← Chapters

လက်သီးတစ်ချက်နဲ့ပွဲအသိမ်း

Vol. 10 Ch. 138

လက်သီးတစ်ချက်နဲ့ပွဲအသိမ်း

Vol. 10 Ch. 138

ဆရာတော်ရမ်သမ် တဖြည်းဖြည်း စိတ်တိုလာသည်။ သူ့လို အဆင့်မြင့်စွမ်းအားရှင်တစ်ပါးက အငယ်တန်းဓားသမားတစ်ဦးကို အနိုင်မယူနိုင်ခြင်းကား မျက်နှာပျက်ဖွယ်ပင်။

ကံကောင်းထောက်မစွာဖြင့် ဆရာတော်ရမ်သမ်သည် သူ၏ တိုက်ခိုက်ရေးပုံစံကို ပြောင်းလဲလိုက်ပြီး လက်တစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ကပ်မြှောက်လိုက်ရာ ဗုဒ္ဓဘုရားတစ်ဆူပွင့်သကဲ့သို့ ရောင်ဝါများ ဖြာထွက်လာတော့သည်။ သူ၏ ခန္ဓာကိုယ်မှ မရေမတွက်နိုင်သော ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာကာ ရွှေအစစ်ဖြင့် အတိပြီးထားသော ခန္ဓာရုပ်တစ်ခုကဲ့သို့ အပြစ်အနာအဆာကင်းစင်စွာ စင်ကြယ်မြင့်မြတ်လျက်ရှိလေသည်။

ချွမ် ချွမ် ချွမ်~!

သတ္တုချင်းထိခတ်သံများ တရစပ် ထွက်ပေါ်လာပြီး လူတိုင်း၏ နားစည်ကို နာကျင်လာစေသည်။

"ဟင်?" လီဝူကျယ်သည် မည်မျှပင် ကြိုးစားအားထုတ်စေကာမူ တစ်ဖက်သား၏ အသားကို ထိအောင်မခုတ်နိုင်ကြောင်း တွေ့ရှိရသောအခါ လန့်ဖျပ်သွားရသည်။

သူ ဝှေ့ယမ်းလိုက်သော ဓားချက်တိုင်းသည်ကား ထိုရွှေရောင်အလင်းတန်း၏ အလွှာဖြင့် ပိတ်ဆို့ခံလိုက်ရသောကြောင့်ပင်။

ဆရာတော်ရမ်သမ်သည် ကျေနပ်အားရနေသော မျက်နှာဖြင့် ဆိုသည်။ "ဒကာတော်၊ အသုံးမဝင်တဲ့ လုပ်ရပ်တွေကို တော်သင့်ပါပြီ။ မင်း သုံးရက်သုံးညတိုင်တိုင် ခုတ်ထစ်နေရင်တောင် ဒီရဟန်းအိုကြီးက ဆံချည်တစ်မျှင်စာမှ ထိခိုက်မှာမဟုတ်ဘူး!"

လီဝူကျယ်က ဘာမှပြန်ပြောမနေဘဲ တံတွေးတစ်ချက် ဟပ်ထုတ်လျက် ဒေါသတကြီး ထွေးချလိုက်သည်- "ဟေ့ ~ ထွီ!"

"မင်း မိုက်ရိုင်းတဲ့ကောင်!!" ဆရာတော်ရမ်သမ်သည် ရွံရှာစိတ်ဖြင့် ဒေါသအမျက် ချောင်းချောင်းထွက်ကာ အားကုန်ထုတ်၍ လက်သီးတစ်ချက်ထိုးထုတ်လိုက်သော် လေအဟုန်သည်ပင် ပြင်းလွန်းသောကြောင့် သစ်ပင်များအား တစ်ဖက်သို့ယိုင်လဲသွားစေသည်။

မဖျက်ဆီးနိုင်သော ဝိဇ္ဇာခန္ဓာဖြင့် သူ ဘယ်နည်းနှင့်မျှ မရှုံးနိုင်။

ဒါပေမယ့် မရှုံးနိုင်ဘူးဆိုတဲ့အထိပါပဲ!

သူသည် လီဝူကျယ်ကို အနိုင်ယူနိုင်သလို လီဝူကျယ်သည်လည်း သူ့ကို မထိခိုက်စေနိုင်သောကြောင့် နှစ်ဖက်စလုံး သုံးရက်သုံးညတိုင်တိုင် တိုက်ခိုက်နေလျှင်ပင် အနိုင်အရှုံးရလဒ် ထွက်လာမည်မဟုတ်ပေ။

လူတိုင်းသည် အစပိုင်းတွင် အကြောက်ကြောက်အလန့်လန့်ဖြင့် စောင့်ကြည့်နေကြသော်ငြား ဘာမှထူးခြားမလာသဖြင့် နောက်ပိုင်းတွင် ငြီးငွေ့လာပြီး အချို့မှာ တဝါးဝါးပင်သမ်းလာကြတော့၏။

ဘန်း!

လေးလံသော ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြန်သည်။

နှစ်ဖက်စလုံး တိတ်တဆိတ် ခွာထွက်သွားကြ၏။

လီဝူကျယ်သည် အေးစက်စက်နှင့် နှာတစ်ချက်မှုတ်လိုက်သည်။ "မြည်းကတုံးအိုကြီး၊ မင်းကနှေးချက် လိပ်ကျနေတာပဲ"

ဆရာတော်ရမ်သမ်သည်လည်း အလွန်စိတ်ကသိကအောက်ဖြစ်နေရသော်ငြား သူ၏ ဂုဏ်သိက္ခာကြောင့် ပြန်မကျိန်ဆဲနိုင်သဖြင့် နားမလည်ပါးမလည်ဟန်ဖြင့်သာ လက်အုပ်ချီကာ ပေါ့ပေါ့ပါးပါးတုံ့ပြန်လိုက်သည်။ "ဒကာတော်၊ ဘာလို့ ဒီလောက်အပင်ပန်းခံနေတာလဲ? ငါတို့ကဒီမှာ တစ်သက်လုံးနေကြမှာမှမဟုတ်တာ"

သူ၏ လေသံတွင် လျှို့ဝှက်သော ခြိမ်းခြောက်မှု အဓိပ္ပါယ်တစ်ခု ပါဝင်နေသည်။

ကျင့်ကြံဆင့်နှိမ့်ချခံထားရတဲ့နေရာမှာ မသေမျိုးအရိပ်နဲ့လက်ရည်ချင်းယှဥ်နေရတော့ မင်းကိုယ်မင်း အရမ်းခမ်းနားကြီးကျယ်နေပြီ ထင်နေမှာပေါ့?

မင်း ဒီမှာ တစ်သက်လုံး နေရဲရင်နေလိုက်ပေါ့၊ ဒါမှမဟုတ် အပြင်ထွက်လာရင်တော့ သေဖို့သာပြင်ထားလိုက်ပေတော့။

လီဝူကျယ်သည် ပါးစပ်ဖွင့်ကာ ရန်ပြန်စွာရန် ပြင်နေစဉ် ရုတ်တရက် နားထဲတွင် အသံတစ်ခု ကြားလိုက်ရသောကြောင့် ရိုရိုသေသေ ပါးစပ်ပိတ်ကာ ယဲ့ကျွင်းလင်ဘေးသို့ ဆုတ်ခွာသွားသည်။

ယဲ့ကျွင်းလင်သည် လက်ဖျောက်တစ်ချက်တီးလိုက်ကာ ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောလာသည်။ "ဒီဆေးဘုရင်ကို ငါ သိမ်းလိုက်ပြီ။ မင်းတို့ လေပေါ်ကျောင်းတော်က လူတွေက သူများပစ္စည်းကို မတရားလုယူဖို့ ‌ရောက်လာကြတာလေ၊ မိုက်ရိုင်းလွန်းလို အရိုက်ခံရတာ ထိုက်တန်ပါတယ်"

ဆရာတော်ရမ်သမ်သည် မျက်လုံးကိုကျဥ်းမြောင်းကာ တုံ့ပြန်သည်။ "ဒီမှာ ဒကာ၊ မင်းတို့ဘက်က စပြီးရန်ပြုလိုက်တဲ့အချိန်မှာ ဒီပစ္စည်းက နှစ်ဖက်လုံးနဲ့သက်ဆိုင်သွားပြီ၊ နောက်ပြီး မြေပြင်ပေါ်မှာ ကျနေတဲ့ပစ္စည်းတစ်ခုကို မင်းပိုင်ပါတယ်လို့ပြောဖို့ သက်သေရှိသလား? ဘုန်းကြီးကတော့ မင်းလက်ထဲမှာရှိနေမှ မင်းပိုင်တာလို့ယုံကြည်နိုင်မယ်!"

ထို့နောက် မျက်ခုံးဖြူရဟန်းအိုကြီးသည် ခြေတစ်လှမ်းပြီးတစ်လှမ်း လျှောက်လာပြီး ဝိဇ္ဇာခန္ဓာမှာ ရွှေအဆင်းရှိ ဗုဒ္ဓအရောင်အဝါသည် တောက်ပစွာ ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ် တစ်ပတ်လည်တွင် သင်္ကေတစာလုံးသေးသေးလေးများ များစွာဝန်းရံခြုံလွှမ်းလာပြီး နေရာအနှံ့မှ တရားဓမ္မရွတ်ဖတ်သံများ ထွက်ပေါ်လာသည်။

သူ၏ ဦးတည်ရာသည်ကား မြေပြင်ပေါ်လှဲလျောင်းနေသော အဆင့်မြင့်ဆေးဘုရင်ဆီသို့ ဖြစ်၏!

သူသည် အားကောင်းသော ခုခံကာကွယ်မှုကို အားကိုးကာ ယဲ့ကျွင်းလင်နှင့် အခြားသူများကို မျက်နှာပြောင်ပြောင်ပင် လျစ်လျူရှုပြီး ပစ္စည်းအား အတင်းအကျပ် သိမ်းယူတော့မည်ဖြစ်သည်။

"မြည်းကတုံးအိုကြီး၊ မင်းက ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ!" ဟုန်ချန်ယဲ့၏ မျက်လုံးများတွင် ဒေါသမီးတောက်များ တောက်လောင်လာသည်။ သူသည် အောက်လမ်းကျင့်ကြံသူဖြစ်သောကြောင့် လမ်းမှန်ကျင့်ကြံသူ ထိုဘုန်းတော်ကြီးများကို အမြဲစေမုန်းတီးခဲ့သူဖြစ်ပြီး ဆရာတော်ရမ်သမ်၏ မျက်နှာပြောင်ပုံကြောင့် သည်းမခံနိုင်စွာ စတင်လှုပ်ရှားဖို့ပြင်ဆင်လိုက်သည်။

ဆရာတော်ရမ်သမ်သည် ခြေလှမ်းတစ်လှမ်းလျှင် ဆယ်မီတာခန့်ကွာအောင် မြန်မြန်လျှောက်လှမ်းလာပြီး မျက်နှာတည်တည်ဖြင့် ပြောလိုက်သည်။ "စော်ကားရန်ပြုခံရတဲ့ လျော်ကြေးအနေနဲ့ ဒီဆေးဘုရင်ကို ဘုန်းကြီးပဲသိမ်းယူလိုက်ပါတော့မယ်!"

ထိုအချိန်တွင် လူ့လောကနှင့် သီးခြားဆန်စွာတည်ရှိနေသည်ဟု ထင်ရသော ရှည်သွယ်သွယ်ပုံရိပ်တစ်ခုက သူ့ရှေ့သို့ရောက်လာသည်။

တစ်ဖက်လူသည် လက်သီးကိုတင်းတင်းဆုပ်ကာ သူ့ခန္ဓာကိုယ်တွင်းရှိ မှော်စွမ်းအင်ကို လှုံ့ဆော်လိုက်ပြီး ပတ်ပတ်လည်မီတာငါးရာအတွင်းရှိ အရောင်အဝါအားလုံးကို ဆွဲစုပ်ယူငင်လိုက်သကဲ့သို့ ရုတ်ချည်းတောက်ပလာသည်။ သူ့နောက်တွင် ရှေးဟောင်းဆန်ဆန် အငွေ့အသက်များ ဖြာထွက်နေသော ခပ်ဝါးဝါး ရွှေရောင်အလင်းတန်းတစ်ခုလည်း ပေါ်ထွက်လာလေသည်။

"မြည်းကတုံးအိုကြီးကတော့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြန်ပါပြီ?"

ဘုန်း!

ယဲ့ကျွင်းလင်သည် မဲ့ပြုံးတစ်ချက်ပြုံးကာ ထိုးချလိုက်သော လက်သီးတစ်ချက်သည်ကား ကောင်းကင်ဘုံကိုးထပ်ကိုပင် ပြောင်းပြန်လှန်ချနိုင်သည်အထိ ပြိုင်ဘက်ကင်း အားကြီးလှပေ၏။

ဒါကို တိုက်ခိုက်ရေးသူတော်စင်လက်သီးလို့ ခေါ်တယ်ကွ!!

All Chapters