တက်လိုက်ကျလိုက်၊ တက်လိုက်ကျလိုက် ရို့ရို့
Vol. 10 Ch. 135
နောက်တစ်စက္ကန့်အကြာတွင် ယဲ့ကျွင်းလင်သည် လက်ဝါးကိုအသာမြှောက်လျက် ပေါ့ပါးညင်သာစွာပင် တစ်ချက်ရိုက်ထုတ်လိုက်ရာ ပေါက်ကွဲထွက်လာသောစွမ်းအင်သည် ဒဏ္ဍာရီလာနဂါးတစ်ကောင် ကောင်းကင်ထက်ပျံတက်သွားသကဲ့သို့ အဆုံးမရှိသော လေပွေလှိုင်းလုံးကြီးများအား ဖြစ်ပေါ်စေ၏။
ဘုန်း!
ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
ရွှေဂျင်ဆင်းသည် မိုးကြိုးပစ်သကဲ့သို့ မြေပြင်ပေါ်ရိုက်ချခံလိုက်ရပြီး ခြေထောက်ကဲ့သို့ ထိုးထိုးထောင်ထောင်ရှည်ထွက်နေသောအမြစ်များ မြေကြီးတွင်းသို့ သံမှိုရိုက်သကဲ့သို့ တည့်တည့်ထိုးဝင်သွားလေသည်။ ထိုသို့ထိုးဝင်လက်စကြီးဖြင့်ပင် အနောက်ကို ဆယ်ကျန်းကျော်ခန့် တွန်းပို့ခံလိုက်ရပြန်ရာ ဖုန်တလုံးလုံးဖြင့် လျှိုမြောင်ရှည်ကြီးများ တူးထုတ်လိုက်မိပြီး ပွတ်တိုက်သည့်အရှိန်များကြောင့် ဆေးနံ့များမွှန်ထူနေသည့် ဂျင်ဆင်းရည်တို့မှာ ညှစ်ထုတ်ခံလိုက်ရသကဲ့သို့ စီးကျလာကုန်၏။
ရွှေဂျင်ဆင်းသည် ပြင်းပြင်းထန်ထန် တုန်လှုပ်ကြောက်လန့်သွားရ၏။
ရုတ်တရက် ယဲ့ကျွင်းလင်၏ ကျင့်ကြံခြင်းအဆင့်သည် ရွှေအမြုတေ အစောပိုင်းအဆင့်မှ ချီစုဆောင်းခြင်းအဆင့် ကိုးဆင့်သို့ တစ်ဖန် ပြန်လည်နှိမ်ချခံလိုက်ရသည်။
အရာအားလုံးမှာ တစ်ခါတစ်ရံမျှပင် မဖြစ်ဖူးသကဲ့သို့ အစအနမကျန် ပျောက်ဆုံးသွားလေသည်။
"ဟင်?!"
ယဲ့ကျွင်းလင်ပင် အံ့အားသင့်သွားရသည်။ ဒီလိုပုံစံနဲ့ ဆက်သွားရမယ်ပေါ့လေ?
"ဦးလေးဖန်း၊ သခင်လေးယဲ့ရဲ့ ကျင့်ကြံဆင့်က ခုနကပဲ ရွှေအမြုတေအဆင့်ကို တက်သွားသလားလို့?" အန်းမြောင်ယိ၏ လှပသော မျက်လုံးများ ပြူးကျယ်သွားပြီး သူမ မသေချာစွာ တီးတိုးရေရွတ်လိုက်သည်။
ဖန်းသယ်ကျန့်၏ မျက်လုံးများသည် မှုန်မှိုင်းလို့နေပြီး သူလည်းမရေရာစွာဖြင့် "ဟုတ်ပုံရတယ်..." ဟုသာ ပြန်ပြောလိုက်နိုင်၏။
အကြောင်းမှာ ယခု ယဲ့ကျွင်းလင်၏ ကျင့်ကြံဆင့်သည် ချီစုဆောင်းခြင်းအဆင့် ကိုးဆင့်၌သာ ရှိနေသည်ကို သူတို့အားလုံး ရှင်းရှင်းလင်းလင်း ခံစားနိုင်နေသောကြောင့်ပင်။
အစောကတိုက်ခိုက်မှုတွင် ပေါက်ကွဲထွက်ပေါ်လာသော ရွှေအမြုတေကျင့်ကြံဆင့်အရှိန်အဝါမှာ လျှပ်တပြက်နိုင်လွန်းလှသဖြင့် ဖန်းသယ်ကျန့်သည်ပင် သူမှားမြင်လိုက်မိလေသလားဟု မသဲကွဲချေ။
ထိုအချိန်တွင် ရွှေဂျင်ဆင်းသည် ပုံစံမပျက်အောင် ပြန်လည်ထိန်းညှိရင်း အံ့အားသင့်စွာ မရေရာစွာဖြင့် ရေရွတ်မိလိုက်သည်။ "မင်းတို့ လူသားတွေ ဘာအကွက်တွေလာထွင်နေတာလဲ?"
ထိပ်တိုက်ရင်ဆိုင်ခဲ့သော တိုက်ကွက်မှတစ်ဆင့် သူခံစားလိုက်ရသည်မှာ ထိုလူငယ်ကား တစ်စုံတစ်ခုတော့ ထူးဆန်းနေကြောင်း ရာနှုန်းပြည့်သေချာသည်။ ပထမဆုံးသော တိုက်ကွက်တွင် ထိုသူမှာ ရုတ်တရက် ဆေးဘုရင်တောင်ကြား၏ အမြင့်ဆုံးအဆင့်ဖြစ်သော ရွှေအမြုတေအဆင့်သို့ ထိုးတက်သွားသည်မှာ သေကိုသေချာလှ၏။
ဆေးဘုရင်တောင်ကြားရှိ ဆေးပင်အားလုံး၏ ကျင့်ကြံဆင့်မှာ အရည်အသွေးကိုလိုက်၍ အနိမ့်အမြင့်ကွဲပြားသွားခြင်းပင်။ ဥပမာအားဖြင့် အဆင့်နိမ့် အဖိုးတန်ဆေးပင်များသည် ချီစုဆောင်းခြင်းအဆင့် ကိုးဆင့်မှ စတင်ပြီး အဆင့်မြင့် အဖိုးတန်ဆေးပင်များက ချီစုဆောင်းခြင်းအဆင့် ဆယ့်နှစ်ဆင့်တွင် ရှိသည်။ ဆေးဘုရင်များကတော့ ၎င်းတို့ထက်တစ်ဆင့်မြင့်သော အခြေတည်ထောင်ခြင်းတွင် ရှိကြလေသည်။
နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ဆေးဘုရင်တောင်ကြားသို့ ၀င်ရောက်လာသော လူသားကျင့်ကြံသူများ၏ အဆင့်အားလုံးသည် ချီစုဆောင်းခြင်းအဆင့် ကိုးဆင့်သို့ တစ်ညီတည်းနှိမ်ချခံခဲ့ရပြီး မည်သည့်ခြွင်းချက်မှ မရှိခဲ့ပေ!
သို့သော် ယခုတွင်တော့ ပုံမှန်မဟုတ်သော တစ်စုံတစ်ရာကား ဖြစ်ပွားခဲ့လေပြီ။ ထိုလူသားကျင့်ကြံသူ၏ ကျင့်ကြံဆင့်ကား ရွှေအမြုတေအဆင့်သို့ ရုတ်ချည်းထိုးတက်သွားလျက် သူ့တိုက်ကွက်ကား အသာအယာ ပြန်လည်ခုခံနိုင်ခဲ့ခြင်းပင်။
ရွှေဂျင်ဆင်းသည် အလွန်စိတ်ရှုပ်ထွေးသွားရပြီး ဘာဖြစ်လို့ဖြစ်နေမှန်း လိုက်မမီနိုင်တော့ပေ။
"ကျုပ်က အခုမှ ချီစုဆောင်းခြင်းအဆင့်ကျင့်ကြံသူပေါက်စလေးပဲ ရှိသေးတာပါဗျာ၊ ဘာအကွက်တွေ ကစားနိုင်မှာမလို့လဲ? ခင်ဗျားတို့ကိုက အားနည်းလွန်းနေတာပါ၊ ဒါမှမဟုတ် သေချာသွားအောင် တစ်ခေါက်လောက်ထပ်ရိုက်ကြည့်ပါ့လား?" ယဲ့ကျွင်းလင်က မျက်နှာရိုးလေးဖြင့် ရှင်းပြရှာ၏။
သူ့စိတ်ထဲရှိ ခန့်မှန်းချက်အချို့ကိုလည်း အတည်ပြုချင်သောကြောင့်ပင်။
ထိုစကားကိုကြားသော် ရွှေဂျင်ဆင်းသည် အရှက်ခွဲခံလိုက်ရသကဲ့သို့ ခံစားရကာ ၎င်း၏ အမြစ်ပွားများအားလုံးကို လက်သီးအဖြစ် ပြောင်းလဲ၍ တစ်ကိုယ်လုံးမှာ ထက်ရှသော ရွှေဓားတစ်လက်ကဲ့သို့ ရွှေရောင်အလင်းတန်းများ ဝင်းဝင်းတောက််ဖြာထွက်လာတော့သည်။ တောက်ပသည်နှင့်အမျှ ထပ်တူအားကောင်းသော အရှိန်အဝါပင်။
"လူသားကောင်လေး၊ ဒီဘုရင်ရဲ့ ရွှေလက်သီးကို မြည်းစမ်းကြည့်လိုက်!"
ဝှစ် ဝှစ် ဝှစ်~!
အမြစ်များဖြင့် ရစ်ပတ်ထုပ်ပိုးထားသော ရွှေရောင်လက်သီးငယ်များစွာသည် ကောင်းကင်ထက်မှကြယ်မိုးအဆက်မပြတ်ရွာသကဲ့သို့ တဖြုတ်ဖြုတ်ပစ်ဝင်လာကြ၏။
လက်သီးအဟုန်သည် လွန်စွာအားကောင်းပြီး ပါဝင်သောအင်အားမှာလည်း ကြောက်မက်ဖွယ်ပြင်းထန်လှသည်။ မထိခတ်ခင် နီးကပ်လာသောအရှိန်အဝါကပင် လူအများအား အဆက်မပြတ်ဖိအားပေးနေသကဲ့သို့ ကြောက်လန့်တုန်လှုပ်စေသည်။
ဖန်းသယ်ကျန့်သည် အံ့သြတကြီးဖြင့် ရေရွတ်လိုက်သည်။ "အရမ်းသန်မာတာပဲ..."
ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူအားလုံးကို တပြိုင်နက်တည်း သုတ်သင်ရှင်းလင်းနိုင်သည့် အင်အားမျိုးပင်။
သူ၏ အကဲဖြတ်ချက်အရ ထိုရွှေဂျင်ဆင်း အားကုန်ထုတ်တိုက်ခိုက်ပါလျှင် အပြင်လောကရှိ ရွှေအမြုတေအဆင့် ကျင့်ကြံသူများသည်ပင် အမေတသည်အထိ ရိုက်နှက်နှိပ်စက်ခံရပေမည်။ ဆေးဘုရင်တောင်ကြားရှိ အဆင့်နှိမ့်ခံထားရသော ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူများဆိုလျှင် ရစရာကိုရှိတော့မည်မဟုတ်ပေ။
"သခင်လေးယဲ့!" အန်းမြောင်ယိ စိုးရိမ်တကြီးအော်ဟစ်သတိပေးလိုက်သည်။
ထိုလူပါ ဘုန်းဘုန်းလဲသွားပါလျှင် ဤစိတ်မူမမှန်သော ဆေးပင်တို့ကြား သူမ၏ကံကြမ္မာမှာ ရေစုန်မျောရပေတော့မည်။
ထူထပ်သိပ်သည်းသော ရွှေလက်သီးအမြစ်များ၏အလယ်တွင် ယဲ့ကျွင်းလင်ကား တည်ငြိမ်အေးဆေးလျက်သာပင်။
သူ့စိတ်ထဲတွင် စနစ်သတိပေးသံသည် တစ်ဖန် ထွက်ပေါ်လာသည်။
【တင်၊ ပိုင်ရှင်ဟာ အခြေတည်ထောင်ခြင်း အထွဋ်အထိပ်ဆင့်ရန်သူရဲ့ ရန်ပြုတိုက်ခိုက်ခြင်းခံနေရကြောင်း သိရှိရတဲ့အတွက် အားကောင်းသောရန်သူနှင့်ရင်ဆိုင်၍ ပိုမိုအားကောင်းလာခြင်း ပါရမီစွမ်းရည်ရဲ့ အကျိုးသက်ရောက်မှုအရ ပိုင်ရှင့်ကို ရွှေအမြုတေ အစောပိုင်းအဆင့်ကျင့်ကြံသူအဖြစ် တိုးမြှင့်ပေးလိုက်ပါပြီရှင့်!】
ထို့နောက် ယဲ့ကျွင်းလင်၏ မူလ ချီစုဆောင်းခြင်းအဆင့် ကိုးဆင့်သည် ရွှေအမြုတေ အစောပိုင်းအဆင့်သို့ တစ်ဖန်ပြန်လည်မြင့်တက်သွားသည်။
"ထင်တဲ့အတိုင်းပဲ"
ယဲ့ကျွင်းလင်၏ နှုတ်ခမ်းထောင့်များ ကျေနပ်စွာကွေးညွှတ်သွားကာ အခွင့်ကောင်းကိုအမိအရယူလျက် လောကဘုရင်အမှတ်တံဆိပ်အား လက်ပြန်ရိုက်ထုတ်လိုက်၏။
ဘုန်း!
ခန့်ညားထည်ဝါသော လောကဧကရာဇ်၏ ဧရာမအရိပ်ကြီးသည် သူ့အနောက်တွင် ထင်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက လှိုင်းလုံးတစ်ခုကဲ့သို့ ပျံ့နှံ့သွားသည်။
ထူထပ်သော ရွှေရောင်လက်သီးများစွာသည်လည်း တောင့်မခံနိုင်စွာ ပြိုလဲသွားရပြီး ရွှေဂျင်ဆင်းသည် အင်အားထုကြီးတစ်ခုဖြင့် ပြင်းပြင်းရိုက်ချခံလိုက်ရကာ ကြိုးပြတ်သွားသော စွန်တစ်ကောင်ကဲ့သို့ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ခွေးကျဝက်ကျ ကျသွားလေသည်။
တစ်ချိန်တည်းမှာပင်..
ယဲ့ကျွင်းလင်၏ အရှိန်အဝါသည် ဟုတ်ခနဲ ပြန်လည်ကျဆင်းသွားပြီး ရွှေအမြုတေ အစောပိုင်းအဆင့်မှ ချီစုဆောင်းခြင်းအဆင့် ကိုးဆင့်သို့ ပြန်လည်ရောက်ရှိသွားသည်။
"မှန်တယ်၊ သခင်လေးယဲ့ရဲ့ ကျင့်ကြံဆင့်က ခုနလေးတင် ရွှေအမြုတေ အစောပိုင်းအဆင့်ကို တက်သွားတာပဲ!" ဖန်းသယ်ကျန့်သည် အံ့သြတုန်လှုပ်စွာဖြင့် အသိစိတ်တစ်ခုလုံး ပြောင်းပြန်လှန်ခံလိုက်ရသလို ခံစားမိလိုက်၏။
"ဒါ၊ ဒါ ဘယ်လိုဖြစ်သွားတာလဲ? သူမှာ ထူးခြားတဲ့ လျှို့ဝှက်ကျင့်စဥ်တစ်ခုခု ရှိနေတာများလား?" အန်းမြောင်ယိသည် သူမ၏ နူးညံ့သော နှုတ်ခမ်းလေးကို လက်ဖဝါးဖြင့် ညင်ညင်သာသာ ဖုံးအုပ်လိုက်ပြီး မျက်လုံးတောက်တောက်လေးများက ဝိုင်းစက်လျက်။
ရွှေဂျင်ဆင်းသည် ဆေးရည်များ တစ်နည်းပြောရလျှင် သွေးများဖြင့် ဂျင်ဆင်းရုပ်မပေါ်အောင် ဖုံးလွှမ်းလို့နေလေပြီ။ ၎င်းသည် မြေပြင်ပေါ်တွင် သေလုမျောပါးအခြေအနေဖြင့် လဲလျောင်းနေပြီး ကျန်ရှိသောအင်အားအနည်းငယ်အား ညှစ်ထုတ်လျက် ခပ်တုန်တုန်ပြောလာသည်။ "ကောက်ကျစ်တဲ့ လူသားတွေ... မင်းတို့ငါ့ကို ပေါင်းပြီးလှည့်စားခဲ့တာ...."
"ကောင်းကင်နဲ့ မြေကြီးကို တိုင်တည်ပြီးကျိန်ဆိုပါတယ်၊ ကျွန်တော်က အခုမှ ချီစုဆောင်းခြင်းအဆင့်ကျင့်ကြံသူလေးပဲ ရှိသေးတာပါနော်!" ယဲ့ကျွင်းလင်မှာ အပြစ်ကင်းစင်သော၊ မတရားစွပ်စွဲခံရသော ရိုးရိုးသားသားမျက်နှာလေးဖြင့် တိုင်တည်ကျိန်ဆိုရှာသည်။
နှစ်ကြိမ်တိတိ အတည်ပြုပြီးနောက် ယဲ့ကျွင်းလင်နားလည်လိုက်ရပါသည်။ ရွှေအမြုတေအဆင့်သို့ တက်ရောက်သွားခြင်းမှာ စနစ်မှချီးမြှင့်ထားသော ပုံသေစွမ်းရည်အရ အတင်းအကျပ် တိုးမြှင့်ခံလိုက်ရခြင်းသာဖြစ်ပြီး တစ်ဖန် ပြန်လည်ကျဆင်းသွားရခြင်း အကြောင်းရင်းမှာတော့ ဆေးဘုရင်တောင်ကြား၏ ဖိနှိပ်မှုကြောင့်ဖြစ်သည်။
ဒီစနစ်က အရမ်းကျွမ်းကျင်တယ်ဆိုတာ သေချာသလောက်တော့ရှိနေပါပြီ!