← Chapters

အတိတ်

Vol. 5 Ch. 127

အတိတ်

Vol. 5 Ch. 127

လွန်ခဲ့သော (၂၄)နှစ်ခန့်က ရွှယ်လီသည် အသက်(၁၇)နှစ်သာရှိသေးသည်။ သူ၏မင်းကြီး၏စမ်းသပ်ချက်များကိုလိုက်နာကာ သွေးတပ်ဖွဲ့၏ပဉ္စမမြောက်ဘုရင်တစ်ပါးဖြစ်လာသည်။

ရွှယ်လီ၏အစ်ကို ရွှယ်ယင်း(အဖေတူအမေကွဲ)သည် ထိုစမ်းသပ်ချက်အား သဘောမတူပေ။ သူသည် သူသည် သူပုန်အုပ်စုကိုဦးဆောင်ကာ ပုလ္လင်ကိုသိမ်းရန် ကြိုးပမ်းခဲ့သည်။ သွေးစစ်သည်(၁၂)ယောက်က ၎င်းတို့အား တိုက်ခိုက်ခဲ့သည်။ ပုန်ကန်ခြင်းတွင်ပါဝင်သော ရွှယ်ယင်း၏သားသုံးယောက်သည် လူပုံအလယ်တွင် ခေါင်းဖြတ်ကွပ်မျက်ခြင်းခံခဲ့ရသည်။ ရွှယ်ယင်း၏မိန်းမများကိုလည်း နယ်စပ်သို့ ပြည်နှင်ဒဏ်ပေးလိုက်သည်။ ၎င်းတို့သည် ထိုနေရာမှထွက်ခွာသွားကြရကာ ၎င်းတို့ဘာသာ နေထိုင်ရပ်တည်ရ၏။

ရွှယ်လီသည် မင်းကြီး၏ဆန္ဒအတိုင်း ထီးနန်းရသွားခဲ့သည်။ တိုင်းသူပြည်သားများ ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ချမ်းသာစွာနေနိုင်ရန် အကောင်းဆုံးကြိုးစားခဲ့သည်။ ဘိုးဘေးဘီဘင်များလက်ထပ်ကကဲသို့ပင် တိုင်းပြည်အား အင်အားကောင်းကာ ချမ်းသာအောင်လုပ်ချင်ပေသည်။

ရွှယ်ယင်း၏ အစ်မကြီး ရွှယ်ယန် တစ်ခုခုလုပ်လိမ့်မည်ကိုတော့ မည်သူမျှ ကြိုမမြင်နိုင်ခဲ့ကြပေ။ သူမသည် ထိုအခွင့်အရေးကိုအမိအရဖမ်းကာ နန်းတွင်းထဲသို့ စစ်သားများ၊အစေခံများဖြင့် အသစ်ဖွဲ့စည်းပြီး ရွှယ်လီ၏တစ်နှစ်သားကလေးလေး ရွှယ်ကျန်းအား ပြန်ပေးဆွဲခဲ့သည်။ သူမသည် ကျားသစ်နက်တစ်ကောင်ဖြင့် အစားထိုးကာ ကျားသစ်နက်အိမ်ရှေ့စံမင်းသားဟု သတင်းပျံ့နှံ့စေသည်။

ရွှယ်လီနှင့် သူ၏ဇနီး ဖုန်းရို့အာက သတင်းရသွားသောအခါတွင် နေရာတစ်ခုလုံးအား မြေလှန်ရှာခဲ့ကြသော်လည်း ရွှယ်ယန်အား ရှာမတွေ့ခဲ့ပေ။ သူမသည် လေထဲတွင် အငွေ့ပျံသွားသည့်ပုံပေါ်၏။ သူမက လမ်းလျှောက်သင်ယူစဖြစ်သော ရွှယ်ကျန်းအား ခေါ်သွားခဲ့၏။

အသက်(၁၄)နှစ်သာရှိသေးသောမိန်းကလေးတစ်ယောက်သည် လမ်းလျှောက်တတ်စကလေးငယ်အား ကြာရှည်စွာဖွက်ထားနိုင်မည်ဟု မယုံပေ။ သွေးတပ်ဖွဲ့တစ်ခုလုံးအား မြေလှန်ရှာရန် အမိန့်ပေးခဲ့သည်။

နှစ်ဝက်မျှရှာခဲ့ပါသော်လည်း ဘာမျှမတွေ့ခဲ့ပေ။

အရဲစွန့်ခြင်းနှင့်အတူ သူ၏ဇနီး ရို့အာသည် သားဖြစ်သူပျောက်သွားသည့်အတွက နာကျင်လှသည့်စိတ်ဒဏ်ရာဆီမှ လွတ်မြောက်ရန် နန်းထော်မှထွက်သွားရန် ဆုံးဖြတ်ခဲ့သည်။

ရွှယ်လီက သူမအား စိတ်ပူပါသော်လည်း နိုင်ငံ့အရေးကိစ္စများကြောင့် သူမနှင့် အချိန်အတူမကုန်လွန်နိုင်ပေ။ သူမကို ကာကွယ်ပေးရန် ကိုယ်ရံတော်တပ်ဖွဲ့တစ်ခုကိုသာ လျှို့ဝှက်စွာ စေလွှတ်ခဲ့ရသည်။ သွေးတပ်ဖွဲ့နှင့် တဟွေ့နယ်စပ်ရှိ ပိုင်ယန်မြို့တွင် ရွှယ်ယင်း၏အသက်ရှင်နေသေးသောလက်ကျန်သူပုန်များနှင့် တွေ့ရလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ပေ။ သူမအဖမ်းခံလိုက်ရပေသည်။

ပုန်းကွယ်နေသောကိုယ်ရံတော်ခြောက်ယောက်သည်လည်း သုံးဦးအသတ်ခံလိုက်ရကာ တစ်ယောက်ဒဏ်ရာရသွားခဲ့သည်။ ကျန်သောကိုယ်ရံတော်နှစ်ဦးက မိဖုရား၏အခြေအနေအား ခြေရာခံခဲ့သည်။ သွေးတပ်ဖွဲ့နန်းတော်သို့လည်း အကြောင်းကြားခဲ့ပေသည်။

ရွှယ်လီက ပိုင်ယန်မြို့သို့ သွေးစစ်သည် (၁၂)ယောက်ကိုခေါ်ကာ အခြားသောလျှို့ဝှက်ကိုယ်ရံတော်များဖြင့် ဖုန်းရို့အာ၏အခြေအနေကို ခြေရာခံခဲ့သည်။ ၎င်းတို့သည် နယ်စပ်ကို ခက်ခက်ခဲခဲဖြတ်ကျော်ခဲ့ရကာ တဟွေ့ထဲသို့ ဝင်ခဲ့ရသည်။ ၎င်းတို့သည် တဟွေ့နန်းမြို့တော်မှမိုင်ပေါင်းများစွာကွာဝေးသော မြို့လေးသို့ရောက်သောအခါတွင် မင်းကြီးနှင့် သွေးစစ်သည်(၁၂)ယောက်သည် ရွှယ်ယင်း၏ အသက်ရှင်နေသေးသောလက်အောက်ငယ်သားများ ဝန်းရံသည်ကို ခံလိုက်ရသည်။ ထိုထောက်ချောက်မှာ သူ့အတွက် ဖြစ်ကာ ထောင်ချောက်ဆင်ထားသည်မှာ ကြာပြီဖြစ်၏။ သူသည်လည်း ထိုထောင်ချောက်ထဲသို့ ဝင်ရန် ဆန္ဒရှိပေ၏။

သူ၏အသက်နှင့် သွေးစစ်သည်(၁၂)ယောက်ဖြင့် ဇနီးဖြစ်သူ၏အသက်အား လဲလှယ်ခြင်းဖြစ်သည်။ နှစ်ဖက်နှိုင်းယှဉ်လိုက်လျှင် မည်သူက ပို၍အရေးကြီးသနည်း။

ဖုန်းရို့အာသည်မူ ရွှယ်လီတစ်ယောက် ခက်ခဲသည့်ဆုံးဖြတ်ချက်ချမည်ကို မမြင်ချင်ပေ။ ထို့ကြောင့် သူမသည် မိမိဘာသာ လျှာကိုက်သေရန် ဆုံးဖြတ်လိုက်သည်။

သို့သော်လည်း ထိုခဏတွင် ရွှယ်လီ၏ကျန်ရှိနေသောလက်အောက်ငယ်သားကို စစ်သည်အုပ်စုတစ်ခုက ဝိုင်းရံတိုက်ခိုက်ကြသည်။ ၎င်းတို့အသတ်ခံရကာ ဒဏ်ရာရသူက ရသွားကြသည်။ ဖုန်းရို့အာကို ဓားစာခံအဖြစ်ဖမ်းထားသော ယောင်္ကျားနှစ်ယောက်သည်လည်း နောက်မှမြားဖြင့်ပစ်ခံလိုက်ရသည်။ ၎င်းတို့လဲကျသေဆုံးသွား၏။

အခြေအနေက ပြောင်းလဲသွား၏။ ရွှယ်လီက သွေးစစ်သည်(၁၂)ကိုခေါ်ကာ ဝန်းရံတိုက်ခိုက်နေသည်ကို ထိုးဖောက်ပြီး ဖုန်းရို့အာကို ကယ်တင်ခဲ့သည်။ ရွှယ်ယင်း၏လက်အောက်ငယ်သားများအားလုံး အမြစ်ပြတ်သုတ်သင်ခံလိုက်ရသည်။

၎င်းတို့အား ကယ်တင်ပေးခဲ့သော တပ်ဖွဲ့၏ခေါင်းဆောင်မှာ တဟွေ့၏ ပဉ္ဇမမြောက်မင်းသား လီဝမ်ရှို့ဖြစ်သည်။

ထိုအခါက သူသည် တပ်ဖွဲ့ကိုခေါ်ကာ ပေလုံတောင်သို့လာကာ လေ့ကျင့်နေသောအချိန်ဖြစ်သည်။ သူသည် မတော်မဆ သွေးတပ်ဖွဲ့မင်းကြီးနှင့် မိဖုရားအား ကယ်တင်ပေးခဲ့ခြင်းဖြစ်သည်။

"အဲ့တာကြောင့် တဟွေ့နဲ့ သွေးတပ်ဖွဲ့က အပြန်အလှန်ကျူးကျော်တာမလုပ်ပါဘူးဆိုပြီး သဘောတူစာချုပ်ရှိနေတာ။ လီဝမ်ရှို့လည်း သူလိုချင်တဲ့ထီးနန်းရသွားခဲ့တယ်"

ရွှယ်လီက သူ၏နှလုံးသားထဲတွင် (၂၄)နှစ်တာမျှဖုန်တက်နေပြီဖြစ်နေသည့်ဇာတ်လမ်းဟောင်းအား ပြန်ကာပြောင်းပြောပြနေသည်။ မျက်နှာချင်းဆိုင်ထိုင်နေသော တိတ်ဆိတ်စွာနားထောင်နေသည့်လူငယ်လေးအား ခေါင်းမော့ကြည့်လိုက်သည်။ အသံခပ်တိုးတိုးဖြင့် ထပ်ပေါင်းပြောလိုက်ပြန်၏။

"အဟမ်း...."

စုရွှေလျန်က လင်းစစ်ယောင်လက်အား ဖွဖွလေးဆိတ်ဆွဲလိုက်သည်။ သူသည် သူမ၏လက်အား မြဲမြံတင်းကြပ်စွာကိုင်ထားခြင်းဖြစ်သည်။ ဇာတ်လမ်းအဆုံးသတ်သွားသော်လည်း စကားပြောချင်ဟန်မပေါ်သည့်သူအား တွေ့လိုက်ရသောအခါတွင် သူမက မျှော်လင့်စောင့်စားနေသောမျက်လုံးများဖြင့်ကြည့်နေသော ရွှယ်လီဘက်သို့လှည့်ကာ တောင်းပန်သည့်အကြည့်မျိုးဖြင့် ကြည့်လိုက်မိသည်။ သူမက ချောင်းဟန့်လိုက်ပြီး

" ရှင်ဆိုလိုတာက...အားယောင်က...."

" သူက လွန်ခဲ့တဲ့(၂၄)နှစ်က ပြန်ပေးဆွဲခံလိုက်ရတဲ့ သွေးတပ်ဖွဲ့ရဲ့အိမ်ရှေ့စံမင်းသား ရွှယ်ကျန်းပဲ"

ရွှယ်လီက စုရွှေလျန်အား အတည်ပြုသောအကြည့်ဖြင့် ကြည့်လိုက်သည်။

ထိုသူသည် ရှည်လျားလှသောပုံပြင်အား ပြောနေသည့်အကြောင်းအား ခန့်မှန်းမိပါသော်လည်း အားယောင်မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်လိုက်သောအခါတွင်မူ စုရွှေလျန်တစ်ယောက် အသက်ပြင်းပြင်း ရှုလိုက်မိသည်။

မြတ်စွာဘုရား....သွေးတပ်ဖွဲ့ရဲ့အိမ်ရှေ့စံမင်းသားတဲ့လား......

မူလခန္ဓာကိုယ်ပိုင်ရှင်မည်သူဖြစ်သည်ကို သိခဲ့ရသောအခါတွင်လည်း သူမတုန်လှုပ်ခဲ့ရသည်။ သူမနှင့်ညစဉ်ညတိုင်း တစ်ကုတင်တည်းတွင်အိပ်ခဲ့သောယောင်္ကျားသည်လည်း အိမ်ရှေ့စံဖြစ်နေလိမ့်မည်ဟု မထင်ခဲ့ပေ။

သူမဆက်၍မတွေးရဲပေ။ ထိုအရာအားလုံးသည် သူမလိုချင်သောအရာများမဟုတ်ပေ။ သူမသည် လယ်တောထဲတွင် အားယောင်နင့်အတူ ပျော်ရွှင်သောဘဝတွင်နေချင်ရုံသာဖြစ်သည်။

“အားယောင်?”

စုရွှေလျန်က သူမ၏လက်များကို ဖျစ်လိုက်သည်ကို ခံစားလိုက်ရသည်။ သူမက သူ့ကိုကြည့်လိုက်သည်။

"ကျုပ်ကဘယ်သူမှမဟုတ်ဘူး....ဘယ်မှမသွားဘူး..."

လင်းစစ်ယောင်က သူ၏သဘောထားအား လွန်စွာတစ်မူထူးခြားသောအသံနေအသံထားဖြင့် ဖော်ပြလိုက်သည်။

သူသည် သူမစိတ်ထဲတွင်ပြောချင်သောအရာကိုများ ကြားသည်လော။ သူ၏အဖြေသည် သူမ၏အမေးနှင့် မည်သို့ကိုက်ညီနေရပါသနည်း။

“အားယောင်...”

သူမ ထိုသို့ဆိုလိုခြင်းမဟုတ်ပေ။ သို့သော် သူ့တွင် မိဘများရှိလာသောအခါ၌ ပျော်ရွှင်မှုနှင့်နွေးထွေးသောမေတ္တအား ခံစားရန်အခွင့်အရေးရှိလာပြီဖြစ်သည်။ သူမတွင် ထိုအခွင့်အရေးအားပိတ်ပင်တားမြစ်ရန် အခွင့်အရေးမရှိပါ။ ထို့အပြင် သူမသည် ဇနီးတစ်ယောက်ဖြစ်သည်။ သူအား ပို၍ပျော်ပျော်ရွှင်ရွှင်ဖြင့်နေထိုင်နိုင်ရန် မျှော်လင့်ယုံသာဖြစ်သည်။ သူ့မကြောင့် သူ၏အတိတ်ဖြင့်မခွဲခွာလိုပေ။ သူထိုသို့လုပ်ခဲ့ပါလျှင်လည်း စိတ်ထဲတွင်ပျော်နေမည်မဟုတ်ပေ။

"ကိုယ်အဆင်ပြေပါတယ်"

လင်းစစ်ယောင်က သူမလက်လေးကို ပုတ်လိုက်သည်။ သူက ခေါင်းမော့ကာ ရွှယ်လီကို ကြည့်လိုက်သည်။

"အခုပြောလို့ပြီးပြီလား။ အဲ့လိုဆို ကျုပ်တို့သွားတော့မယ်"

လင်းစစ်ယောင်က စုရွှေလျန်ထရန် ကူညီပေးလိုက်သည်။ သူသည် အခန်းပြင်သို့ ခံစားချက်မဲ့သောမျက်နှာမျိုးဖြင့် လျှောက်ထွက်သွား၏။

“အားယောင်?”

စုရွှေလျန်က နားမလည်နိုင်သကဲ့သို့ သူ့အားခေါ်နေသည်။ သူဒေါသထွက်ခဲ့သည်။ သို့သော် အဘယ့်ကြောင့်နည်း။ (၂၄)နှစ်ကြာပြီးနောက် မိဘများအား ရှာတွေ့ခဲ့သည်။ အဘယ့်ကြောင့် သူ မပျော်ရတာလဲ။

"မင်းရော.... မင်းသဘောထားကရော ဘယ်လိုလဲ။ ငါတို့ကွဲသွားတာ နှစ်အများကြီးကြာပြီ။ မင်းအမေနဲ့ငါက မင်းကိုရှာတွေ့ဖို့ နှစ်အများကြီး ရုန်းကန်ခဲ့ရတာ။ အခုကျ ငါတို့ကို အေးတိအေးစက်ဆက်ဆံတယ်။ မင်း...."

ရွှယ်လီက သူ၏သွေးသားရင်းသည် လွန်စွာကွဲပြားနေသည်ကို တွေ့လိုက်ရသည်။ မျက်နှာမည်းသွားကာ အော်လိုက်မိ၏။

"အဲ့လိုလား။ တိုင်းပြည်အုပ်ချုပ်သူတ်ယောက်အနေနဲ့ လူပျောက်ရှာတာက အဲ့လောက်ခဲယဉ်းနိုင်ပါ့မလား။ ဘာလို့ (၂၄)နှစ်တောင် ကြာနေရတာလဲ။ ကျုပ်သေတော့မှ ဘာလို့ကျုပ်ဆီလာမလည်ကြလဲ"

လင်းစစ်ယောင်က အေးစက်စက်ဖြင့် ပြန်ပက်လိုက်သည်။ သူသည် သေလုနီးပါးဖြစ်ခဲ့ရသည်။ မသေခင်တွင် မိဘများမှာ ဆွေကြီးမျိုးကြီးဖြစ်သည်ကို သိခဲရမည်မဟုတ်ပါ။

"ငါတို့က မင်းကိုရှာဖို့ အကောင်းဆုံးမကြိုးစားဘူလို့ မင်းထင်နေတာလား။ ဒါမှမဟုတ် မင်းဘယ်မှာရှိတာသိပေမဲ့ ငါတို့က မင်းကိုလာမတွေ့ဘူးလို့ထင်နေတာလား"

ရွှယ်လီက လင်းစစ်ယောင်၏ စစ်ဆေးမေးမြန်းနေသောအသံနေအသံထားကို သတိထားမိကာ မယုံကြည်နိုင်သဖြင့် မေးလိုက်ရသည်။

"အမှန်ပဲမဟုတ်လား။ ခင်ဗျားစကားထဲမှာ လှည့်ပတ်နေတာကို မတွေ့ဘူးလား။ ဟမ်...သွေးတပ်ဖွဲ့ရဲ့နန်းတော်ကို ကာကွယ်ရမဲ့သွေးစစ်သည်(၁၂)ယောက်က မိန်းကလေးတစ်ယောက်နဲ့ လမ်းလျှောက်တတ်စကလေးတစ်ယောက်ကိုတောင် မရှာနိုင်ဘူးပေါ့လေ။ ဘယ်လိုဟာသမျိုးလဲ"

လင်းစစ်ယောင်က သရောပြုံးပြုံးကာ မေးလိုက်သည်။

"မင်းနားမလည်ပါဘူး။ အဲ့ဒီမတော်မဆမှုပြီးမှ သွေးစစ်သည်(၁၂)ယောက်က နန်းတော်ကိုကာကွယ်ခဲ့တာ။ အဲ့တာမတိုင်ခင် သူတို့က ဘုရင်ကိုပဲကာကွယ်ကြတာ။ ကျန်းအာ မင်းမယုံဘူးဆိုရင်တောင်မှ မင်းအမေနဲ့ငါက မင်းကိုရှာတာကို ဘယ်တုန်းကမှ မရပ်ခဲ့ဘူးဆိုတာကတော့ အမှန်ပဲ။ ဒီတစ်ခေါက် တဟွေ့တောင်ပိုင်းက အဖွဲ့အစည်းတစ်ခုက သွေးစစ်သည်နာမည်သုံးပြီး တစ်ခုခုလျှို့ဝှက်ကြံစည်နေတယ်ဆိုတဲ့သတင်းကိုသာ မရခဲ့ရင် သွေးစစ်သည်နဂါးကိုလွှတ်ပြီး စုံစမ်းခိုင်းခဲ့မှာမဟုတ်ဘူး။ မင်းကိုလည်း ရှာတွေ့ခဲ့မှာမဟုတ်ဘူး။ မင်းနဲ့တိုက်ခိုက်နေရင်း လုံရိက မင်းနားနောက်က ခရမ်းရောင်မှဲ့ကိုတွေ့သွားတာ။ အဲ့တာက ရွှယ်မိသားစုရဲ့ ထူးခြားတဲ့မျိုးရိုးဗီဇလက္ခဏာပဲ။ မမှားနိုင်ဘူး"

"လူအများကြီးက အဲ့အကြောင်းကို မသိကြဘူး။ ငါတို့က ဒါကိုလျှို့ဝှက်ချက်အဖြစ်ထိန်းသိမ်းထားချင်ခဲ့တာက လူတွေက ဒါကိုအတုမလုပ်စေချင်လို့ပဲ။ ပြီးတော့ ငါတို့မိသားစုရဲ့လျှို့ဝှက်ချက်လေ။ အဲ့တာကြောင့် ငါတို့(၂၄)နှစ်လုံးလုံးဝေးကွာခဲ့ရတာ။ ဒါပေမဲ့လည်း ပုန်းကွယ်နေတဲ့ကိုယ်ရံတော်တွေနဲ့ မင်းကိုရှာဖို့လွှတ်လိုက်တဲ့သွေးစစ်သည်(၁၂)ယောက်ကပဲ ဒီအကြောင်းကိုသိတာ"

လင်းစစ်ယောင်က သူ၏ရှင်းပြချက်အား တိတ်ဆိတ်စွာနားထောင်နေသည်ကို ရွှယ်လီတွေ့သောအခါတွင် ဆက်မပြောခင် ခေတ္တမျှရပ်လိုက်သည်။

"မင်းရဲ့အတိတ်က အရမ်းဆန်းကြယ်တယ်လို့ပဲ ငါပြောနိုင်တော့တယ်။ အခု အဲ့အကြောင်းကို စဉ်းစားကြည့်လိုက်ရင် ငါ့အမှားပါ။ သိုင်းလောကထဲအဖွဲ့အစည်းတွေ အထူးသဖြင့် လူသတ်သမားတွေကို ဘယ်တုန်းကမှ ရှာမကြည့်ခဲ့ဖူးဘူး။ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်တုန်းက ဝမ်းကွဲညီမကိုရှာတွေ့ခဲ့တယ်ဆိုတဲ့အကြောင်း ပြောဖို့မေ့သွားလို့။ အဲ့အချိန်တုန်းက သူက အဆိပ်မိနေပြီး အတွင်းအင်္ဂါတွေကလည်း ပျက်စီးနေပြီ။ ငါတို့သူ့ကိုတွေ့ပြီး ရက်နည်းနည်းလောက်ကြာတော့ သူသေသွားခဲ့တယ်။ မင်းကိုပြန်ပေးဆွဲသွားပြီးနောက်ပိုင်း သူအသိတရားဝင်လာခဲ့တယ်။ သူကမင်းကို လယ်သမားမိသားစုတစ်စုဆီ ပေးပစ်ခဲ့တယ်။ သူ့ဆရာ လဲ့ထင်းက သူပုန်အုပ်စုရဲ့အဖွဲ့ဝင်ဖြစ်ပြီး သွေးတပ်ဖွဲ့ကို သစ္စာဖောက်ခဲ့တယ်။ ပြီးတော့ လဲ့ထင်းက သူ့ကို အဆိပ်ခတ်ခဲ့တယ်။ မင်းကို လယ်သမားမိသားစုတွေဆီမှာ ရှာကြည့်ခဲ့ပေမဲ့ ဘာမှမတွေ့ခဲ့ရဘူး"

ထိုအပိုင်းအားပြောသောအခါတွင် ရွှယ်လီက သက်ပြင်းချမိ၏။

"မင်းပျောက်သွားကတည်းက မင်းအမေက နေ့တိုင်းမျက်ရည်ကျခဲ့ရတာ။ မင်းက ယုံမှာတော့မဟုတ်ဘူး။ ဒါပေမဲ့ ငါ့နန်းတော်တစ်ခုလုံးမှာ ငါ့မှာသူတစ်ယောက်တည်းရှိတာ(မိန်းမတစ်ယောက်ပဲရှိတာလို့ပြောတာ) ငါနဲ့ ရွှယ်ယင်းကြားမှာဖြစ်ခဲ့သလိုမျိုး ကလေးတွေမှာမဖြစ်စေချင်ဘူး။ ဒါပေမဲ့လည်း နှစ်တွေကြာတော့ ငါတို့က ကလေးမလိုချင်တော့တာမဟုတ်ဘူး။ မင်းအမေက ကိုယ်ဝန်မဆောင်နိုင်တော့တာ။ ကောင်းကင်က ငါ့ကိုပေးတဲ့အပြစ်ဒဏ်ပေါ့လေ။ သွေးတပ်ဖွဲ့ကို ကောင်းကောင်းစီမံနိုင်ပေမဲ့ ငါတို့မိသားစုကတော့ ရှုပ်ထွေးနေခဲ့တယ်။ ညီအစ်ကိုတွေသွေးကွဲသွားတယ်။ သားကပျောက်သွားတယ်။ ငါ့ကံတွေပေါ့..."

"အသက်ရှစ်နှစ်ကတည်းက ယွင်လော့ဘုရားကျောင်းမှာနေခဲ့ရတယ်။ လမ်းပေါ်မှာလှည့်လည်ရင်း နစ်နှစ်လောက်အချိန်ကုန်ခဲ့ပြီး လက်ဖက်ရည်ဆိုင်မှာ တစ်နှစ်အလုပ်လုပ်ခဲ့ရတယ်။ ဖုန်းယောင်တရားရုံးကိုရောက်တော့ အသက်(၁၁)နှစ်ပဲရှိသေးတယ်။ နှစ်နှစ်လေ့ကျင့်ခဲ့ရတယ်။ လူသတ်တဲ့အလုပ်ကို ဆယ်နှစ်လုပ်ခဲ့ရတယ်..."

လင်းစစ်ယောင်က တွေ့ကြုံခံစားခဲ့ရသည်များကို ခံစားချက်မဲ့နေသောမျက်နှာဖြင့် အတိုချုန်းပြောပြလိုက်သည်။ စုရွှေလျန်နှလုံးသားတို့နာကျင်သွားရသည်။ ထိုအခိုက်အတန့်များသည် သူမ မသိခဲ့သောအချိန်အပိုင်းအခြားများဖြစ်သည်။ ယခုတွင် သူသည် ပုံပြင်ပြောသူတစ်ဦးကဲ့သို့ ဇာတ်ကြောင်းပြန်လှန်နေကာ သူမအား နာကျင်စေရသည်။

“အားယောင်…”

သူမက သူ့လက်ကိုကိုင်ကာ သူ့အားနွေးထွေးမှုပေးရန် မျှော်လင့်ချက်တို့ဖြင့် ပွေ့ဖက်ထားလိုက်မိသည်။

"မင်းအတွက် ခက်ခဲခဲ့မှာပဲ"

ရွှယ်လီသည် သားဖြစ်သူတစ်ယောက် အခက်အခဲများနှင့်ရင်ဆိုင်ရမည်ကိုသိသော်လည်း အကြောင်းစုံကြားလိုက်ရသောအခါတွင် တုန်လှုပ်သွားရ၏။ သားဖြစ်သူ လမ်းပေါ်တွင်လှုပ်ရှားရုန်းကန်ခဲ့ရသည့်ဘဝကို စိတ်ကူးမိကာ ငွေအတွက် ထိပ်တန်းလူသတ်သမားတစ်ယောက်ဖြစ်လာသည်ကို သိလာခဲ့ရသည်။

နန်းတော်ထဲတွင် ကြီးပြင်းခဲ့ရသောသူ့အတွက် မည်သည့်အခါမျှနားမလည်နိုင်မည့်ဘဝမျိုးဖြစ်သည်။ သားဖြစ်သူအား ဆင်းရဲသော်လည်း မခက်ခဲသည့်မိသားစုမျိုးတွင် ကြီးပြင်းလာရန် ဆုတောင်းမိခဲ့သည်။ မည်သို့ပင်ဖြစ်စေ အပြောသည် အလုပ်ထက်လွယ်ပေ၏။ သားလေးပြန်ပေးဆွဲခဲ့ရစဉ်က တစ်နှစ်သားသာရှိသေးသည်။ ငတ်မွတ်ခြင်း ဖျားနာခြင်းများမှပင် ကာကွယ်နိုင်ရန်ခက်ခဲသောအခြေအနေဖြစ်သည်။ သားအားယူသွားသောသူများကို မည်သို့အပြစ်တင်နိုင်မည်နည်း။ သူသည် တစ်ယောက်ယောက်အား အပြစ်တင်ချင်သည်ဆိုလျှင် တာဝန်မကျေခဲ့သောမိမိဘာသာနှင့် ဆွေမျိုးသားရင်းဖြစ်သော ရွှယ်ယင်းအား အာဏာတထားခဲ့မှုကိုသာ အပြစ်တင်ရပေမည်။

"အခုတော့ အဆင်ပြေသွားပါပြီ။ ကျုပ်မှာ မိန်းမနဲ့ကလေးရှိနေပြီ။ လူသတ်သမားဘဝကိုလည်း ဖျက်ဆီးပြီးပြီ။ ခင်ဗျား ကျွန်တော့်ကို ရှာမတွေ့ခဲ့သလိုပဲ ပြုမူပေးပါ"

လင်းစစ်ယောင်က ရွှယ်လီ၏မျက်လုံးတည့်တည့်ကိုကြည့်ကာ ပြောလိုက်သည်။ သူသည် တစ်မူထူးခြားစွာဖြင့် အခိုင်အမာပြောဆိုနေခြင်းဖြစ်သည်။ သူက စုရွှေလျန်ကိုဆွဲကာ ရွှယ်လီနားမှဖြတ်သွားပြီး အခန်းထဲသို့ ဝင်သွား၏။

အခန်းတစ်ခန်းက ပွင့်နေ၏။ ဝရံတာရှိတိုင်တစ်တိုင်ကိုမှီထားသောအမျိုးသမီးတစ်ယောက်၏မျက်နှာပေါ်တွင် မျက်ရည်များ ဖုံးလွှမ်းနေသည်။

“ကျန်းအာ… အမေ့သားလေး…”

ဖုန်းရို့အာက နာကျင်စွာဖြင့်ခေါ်လိုက်မိသည်။ သူမသည် ခံစားချက်များကို မည်သို့ဖော်ပြရမည်ကို မသိပေ။ ၎င်းတို့ပြောသောစကားများကို အစအဆုံးနားထောင်နေသည်။ သားဖြစ်သူက မိမိတို့အား အပြစ်တင်ခဲ့သည်။ သူ၏ဆုံးဖြတ်ချက်ခိုင်မာသောအသံမှတစ်ဆင့် သူသည် မိဘများကိုခွင့်မလွှတ်ကြောင်း သိလိုက်ရသည်။

"တစ်ဆိတ်လောက်ပါ ကျွန်တော်က လင်းစစ်ယောင်ပါ"

လင်းစစ်ယောင်က ခံစားချက်မဲ့နေသာမျက်လုံးများဖြင့် သူမအား စေ့စေ့စပ်စပ်ကြည့်လိုက်သည်။ ထို့နောက် သူက စုရွှေလျန်အား အခန်းထဲသို့ခေါ်သွားသည်။ သူသည် ရွှယ်လီ၏သား ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ (၂၄)နှစ်တာမျှမိဘမဲ့အဖြစ်နေခဲ့ရခြင်းက သူ့အား ခံစားချက်များကိုဖုံးကွယ်ထားနိုင်အောင် ပြုလုပ်ပေးသွား၏။

ငယ်ရွယ်စဉ်အခါကက သူသည် မိဘများက သူ့အား စွန့်ပစ်ခဲ့ရသောအကြောင်းရင်းအားရှာရန် ကြိုးစားခဲ့သည်။ ၎င်းတို့ကွယ်လွန်သွားသည်လည်းဖြစ်နိင်သည်။ ဆင်းရဲလွန်း၍လည်းဖြစ်နိုင်သည်။ သို့သော် ထိုသို့သောအကြောင်းပြချက်မျိုးကိုမူ မည်သည့်အခါမျှ မတွေးခဲ့ဖူးပေ။

ယခင်ကမျိုးဆက်ကြားမှ အာဏာတများကြောင့် ခေါင်းပေါ်တွင်အမိုးအကာပင်မရှိခဲ့သည်ကိုဘဝကိုရောက်အောင် တွန်းပို့ခံခဲ့ရသည်။ (၂၄)နှစ်တာလုံး အမှောင်ထုထဲသို့ ဆွဲချခံခဲ့ရ၏။

လုံလောက်ပေပြီ။ လက်ရှိသူသည် အင်အားကြီးမားခဲ့သည်မှာ လုံလောက်ပေပြီ။ သူ့တွင် မိဘများမလိုအပ်တော့ပါ။ မိဘများမလိုအပ်သည်မှာ ကြာပြီပင်ဖြစ်၏။

***

All Chapters