← Chapters

အန်းမြောင်ယိ

Vol. 10 Ch. 129

အန်းမြောင်ယိ

Vol. 10 Ch. 129

တစ်ဖက်တွင် ပုံရိပ်နှစ်ခုသည် မဟန်တော့သောအခြေအနေဖြင့် ဒရောသောပါး ထွက်ပြေးနေကြရ၏။

သက်လတ်ပိုင်းအရွယ် အမျိုးသား၏ ခန့်ညားထည်ဝါသော အသွင်အပြင်မှာ ပျောက်ကွယ်လို့သွားကာ ရွှံ့ညွှန်များဖြင့် ဖုံးလွှမ်းပေကျံနေသော မျက်နှာနှင့် စုတ်ပြဲနေသော ဝတ်ရုံအစအနများဖြင့် အစားထိုးခံလိုက်ရသော် ဓားဆင့်ခေါ်ဂိုဏ်း၏ အကြီးအကဲဟု ထင်ရက်ဖွယ်ပင်မရှိတော့ချေ။

အဝါရောင်ဝတ်စုံဝတ် အမျိုးသမီးသည် ဆီးနှင်းကဲ့သို့ အသားအရေနှင့် လှပနူးညံ့သော မျက်နှာသွင်ပြင်ရှိသည်။ သူမသည်လည်း မူလက ရဲဝံ့သောအမူအရာတို့ပျောက်ကွယ်ကာ ကြောက်လန့်နေသော ယုန်ဖြူလေးတစ်ကောင်ကဲ့သို့ အထိတ်ထိတ်အလန့်လန့်ဖြင့် ဟိုကြည့်သည်ကြည့် ပြေးလွှားနေရလေပြီ။

မှန်ပါသည်၊ ၎င်းတို့မှာ ဖန်းသယ်ကျန့်နှင့် အန်းမြောင်ယိတို့ပင်!

ဖန်းသယ်ကျန့်သည် ဆေးဘုရင်တောင်ကြားဆိုသည်ကား ဤမျှအထိ လှည့်ကွက်များပြည့်နှက်နေလိမ့်မည်ဟု လုံးဝထင်မထားခဲ့ပေ။ ယခင်က မည်မျှအထိအင်အားကြီးလှပါသော ကျင့်ကြံသူမဆို ဤတောင်ကြားထဲတွင် ချီစုဆောင်းခြင်းအဆင့်ကိုးဆင့်သို့သာ ဖိနှိပ်ခံထားရတော့၏။

ခန့်ညားထည်ဝါသော အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့် အင်အားကြီးပုဂ္ဂိုလ်ဖြစ်သည့်တိုင် သူသည် ကျားမှ ကြောင်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ကျင့်ကြံရေးလမ်းစဥ်၏ ဘဝအစကို တစ်ဖန်ပြန်လည်လျှောက်လှမ်းနေရပြန်လေပြီ။

သို့သော်လည်း လောကဓံ၏ရိုက်ခတ်မှုပေါင်းစုံကို တွေ့ကြုံခဲ့ဖူးသူတစ်ဦးအနေဖြင့် ဖန်းသယ်ကျန့်သည် ဤရုတ်တရက်ဆန်သော အပြောင်းအလဲကို စိတ်လျှော့လက်ခံနိုင်ခဲ့ပါသည်။

အကြောင်းမှာ သူ၏ ကျင့်ကြံဆင့်သည် ချီစုဆောင်းခြင်းအဆင့်ထိ လျော့ကျသွားခဲ့သော်ငြား ဓားဆင့်ခေါ်ဂိုဏ်း၏ ထိပ်တန်းပါရမီရှင်တစ်ဦးဟူသော အဆင့်အတန်းကျော်ကြားမှုဖြင့် အနေအထားတစ်ခုအထိတော့ လွှမ်းမိုးနိုင်ဆဲရှိဦးမည်ဟု ယုံကြည်ထားဆဲဖြစ်သောကြောင့်ပင်။

ယနေ့ခေတ်၏ ပါရမီရှင်များကို ကျင့်ကြံဆင့်တစ်ခုတည်းဖြင့် ကန့်သတ်ထားလို့ မရနိုင်သည်လေ။

ဖန်းသယ်ကျန့် ထိုသို့တွေးတောဆင်ခြင်အပြီး စိတ်တည်ငြိမ်သွားချိန်၌ တောအုပ်တွင်းမှ ထွက်ပေါ်လာသော ဝိညာဉ်ဆေးပင်အချို့က သူ၏အသက်အန္တရာယ်ကိုပင် တိုက်ရိုက်ခြိမ်းခြောက်လာခဲ့ကြတော့လေ၏။

ထို့နောက် ဖန်းသယ်ကျန့်သည်လည်း ဤနေရာရှိ ဉာဏ်ရည်နိုးထပြီး ဝိညာဥ်ဆေးပင်အားလုံးသည် အပြင်လောကနှင့် လားလားမှမသက်ဆိုင်ဘဲ မယုံနိုင်လောက်အောင် အားကောင်းသန်မာလှကြောင်း သဘောပေါက်လိုက်ရလေသည်။

ဓားဆင့်ခေါ်ဂိုဏ်း၏ အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့် အင်အားကြီးပုဂ္ဂိုလ်ဖြစ်သော ဤအကြီးအကဲသည် တောအုပ်ထဲသို့ ဆွဲသွင်းခံရပြီး ရက်ရက်စက်စက် ညှဉ်းပန်းခံရတော့မည့်အချိန်တွင် အမြဲတမ်း အကာကွယ်ခံသခင်မလေးတစ်ဦး ဖြစ်ခဲ့ပါသော အန်းမြောင်ယိသည် ဦးလေးဖန်းကိုကယ်တင်ရန်အတွက် ‌ရှေ့တန်းသို့ထွက်ကာ သူမတတ်သမျှမှတ်သမျှ ကျွမ်းကျင်မှုအားလုံးကို ထုတ်သုံးခဲ့သည်။

ထူးဆန်းသည်မှာ ဆေးဘုရင်တောင်ကြားတွင် ဖန်းသယ်ကျန့်မှာ အန်းမြောင်ယိထက် လွန်စွာအားနည်းချိနဲ့နေရခြင်းပင်။

အပြင်လောကတွင်မူ ကျင့်ကြံဆင့်ကသာ အရာရာကိုဆုံးဖြတ်ပေးပြီး ဖန်းသယ်ကျန့်က အန်းမြောင်ယိထက် များစွာပိုသန်မာကြောင်း မေးခွန်းထုတ်စရာမရှိ။

သို့သော် ဆေးဘုရင်တောင်ကြား၏ မူမမှန်သော လောကတွင်မူ ဓားဆင့်ခေါ်ဂိုဏ်းချုပ်၏ သမီးတော်ပိုင်ဆိုင်သော ခန္ဓာထူးခန္ဓာမြတ်မှာ စတင်အသုံးဝင်လာလေသည်။

ကြယ်တာရာမသေမျိုးကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားသော အန်းမြောင်ယိသည် ကျင့်ကြံဆင့်ကို ချီစုဆောင်းခြင်းအဆင့်ထိ လျှော့ချခံထားရသော်ငြား အခြားအဆင့်တူ ကျင့်ကြံသူများထက် အဆမတန် သာလွန်သော စွမ်းအားကို ထုတ်လွှတ်နိုင်ဆဲဖြစ်၏။

ထို့ကြောင့် အန်းမြောင်ယိသည် ထိုဝိညာဉ်ဆေးပင်များ၏လက်မှ လွတ်မြောက်ရန် ထွက်ပြေးစဉ်တစ်လျှောက်လုံး၌ ဦးလေးဖန်းကို ကာကွယ်ရန် တာဝန်ယူခဲ့ရလေသည်။

နှစ်ယောက်သား တောအုပ်ထဲတွင် ပုန်းအောင်းနေကြပြီး သစ်ရွက်များထံမှ တရှဲရှဲမြည်သံကပင် တိုက်ခိုက်ခံရတော့မည်ပေလားဟူသော ကြောက်စိတ်ကို နှိုးဆွနေ၍ စိတ်ကိုနည်းနည်းမှမလျှော့နိုင်ကြသေးပေ။

ပါဝင်သူအားလုံး ဆေးဘုရင်တောင်ကြားတွင် သေဆုံးရမည့်အရေးကိုတော့ စိုးရိမ်စရာမရှိပါ။ ဆေးဘုရင်တောင်ကြားတွင် အသက်အန္တရာယ်ရှိလာသည်နှင့် တစ်ပြိုင်နက် အလိုအလျောက် အပြင်လောကသို့ ပို့ဆောင်ပေးမည့် စည်းမျဥ်းကတော့ အသက်ဝင်နေဆဲ ဖြစ်သောကြောင့်ပင်။

သို့သော် ပြဿနာမှာ အသက်ဆုံးရှုံးလုနီးပါး အခြေအနေရောက်မှသာ အသက်အန္တရာယ်ရှိသည်ဟု သတ်မှတ်ခြင်းဖြစ်သည်။ ထိုကန့်သတ်ချက်ကြောင့် ဝိညာဥ်ဆေးပင်တို့မှာ ပါးနပ်စွာဖြင့် အသက်အန္တရာယ်မရှိသော နည်းလမ်းပေါင်းစုံကိုသုံးကာ ညှဉ်းပန်းနှိပ်စက်ပေလိမ့်မည်။ ကိုယ့်ကျင့်သိက္ခာကို ရစရာမရှိအောင် စော်ကားနင်းချေကာ အသက်ဆက်မရှင်ချင်လောက်သည်အထိ စိတ်ဓာတ်ကို ဖျက်ဆီးပုတ်ခတ်ကြပေလိမ့်မည်။

ဤသို့သော နှိပ်စက်နည်းမျိုးကို မည်သည့်ကျင့်ကြံသူက ခံနိုင်ရည်ရှိပါမည်နည်း?

၎င်းတို့အားလုံးသည် အသက်အန္တရာယ်စိုးရိမ်စရာမရှိသော်ငြား ထိုစိတ်လွတ်ရူးသွပ်နေသော ဆေးပင်အုပ်စုထံမှ ဖမ်းဆီးခံရပြီး ၎င်းတို့၏ အမျိုးမျိုးသော မူမမှန်သည့်ကစားနည်းများကို အတင်းအကျပ်ပြုလုပ်ခိုင်းမည်အား ကြောက်ရွံ့နေကြရဆဲပါပေ။

အသက်ရှင်ကျန်ရစ်ခဲ့လျှင်ပင် သေခြင်းထက်ဆိုးရွားသော ဘဝတစ်ခုကို နေထိုင်ဖြတ်သန်းရပေလိမ့်မည်။

ပျက်စီးကြေမွသွားသော တာအိုနှလုံးသားတစ်စုံဖြင့် သူတော်ကောင်းတို့သည် ကျန်ရှိသော တာအိုခရီးလမ်းကို မည်သို့ စိတ်ရှင်းရှင်းထား၍ ဆက်လက်လျှောက်လှမ်းနိုင်ပါအံ့နည်း?

ထို့ကြောင့် အန်းမြောင်ယိနှင့် ဖန်းသယ်ကျန့်တို့သည် ချောက်ကမ်းပါးစွန်းတွင် တဲတဲတင်ကျန်နေရသကဲ့သို့ စိတ်မအေးလက်မအေးနိုင်စွာ ပုန်းအောင်းပြေးလွှားနေကြရင်း ဆေးဘုရင်တောင်ကြား စောစောပိတ်ဆို့သွားပြီး အပြင်လောကသို့ မြန်မြန်ရောက်ရှိမည့်အချိန်အား စောင့်ဆိုင်းဖို့သာ တတ်နိုင်တော့လေ၏။

"မမလေး၊ ဦးလေး တောင်းပန်ပါတယ်၊ အသုံးမကျတဲ့ ဦးလေးဖန်းက အရေးကြီးတဲ့အချိန်မှာမှ မမလေးကိုတစ်ပြန်ကယ်တင်ခိုင်းနေရပြီး အခုတော့ မမလေးပါ အန္တရာယ်ရှိနေရပြီ။ ဦးလေးဖန်းက ဝန်ထုပ်ဝန်ပိုးသက်သက်ပါပဲ!"

ဖန်းသယ်ကျန့်သည် နီရဲအက်ကွဲနေသောမျက်လုံးများဖြင့် သူ့ကိုယ်သူအပြစ်ဖို့လျက်။

ဓားဆင့်ခေါ်ဂိုဏ်း၏ ဂုဏ်သိမ်ကြီးမားသော မဟာအကြီးအကဲဖန်းသယ်ကျန့်တစ်ဦး ဤသို့ကူကယ်ရာမဲ့အခြေအနေတွင် စိတ်ပျက်အားလျော့နေရသည့်မြင်ကွင်းအား မည်သူမှစိတ်ကူးကြည့်ဖူးမည်မဟုတ်။

အန်းမြောင်ယိသည် ဦးလေးဖန်း၏ သနားစဖွယ်အခြေအနေကြောင့် ရင်နာသွားရကာ နှစ်သိမ့်ပေးလိုက်သည်။ "မဟုတ်ပါဘူး၊ မြောင်ယိက ဦးလေးဖန်းကို ဘယ်တုန်းကမှ အပြစ်မတင်ခဲ့ဘူး။ ဒါ့အပြင် ဒီတစ်ခေါက် ဦးလေးဖန်းက ကျွန်မကို ဂိုဏ်းကနေ ခေါ်ထုတ်လာပေးတာဆိုတော့ အခု ဦးလေးဖန်းကို တစ်လှည့်ကာကွယ်ပေးရတာ သဘာဝကျပါတယ်။ ဂိုဏ်းသားတစ်‌ယောက်က အကြီးအကဲကိုကာကွယ်တာ ဖြစ်သင့်တဲ့ကိစ္စပဲလေ!"

"မမလေး..." ရင်အေးစေသော အားပေးစကားများကြောင့် ဖန်းသယ်ကျန့်၏ မျက်လုံးများ အနည်းငယ် စိုစွတ်လာသည်။

"တကယ်တော့ ဒါတွေအားလုံးက ဒီသောက်ကျိုးနည်းတောင်ကြားရဲ့ အမှားတွေပဲ! ဒီက ဆေးပင်တွေအားလုံးက အရမ်းအားကောင်းလွန်းနေတယ်၊ ဘယ်လိုပဲတွေးတွေး ပုံမှန်ဟုတ်မနေဘူး!"

အန်းမြောင်ယိသည် ဒေါသတကြီးဖြင့် လေထဲသို့ လက်သီးတစ်ချက်ပစ်ထိုးကာ ညည်းညူလိုက်သည်။ "အရင်က ဆေးဘုရင်အဘိုးကြီးကို လူကောင်းတစ်ယောက်လို့ ထင်ထားခဲ့တာ၊ ဒါပေမဲ့ အခုတော့ ဒင်းက လူယုတ်မာအဘိုးကြီးဖြစ်နေတာပဲ!"

ဖန်းသယ်ကျန့်သည် ခါးသက်သက်ပြုံးကာ ပြန်လည်ငြင်းခုန်လိုသော်လည်း သူ့တွင် ချေပစရာစကားရှိမနေ။

အကြောင်းမှာ ဤနေရာရှိ ဆေးပင်များ၏ အင်အားသည် ပုံမှန်အဆင့်ထက် အဆမတန် သာလွန်သောကြောင့်ဖြစ်သည်။ ၎င်းတို့ထဲမှ တစ်ပင်ကိုသာ အပြင်သို့ ပစ်ချလိုက်ပါက အဆင့်တူ လူသားကျင့်ကြံသူများစွာကို လွှမ်းမိုးချုပ်ကိုင်နိုင်ပေမည်။

နောက်ကွယ်တွင် ကြိုးကိုင်သူတစ်ဦးကတော့ သေချာပေါက်ရှိကိုရှိနေမည်ပင်။

ဆေးဘုရင်တောင်ကြားသည် ဆေးဘုရင်၏ နယ်မြေဖြစ်သောကြောင့် သူကတော့ တာဝန်ယူကိုယူရပေမည်!

မုန်းစရာအကောင်းဆုံးအချက်မှာ ဆေးဘုရင်တောင်ကြားကို ယခုအချိန်ထိ အကြိမ်ပေါင်းများစွာ ဖွင့်လှစ်ခဲ့သော်လည်း ထိုပုပ်ပွနေသော အတွင်းပိုင်းသတင်းများကိုဖော်ထုတ်ရန် တစ်ဦးတစ်ယောက်မှ ရှေ့ထွက်မလာခဲ့ခြင်းပင်။

ထိုသို့ စနစ်တကျ စီစဥ်ထားပါသော ထောင်ချောက်တစ်ခုဖြစ်၏!!

သေချာပြင်ဆင်ထားသော ထောင်ချောက်ထဲ သူတို့ခြေထောက်နှင့်သူတို့ အရောက်လာခဲ့သောအဖြစ်ကိုတွေးမိသော် ဖန်းသယ်ကျန့် အသက်ရှူကျပ်သွားရသည်။ သူသည် ဝိညာဉ်ဆေးပင်အနည်းငယ်ထံမှ ကိုယ်လုံတီးနီးပါး အဝတ်အစားချွတ်ခံခဲ့ရပြီး သစ်ပင်တွင် ဇောတ်ထိုးချိတ်ဆွဲကာ ရိုက်နှက်ခံရတော့မတတ် အခြေအနေသို့ ရောက်ခဲ့ရ၏။ ဓားဆင့်ခေါ်ဂိုဏ်းမှ လူများ ဤအကြောင်းကို ကြားသိသွားပါက သူ၏အိုမင်းသော မျက်နှာကို ဘယ်နားသွားထားရတော့မည်နည်း။

နှစ်ယောက်သား အလျင်အမြန် ထွက်ပြေးနေစဉ် အပြာရောင်နွယ်ပင်တစ်ပင်သည် မြေအောက်နဂါးတစ်ကောင်ကဲ့သို့ လူးလွန့်ကာ ဖုန်တလုံးလုံးထစေလျက် လျှပ်စီးလက်သကဲ့သို့ အန်းမြောင်ယိ၏ ခြေကျင်းဝတ်ကို ရစ်ပတ်လိုက်သည်။

"အံမယ်လေး!"

ရုတ်တရက်ဆန်သော တိုက်ခိုက်မှုကြောင့် အန်းမြောင်ယိ ကာကွယ်ချိန်မရလိုက်ပေ။

သူမသည် ကျောက်စိမ်းကဲ့သို့ ကြည်လင်ဖြူစင်သောလက်ဝါးလေးကို မြှောက်၍ ကြယ်ရောင်များတောက်ပစေလိုက်သည်။

ဝှစ်!

အန်းမြောင်ယိသည် သူမ၏ ခြေကျင်းဝတ်ကို ရစ်ပတ်ထားသော နွယ်ပင်ကို ဖြတ်ရန် ကြယ်တာရာစွမ်းအင်များကို အသည်းအသန် ပစ်လွှတ်လိုက်သည်။

သို့သော် နွယ်ပင်၏ မျက်နှာပြင်မှ အပြာရောင်လျှပ်စီးရောင်ခြည်များ ထွက်ပေါ်လာပြီး သူမ၏ တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်ရုံသာမက သူမတစ်ကိုယ်လုံးကိုပါ လျှပ်စစ်စီးစေလျက် ဓာတ်လိုက်စေ၏။

"အား အား အား အား..."

အန်းမြောင်ယိ၏ တစ်ကိုယ်လုံး လျှပ်စစ်စီးသွားပြီး သူမ၏ ဆံပင်များ ထောင်မတ်သွားကာ ထို့နောက် သူမသည် မည်သည့် ခုခံမှုမှမရှိဘဲ နွယ်ပင်ဖြင့် ဆွဲငင်ခံလိုက်ရသည်။

All Chapters