ထူးဆန်းသော သတ်ဖြတ်ခြင်းတိုက်ကွက် နှင့် [ကောင်းချီးအလင်း ခန္ဓာကိုယ်]
Vol. 21 Ch. 301
“ ရစ်ချတ် ”
ချန်လွေ့က ပုံမှန်အတိုင်း ပြောလိုက်သည်။
“ ကျုပ်ရဲ့ခန္ဓာကိုယ်က အကောင်းဆုံး အခြေအနေ မဟုတ်ပေမဲ့ အနိုင်ရနိုင်ချေက တော်တော်လေး များနိုင်သေးတယ်။ ”
ထိုစကားသည် ကြွားဝါနေခြင်း မဟုတ်ပေ။စူပါစနစ်ထဲရှိ အခြေခံကြယ်အဆင့် အချို့ဖြစ်သော အယ်ခိတ် အခြေအနေနှင့် အလီယော့သ် အခြေအနေတို့သည် ဤလောကရှိ စွမ်းအားအဆင့်နှင့်လည်း ကိုက်ညီနေသည်။သို့သော် လက်ရှိ မယ်ဂရီဇ် အခြေအနေ၌ ပိုင်နက်၏ လျို့ဝှက်ဆန်းကြယ်မှုကို လေ့လာသိရှိသွားပြီးနောက် အဆင့်တူတူ၌ ပြိုင်ဘက်မရှိတော့ပေ။နောက်ပိုင်း စွမ်းအားနှင့် ပိုင်နက် တိုးပွားလာခြင်း နှင့်အတူ မီးသင့်နဂါး၏ စွမ်းအားဖြင့်ဆိုလျှင် ချန်လွေ့အတွက် နတ်ဆိုး ဧကရာဇ် အဆင့်အား တိုက်ရိုက် အဆင့်ကျော်ပြီးစိန်ခေါ်ရန်မှာ မဖြစ်နိုင်လှသည် မဟုတ်ပေ။
“ မရှက်မဲ့တဲ့ ကြွားဝါးခြင်းပဲ။မင်း ငါ့ရဲ့စွမ်းအားအဆင့်ကို မြင်နိုင်တာက ငါ့မျက်လုံးလိုမျိုး နတ်ဆိုးပါရမီ တစ်မျိုးမျိုးကြောင့်ပါပဲ။ ”
ဆမ်မြူရယ် သရော်ပြုံးပြုံးလိုက်သည်။ချန်လွေ့သည် အမြင်ဝေဝါးသွားသကဲ့သို့ ခံစားလိုက်ရပြီး ပတ်ဝန်းကျင်မြင်ကွင်းသည် အလွန်ကြီးမားသော ပြိုင်ကွင်းတစ်ခု ဖြစ်သွားခဲ့သည်။သို့ရာတွင် ပရိသတ်များ မရှိပေ။
“ တိုက်ပွဲနည်းစနစ်တွေကို လေ့လာနေတာက အသုံးမဝင်ဘူး။အပိုတွေ လုပ်မနေဘဲနဲ့ စပြီးတိုက်ခိုက်တော့။ ”
စကားဆုံးသွားသည်နှင့် ဆမ်မြူရယ်၏ပုံရိပ်သည် ချန်လွေ့ဆီသို့ လျှပ်စီးသဖွယ် ပြေးဝင် လာသည်။သူ၏အမြန်နှုန်းသည် အထင်ကြီးစရာ ကောင်းလှပေသည်။
ဆမ်မြူရယ်သည် မြန်ဆန်လှသော်လည်း ၎င်းသည် ရိုမန်ကို ချန်လွေ့ ရင်ဆိုင်စဉ်ကထက် နိမ့်ကျပေသည်။ဆိုလိုသည်မှာ အဆင့်တူချင်းချင်းတွင် ဘယ်ဖီဂေါမိသားစု၏ အမြန်နှုန်းသည် ပြိုင်ဘက်ကင်း ဖြစ်၏။
ဆမ်မြူရယ်သည် မဟာနတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်း ဖြစ်သည့်အတွက် ချန်လွေ့ထက် ခွန်အားကြီးမားသည်။ဆမ်မြူရယ်၏ တိုက်ခိုက်မှုများသည် ဖြတ်လတ်ပြီး သက်ရောက်မှုရှိသည်။ချန်လွေ့သည် ၎င်းကို တိုက်ရိုက်မခုခံဘဲ ကတ်သရင်းနှင့် အဇ်ဂါလောတို တိုက်ပွဲမှ လေ့လာခဲ့ရသော နည်းဗျူဟာအသစ်တစ်ခုကို အသုံးချခဲ့သည်။
ထိုစဉ်က ကတ်သရင်းသည် အဇ်ဂါလော၏ စွမ်းအားကို အားနည်းစေခဲ့ပြီး နူးညံ့ပုံ ပေါ်သည့် လှုပ်ရှားမှုများဖြင့် အစွမ်းထက်သော အနီရောင် လျှပ်စီးစွမ်းအားကို ဆတ်ခနဲ တောက်ပစ်ခဲ့သည်။ထိုပညာရပ်သည် အခြားလောကရှိ ထိုက်ကျိ ကဲ့သို့ တူညီသော လျို့ဝှက်ဆန်းကြယ်မှု ရှိနိုင်ပေသည်။
ချန်လွေ့သည် ပြန်လည်မမွေးဖွာခင်က အိုတာခု ( အိမ်တွင်းပုန်း ) တစ်ယောက်သာ ဖြစ်ပြီး ထိုက်ကျိကို မသင်ယူဖူးပေ။သို့သော် သို့င်းဝတ္ထု ပရိသတ် တစ်ယောက် ဖြစ်သည့်အလျောက် ချန်လွေ့သည် ကျင်းယုံ၏ ဂန္ဓဝင်မြောက် သို့င်းဝတ္ထုများထဲမှ “ခွန်အားကို မထုတ်ဘဲ စိတ်စွမ်းအားကို အသုံးပြုခြင်း” ကဲ့သို့သော အရာအချိုကို လေ့လာခဲ့ရဖူးသည်။သူသည် “ အလီယော့သ် အခြေအနေ ” ကို ကျွမ်းကျင်ခဲ့သည်ကို ကြာပြီဖြစ်သည်။ထိုကြောင့် သူသည် စွမ်းအားအကြောင်းကို နက်နက်ရှိင်းရှိင်း နားလည်သဘောပေါက်ထားပြီး ဖြစ်သည်။ဒီရေကဲ့သို့ လက်သီးချက်သည် ၎င်းမှ ဆင်းသက်လာခြင်း ဖြစ်သည်။
သူသည် ကတ်သရင်း၏ ပညာရပ်ကို မိုလင်မြို့သို့ သွားရာလမ်းတစ်လျှောက်၌ အကြိမ်ကြိမ် ကြိုးစားကြည့်ခဲ့သည်။သူသည် တမင်တကာပင် စူပါစနစ်ထဲဝင်ပြီး ရေစီးနေသော ပတ်ဝန်းကျင်မှု လေ့ကျင့်ရန် ရွေးချယ်ခဲ့သည်။ထိုကဲ့သို့ လေ့ကျင့်ရေးမျိုးသည် အဓိကအားဖြင့် တည်ငြိမ်သည်။အကြောင်းမှာ သူ၏ဒဏ်ရာသည် လှုပ်လှုပ်ရှားရှား လေ့ကျင့်ရေးများကို ခွင့်မပြုခြင်းကြောင့်ပင် ဖြစ်သည်။ယခုအချိန်သည် ၎င်းကို စမ်းသပ်ကြည့်ရန် အခွင့်အရေးကောင်းတစ်ရပ်ပင် ဖြစ်သည်။
ဆမ်မြူရယ်သည် အဆက်မပြတ် တိုက်ခိုက်ပြီး ပြိုင်ဘက်ဖြစ်သူကို ဖိနှိပ်နေခဲ့သည်။ သို့သော် ထို “ ရစ်ချတ် ” ၏ ခုခံမှုများမှာ အလွန်ထူးဆန်းသည်။ပျော့ပျောင်းပုံရသော ပညာရပ်သည် ခွန်အားမရှိသကဲ့သို့ပင် ဖြစ်သော်လည်း တိုက်ခိုက်မှုများကို အမြဲပင် အချိန်မီ ကာကွယ်နိုင်ခဲ့သည်။ထိခိုက်သွားလျှင်လည်း ဒဏ်ရာ အနည်းငယ်သာ ရသည်။ အစပိုင်းတွင် သူသည် ထိုပညာရပ်နှင့် မကျွမ်းကျင်သေးဘဲ ဟာကွက်များ ခဏခဏ ပေါ်ထွက်လာသည်။နောက်ပိုင်း၌ သူသည် ပို၍ပို၍ ကျွမ်းကျင်လာပြီး ရုတ်တရက် အားအင်များကို မကြာခဏ ထုတ်လွှတ်လာသည်။ထိုတိုက်ခိုက်မှုများသည်လည်း ရံဖန်ရံခါ မိုးကြိုးများ သက်ဆောင်လာပြီး ၎င်းကို ထိထိရောက်ရောက် ခုခံရန် မဖြစ်နိုင်ပေ။
အထူးဆန်းဆုံးမှာ ဆမ်မြူရယ်၏ လျန်မြန်သော အမြန်နှုန်းသည် မကြာခဏ ထူးထူးခြားခြား နှေးကွေးသွားခြင်းပင် ဖြစ်သည်။သူသည် ရွှံ့ဗွက်ထဲသို့ ကျသွားပြီး ခြေလက်များကို လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်တော့သကဲ့သို့ ဖြစ်သွားသည်။
ဆမ်မြူရယ် တိတ်တဆိတ် သတိရှိသွားသည်။ ဒီနည်းလမ်းက တော်တော်လေး ထူးဆန်းတယ်။ငါက အခု အသာစီးရနေပေမဲ့ တိုက်ပွဲအခြေအနေက ဒီအတိုင်း ရှေ့ဆက်မယ်ဆိုရင် ငါ့ရဲ့စွမ်းအားတွေ ပိုပိုပြီး ကုန်ခမ်းသွားလိမ့်မယ်။အဲဒါဆိုရင် ရန်သူကိုငါ သေစေနိုင်လောက်တဲ့ ထိခိုက်မှုတွေဖြစ်အောင် လုပ်နိုင်တော့မှာ မဟုတ်ဘူး။ ငါ့ရဲ့ သက်လုံမကောင်းဘူးဆိုတာ တစ်ဖက်က သိထားပြီးပြီ။သူက ငါ့ကို အနိုင်ယူဖို့ အတွက် တိုက်ပွဲကို အချိန်ဆွဲနေချင်တာများလား။
အမှန်တကယ် ဆမ်မြူရယ် အတွေးလွန်နေခြင်း ဖြစ်သည်။ချန်လွေ့သည် ထိုခုခံမှု ပညာရပ်အသစ်ကို လေ့ကျင့်ရန်အတွက် ဆမ်မြူရယ်ကို အသုံးချနေခြင်းသာ ဖြစ်သည်။ “ရုတ်တရက် အားတိုးလာခြင်း ” နှင့် “ မိုးကြိုး ” များမှာ [ မိုးခြိမ်းသံ ] ၏ သက်ရောက်မှုများကြောင့်သာ ဖြစ်သည်။ဆမ်မြူရယ်၏ စွမ်းအားသည် ချန်လွေ့၏ လက်ရှိအခြေအနေထက် သာသည်။သို့သော် ပိုတိုး၍ ကျွမ်းကျင်လာသော ခုခံမှုပညာရပ်ကြောင့် ချန်လွေ့သည် တစ်ဖက်လူ၏ တိုက်ခိုက်မှုများကို အားသိပ်စိုက်ထုတ်စရာမလိုဘဲ ဖိနှိပ်လာနိုင်သည်။
ဆမ်မြူရယ်က ရေရှည်တိုက်ပွဲသည် အရေးသာမည်မဟုတ်ကြောင်း သိသည့်အတွက် တိုက်ပွဲစက်ဝိုင်းအတွင်းမှ ဖျပ်ခနဲ ခုန်ထွက်လိုက်သည်။သူသည် လက်ထဲမှ ဓားရှည်ဖြင့် ချန်လွေ့ကို ခုတ်ပိုင်းလိုက်သည်။အဖြူရောင် လခြမ်း-သဏ္ဍာန် ရောင်ခြည်တစ်ခု လေထဲမှ ပျံသန်းသွားပြီး ၎င်းသည် အလွန်အမင်း ထက်မြက်လှ၏။
ပြောင်းလဲမှုသည် ရုတ်တရက်ပင် ဖြစ်ပြီး လခြမ်းရောင်ခြည်သည် သန့်စင်သောစွမ်းအင် တိုက်ခိုက်မှုတစ်ခု ဖြစ်သည်။ချန်လွေ့သည် ၎င်းကို အသစ်စက်စက် သင်ယူထားသော ပညာရပ်ဖြင့် မဖြေရှင်းနိုင်ပေ။ထိုရောင်ခြည် နီးကပ်လာသောအခါ ချန်လွေ့ တယ်လီပို့ ခုန်ပြီး ရှောင်တိမ်းလိုက်သည်။ဆမ်မြူရယ်သည် နတ်ဆိုးဘုံသို့ ရောက်လာပြီးကတည်းက တိုက်ပွဲများစွာကို တိုက်ခိုက်ဖူးသည့်အတွက် ထိုတယ်လီပိုခုန်ခြင်းကို လုံးဝ မအံ့ဩ သွားပေ။ သူ၏လက်ထဲမှဓားရှည်သည် လေကဲ့သို့ပင် ဖြစ်နေပြီး လခြမ်းစွမ်းအင်များကို ချန်လွေ့ထံသို့ အဆက်မပြတ် ခုတ်ပိုင်းလိုက်သည်။ချန်လွေ့ တယ်လီပို့ခုန်လိုက်ပြီး ဆမ်မြူရယ် အရှေ့သို့ ပေါ်ထွက်လာသည်။ဆမ်မြူရယ် သတိလက်လွတ်ဖြစ်သွား သော်လည်း ကြောက်မနေပေ။ဓားရှည်သည် အလင်းလှိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ချန်လွေ့ကို တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားလိုက်သည်။
ဆမ်မြူရယ် အသားစီးရသွားစဉ် သူ၏စိတ်ထဲ၌ အန္တရာယ်အချက်ပေးသံတစ်ခု ထွက်ပေါ် လာသည်။သူက ဓားကိုမြှောက်လိုက်ပြီး ရန်သူ၏ တိုက်ကွက်ကို ခုခံလိုက်သည်။ သို့သော်လည်း ရုပ်ပိုင်းဆိုင်ရာကို ဖြတ်သန်းသွားသော ထက်မြက်လှသည့်စွမ်းအင်ကိုမူ မတားဆီးနိုင်ခဲ့ပေ။သူ ကတိုက်ကရိုက် ရှောင်တိမ်းလိုက်စဉ် ရင်ဘတ်မှ ချပ်ကာသည် ထက်မြက်လှသော လက်နက်တစ်ခုဖြင့် ပိုင်းဖြတ်ခံလိုက်ရပြီး ဒဏ်ရာ နောက်တစ်ခု ဖြစ်သွားစေသည်။
လူသား၏ခန္ဓာကိုယ်သည် နတ်ဆိုးများထက် အားနည်းပြီး ပြန်လည်အသစ်ဖြစ်ခြင်း နှင့် ကုသစွမ်းအားတို့မှာ ပို၍နိမ့်ကျသည်။ချက်ချင်းပင် သွေးများ တရစပ်ထွက်နေ၏။ ဆမ်မြူရယ်သည် ချန်လွေ့ကို နောက်ဆုတ်အောင် ဓားဖြင့် တွန်းထုတ်လိုက်သည်။သူ၏ လက်ထဲတွင် အဖြူရောင် အလင်းတစ်ခု ပေါ်ထွက်လာသည်။မူလက နက်ရှိုင်းသော ဒဏ်ရာသည် အလျင်အမြန်ပင် ပြန်ကောင်းလာသည်။မျက်စိတစ်မှိတ်အတွင်းမှာပင် အမာရွတ်သေးသေးလေးသာ ကျန်တော့သည်။
ဒီလိုမျိုး ကုသခြင်းသက်ရောက်မှုက ရေဒြပ်စင်ရဲ့ ကုသခြင်းပညာရပ်ထက် အများကြီး သာတာပဲ။ ချန်လွေ့သည်လည်း အထူးဒြပ်စင်စွမ်းအားတစ်ခု ခံစားလိုက်ရသည်။၎င်းသည် ကြင်နာပြီး နွေးထွေးသော အလင်းဒြပ်စင်တစ်ခု ဖြစ်သည်။
နတ်ဆိုးဘုံ ပတ်ဝန်းကျင်သည် အမှောင်ဒြပ်စင်များအတွက် အသင့်တော်ဆုံးဖြစ်ပြီး အလင်းဒြပ်စင် စွမ်းအားများမှာ အတော်လေး အားနည်းသည်။ထို့ကြောင့် နတ်ဆိုးများ၏ လေ့ကျင့်ရေးသည် အမှောင်ဒြပ်စင်စွမ်းအားနှက့် အမှောင်မှော်ပညာကို လေ့ကျင့်ခြင်း ဖြစ်သည်။လူသားလောကသည် လုံးဝဆန့်ကျင်ဘက် ဖြစ်သည်။ထိုကဲ့သို့ အလင်း မှော်ပညာမျိုးကို ချန်လွေ့ ယခုမှ ပထမဆုံး တွေ့ဖူးခြင်း ဖြစ်သည်။
ဆမ်မြူရယ်သည် ချန်လွေ့၏ အရောင်ဖျော့ဖျော့ တောက်နေသော လက်ဝါးကို သတိထားပြီး ကြည့်လိုက်သည်။ ဒီလိုတိုက်ခိုက်မှုက တကယ်ကြီး ရုပ်ပိုင်းဆိုင်ရာ ခုခံမှုကို ဖောက်ထွင်းပြီးတော့ အတွင်းကို ထိခိုက်စေနိုင်တယ်။သားရေချပ်ကာရဲ့ ကာကွယ်မှု ကြောင့်သာ မဟုတ်ရင် ငါခုနက ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားနိုင်တယ်။
“ အဲဒါက တကယ်ကောင်းတဲ့ တိုက်ကွက်ပဲ။မင်းငါ့ကို တကယ်ပဲ စိတ်မပျက်စေခဲ့ဘူး။ မင်းက ဆိုလာနာထက် ပိုပြီးအစွမ်းထက်တယ်။မင်း အစွမ်းကုန် မသုံးခဲ့တာ ငါသိတယ်။ ငါရောပဲ။ ”
ဆမ်မြူရယ်၏ အငွေ့အသက် ကြီးကြီးမားမား တိုးပွားလာပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် နေကဲ့သို့ နွေးထွေးမှုနှင့် တောက်ပမှုများ ထုတ်လွှတ်လိုက်သည်။
“ နတ်ဆိုးတွေရဲ့ ခန္ဓာအမျိုးအစားက ပုံမှန်အားဖြင့်တော့ လူသားတွေထက်သာတယ်။ငါ့ရဲ့ သက်လုံက သိပ်မကောင်းဘူးဆိုတာ မင်းသိသွားပြီ။ဒါကြောင့် ငါမင်းနဲ့ အချိန်ကြာကြာ တိုက်ခိုက်မှာ မဟုတ်ဘူး။ငါ့ရဲ့အစွမ်းထက်ဆုံး စွမ်းအားသုံးပြီးတော့ မင်းကိုငါ တစ်ခါတည်း အနိုင်ယူမယ်။ ”
ရောင်ခြည်သည် ပို၍တောက်ပလာပြီး ရောင်ခြည်အလယ်မှ ဆမ်မြူရယ်သည် ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်ခုကို ရုတ်တရက် အာရုံခံမိသွားသည်။ သူ၏ခန္ဓာကိုယ်မှ တောက်ပနေသော အလင်းနှင့် အပူတို့ကို “ ထူးဆန်းသော ” အနက်ရောင်မီးတောက်စွမ်းအားတစ်ခုက ဖိနှိပ်လိုက်တော့သည်။
ဒါက ဘယ်လိုမျိုး ကြောက်မက်ဖွယ်ရာ သတ္တဝါရှည်ကြီးလဲ။မြွေလိုမျိုး နတ်ဆိုး သားရဲလား။လုံးဝ မဟုတ်ဘူး။ဒါက နတ်ဆိုးသားရဲအားလုံးရဲ့ ထိပ်မှာရှိတဲ့ အထူးသတ္တဝါ တစ်ကောင်ဖြစ်မယ်။ဒါက နဂါးမျိုးဆက်ရဲ့ အပေါ်မှာတောင် ရှိနိုင်တယ်။
ထိုပြိုင်ဘက်သည် အမှန်တကယ်ပင် ထိုသတ္တဝါ၏ စွမ်းအားနှင့် ပေါင်းစပ်သွားခဲ့သည်။ ဟိုရာဒရစ်၏ စစ်မြေပြင် နေရာလွတ်သည် အလွန်အစွမ်းထက်လှသော်လည်း ကြီးမားသော စွမ်းအားကြောင့် ဖြစ်ပေါ်လာသော နေရာလွတ်တုန်ခါမှုသည် ဆမ်မြူရယ် မခံစားရသည်မှာကြာပြီဖြစ်သော အေးစက်မှုမျိုးကို ခံစားရစေသည်။
ဒီလိုလွှမ်းမိုးတဲ့ စွမ်းအားအဆင့်က တကယ်ကြီး သူတော်စင်အဆင့်နား ကပ်နေပြီ။ မဟုတ်ဘူး။သူ့ကို တစ်ဝက်-သူတော်စင်လို သတ်မှတ်လို့ရမယ်။ ငါ့ရဲ့ပြိုင်ဘက်ဟောင်း ပေါလ် လိုမျိုးပဲ။ သို့သော် ၎င်းသည် ဆမ်မြူရယ်၏ စိတ်ထဲရှိ အနိုင်ရရန် ယုံကြည်ချက်ကို ဖျက်ဆီးရန် လုံလောက်ခဲ့သည်။
ဒီပြိုင်ဘက်က တကယ်ကြီး ဒီလိုမျိုး ကြောက်စရာ စွမ်းအားကို ဖုံးကွယ်ထားတာပဲ။
မဟုတ်ဘူး။ငါ ပေါလ်ကို အနိုင်မယူရသေးဘူး။ငါ သူတော်စင်အဆင့် မရောက်သေးဘူး။ငါ သဘောအကျဆုံး အမျိုးသမီးကို ပြန်မရသေးဘူး။ဒီနေရာမှာ ငါသေသွားလို့ မဖြစ်ဘူး။ ဆမ်မြူရယ်၏ နှလုံးသားထဲ၌ ပြင်းထန်သော မလိုလားခြင်း ရှိနေသော်လည်း ရွေးချယ်စရာ မရှိပေ။သူ၏အတွေး ပြောင်းလဲသွားသောအခါ တိုက်ပွဲနေရာလွတ်၏ ပြိုင်ကွင်းသည် ရုတ်တရက် တိမ်တိုက်များအဖြစ် ပြောင်းလဲသွားပြီး သူတိုနှစ်ယောက် လေထဲလွင့်မျောနေတော့သည်။
တိမ်တိုက်များအပါ်၌ နေအစစ် တောက်ပနေသည်။ရုတ်တရက် ပြင်းထန်သော အလင်းဒြပ်စင်စွမ်းအားတစ်ခုသည် ဆမ်မြူရယ် တစ်ကိုယ်လုံးသို့ ပြည့်နှက်သွား တော့သည်။နတ်ဆိုးဘုံ မဟုတ်တော့ဘဲ လူသားလောကရှိ အလင်းညီလာခံသို့ ရောက်သွားသလိုမျိုးပင် ဖြစ်သည်။
ထိုကဲ့သို့ တောက်ပသော နေရာလွတ်သည် အလင်းဒြပ်စင်စွမ်းအားကို အမြင့်ဆုံးအထိ ရောက်ရှိစေနိုင်သည်။သို့သော် တစ်ဝက်-အဆောင်ပစ္စည်း ဟိုရာဒရစ် တိုက်ပွဲ နေရာလွတ်မှာပင် အခြေအနေ ကန့်သတ်ချက် ရှိနေသေးသည်။တစ်ကြိမ် အသုံးပြုပြီးရင် ၎င်း၏စွမ်းအားကို ပြန်ဖြည့်ရန် တစ်လ ကြာသည်။အလင်းဒြပ်စင်များ ဖိနှပ်ခံထားရသော နတ်ဆိုးဘုံတွင် ဟိုရာဒရစ်၏ စွမ်းအား ဖြည့်တင်းသည့်အမြန်နှုန်းသည် အတော်လေး ပို၍နှေးကွေးနိုင်သည်။သို့သော်လည်း ဤကဲ့သို့ အလွန်အန္တရာယ်များသော ရန်သူကို အနိုင်ယူရန် ထိုက်တန်ပေသည်။
အလင်းနေရာလွတ်ကို အသက်သွင်းလိုက်သော ဆမ်မြူရယ်သည် ယုံကြည်ချက် ပြန်လည်ရရှိသွားသည်။အလင်းဒြပ်စင်စွမ်းအားသည် နတ်ဆိုးများ၏ ဝိပါက် ဖြစ်သည်။ ဤနေရာတွင် သူသည် သူ၏ အဆင့်ထက် ကျော်လွန်သော အလင်းမှော်ပညာကို ကြိုက်သလို အသုံးပြုနိုင်သည်။ထိုစဉ် ပြိုင်ဘက်ဖြစ်သူ၏ အမှောင်ဒြပ်စင်စွမ်းအား ကြီးကြီးမားမား ဖိနှိပ်ခံရမည်ဖြစ်သည်။ပြိုင်ဘက်ဖြစ်သူက သူတော်စင်အဆင့် အမှန်တကယ် မရောက်နိုင်လျှင် အနိုင်ရရန် လုံးဝမဖြစ်နိုင်ပေ။
“ [ သိဒ္ဓိ အထောက်အပံ့ ] ”
ဆမ်မြူရယ်က ဓားရှည်ကို ဝှေ့ရမ်းလိုက်ရာ ခန္ဓာကိုယ်မှ အရောင်စုံအလင်းတန်းများ ထွက်လာတော့သည်။သူ၏စွမ်းအားနှင့် စိတ်ဝိညာဉ်သည် ချက်ချင်းပင် ကြီးကြီးမားမား တိုးမြင့်သွားသည်။
“ နတ်ဆိုး။သေစမ်း။ငါ့ရဲ့ အစွမ်းထက်ဆုံး တိုက်ကွက်နဲ့ မင်းကို အဆုံးသတ်ပစ်မယ်။ ”
ဆမ်မြူရယ်၏ အငွေ့အသက် အဆုံးစွန်အထိ တိုးမြင့်သွားပြီး ချန်လွေ့ကို ဓားဖြင့် ချိန်လိုက်သည်။
“ [ အရုဏ်ဦးပျက်သုဉ်းခြင်း ] ”
ချန်လွေ့၏ ခြေထောက်အောက်ရှိ တိမ်တိုက်များထဲ၌ ရုတ်တရက်ပင် အလွန် ကြီးမားသော အလင်း အမှတ်အသားတစ်ခု ပေါ်ထွက်လာသည်။၎င်းသည် ရှုပ်ထွေးသော မှော်စက်ဝိုင်းများ၏ ပေါင်းစပ်မှု တစ်ခုကဲ့သို့ပင် ဖြစ်နေသည်။မှော်စက်ဝိုင်းများမှ မြောက်မြားလှစွာသော တောက်ပနေသည့် အစက်များ ပေါ်ထွက်လာသည်။၎င်းတိုသည် အလျင်အမြန်ပင် လျိုဝှက်ဆန်းကြယ်သော နည်းလမ်းတစ်ခုဖြင့် အချင်းချင်း ချိတ်ဆက်ထားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အလင်းလုံးတစ်လုံး ဖြစ်သွားကာ ချန်လွေ့ကို ဝါးမျိုလိုက်သည်။အလင်းလုံးထဲမှ ဖျက်ဆီးပေါက်ကွဲမှုများကို အဆက်မပြတ် ကြားနေရပြီး ပတ်ဝန်းကျင်တိမ်တိုက်များပင် တုန်ခါနေ၏။
ထိုတိုက်ခိုက်မှု အသုံးပြုပြီးသည့်အခါ [ အရှိန်အဝါ ဓားသွား ] ကြောင့် ရရှိခဲ့သော ဆမ်မြူရယ်၏ ရင်ဘတ်မှဒဏ်ရာ ပွင့်ထွက်သွားပြီး သွေးများ ဒလဟောထွက်လာကာ သူ၏အဟုန် ထိုးကျသွားခဲ့သည်။ထိုပညာရပ်သည် ခွန်အားနှင့် မှော်ပညာ၏ ပြီးပြည့်စုံသော ပေါင်းစပ်မှုတစ်ခု ဖြစ်သည်။၎င်းကို ဤကဲ့သို့ အလင်းပတ်ဝန်းကျင်၌ အသုံးပြုသည့်အခါ ထိခိုက်မှု နှစ်ဆထက် ပိုသွားသည်။၎င်းသည် သူ၏ခွန်အားကို အကုန် ကုန်လုနီးပါး ဖြစ်သွားစေခဲ့သည်။တစ်ဖက်လူ သေချာပေါက် သေပေမည်။
ဆမ်မြူရယ် စိတ်သက်သာရာ ရသွားစဉ် မယုံကြည်နိုင်စရာ တစ်ခုခုကို မြင်လိုက်ရ သကဲ့သို့ပင် သူ၏မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ အလင်းလုံးထဲရှိ ပေါက်ကွဲမှုစွမ်းအား ရုတ်တရက် အားနည်းသွားပြီး စူးရှသော တုန်ခါမှု တစ်ခုအဖြစ် အလျင်အမြန် ကျုံသွားသည်။နောက်ဆုံး၌ ၎င်းသည် ရန်သူ၏ “ခန္ဓာကိုယ်” နှင့် ပေါင်းစပ်သွားခဲ့သည်။
“ ဒါက မင်းရဲ့ အစွမ်းထက်ဆုံး အဆုံးသတ် တိုက်ကွက်လား။ ”
ချန်လွေ့မျက်နှာ ဇဝေဇဝါ ဖြစ်သွားသည်။ ဒီ [ အရုဏ်ဦး ပျက်သုဉ်းခြင်း ] က အစွမ်းထက်တယ်လို ထင်ရပေမဲ့ တကယ့်သက်ရောက်မှုက ငါထင်ထားတာထက် ပိုပြီးနိမ့်တယ်။ဒါက အရင် လခြမ်း-သဏ္ဍာန် စွမ်းအင်တိုက်ခိုက်မှုလောက်အောင် အစွမ်းမထက်ဘူး။ပြီးတော့လည်း အလင်း တစ်စိတ်တစ်ပိုင်းက ငါ့ခန္ဓာကိုယ်ထဲ အလိုလို ကူးပြောင်းသွားပြီးတော့ ငါ့ရဲ့အရင်က အားအင်ကုန်ခမ်းမှုတွေကို ဖြည့်တင်းပေးခဲ့တယ်။
အကျိုးရှိစေတဲ့.....သတ်ဖြတ်ခြင်း တိုက်ကွက်လား။
ဒါက ရန်သူကို သတ်တာလား။ဒါမှမဟုတ် ရန်သူဆီမှာ အညံ့ခံတာလား။
ဆမ်မြူရယ်သည် သူ၏ “ ရန်သူထံ အညံ့ခံခြင်း ” အဆုံးသတ်တိုက်ကွက်ကို မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။သူ ပြန်လည်တုံ့ပြန်ရန် အချိန်တော်တော်လေး ကြာသွားခဲ့သည်။
“ မဖြစ်နိုင်ဘူး။ ”
ဒါက လူစီဖာမိသားစုရဲ့ [ အလင်းအမှောင် နှလုံးသား ] လား။မဟုတ်ဘူး။ [အလင်းအမှောင် နှလုံးသား] က တိမ်ကောနေပြီ။ဒီလိုမျိုး သဟဇာတဖြစ်တာ လုံးဝမဖြစ်နိုင်ဘူး။
ထိုနောက်ချက်ချင်းပင် ဆမ်မြူရယ်သည် စိတ်ကူးကြည့်ရန် မဖြစ်နိုင်သော အရာတစ်ခုကို တွေးမိသွားဟန်တူသည်။သူ၏ခန္ဓာကိုယ် ကြက်သီးများ ထသွားလေ၏။
“ မင်းက နတ်ဆိုးမဟုတ်ဘူး။ ”
ယခုတွင် သူတိုနှစ်ယောက် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်နေကြသည့်အတွက် ချန်လွေ့သည် ဆမ်မြူရယ်အား ကိုယ့်ကိုယ်ကိုယ် စကားပြောခွင့် မပေးခဲ့ပေ။ချန်လွေ့၏ ခန္ဓာကိုယ် လှုပ်ရှားသွားပြီး ဆမ်မြူရယ်အရှေ့၌ ပေါ်ထွက်လာသည်။ချန်လွေ့၏ လက်ဝါးသည် ဓားသွားကဲ့သို့ပင် ဖြစ်နေပြီး ဆမ်မြူရယ်၏ခေါင်းကို ပိုင်းဖြတ်လိုက်သည်။
ဆမ်မြူရယ် မရှောင်တိမ်းသလို လက်လည်း မလျှော့ခဲ့ပေ။သူ၏ခန္ဓာကိုယ်တစ်ခုလုံး တလက်လက် အလင်းရောင်တောက်ပြီး ပေါက်ထွက်သွားသည်။ချန်လွေ့၏ တိုက်ကွက်သည် ဆမ်မြူရယ်၏ခေါင်းကို ထိသွားသော်လည်း သူ၏ ခန္ဓာကိုယ် ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး အမြူရောင်အလင်းဖြစ်သွားကာ အလျင်အမြန်ပင် ဖျပ်ခနဲ ပျောက်သွားသည်။ဆမ်မြူရယ်သည် ထိုတိုက်ကွက်ကို လျို့ဝှက်ပညာရပ်ဖြင့် ရှောင်တိမ်းခဲ့သော်လည်း သူ၏ခေါင်းမှ သွေးများ စီးကျနေသေးသည်။
အကွာအဝေးတစ်ခုရအောင် ပြုလုပ်ပြီးနောက်တွင် ဆမ်မြူရယ် အော်ဟစ်လိုက်သည်။
“ [ အလင်း ကြိုးချည်နှောင်ခြင်း ] ”
အလင်းရောင် တလက်လက်တောက်ပသွားပြီး ချန်လွေ့သည် လက်ပေါင်းများစွာဖြင့် တင်းတင်းကြပ်ကြပ် ရစ်ပတ်ခံထားရသကဲ့သို့ပင် ခန္ဓာကိုယ် တင်းကြပ်သွားခဲ့သည်။သူ မလှုပ်ရှားနိုင်တော့ပေ။ထိုနောက်တွင် ထူးဆန်းသော ခံစားချက်တစ်ခု ပေါ်ထွက် လာပြန်သည်။သူ၏ခန္ဓာကိုယ်က အလင်းစွမ်းအား တစ်စိတ်တစ်ပိုင်းကို စုပ်ယူလိုက်ပြီး ချည်နှောင်ခြင်းစွမ်းအား ရုတ်တရက် အားနည်းလာသည်။မီးသင့်နဂါး၏စွမ်းအားကြောင့် ဖယ်ရှားခံလိုက်ရပြီးနောက် ချည်နှောင်ခြင်း သက်ရောက်မှု ရုတ်တရက် ကွယ်ပျောက် သွားခဲ့သည်။
ဆမ်မြူရယ် လုံးဝတုန်လှုပ်သွားပြီး လွှတ်ခနဲ ပြောလိုက်မိသည်။
“ [ ကောင်းချီးအလင်း ခန္ဓာကိုယ် ]...ဒါက တကယ့် [ ကောင်းချီးအလင်း ခန္ဓာကိုယ် ] ပဲ။ ”