← Chapters

ဝမ်စွေ့ဟွာနဲ့ လီထျဲတန်

Vol. 10 Ch. 131

ဝမ်စွေ့ဟွာနဲ့ လီထျဲတန်

Vol. 10 Ch. 131

ယဲ့ကျွင်းလင် လှမ်းကြည့်လိုက်ရာတွင် အန်းမြောင်ယိမှာ နွယ်ပင်တို့ဖြင့် တင်းကျပ်စွာရစ်ပတ်ခံထားလျက် လေပေါ်မြှောက်ပင့်ခံထားရသည့်အနေအထားတွင် ရှိုက်ကြီးဖိုငယ်အသွယ်သွယ်တို့ တင်းရင်းစွာထင်းထွက်နေသဖြင့် မျက်စိရှက်ဖွယ်ခံစားချက်တစ်ခု ‌ပေးစွမ်းနေလေသည်။

လျှပ်စီးကြောင်းများ တခါတရံ ထွက်ပေါ်လာခြင်းနှင့် ဝမ်းနည်းနာကျင်နေသော အော်ဟစ်ငိုကြွေးသံများကိုပါပေါင်းထည့်လိုက်လျှင် လူတိုင်းအတွက် အတွေးမချော်အောင်ထိန်းသိမ်းဖို့ ခက်ခဲပေလိမ့်မည်။

ဖန်းသယ်ကျန့်သည် တစ်စုံတစ်ဦး ချဉ်းကပ်လာသည်ကို သတိပြုမိပြီး လှည့်ကြည့်လိုက်သည်။ သူ၏ စိတ်ပျက်အားငယ်သော မျက်လုံးများမှာ စွမ်းအားကြီးကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ ချက်ချင်း တောက်ပသွားပြီး အလျင်အမြန် အကူအညီတောင်းခံလိုက်သည်။ "ရောင်းရင်းတို့ရေ၊ ကျေးဇူးပြု၍ ကူညီကြပါဦး! နောင်တစ်ချိန်ကျ ကျုပ်တို့ဓားဆင့်ခေါ်ဂိုဏ်းက ရောင်းရင်းတို့ရဲ့ ကျေးဇူးကို သေချာပေါက် ပြန်ဆပ်ပါ့မယ်!"

အကြောင်းရင်းမည်မည်ရရမရှိသော်ငြား ဤလူများသည် အလွန်ယုံကြည်အားထားလောက်သည်ဟု သူခံစားလိုက်ရ၏!

အန်းမြောင်ယိ၏ မျက်နှာသည် နာကျင်မှုကြောင့် ရှုံ့မဲ့နေပြီး ဆက်တိုက်စီးဆင်းနေသော လျှပ်စစ်ရှော့ခ်များကြောင့် ပါးစပ်မှ အမြှုပ်များပင် ထွက်နေလေပြီ။ "ကယ်၊ ကယ်ပါဦး..."

ဟုန်ချန်ယဲ့၏ မျက်လုံးများတွင် အလင်းရောင်တစ်ပြက် ဖျတ်ခနဲတောက်ပသွားသည်။ "ဒါက ကပ်ဘေးကိုးသွယ် လျှပ်စီးနွယ်ပင်ပဲ!"

"ကောင်းကင်ဘုံက မစတာပဲဟေ့၊ ဒါ အလယ်အလတ်အဆင့် ဆေးဘုရင်ပဲ!" လီဝူကျယ်က သူ၏ မီးဖိုချောင်သုံးဓားကို ဆုပ်ကိုင်ရင်း စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ရင်ခုန်သံမြန်လျက် မျက်လုံးများ တောက်ပလာတော့၏။

သူတို့သည် ထိုအမျိုးသမီးကို ကယ်တင်ချင်သည်ဖြစ်စေ၊ မကယ်တင်ချင်သည်ဖြစ်စေ ဤဆေးဘုရင်ကိုတော့ သေချာပေါက် ဖြုတ်ချလိုကြသည်ပင်။

အလယ်အလတ်တန်းစားဆေးဘုရင်တစ်ပင်ရဲ့ အကျိုးကျေးဇူးဆိုတာ စိတ်ကူးထားတာထက်ပင် များပြားသည်မဟုတ်လော။

ယဲ့ကျွင်းလင်သည် ပတ်ဝန်းကျင်တွင် ဘာတွေပဲဖြစ်နေနေ ဂရုမစိုက်သော်လည်း ဝင်ကယ်မှရတော့မည့်အခြေအနေဖြစ်သောကြောင့် တစ်ချက်ခုတ်နှစ်ချက်ပြတ် ဤနှစ်ဦးအား ကပ်ဘေးကိုးသွယ် လျှပ်စီးနွယ်ပင်၏ အင်အားကို စမ်းသပ်ခွင့်ပေးလိုက်ဦးမည်ဟု တွေးလိုက်မိသည်။

ချက်ချင်းပင် ယဲ့ကျွင်းလင်သည် တည်ကြည်သော အမူအရာ၊ နက်ရှိုင်းသောအသံဖြင့် အော်ဟစ်အမိန့်ပေးလိုက်သည်။

"မမလေးအန်းနဲ့ ကျွန်တော်ဟာ မိတ်ဆွေကောင်းတွေပဲလေ၊ ကျွန်တော် ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မှာလဲ?"

"ဝမ်စွေ့ဟွာနဲ့ လီထျဲတန်! သွားကယ်ကြ!"

မသိလျှင် သခင်မှခွေးနှစ်ကောင်အား ရှူးတိုက်နေသည့်အလား။

ဟုန်ချန်ယဲ့သည် မျက်စောင်းတစ်ချက်ပစ်လွှတ်လိုက်ပြီး ဤကောင်လေးကို စိတ်ထဲမှ ကျိန်ဆဲကာ သူ၏ ဘိုးဘွားခုနစ်ဆက်ကိုပါ တစ်ပါတည်း နှုတ်ဆက်စကားဆိုပေးလိုက်သည်။

ဒင်းမှာ အရှက်တရားဆိုတာရော ရှိသေးရဲ့လား?

ဒင်းက ဘာကောင်မို့လို့ လူတွေကို အဲ့လို အမိန့်ပေးနေရတာလဲ?!

သို့သော် လီဝူကျယ်ကတော့ ဆရာသခင်ပေးထားသောနာမည်အသစ်လေးဖြင့် လိုက်လျောညီထွေဖြစ်လှစွာ သူ၏ မီးဖိုချောင်သုံးဓားကို ဝင့်ကိုင်လျက် ရှေ့သို့ အလျင်အမြန် ပြေးသွားပြီး မသွားခင် စကားတစ်ခွန်း ချန်ထားခဲ့သည်၊ "ဝမ်စွေ့ဟွာ၊ ငါ့ကို ကာပေးဖို့မမေ့နဲ့ဦး!"

ဟုန်ချန်ယဲ့သည် မယုံနိုင်စွာဖြင့် မျက်လုံးပြူးသွားသည်။ ဒီအစေခံကောင်လေးက တော်တော်အတင့်ရဲနေတာမဟုတ်ဘူးလား?

သို့သော် အသက်ကို ဝဝရှူသွင်းလိုက်ကာ သူ၏လေသံကို အတတ်နိုင်ဆုံး မြင့်တင်လျက် ပြန်အော်ပြောလို်ကသည်။ "ငါလာကူပြီ လီထျဲတန်ရေ့!!"

ဝှစ်~!

အရှိန်မြန်လွန်းသောကြောင့် အလင်းတန်းနှစ်ခုအဖြစ် ပြောင်းလဲသွားသော ပုံရိပ်နှစ်ခုသည် နွယ်ပင်များထံ အလျင်အမြန် ပြေးဝင်လာသည်။

ကပ်ဘေးကိုးသွယ် လျှပ်စီးနွယ်ပင်သည် သူ့လက်ထဲမှမိန်းကလေးကို ကယ်တင်ရန် ကျင့်ကြံသူများ ရောက်ရှိလာသည်အား သတိပြုမိပြီး ဒေါသထွက်ရမည့်အစား ပို၍ပင် ဝမ်းသာအားရ ဖြစ်သွားသည်- "ဟားဟားဟား၊ ငါ့ကို ကစားစရာအသစ်တွေ ပို့ပေးလိုက်တာပဲ!"

"နောက်မှ မင်းတို့ ဒီအရှင့်လက်ထဲ အရှင်လတ်လတ် အကင်ခံရတဲ့အခါ ရယ်နိုင်ဦးမလား ကြည့်ကြသေးတာပေါ့!" ဟုန်ချန်ယဲ့၏ မျက်လုံးများသည် သတ်လိုစိတ်အပြည့်ဖြင့် ဝင်းဝင်းတောက်လက် သူသည် ညာဘက်လက်ဖြင့် သင်္ကေတတစ်ခုကို ပုံဖော်လိုက်ကာ တောက်ပသော မီးတောက်တစ်ခုကို ပစ်လွှတ်လိုက်သည်။ လေထုကို အဟုန်ဖြင့်ခွင်းဖောက်သွားသော ၎င်း၏ စွမ်းအားသည် သတ္တုနှင့် ကျောက်တုံးများကိုပင် ထွင်းဖောက်နိုင်စွမ်းရှိ၏။

အပြာရောင်နွယ်ပင်တစ်ပင်သည် ဝှစ်ခနဲ လေခွင်းသံနှင့်အတူ အပြာရင့်ရောင် လျှပ်စီးရောင်ခြည်များဖြင့် နက်ရှိုင်းစွာရိုက်ခတ်လာပြီး အလွန်ကြောက်မက်ဖွယ်ကောင်းသောမြင်ကွင်းကို ပေးစွမ်းသည်။

ဘုန်း!

နွယ်ပင်မှ မီးခိုးမည်းများ ထွက်လာပြီး ချက်ချင်း မီးကျွမ်းသွားရသည်။

"အား! သောက်ကျိုးနည်းလူသားတွေ! ငါ့ကို ထိခိုက်အောင်လုပ်ရဲတယ်!" ကပ်ဘေးကိုးသွယ် နွယ်ပင်သည် အနည်းငယ်သော နာကျင်မှုကို ခံစားလိုက်ရပြီးနောက် ချက်ချင်း ဒေါသတရှူးရှူးထွက်ကာ လှုပ်ရှားမှုပင်မပြုရသေးသည့် အခြားနွယ်ပင်များစွာကိုပါ တစ်ပြိုင်နက် အသုံးပြုတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။

နွယ်ပင်တစ်ခုစီသည် ကောင်းကင်ဘုံလျှပ်စီး၏ ကောင်းချီးပေးခြင်းခံထားရသကဲ့သို့ တောက်ပသော လျှပ်စီးရောင်ခြည်ဖြင့် လင်းလက်လို့နေပြီး ၎င်းတို့၏ စွမ်းအားသည် သာမန်ထက်လွန်ကဲ၏။

"ဟမ့်!" လီဝူကျယ်သည် ဓားတုံးလေးကိုဝင့်၍ တိုက်ကွက်အချို့ကိုပုံဖော်လိုက်ပြီး နွယ်ပင်များစွာနှင့် ပြင်းထန်စွာ တိုက်ခိုက်နေလိုက်သည်။

ဟုန်ချန်ယဲ့သည်လည်း အခွင့်ကောင်းကို ရှာဖွေကာ ဂါထာများရွတ်ဆိုရင်း လေဟာနယ်တွင် ရေခဲရောင် မီးလုံးအချို့ကို ပျံသန်းလာစေကာ ထိုနွယ်ပင်များပေါ်သို့ ကျရောက်စေ၏။ ကျရောက်သောနေရာတိုင်းတွင် ထူထဲသော ရေခဲလွှာတစ်ချပ်ကို ဖြစ်ပေါ်စေပြီး လှုပ်ရှားမှုကို နှေးကွေးစေခြင်းနှင့် နှင်းကိုက်ခြင်းဝေဒနာကိုလည်း ခံစားရစေသည်။

ယခုအခါ ကပ်ဘေးကိုးသွယ် လျှပ်စီးနွယ်ပင်သည် အသည်းအသန် တိုက်ခိုက်နေရသော အခြေအနေသို့ ရောက်ရှိသွားပြီး အန်းမြောင်ယိ၏ ခန္ဓာကိုယ်ကို ချည်နှောင်ထားသော နွယ်ပင်များကို ဖြေလွှတ်ပေးကာ အပြည့်အဝ တိုက်ခိုက်ရန် မာန်သွင်းရတော့လေသည်။

ဤဆေးဘုရင်သည် အမှန်ပင် အားကုန်ထုတ်တိုက်ခိုက်နေရခြင်းဖြစ်၏။

ရှုပ်ထွေးနေသောအခြေအနေကို အခွင့်ကောင်းယူကာ ဖန်းသယ်ကျန့်သည် အန်းမြောင်ယိကို အလျင်အမြန် ဆွဲထူ၍ အဝေးသို့ ဆုတ်ခွာသွားသည်။

ကပ်ဘေးကိုးသွယ် လျှပ်စီးနွယ်ပင်နှင့် ရစ်ပတ်လျက် ထိုးစစ်ဆင်နေသော ပုံရိပ်နှစ်ခုကို ကြည့်ရင်း သူတို့အားလုံး၏ နှလုံးသားများသည်လည်း မုန်တိုင်းထန်သော ပင်လယ်ကဲ့သို့ ရတက်မအေးနိုင် ဖြစ်နေရသည်ပင်။

အားကောင်းတယ်၊ အရမ်းကိုအားကောင်းတယ်!

သူတို့အားလုံးသည် တူညီသော ကျင့်ကြံဆင့်တွင် ရှိနေသော်လည်း တိုက်ရည်ခိုက်ရည်ကွာဟချက်မှာမူ အလွန်ကြီးမားနေဆဲဖြစ်သည်။

ထိုအထဲတွင် အန်းမြောင်ယိမှာ အံ့အားအသင့်ရဆုံးပင်။

သူမသည် ဓားဆင့်ခေါ်ဂိုဏ်း၏ အားအကောင်းဆုံး ပါရမီရှင်ဖြစ်ပြီး ငယ်စဉ်ကတည်းက ကြီးပြင်းလာသည်အထိ အဆုံးမရှိသော ချီးမွမ်းမှုများဖြင့် နေ့ရက်များကို ကုန်ဆုံးခဲ့ရခြင်းဖြစ်လေသည်။ လူတိုင်းက သူမကို မနာလိုအားကျစွာဖြင့် လေးစားရိုကျိုးကြကာ တပည့်သားအများအပြားက သူမကို စံနမူနာအဖြစ် အတုယူကြိုးစားတတ်ကြသည်။

နဂါးဂိတ်တည်းခိုဆောင်၌ ဟုန်ချန်ယဲ့နှင့် လီဝူကျယ်တို့ကို သူမစတွေ့သောအခါ ကျင့်ကြံဆင့်ကွာဟချက်တစ်ခုကို သူမသိသိသာသာ ခံစားခဲ့ရ၏။ အကယ်၍ သူမလည်း ထိုကျင့်ကြံဆင့်သို့ ရောက်ရှိပါက ထိုနှစ်ဦးထက်ပင် ပို၍အားကောင်းလောက်ပေမည်ဟု အထင်ရှိခဲ့သည်။

သို့သော် မမျှော်လင့်ဘဲ မျက်စိရှေ့တွင် ဖြစ်ပွားနေသောမြင်ကွင်းမှာ သူမ၏နှလုံးသားထဲရှိ မာန်မာနများအားလုံးကို ဦးချိုးပေးလိုက်သည်ပင်။

ချီစုဆောင်းခြင်းအဆင့် ကိုးဆင့်တွင် သူမသည် ကြယ်တာရာမသေမျိုးခန္ဓာကို ပိုင်ဆိုင်ထားသော်လည်း သာမန်အဖိုးတန်ဆေးပင်များကိုသာ အနိုင်နိုင် ကိုင်တွယ်နိုင်ခဲ့ပေသည်။

ဤလူများကတော့ ဆေးဘုရင်ကိုပင် တည့်တိုးယှဥ်ပြိုင် တိုက်ခိုက်နိုင်နေလေပြီ!

ဤမျှသိသာနေသော ကွာဟချက်ကိုတောင် သူမ မမြင်နိုင်ပါက ငတုံးတစ်ယောက်ထက်ပိုတော့မည်မဟုတ်!

"ဦးလေးဖန်း၊ ဦးလေးနဲ့ ဖေဖေက ကျွန်မကို လိမ်နေခဲ့တာပဲ။ ကျွန်မက ဦးလေးတို့ ပြောသလောက် အရည်အချင်း မရှိပါဘူး!"

အန်းမြောင်ယိသည် အလွန်စိတ်ပျက်အားငယ်သွားရပြီး တိမ်ဝင်နေသောအသံလေးဖြင့် ဦးလေးဖန်းကို အပြစ်ဆိုလိုက်၏။

"ဒါက..."

ဖန်းသယ်ကျန့်သည် တုံ့ပြန်စရာစကားလုံးမရှိတော့ပေ။

အမှန်စင်စစ် သူသည် အစပိုင်းတွင် ယဲ့ကျွင်းလင်တို့အဖွဲ့ကို အကူအညီတောင်းသောအခါ ရေနစ်သူအတွက်‌ ကောက်ရိုးတစ်မျှင်ဟုသာ သဘောထား၍ တောင်းဆိုခဲ့ခြင်းသာဖြစ်သော်လည်း ထိုအဖွဲ့မှ လူနှစ်ယောက်က ကပ်ဘေးကိုးသွယ် လျှပ်စီးနွယ်ပင်ကို ‌ဘေးကျပ်နံကျပ်အခြေအနေထိရောက်အောင် တွန်းပို့လိမ့်မည်ဟု သူ တကယ်ပင် မထင်ထားခဲ့ပေ!

ဤအင်အား၊ ဤအလားအလာသည် မယုံနိုင်လောက်အောင် အားကောင်းသည်!

"သူတို့ ဘယ်ကလာကြတာလဲ? ဒီလောက် အားကောင်းတဲ့စွမ်းအားနဲ့ဆိုရင် ငါ သူတို့အကြောင်း မကြားဖူးဘူးဆိုတာ မဖြစ်နိုင်ဘူး!" ဖန်းသယ်ကျန့်က လေးလေးနက်နက် ရေရွတ်မိလိုက်သည်။

အန်းမြောင်ယိသည် စိတ်ပျက်လက်ပျက်ဖြင့် ဝင်ပြောပေးလိုက်၏။ "သခင်လေးယဲ့က သူတို့ ဟွမ်ကျိုးပြည်နယ်က လာတယ်လို့ ကျွန်မကို ပြောတယ်"

ဟွမ်ကျိုးပြည်နယ်!

ဖန်းသယ်ကျန့် ပို၍ အံ့အားသင့်သွားရသည်။ သူသည် ဦးစွာပထမ တိုက်ခိုက်နေသောလူနှစ်ဦးကို ကြည့်ပြီးနောက် ဘေးမှရပ်ကြည့်နေသော ယဲ့ကျွင်းလင်နှင့် ပုရှောင်ရှီးတို့ကို ပြန်ကြည့်ကာ အစောပိုင်းက ခံစားနေခဲ့ရသော အမည်မသိရင်းနှီးမှုနှင့် ယခု သူမြင်ကြားခဲ့သော အရာများကို ပေါင်းစပ်လိုက်သည်။

ဓားဆင့်ခေါ်ဂိုဏ်း၏ မဟာအကြီးအကဲသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တောင့်ခဲသွားပြီး တီးတိုးရေရွတ်လိုက်သည်- "မဖြစ်နိုင်တာ..."

All Chapters