ဘာဘာ ဘာမှသိဘူး
Vol. 10 Ch. 140
ထိတ်လန့်မှုနှင့် စိုးရိမ်ပူပန်မှုများ ပါဝင်သော စိတ်အသံလှိုင်းများ ဆေးဘုရင်တောင်ကြားတွင် ပျံ့နှံ့လို့နေသည်။
ဆေးပင်မျိုးနွယ်စု၏ စိတ်အခြေအနေမှာ ခိုင်ခံ့ခြင်းမရှိ သတင်းလေးကြားရုံနှင့် ပျက်ပြားသွားသည်ပင်၊ အကြောင်းမှာ ၎င်းတို့သည် ယခုကဲ့သို့ အခြေအနေမျိုးကို တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ဖူးသောကြောင့်ဖြစ်၏။
လက်နက်ချအရှုံးပေးဖို့ကိုသာ ဆုံးဖြတ်လိုက်ကြပြီးနောက် ယခုအချိန်တွင် သူတို့အတွက် အန္တရာယ်အကင်းဆုံးနည်းလမ်းမှာ လူသားတို့ထံမှ ပစ်မှတ်မထားခံရစေရန်နှင့် လျှို့ဝှက်နေရာတစ်ခုခုတွင် ပုန်းအောင်းနေရန်သာဖြစ်တော့သည်။
သေချာပေါက် သူများကြောက်တိုင်း လိုက်မကြောက်တတ်တဲ့ သတ္တိခဲဆေးပင်တွေလည်း ရှိကြသေးတာပေါ့။ သူတို့သာ စည်းလုံးညီညွတ်ရင် နည်းလမ်းမရရအောင်ပြန်ရှာပြီး ဒီလူသားအုပ်စုကို တစ်ဖန်ပြန်လည် နှိမ်နင်းနိုင်လိမ့်မယ်လို့ ယုံကြည်မှုရှိကြသေးသည်။
"ငါတော့ ဒီအကြံကိုလက်မခံဘူး! ဘာလို့ ငါတို့က ပုန်းရမှာလဲ! ဒါ ငါတို့ ဆေးပင်မျိုးနွယ်စုရဲ့ အပိုင်နယ်မြေပဲ! အရင်နှစ်ပေါင်းများစွာအကြာက လူသားကျင့်ကြံသူတွေဆိုတာ ငါတို့ရဲ့ကျွန်အဆင့်ပဲရှိတာ။ ဒီတစ်ကြိမ်တည်း ရှုံးနိမ့်ရုံနဲ့ ချက်ချင်းအားလျှော့ဆုတ်ခွာစရာလား? ရောင်းရင်းတို့ အတူခုခံတိုက်ထုတ်ကြစို့!"
အော်ဟစ်စည်းရုံးနေသူမှာ သွေးရောင်ကဲ့သို့ ရဲရဲနီနေသောအဆင်းရှိပြီး ဖန်သားကဲ့သို့ တောက်ပနေသော ဝါးပင်တစ်ပင်ဖြစ်သည်။ ၎င်းမှာ သွေးကျောက်စိမ်းဝါးပင်ဖြစ်သည်။ ထိုဝါးပင်ဖြင့် ပြုတ်ထားသော ဆေးရည်သည်ကား ကမ္ဘာပေါ်ရှိ ထူးဆန်းသော အဆိပ်အမျိုးမျိုးကို ပျောက်ကင်းလွင့်ပျယ်စေနိုင်သည်အထိ အစွမ်းထက်၏။
"ဟုတ်တယ်၊ ငါတို့က ဒီနယ်မြေမှာ အရှင်သခင်တွေပဲ! ဒီတစ်ခါ လက်နက်ချလိုက်မယ်ဆိုရင် ငါတို့ ဆေးပင်မျိုးနွယ်စုအဖြစ်က ကိုယ့်အရှက်ကိုယ်ပြန်ခွဲတာနဲ့ အတူတူပဲကွ!"
၎င်းတို့အထဲတွင် လက်ဝါးအရွယ်ရှိ မှိုပွင့်နီတစ်ပွင့်ရှိနေပြီး တစ်ကိုယ်လုံး နီရဲတောက်နေသော အရောင်အသွေးဖြင့် ခုန်ပေါက်အော်ဟစ်နေပြီး အလွန်စိတ်လှုပ်ရှားနေပုံပေါ်သည်။ ၎င်းမှာ သွေးရည်ကြည်မှိုနီဖြစ်ပြီး ကုသရေးဆေးအမျိုးမျိုး ပြုလုပ်ရန် အလွန်သင့်လျော်သော အရည်အသွေးမြင့် ပစ္စည်းတစ်ခုဖြစ်၏။
"ဒါပေမယ့် ဒီတစ်ခါ ၀င်လာတဲ့ လူသားကျင့်ကြံသူတွေက အရမ်းအားကောင်းနေတယ်။ ဆေးဘုရင်အဆင့်ရဲ့ တိုက်ခိုက်ရေးစွမ်းအားတစ်ခုတည်းနဲ့ဆိုရင် ပြန်လည်တွန်းလှန်ဖို့ ခက်ခဲနိုင်သလို အခန့်မသင့်ရင် နှိမ်နင်းခံလိုက်ရနိုင်တယ်!" လှပသော ပွင့်ချပ်များနှင့် ရေခဲပြာဝိညာဉ်ကို ပိုင်ဆိုင်ထားသော ကြာပန်းပုံသဏ္ဌာန် ပန်းတစ်ပွင့်က စိုးရိမ်ဟန်ဖြင့် ဝင်ရောက်ဆွေးနွေးလာသည်။ ထိုကြာပန်းမှာမှာ ရေခဲဝိညာဉ်အမြစ်ရှိသော ကျင့်ကြံသူများအတွက် အသန့်စင်ဆုံးသော ဆေးတစ်လက်ဖြစ်၏။
ထိုစကားကိုကြားသော် အစည်းအဝေးတက်ရောက်နေသော အဓိက ဆေးဘုရင်များ တိတ်ဆိတ်သွားကြရသည်။
ဒေါသကိုမျိုသိပ်၍ သည်းခံရမည့်အလုပ်မျိုးအား အလွန်မုန်းတီးကြသော မာနကြီးလှသည့် ဆေးဘုရင်များဖြစ်ပါလင့်ကစား ပုဆိန်ဂိုဏ်း၏ဆေးဘုရင်ကို အစဖျောက်လိုက်သော လူသားအုပ်စုအား မကြောက်ဘဲနေလို့မရပေ။
ကံကောင်းစွာ လွတ်မြောက်လာခဲ့သော အဖွဲ့ဝင်များ၏ အဆိုအရ ဦးဆောင်လှုပ်ရှားခဲ့သူမှာ ငွေရောင်ဆံပင်ရှိသော လူငယ်တစ်ဦးဖြစ်ပြီး ဂျင်ဆင်းဘုရင်ကို တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သည်အထိ ကြောက်မက်ဖွယ်ကောင်းလှသည်ဟု ဆို၏။
ဆိုလိုသည်မှာ ဆေးဘုရင်များထဲမှ မည်သူမျှ သူ့ကို ထိပ်တိုက်ယှဉ်ပြိုင်နိုင်မည်မဟုတ်ပေ!
"ငါတို့ သူ့ကို ထွက်လာခိုင်းလိုက်ရင်ရော ဘယ်လိုလဲ?" ဆေးဘုရင်တစ်ဦးသည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ အကြံပြုလာသည်။
"သူ့ကိုလား? မင်းဟာက ဟုတ်ရောဟုတ်ရဲ့လားကွာ?" ထိုဆေးဘုရင်၏စကားမှ "သူ"ဆိုသည်ကား မည်သူ့ကိုရည်ညွှန်းနေမှန်း သဘောပေါက်စွာဖြင့် ကျန်ဆေးဘုရင်များသည် အံ့အားသင့်စွာဝေဖန်လာကြသည်။
"ဆေးဘုရင်တောင်ကြားတစ်ခုလုံးမှာ သူ့ထက် အရည်အချင်းရှိတဲ့သူ မရှိဘူး၊ သူက ဟိုဆေးဘုရင်အဘိုးကြီးရဲ့ နောက်လိုက်လုပ်ခဲ့ဖူးတယ်လေ!"
"ဒါပေမယ့် သူ့ရဲ့ စိတ်နေသဘောထားနဲ့ဆိုရင် ငါတို့ကို ငြင်းလွှတ်လိမ့်မယ်ထင်တယ်၊ သိတဲ့အတိုင်းပဲ သူက နည်းနည်း..."
"ဟမ့်! အခု ဆေးဘုရင်တောင်ကြားတစ်ခုလုံး အခက်အခဲ အကြီးအကျယ် ရင်ဆိုင်နေရချိန်မှာ ဆေးဘုရင်ကြီးရဲ့ ပထမဆုံး အမွေဆက်ခံသူအနေနဲ့ ငါတို့ကိုစွန့်ပစ်ပြီး ကင်းကင်းနေချင်လို့ ရမတဲ့လား? သူက ကိုယ့်မျိုးနွယ်ကိုယ်တောင် တန်ဖိုးမထားတတ်တော့ဘူးလား?"
"ငါတော့ ဒီအကြံဉာဏ်က အဓိပ္ပါယ်ရှိတယ်လို့ ထင်တယ်။ မစမ်းကြည့်ဘဲနဲ့ ရလဒ်ကို ဘယ်လိုသိနိုင်မလဲ? သွားကြစို့၊ သွားပြီး သူ့ကို အခြေအနေကို ရှင်းပြကြမယ်! သူဒီတိုင်း လက်ပိုက်ကြည့်နေနိုင်မယ်လို့တော့ မထင်ပါဘူး!"
ဆုံးဖြတ်ချက်ချပြီးနောက် အစည်းအဝေးတက်ရောက်နေသော ဆေးဘုရင်များသည် ထိုသူနေထိုင်ရာသို့ အပြေးအလွှား သွားရောက်ကြကုန်တော့၏။
ဆေးဘုရင်တောင်ကြား၏ အနက်ရှိုင်းဆုံး နေရာဒေသည်ကား ကျဉ်းမြောင်းသော လမ်းကြောင်းလေးတစ်ခုဖြစ်သည်။
ပတ်ဝန်းကျင်သည် အလွန်မှောင်ပိတ်နေပြီး ကိုယ့်လက်ကိုယ်ပင်မမြင်ရနိုင်၊ လေထုသည်ကား အလွန်စိုစွတ်အေးမြသည်။ ဤနေရာတွင် အချိန်ကြာမြင့်စွာ နေထိုင်ပါက မည်မျှပင် အကောင်းမြင်တတ်သူ ပျော်ရွှင်တက်ကြွသူ ဖြစ်စေကာမူ တဖြည်းဖြည်းနှင့် အထီးကျန်ဆန်လာပေလိမ့်မည်။
ထိုအချိန်တွင်။
ဆေးပင်လေးတစ်စုသည် ဤလမ်းကြောင်းတစ်လျှောက်တွင် စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်ကျော်လွှားကာ ချောက်ကမ်းပါး၏ အဆုံးသို့ ရောက်ရှိလာကြ၏။
ဝှစ်!
၎င်းတို့အားလုံးသည် ခန္ဓာကိုယ်တွင်းရှိ မှော်စွမ်းအင်ကို လှည့်ပတ်စေလိုက်ပြီး နူးညံ့နွေးထွေးသော အရောင်အဝါများကို ပေါက်ကွဲထွက်လာစေသည်။ ရောင်စုံအလင်းများ တောက်ပထွန်းလင်းလာကာ ဤမှောင်မိုက်စိုစွတ်သောနေရာကို လင်းချင်းသွားစေ၏။
အလင်းရောင်ရချိန်တွင် မြင်ကွင်းထဲသို့ ၀င်ရောက်လာသည်မှာ မရေမတွက်နိုင်သော နွယ်ပင်များဖြင့် ရစ်ပတ်ယှက်နွယ်ထားသော ရှေးဟောင်းကျောက်တိုင်ကြီးတစ်ခုဖြစ်ပြီး ၎င်း၏အပေါ်တွင် မတန်တဆကြီးမားလှသော မှိုနက်ကြီးတစ်ပွင့်တည်ရှိနေသည်။ တစ်မီတာခန့်အမြင့်ရှိကာ အပေါ်ယံကြည့်လိုက်ပါက သာမန်မှိုများနှင့် ထူးမခြားနားဟန်ပင်။
သို့သော် ဆေးဘုရင်တောင်ကြားရှိ ဆေးပင်မျိုးနွယ်စုများကတော့ ဤမှိုကြီး၏သက်တမ်း မည်မျှရှည်လျားကြောင်း သိထားကြလေသည်။ သူတို့မျိုးနွယ်စုတွင် အသက်အကြီးဆုံးမှိုပွင့်ကြီးပင်။
ထိုအချိန်တွင် ၎င်းသည် တိတ်ဆိတ်နေပြီး မည်သည့် အသက်ရှူသံမှ မခံစားရဘဲ သေဆုံးသွားသော ဆေးပင်ဟောင်းတစ်ပင်ဟုသာ ထင်ရစေသည်။
ဆေးဘုရင်များသည် တစ်ဦးကိုတစ်ဦး လှမ်းကြည့်ပြီးနောက် နတ်ဆိုးဆန်ဆန်အကြံဉာဏ်များဝင်ရောက်လာပြီး ပြင်းထန်သော စိတ်အသံလှိုင်းများအား နှိုးဆွကာ သူ့ထက်ငါအပြိုင်အဆိုင် အလုအယက် အော်ဟစ်ကြလေတော့သည်။ "ထတော့! ထပါတော့! မှိုဘုရင်ကြီး၊ နိုးထပါတော့!!"
မကြာမီပင် ထိုအနက်ရောင်အဆင်းရှိ မှိုပွင့်ကြီးမှာ တစ်စတစ်စ လှုပ်ရှားလာပြီး နှစ်သောင်းချီအိပ်စက်နေသော ကာလနဂါးကြီး နိုးထလာသကဲ့သို့ အလွန်ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုကို ထုတ်လွှတ်လိုက်သည်။
"ကြည့်စမ်း၊ မှိုဘုရင်ကြီး နိုးထလာပြီ!"
"မှိုဘုရင်ကြီးကို ဦးညွှတ်ပါတယ်! မှိုဘုရင်ကြီး၊ ကျေးဇူးပြုပြီး မျိုးတူသားမြေးတွေကို ကယ်တင်တော်မူပါ!"
ဆေးဘုရင်အများအပြားသည် အလွန်စိတ်လှုပ်ရှားစွာဖြင့် ဦးညွှတ်နေကြသည်။
မှိုဘုရင်ကြီး၏ ဝိညာဉ်သည် အင်အားကြီးသော အသက်စွမ်းအင်များစွာကို စုပ်ယူအားဖြည့်ရင်း ပြန်လည်ကောင်းမွန်လာပြီး ထုတ်လွှတ်နေသော အရောင်အဝါသည် အလွန်ပြင်းထန်အားကောင်းလှသောကြောင့် ဆေးဘုရင်အားလုံးပင် ၎င်းကို အနိုင်နိုင်သာ မော့ကြည့်နိုင်ရုံရှိ၏။
ဤသည်မှာ ဆေးဘုရင်တောင်ကြားတွင် နေထိုင်သော သက်တမ်းအရင့်ဆုံး ရှေးဟောင်းဆေးပင်ကြီးဖြစ်ပြီး ဆေးဘုရင်အဖိုးကြီး မသေမျိုးဘုံသို့ တက်လှမ်းသွားသည်အား မျက်မြင်တွေ့ခဲ့ရသူ နောက်လိုက်တစ်ဦးလည်းဖြစ်သည်။ ဤနေရာတွင် အင်အားအကြီးဆုံး တည်ရှိမှုတစ်ခုဆိုလျှင်လည်း မမှားပေ။
နတ်ဆေးပင်အဖြစ် ပြောင်းလဲရန် တစ်ဆင့်သာ လိုတော့သည်ပင်!
ရုတ်တရက် ဝန်းကျင်ရှိ ကြောက်မက်ဖွယ်ကောင်းသော ဖိအားသည် ချက်ချင်း ပျောက်ကွယ်သွားပြီး မှိုဘုရင်ကြီး၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါလာကာ ကျောက်တိုင်ထက်မှ ဝုန်းခနဲ ပြုတ်ကျသွားတော့သည်။ ကျန်ဆေးဘုရင်များလည်း စိုးရိမ်တကြီးဖြင့် အမြန်ပြေးသွားကာစစ်ဆေးရန် ဟန်ပြင်လိုက်သည်။
မှိုဘုရင်ကြီးသည် ခြင်္သေ့နှင့်ထိပ်တိုက်တွေ့လိုက်ရသော ယုန်တစ်ကောင်ကဲ့သို့ ဝှစ်ခနဲ ကျောက်တိုင်အနောက်သို့ ပြေးပုန်းလိုက်ကာ ခေါင်းလုံးဝိုင်းလေး၏ တစ်ဝက်ကိုသာ ထုတ်ပြပြီး စိတ်အသံလှိုင်းများဖြင့်သာ စကားပြောလာသည်။ အသံမှာ လူငယ်သံလေးနှင့်တူရှာသော်လည်း ကြောက်စိတ်ဖြင့် အဖျားခတ်တုန်ယင်နေလျက်။
"မင်း၊ မင်းတို့၊ ဒီနား မလာနဲ့၊ အဲဒီမှာပဲ ရပ်ပြီး ဘာကိစ္စရှိလဲ ပြော..."
“ငါ ငါ ဘာမှ မသိဘူးနော်။ ငါ့ ကိုမကြောက်ဘူးများထင်နေလား။ ကြော ကြောက်တယ်နော်”
စာစဉ်ပြီး၏