ဖန်းလော့တိုင်းပြည်
Vol. 5 Ch. 154
တစ်လမျှရိတ်သိမ်းပြီးနောက်တွင် ပူပြင်းသောရာသီဥတုရောက်ရှိလာပြီဖြစ်၏။ လပြက္ခဒိန် ခုနှစ်လပိုင်းမြောက်ဖြစ်သည်။ လယ်ကွင်းများအားလုံး ရိတ်သိမ်းပြီးဖြစ်သော်လည်း ရေဖြင့်ဂရုစိုက်ရန်လိုသည့် ကိစ္စများ ပို၍များပြားလာသည်။
ကြာစေ့များမရိတ်သိမ်းသောကြောင့် ကောက်ရိတ်ရာသီအတောအတွင်းတွင် ကြာကန်ကိုဂရုစိုက်ရန် အချိန်မရှိလိုက်ပေ။ ထို့ကြောင့် တစ်လမျှပစ်ထားပြီးနောက်တွင် ငါးများ၊ ဂဏန်းများနှင့် ပုဇွန်များမှာ ရေကန်တွင် ပေါများနေလေ၏။
" လောင်ရှား ကြည့်ရတာ ဒီနှစ်က မနှစ်ကထက် ငါးတွေ ပုဇွန်တွေ ပိုဖမ်းမိတဲ့ပုံပဲ..."
အဒေါ်လောင်က မတ်တပ်ရပ်ကာ ရေကန်ထဲရှိ မိုးမခပင်အရိပ်ကိုကြည့်ကာ သူမ၏သစ်ရွက်ယပ်တောင်ကိုခတ်နေသည်။ ဝမ်းမြောက်စွာဖြင့်ပင် သူမက ရေကန်၏စီမံခန့်ခွဲရေးမှူး လောင်ရှားကိုမေးလိုက်၏။ သူသည် တစ်မနက်လုံး အလုပ်ရှုပ်နေကာ လက်ရှိတွင် အရိပ်ရသောနေရာ၌ ခဏနားနေခြင်းဖြစ်သည်။ သူမက အနီးအနားတွင် ဆိုက်ကပ်ထားသော ငါးများဖြင့်ပြည့်နေသောလှေကိုလှည့်ကြည့်လိုက်သည်။ ပြုံးနေသောအစေခံများက မြင်းနှစ်ကောင်ဆွဲသောလှည်းစီးသို့ ငါးများကိုပြောင်းတင်နေကြသည်။
"ဟုတ်တာပေါ့။ ငါတို့ နှစရက်လုံးလုံး ငါးဖမ်းပြီး လှေအများကြီးနဲ့ ပို့ပြီးပြီ။ ဒါပေမဲ့ အများကြီးကျန်နေသေးတယ်"
လောင်ရှားက ဆေးဖက်ဝင်ရေနွေကြမ်းကို တစ်ကျိုက်သောက်လိုက်သည်။ ချွေးများကိုသုတ်ကာ ပျော်ရွှင်စွာဖြေလိုက်၏။
"ကောင်းလိုက်တာ။ နောက်တစ်သုတ်ကျ ကျွန်မရွေးမယ်နော်။ ကျွန်မယောင်္ကျားအတွက် ဂဏန်းကောင်းကောင်းနှစ်ကောင်ရှာမလို့ပါ။ အဖိုးကြီးက စားချင်တယ်လို့ပြောတာကြာပြီ။"
အဒေါ်လောင်သည် ကြေးပြားများသိမ်းထားသော သူမ၏ပိုက်ဆံအိတ်ကို ဖွင့်လိုက်သည်။ ငါးနှင့်ဂဏန်းအနည်းငယ် ဝယ်ရန် လုံလောက်ပေသည်။ နောက်ပိုင်းတွင် သူမသည် ခင်ပွန်းဖြစ်သူအတွက် ကောင်းကောင်းချက်ကျွေးပေမည်။
"မလိုပါဘူး။ သခင်မက သတိပေးထားတယ်။ ခင်ဗျားတို့တွေ နောက်လှေကျရင် စိတ်တိုင်းကျရွေးနိုင်တယ်"
ငွေထုတ်နေသည်ကိုမြင်သောအခါတွင် လောင်ရှားက အမြန်တားလိုက်၏။ နှစ်စဉ် ရေကန်ထဲတွင် နစ်ကြိမ် ငါးဖမ်းမိကာ သခင်မက ရွာသားများရွေးကာဝယ်ရမည့်အပိုင်းကို အမြဲတမ်းသက်သက်ချန်ထားပေးတတ်သည်။ သို့သော်လည်း ရွာသားများအတွက် ငါးတန်ဖိုးသည် လွန်စွာဈေးချိုလှ၏။ ဥပမာအားဖြင့် ဈေးထဲတွင် ငါးတစ်ကီလိုဝက်ဆိုလျှင် ကြေးပြားသုံးဆယ်ဝန်းကျင်မျှပေးရ၏။ သို့သော် သီးသန့်စံအိမ်တွင်မူ ပမာဏအတူတူကိုပင် ကြေးပြားရှစ်ပြားမျှသာကျပေသည်။
"တကယ်လား။ အဲ့လိုဆို ကောင်းလိုက်တာ။ ဘယ်အချိန်ငါးတွေရောင်းမှာလဲ။ ကျွန်မစောစောလာခဲ့မယ်။ လောင်ရှား ကျွန်မအတွက် ကြီးတဲ့အကောင်ချန်ထားပေးဦးနော်"
အဒေါ်လောင်က ပျော်ရွှင်စွာဖြင့် ပိုက်ဆံအိတ်ကို ပြန်သိမ်းလိုက်ပြီး လောင်ရှားအား သတိပေးလိုက်သည်။
"စိတ်ပူစရာမလိုပါဘူး။ လှေပေါ်က အကုန်လုံးက ငါးကြီးနဲ့ပုဇွန်ကြီးတွေပဲမလား။ သေးတဲ့အကောင်တွေဆို မဖမ်းချင်ဘူး"
လောင်ရှားက ဆေးတံကိုချကာ မျက်လုံးများကျဉ်းမြောင်းသွားသည်အထိ ပြုံးပြလိုက်ပြီး သူ့ရှေ့မှ နေအလင်းတန်းလေးအရိပ်ပြန်နေသော လှပသည့်ရေကန်ကို ကြည့်ရှုနေလေသည်။
"ကြည့်ရတာ နှစ်ရက်လောက်အချိန်လိုဦးမယ်ထင်တယ်။ နောက်ဆုံးတစ်သုတ်ဖမ်းတဲ့အခါကျ မင်းတို့ကိုသတိပေးဖို့ မြို့သူကြီးကို ဘိုးဘေးခန်းမက မောင်းတီးခိုင်းရဦးမယ်"
"လောင်ရှား ကျွန်မတို့ပြီးပြီ"
အစေခံများက ငါးတစ်လှေလုံးကို သယ်ပို့ပြီးဖြစ်ကာ သူ့အား လက်ပြလိုက်သည်။
"စားဖိုဆောင်ကြီးက ဒီနေ့ အမဲရင်ပုံသားနှပ်မယ်လို့ကြားတယ်။ မကုန်ခင် မြန်မြန်အလုပ်လုပ်ရအောင်"
"အမဲရင်ပုံသားလား။ ကောင်းလိုက်တာ။ မီးဖိုချောင်ကြီးက တကယ်ကောင်းကောင်းချက်ကျွေးတယ်လို့ကြားတယ်။ နန်းမြို့တော်က စားဖိုမှူးလား။ အင်း။ ငါ့ယောင်္ကျားတွေ အိမ်မှာနေတုန်းထက ပိုပြီးကောင်းကောင်းစားရမှာပဲမလား"
အဒေါ်လောင်က သူမဘာသာ ယပ်ခတ်လိုက်ကာ ပြုံးလိုက်၏။
"နောက်ကျနေပြီ။ ပြန်သင့်ပြီ။ လောင်ရှား အမဲရင်ပုံသားအတွက် မြန်မြန်လုပ်။ စားဖိုမှူးကို ဘယ်လိုချက်ရတာလဲ မေးပေးရင်တော့ ကောင်းတာပေါ့။ နှစ်သစ်ကူးတုန်းက တစ်ခါနှပ်ဖူးတယ်။ ဒါပေမဲ့ ကျွန်မအိမ်ကတော့ ဘယ်သူမှ အရသာရှိတယ်မပြောဘူး"
"ပြဿနာမရှိဘူး။ ငါ့နဲ့လိုက်ခဲ့ပါ။ မင်းခင်ပွန်းက ဒီမှာပဲမလား။ စားဖိုမှူးရဲ့ နေ့လည်စာသွားမြည်းကြည့်ရအောင်။ မင်းသိလိမ့်မယ်"
လောင်ရှားက တခစ်ခစ်ရယ်မောက သူ၏ဆေးတံကိုချထားလိုက်သည်။ ပုခုံးပေါ်ရှိ မိုးမခပန်းများကို ဖယ်လိုက်ပြီး လက်ခုပ်တီးကာ အဒေါ်လောင်ကို အချက်ပြလိုက်သည်။
"ကျွန်မ အဲ့လိုလုပ်လို့ရလို့လား။ သီးသန့်စံအိမ်ရဲ့စည်းမျဉ်းတွေကို ကျွန်မသိပါတယ်။ တကယ်တင်းကြပ်တယ်နော်"
အဒေါ်လောင်က ခေါင်းခါပြလိုက်သည်။
ရွှေလျန်က သူမအား သူမအားလျှင်လာလည်ရန်ပြောထားသော်လည်း သီးသန့်စံအိမ်ထဲရှိ အစေခံများမှာ မင်းသားကြီးစံအိမ်မှဖြစ်ကြောင်း သူမသိပေသည်။ ၎င်းတို့သည် သာမန်ချမ်းသာသောမိသားစုများထက် ပို၍စည်းကမ်းတင်းကြပသည်။ ယခင်က သူမလာကာ အဒေါ်ထျန်းနှင့်အတူ စုရွှေလျန်အား စကားလာပြောတတ်သည်။ သို့သော်လည်း မြို့သုံးမြို့အား တစ်မြို့တည်းပေါင်းလိုက်သည်မှစ၍ ထိုအမျိုးသမီးလေးတွင် လုပ်စရာကိစ္စများစွာရှိသွားလေသည်။
လတ်တလောတွင် ပိုးထည်အလုပ်ရုံသည် တရားဝင်လုပ်ကိုင်နေကာ စုရွှေလျန်က ရှို့ဖုန်းအား ပုံမှန်ထက် ပို၍သွားကြည့်တတ်ကြောင်း ကြားထားသည်။ ထို့အပြင် အဒေါ်လောင်သည်လည်း သူမ၏လယ်ဖြင့် အလုပ်များနေပေသည်။ သူမ၏စပါးခင်းအားလုပ်ပြီးသည့်နောက်တွင် အိမ်မကြီး၏အခင်းများအတွက် ရက်အတော်ကြာမျှ အလုပ်လုပ်ရသည်။ သူမသည် ထိုမိန်းကလေးအားတွေ့ခဲ့သည်မှာ တစ်လလောက်ပင်ရှိပြီဖြစ်၏။
"ခင်ဗျားကရော မနားတော့ဘူးလား။ သွားကြမယ်။ အများဆုံးတော့ ငါ့ကိုတော့ အမဲသားနှပ်တစ်ပန်းကန်ပေးမှာပါ"
လောင်ရှားက မြက်ဦးထုပ်ကိုကောက်ယူကာ မိုးမခပင်များအတိုင်း လျှောက်သွား၏။
အဒေါ်လောင်က ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီး ခေါင်းခါလိုက်၏။ သူမ၏ချွေးမအကြီးဆုံးမှာ သူမ၏မိခင်ဖြစ်သူအိမ်သို့လည်ရန် ထွက်ခွာသွားလေသည်။ သူမသည် ယခုတွင် အိမ်ပြန်လျှင် မနက်ကချက်ထားသောဆန်ပြုတ်ကိုသာ အပူပြန်ပေးကာ နေ့လည်စာအဖြစ် စားရမည်ဖြစ်သည်။ ထို့ကြောင့် လောင်ရှားနောက်လိုက်ကာ အိမ်မကြီးဆီသို့သွားရန် ဆုံးဖြတ်လိုက်၏။ စုရွှေလျန်နှင့်တွေ့ဆုံကာ ကလေးသုံးယောက်အား ဖက်ထားရန် အခွင့်အရေးရလျှင်ကောင်းမည်ဟု သူမစဉ်းစားနေမိလေသည်။
လတ်တလောတွင် မိုးမခပင်များနှင့် ဖန်းမျိုးဝင်ပင်တို့သည် လမ်ဘေးတစ်လျှောက်တွင် စိမ်းလန်းစိုပြေစွာ ပေါက်ရောက်နေကြသည်။ နွေရာသီရောက်လာသောကြောင့် အခက်အလက်များထွက်လာကာ ရွာထဲရှိ လမ်းများကို အရိပ်ရစေသည်။ ကံကောင်းသောနေရောင်ခြည်တန်းလေးများသာ သစ်ရွက်များကို ဖြတ်ကျော်လာကြ၏။ ဟဲယွမ် ဝင်ပေါက်မှ သီးသန့်စံအိမ်များ၏အိမ်မကြီးများဆီသို့ လမ်းသည် နွေရာသီတွင် ထိုသို့ဖြစ်နေတတ်သည်ဟု ဆိုနိုင်ပေသည်။ နွေရာသီတွင်အေးကာ ဆောင်းရာသီတွင် နွေးပေသည်။ ရွာသားများက လမ်းမထက်တွင် မြင်းလှည်းများဖြင့် ဖြတ်သွားကာ နှောင့်ယှက်ခြင်းကို မစိုးရိမ်ကြလျှင် ၎င်းတို့၏ပက်လက်ကုလားထိုင်များကိုယူကာ သစ်ပင်အောက်တွင် တစ်ရေးအိပ်နိုင်ပေသည်။
လမ်းတွင် အဒေါ်လောင်သည် လောင်ရှားပြောသော စိတ်ဝင်စားစရာကောင်းသော ဟဲယွမ်၏သတင်းများကို နားထောင်လာသည်။ ဥပမာအားဖြင့် ဆားရည်စိမ်ဆိုင်ခွဲအသစ်ကို ရွှေယွဲ့မြို့တွင် ဖွင့်လှစ်တော့မည်ဖြစ်ကာ ဆိုင်သစ်အား မြို့၏လမ်းမကြီးတွင် ဖွင့်လှစ်မည်ဖြစ်သည်။ ဖန်းလော့မြို့သည် ဖန်းလော့နိုင်ငံဖြစ်လာမည့်အကြောင်းကိုလည်း ပြောသွား၏။
"ဘာ။ ဘယ်အချိန်ကဖြစ်သွားခဲ့တာလဲ"
အဒေါ်လောင်က အံ့ဩသွားသည်။ သူမသည် မြို့သူကြီးဆီမှ အခြားသောဇာတ်လမ်းများကို ကြားဖူး၏။ သို့သော် အဘယ့်ကြောင့် မြို့သူကြီးသည် ဖန်းလော့မြို့နာမည်ပြောင်းလဲသွားသောကိစ္စကြီးကို မပြောပြခဲ့ရပါသနည်း။
"ဟီးဟီး ကျုပ်လည်း ဒီမနက်မှ စီမံခန့်ခွဲရေးခေါင်းဆောင်ဆီကကြားခဲ့တာ။ နန်းမြို့တော်ကသတင်းလို့လည်း ကြားခဲ့တယ်"
လောင်ရှားခေါင်းကုတ်မိသွားသည်။ အမှန်တွင် ကြာကန်အခြေအနေအား တင်ပြရန် လာသောအချိန်တွင် ထိုသတင်းအား မတော်မဆစီမံခန့်ခွဲရေးခေါင်းဆောင်နှင့် သူ၏ဇနီးဆီမှ ကြားခဲ့ခြင်းဖြစ်သည်။
"အံ့ဩစရာမရှိပါဘူး။ ကောင်းလိုက်တာ။ ဒါပေမဲ့ ဘာလို့ သူတို့က ဖန်းလော့မြို့ကို ဖန်းလော့တိုင်းပြည်လို့ ပြောင်းလိုက်ရတာလဲ။ ကျွန်မတို့ တဟွေ့မှာ အခြားတိုင်းပြည်ရှိလာမှာလား"
အဒေါ်လောင်နားမလည်တော့ပေ။ သို့သော်လည်း ထိုကိစ္စသည်နန်းတွင်းညီလာခံ၏ နိုင်ငံ့အရေးသာဖြစ်ကာ ၎င်းတို့ကဲ့သို့ လယ်သမားများနှင့် ဘာမျှမသက်ဆိုင်ပေ။ ပို၍ပြင်းထန်သောနည်းဖြင့်ပြောရလျှင် တဟွေ့သည် မင်းဆက်အဖြစ်သို့ ပြောင်းသွားသောအခါတွင်လည်း ၎င်းတို့ဘဝသည် ပြောင်းလဲသွားခြင်းမရှိခဲ့ပေ။ ယခုတွင် အခွန်အခများလွတ်ငြိမ်းခွင့်ရပြီးဖြစ်ကာ ၎င်းတို့အား မည်သို့မျှသက်ရောက်မှုမရှိနိုင်တော့ပေ။
ပြောနေစဉ်တွင်ပင် ၎င်းတို့သည် အိမ်မကြီး၏ မီးဖိုချောင်ကြီးဆီသို့ ရောက်လာကြသည်။ အဒေါ်လောင်သည် လောင်ရှားနှင့်အတူ မီးဖိုချောင်ကြီးဆီသို့ ဝင်သွား၏။ သူမသည် လျန်မော့မော့၏အသံကို ကြားလိုက်ရသည်။
"အဒေါ်လောင် ရှင့်ကိုခပ်လှမ်းလှမ်းကတွေ့လိုက်တယ်။ နေ့လည်စာစာပြီးရင် စာကြည့်ခန်းထဲလာတွေ့ဖို့ သခင်မက ပြောလိုက်တယ်။ သူက ရှင်နဲ့တစ်ခုခုဆွေးနွေးချင်တယ်တဲ့လေ"
"အင်း မော့မော့ ကျွန်မကို အဲ့လိုကြီး တခမ်းတနားမဆက်ဆံပါနဲ့။ ဒီနေ့ မီးဖိုချောင်က အမဲရင်ပုံသားချက်တယ်ကြားလို့ ဘယ်လိုချက်လဲမေးဖို့ ရောက်လာတာပါ။ အခုပဲ သခင်မကို သွားတွေ့လိုက်ပါ့မယ်"
သူမသည် ဆိုးဆိုးဝါးဝါးတစ်ခုခုလုပ်ခဲ့သည်ကို မိသွားသကဲ့သို့ နီမြန်းသွား၏။
"ဟားဟား ငါတို့ အဒေါ်ဖန်းကို နန်းတွင်းမီးဖိုချောင်က သင်ပေးထားတာလေ။ သူ့ကို ကြိုက်တဲ့အချိန် လာမေးလို့ရပါတယ်။ အမှာစကားပါးပြီးပြီ။ အဲ့တာကြောင့် သခင်လေးနဲ့ သခင်မလေးအတွက် နေ့လည်စာသွားပို့ရတော့မယ်။ နေ့လည်စာမစားရသေးရင် မီးဖိုချောင်ထဲလာပြီး အဒေါ်ဖန်းရဲ့ လက်ရာကို လာမြည်းလိုက်ပါဦး"
လျန်မော့မော့က ယဉ်ကျေးစွာ ပြန်ဖြေလိုက်၏။ သူမသည် စုရွှေလျန်၏အမှာကိုပြောပြီးနောက်တွင် သူမသည် သခင်လေးများအတွက် နေ့လည်စာပို့ရန် ထွက်သွားလေသည်။
အဒေါ်လောင်က ရှက်ရှက်ဖြင့် ပြုံးပြလိုက်၏။ မိန်းကလေး စုရွှေလျန်က သူမကိုတွေ့ချင်နေသည်ဆိုသောကြောင့် ချက်ချင်းပင် အကြီးဆုံးသားဖြစ်သူ၏ ပန်းပဲရုံနှင့်ပက်သည့်ကိစ္စဖြစ်မည်ဟု တွေးလိုက်သည်။ ယခင်က အဒေါ်ထျန်းနှင့် မြို့သူကြီးဆီမှ ကြားခဲ့လေသည်။ သို့သော်လည်း ကောက်ရိတ်ရာသီပြီးနောက်တွင် သူမမေ့လျောနေကာ စုရွှေလျန်က ယနေ့တွင် သူမကိုပြောချင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
ကောင်းသောကိစ္စပင်ဖြစ်သည်။ အကြီးဆုံးသားဖြစ်သူ၏မိသားစုသည် ဝင်ငွေတည်တည်ငြိမ်ငြိမ်တစ်ခုရရှိနိုင်ရန် သူမအမြဲမျှော်လင့်ထားခဲ့သည်။
သူမစိတ်ထဲရှိ ထိုအတွေးဖြင့်ပင် အမဲရင်ပုံသားစာရန် အလောမကြီးတော့ပေ။ အရင်ဦးစွာ မိန်းကလေး စုရွှေလျန်နှင့်သွားတွေ့ရပေမည်။ သခင်မ...နှင့်သွားတွေ့ရပေမည်။ မဟုတ်လျှင် အိမ်မကြီးထဲမှအကူများသည် သူမကို စည်းကမ်းမရှိသည့်အတွက် ဝိုင်းရယ်ကြပေမည်။
စုရွှေလျန်က ခုံမှ မတ်တပ်ရပ်လိုက်ကာ မျက်မှောင်ကြုတ်၍ ချင့်ချိန်စဉ်းစားနေသည်။ သူမသည် နန်းမြို့တော်ရှိ လျန်ရွှမ်ကျင်းgနှင့်သူ၏ဇနီးဆီသို့ စာရေးပြီးသွားယုံသာရှိသေးသည်။ ယမန့်နေက ကွမ်းချီအိမ်တော်မှတစ်ဆင့် နန်းမြို့တော်အကြောင်း သတင်းရခဲ့သည်။
တဟွေ့မင်းကြီးသည် သူ၏ထီးနန်းအား ငါးနှစ်သားမင်းသားကိုးဆီသို့လွှဲပေးလိုက်ကာ အပြင်းနေမကောင်းဖြစ်နေသည်။ မင်းသားရှန်းဖြစ်သော လော့ရှားအာသည် ဘုရင်ကိုယ်စားအုပ်ချုပ်သူအဖြစ် အမိန့်ပေးခံထားရသည်။ မင်းသားကို အသက်(၁၈)နှစ်မတိုင်ခင်အထိ သူသည် မင်းကြီးအသစ်ကိုကူညီကာ တိုင်းပြည်ကိစ္စများကို ကိုင်တွယ်ရမည်။
လက်ခံ၍ရသော်လည်း လူများလန့်နေကြသည်မှာ လျန်ရွှမ်ကျင်းပင်ဖြစ်ကာ အနားယူကာ မွေးရပ်မြေသို့ပြန်မည့်ဦးရီးတော်တစ်ပါးပင်ဖြစ်သည်။ စစ်တပ်အာဏာကိုထိန်းသိမ်းထားသော လျန်အန်းဇိုင်သည်လည်း ယခုတွင် သူ၏အာဏာကို ဆုံးရှုံးပြီးဖြစ်ကာ ဖန်းလော့တိုင်းပြည်၏ ဦးရီးတော်ဖြစ်လာကာ ဖန်းလော့တိုင်းပြည်ကိုသာ စီမံတော့၏။
ဖန်းလော့တိုင်းပြည်မှာ ဖန်းလော့မြို့ပင်ဖြစ်သည်။ မင်းကြီးအသစ်က ထိုနာမည်ကိုပြောင်းလဲခြင်းဖြစ်ကာ တဟွေ့ပိုင်နက်ထဲမှခွဲထွက်ပြီး အမှီအခိုကင်းသောနိုင်ငံတစ်ခုဖြစ်လာအောင်လုပ်လိုက်လေသည်။ ခုနှစ်လပိုင်းမှစတင်၍ ဖန်းလော့တိုင်းပြည်အုပ်ချုပ်မှု၏ မူဝါဒများအားလုံးသည် ဦးရီးတော်၏အမိန့်အောက်တွင်ရှိသည်။ ထိုနေရာမှလူများသည် တဟွေ့သို့ အခွန်အခပေးရန် မလိုတော့ပေ။ ကံကောင်းစွာဖြင့် မြို့မှအဝင်အထွက်လုပ်ငန်းစဉ်များသည် တဟွေ့နယ်စပ်သို့ အထွင်အထွက်များထက် ပို၍လျော့နည်းသွားသည်။ စီးပွားရေးတွင် ကောင်းသောရလဒ်တစ်ခုဖြစ်ကာ ဖန်းလော့တိုင်းပြည်နှင့် အခြားတိုင်းပြည်များကြားမှ ကူးသန်းရောင်းဝယ်ရေးပင်ဖြစ်သည်။
ဖန်းလော့တိုင်းပြည်သည် တဟွေ့အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် မရှိတော့သော လွတ်လပ်သည့်နိုင်ငံဖြစ်လာသည်။ ဦးရီးသော လျန်အန်းဇိုင်၏ ချည်နှောင်ထားသောခြေလက်များကို လွှတ်ပေးပြီးဖြစ်ကာ တိုင်းပြည်အား ပြန်လည်ဖွဲ့စည်းသောအခါတွင်လည်း သတိထားနေစရာမလိုတော့ပေ။
သို့သော်လည်း စုရွှေလျန်သည် ဦးရီးတော်နှင့်သူ၏ဇနီးကို စိတ်ပူမိသည်။ သူမ၏အစ်ကို ၎င်းတို့အဆင်ပြေကြောင်း စာရေးပြီးပို့ထားပြီးဖြစ်သည်။ လတ်တလောတွင် အစေခံများကို အလုပ်ထုတ်ကာ ဖန်းဟွာသီးသန့်စံအိမ်သို့ပြောင်းရွှေ့ကာ တစ်သက်လုံးနေထိုင်ရန် အထုပ်အပိုးများထုတ်ကာ စီမံနေလေသည်။
စိတ်ပူမှုများကို ချိုးနှိမ်၍မရသောကြောင့် မိဘများထံ စာရေးခဲ့လေသည်။ သူမ၏စိတ်ပူမှုများ တွန့်ဆုတ်မှုများကိုမူ စာထဲတွင် ဖော်ပြမထားပေ။ ကျန်းမာရေးကိုဂရုစိုက်ရန်နှင့် အိမ်သို့သာအမြန်လာရန်ရေးထားသည်။ ယခုမှစ၍ ၎င်းတို့အိမ်ဖြစ်ပြီဖြစ်၏။
"သခင်မ အဒေါ်လောင်ရောက်ပါပြီ။ ဒီအစေခံက အိမ်မကြီးမှာ သူ့ကိုစောင့်ခိုင်းထားပါတယ်"
ရှင်းကျီကတင်ပြလိုက်သောအကြောင့် သူမ၏အတွေးရထား ရပ်တန့်သွားသည်။
"ကောင်းပြီ။ အခုပဲလာခဲ့မယ်"
စုရွှေလျန်ခေါင်းညိတ်ပြလိုက်၏။ သူမသည် စုတ်တံကိုဘေးချလိုက်ပြီး အနီရောင်ရွှံ့စေးဖြင့် ချိတ်ပိတ်ကာ စာကို ရှင်းကျီဆီသို့လွှဲပေးလိုက်၏။
"ညနေကျ အားရင် ဒီစာကို ငါ့အတွက်ကွမ်းချီအိမ်ကို ပို့ပေးပါ။ ပြီးတော့ ဆေးခန်းကိုသွားပြီး ငါ့အစ်ကိုပြန်လာတော့မယ်ဆိုတဲ့အကြောင်းလည်း ကျင်းကျီကိုပြောလိုက်ပါ"
"ဟုတ်ကဲ့"
ရှင်းကျီက ဂရုတစိုက်ဖြင့် စာကို သူမအင်္ကျီလက်ထဲသို့ထည့်လိုက်ပြီး စုရွှေလျန်ကို ဧည့်ခန်းသို့ခေါ်မသွားခင်တွင် စားပွဲကို သန့်ရှင်းလိုက်သည်။
"သခင်မ ဧည့်ခန်းမှာ နေ့လည်စာစားမလား။ ဒီနေ့ စားဖိုဆောင်က အမဲရင်ပုံသားချက်ထားတယ်။ အားလုံးက အရသာရှိတယ်ပြောနေကြတာ"
"ကောင်းပြီ။ မင်းလည်းနေ့လည်စာသွားစားတော့လေ။ အဒေါ်လောင်ကိုလည်း စားပြီးပြီလားမေးခဲ့။ သူမစားရသေးရင် ငါနဲ့အတူ ဧည့်ခန်းမှာ နေ့လည်စာစားဖို့ ဖိတ်လိုက်"
စုရွှေလျန်က စာကြည့်ခန်းထဲရှိ ဘေစင်ထဲတွင် လက်ကိုဆေးလိုက်ကာ ဧည့်ခန်းမကြီးဆီသို့ ဦးတည်သွား၏။
ပန်းပဲရုံကိစ္စကြောင့် အဒေါ်လောင်ကိုတွေ့ချင်သည်မှာ အမှန်ပင်ဖြစ်သည်။ လွန်ခဲ့သောတစ်လက ပန်းပဲရုံနှစ်ရုံမှာ ဖောက်သည်လုကြရင်း ရန်ဖြစ်ခဲ့ကြသည်ဟု ယန်ရှင်းအိမ်က သတင်းပေးခဲ့သည်။ ပန်းပဲရုံမှ တစ်စုံတစ်ယောက်က ခက်ရင်းခွပူအားသုံးကာ အခြားပန်းပဲဖိုမှသူ၏မျက်လုံအား ထိုးပစ်ခဲ့သည်ဟု ကြားသည်။ ယခုတွင် သူမျက်လုံးကန်းသွားပေသည်။ တိုက်ခိုက်သူသည်လည်း မြို့စား၏ကိုယ်စားလှယ်များက ထောင်ချလိုက်သည်။
အလုပ်ရုံ၏မိသားစုမှာ ပန်းပဲလုပ်ငန်းနှင့် မရင်းနှီးသောကြောင့် အမှာစာကြီးကြီးမားမားမရပေ။ ထို့ကြောင့် မြို့စား၏ကိုယ်စားလှယ်များက အားယောင်အား ဟဲယွမ်၏ လောင်ရုန်ဖူကို ဌားပေးရန် ပြောခဲ့ခြင်းဖြစ်သည်။
စုရွှေလျန်က ထိုကိစ္စကို နဂါးလှေပွဲတော်က လောင်မိသားစုနှင့်ဆွေးနွေးရန် စီစဉ်ထားသော်လည်း ကိစ္စများစွာဖြစ်သွားသောကြောင့် သူမမေ့လျောသွားခြင်းဖြစ်သည်။ ယနေ့တွင် လျန်မော့မော့က အဒေါ်လောင်သည် စံအိမ်အနီးတွင်ရှိကြောင်းပြော၍ သူမကိုပြောရန် အလောတကြီးခေါ်လိုက်ရခြင်းဖြစ်သည်။
"အဒေါ်လောင် ဦးလေးလောင်နဲ့လည်း တိုင်ပင်သင့်တယ်။ သူသဘောတူရင် အရာရှိက အဒေါ့်အတွက် ဆိုင်ရှာပေးလိမ့်မယ်။ ပထမနှစ်လအတွက် ဌားရမ်းခပေးစရာမလိုပါဘူး။ နောက်ကျရင် ဌားရမ်းခရဲ့ပျမ်းမျှနှုန်းကို ပေးလို့ရပါတယ်။ သူသဘောတူရင် ဒီလကစပြီး အလုပ်လုပ်လို့ရပါတယ်။ တကယ်တော့ ဟဲယွမ် က ရုန်ဖူကို ဒီကဆိုင်ကိုလည်း မပိတ်စေချင်ဘူး။ လတိုင်း ရွာသားတွေအတွက် ကိရိယာတွေပြင်ပေးဖို့ပဲ လာခဲ့သင့်တယ်"
"ပြဿနာမရှိပါဘူး မိန်းကလေး။ ငါ့အပြုအမူတွေကိုမေ့နေတာ။ သခင်မ ရုန်ဖူကိုယ်စား ကျွန်မက သဘောတူပါတယ်။ မြို့ထဲမှာဆို အလုပ်ပိုပေါတာပေါ့။ မိသားစုကိုကျွေးမွေးဖို့လည်း ပိုလွယ်သွားတာပေါ့။ လွန်ခဲ့တဲ့တစ်လတုန်းကဆို သူကဆယ်ရက်လောက်ကို လုပ်နိုင်တယ်"
အဒေါ်လောင်က ပေါင်ကိုပုတ်ကာ အားရပါးရသဘောတူလိုက်၏။ အရာရှိက ၎င်းတို့အတွက် ဆိုင်ရှာပေးမည်။ ထိုမျှကောင်းမွန်သောအခွင့်အရေးအား မီးခွက်နှင့်ထွန်းရှာလျှင်ပင် ရှာမတွေ့နိုင်ပေ။ မည်သည့်အရူးမျိုးက ထိုကမ်းလှမ်းမှုက ငြင်းဆန်မည်နည်း။
"အဒေါ်လောင်ဘာလို့ ကျွန်မကိုယဉ်ကျေးနေရတာလဲ။ ကျွန်ကို ခေါ်နေကျအတိုင်း မိန်းကလေးစုလို့ပဲခေါ်ပါ"
စုရွှေလျန်က ပြုံးပြလိုက်သည်။ အဒေါ်လောင်က ချက်ချင်းပင်သဘောတူလိုက်သောကြောင့် ပြဿနာမရှိတော့ပေ။ စုရွှေလျန်သည် စိတ်ထဲရှိကိစ္စတစ်ခုအား ဖြေရှင်းပြီးဖြစ်သောကြောင့် အဒေါ်လောင်ကို အဒေါ်ဖန်း ချက်ထားသောအမဲရင်ပုံသားစားရန် ဖိတ်မံဒကပြုလိုက်ပေ၏။
***