← Chapters

အားပြိုင်မှု

Vol. 10 Ch. 137

အားပြိုင်မှု

Vol. 10 Ch. 137

လီဝူကျယ်က မျက်စိကိုမှေးကျဥ်းလျက် ပြန်ကြည့်ကာ ပြောလိုက်သည်။ "သိတော့ရော ဘာဖြစ်လဲ? မင်းတို့ မြည်းကတုံးတွေကို ငါက မျက်နှာသာပေးလိမ့်မယ်လို့များ? ကတုံးဖြစ်နေလို့ ဖွဖွလေးထိုးပေးရဦးမှာလား?"

သူ့နောက်မှာ ဘာကျောထောက်နောက်ခံမှမရှိခဲ့တဲ့ တစ်ကိုယ်တော်ဓားသမားဘဝကတည်းက မကျေနပ်ရင် ဓားနဲ့ထခုတ်တတ်တဲ့လူမျိုး။ ခုနက မြည်းကတုံးရဲ့ ခေါင်းကို တည့်မခုတ်ခဲ့တာတောင် လက်တော်တော်ထိန်းခဲ့တာပဲ!

"ခွေးမသား!"

"မိုက်ရိုင်းတဲ့ကောင်!"

"အကောင်းအဆိုးနားမလည်တဲ့ တိရိစ္ဆာန်ကောင်!"

လေပေါ်ကျောင်းတော်အဖွဲ့သည် ဒေါသတကြီး ပြစ်တင်ရှုတ်ချဆဲဆိုလာကြတော့၏။

ဆရာတော်ရမ်သမ်သည် မျက်လုံးမှေးကျဥ်းကာ သတ်ဖြတ်ချင်စိတ်များက ဒီရေလိုထိုးတက်လာပြီး အေးစက်စွာဖြင့် ဆိုလိုက်သည်။ "ဒကာ၊ ဒါ အရမ်းလွန်သွားပြီ"

လီဝူကျယ်သည် သူ့လက်ထဲရှိ မီးဖိုချောင်သုံးဓားကို တစ်ချက်လှည့်လိုက်ကာ သူ့ကို အပေါ်အောက်စုန်ချည်ဆန်ချည်ကြည့်လိုက်ပြီး ရွှတ်နောက်နောက်ဖြင့်ပြောသည်။ "မြည်းကတုံးအိုကြီး၊ မင်းကြည့်ရတာ မျက်နှာမကောင်းဘူးနော်။ လက်ရည်ချင်း ယှဥ်ချင်တာလား?"

ဆရာတော်ရမ်သမ်က ဘာမှပြန်မပြောလာဘဲ သူ့နောက်မှ တပည့်တစ်ဦးမှ သည်းမခံနိုင်တော့သလိုထရပ်ကာ အော်ဟစ်လာသည်။ "ဦးနှောက်မရှိတဲ့ကောင်! မင်း ဘယ်သူ့ကိုလာပြီး စော်ကားမော်ကားလုပ်နေတာလဲ? ငါတို့ဆရာတော်က ဘေးဒုက္ခကျော်လွှားခြင်းအဆင့်က စွမ်းအားရှင်ဆိုတာ မင်းသိရဲ့လား! သူ့ကို စော်ကားပြီးရင် ဖြစ်လာမယ့်အကျိုးဆက်တွေကို မင်း စဉ်းစားထားမိလား!"

ဤစကားများ ထွက်လာသည်နှင့်တပြိုင်နက် နေရာအနှံ့မှ အံ့သြတကြီး အာမေဋိတ်သံများ ထွက်ကျလာကြသည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ဆရာတော်ရမ်သမ်ကို လေးစားရိုကျိုးသောသော မျက်လုံးများဖြင့် ဖူးမြော်ကြကုန်၏။ ထိုဆရာတော်၏ အပြင်လောကမှ ကျင့်ကြံဆင့်အစစ်အမှန်သည် လွန်စွာမြင့်မားမည်မှန်း သူတို့ခန့်မှန်းထားမိသော်ငြား မသေမျိုးအရိပ်စစ်စစ်တစ်ပါးဖြစ်နေလိမ့်မည်ဟုတော့ တစ်ခါမှမတွေးမိခဲ့ပေ!

သူရဲကောင်းများ စုဝေးရာ၊ မြင့်မြတ်သော အဆင့်အတန်းလူကြီးမင်းများ ပြည့်နှက်နေသော ဆေးဘုရင်တောင်ကြားသည်ပင်လျှင် ဘေးဒုက္ခကျော်လွှားခြင်းအဆင့် စွမ်းအားရှင်တစ်ဦး၏ရှေ့တွင် ပုရွက်ဆိတ်တမျှ သေးငယ်ကျုံ့ဝင်သွားရသလိုပင်။

အရှေ့ပိုင်းစီရင်စုတစ်ခုလုံးတွင် ဘေးဒုက္ခကျော်လွှားခြင်းအဆင့်ဆိုသည်မှာ အထွဋ်အထိပ်စွမ်းအားရှင်အဆင့်ဖြစ်ပြီး မိမိအိမ်ခေါင်မိုးပေါ် လမ်းတက်လျှောက်သွားလျှင်တောင်မှ မည်သူမျှ တစ်ချက်အထွန့်မတက်ရဲသည့် အရှိန်အဝါမျိုးပိုင်ဆိုင်ပေသည်။

မသေမျိုးပြီးလျှင် ဒုတိယအင်အားအကြီးဆုံးဖြစ်သော ကျင့်ကြံဆင့်မဟုတ်ပေလော။

သူတို့အားလုံး၏ ကျင့်ကြံဆင့်သည် ဆေးဘုရင်တောင်ကြားတွင် တစ်တန်းတည်းတူညီနေပါသော်ငြား အပြင်လောကသို့ ပြန်လည်ပို့ဆောင်ခံရသည့်အချိန်တွင် ပုခုံးဖက်စည်းလုံးခဲ့ကြသော ရောင်းရင်းတို့သည် နဂါးဖြစ်စေ၊ ပိုးကောင်ဖြစ်စေ၊ ၎င်းတို့၏ သက်ဆိုင်ရာနေရာများသို့ ပြန်သွားကြရပေလိမ့်မည်။

ထို့ကြောင့် ဆရာတော်ရမ်သမ်၏ ကျင့်ကြံဆင့်အစစ်အမှန်ကို သိလိုက်ရသောအခါ အနောက်မှလိုက်ပါလာကြသော ကျင့်ကြံသူတို့သည် ကြောက်ရွံ့တုန်လှုပ်မှုကြောင့် အသက်ကိုပင် ကျယ်ကျယ်လောင်လောင် မရှူဝံ့ကြပေ။

"ဘေးဒုက္ခကျော်လွှားခြင်းအဆင့်?"

လီဝူကျယ် ခေတ္တအံ့အားသင့်သွားပြီးနောက် ခပ်ထေ့ထေ့ပြုံးကာ တုံ့ပြန်လိုက်သည်။ "အဲ့တော့ဘာဖြစ်လဲ? ဒီတောင်ကြားမှာမပြောနဲ့ အပြင်မှာတွေ့ရင်တောင် မင်းငါ့ဓားချက်ကို ရှောင်နိုင်မှာမဟုတ်ပါဘူး!"

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

လူတိုင်း၏ မျက်နှာများတွင် မယုံကြည်နိုင်ခြင်းများ ပြည့်နှက်နေသည်။ ဒီကောင်လေး စိတ်လွတ်နေတာလား?

ဆရာတော်ရမ်သမ်၏ မျက်လုံးများတွင်လည်း အံ့အားသင့်ဟန် အနည်းငယ် ပေါ်လာသည်။

မသေမျိုးအရိပ်ဟူသော ဘွဲ့နာမတော်ကို ကြားသိပြီးချိန်တွင်ပင် တစ်ဖက်မှ ဤသို့ဆက်လက်ရဲတင်းနေသည်ကိုထောက်လျှင် သာမန်လူတော့ မဟုတ်နိုင်ပေ။

ဤသို့အတွေးဝင်လာသောကြောင့် ဆရာတော်ရမ်သမ်သည် စမ်းသပ်သလို မေးလိုက်မိ၏။ "ဒီဒကာကြီးရဲ့ နာမည်ကို မေးလို့ရမလား?"

လီဝူကျယ်သည် ဝင့်ကြွားစွာပြုံးလျက် ပြန်ဖြေသည်။ "သေချာနားထောင်ထား၊ မင်းဘိုး‌‌ဘေးရဲ့နာမည်က လီထျဲတန်!"

လီထျဲတန်?

အားလုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။ ဘေးဒုက္ခကျော်လွှားခြင်းအဆင့်ကိုပင် စိန်ခေါ်ရဲသော ထိုအံ့ဖွယ်သတ္တိခဲကြီး၏အမည်ကို ၎င်းတို့ တစ်ခါသော်မျှ မကြားဖူးကြပေ!

အနောက်မှတပည့်များ အူကြောင်ကြောင်ဖြင့် ခေါင်းခါပြသည်ကို မြင်သောအခါ ဆရာတော်ရမ်သမ်သည် ထိုသူမှာ သေခြင်းတရားနှင့် နီးကပ်နေသည်ကို မသိနားမလည်သော လူမိုက်တစ်ဦးသာဖြစ်ကြောင်း သေချာသွားပြီး သူ၏ အိုမင်းရှုံ့တွသော မျက်နှာကြီးသည် ချက်ချင်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် ညိုမည်းသွားသည်။

"ဒကာ၊ မင်းရဲ့ ရန်လိုစိတ်က အရမ်းပြင်းထန်လွန်းနေတယ်၊ ဒီအိုမင်းတဲ့ ရဟန်းတော်က ကယ်တင်ပေးပါရစေ!"

ပြောရင်းဆိုရင်းပင် မျက်ခုံးဖြူရဟန်းအိုကြီးသည် နေရာမှ လျှပ်တပြက်အတွင်း ပျောက်ကွယ်သွားပြီး လက်များကို ပဒုမ္မာကြာပွင့်သဏ္ဍာန် သင်္ကေတတစ်ခုပုံဖော်လိုက်ပြီး အမြောက်ဆံကဲ့သို့ ပစ်လွှတ်လိုက်သည်။

ဤတိုက်ကွက်သည် လွန်စွာအားကောင်းပြီး လေးလံသိပ်သည်းကာ ကြောက်မက်ဖွယ်စွမ်းအင်တို့ဖြင့် အလွန်အမင်းဖြည့်တင်းထားသည်။ သာမန် အခြေတည်ထောင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသာ ထိမှန်လိုက်ပါက မသေလျှင်တောင် သေချာပေါက် ဒုက္ခိတဘဝကိုတော့ ရောက်ရပေလိမ့်မည်။

"ကျွမ်းသားပဲ!" လီဝူကျယ် စိတ်လှုပ်ရှားလာသည်။ ဘေးဒုက္ခကျော်လွှားခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးနှင့် ထိပ်တိုက်တွေ့ဖို့ဆိုသည်မှာ ရှားပါးသော အခွင့်အရေးတစ်ခုပင်မဟုတ်လော။

ဆစ်ဆစ်~

ဓားသွားမှ တဆစ်ဆစ်ထွက်ပေါ်လာသော အလင်းတန်းတို့သည် ယင်နှင့် ယန်ကို ပိုင်းခြားကာ ဖြန့်ကျက်လာသော စွမ်းအင်သည် အရပ်လေးမျက်နှာသို့ လှုပ်ခတ်သွားစေ၏။

ဆရာတော်ရမ်သမ်၏ တပည့်ရဟန်းအုပ်စုမှာ ဖိအားကြီးတစ်ခုကို ခံစားလိုက်ရသကဲ့သို့ အနည်းငယ်ကျုံ့ဝင်သွားကြရသည်။

ဘုန်း!

လေထုအတွင်း ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။

ဆရာတော်ရမ်သမ်မှာ ခြေလှမ်းနှစ်လှမ်းခန့် နောက်ဆုတ်သွားရပြီး မျက်နှာသိပ်မကောင်းလှတော့ချေ။

ဤမျှနှင့် မပြီးသေးပါ။ နေ့အလင်းရောင်ကဲ့သို့ တောက်ပလင်းချင်းသော ဓားအလင်းတစ်ပြက်က လှစ်ခနဲဖြတ်သန်းသွားပြီး ဓားသွားတွင်ပူးတွဲပါဝင်သော ဓားသမား၏ စိတ်ဓာတ်ပြင်းပြမှုသည်ကား တုယှဥ်နိုင်စွမ်းမရှိလောက်အောင် အင်အားကြီးမားလှ၏။ နက်နဲ၍ ရင်ဆိုင်ရန်ခက်ခဲသော လျှို့ဝှက်ဆန်းကြယ်မှုများ ပါဝင်နေ၏။

ဆရာတော်ရမ်သမ်သည် ပေါ့ပြက်ပြက်မနေရဲတော့ဘဲ ညာဘက်လက်ကို ဝှေ့ယမ်းကာ ရိုက်ထုတ်လိုက်ရသည်။ ရိုက်ထုတ်လိုက်သော လက်ဝါးထက်တွင် ရွှေရောင်သင်္ကေတလက္ခဏာတစ်ခု ပါဝင်ပြီး မြင့်မြတ်စင်ကြယ်မှုအရောင်အဝါတို့ကို ထုတ်လွှတ်လျက်ရှိ၏။

နှစ်ဖက်စလုံးသည် ပြင်းထန်စွာ အကြိတ်အနယ် တိုက်ခိုက်ကြပြီး အနိုင်အရှုံးမပေါ်ဘဲ လက်ရည်ချင်းညီလျက်ရှိသောကြောင့် ပွဲကြည့်ကျင့်ကြံသူအပေါင်း လွန်စွာအံ့အားသင့်ရလျက် ရှိတော့သည်။

ဤလီထျဲတန်ဆိုသော ဘယ်ချောင်ကထွက်လာမှန်းမသိရသည့် ဓားသမားမှာ ဆရာတော်ရမ်သမ်ကို တိုက်ရိုက် ရင်ဆိုင်နိုင်စွမ်းရှိသည်အထိ အားကောင်းနေလိမ့်မည်ဟုဟု ၎င်းတို့ ထင်မထားခဲ့ကြပေ။

"မိုက်တယ်၊ မိုက်တယ်!" လီဝူကျယ်၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုဖြင့် တောက်ပလှုပ်ခတ်နေပြီး သူ၏ လက်ထဲရှိ မီးဖိုချောင်သုံးဓားသည် မုန်တိုင်းတစ်ခုကဲ့သို့ ကြမ်းတမ်းရမ်းကားစွာဖြင့် ဝှေ့ယမ်းလို့နေရာ မည်သည့် စည်းမျဉ်းစည်းကမ်းမှ မရှိသလို ထင်ရသော်လည်း အမှန်တကယ်တွင် ကြမ်းတမ်းသည့်ဓားချက်များအောက်၌ ပုန်းကွယ်နစ်မြုပ်နေသော အနုစိတ်သေသပ်မှုတို့ ပါဝင်လျက်ရှိ၏။

All Chapters