ရှုရှုကို လျှော့မတွက်နဲ့ဟေ့
Vol. 10 Ch. 132
ကပ်ဘေးကိုးသွယ် လျှပ်စီးနွယ်ပင်သည် အလွန်အမင်း ဒေါသထွက်လို့နေသည်။
၎င်းသည် ဆေးဘုရင်တောင်ကြားတွင် နှစ်ပေါင်းများစွာ နေထိုင်ကျက်စားခဲ့ပြီး ဤမျှလောက် ရင်ဆိုင်ရခက်ခဲသော လူသားကျင့်ကြံသူများကို တွေ့ကြုံသည်မှာ ပထမဆုံးအကြိမ်ဖြစ်၏။
"ငါ ကျိန်ဆိုတယ်၊ နောက်မှ မင်းတို့ကို သေချာပေါက် ချည်နှောင်ပြီး လျှပ်စီးနဲ့ မသေမချင်းသတ်ပေးမယ်! အသက်ရှူလို့ မရအောင် နှိပ်စက်မယ်!"
ဝှစ် ဝှစ် ဝှစ်~
ဒါဇင်နှင့်ချီသော လျှပ်စီးနွယ်ပင်များသည် ဝိညာဉ်မြွေများကဲ့သို့ ရစ်ပတ်ယှက်နွယ်နေကြပြီး ကြောက်မက်ဖွယ်ကောင်းသော လျှပ်စစ်ရောင်ခြည်ကို ထုတ်လွှတ်ကာ ဟုန်ချန်ယဲ့နှင့် လီဝူကျယ်တို့ကို သိမ်းအုပ်ဖမ်းဆီးရန် ပိုက်ကွန်တစ်ခုအဖြစ်သို့ ပေါင်းစပ်ပြောင်းလဲသွားသည်။
နှစ်ယောက်သားသည် ထောင်ချောက်ဆင်ခံထားရသော သားရဲများကဲ့သို့ လွတ်မြောက်ရန် ခက်ခဲသွားရပြီပင်။
"သောက်ကျိုးနည်း၊ ဆေးဘုရင်ရဲ့ အားသာချက်ကို ငါ လျှော့တွက်ခဲ့မိလိုက်တယ်! ငါတို့ သူ့ကို ဘယ်လိုပဲတိုက်တိုက် ဒဏ်ရာကြီးကြီးရအောင် လုပ်နိုင်မှာမဟုတ်ဘူး!" လီဝူကျယ်က အံကြိတ်သံဖြင့် ဆိုလိုက်သည်။
သူသည် သူ့ခန္ဓာမှ ရူးသွပ်သော နတ်ဆိုးသွေးမျိုးဆက်ကို လှုံ့ဆော်ရန် ကြိုးစားသော်လည်း မည်သည့် တုံ့ပြန်မှုမျှ မရှိခဲ့ပေ။ ကျင့်ကြံဆင့်လျော့ကျနေခြင်းကြောင့်လား မပြောတတ်ပါ။
ဟုန်ချန်ယဲ့၏ မျက်နှာသည်လည်း ပြာနှမ်းနေလေပြီ။ ဒါက ယဲ့ကျွင်းလင်ဆီက အနိုင်ကျင့်ခံရတာထက်တောင် သာဆိုးသေးသည်။ အဲ့ကောင် ဘယ်လောက်ပဲ တင်စီးသည်ဆိုဆို ကောင်းကင်ဘုံထံမှ ကောင်းချီးပေးခံထားရသော သားတော်ဖြစ်သောကြောင့် ချ၍မနိုင်သည်ကို ခံသာပါသေး၏။ ဒါပေမဲ့ အခုတော့ ဆေးပင်ကတောင် သူ့ခေါင်းပေါ် တက်စီးရဲနေပြီ!
အပြင်မှာ ဆေးဖက်ဝင်ပစ္စည်းအဖြစ်ပဲ သဘောထားခံရတဲ့အရာက ဒီပျက်စီးနေတဲ့နေရာမှာ မင်းမူနိုင်လောက်တဲ့အထိ စွမ်းအားကြီးနေတယ်ပေါ့လေ!
ဟို ပုပ်စော်နံနေတဲ့ ဆေးဘုရင်အဘိုးကြီးလက်ချက်ပေါ့၊ နောက်ဘယ်တော့မှ ဒင်းနဲ့ ပြန်မဆုံရပါစေနဲ့တော့!
ရုတ်တရက် ဟုန်ချန်ယဲ့သည် တစ်ခုခုကို သတိပြုမိလိုက်ပြီး အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။ "ဟိုကြွက်ငပေါလေးက ဘာလို့ ဒီကို ပြေးလာတာလဲ?"
လီဝူကျယ်က စိုးရိမ်တကြီးဖြင့် လှမ်းအော်လိုက်သည်။ "ဒီနေရာက အန္တရာယ်များတယ်၊ အစ်မရှောင်ရှီး၊ မြန်မြန်ရှောင်နေ!"
"ဟင်? ဒီအကောင်လေးကလည်း အတူတူဝင်ပျော်ချင်တယ်ပေါ့လေ၊ ဒါမှမဟုတ် ငါက မင်းကို ညင်ညင်သာသာ ဆက်ဆံမယ်များ ထင်နေတာလား?" ကပ်ဘေးကိုးသွယ် လျှပ်စီးနွယ်ပင်က မဲ့ပြုံးပြုံးကာ နွယ်ပင်တစ်ပင်ကို လှုံ့ဆော်လိုက်ပြီး လျှပ်စီးရောင်ခြည်ကို ရစ်ပတ်၍ ပြင်းထန်စွာ ရိုက်ခတ်ရန် ဟန်ပြင်လိုက်သည်။
ဝှစ်!
ပုရှောင်ရှီးသည် သူမ၏ တစ်ကိုယ်လုံးမှ တောက်ပသော ရွှေရောင်အလင်းတန်းကို ထုတ်လွှတ်လိုက်ကာ မည်သူတစ်ဦးတစ်ယောက်မျှ မစော်ကားနိုင်သော မြင့်မြတ်သည့်အရှိန်အဝါကို ဖြန့်ကျက်လိုက်သည်။
ထို့နောက် သူမ၏ နူးညံ့သော အဖြူရောင်လက်ကလေးကို ဆန့်တန်းလိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော နွယ်ပင်ကို လက်ချည်းသက်သက်ဖြင့် ဆုပ်ကိုင်လိုက်ကာ ရုတ်တရက် အားအင်အပြည့်ဖြင့် ဆွဲလိုက်သည်။
"ရှုရှုကို လျှော့မတွက်နဲ့ဟေ့!!"
တာ့ဒါ!
နွယ်ပင်သည် ပြင်းထန်စွာ ဆွဲဖြဲခံလိုက်ရပြီး အစိမ်းရောင်အရည်များ ဗျစ်ခနဲ ပန်းထွက်လာသည်။
ကပ်ဘေးကိုးသွယ် လျှပ်စီးနွယ်ပင်သည် စိတ်လှိုင်းမှတစ်ဆင့် ပြင်းထန်စွာနာကျင်နေသော အော်ဟစ်သံတစ်ခုကို ထုတ်လွှတ်လာလေသည်။ "အား အား အား အား..."
"မင်းနဲ့ ထိုက်တန်တယ်! ဘယ်သူက မင်းကို ဒီလောက်ဆိုးသွမ်းခိုင်းနေလို့လဲ!" ပုရှောင်ရှီး၏ ခန္ဓာကိုယ်သည် ရွှေရောင်အလင်းတန်းများဖြင့် ဝိုက်ကာထားသောကြောင့် ရွှေရောင်တောက်ပလျက်ရှိ၏။ သူမ၏ လက်သီးချက်များနှင့် ခြေကန်ချက်များသည် နည်းလမ်းမကျနသော်ငြား တာအို၏အစွမ်းသတ္တိဖြင့် ရိုးရှင်းကာ ထိရောက်လှလေသည်။
ချက်ချင်းဆိုသလို မူလက ခိုင်မာဟန်ရှိသော လျှပ်စီးနွယ်ပင်ပိုက်ကွန်သည် ကြွက်ခေါင်းပါသော ဖြူဖြူနုနုကောင်မလေး၏လက်ချက်ဖြင့် ပွင့်ထွက်သွားရတော့လေသည်။
နွယ်ပင်များမှ အရည်များ ပန်းထွက်ကာ ညှိုးနွမ်းသွားသည်အထိ အရိုက်ခံခဲ့ရ၏။
ကပ်ဘေးကိုးသွယ် လျှပ်စီးနွယ်ပင်သည် အလွန်ဆိုးရွားသောအသံဖြင့်ဖြင့် ထပ်ခါတလဲလဲ အော်ဟစ်နေသည်။
ဟုန်ချန်ယဲ့သည် အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်မိသည်။ "ဒါ ပုရှောင်ရှီးအတုများလား?!"
ဒါဟာ တစ်နေကုန် သူများနောက်လိုက်နေပြီး အစားအသောက်ပဲ လုပ်တတ်တဲ့ ကြွက်ငပေါလေး ဟုတ်ရောဟုတ်ရဲ့လား?
လီဝူကျယ်သည် တံတွေးတစ်ချက်မျိုချလိုက်ပြီး မေးလာသည်။ "အစ်ကိုကြီးဟုန်၊ အစ်မ ပုရှောင်ရှီးက ဒီလောက်တောင် အားကောင်းတာလား?"
သူသည် ဂိုဏ်းသို့ ဝင်ရောက်ခါစအချိန်တုန်းက ပုရှောင်ရှီးမှာ ဆရာသခင်က စိတ်ဝင်စား၍ မွေးထားသော အိမ်မွေးတိရစ္ဆာန်တစ်ကောင်ဟုသာ ထင်ခဲ့မိသေးသည်ပင်။
"ဟာ—!!!"
အန်းမြောင်ယိနှင့် ဖန်းသယ်ကျန့်တို့သည် အသက်ရှူမှားသွားပြီး ဦးရေပြားများပင် ကျိန်းစပ်သွားသည်။
သူတို့မျက်စိရှေ့တွင် ဖြူဖြူသွယ်သွယ်ခန္ဓာကိုယ်ဖြင့် ဂါဝန်ပန်းရောင်ဝတ်ဆင်ထားသောမိန်းကလေး ကပ်ဘေးကိုးသွယ် လျှပ်စီးနွယ်ပင်ကို လက်ချည်းဗလာဖြင့် ဆွဲဖြဲနှိမ်နင်းလိုက်သည်တဲ့။
ယဲ့ကျွင်းလင်ပင် အံ့သြစွာဖြင့် ရေရွတ်မိလိုက်သည်။ "ဒါက ကောင်းကင်ဘုံနဲ့ စကြဝဠာသန်းပေါင်းများစွာထဲက နံပါတ်တစ် မသေမျိုးခန္ဓာရဲ့ စွမ်းအားအစစ်အမှန်တဲ့လား? တကယ်ကို ထူးခြားတာပဲ"
မဟာတာ့လော မသေမျိုးခန္ဓာ၏ ကောင်းချီးမင်္ဂလာနှင့် စွမ်းအားအရှိန်အဝါတို့၏ အကူအညီဖြင့် ပုရှောင်ရှီးသည် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးပါရမီကို ပထမဆုံးအကြိမ်အဖြစ် ထုတ်ဖော်ပြသနိုင်ခဲ့လေသည်!