မှိုဘုရင်ကြီးက လူကြောက်တတ်တယ်
Vol. 10 Ch. 139
"ဟမ့်?!"
ဤလက်သီးကြောင့် ဆရာတော်ရမ်သမ်၏ ရင်ဘတ်တစ်ခုလုံး နိမ့်ချည်မြင့်ချည် မောဟိုက်လာပြီး ဝိဇ္ဇာခန္ဓာကြီးတစ်ခုလုံးလည်း တောင့်တင်းသွားရတော့၏။
သူသည် ခန္ဓာအတွင်းရှိ စွမ်းအင်စီးကြောင်းများကို အာရုံစိုက်လိုက်ကာ မှော်စွမ်းအင်များကို ရူးသွပ်စွာလည်ပတ်စေလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ မြင့်မြတ်သော ဗုဒ္ဓရောင်ဝါများဖြင့် အပြည့်ထွန်းလင်းကာ နေမင်းကြီးတစ်စင်းကဲ့သို့ တောက်ပလင်းလက်နေလျက်။
ယဲ့ကျွင်းလင်၏ လက်သီးတွင် ပြင်းထန်ပြီး လွှမ်းမိုးနိုင်စွမ်းကြီးသော အင်အားထုတစ်ခု ပါဝင်နေကာ ဆရာတော်ရမ်သမ်၏ ရင်ဘတ်တည့်တည့်သို့ ခိုင်မြဲစွာ ထိုးသွင်းလိုက်ခြင်းဖြစ်သည်။
ဒေါင်~!!!
ခေါင်းလောင်းကြီးကို မောင်းတံဖြင့်တီးခတ်လိုက်သကဲ့သို့ လေးလံကျယ်လောင်သော အသံတစ်ခု မြည်ဟီးလာပြီး လူတိုင်း၏အသွေးအသားထဲ စိမ့်ဝင်သွားသကဲ့သို့ လွန်စွာ မသက်မသာဖြစ်စေသည်။
ဆရာတော်ရမ်သမ်၏ ခန္ဓာကိုယ်သည် တောင့်တင်းစွာဖြင့် နောက်သို့ လျှောခနဲဆုတ်ခွာသွားသောကြောင့် ခြေနှစ်ချောင်းအောက်တွင် မြောင်းနှစ်ခုထွန်ယက်လိုက်သကဲ့သို့ ခပ်နက်နက်လျှိုမြောင်ကြီးနှစ်ခုက ဖုန်တလုံးလုံးဖြင့် ထွက်ပေါ်လာလေသည်။
သို့သော် သူသည် ခန္ဓာကိုယ်ကိုအနိုင်နိုင်ထိန်းညှိပြီး မတ်မတ်ပြန်ရပ်လိုက်နိုင်ကာ ရင့်ရော်သောမျက်နှာသည် သိသိသာသာပျက်ယွင်းမသွားခဲ့ပေ။
လေထုသည် ခဏတာ တိတ်ဆိတ်သွားသည်။
လူတိုင်းသည် အသက်ရှူအောင့်ကာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြ၏။
လေပေါ်ကျောင်းတော်မှ ရဟန်းကျင့်ကြံသူတစ်ပါးသည် သူတို့ဆရာတော်တည်ငြိမ်သွားသည်ကို မြင်သောအခါ မဲ့ပြုံးပြုံးလျက် ကြုံးဝါးလိုက်သည်။ "ဒီလိုသနားစရာ လှည့်ကွက်လေးတွေနဲ့ ဆရာတော်ရမ်သမ်ရှေ့မှာ မောက်မာကြွားဝါရဲတယ်ပေါ့လေ?!"
သူ့ဘေးမှ တပည့်က အော်ဟစ်လိုက်သည်- "ဟုတ်ပါ့ကွာ! မိုးခြိမ်းသံတော့ တဂျိန်းဂျိန်းပေးနေပြီး ရွာတာကမဖြစ်စလောက်လေးပါလား၊ နောက်တစ်ခေါက်လောက် ထပ်စမ်းကြည့်ပါဦးလား!"
"ဟေ့ မြည်းကတုံး၊ ဘာတွေ လျှောက်အော်နေတာလဲ!" လီဝူကျယ်သည် ဤစိန်ခေါ်မှုကို သည်းမခံနိုင်တော့ဘဲ သူ၏ မီးဖိုချောင်သုံးဓားကို မြှောက်ကာ ခုတ်ပိုင်းရန် ပြေးဝင်တော့သည်။
သို့သော် ယဲ့ကျွင်းလင်က လက်ကိုအသာဆန့်၍ ဝင်တားလိုက်၏။
"ဆရာသခင်..." လီဝူကျယ်က နားမလည်သလို ပြန်ကြည့်လိုက်သည်။
ယဲ့ကျွင်းလင်က သူ့ကိုပြန်မဖြေလာဘဲ မျက်ခုံးဖြူနှင့်ရဟန်းအိုကို ရွှတ်နောက်နောက်အပြုံးဖြင့်လှမ်းကြည့်ရင်းး မေးဆတ်ပြလိုက်သည်။ "ခုနက လက်သီးက ဘယ်လိုလဲ?"
ဆရာတော်ရမ်သမ်၏ မျက်နှာသည် ရေတွင်းဟောင်းတစ်ခုကဲ့သို့ တည်ငြိမ်နေပြီး အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ သက်ပြင်းချလိုက်သည်။ "ဗုဒ္ဓက သနားကရုဏာကို ဦးစားပေးတော်မူတယ်၊ ဒကာတော်တို့၊ ကိုယ့်ကိုယ်ကို ဂရုစိုက်နေရစ်ကြပါ"
ထိုသို့ပြောပြီးနောက် သူသည် ပြတ်သားစွာဖြင့် တစ်ချိုးတည်းလှည့်ထွက်သွားသည်။
လူတိုင်းသည် မျက်လုံးပြူးသွားရသည်။ ပွဲက ပြီးသွားပြီလား?
လေပေါ်ကျောင်းတော်မှ ရဟန်းကျင့်ကြံသူများသည် တစ်ဦးကိုတစ်ဦး အူကြောင်ကြောင် ကြည့်နေမိကြသော်လည်း နောက်ဆုံးတော့ ရွေးချယ်စရာမရှိပါဘဲ လိုက်ပါသွားရလေသည်။
လူအုပ်ကြီးက ယဲ့ကျွင်းလင်တို့အဖွဲ့ကို သနားစာနာဟန်ဖြင့် လှမ်းကြည့်နေကြသည်။
သူတို့ရန်စခဲ့သူသည် ဘေးဒုက္ခကျော်လွှားခြင်းအဆင့်ကျင့်ကြံသူတစ်ဦးပင် မဟုတ်လော။ မသေမျိုးအရိပ်ကဲ့သို့ စွမ်းအားရှင်တစ်ပါးအား ရန်စမိလိုက်သောသူတို့မှာ ဆေးဘုရင်တောင်ကြားကထွက်လျှင် အသက်နှင့်ကိုယ်မြဲအောင် သေချာထိန်းသိမ်းစောင့်ရှောက်ရတော့မည်ပင်။
ထို့ကြောင့် လူအုပ်ကြီးမှာ ကိုယ့်ဒုက္ခကိုယ်ရှာမိမည်စိုးသောကြောင့် ယဲ့ကျွင်းလင်တို့အား ကပ်ရောဂါပိုးကိုရှောင်ရှားသကဲ့သို့ ဝေးဝေးမှကွင်းသွားကြကာ ဆရာတော်ရမ်သမ်၏ ခြေရာနောက်သို့ လိုက်ရန်သာ ရွေးချယ်ခဲ့ကြလေ၏။
အင်အားကြီးသူ၏ခြေထောက်ကို မြဲမြဲမြံမြံဖက်ထားနိုင်ခြင်းကား ပညာရှိလုပ်ရပ်ပင်ဖြစ်သည်။
သူတို့ထွက်ခွာပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။
ယဲ့ကျွင်းလင်က လက်ကိုတစ်ချက်နှစ်ချက် ပုတ်ခါလိုက်ရင်း မဲ့ပြုံးပြုံးလိုက်သည်။ "မြည်းကတုံးအိုကြီးက ဒီလိုကျတော့လည်း ပါးနပ်သားပဲ"
သူ၏ ကျင့်ကြံဆင့်ကို နှိမ့်ချခံထားရသောကြောင့် သူ ခုနက ပစ်လွှတ်လိုက်သော တိုက်ခိုက်ရေးသူတော်စင်လက်သီးသည် မူရင်းအင်အား၏ ဆယ်သန်းပုံတစ်ပုံပင် မရှိခဲ့ပေ။
ဆက်မတိုက်ခိုက်ရခြင်းအကြောင်းရင်းမှာ ဤနေရာဒေသ၏ ထူးခြားသောစည်းမျဥ်းစည်းကမ်းကြောင့်ပင်၊ နောက်ဆုံးတော့လည်း ဤနေရာတွင် မည်သူမျှ မသေနိုင်မှန်း သိထားသောကြောင့် ဆက်လက်တိုက်ခိုက်နေလည်း အချည်းနှီးသာ ဖြစ်ပေရော့မည်။
အဝေးတစ်နေရာတွင် ဆုတ်ခွာသွားသော ဆရာတော်ရမ်သမ်သည် လမ်းတစ်လျှောက်လုံး ထိန်းမရအောင်မျက်နှာပျက်လျက်ရှိပြီး ထိုးနှက်ခံခဲ့ရသော ရင်ဘတ်နေရာကို လက်ဝါးဖြင့်အသာဖိကိုင်လိုက်ကာ မျက်လုံးများတွင် နာကျင်မှုအရိပ်အယောင်တစ်ခု ထင်ပေါ်လာသည်။
ပြိုင်ဘက်၏လက်သီးကား သူ့အသက်အန္တရာယ်ကို အမှန်တကယ် ခြိမ်းခြောက်နိုင်ခဲ့သည်ပင်!
နောက်ထပ် တစ်ချက်နှစ်ချက်လောက် ထပ်အထိုးခံလိုက်ရပါက ဤတောင်ကြားတွင်မသေနိုင်လျှင်တောင် ပုံပျက်ပန်းပျက် ဒဏ်ရာကြီးကြီးရနိုင်ချေရှိ၏။
ထို့ကြောင့် ယခုအချိန်တွင် အလွန်အကျွံမဖြစ်အောင် ရှောင်ရှားခြင်းကား အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဆရာတော်ရမ်သမ်သည် အတွေးများရှုပ်ထွေးသွားရ၏။ ဤဆေးဘုရင်တောင်ကြားတွင် ထိုကဲ့သို့သော အင်အားမျိုးကို ပိုင်ဆိုင်ထားသေးသည် ပုဂ္ဂိုလ်ကား မည်သည့်မသေမျိုးအဆက်အနွယ် ဖြစ်လေသနည်း?
"အခုခေတ်က အပြိုင်အဆိုင်တွေ ပေါများလချည်လား၊ ဒီဘုန်းကြီးများ အရမ်းခေတ်နောက်ကျသွားတာများလား?" ဆရာတော်ရမ်သမ်၏ မှုန်မှိုင်းသောမျက်လုံးများသည် ခေတ္တအံ့သြတုန်လှုပ်နေဟန်ရှိသော်ငြား မကြာမီပင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်ဖြင့် အစားထိုးခံလိုက်ရသည်။
"ထားလိုက်တော့၊ ထားလိုက်ပါတော့၊ ရဟန်းတွေဟာ သနားကြင်နာတတ်ရမယ်၊ ဒီဘုန်းကြီး အပြင်လောကကိုပြန်ရောက်ရင် မင်းတို့အားလုံးရဲ့ရန်ငြှိုးတွေကို အစွဲချွတ်ပေးရဦးမှာပေါ့!"
ဆေးဘုရင်တောင်ကြားမှ ပြန်လည်ပို့ဆောင်ခံရမည့်အချိန်တွင် သူ၏ ဘေးဒုက္ခကျော်လွှားခြင်း အထွဋ်အထိပ်ကျင့်ကြံဆင့်ကို ပြန်လည်ရရှိနိုင်မည်ဖြစ်ပြီး အမျိုးမျိုးသော အင်အားကြီး ဗုဒ္ဓမှော်စွမ်းအားများကိုလည်း ပြန်လည်ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ မဖျက်ဆီးနိုင်သော ဝိဇ္ဇာခန္ဓာသည်ပင် အခိုင်မာအတောင့်တင်းဆုံး အနေအထားကို ပြန်လည်ရရှိပေမည်။
အခုလိုမျိုး မျက်နှာပျက်ရတဲ့အဖြစ်ဆိုတာ တစ်သက်လုံးရှိလာနိုင်မှာမဟုတ်တဲ့ စွမ်းအားမျိုးပဲ။
လောလောဆယ်တော့ ဆေးပင်စုဆောင်းရန်သာ အာရုံစိုက်ရဦးမည်ဖြစ်သဖြင့် ထိုအဖွဲ့နှင့် နောက်မှစာရင်းရှင်းရန် တေးမှတ်ထားလိုက်တော့၏။
မကြာခင်မှာပင်။
ယဲ့ကျွင်းလင်အဖွဲ့နှင့် ဆရာတော်ရမ်သမ်အဖွဲ့၏ အောင်မြင်မှုများကြောင့် ဆေးဘုရင်တောင်ကြားတွင် မုန်တိုင်းကြီးတစ်ခု အပြင်းအထန် တိုက်ခတ်လာလေပြီ။
နေရာအနှံ့မှ အဖိုးတန်ဆေးပင်လေးများသည် ထိုသတင်းကို လက်ခံရရှိပြီးနောက် နေစရာမရှိအောင်ပင် ကြောက်လန့်တုန်လှုပ်နေရလေပြီ။
အတိတ်တစ်ချိန်တုန်းက လူသားကျင့်ကြံသူများဆိုသည်မှာ ဆေးပင်မျိုးနွယ်စု၏ ကစားစရာများသာဖြစ်ပြီး နှိမ်ချချုပ်ကိုင်ဖို့ လွန်စွာလွယ်ကူသော အားနည်းသည့်အုပ်စုများသာဖြစ်ကြ၏။ ဤသို့ဖြင့် ဆေးပင်တို့သည် အနိုင်ရဖိုတစ်နည်းသာရှိသော ကြောင်နှင့်ကြွက်ကစားနည်းကို အလွန်နှစ်သက်လာကြပြီး ဆေးဘုရင်တောင်ကြားသို့ ရောက်လာသမျှလူသားတိုင်းအား နည်းမျိုးစုံဖြင့် အနိုင်ကျင့်နှိပ်စက်ကြသည့် အစဥ်အလာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သို့ပေမယ့် ဒီတစ်ခေါက်က အရင်နဲ့မတူတော့ပေ။
အခြေအနေသည် သုံးရာခြောက်ဆယ်ဒီဂရီအထိ ဇောက်ထိုးမိုးမျှော် ပြောင်းလဲသွားခဲ့လေပြီ!
ကြားရသောသတင်းများအရ လူသားအုပ်စုတို့သည် လမ်းတစ်လျှောက်တွင် ရှိရှိသမျှ အဖိုးတန်ဆေးပင်များစွာကို သိမ်းယူနေပြီး သူတို့ဆေးပင်မျိုးနွယ်မှာ အရိုက်ခံ အနှိပ်စက်ခံဘဝသို့ ရောက်ရှိနေရလေပြီ။
ရှေးတစ်ချိန်ကတည်းက မျိုးနှင့်ရိုးနှင့် တည်ရှိစိုးစံခဲ့ပြီး အလွန်မြင့်မားသော ဂုဏ်သတင်းရှိ အားကောင်းလှသည့် လျှပ်စီးဘုရင်နှင့် ဂျင်ဆင်းဘုရင်တို့ပင် လူသားကျင့်ကြံသူများ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရပြီး ထိုသတင်းက ကျန်ရှိသော တောင်ကြားဆေးပင်မျိုးနွယ်စုများအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပေတော့၏။
ဆေးပင်မျိုးနွယ်စုတို့ အားကိုးရာမဲ့လေပြီ။
"ငါတို့ ဘာလုပ်သင့်လဲ? လူသားတွေဆီအဖမ်းခံရရင် ဟင်းချိုပြုတ်သောက်ခံရမှာတဲ့ ငါအရမ်းကြောက်တာပဲ!"
"အရင်ကဆို ဆေးဘုရင်တောင်ကြားထဲကို ၀င်လာတဲ့ လူသားအားလုံးကို ငါတို့ ကြိုက်သလို ကစားလို့ရတယ်မဟုတ်ဘူးလား? အခုက ဘာတွေဖြစ်နေတာလဲ?!"
"ဘုရားရေ၊ လျှပ်စီးဘုရင်နဲ့ ဂျင်ဆင်းဘုရင်တောင် ကျရှုံးသွားပြီဆိုတော့ ငါတို့လို့အဆင့်နိမ့်ဆေးပင်တွေအတွက်က ပြောမနေပါနဲ့တော့!"
"မြန်မြန်ပုန်းကြစို့၊ ရောင်းရင်းတို့! အခု ဆေးဘုရင်တောင်ကြား အလိုအလျောက် ပိတ်သွားဖို့ကိုပဲ စောင့်နိုင်တော့မယ်၊ ဒီကြောက်စရာကောင်းတဲ့ လူတွေ မကြာခင်ပြန်ပို့ခံရတော့မှာပါ!"