ဖျံကျနည်း ၁၀၁
Vol. 10 Ch. 136
ထိုနေရာတွင် ဖြစ်ပွားနေခဲ့သော တိုက်ပွဲမှ ရိုက်ခတ်မှုများသည် သဘာဝကျကျပင် အခြားအဖိုးတန်ဆေးပင်များ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့လေသည်။
ထိုဆေးပင်ပေါက်လေးများမှာ ၎င်းတို့၏ အင်အားအကြီးများဆုံးသော ပုဆိန်ဂိုဏ်းချုပ်ကြီး ထိုလူသားကျင့်ကြံသူ၏ လက်ချက်ဖြင့် အလဲလဲအကွဲကွဲရှုံးနိမ့်သွားသည်ကို မြင်လိုက်ရသောအခါ အလွန်ကြောက်လန့်သွားရပြီး မတည်မငြိမ် ရှုပ်ယှက်ခတ်နေသော စိတ်အသံလှိုင်းများဖြင့် အချင်းချင်း အလုအယက် ဆက်သွယ်ပြောဆိုကုန်ကြ၏။
"မဖြစ်နိုင်တာ! လူသားတွေက ဘယ်လိုလုပ် ဒီလောက်သန်မာနေရတာလဲ!"
"ဒီလောက် နှစ်ပေါင်းများစွာကြာမှ ဒီလို အခြေအနေမျိုး ပထမဆုံး ကြုံဖူးတာပဲ!"
"ဝူးဝူး၊ ဆေးဘုရင်တောင်ကြားတော့ အကြီးအကျယ်ဒုက္ခရောက်တော့မယ် ထင်ပါတယ်?"
"ငါတို့ဆရာသခင်ကတော့ အမြဲတမ်းအတော်ဆုံးဖြစ်နေတာပဲ! ကျင့်ကြံဆင့်က ငါတို့နဲ့အတူတူနှိမ့်ချခံထားရတာကို အင်အားကတော့ လက်လှမ်းမမီနိုင်အောင် မြင့်မားနေတုန်းပဲ!" လီဝူကျယ်သည် လေးစားစွာဖြင့် ချီးကျူးလာသည်။
ဟုန်ချန်ယဲ့ကတော့ မလှုပ်မယှက်တောင့်ခဲသွားရကာ အကြီးအကျယ် စိတ်ထိခိုက်သွားရပြန်လေသည်။
ထိုအဆင့်မြင့် ဆေးဘုရင်၏ အင်အားသည် မည်မျှအားကောင်းကြောင်း သူအပြည့်အဝ ခံစားနိုင်သည်။ လက်ရှိအခြေအနေတွင် သူသာတစ်ယောက်ချင်း သွားယှဥ်ကြည့်ပါက ကျိန်းသေပေါက် ရှုံးနိမ့်ရပေမည်။
သို့သော် ထိုလူကတော့ မည်မည်ရရပင် အားစိုက်စရာမလိုလိုက်ဘဲ လက်ကလေးတစ်ချက်ယမ်းလိုက်ရုံမျှဖြင့် အနိုင်ယူပြသွားလေသည်။
နှစ်ဦးကြားမှ ကွာဟချက်ကား ထိုမျှအထိကြီးမား၏!
သူတို့အားလုံး ချီစုဆောင်းခြင်းအဆင့် ကိုးဆင့်တွင် ရှိနေသော်ငြား အဘယ့်ကြောင့် သူတစ်ယောက်တည်းကွက်၍ ထူးချွန်ထက်မြက်နေရပြန်သနည်း?!
ဘာကြောင့်လဲ?! သောက်ရေးမပါတာ ငိုးတဲ့မ
ဟုန်ချန်ယဲ့ စိတ်ထဲမှ မခံနိုင်စွာ အော်ဟစ်လိုက်သည်။
အဆိုးဆုံးအရာမှာ တောင်ကြားသို့ ဝင်ရောက်လာခါစက ထိုသူကို တစ်စုံတစ်ခုကြံစည်ဖို့ သူစဥ်းစားမိခဲ့ခြင်းပင်။ ကံကောင်းလွန်း၍ သူ့စိတ်ကိုသူ အချိန်မီပြန်လည်ဖိချနိုင်ခဲ့သောကြောင့်သာ၊ မဟုတ်လျှင် ဤရွှေဂျင်ဆင်း၏နေရာတွင် သူဖြစ်လျှင် ဖြစ်နေနိုင်သည်။
"လူသားကောင်တွေ... မင်းတို့ကို ငါ မုန်းတယ်..." သေလုမျောပါးဖြစ်နေသော ရွှေဂျင်ဆင်းသည် အံကြိတ်သံဖြင့် နောက်ဆုံးစကားများအား ချန်ရစ်သွားခဲ့၏။
ထို့နောက် မည်သည့် လှုပ်ရှားမှုမှ ရှိမလာတော့ပေ။
"ပြေးကြ!"
ကျန်ရှိသော ဆေးပင်ပေါက်လေးများမှာ ဆက်လက်တိုက်ခိုက်လိုစိတ် လုံးဝပျောက်ဆုံးသွားပြီး တစ်ဦးပြီးတစ်ဦး ထိတ်လန့်တကြား ထွက်ပြေးကုန်ကြတော့သည်။
သို့တိုင် မြေပြင်ပေါ်တွင် တောက်ပသော အဖိုးတန်ဆေးပင်များစွာ လဲလျောင်းကျန်ရစ်ခဲ့လျက်။
လီဝူကျယ်၏ ပါးစပ်ကြီးကတော့ နားရွက်တက်ချိတ်တော့မတတ် ကွေးညွှတ်လို့နေ၏။ ဒီတစ်ခေါက်တော့ ရွှေထုပ်ကြီးကြီး ပိုက်မိလေပြီ!
"သခင်လေးယဲ့က တကယ်ကို အံ့သြစရာကောင်းတာပဲ၊ သူသာ ဒီအတိုင်းဆက်တိုးတက်မယ်ဆိုရင် အနာဂတ်မှာ ဆံဖြူနတ်ဆိုးကောင်ယဲ့ကျွင်းလင်ကို သေချာပေါက် အနိုင်ယူနိုင်လိမ့်မယ်! လူတွေအတွက် ဘေးအန္တရာယ်တွေကို ဖယ်ရှားပေးမယ့် သူရဲကောင်းပဲ!" အန်းမြောင်ယိသည် လက်သီးလေးကို ပန်းရောင်သမ်းလာသည်အထိ တင်းတင်းဆုပ်ကာ ယဲ့ကျွင်းလင်အား လေးစားစွာမျှော်ကြည့်မိနေသည်။
ဘေးတွင်ရှိသော ဖန်းသယ်ကျန့်သည် တောင့်ခနဲဖြစ်သွားပြီး နှုတ်ခမ်းများ တလှုပ်လှုပ်ဖြင့် တစ်ခုခု ထုတ်ပြောချင်သော်လည်း နောက်ဆုံးတွင် တိတ်တဆိတ်သာ ပြန်လည်မျိုချလိုက်သည်။
ဒီလို ဉာဏ်ရည်မျိုးနဲ့ဆိုရင် နောက်တော့ ဓားဆင့်ခေါ်ဂိုဏ်းကနေ ခေါ်ထုတ်လာလို့မဖြစ်တော့ဘူး! ရောင်းစားခံရမှာ သေချာပေါက်ပဲ
ယဲ့ကျွင်းလင်သည် တပည့်များအား အမြတ်အစွန်းများကို ရေတွက်သိမ်းဆည်းခိုင်းတော့မည်ပြုစဥ် အဝေးမှ လေကိုခွင်း၍ချီတက်လာသော ခပ်အုပ်အုပ်ခြေသံလူသံများစွာ ကြားလိုက်ရ၏။
"အားလုံးပဲ လာကြည့်ကြစမ်း၊ ဒီဘက်မှာ အဖိုးတန်ဆေးပင်တွေ အများကြီးပဲ!"
"ဘုရားရေ၊ ဒါတွေအားလုံးကို ဘယ်သူ အနိုင်ယူခဲ့တာလဲ? ဆေးဘုရင်တောင်ကြားမှာ ဆရာတော်ရမ်သမ်အပြင် ဒီလောက်အားကြီးတဲ့ တခြား အကြီးအကဲတွေ ရှိနေသေးတာလား?"
"ရှေ့မှာ အုပ်စုတစ်စုရှိတယ်မလား! သူတို့လုပ်တာနဲ့ တူတယ်!"
အပြန်အလှန်ဆွေးနွေးမှုများ ပေါ်ပေါက်လာသည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ထိုနေရာသို့ ပြိုင်တူရောက်ရှိလာပြီး မြေပြင်အနှံ့ရှိ ရောင်စုံအဖိုးတန်ဆေးပင်များကို ကြည့်ကာ လောဘစိတ်များ တဖွားဖွားတက်လာသော်ငြား အသိပြန်ဝင်ပြီးနောက်တွင် အံ့သြလေးစားစိတ်များပါ တစ်ပါတည်းကပ်လိုက်လာကြသည်။
ဆေးဘုရင်တောင်ကြား၏ အဖိုးတန်ဆေးပင်များ မည်မျှ တိုက်ရည်ခိုက်ရည်ကောင်းကြောင်း သူတို့သိထားသောကြောင့် အဖိုးတန်ဆေးပင်များစွာကို တစ်ပြိုင်နက်တည်း အနိုင်ယူနိုင်သူသည် အလွန်ထူးကဲသော စွမ်းအားရှင်တစ်ပါးသာ ဖြစ်ရမည်ပင်။ သူတို့လက်လွတ်စပယ် လှုပ်ရှားရဲခြင်း မရှိကြပါပေ။
"ဆရာတော်၊ ဒီမှာ ကြည့်ပါဦး..." လေပေါ်ကျောင်းတော်မှ ရဟန်းများက မရဲတရဲတင်လျှောက်လိုက်ကြသည်။
ဆရာတော်ရမ်သမ်၏ အကြည့်သည် မြေပြင်အနှံ့ရှိ အဖိုးတန်ဆေးပင်များကို လှည့်ပတ်ကြည့်ရှုပြီးနောက် တစ်စုံတစ်ခုကို သတိပြုမိသွားကာ ၎င်း၏ မျက်လုံးများသည် ရွှေဂျင်ဆင်းအပေါ်တွင် စူးစိုက်ဦးတည်သွားပြီး ပါးစပ်မှ အာမေဋိတ်သံ ထွက်လာသည်။ "ဒါက အဆင့်မြင့် ဆေးဘုရင်ပဲ!"
လူအုပ်ကြီး ဝုန်းခနဲ ဆူညံပေါက်ကွဲသွားသည်။
ဆေးဘုရင်ဆိုသည်မှာ မည်မျှ ရှားပါးလှကြောင်း သူတို့ကောင်းကောင်း နားလည်ထားကြသည်ပင်။
ဘေးဒုက္ခကျော်လွှားခြင်းအဆင့် ကျင့်ကြံသူသည်ပင် မနာလိုအားကျရမည့် အရင်းအမြစ်ရတနာတစ်ပါးဖြစ်၏။
သို့သော် ယခုတော့ အဆင့်မြင့်ဆေးဘုရင်တစ်ပါးက သူတို့ရှေ့မှောက်တွင် လှဲလျောင်းတည်ရှိနေသည်။ အကယ်၍ ၎င်းကိုသာ အပြင်လောကသို့ထုတ်လိုက်မိပါက အရှေ့ပိုင်းစီရင်စုတွင် ဂူအောင်းပုန်းကွယ်နေသော နတ်ဆိုးအိုကြီးများ အပြိုင်အဆိုင်ပြေးထွက်လာပြီး လုယက်ကုန်ကြမည်ထင့်။
ဝှစ်၊ လေပေါ်ကျောင်းတော်မှ အကြီးအကဲတစ်ဦး ဖျတ်ခနဲလှုပ်ရှားသွားပြီး ရွှေဂျင်ဆင်းကို သူ၏ သိုလှောင်အိတ်ထဲ ထည့်ရန် ပြင်လိုက်သည်။
ရလဒ်အနေဖြင့် ထက်ရှသောဓားရောင်တစ်ချက် ဖျတ်ခနဲလက်သွားပြီး အကြီးအကဲမှာ ဓားဒဏ်ရာကြောင့် သွေးစိမ်းရှင်ရှင်ပန်းထွက်ကာ ရက်စက်စွာ ကန်ထုတ်ခံလိုက်ရသည်။
"ကိုယ့်ပစ္စည်းမဟုတ်ဘဲ အတင့်ရဲပြီးယူရသလား? ထွက်သွားစမ်း!!" လီဝူကျယ်က ပြင်းထန်စွာ ဆူပူကြိမ်းမောင်းလိုက်သည်။
"အကြီးအကဲ ဟွေထုံ!" မထင်မှတ်ထားစွာဖြင့် တစ်စုံတစ်ဦးက သူတို့၏အကြီးအကဲကို ပေါ်တင်တိုက်ခိုက်လိုက်သော်ကြောင့် လေပေါ်ကျောင်းတော်အဖွဲ့မှ အာမေဋိတ်သံများ ထွက်ကျလာကြသည်။
ဆရာတော်ရမ်သပ်သည် အကြီးအကဲ၏ ဒဏ်ရာများကို စစ်ဆေးကြည့်ရှုလိုက်ပြီးနောက် သူ၏ ညို့မှိုင်းသော မျက်လုံးများထဲမှ အေးစက်စက်အလင်းတန်းများ ထွက်ပေါ်လာကာ လေထု၏ အပူချိန်သည် ရုတ်တရက် အနည်းငယ် ကျဆင်းသွားသည်။
ဆရာတော်ရမ်သမ်သည် လက်အုပ်ချီလျက် မျက်နှာညိုညိုဖြင့် လှည့်ကြည့်လိုက်သည်။ "အော်မီထော်ဖော၊ ဒီဒကာက ဘုန်းကြီးတို့ လေပေါ်ကျောင်းတော်ရဲ့ အကြီးအကဲတစ်ပါးကို ဒဏ်ရာရအောင်လုပ်လိုက်မှန်း သိရောသိပါရဲ့လား?"
သူသည် လေပေါ်ကျောင်းတော်ဟူသော စကားလုံးလေးလုံးကို တမင်တကာဖိပြောလိုက်ခြင်းပင်!