ပရော်ဖက်ရှင်နယ်ကျတဲ့ စနစ်
Vol. 10 Ch. 133
ပုရှောင်ရှီး၏ လက်စွမ်းလက်စကြောင့် ဟုန်ချန်ယဲ့နှင့် လီဝူကျယ်တို့သည် နတ်ဘုရားများ ဆင်းသက်ကူညီခြင်းခံရသကဲ့သို့ အတော်လေးသက်သာပေါ့လျော့သွားရ၏။ တဟုန်းဟုန်းတက်လာသော မီးတောက်များသည် လှိုင်းလုံးများက ကမ်းခြေကိုတိုက်စားဖျက်ဆီးသကဲ့သို့ အင်အားကြီးလှပြီး ဓားသွား၏ ထက်ရှသော အလင်းရောင်မှာလည်း လျှပ်တပြက်သာမြင်လိုက်ရကာ နွယ်ပင်အပိုင်းပိုင်းအပြတ်ပြတ်တို့ကို ချန်ရစ်ထားခဲ့လေသည်။ ကပ်ဘေးကိုးသွယ် လျှပ်စီးနွယ်ပင်သည် ပူးပေါင်းတိုက်ခိုက်မှုတို့ကြား ရုတ်ချည်းအသက်မဲ့သွားကာ မြေပြင်ပေါ်သို့ လျော့ရဲစွာ လဲကျသွားသည်။
"ရေး! ငါတို့ နိုင်သွားပြီ!" ပုရှောင်ရှီးက ပျော်ရွှင်စွာ ဟစ်ကြွေးလိုက်သည်။
ထို့နောက် ဟုန်ချန်ယဲ့ထံသို့ စိတ်လှုပ်ရှားစွာ ပြေးသွားပြီး သူမ၏ လက်ကလေးများကို အချင်းချင်းလိမ်ယှက်ကာ ခြေဖျားထောက်၍ ခုန်ဆွခုန်ဆွလုပ်လျက် ချစ်စရာကောင်းသော ကြွက်မျက်နှာလေးတွင် မျှော်လင့်ချက်အပြည့်ဖြင့် ဆရာတူအစ်ကိုကြီးထံမှ ချီးမွမ်းစကားလိုချင်နေကြောင်း အထင်အရှားပြသထားလေသည်။
"ဟမ့်!"
ဟုန်ချန်ယဲ့သည် အေးစက်စွာ နှာတစ်ချက်မှုတ်ကာ အင်္ကျီလက်ကို ခါယမ်းပြီး ထွက်သွားသည်။
ဤကြွက်ငပေါလေးက တကယ်ပင် အင်အားကြီးမားနေကြောင်း သိလိုက်သောအခါ မာနကြီးသော နတ်ဆိုးဂိုဏ်းခေါင်းဆောင်မှာ ပို၍စိတ်အနှောင့်အယှက်ဖြစ်သွားရသည်ပင်။ ပုရှောင်ရှီး ပြေးလာသည်ကို မြင်သော် သူ့ကိုသက်သက်ကြွားဝါရန်ပြေးလာသည်ဟု အထင်ရှိကာ နည်းနည်းလေးမှ မျက်နှာသာမပေးခဲ့။
ဆရာတူအစ်ကိုကြီးက သူမကို ပေါ်တင်လျစ်လျူရှုလိုက်သည့်အခါ ပုရှောင်ရှီးသည် စိတ်မကောင်းစွာ မျက်နှာငယ်ဖြင့် ခေါင်းငုံ့သွားပြီး မျက်ရည်စို့စို့ဖြင့် ငိုမဲ့မဲ့မေးလာသည်။ "ရှုရှု မှားသွားတာများ ရှိလို့လား?"
"အဟမ်း!"
လီဝူကျယ်သည် ချောင်းတစ်ချက်ဟန့်လိုက်ကာ စိတ်ရင်းဖြင့် ထုတ်ဖော်ချီးကျူးလိုက်သည်။ "ဆရာတူအစ်မရှောင်ရှီး၊ ခုနကဝင်တိုက်တာ အရှိန်အဝါကြီးချက်ပဲ!"
သူသည် ပုရှောင်ရှီးကို တစ်ချိန်လုံး အလှပြအရုပ်လေးသက်သက်ဟုသာ အထင်ရှိခဲ့သော်လည်း ထိုအသွင်အပြင်မှာ အပေါ်ယံမျက်နှာဖုံးတစ်ခုသာဖြစ်နေလိမ့်မည်ဟု လုံးဝထင်မထားခဲ့ပေ!
မျှော်လင့်ထားတဲ့အတိုင်း ဆရာသခင်ကိုယ်တိုင် တပည့်အဖြစ်လက်ခံထားတဲ့လူတွေက သာမန်ကိုမဟုတ်ကြဘူးပဲ!
တစ်စုံတစ်ဦးထံမှ အားကောင်းသည်ဟု ချီးမွမ်းစကားကို ကြားလိုက်ရသောအခါ ပုရှောင်ရှီးသည် အလွန်ပျော်ရွှင်မြူးထူးသွားပြီး ရှက်ကိုးရှက်ကန်းဖြင့် ခန္ဓာကိုယ်လေးကို ဟိုဘက်ဒီဘက်ယမ်းခါရင်း ပြန်ပြောလိုက်သည်။ "အိုး၊ ဘာမှ မဟုတ်တာလေးကို၊ ရှုရှုက ကူညီချင်ရုံသက်သက်ပါ"
"ဦးလေးဖန်း၊ သွားပြီး ကျေးဇူးစကားပြောကြရအောင်လေ!" အန်းမြောင်ယိသည် ထိတ်လန့်နေရာမှ စိတ်သက်သာလာပြီးနောက် ဦးလေးဖန်းကိုဆွဲခေါ်သွားလိုက်သည်။
"အကူအညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ရောင်းရင်းတို့! မြောင်ယိ ဘယ်လိုကျေးဇူးတင်ရမှန်းကို မသိတော့ပါဘူး!"
"မမလေးက အရမ်းကြင်နာတတ်တာပဲ။ ဒါက ဒီတိုင်း အသေးအဖွဲလေးပါ" လီဝူကျယ်က လက်သီးဆုပ်အရိုအသေပြုကာ ပြန်ပြောသည်။
ဟုန်ချန်ယဲ့ကတော့ မျက်နှာတည်တည်ဖြင့် ဘာမှ ဝင်မပြောခဲ့ပေ။
အန်းမြောင်ယိ၏ အကြည့်က ပုရှောင်ရှီးထံသို့ ဆိုက်ရောက်သွားသည်။ မျက်နှာဖုံးကြောင့် သူမ၏ မျက်နှာအစစ်အမှန်ကို မမြင်နိုင်သော်ငြား ပုရှောင်ရှီးသည် အလွန်ချစ်စရာကောင်းသော မိန်းကလေးငယ်လေးတစ်ဦးဖြစ်ရမည်ဟု အန်းမြောင်ယိ ခန့်မှန်းလိုက်သည်။
"ဒီတာအိုရောင်းရင်းရဲ့နာမည် ဘယ်လိုခေါ်လဲ မေးလို့ရမလားရှ၍်?"
ပုရှောင်ရှီးသည် အံ့အားသင့်သွားရပြီး သူမကိုယ်သူမ လက်ညှိုးထိုးကာ အနည်းငယ်စိတ်လှုပ်ရှားသွားသည့်အသံလေးဖြင့် ပြန်မေးလိုက်သည်။ "အစ်မကြီး၊ ရှုရှုကို ပြောနေတာလား?"
ရှုရှု?
ဤချစ်စနိုးနာမ်စားလေးအား ကြားလိုက်ရသော် အန်းမြောင်ယိသည် အလွန်စိတ်ဝင်စားစရာကောင်းသည်ဟု ခံစားလိုက်ရပြီး အပြုံးတစ်ပွင့်ဖြင့် ပြန်ပြောသည်။ "ဟုတ်ပါတယ်၊ ညီမလေးကအရမ်းစွမ်းအားကြီးလွန်းလို့ လေးစားမိလို့ပါ"
ချိုမြိန်နူးညံ့သော ချီးမွမ်းစကားကိုကြားသော် ပုရှောင်ရှီးသည် ပျော်ရွှင်စွာတစ်ချက်ထခုန်လိုက်ပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ "ဆရာသခင်! ဆရာသခင်! ကြားလိုက်လား? ဒီအစ်မကြီးက ရှုရှုကို အရမ်းလေးစားတယ်တဲ့! ရှုရှုကိုလည်း တခြားသူတွေက လေးစားကြတယ်တဲ့!"
"ဆရာသခင်?" ဖန်းသယ်ကျန့်၏ မျက်လုံးများ ဖျတ်ခနဲလက်သွားပြီး ခန့်ညားသော ငွေရောင်ဆံပင်ပိုင်ရှင်လူငယ်ကို တစ်ချက်လှမ်းကြည့်ကာ နှလုံးသားတစ်ခုလုံး အေးစက်သွားခဲ့ရ၏။
ဒီအဖွဲ့က သူကြားနေကျ ထိုနာမည်ပျက်စွမ်းအားရှင်အဖွဲ့နှင့် တစ်ပုံစံတည်းနီးပါး တူသည်ထက်တူလာသည်လေ။
အရင်တစ်ခေါက်ကြုံခဲ့ရတာတွေက အတုတွေများလား?
ဖန်းသယ်ကျန့်သည် စိတ်ရှုပ်ထွေးသွားပြီး မျက်နှာလည်း ထိန်းမရအောင်ပျက်ယွင်းသွားရသည်။
ယဲ့ကျွင်းလင်သည် ပြုံးရွှင်စွာ ရှေ့သို့လှမ်းလာကာ ပုရှောင်ရှီး၏ ခေါင်းကို ညင်ညင်သာသာ ပုတ်လိုက်ကာ ဆိုသည်။ "ဟုတ်ပါပြီ၊ ဒီလောက်ပဲဂုဏ်ယူပါတော့ အရမ်းကြွားလွန်းနေပြီ"
"ဟီးဟီး~" ပုရှောင်ရှီးသည် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကို အသာကုတ်လိုက်သည်။
"ရှင်က ဒီမိန်းကလေးရဲ့ ဆရာသခင်လား?" အန်းမြောင်ယိ အလွန်အံ့အားသင့်သွား*သည်။ ဒီလို အင်အားကြီးတဲ့ တပည့်မျိုးကို ပိုင်ဆိုင်ထားတဲ့ ဆရာသခင်က ဘယ်လိုပုဂ္ဂိုလ်မျိုးများလဲ?
"ဟုတ်တယ်၊ သူက ကျွန်တော် အပင်ပန်းခံပြီး လေ့ကျင့်ပေးထားတာလေ၊ ဒီလိုစိတ်ချရတဲ့အထိ ကျွမ်းကျင်အောင် ကျွန်တော် အများကြီး အားထုတ်ခဲ့ရတာပေါ့" ယဲ့ကျွင်းလင်က တည်ကြည်စွာ တုံ့ပြန်သည်။
ဟုန်ချန်ယဲ့သည် မျက်လုံးကို အပေါ်လှန်လိုက်သည်။ မျက်နှာပြောင်တိုက်ချက်က နှစ်ယောက်မရှိဘူး။
ဘယ်ဆရာသခင်ကများ ကျောရိုးမပါတဲ့ ဆန်ကုန်မြေလေးကြီးလို တစ်နေကုန်လှဲနေပြီး တပည့်တွေချက်ပေးတဲ့ဟင်းကို အသင့်ထိုင်စားနေမှာတဲ့လဲ?
ပြီးတော့ မင်း သူ့ကို ဘာတွေ လေ့ကျင့်ပေးခဲ့လို့လဲ? လက်ရာမြောက်တဲ့ ချက်ပြုတ်နည်းတွေလား? ဘာဘယ်တီးဖျော်နည်းတွေလား?
အိုး၊ ထားလိုက်ပါတော့။
"ဟုတ်တယ်၊ ဆရာသခင်က ရှုရှု့ကို အရမ်းကောင်းကောင်း ဆက်ဆံတယ်လေ!" ပုရှောင်ရှီးက ခေါင်းလေးကို အခိုင်အမာညိတ်ပြလိုက်ပြီး အပြည့်အဝကို ဝင်ရောက်ထောက်ခံလေသည်။
"ဟုတ်လား" အန်းမြောင်ယိ၏ အကြည့်သည် ရှေ့တွင်ရပ်နေသော ပုံရိပ်လေးခုကို ရိပ်ခနဲခြုံကြည့်လိုက်ပြီး အလွန်ရင်းနှီးနေသလို ခံစားချက်တစ်ခုရသော်လည်း ခုနက ရူးသွပ်ချင်စရာ လျှပ်စစ်ရှော့ခ်ကြောင့် ဦးနှောက်လုပ်ဆောင်မှု အနည်းငယ်နှေးကွေးသွားကာ သိသာနေသည့်အခြေအနေကြီးအား ရုတ်တရတ် နားမလည်နိုင်ခဲ့ပေ။
ထိုအူကြောင်ကြောင်အကြည့်ကို မြင်သောအခါ ယဲ့ကျွင်းလင် တိတ်တဆိတ် သက်ပြင်းချလိုက်သည်- "ဒီမမလေးကတော့ ခေါင်းအစ ခြေအဆုံး ဉာဏ်ပညာရောင်ဝါတွေ ပြည့်နေတာပါပဲလား!"
ရုတ်တရက်။
အဝေးတစ်နေရာမှ ဆူညံသံများ ထွက်ပေါ်လာသည်။
"ဂျင်ဆင်းဘုရင်၊ ဒီမှာ လူသားတွေ ရှိနေတယ်!"
"ခုနက တိုက်ပွဲလှိုင်းခတ်မှုတွေက သူတို့ဆီကလာတာပဲ!"
"အဲ၊ ငါမှတ်မိသလောက် ဒါက မိုးကြိုးဘုရင်ရဲ့နယ်မြေပဲ!"
… …
တောအုပ်ထဲတွင် ထူထပ်စွာ ပြည့်နှက်သိပ်သည်းနေသော ဆေးပင်ပေါက်ကလေးများသည် ထူးဆန်းသော ပုံသဏ္ဌာန်အမျိုးမျိုးနှင့် ပြင်းထန်သော ဆေးရနံ့များကို သယ်ဆောင်လျက် အလျင်အမြန် ပြေးလာကြသည်။
အပင်တိုင်းကို အပြင်လောကသို့ ပစ်ချလိုက်ပါက ဈေးကောင်းကောင်းဖြင့် ထိုင်ရောင်းရုံသာ ရှိပေတော့၏။
"အဖိုးတန်ဆေးပင်တွေ အများကြီးပဲ!" ဖန်းသယ်ကျန့် ကြောက်လန့်တကြား ရေရွတ်လိုက်မိသည်။
ယခင်ကတော့ အဖိုးတန်ဆေးပင်တစ်ပင်တွေ့လျှင်ပင် လွန်စွာဝမ်းသာအားရဖြစ်မိမည် ဖြစ်သော်ငြား ယခုတော့ ဆေးဘုရင်တောင်ကြားမှ အမျိုးမျိုးသော အတွေ့အကြုံများကြောင့် ဖန်းသယ်ကျန့်သည် အဖိုးတန်ဆေးပင်အမြောက်အများ သူတို့ဆီဦးတည်လျက် ပြေးလာသည်ကိုမြင်သော် မသိစိတ်မှ အလွန်ကြောက်ရွံ့လာသည်။
အပြင်လောကသို့ ပြန်ရောက်သွားလျှင်ပင် ဤစိတ်ဒဏ်ရာကို အချိန်တော်တော်ယူ၍ ကုစားရပေဦးမည်။
"ဟင်?" နောက်ထပ်ရောက်လာသော အဖိုးတန်ဆေးပင်အဖွဲ့တွင် အလွန်အားကောင်းသော အရောင်အဝါတစ်ခုကို ခံစားလိုက်ရသည့်အတွက် ယဲ့ကျွင်းလင်မျက်လုံးများ အနည်းငယ်မှေးကျဥ်းလို့သွား၏။
မကြာမီပင် ရာနှင့်ချီသော အမျိုးအစားစုံလင် အဖိုးတန်ဆေးပင်များသည် သူတို့အုပ်စုထံ ရန်လိုစွာ ရောက်ရှိလာကြသည်။
ခေါင်းဆောင်ဖြစ်သူမှာ ရွှေရောင်အဆင်းရှိပြီး ဂျင်ဆင်းပုံသဏ္ဌာန်ရှိသော အလွန်အဆင့်မြင့်ပါသည့် ဆေးဘုရင်တစ်ပါးဖြစ်ပြီး အခြေတည်ထောင်ခြင်းအဆင့်၏ အထွဋ်အထိပ်သို့ပင် ရောက်ရှိထားပြီးဖြစ်သည်။
ကပ်ဘေးကိုးသွယ် လျှပ်စီးနွယ်ပင်နှင့် နှိုင်းယှဉ်ပါက ၎င်းသည် အဆမတန် ပိုမိုအားကောင်းပေမည်။
ရွှေဂျင်ဆင်းသည် ဒေါသအငွေ့အသက်အပြည့်ဖြင့် ပြင်းထန်သော စိတ်လှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်ပြီး သူတို့ကိုစကားဆိုသည်။ "မင်းတို့ လူသားတွေ တကယ်ပဲ ငါတို့မိုးကြိုးလေးကိုသတ်လိုက်တာလား!"
မိုးကြိုးလေးဟူသော နာမ်စားမှာ ကပ်ဘေးကိုးသွယ် လျှပ်စီးနွယ်ပင်ကို ညွှန်းဆိုခြင်းဖြစ်၏။
အခေါ်အဝေါ်အရ သူတို့နှစ်ဦးမှာ အတော်လေးနီးကပ်သည့်ဆက်ဆံရေး ရှိကြပုံပင်။
ဟုန်ချန်ယဲ့၏ မျက်လုံးများ တောက်ပလာပြီး ခပ်တည်တည်ပုံစံပျောက်ကွယ်ကာ စိတ်လှုပ်ရှားစွာပြောလာသည်။ "တော်တော် အရင်းအမြစ်ကြွယ်ဝတဲ့နေရာပဲ။ ဒီလို အရည်အသွေးရှိတဲ့ ဆေးဘုရင်ဆိုတာ တွေ့ရခဲလှပါဘိ!"
ထိုရွှေဂျင်ဆင်းကိုသာ သူအရယူနိုင်ပါက ဘေးဒုက္ခကျော်လွှားခြင်းအဆင့်ကိုပြင် ချိုးဖျက်တက်ရောက်နိုင်ပေလိမ့်မည်။