နဂါးလှေပွဲတော် (၁)
Vol. 5 Ch. 150
"အဒေါ်လောင် အဒေါ်လောင်..."
အဒေါ်ထျန်းသည် ဝါးခြင်းကိုကိုင်ထားကာ တံခါးအပြင်ဘက်သို့ ထွက်သွားသောအဒေါ်လောင်နောက်သို့ အမောတကောလိုက်သွား၏။
" ရုန်ဖူရဲ့ဇနီးက ကိုယ်ဝန်ရှိနေတယ်လို့ကြားတယ်။ အဲ့တာဟုတ်လား"
"ဟား ဘာလို့ ငါ့နောက်ကို ဒီလိုအမောတကောပြေးလိုက်မိလဲဆိုတာ အံ့ဩနေတာ။ ဟုတ်တယ်။ နောက်ဆုံးတော့ ငါ့ရဲ့ချွေးမအကြီးဆုံးမှာ သတင်းကောင်းရှိပြီလေ"
အဒေါ်လောင်က ပျော်ရွှင်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ရက်ပေါင်းများစွာကြာပြီးနောက်တွင် သူမသည် သားအကြီးဆုံးဖြစ်သူထံမှ ချွေးမကြီးသည် အိပ်ရာထလျှင်ထချင်း အော့အန်နေသည်ဟု ကြားမိသည်။ အဒေါ်လောင်က ခန့်မှန်းမိသည်။ ထို့နောက်တွင် ရုန်ဖူကို ဇနီးဖြစ်သူအား ချင်းယန်ဆေးခန်းသို့ စစ်ဆေးဖို့ခေါ်သွားရန် တောင်းဆိုလိုက်သည်။ အမှန်တွင် ချွေးမဖြစ်သူသည် ကိုယ်ဝန်ရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် သူမသည် တစ်နေ့ကိုသုံးနပ်ချက်ကာ ပန်းပဲဆိုင်သို့ပို့ပေး၏။
"ကောင်းတာပေါ့။ ကံကောင်းသွားတယ်တွေးနေတာ။ ဒါက တဖူအမဲလိုက်ထားတဲ့အသားကောင်းပဲ။ ယူထား။ ပေါင်းပြီးချွေးမလေးကိုကျွေးလိုက်"
အဒေါ်ထျန်းက ဝါးခြင်းကိုဖွင့်ကာ ဆီစိမ်စက္ကူဖြင့်ထုတ်ထားသောဝက်သားကိုထုတ်ယူလိုက်ပြီး အဒေါ်လောင်ကိုပေးလိုက်သည်။
"ငါက ဘယ်လိုလုပ်ယူရဲမှာလဲ။ မြေးတွေအတွက်ပဲ သိမ်းထားလိုက်ပါ။ တနျိုက သူ့ကလေးလေးကို အိမ်ခေါ်လာတတ်တာမှမဟုတ်တာ"
အဒေါ်လောင်က လက်ဆောင်ကို ငြင်းဆန်လိုက်၏။
"အိုက်ယား ဘာလို့ဒီလောက်ယဉ်ကျေးနေရတာလဲ။ ငါတို့ဘဝတွေကပိုပြီးကောင်းလာပြီပဲ။ ဒီဝက်သားတစ်ပိုင်းလောက်ကတော့ လက်ဆောင်ကြီးကြီးမားမားမှမဟုတ်ဘဲ။ ပြီးတော့ ဒီနေ့က တပေါင်အိမ်ပြန်လာမဲ့နေ့ပဲ။ သူ့အဖေက ကြက်သားချက်ပြီးသွားပြီ"
အဒေါ်ထျန်းက အသားကို အဒေါ်လောင်၏လက်ထဲသို့ အတင်းထိုးထည့်လိုက်၏။
"ဘယ်လိုနေလဲ။ သူတို့ကိုနေ့လည်စာသွားပို့မလို့လား"
အဒေါ်ထျန်းက အဒေါ်လောင်၏ဝါးခြင်းထဲမှ အဖုံးပိတ်ထားသောပန်းကန်လုံးများကိုမြင်ကာ မေးလိုက်မိသည်။
"ဟုတ်သားပဲ။ ရုန်ဖူကလည်း သူ့မိန်းမ ဒီရက်ပိုင်းသိပ်ခံတွင်းမတွေ့ဘူးလို့ပြောနေတယ်။ အင်း။ ငါလည်းအကူအညီမဲ့နေသလိုပဲ။ ငါ့ချွေးမကို ဘေးကင်းကင်းနဲ့ပဲ ကလေးမွေးစေချင်တာ။ အခြားအရာတွေကို စိတ်မပူပါဘူး"
အဒေါ်လောင်က တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ရှင်းပြလိုက်သည်။ သူ့ သားအကြီးဆုံးက ရွာအနီးအနားတွင် ပန်းပဲဖိုရုံတစ်ခုဖွင့်ထားကာ အိမ်နှင့်အတော်လေးအလှမ်းဝေးပေသည်။ နေ့စဉ်နေ့တိုင်းတွင် သူမသည် ဝါးခြင်းကိုခေါက်တုံ့ခေါက်ပြန်သယ်ကာ နာရီဝက်ခရီးတိုသွားရသည်။ အမှန်ပင်ပင်ပန်းနွမ်းနယ်ပေသည်။ သို့သော် ချွေးမဖြစ်သူက အိမ်မပြောင်းလိုသောကြောင့် ဘာမျှမတတ်နိုင်ရှာပေ။ သူမသည် ကိုယ်ဝန်သည်ဖြစ်သောကြောင့် သူမပြောသလိုသာဖြစ်ပေမည်။
"သီးသန့်စံအိမ်ပိုင်ရှင်က မြို့ထဲကိုရွှေ့ပြီး အလုပ်လုပ်စေချင်တယ်လို့ တဖူပြောတာကြားခဲ့တယ်။ သူတို့ ရုန်ဖူကို ခုထိမပြောရသေးဘူးမလား"
အဒေါ်ထျန်းက အဒေါ်လောင်နားနားတွင် တိုးတိုးလေးကပ်ကာပြောလိုက်သည်။
"တကယ်လား"
အဒေါ်လောင်မျက်လုံးပြူးကျယ်သွား၏။ အမှန်သာဆိုလျှင်ကောင်းပေမည်။ သားအကြီးဆုံးသည် ရွာထဲရှိ ပန်းပဲရုံကို စီမံနေသော်လည်း အလုပ်များများစားစားမရခဲ့ပေ။
တစ်နှစ်လုံးအတွက် သူသည် အိုးများပုံဖော်ရန်သာကူညီရသည်။ သို့မဟုတ်လျှင် ကတ္တားချိန်ခွင်များသာလုပ်ရသည်။ သူ၏စီးပွားရေးအကောင်းဆုံးဖြစ်ခဲ့သည်မှာ လွန်ခဲ့သောသုံးနှစ်ကသာဖြစ်ကာ စံအိမ်သုံးခုတည်ဆောက်စဉ်အခါကသာဖြစ်သည်။ ယခုတွင် ထိုမြို့သုံးမြို့မှာ ဟဲယွမ်ဖြစ်လာကာ မြို့ထဲရှိ သံထည်ပစ္စည်းများကိုဝယ်ရန် ပို၍လွယ်ကူလာကာ ရုန်ဖူ၏ဆိုင်လေးတွင်လည်း သစ္စာရှိသောဖောက်သည်များသာ ကျန်တော့၏။ သူ၏ဝင်ငွေမှာ ဖခင်၏ဝင်ငွေလောက်မတည်ငြိမ်တော့ပေ။ လောင်ယို့ခွန်းသည် သီးသန့်စံအိမ်၏ဥယျာဉ်မှူးဖြစ်သည်။ တစ်လလျှင် ကြေးပြားရာချီကို လစာအဖြစ်ရရှိသည်။ တစ်နှစ်လုံးအတွက် ငွေတုံးများစွာရရှိသည်။ အတော်လေးခက်ခဲခဲ့သော်လည်း သူ၏ကြိုစားအားထုတ်မှုနှင့် ထိုက်တန်ပေသည်။ ရုန်ဖူနှင့် ဇနီးသည် တစ်ချိန်လုံးပန်းပဲရုံတွင်သာနေထိုင်ကြသော်လည်း ၎င်းတို့သည် ငွေတုံးနှစ်တုံးပင်မရနိုင်ပေ။
"တဖူက အဲ့လိုပြောတယ်ဆိုရင် အကြံကမဆိုးပါဘူး။ အဒေါ်ထျန်း ငါပြောမယ်။ ရုန်ဖူသာ ပန်းပဲဆိုင်ကိုမြို့ထဲမှာဖွင့်လိုက်ရင် ရှင်နဲ့ရှင့်ခင်ပွန်းတို့က နောက်ကျရင် ပိုပြီးကောင်းကောင်းနေနိုင်မှာ"
အဒေါ်ထျန်းက ကျီစယ်လိုက်၏။
"အင်း ဘယ်ဟာပိုကောင်းလဲ ဘယ်ဟာပိုမကောင်းလဲ။ ငါတို့ဘဝက အခုပိုကောင်းနေပြီပဲ။ ငါသားသာအောင်မြင်သွားရင် ဒီအဘွားကြီးက ချီးမြှောက်ခံရမှာလို့ထင်လား။ ရုန်ချန်းတို့မိသားစုကိုကြည့်။ လနှစ်သစ်ကူးကလွဲလို့ သူတို့အိမ်ပြန်လာတာ တစ်ခါမှမတွေ့ဖူးဘူးမလား"
အဒေါ်လောင်က နှုတ်ခမ်းစူကာပြောလိုက်၏။ အငယ်ဆုံးသားနှင့်ဇနီးသည် မြို့သို့ပြောင်းသွားကာ ကုန်စုံဆိုင်ဖွင့်ထားသည်မှာ လေးနှစ်ခန့်ရှိပြီဖြစ်ကာ သားလေးသည်ပင် သုံးနှစ်သားရှိပြီဖြစ်၏။ သို့သော်လည်း လက်ထပ်ထားသောစုံတွဲများ ရန်ဖြစ်ကြသောအခါတွင် မြေးအား အိမ်သို့ ရက်အတော်ကြာမျှ ပို့ထားတတ်၏။
"အင်း အမှန်ပဲ။ တပေါင်လည်းအတူတူပဲမဟုတ်လား။ သူငါတို့ဆီလာမလည်ခင် သူ့ကို အကြိမ်ပေါင်းမနည်း နားပူနားဆာလုပ်ရတယ်။ ဒီနေ့က နဂါးလှေပွဲတော်နေ့လေ။ ဖအေကသာ မြို့ထဲက သူ့သစ်သားအလုပ်ရုံကို ပစ္စည်းသွားပို့ဖို့အခွင့်အရေးမရှိဘူးဆိုရင် သူလည်း ဒီနေ့ပြန်လာဖို့တွေးမှာမဟုတ်ဘူး။ အင်း။ ရှင်ပြောသလိုဆို ဒီနှစ် ကျွန်မသားက (၁၇)နှစ်ရှိပြီ။ သူ့ကြည့်ရတာ ရည်မွန်တဲ့ပုံပေါ်ပေမဲ့ ခုထိ ဘယ်မိန်းကလေးကမှ သူ့ကိုမျက်စိမကျကြသေးဘူး"
သားဖြစ်သူအကြောင်းပြောလိုက်သောအခါတွင် အဒေါ်ထျန်းခေါင်းကိုက်မိသည်။ မြို့ထဲတွင်မိန်းကလေးများစွာရှိသော်လည်း တပေါင်သည် အရွယ်ရောက်ပြီးဖြစ်ကာ သူသည်ပင် မည်သည့်မိန်းကလေးနှင့်မှအတူမရှိချင်ပါ။ သူသည် ငယ်ရွယ်ကာအရည်အချင်းရှိသော်လည်း သူသာ မိန်းကလေးကိုကြိုက်ခဲ့ပါလျှင် မိခင်ဖြစ်သူသည် ထိုမိန်းကလေးက သူ့ကိုပြန်မကြိုက်မည်ကို စိတ်ပူစရာမလိုပေ။
" တပေါင်ကအမြင်ကျယ်တဲ့ယောင်္ကျားတစ်ယောက်ပဲ။ သူငယ်ငယ်တုန်းက သစ်သားအလုပ်ရုံတစ်ခုဖွင့်ဖို့ ဟွမ်ရှားမြို့ထဲသွားတာ မမှတ်မိဘူးလား။ ဖန်းဟွာမြို့ကလူတွေအတွက် သူကစံပြပဲ။ သူကငယ်ပေမဲ့လို့ သစ်သားဆိုင်ခန်းတွဲခြောက်ဆိုင်ရဲ့စီမံကြီးကြပ်သူလေ။ စံအိမ်ပိုင်ရှင်မိသားစုရဲ့အထောက်အပံ့အပြင် သူ့ရဲ့ကျွမ်းကျင်တဲ့သိုင်းပညာရယ် စီမံခန့်ခွဲသူဆိုတဲ့ရာထူးရယ်နဲ့တင် မိန်းမကောင်းကောင်းရှာတွေ့နိုင်ပါတယ်"
"ငါလည်းအဲ့လိုဖြစ်ဖို့မျှော်လင့်ပါတယ်။ ငါ့မိသားစုမှာ အမွေဆက်ခံဖို့ သူပဲရှိတာ"
အဒေါ်ထျန်းက အကူအညီမဲ့စွာ သက်ပြင်းချလိုက်မိသည်။
"အိုက်ယား နောက်ကျနေပြီ။ ရှင့်ကိုမနောင့်ယှက်တော့ပါဘူး။ နေ့လည်စာစားပြီးရင် ဇုန့်စစ်လုပ်ဖို့ အိမ်မကြီးဆီသွားကူရဦးမယ်"
(ဇုန့်စစ် - ဝါးရွက်နဲ့လုပ်တဲ့ဆန်ဖက်ထုပ်မျိုး၊ နဂါးလှေပွဲတော်နေ့မှာစားကြတာ)
"ဘာလို့လဲ။ ဇုန့်စစ်လုပ်ဖို့ လူမလောက်လို့လား"
"သူတို့က ဇုန့်စစ်ကို ဆိုင်တွေဆီလက်ဆောင်ပို့ပေးမယ်ကြားတယ်။ ရွှေမိသားစုဆီကနေ ကြားခဲ့တာ"
"ကောင်းပြီ။ နေ့လည်စာပို့ပြီးရင် အဲ့ကိုသွားလိုက်မယ်"
အဒေါ်လောင်က လက်ပြကာ ရွာအရှေ့ဘက်ဆုံးရှိပန်းပဲဖိုခန်းမဆီသို့ ဦးတည်သွားသည်။
ယာယီအလုပ်သမားများလည်း ငွေရကြသည်။ သုံးနှစ်တာမျှနေထိုင်ပြီးနောက်တွင် ဖန်းဟွာရွာသားများသင်ယူထားသောအတွေ့အကြုံပင်ဖြစ်သည်။ ထို့ကြောင့် အိမ်တွင်အရေးတကြီးလုပ်စရာမရှိလျှင် လက်ထပ်ပြီးသောမိန်းမများသည် အပိုဝင်ငွေရှာရန် အလုပ်သွားလုပ်ကြ၏။
ဥပမာအားဖြင့် ကောက်ရိတ်ရာသီအတောအတွင်းတွင် မိမိတို့၏ကိုယ်ပိုင်လယ်ကွင်းများတွင် အလုပ်ပြီးသောအခါ၌ ၎င်းတို့က အိမ်မကြီး၏လယ်ကွင်းဆီသို့ လာရောက်ကူညီပေးတတ်ကြသည်။ သို့မဟုတ် နွေဦးတွင် တစ်မြို့လုံးက ရှို့ဖုန်းတောင်ပေါ်တက်ကာ ဝါးညွှန့်များခူးယူပြီး အလုပ်ရုံများတွင် ဝါးသေနတ်များလုပ်ကြသည်။ အခို့သောပွဲတော်နေ့များတွင် အိမ်မကြီးတွင် သန့်ရှင်းရန် ဟင်းချက်ရန် အချိန်ပိုင်းလုပ်ကိုင်ကြ၏။
အတိုချုံးဆိုရလျှင် ထိုနှစ်များတွင် ဖန်းဟွာကိုယ်ပိုင်စံအိမ်မှမိန်းများသည် ယောင်္ကျားများထက်မနည်း ဝင်ငွေရှိကြပေသည်။
မက်မွန်လေထုအပြင် အိမ်များရှိပရိဘောဂများမှာ ပို၍ကောင်းမွန်းကာ ပို၍လှပနေသည်။ ၎င်းတို့နှစ်ပေါင်များစွာအထိ ကြည့်ပင်မကြည့်ရဲခဲ့သောကြွေထည်အိုးများမှာ ယခုတွင် မိသားစု၏အလှဆင်စရာတစ်ခုဖြစ်နေသည်။ အဝတ်အစားစုတ်စုတ်ပြတ်ပြတ်များကိုလည်း ဝတ်စရာမလိုတော့ပေ။ ယခုတွင် နှစ်တိုင်း မိသားစုဝင်တိုင်းအတွက် အဝတ်သစ်နှစ်စုံစီလုပ်နိုင်နေပြီဖြစ်သည်။
မြို့ထဲသို့သွားသည့်အခါတိုင်းတွင် ၎င်းတို့ကြိုက်သည့်မည်သည့်အရာမဆို ဝယ်နိုင်ပြီဖြစ်သည်။ မြို့ထဲမှမိန်းမများထက်ပင် ပို၍ပိုက်ဆံသုံးနိုင်သေးသည်။ ဖန်းဟွာမြို့မှမိန်းမများအကျေနပ်ဆုံးအချိန်ဖြစ်သည်။ ၎င်းတို့၏ဆန္ဒများပြည့်ဝသွားခဲ့ရသည်။ စံအိမ်သုံးခုပိုင်ရှင်၏ကျေးဇူးများကြောင့်ပင်ဖြစ်၏။
မြို့ထဲကလူများက ၎င်းတို့သည် လယ်သမားများဖြစ်ခဲ့ကြသည်ဟု ကောလဟသများကိုပင် မကြည့်ကြတော့ပေ။ ၎င်းတို့တောင်သူလယ်သမားများဖြစ်ခဲ့သည်မှာ ပြောစရာပင်မလိုပါ။ ၎င်းတို့အိမ်တွင်နေကာ ကိုယ်ပိုင်လယ်ကွင်းများထဲတွင် အလုပ်လုပ်ခဲ့ကြသည်။ အားလပ်သောအချိန်တွင် အပိုဝင်ငွေရရန် သီးသန့်စံအိမ်များကို ကူညီလုပ်ကိုင်ပေးသည်။ ၎င်းတို့သည် အမှန်ပင်လယ်သမားများဖြစ်ကြကာ ထိုသို့ဘဝကိုခံစားနိုင်လျှင် ပြဿနာမရှိပေ။ ပျော်ရွှင်ကျန်းမာစွာနေထိုင်ကြရပေသည်။ ရွာသားများသည် လိုက်လျောညီထွေနေထိုင်ကြသည်။ ကောင်းမွန်လှသောအကျိုးကျေးဇူးများစွာအတွက် ၎င်းတို့ကို လယ်သမားဟုအနှိမ်ခံရလျှင်ပင် ကိစ္စမရှိပေ။ မြို့ထဲရှိလူများသည်လည်း အလုပ်မလုပ်ပါသည်လော။ ၎င်းတို့အလုပ်များမှ ငွေရကြသည်မဟုတ်ပါလော။ ရယ်စရာကောင်းလှပေ၏။
မြို့ထဲရှိသူများက ၎င်းတို့ကို မနာလိုသောကြောင့် သတင်းဖြန့်ကြသည်ကို မသိရှာကြပေ။ အထူးသဖြင့် မြို့ထဲသို့ လွန်ခဲ့သောသုံးနှစ်ကပြောင်းသွားသော ဟွာမိသားစုပင်ဖြစ်သည်။ မြို့ထဲရှိ၎င်းတို့၏ဘဝသည် မကောင်းလှပေ။ အကြီးသား၏ကုန်စုံဆိုင်သည် ရုန်ချန်း၏တစ်ခန်းတွဲဆိုင်ခန်းကဲ့သို့ ဖောက်သည်မရှိလှပေ။ လမ်းပေါ်တွင် အချင်းချင်းဝင်တိုက်မိလျှင်ပင် အဒေါ်ကြီးဟွာသည် ၎င်းတို့မြို့သို့အတင်းအကြပ်ပြောင်းရွေ့ခံရသကဲ့သို့ မနာလိုဝန်တိုဖြစ်နေတတ်သည်။
ထိုအကြောင်းကိုစဉ်းစားလေ အဒေါ်လောင်တစ်ယောက်ပို၍ စိတ်ကုန်လာလေဖြစ်သည်။ သို့သော် ကျေနပ်နေဆဲဖြစ်၏။ အဒေါ်ကြီးဟွာသည် ပို၍ခက်ထန်ကြမ်းတမ်းလာကာ ၎င်းတို့သည် ဖန်းဟွာသီးသန့်စံအိမ်ရှိလူများကို မည်မျှနာလိုကြောင်းပြသနေ၏။ ဖန်းဟွာမြို့မှပြောင်းရန် ၎င်းတို့အား မည်သူပြောခဲ့သနည်း။ ၎င်းတို့မသွားလျှင် သူမများစွာစိတ်အနှောင့်အယှက်ဖြစ်ရမည်။ ယခုတွင် ဟဲယွမ်ကို သီးသန့်စံအိမ်က ကာကွယ်ပေးထားကာ ရွာသားအားလုံးကလည်း ချစ်ကြ၏။ ၎င်းတို့အိမ်များကို လွယ်လွယ်ဖျက်ဆီးခံမည်မဟုတ်ပေ။
ငါးလပိုင်း ငါးရက်နေ့ညနေခင်းတွင် အမျိုးသမီးတစ်အုပ်သည် သီးသန့်စံအိမ်မီးဖိုချောင်တွင် စုဝေးမိကြသည်။ ၎င်းတို့ပျော်ရွှင်စွာဖြင့် စကားပြောဆိုရင်း ဇုန့်စစ်ပြလုပ်နေကြသည်။ လေထုက လတ်ဆတ်ကာ စိတ်ချမ်းသာဖွယ်ကောင်းလှသည်။
"ဒီနေ့ ဘာလို့ဇုန့်စစ်တွေအများကြီးလုပ်နေရတာလဲ"
စစ်ရှန်းတစ်ယောက်အားလပ်နေကာ မီးဖိုချောင်ထဲတွင် ဆူညံသံများကြားသောကြောင့် စစ်ဆေးရန် ရောက်လာခဲ့သည်။ သူသည် သုံးယောက်ကြားတွင် အလှုပ်ရှားဆုံးနှင့်အခင်မင်တတ်ဆုံးသူဖြစ်ကာ လူသတ်သမားအလုပ်မှထွက်လာပြီးနောက်တွင် ကွမ်းချီအိမ်တော်ကိုတည်ထောင်ခဲ့သည်။ ကောင်းမွန်သောအဖွဲ့အစည်းဖြစ်ကာ အားလပ်ချိန်ပိုကာ ဝင်ငွေလည်းများ၏။
"အာ ရှင်လား တတိယသခင်လေးစစ်။ ဒီနေ့မီးဖိုချောင်ထဲလာစစ်ဆေးတာလား"
အဒေါ်ထျန်းသည် မီးဖိုချောင်တံခါးဝတွင်ရပ်နေသော စစ်ရှန်းကိုတွေ့သောအခါတွင် ဝမ်းသာစွာကြိုဆိုလိုက်သည်။ တတိယသခင်လေးစစ်သည် ၎င်းဘာသာမိတ်ဆက်ပြီးနောက်တွင် အမျိုးသမီးများမှပေးထားသောနာမည်ဖြစ်သည်။ အသက်အရွယ်အားဖြင့်ဆိုရလျှင် သူသည် လေးယောက်ကြားတွင် တတိယအဆင့်ရှိကာ စစ်လော့သည် သူ့ထက် သုံးလပိုငယ်သည်။
"ဇုန့်စစ်လုပ်ရင်း အလုပ်ရှုပ်နေတာတွေ့လို့ ထွက်လာတာပါ"
စစ်ရှန်းက ပြုံးကာ ပြောလိုက်၏။
"တတိယသခင်လေး သားမက်တော်က ဆိုင်တွေကိုပေးဖို့ ဇုန့်စစ်အများကြီးလုပ်ခိုင်းထားတာပါ။ ပို့ပေးဖို့ ကွမ်းချီအိမ်တော်ကလည်း လူလွှတ်ထားပါတယ်။ ဆားရည်စိမ်ဆိုင်တွေကိုလည်း ပို့ပေးမှာ"
စားဖိုမှူးက ပြုံးကာ ရှင်းပြလိုက်၏။
"သားမက်တော်က ညွှန်ကြားထားတာလား"
စစ်ရှန်းမျက်ခုံးပင့်လိုက်၏။ လူများအကြိုက်လိုက်ရန် ဇနီးဖြစ်သူ၏အကြံပင်ဖြစ်ပေမည်။ ထို့သို့မဟုတ်လျှင် စစ်လင်၏ ဂရုမစိုက်တတ်သောစိတ်ဖြင့်ဆိုလျှင် ထိုသို့အကြံမျိုး မည်သို့ထွက်လာမည်နည်း။
"တတိယသခင်လေးလည်း ဒီနှစ် ဇု့န်စစ်စားကြည့်သင့်တယ်။ ဒီနှစ် ပါဝင်ပစ္စည်းအများကြီးထည့်ထားတာ"
အမျိုးသမီးစာဖိုးမှူးက မုန့်တစ်ခုအား မီးဖိုမှယူလာသည်။
"စားမှာပေါ့"
သူကပြုံးကာ အလုပ်ရှုပ်နေသောအမျိုးသမီးများကို ပြုံးပြလိုက်သည်။ သူမီးဖိုချောင်မှထွက်ခွာကာ လင်းစစ်ယောင်၏ခြံဝန်းဆီသို့ထွက်သွားသည်။
တံခါးမှထွက်သွားခါနီးတွင် အလျင်လိုနေသောခြေသံများကို ကြားလိုက်ရသည်။ ဟာသလုပ်တတ်သူဖြစ်သောကြောင့် ပန်းခြုံပုတ်နောက်တွင်ပုန်းနေရန် ဆုံးဖြတ်လိုက်သည်။
"ရှင့်ကိုပြောပြီးသားပဲ။ သူကဖောက်သည်သက်သက်ပဲ။ ဘာတွေပိုပြီးပြောစေချင်နေတာလဲ"
စိတ်ဆိုးနေသောအမျိုးသမီးတစ်ယောက်အသံက ခပ်လှမ်းလှမ်းမှထွက်ပေါ်လာသည်။
"ဒီလောက်အကြာကြီးရှိမှတော့ မင်းပြန်လာပြီပေါ့။ ငါ့ကိုအရူးမလုပ်စမ်းပါနဲ့"
အသံက တိုးဝင်သွားသည်။
"ငါကတော့ မဟုတ်ဘူး"
ခက်ထန်သောအသံထွက်ပေါ်လာသ်ည။ ထိုအသံသည် စစ်လော့၏အသံပင်ဖြစ်သည်။ သူမိန်းမလေးရနေပြီလော။ ထိုအသံသည် ယွဲ့ယန်ပန်းထိုးအိမ်၏ ဒုတိယမမလေးအသံနှင့်ဆင်တူပေသည်။ စစ်ရှန်းအသက်ရှုရပ်ကာ ခန္ဓာကိုယ်တောင့်တင်းသွား၏။ ထို့နောက် စစ်လော့၏စူးရှသောမျက်စိအောက်တွင် မိသွား၏။
ထို့နောက် ကျန်းယင်းယွင်နောက်သို့ရှင်းပြရန်လိုက်လာသောထိုသူက လှဉ့်လိုက်ကာ သူ့အခန်းဆီသို့လျှောက်သွား၏။
"ဝိုး.... လော့ ဒီနေရာမှာ ငါတကယ်ကို ချာချာလည်သွားပြီ"
"ပါးစပ်ပိတ်ထား"
"အဟင်း ဘယ်လိုတောင်ရဲတင်းလိုက်သလဲ။ ဒီကမ္ဘာမှာ ဒီလူရဲ့နှလုံးသားကို ထိတွေ့နိုင်တဲ့မိန်းမလည်းရှိသေးတာပဲ"
ညီနောင်လေးယောက်ကြားတွင် သူတစ်ဦးတည်းသာ တစ်ယောက်တည်းကျန်ရှိတော့သည်။ စစ်ထိုက ဝန်မခံသော်လည်း သူသည်လည်း ကိုယ်ရံတော် ကျန်းယွဲ့နှင့်ဆက်ဆံရေးအဆင်ပြေနေသည်။ ယခု စစ်လော့သည်လည်း ကောင်မလေးရသွားပြီဖြစ်၏။ သူပို၍ကြိုးစားရတော့မည်ပုံပေါ်သည်။ သူသည် နောက်ဆုံးအဆင့်တွင်ကျန်မနေချင်ပေ။ ကွမ်းချီအိမ်တော်၏သခင်အဖြစ် သူ၏ဂုဏ်သိက္ခာအား ထိခိုက်နိုင်ပေသည်။
***