဝင်လှုပ်ရှားနေတဲ့ ဗုဒ္ဓဘုရားပါပဲ!"
ကျေးဇူးတင်စကားများဖြင့် အော်ဟစ်ငိုကြွေးသံများ တက်လိုက်ကျလိုက် ပွက်လောရိုက်နေတော့သည်။
အစောလေးတင်ကမှ ကြွားဝါထောင်လွှားခဲ့သော ဆရာတော်ရန်သမ်သည် ချက်ချင်းဆိုသလိုပင် သနားကြင်နာဟန်ပြောင်းကာ သက်ပြင်းချရင်း ဆိုသည်။ "ကောင်းပါပြီကွယ်၊ ဘုန်းကြီးက လုပ်သင့်တာကိုလုပ်ရုံပါပဲ"
ဤစကားကို ကြားသောအခါ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် ပို၍ပင် လေးစားကြည်ညိုလာကြပြီး ထိုသူ့ကို ဂုဏ်သိက္ခာရှိသော ရဟန်းတော်အဖြစ် တစ်ညီတည်း သဘောတူလိုက်ကြ၏။
လေပေါ်ကျောင်းတော်မှ ကျင့်ကြံသူရဟန်းတို့သည် မော်ကြွားနေသောမျက်နှာတို့ဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လျက် လွန်စွာဂုဏ်ဝင့်နေကြဟန်ပေါ်သည်။
ဆရာတော်ရန်သမ် အနည်းငယ် ချောင်းဟန့်သံပေးလိုက်သော် တပည့်ရဟန်းအချို့က အထာသိစွာဖြင့် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အဖိုးတန်ဆေးပင်များကို သိုလှောင်အိတ်များထဲသို့ အမြန်ကောက်ထည့်လိုက်ကြသည်။
ဒါတွေအားလုံးက စစ်ပွဲရဲ့ အမြတ်အစွန်းတွေပါပဲ!
ကျေးဇူးတင်နေသော ဤကျင့်ကြံသူအုပ်စုကို အပေါ်စီးမှ လေ့လာရင်း ဆရာတော် ရန်သမ်သည် အပေါ်ယံ၌ ချိုသာကြင်နာပြနေသော်လည်း စိတ်ထဲ၌ မထီမဲ့မြင် သဘောထားရှိလျက်။
သူဝင်ရောက်ကူညီရသည့်အကြောင်းရင်းမှာလည်း ဆေးပင်များများရလေကောင်းလေဟူသော လိုချင်လောဘကြောင့်သာပင်။
စကားကိုတော့ လူအထင်ကြီးအောင် ပြောတတ်ရတာပေါ့လေ။
"ဆရာတော်၊ တပည့်တော်တို့ ဆရာတော့်နောက် လိုက်လို့ရမလား? တပည့်တော်တို့ ဘာမှ မလိုချင်ပါဘူး၊ ဆရာတော်ဘေးမှာပဲ ဝန်းရံနေချင်တာပါ!" ကျင့်ကြံသူအချို့သည် ဆရာတော်ထွက်သွားလျှင် သူတို့လည်း ဆေးပင်ကျွန်ဘဝသို့ တစ်ဖန်ပြန်ကျရောက်သွားမည်စိုးသောကြောင့် တွန့်ဆုတ်စွာ လျှောက်တင်လိုက်ကြ၏။
ဆရာတော် ရန်သမ်က အသာပြုံးကာ ဆိုသည်။ "အော်မီထော်ဖော၊ ဗုဒ္ဓသားတော် ရဟန်းတို့သည် သနားကြင်နာခြင်းကိုသာ ဦးစားပေးကြပါတယ်။ ဒကာတို့စိုးရိမ်ကြောက်ရွံ့နေမယ်ဆိုတာ သိပေမယ့် စိတ်အေးအေးထားကြပါ။ ဘုန်းကြီးဘေးမှာရှိနေသရွေ့ ဘုန်းကြီးကာကွယ်ပေးနိုင်ပါတယ်"
ဤစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် ဝမ်းသာလွန်း၍ ငိုချလုနီးပါးဖြစ်သွားကြပြီး တစ်ဖန် ဆရာတော်အား ဗုဒ္ဓထက်ပင်ပို၍ကြီးမြတ်နေသလို ဝိုင်းဝန်းမြှောက်ပင့်ဖားလျားကြပြန်လေ၏။
ဆရာတော် ရန်သမ်သည် တည်ငြိမ်ဟန်ဆောင်သော်လည်း အမှန်တကယ်တွင် ရင်ထဲ၌ ဘုရားပွဲလှည့်နေလေပြီ။
ဤအဖြစ်အပျက်ပြီးနောက် သူသည် ဂုဏ်သတင်းနှင့် စည်းစိမ်ဥစ္စာ နှစ်မျိုးလုံး ပိုင်ဆိုင်ရရှိမည်ဖြစ်ပြီး လေပေါ်ကျောင်းတော်၌လည်း ရာထူးတက်လာဦးမည်ဖြစ်ကြောင်း သူသိသည်။
"အော်မီထော်ဖော၊ ဒီဆေးဘုရင်တောင်ကြားက ငါ့ကို ဘာတွေ ထပ်ခြိမ်းခြောက်နိုင်သေးလဲဆိုတာ သိချင်စမ်းလှတယ်!"
ရရှိထားသော အောင်ပွဲများနှင့် မြှောက်ပင့်စကားများကြောင့် ဆရာတော်ရန်သမ်၏ယုံကြည်မှုသည်ကား မိုးထိမြင့်မားသွားပြီဖြစ်ကာ ကျင့်ကြံသူတစ်အုပ်ကို ဝင့်ကြွားစွာဦးဆောင်လျက် ရှေ့သို့ဆက်ချီတက်သွားလေတော့၏။