← Chapters

အခန်း (၁၃၄)

Vol. 10 Ch. 134

အခန်း (၁၃၄)

Vol. 10 Ch. 134

လီဝူကျယ်၏ မျက်လုံးများလည်း လေးလေးနက်နက်ဖြစ်လာကာ ပြောလိုက်သည်။ "ဒါက အရင်တစ်ခုထက် ပိုအားကောင်းတယ်။ ငါတို့ စားလို့ရပါ့မလားတောင် မသေချာဘူး"

"အတင့်ရဲလိုက်တဲ့ အောက်တန်းစားလူသားတွေ၊ ဒီဘုရင်ကိုများ လောဘတက်ရဲတယ်!" ရွှေဂျင်ဆင်းသည် ငွေရောင်ပုဆိန်ကို မြှောက်ကိုင်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

ဤမိုက်မဲသော လူသားများကို တစ်ရစ်ချင်းစီ ဖြည်းဖြည်းချင်းလှီးဖြတ်သည့်နည်းဖြင့် နှိပ်စက်အပြစ်ပေးရန် သူစဥ်းစားမိလိုက်၏။

"အစောက အဖိုးတန်ဆေးပင်ခေါ်လိုက်တဲ့ဂိုဏ်းပဲ" တစ်ဖက်သား ပုဆိန်ကိုဝင့်ကိုင်လိုက်သည်အား‌မြင်သော် ယဲ့ကျွင်းလင် ရုတ်တရက် သဘောပေါက်သွားသည်။

"ဆရာတူအစ်မရှောင်ရှီး၊ ကျွန်တော်တို့ကို ကူညီနိုင်ဦးမလား?" လီဝူကျယ်က မရေမရာဟန်ဖြင့် လှမ်းမေးကြည့်လိုက်သည်။

အရေးတယူခေါ်ဆိုလာသည့်အသံကို ကြားသောအခါ ပုရှောင်ရှီးသည် အရေးပါသောပုဂ္ဂိုလ်တစ်ဦးဟု ခံစားလိုက်ရပြီး ချက်ချင်း သူမ၏ ရင်ဘတ်ကိုပုတ်ကာ ကြည်လင်ချိုမြသော ကလေးသံလေးဖြင့် ခိုင်မာစွာစကားပြန်လိုက်သည်။ "ကူညီရမှာ‌‌ပေါ့၊ ရှုရှု အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်!"

"လာကြစမ်း၊ သူတို့ကို ဖြုတ်ချလိုက်ကြစို့!"

ပုဆိန်ဂိုဏ်းချုပ်၏ အမိန့်စကားဖြင့် အဖိုးတန်ဆေးပင်အုပ်စုကြီးသည် တိုက်ပွဲကို စတင်ခဲ့ကြတော့လေသည်။

"လာနေပြီ၊ ဆေးပင်တွေအများကြီးလာနေကြပြီ!!" ဖန်းသယ်ကျန့်၏ ဦးရေပြားသည် ကြောက်စိတ်ဖြင့် ကျိန်းစပ်သွားပြီး သူ၏ ခန္ဓာကိုယ်မှာလည်း မထိန်းနိုင်စွာ တဆတ်ဆတ်တုန်ယင်လာတော့၏။ အန်းမြောင်ယိ၏ ဖေးမနှစ်သိမ့်မှုကြောင့် ဓားဆင့်ခေါ်ဂိုဏ်း၏ မဟာအကြီးအကဲမှာ အနည်းငယ်စိတ်သက်သာရာရသွားသော်ငြား စိတ်အေးအေးမထားနိုင်သေးပေ။

ယဲ့ကျွင်းလင်သည် ထူးဆန်းနေဟန်ဖြင့် အကဲခတ်မိနေသည်။ ဒီရောင်းရင်းရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေကတော့ စိုးရိမ်ဖွယ်ပါလား?

ချက်ချင်းဆိုသလိုပင်။

ဟုန်ချန်ယဲ့နှင့် လီဝူကျယ်တို့သည် အဖိုးတန်ဆေးပင်အုပ်စုနှင့် ထိပ်တိုက်ရင်ဆိုင်ကုန်ကြတော့၏။

ရွှေဂျင်ဆင်းသည် ငွေရောင်ပုဆိန်ကို ဝှေ့ယမ်းကာ ဓားပြတစ်ယောက်ကဲ့သို့ ဝူးဝူးဝါးဝါးကြိမ်းဝါးနေရင်း ဟိုခုတ်သည်လွှဲဖြင့် ရှေ့တက်လာလေသည်။

ချွမ်!

ကြည်လင်သော ထိခတ်သံတစ်ချက် ထွက်‌ပေါ်လာသည်။

ရွှေဂျင်ဆင်းသည် အံ့အားသင့်သွားရ၏။ သူ့ပုဆိန်ကို ပိတ်ဆို့တားဆီးလိုက်သူမှာ ခေါင်းတွင် မျက်နှာဖုံးဝတ်ဆင်ထားသော သေးသေးသွယ်သွယ် ပုံရိပ်လေးတစ်ခုဖြစ်သည်။

ထိုနူးညံ့သော လက်ကလေးမှာ ရွှေရောင်အဆင်းတို့ ဖြာထွက်လျက် ဖျက်ဆီး၍မရနိုင်သော အလွှာတစ်ထပ်ဖြင့် ဖုံးအုပ်ထားသည့်နှယ်။

"ဒီတစ်ခေါက် မင်းရဲ့ ပြိုင်ဘက်က ရှုရှုပဲ!" ပုရှောင်ရှီးက တည်ကြည်စွာ ပြောလာသည်။

"မင်း တစ်ယောက်တည်းလား?"

ရွှေဂျင်ဆင်းသည် အထင်သေးခံလိုက်ရသောကြောင့် ဒေါသူပုန်ထကာ အသက်စွမ်းအင်များကို နှိုးဆွလှုံ့ဆော်လိုက်ပြီး အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်စေသည်။ နေမင်းကြီးထံမှ သန့်စင်မွေးဖွားခံလိုက်ရသော ကောင်းကင်သားတော်တစ်ပါးကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံး ရွှေရောင်အဆင်းဖြင့်ဝင်းထိန်ကာ အရှိန်အဝါကား လျစ်လျူရှုလို့မရနိုင်သည်အထိ။

မမြင်နိုင်သော အင်အားတစ်ခုက ကောင်းချီးပေးနေသကဲ့သို့ အဆင့်မြင့်ဆေးဘုရင်၏ နဂိုကြီးမားပြီးသားစွမ်းအားအဟုန်မှာ ပိုလို့အားကောင်းလာတော့လေသည်။

ဤမြင်ကွင်းကြောင့် ဖန်းသယ်ကျန့်နှင့် အန်းမြောင်ယိတို့မှာ ထိန်းမရအောင် ရင်တုန်ရလျက်။

ပြင်ပလောက၏ စံနှုန်းများအရ ဤမျှအင်အားကြီးသော ဆေးဘုရင်သည် ရွှေအမြုတေအဆင့်သာမက ဝိညာဥ်သန္ဓေအဆင့်ကျင့်ကြံသူကိုပင် ယှဥ်ပြိုင်အလဲထိုးနိုင်စွမ်းရှိ၏။

ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လေသလဲ!

ဝှစ် ဝှစ် ဝှစ်~!

ရွှေဂျင်ဆင်းသည် ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပုရှောင်ရှီးကို လှည့်ပတ်ချောင်ပိတ်ကာ ငွေရောင်ပုဆိန်ကို ဝှေ့ယမ်းလျက် အခွင့်ကောင်းရသောအခါတွင် လူကိုတစ်ချက်တည်းနှင့်ဆုတ်ဖြဲနိုင်သော တိုက်ကွက်များအား ပစ်သွင်းလို့နေသည်။

ကြွေရွက်များကား တဖွဲဖွဲလွင့်စင်နေပြီး သဲမှုန်ဖုန်မှုန့်များက မှုန်ဝါးစွာတိုက်ခတ်လို့နေတော့၏။

ပုရှောင်ရှီးသည် တိုက်ကွက်ဒါဇင်ကျော်မျှကို ဆက်တိုက်ပိတ်ဆို့လိုက်ပြီးနောက် သူမ၏ ခြေလှမ်းများစတင်ယိမ်းယိုင်လာကာ ခေါင်းတစ်ခုလုံး ချာချာလည်လာပြီး လက်ကိုဝှေ့ယမ်းလျက် အကူအညီတောင်းလိုက်သည်။ "ရှုရှုမရတော့ဘူး၊ ရှုရှု ထပ်မတိုက်နိုင်တော့ဘူး၊ အရမ်းခေါင်းမူးပြီး အန်ချင်လာပြီ!"

"ဟမ့်၊ ဒီဘုရင်နဲ့ ထိပ်တိုက်ယှဥ်ဖို့အတွက် မင်းရဲ့တာအိုစွမ်းအင်က အရမ်းနိမ့်ကျနေသေးတယ်!" ရွှေဂျင်ဆင်းက မဲ့ပြုံးတစ်ချက်ပြုံးပြီး အရှိန်အဟုန်ကို စုစည်းလိုက်ကာ ပုရှောင်ရှီး၏လည်ပင်းသို့ ဦးတည်လျက် ပုဆိန်ကို ကျွမ်းကျင်စွာခုတ်လွှဲလိုက်တော့သည်။

ချွမ်!

သတ္တုအချင်းချင်းထိခတ်သံ ခပ်နိမ့်နိမ့်တစ်ခု ထွက်ပေါ်လာပြန်၏။

"မင်း..." ရွှေဂျင်ဆင်းသည် စကားပင်မဆိုနိုင်လောက်အောင် ဆွံ့အလန့်ဖျပ်သွားပြီး အကြောင်းရင်းမရှိပါဘဲ ရှေးခေတ်သားရဲကြီးတစ်ကောင်နှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားချက်ဖြင့် ကြက်သီးဖြန်းခနဲထသွားလေသည်။

ဘယ်ကပေါ်လာမှန်းမသိရသော လက်နှစ်ချောင်းက သူ့ပုဆိန်သွားကို ညင်ညင်သာသာ ကိုင်ညှပ်ထားသည်အား သူမြင်လိုက်ရသည်။

ချွမ်း!

ပုဆိန်သွားသည် ထိုလက်ချောင်းလေးနှစ်ချောင်းကြားတွင် အပိုင်းပိုင်းအစစ ကွဲကြေသွားပြီး အစအနများက နေရာအနှံ့ လွင့်စင်သွား၍။

မှော်လက်နက်သည် စက္ကန့်ပိုင်းမျှသောအချိန်အတွင်း သုံးစားမရသည့်အမှိုက်ပုံအဖြစ်သို့ ပြောင်းလဲသွားရလေပြီ!

ယဲ့ကျွင်းလင်သည် လက်ညှိုးနှစ်ချောင်းကို အနည်းငယ်ခါလိုက်ပြီး နှုတ်ခမ်းတစ်ချက်တွန့်ပြကာ ပြောလိုက်သည်။ "ငါပြောမယ် မောင်ဂျင်ဆင်း၊ မင်းကိုက မတော်မတရား မာနကြီးလွန်းနေတာ၊ အပိုးကျိုးအောင် ဂျင်ဆင်းစွပ်ပြုတ် လုပ်သောက်ရတော့မယ်ထင်တယ်" ၏

ပုရှောင်ရှီးသည် ယိမ်းယိုင်နေရာမှ တည်ငြိမ်အောင်ပြန်ရပ်လိုက်ကာ ငွေရောင်ဆံနွယ်ပိုင်ရှင် ဆရာသခင်ကို အသာမော့ကြည့်လျက် လေသံတိမ်တိမ်လေးဖြင့် မေးလိုက်သည်။ "ဆရာသခင်၊ ရှုရှုကြောင့် အရှက်ရသွားပြီလား?"

ယဲ့ကျွင်းလင်သည် သူမ၏ ခေါင်းကို ပွတ်သပ်‌ပေးလိုက်ကာ အပြုံးတစ်ခုဖြင့်နှစ်သိမ့်လိုက်သည်။ "အတွေးမလွန်နဲ့၊ ရှုရှု သူတို့ကိုသွားကူညီပေးလိုက်၊ ဒါကိုဆရာကြည့်ရှင်းလိုက်မယ်"

"ဟုတ်ကဲ့!"

ပုရှောင်ရှီးသည် မီးခိုးလုံးလေးတစ်ခုကဲ့သို့ ဟုန်ချန်ယဲ့နှင့် လီဝူကျယ်တို့ကို ကူညီရန် လုံးခနဲပြေးထွက်သွားသည်။

"ဦးလေးဖန်း၊ သခင်လေးယဲ့ လှုပ်ရှားတော့မယ်!" အန်းမြောင်ယိ မျှော်လင့်ချက်ကြီးစွာဖြင့် စောင့်ကြည့်နေမိသည်။

ဖန်းသယ်ကျန့်သည် အနက်ရောင်ဝတ်ရုံဝတ်ထားသော ပုံရိပ်ကို စိုက်ကြည့်နေပြီး မျက်ခုံးများတွန့်ချိုးလျက်ရှိသည်။ တစ်ဖက်လူပေးစွမ်းသောခံစားချက်ကား ခန့်မှန်းတွက်ဆလို့မရအောင် မရေမရာနိုင်လှ၏။

"လူ့လောကကြီးအကြောင်း ဘာမှမသိနားမလည်သေးတဲ့ ကြွက်စုတ်ကောင်လေးကများ၊ ဒီဘုရင်ရှေ့မှာ ကြွားဝါပြောဆိုရဲတယ်၊ ဒီဘုရင်က မင်းကို သင်ပြပေးရသေးတာပေါ့!"

ပြောရင်းဆိုရင်း ရွှေဂျင်ဆင်း၏ အမြစ်များသည် အဆမတန်ရှည်လျားထွက်လာကာ လူပုလေးတစ်ယောက်အရွယ်အစားခန့် ရောက်ရှိလာပြီး မြှားတစ်စင်းကဲ့သို့ ဝှစ်ခနဲပြေးထွက်လာကြသည်မှာ နေရာတွင်ပင် ချိုင့်ခွင်များထင်ကျန်ရစ်စေလျက်။

အမြစ်များသည် ပျံသန်းနေရင်း လက်သီးများအဖြစ် ပြောင်းလဲသွားပြီး‌ လေထုကို အသံမြည်သည်အထိဖောက်ခွင်းလျက် အရှိန်ပြင်းပြင်းဖြင့် ဦးတည်ရောက်ရှိလာကြတော့၏။

သူတို့ထံမှ ဖြာထွက်နေသော ရွှေရောင်အလင်းကား မျက်စိကျိန်းစပ်ဖွယ်ပင်။

လာရာလမ်းတစ်လျှောက်ရှိ လေဟာနယ်သည် စုတ်ပြဲတော့မတတ် ပေါက်ကွဲထွက်သွားရသည်အထိ အရှိန်အဟုန်မှာ မတရားသဖြင့် ကြောက်မက်ဖွယ်ကောင်းလှသည်။

ယဲ့ကျွင်းလင် လှုပ်ရှားတော့မည့်ဆဲဆဲတွင် စနစ်သတိပေးချက်တစ်ခုက အသိစိတ်ထဲ မြည်ဟီးပေါ်ထွက်လာသည်။

【တင်၊ ပိုင်ရှင်ဟာ အခြေတည်ထောင်ခြင်း အထွဋ်အထိပ်ဆင့်ရန်သူရဲ့ ရန်ပြုတိုက်ခိုက်ခြင်းခံနေရကြောင်း သိရှိရတဲ့အတွက် အားကောင်းသောရန်သူနှင့်ရင်ဆိုင်၍ ပိုမိုအားကောင်းလာခြင်း ပါရမီစွမ်းရည်ရဲ့ အကျိုးသက်ရောက်မှုအရ ပိုင်ရှင့်ကို ရွှေအမြုတေ အစောပိုင်းအဆင့်ကျင့်ကြံသူအဖြစ် တိုးမြှင့်ပေးလိုက်ပါပြီရှင့်!】

ချက်ချင်းဆိုသလို မူလက ချီစုဆောင်းခြင်းအဆင့် ကိုးဆင့်သို့ နှိမ့်ချခံထားသော ကျင့်ကြံဆင့်သည် ထိုအချိန်တွင် မည်သည့်အကြောင်းပြချက်မှမရှိပါဘဲ အတားအဆီးများစွာကို ဦးထိုးကျော်ဖြတ်ကာ ရွှေအမြုတေအဆင့် အစောပိုင်းအဆင့်သို့ ရုတ်တရက် မြင့်တက်သွားလေသည်။

ယဲ့ကျွင်းလင်: "! ! !"

သဲလေးရေ၊ မင်းက ကျွမ်းလှချည်လားကွ?! အာဟ..

All Chapters