ငါ့မြင်းကို ဘယ်သူထိတာလဲ
Vol. 21 Ch. 304
နတ်မိစ္ဆာသားရဲ၏ ထူးဆန်းသောပါရမီကို သိရှိသွားပြီးနောက် ချန်လွေ့သည် အတော်လေး စိတ်ဝင်စားသွားခဲ့သည်။၎င်း၏ သစ်သီးကို စားချင်နေကြောင်းအသံကို [ သရုပ်ခွဲမျက်လုံး ] မှတစ်ဆင့် ကြားလိုက်သည့်အခါ ချန်လွေ့သည် “သစ်သီး”ကို ငါးစာအနေဖြင့် အသုံးချပြီး ၎င်းကို ဖမ်းချင်ခဲ့သည်။သို့သော် သစ်သီးတစ်ခိုင်ကို ခူးပြီးသည့်အခါ ထိုသစ်သီးများမှ အရှိန်အဝါ ယဲ့ယဲ့လေး ထုတ်လွှတ်နေကြောင်း သိရသည့်အတွက် ချန်လွေ့ အံ့ဩသွားသည်။၎င်းသည် လိုင်ရာမြို့၌ သူရရှိခဲ့သော နတ်ဆိုးတလဲသီးကဲ့သို့ပင် ဖြစ်သည်။
ထိုကြောင့် မြင်းနက်လေးကို ပြန်ပေးဆွဲသော ကြေကွဲဝမ်းနည်းဖွယ်ရာ ဇာတ်လမ်းတစ်ခု ဖြစ်လာတော့သည်။
ပြင်းထန်သော ဆန့်ကျင်ဘက် “ဆက်ဆံပုံ” ကို ပြသသော ခါနီတာ၏ လိုက်ဖမ်းခြင်းသာ မရှိလျှင်၊ သက်လုံရှုံးဆုံးမှုကြောင့် “သစ်သီးများ”ကို လိုအပ်သည်သာ မဟုတ်ခဲ့လျှင်၊ ထိုဇာတ်လမ်းသည် မြင်းနက်လေးက လူပြန်ပေးဆွဲသမား.....အဲ..... မြင်းပြန်ပေးဆွဲသမားကို ရဲရဲဝံ့ဝံ့တိုက်ခိုက်သော ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားမည်ဖြစ်သည်။သိုသော် တိုက်ဆိုင်စွာပင် ထိုကဲ့သို့ ဖြစ်သွားခဲ့သည်။မြင်းနက်လေးသည် ချန်လွေ့အား လူကောင်းဟု ယူဆနေလေပြီ။
ထိုအချိန်၌ တောအုပ်ထဲမှ ခွေးဟောင်သံများသည် နတ်မိစ္ဆာသားရဲအား သတိဖြစ်သွားစေသည်။၎င်းသည် တုန်တုန်ရီရီနှင့် ခွာဆောင့်နင်းလိုက်သည်။
“ ရန်သူ။ရန်သူ။ ”
၎င်း၏ခေါင်းထဲ၌ ထိုလူ၏ ကြင်နာတတ်သောအသံ ထွက်ပေါ်လာသည်။
“ မကြောက်နဲ့။ငါ သူတိုကို ဘယ်လိုရိုက်ထုတ်မလဲ ကြည့်နေလိုက်။ ”
ခါနီတာဦးဆောင်သော လူတစ်စုက တောအုပ်ထဲမှ ထွက်လာ၏။သူတိုသည် ဆဲဘရတ်စ် သုံးလေးကောင်ကိုလည်း ခေါ်လာခဲ့သည်။သူတိုသည်နတ်မိစ္ဆာသားရဲ၏ သွေးနှင့်အငွေ့အသက် နောက်သို့ လိုက်ရင်း ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
ချန်လွေ့က မိမိ၏ ပြန်ပေးဆွဲမှု အောင်မြင်ရန်အတွက် ခါနီတာနှင့် အခြားသူများက ကူညီပေးခဲ့ကြောင်း သိသွားသည်။ထိုကြောင့် ယခုသည် ချန်လွေ့အတွက် “ ကျေးဇူးပြန်ဆပ်ရန် ” အချိန် ရောက်လာလေပြီ။
သူ “ကျေးဇူးတင်ခြင်း”၏ ပထမဆုံးစကားမှာ အောက်ပါအတိုင်း ဖြစ်သည်။
“ ငါ့မြင်းကို ဘယ်သူထိတာလဲ။ ”
ခါနီတာ ခဏတာ အံ့အားသင့်သွားသည်။နတ်မိစ္ဆာသားရဲသည် ထိုသူ၏ဘေးနားတွင် ငြိမ်ငြိမ်နေနေပြီး ထွက်မပြေးကြောင်း တွေ့လိုက်သည်။ထိုလူပြောသည်မှာ အမှန်တကယ် ဖြစ်ပုံရသည်။
နတ်မိစ္ဆာသားရဲမှာ သခင်ရှိတာလား။အဲဒီတော့ ဘာဖြစ်လဲ။
ဒီလူက အမြင့်ဆင့်နတ်ဆိုးစွမ်းအားလောက်ပဲ ရှိတာ။ငါ့ဘက်က ဘယ်သူမဆို သူ့ကို အလွယ်လေး သတ်ပစ်လိုရတယ်။ငါ တကယ် နားမလည်တာက ဒီလိုအားနည်းတဲ့သူက နတ်မိစ္ဆာသားရဲက ဘာဖြစ်လို အသိအမှတ်ပြုခဲ့တာလဲ ဆိုတာပဲ။ဒါမှမဟုတ် ဒီမြင်းက အစွမ်းထက်ဆုံး မြေပြင် နတ်ဆိုးသားရဲ စီးတော်ယာဉ် ဆိုတာကို မသိတာလား။
ခါနီတာ သရော်ပြုံးပြုံးလိုက်သည်။ဘေးဖက်မှ ဖွန်တိန်က “ သခင် ဘာလို့ရယ်နေတာလဲ ” ဟူ၍ စကားလိုက်ပြီးမမေးခဲ့ပေ။သူက စိတ်ကြီးဝင်လျက် ရှေ့တက်ပြီး အော်ပြောလိုက်သည်။
“ ဒါက ဆာ-ခါနီတာပဲ။မိုလင်မြို့ကို အုပ်ချုပ်တဲ့သူ။မင်းက ပါးနပ်တယ်ဆိုရင် မြင်းကို ချက်ချင်းပေးလိုက်...... ”
ထိုစကားဆုံးသွားသည်နှင့် ချန်လွေ့သည် ဖွန်တိန်အရှေ့၌ ချက်ချင်း ပေါ်ထွက်လာသည်။သူသည် လုံးဝလှုပ်ရှားခဲ့ဟန် မတူပေ။သိုရာတွင် ဖွန်တိန်၏ စကား ရုတ်တရက် ရပ်တန့်သွား၏။ချန်လွေ့သည် ဖွန်တိန်ကို လုံးဝ မကြည့်ခဲ့ပေ။ခါနီတာကိုသာ မျက်လုံးဖြင့် စိုက်ကြည့်နေသည်။
“ မင်းက ငါ့မြင်းကို ထိခဲ့တာလား။ ”
ထိုသို့ပြောပြီးနောက် ဖွန်တိန်၏ဦးခေါင်း ပြုတ်ကျသွားသည်။ခါနီတာ၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွား၏။ ဖွန်တိန်က နတ်ဆိုးဘုရင်အဆင့် ကနဦးပိုင်းပဲ။ဒါပေမဲ့ သူ့ကို အဲဒီအမြင့်ဆင့်နတ်ဆိုးက မျက်မိတစ်မှိတ်အတွင်း သတ်ပစ်ခဲ့တယ်......မဟုတ်ဘူး။သူက သေချာပေါက် အမြင့်ဆင့်နတ်ဆိုး မဟုတ်ဘူး။
အစွမ်းထက်ဆုံးဖြစ်သော ဆိုလာနာက ရှေ့တက်ပြီး ခါနီတာရှေ့တွင် ပိတ်ရပ်ထားလိုက်သည်။
“ ဆာ။တော်ပါတော့။ ”
“ မင်းက နတ်ဆိုးဘုရင်အဆင့် အလတ်ပိုင်းပဲ။စိတ်ဝိညာဉ်ကလွဲရင် မင်းရဲ့ခန္ဓာအမျိုးအစားနဲ့ ခွန်အားက ပြောဖို့တောင် မတန်ဘူး။ ”
ချန်လွေ့က စက်ဆုပ်ဟန်ဖြင့် ဆိုလာနာကို ဖျပ်ခနဲကြည့်ပြီး လက်တစ်ဖက် ဆန့်တန်းလိုက်သည်။
“ ငါမင်းကို တစ်မိနစ်အတွင်းမှာပဲ လက်တစ်ဖက်တည်းနဲ့ အမှုန့်ဖြစ်အောင် လုပ်နိုင်တယ်။ ”
ချန်လွေ့က ဆိုလာနာကို အမှန်တကယ် သတ်နိုင်သည်။သို့သော်လည်း ထိုစကားများမှာ လုံးဝဖြီးလုံးများသာ ဖြစ်သည်။ဆိုလာနာသည် တစ်ဖက်လူအရှေ့၌ ကိုယ်တုံးလုံး ဖြစ်နေသကဲ့သိုပင် ရင်ဘတ်ထဲ၌ အေးစက်စက် ခံစားလိုက်ရသည်။ ဒီရန်သူက အမြင့်ဆင့်နတ်ဆိုး အငွေ့အသက်ပဲ ရှိတယ်။ဒါပေမဲ့ သူက နတ်ဆိုးဘုရင်အဆင့် ဖွန်တိန်ကိုတောင် အလွယ်လေး သတ်နိုင်တယ်။သူက ငါ့စွမ်းအားနဲ့ အားနည်းချက်ကိုတောင် လွယ်လွယ်လေး ဖောက်ထွင်းမြင်နိုင်တယ်။သူက တကယ့်ကို မတွေးတတ်အောင် နက်နဲတာပဲ။
ချန်လွေ့က ရှေ့သို ဖြည်းဖြည်းချင်း လမ်းလျှောက်သွားလိုက်သည်။ဆိုလာနာက မှော်ပညာသုံးရန် ပြင်လိုက်စဉ် ဘေးပတ်ဝန်းကျင်မြင်ကွင်းများ ပြောင်းလဲသွားကြောင်း သတိထားမိသွားသည်။တစ်စုံတစ်ခု ပြောင်းလဲနေပုံရသည်။တစ်ဖက်လူက ခြေတစ်လှမ်း လှမ်းတိုင်း ပြောင်းလဲမှုများ ပို၍ထင်ရှားလာသည်။
၎င်းသည် ထူးခြားဆန်းကြယ်သော မြင်ကွင်းတစ်ခု ဖြစ်သည်။သူသည် နက်မှောင်ပြီး ခမ်းနားသော အရောင်များရှိသည့် အရွယ်အစားမျိုးစုံရှိသော ထူးဆန်းသောအလုံးများ၏ ဝိုင်းရံခြင်းကို ခံလိုက်ရသည်။လှည့်ပတ်နေသော စည်းချက်တွင် လျိုဝှက်ဆန်းကြယ်သော အန္တိမဥပဒေသတစ်မျိုးမျိုး ရှိနေဟန်တူသည်။
ထိုအပြင် ဆိုလာနာ၊ခါနီတာနှင့် ထိုနေရာမှ အခြားသူများအားလုံးသည် စွမ်းအား အတော်များများ လျော့နည်းလာကြောင်း ခံစားမိလာရသည်။တစ်ခါတစ်ရံ၌ အားနည်းပြီး မူးနောက်နောက်ပင် ခံစားလာကြရသည်။
ဆိုလာနာ၏ မျက်နှာ ချက်ချင်း ပြောင်းလဲသွား၏။သူ ချွေးစေးများ ပြန်နေတော့သည်။နောက်ဆုံး၌ သူသည် တိုက်ခိုက်ရန် သတ္တိမရှိတော့ဘဲ ခက်ခက်ခဲခဲနှင့် စကားတစ်လုံး ပြောလိုက်သည်။
“ ပိုင်နက် ”
ဘေးဖက်မှ ခါနီတာလည်း မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ပိုင်နက်ရှိတဲ့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် အနည်းဆုံး နတ်ဆိုးဧကရာဇ် အဆင့်ပဲ။
လိပ်ပြာနီနယ်မြေတစ်ခုလုံး၌ ခါနီတာသည် နတ်ဆိုးဧကရာဇ်တစ်ယောက်ကိုသာ သိသည်။ထိုသူမှာ သူ၏အဖေ ဂျိုရှ်အယ်ဗင် ဖြစ်သော်လည်း နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်းသာ ဖြစ်သည်။သူ၏အရှေ့မှ လျိုဝှက်ဆန်းကြယ်သော “ အမြင့်ဆင့်နတ်ဆိုး ” သည် သူ၏အဖေကဲ့သို့ပင် အဆင့်တူသော ကြောက်မက်ဖွယ်ရာ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေသည်။
“ မင်းက ငါ့မြင်းကို ထိခဲ့တဲ့အတွက် မင်း ပြန်ပေးဆပ်ရမယ်။ ”
ချန်လွေ့က လက်ကို နောက်ဘက်တွင် ထားထားပြီး လှုပ်ရှားမှုလုံးဝ မရှိပေ။သူသည် အမြင့်ဆင့်နတ်ဆိုး အငွေ့အသက်ကိုသာ ထုတ်လွှတ်နေသော်လည်း တိုက်ခိုက်ရန်မပြောနှင့်။မည်သူမှ လှုပ်ပင် မလှုပ်ရဲချေ။
နတ်ဆုံးဘုံ၌ နတ်ဘုရားသဲလွန်စများ မရှိသည်မှာ ကြာလေပြီ။ နှစ်ပေါင်းသောင်းနဲ့ချီလား။နှစ်ပေါင်းသန်းနဲ့ချီလား။ နတ်ဆိုးနတ်ဘုရားဟောင်း အိပ်ပျော်မပျော်ကို ဘုရားသခင်ပဲ သိလိမ့်မယ်။နတ်ဘုရား-တစ်ပိုင်းများကဲ့သို့သော် နတ်ဆိုးဒိပ်များမှာ မတွေ့ရသလောက်ပင် ဖြစ်သည်။ဆိုလိုသည်မှာ နတ်ဆိုးဧကရာဇ်နှင့် နတ်ဆိုးအရှင်သခင်တို့သည် ထိပ်တန်းအစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်ကြပေသည်။သူတို၏ ပိုင်နက်စွမ်းအားကို နတ်ဘုရားကဲ့သို့ ယူဆထားသည်မှာ ကြာပြီ ဖြစ်သည်။
သူတိုအရှေ့မှလူသည် ပိုင်နက်စွမ်းအားကို အပြည့်အဝ မထုတ်ရသေးသည်မှာ သေချာသည်။ထိုသိုပြုလုပ်လိုက်လျှင် သူကိုယ်တိုင်မှလွဲ၍ အခြားသူများအားလုံး ချက်ချင်း ပျောက်ကွယ်သွားနိုင်ပေသည်။၎င်းကို မည်သူမှ သံသယမဝင်ကြပေ။
နတ်ဆိုးဧကရာဇ်အဆင့် တစ်ယောက်ကို သလင်းကျောက်တောင်ကြား၌ ထားမည်ဆိုလျှင် ဌာနစီမံထိန်းသိမ်းသူသာ ဖြစ်ပေမည်။ထိုထက် ပို၍ အစွမ်းထက်သော အထွေထွေ စီမံထိန်းသိမ်းသူနှင့် ဥက္ကဋ္ဌများလည်း ရှိသည်။သိုသော်လည်း မိုလင်မြို့တွင် ထားမည်ဆိုလျှင် ထိုသူသည် သေချာပေါက် ဒဏ္ဍာရီလာတစ်ယောက် ဖြစ်လာမည်ဖြစ်ပြီး လူတိုင်းမော့ကြည့်ရပေမည်။
“ လိပ်ပြာနီအရှင်ရဲ့သားတော် ခါနီတာကယ်ဗင်က ဆာ့ကို အရိုအသေပေးပါတယ်။ ”
ခါနီတာက နောက်ဆုံး၌ ထိတ်လန့်နေရာမှ သတိပြန်ဝင်လာသည်။သူက အလျင်အမြန်ပင် ဦးညွှတ်ပြီး အရိုအသေပေးလိုက်သည်။
“ ဆာ ”
ဆိုလာနာလည်း ပြောလိုက်သည်။
“ ကျုပ် ခုနက ရိုင်းပျခဲ့မိတာကို ခွင့်လွှတ်ပေးပါ။ဒီကိစ္စက အထင်လွဲတာပါ။ဒီအစွမ်းထက်တဲ့ နတ်ဆိုးသားရဲက ဆာ့ရဲ့စီးတော်ယာဉ်ဆိုတာ မသိလို့ပါ။ခွင့်လွှတ်ပေးပါ။ဆာ။ ”
ချန်လွေ့ ခေါင်းခါပြီး အသံထဲတွင် သတ်ဖြတ်ချင်စိတ် အနည်းငယ် ဖော်ပြလိုက်သည်။
“ မင်းအဖေက ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ပြီးတော့လည်း ဘာမှ နားလည်မှုလွဲစရာ မရှိဘူး။မင်းက ငါ့ရဲ့မြင်းကို ထိခိုက်အောင် လုပ်ခဲ့တယ်။မင်းငါ့ကို ကျေနပ်လောက်အောင် အဖြေပေးရမယ်။မဟုတ်လို့ကတော့ မင်းတို့အားလုံး ဒီမှာပဲ သေရမယ်။ ”
ထိုကဲ့သို လေသံမျိုးသည် ခါနီတာအတွက် ယဉ်ကျေးသည်ဟု ယူဆ၍ရသည်။မည်သိုပင်ဆိုစေကာမူ သူတိုသည် ထိုကဲ့သိုအဆင့်ရှိသော ပုဂ္ဂိုလ်၏အရှေ့တွင် ပုရွက်ဆိတ်များသာ ဖြစ်၏။အကယ်၍ သူတိုသည် စိတ်ဆိုးတတ်သူတစ်ယောက်နှင့်တွေ့လျှင် ချက်ချင်း အသတ်ခံရလောက်သည်။၎င်းမှာ ထိုသူသည် ခါနီတာ၏ သရုပ်ကို စိုးရိမ်သည့်အတွက်ကြောင့်လည်း ဖြစ်နိုင်ပေသည်။
“ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဆာ့ကို ကျုပ် လေးလေးနက်နက် တောင်းပန်ပါတယ်။ဆာ ကျေနပ်တဲ့အထိ လျော်ကြေးပေးမှာပါ။ ”
ခါနီတာက ပြောသည်။
“ မိုးကြိုးတောင်ကြားရဲ့ တောင်ဘက်က မိုလင်မြို့ကို ထိန်းချုပ်ဖိုအတွက် အဖေက ကျုပ်ကို တာဝန်ပေးထားတယ်။ဆာ့မှာ တောင်းဆိုစရာ တစ်ခုခု ရှိမယ်ဆိုရင် ကျုပ်ကို အချိန်မရွေး ပြောလိုရပါတယ်။ ကျုပ် သေချာပေါက် လုပ်ပေးပါ့မယ်။ ”
နောက်ပိုင်းသည် နှပ်ချသောအချိန်ပင် ဖြစ်သည်။တန်ဖိုးကြီးကြီးမားမား ပေးဆပ်ပြီးနောက် ခါနီတာနှင့် အခြားသူများသည် လွတ်ငြိမ်းချမ်းသာခွင့် ရသွားသကဲ့သိုပင် မိုးကြိုးတောင်ကြားမှ ထွက်သွားတော့သည်။နတ်ဆိုးဧကရာဇ်အဆင့်ကို အံ့အားသင့်သွားစေသည်မှာ ခါနီတာ၏ လျော်ကြေးထဲမှ ရှေးဟောင်း ရတနာမြေပုံတစ်ခုပင် ဖြစ်သည်။ခါနီတာအတွက် ထိုကဲ့သို မပြည့်စုံသော မြေပုံကိုသုံးပြီး အသက်ရှင်ရန်အတွက် လဲလှယ်ခြင်းသည် အမှိက်အား တန်ဖိုးရှိရှိ အသုံးချခြင်းပင် ဖြစ်သည်။ချန်လွေ့အတွက် ထိုရင်းနှီးပုံရသော မြေပုံသည် ဒိုဒိုရခဲ့သော မြေပုံ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပုံရသည်။ကံဆိုးစွာပင် ၎င်းသည် မပြည့်စုံသေးပေ။ယခုတွင် သူသည် ၎င်းကို သိုလှောင်ဂိုဒေါင်ထဲ၌ သိမ်းထားဦးမည် ဖြစ်သည်။
“ မြင်းနက်လေး။ဒီအသီးက မင်းအတွက်။ ”
ချန်လွေ့က နတ်မိစ္ဆာသားရဲ၏ လည်ဆံကို တယုတယ ပွတ်သပ်လိုက်သည်။သူသည် နတ်ဆိုးတလဲသီးနှင့်မတူသော အရှိန်အဝါသစ်သီးကို ထုတ်ယူလိုက်ခြင်း ဖြစ်သည်။
“ ငါ့မှာ ဒီလို သစ်သီးတွေ အများကြီး ရှိသေးတယ်။ဒါပေမဲ့ ဒါတွေကို ယူထုတ်ပြီးရင် တစ်ခါတည်းပဲ စားရမယ်။မဟုတ်ရင် နွမ်းခြောက်သွားမယ်။ ”
ထိုနတ်မိစ္ဆာသားရဲသည် သန္ဓေပြောင်းမျိုးဆက် ဖြစ်ပြီး ခန္ဓာအမျိုးအစားမှာ အတော်လေး ထူးခြားသည်။၎င်းသည် ကြီးထွားစေရန်နှင့် အားဖြည့်ရန်အတွက် ရှားပါးကိုရိုသစ်သီးကို အရေးတကြီး လိုအပ်နေသည်။သိုသော် ကိုရိုသစ်သီး ထွက်ရှိရာ တစ်ခုတည်းသော နယ်မြေဖြစ်သည့် မိုးကြိုးတောင်ကြား၌ပင် အလွန်ရှားပါးလှသည်။ထို“ ကြင်နာတတ်သောသူ ” က ကိုရိုသစ်သီးထက်ပင် ပို၍အာနိသင်များသော အံ့ဩဖွယ် သစ်သီးများကို ပေးခဲ့သည်။မြင်းနက်လေးက မည်သည့်အတွက်ကြောင်း ရင်ထဲ မခိုက်ရမည်နည်း။
“ သစ်သီးလေး။သစ်သီးလေး.... ”
မြင်းနက်လေး အလိုလို နောက်လိုက်လာသည်ကို မြင်သည့်အခါ ဉာဏ်များသော မြင်းပြန်ပေးဆွဲသမားက မရိုးမဖြောင့် ပြုံးလိုက်သည်။ပြန်ပေးဆွဲသောအကြံအစည် အောင်အောင်မြင်မြင် ပြီးစီးသွားလေပြီ။
ချန်လွေ့သည် မြင်းနက်လေးအား အေးအေးဆေးဆေး ခေါ်သွားနေသော်လည်း ထိုအချိန်၌ မာနူက ဒေါသထွက်ပြီး စိတ်ပျက်လက်ပျက် ဖြစ်နေ၏။လျိုဝှက်ပညာရပ်ဖြင့် ထွက်ပြေးသွားပြီးနောက် မကြာမီတွင် မာနူသည် မိမိ၏ လက်ရွေးစင်တပ်ဖွဲ့များ သုတ်သင်ခံလိုက်ရကြောင်း သတင်းကြားလိုက်ရသည်။တစ်ချိန်တည်းမှာပင် သွေးရောင်နွယ်မြို့လည်း ထိန်းချုပ် ခံလိုက်ရသည်။သူ၏ မူလက ပါးနပ်သော ထောင်ခြောက်သည် အမြစ်လှန်ခံရလုနီးပါး ဖြစ်သွားခဲ့သည်။
ပို၍ ဒုက္ခရောက်ရသည်မှာ သလင်းကျောက်တောင်ကြားမှ လွတ်မြောက်လာပြီးနောက် သူ၏“ခန္ဓာကိုယ်”တွင် ထူးဆန်းသောစွမ်းအားတစ်ခု အမြဲ ပြည့်နှက်နေခဲ့သည်။၎င်းသည် မာနူအား မချိမဆံ့ နာကျင်ခံစားရစေသည်။သူသည် အသက်ရှင်နေပြီး ပို၍ငယ်ရွယ်ပုံ ပေါက်နေသော်လည်း ထိုကဲ့သိုအခြေအနေကို ထိန်းထားနိုင်ရန်အတွက် အသက်ဓာတ်နှင့် မှော်စွမ်းအား အမြောက်အမြား အသုံးပြုရသည်။ဤအတိုင်းသာ ဆက်ဖြစ်နေမည်ဆိုလျှင် သူ၏စွမ်းအား အလျင်အမြန် ကျဆင်းသွားရုံသာမက အသက်ပင် ရှင်နိုင်တော့မည် မဟုတ်ပေ။
ဒါတွေအားလုံးက အဲဒီအရူးကောင်ကြောင့်ပဲ။ပါရမီရှင် အရူးကောင်။အခုတော့ သေသွားလောက်ပြီ။သူသေတာက နှမြောစရာကောင်းပေမဲ့ ကျေးဇူးတင်စရာပါပဲ။
“ ဆာ-မာနူ ”
ဘရော့ခ် ပြောလိုက်ပြီး ခရားအသေးလေး တစ်လုံး ထုတ်လိုက်သည်။
“ ဒါက ဒီနေ့ထုတ်ထားတဲ့ ခရမ်း အငွေ့ရည်ပါ။ဒါပေမဲ့ ကုန်ကြမ်းတွေကတော့ ရဖို တဖြည်းဖြည်း ခက်ခဲလာပြီ။ ”
“ ဘယ်လောက်ပဲ ခက်ခဲခက်ခဲ၊ မင်း အဲဒါကို ရအောင်ရှာရမယ်။ ”
မာနူ နှာမှုတ်ပြီး ခရားအသေးလေးကို ယူကာ အဆိုကိုဖြုတ်ပြီး သောက်လိုက်သည်။ထို ခရမ်း အငွေ့ရည်သည် ခရမ်းအငွေ့ပန်းကဲ့သို အမျိုးမျိုးသော ရှားပါးအပင်များမှ လျိုဝှက်ဖော်စပ်နည်းဖြင့် ထုတ်ယူထားခြင်း ဖြစ်သည်။သောက်ပြီးနောက်တွင် မာနူ၏ခန္ဓာကိုယ်ထဲရှိ ထူးဆန်းသောစွမ်းအားကို ကြီးကြီးမားမား ဖိနှိပ်နိုင်ခဲ့သည်။
မာနူ၏လက်များ တုန်နေကြောင်း ဘရော့ခ် သတိထားမိသည်။သူ၏မျက်လုံးထဲမှ အေးစက်စက်အလင်းရောင်များ ထွက်နေ၏။
“ ဆာ။သွေးရောင်နွယ်မြို့က လုံးဝကို ဖော်ထုတ်ခံလိုက်ရပြီ။သလင်းကျောက်တောင်ကြားကလည်း ပျက်စီးသွားပြီ။ကျုပ်တို ဘာဆက်လုပ်သင့်လဲ။ ”
မာနူ မျက်လုံးပိတ်လိုက်ပြီး ခရမ်းအငွေ့ရည်၏ နာကျင်မှု သက်သာစေခြင်းကို ခံစားနေသည်။သူ သက်ပြင်းရှိက်လိုက်၏
“ ဒီတစ်ခေါက် သလင်းကျောက်တောင်ကြားက အပြောင်းအလဲတွေက ငါတိုကို ကြီးကြီးမားမား ရှုးဆုံးသွားစေခဲ့တယ်။အခုဆိုရင် အရိပ်နက် အင်ပါယာ နိုင်ငံတစ်ခုလုံးက ငါတိုအင်အားစုတွေကို ရှာဖွေပြီး နှိမ်နင်းနေမှာပဲ။မင်း အခု နယ်စပ်ခံတပ်ဆီ ပြန်ပြီးတော့ ယာယီအနေနဲ့ သိုသိုသိပ်သိပ်နေတာ ပိုကောင်းမယ်။မြို့တော်ရဲ့ အာရုံစိုက်မှုကို မခံရစေနဲ့။ ”
“ သိပါပြီ။ ”
ဘရော့ခ်က မရဲတရဲ မေးလိုက်သည်။
“ အရှင်မအကြောင်းကိစ္စကို ဘယ်လိုလုပ်...... ”
“ မလိုဘူး။ငါကိုယ်တိုင် ဆက်သွယ်လိုက်မယ်။ ”
မာနူ မျက်မှောင်ကြုတ်လိုက်သည်။
“ အဇ်ဂါလောနဲ့ ယာကော့ဗ်တို ဘယ်ရောက်နေလဲ ဆိုတာကို မင်း အာရုံစိုက်တာ ပိုကောင်းမယ်။သူတိုကို အမြန်ဆုံး ဆက်သွယ်လိုက်။ ”
ဘရော့ခ် ခေါင်းညိတ်ပြီး ရုတ်တရက် ထူးထူးဆန်းဆန်း ပြုံးဖြီးဖြီးလုပ်လိုက်သည်။
“ ဆာ။တခြား ညွှန်ကြားစရာ ရှိသေးလား။ ”
ထိုအပြုံးသည် မာနူ၏ နှလုံးသားကို တင်းကျပ်သွားစေခဲ့သည်။မာနူက မျက်မှောင်ကြုတ်ပြီး စဉ်းစားနေဟန် ပြုလိုက်သည်။အမှန်တကယ်၌ သူသည် တိတ်တဆိတ် စွမ်းအား စုစည်းနေခြင်း ဖြစ်သည်။ထိုနောက် သူ၏မျက်နှာ ရုတ်တရက် ကြီးကြီးမားမား ပြောင်းလဲသွား၏။
“ မအံ့ဩပါနဲ့။ဆာ-မာနူ။ခင်ဗျားက ဒဏ်ရာကို ဖုံးကွယ်ဖိုကြိုးစားနေခဲ့တာ။ဘယ်လိုလုပ်ပြီးတော့ ကျုပ်ဆီကနေ ဖုံးကွယ်နိုင်မှာလဲ။ခင်ဗျားသိတဲ့အတိုင်း ကျုပ်က အရိပ်နက်အင်ပါယာရဲ့ ပထမဆုံး ဗိုလ်ချုပ်လေ။ခင်ဗျား ခံစားနေရတာက “ မှော်ထိခိုက်မှု ” မဟုတ်ဘူး။အစွမ်းထက်ဆုံး နိဗ္ဗာန်စွမ်းအားပဲ။ ”
ဘရော့ခ် ပြုံးဖြီးဖြီး လုပ်နေဆဲပင် ဖြစ်သည်။
“ ခရမ်းအငွေ့ရည်က နိဗ္ဗာန်စွမ်းအားကို အမှန်တကယ် မဖိနှိပ်နိုင်ဘူး။အဲဒါက နောက်ဆုံး ပြင်းပြင်းထန်ထန် မပေါက်ကွဲခင်အထိ ဖိသိပ်ထားပေးတာ။ခင်ဗျားအခု ခံစားနေရတဲ့ ဖိနှိပ်ခြင်းကလည်း တခြားဆေးတွေကြောင့် ထင်ယောင်ထင်မှား ခံစားနေရတာ။ဒါပေမဲ့လည်း ခင်ဗျားကို ခရမ်းအငွေ့ရည် သောက်ခိုင်းဖို လှည့်စားရတာက တကယ်ကို မလွယ်ခဲ့ဘူး။အရင် ကုန်ကျခဲ့တာက ထိုက်တန်ခဲ့တာပဲ။အခုတော့ ခင်ဗျား အဲဒါကိုသောက်နေတာ ခုနစ်ရက်ရှိပြီ။ကျုပ်အတွက် ရိပ်သိမ်းဖို အချိန်ပဲ..... ”
မာနူ၏ စိတ်ထဲ၌ ပြင်းထန်သောဒေါသတစ်ခု ချောင်းခနဲထွက်လာသည်။သူက မိမိသည် အခြားသူများထက် ပါးနပ်သည်ဟု ထင်နေခဲ့သည်။သူသည် နေရာတိုင်းတွင် သတိထားနေခဲ့သော်လည်း အမှန်တကယ်ပင် ဘရော့ခ်လက်ထဲ ကျရောက်သွားခဲ့သည်။အကယ်၍ ကြောက်မက်ဖွယ်ရာ အမျိုးသမီး၏ ပိုင်နက်စွမ်းအားကြောင့်သာ မဟုတ်လျှင်၊ အရူးကောင်ကြောင့်သာ မဟုတ်လျှင်.....
မည်သူပင်ဖြစ်လင့်ကစား လက်တွေ့ဘဝ၌ “အကယ်၍”အများအပြား ရှိမနေသည်မှာတော့ ဝမ်းနည်းစရာပင် ဖြစ်သည်။
ထိုအချိန်၌ မာနူ၏ ခန္ဓာကိုယ်ထဲရှိ ဖိနှိပ်ထားသော နိဗ္ဗာန်စွမ်းအားသည် စတင်ပျံ့နှံလာပြီး သူ၏မူလစွမ်းအား လုံးဝပျက်ပျယ်သွားခဲ့သည်။မာနူသည် အသည်းအသန် စွမ်းအားစုစည်းလိုက်သော်လည်း အန္တရာယ်အငွေ့အသက်တစ်ခု ခံစားလိုက်ရသည်။သူ၏အသိစိတ်သည် ရှောင်တိမ်းရန် အကြံရှိသော်လည်း သူ၏ခန္ဓာကိုယ်သည် သင့်သလို မလှုပ်ရှားနိုင်တော့ပေ။သူသည် ရင်ဘတ်၌ နာကျင်မှုတစ်ခုကိုသာ ခံစားရလိုက်ပြီးနောက် “သွေးမြစ်” ဓားရှည်သည် သူ၏ရင်ဘတ်ကို ထိုးဖောက်သွားတော့သည်။