← Chapters

မသေမျိုးမှော်။မြို့ကို ကာဆီးလိုက်သော တိမ်နက်များ

Vol. 21 Ch. 308

မသေမျိုးမှော်။မြို့ကို ကာဆီးလိုက်သော တိမ်နက်များ

Vol. 21 Ch. 308

ယန်းကော်မြို့သည် နာမည်ကြီး ရှေးဟောင်း စစ်မြေပြင်တစ်ခု ဖြစ်ခဲ့ပြီး မြောက်မြားလှစွာသော အလောင်းများကို မြှုပ်နှံထား၏။ကျယ်ပြောလှသော သူရဲကောင်းစိတ်ဝိညာဉ် ဂူသင်္ချိုင်းတစ်ခုလည်း ရှိသည်။ယခုတွင် ထူးဆန်းသောအရာများ ဖြစ်ပွားနေသည့်နေရာမှာ သူရဲကောင်းစိတ်ဝိညာဉ် ဂူသင်္ချိုင်း၌ပင် ဖြစ်သည်။အုတ်ဂူများ တူးဖော်ခံထားရပြီး အရိုးများမှာလည်း အခိုးခံထားရသည်။ထိုနောက် ချက်ချင်းမှာပင် မြို့ထဲ၌လည်း ဒေသခံ ပျောက်ဆုံးမှုများ ရှိလာသည်။တစ်မြို့လုံးသည် ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်ခုထဲ၌ လွှမ်းမိုးခံနေရသည်။ဒေသခံများ ထွက်ပြေးခြင်းနှင့် ပျောက်ဆုံးသွားခြင်းတို့ကြောင့် လူဦးရေမှာ သိသိသာသာ ထိုးကျသွားခဲ့သည်။လွှတ်လိုက်သော အစောင့်အသစ်များပင် ပျောက်ဆုံးသွားခဲ့သည်။

“ တချို့ကတော့ မြို့ပြင်မှာ လမ်းလျှောက်နေတဲ့ အရိုးစုကောင်တွေ တွေ့တယ်လို ပြောတယ်။တချို့ကတော့ သူတို့အသိတွေက အသိစိတ်မရှိတဲ့ ဖုတ်ကောင်တွေ ဖြစ်သွားတာကို မြင်တယ်လို့ ပြောတယ်။ ”

အသီနာက ပြောသည်။

“ ယန်းကော်မြို့သူ/သားတွေ အခုဆိုရင် ကြောက်နေလောက်ပြီ။ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းရမယ်။ ”

ငြိမ်ဝပ်ပိပြားရေးအရာရှိသည် အမှောင်လမြို့ လုံခြုံရေးအတွက်သာ တာဝန်ယူရရုံသာမက နယ်မြေရှိ နေရာအားလုံး လုံခြုံရေးအတွက်ပါ တာဝန်ယူရသည်။၎င်းသည် ချန်လွေ့၏တာဝန် ဖြစ်သင့်သည်။သိုသော် သူသည် လူအများအရှေ့၌ ထွက်လာ၍မရသေးသည့်အတွက် ၎င်းသည် အသီနာ၏ ပုခုံးပေါ်သို ရောက်သွားခဲ့သည်။

“ ဖုတ်ကောင်တွေ ”

ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။ဖုတ်ကောင်များသည် ချန်လွေ့အား ချက်ချင်းပင် ရက်ကွန်းမြို့နှင့် တီ-ဗိုင်းရပ်စ်အကြောင်းကို သတိရသွားစေခဲ့သော်လည်း ၎င်းတို့သည် မူရင်းလောက၏ ရုပ်ရှင်ဇာတ်ကွက်များသာ ဖြစ်သည်။ဤဘုံလောကတွင် မသေမျိုးမှော်ပညာသည်သာ ‌မသေမျိုးအရာများနှင့် ဆက်နွှယ်နေ၏။

နတ်ဆိုးဘုံ၌ပင် မသေမျိုးမှော်ပညာသည် နာမည်ကြီး မှော်ပညာတစ်ခု မဟုတ်ပေ။ပုံမှန်အားဖြင့် သုတေသနသမားများသည် တောနက်နှင့် သစ်တောများကဲ့သို ချောင်ကျသော နေရာများကိုသာ ရွေးချယ်ရတတ်သည်။အင်ပါယာ၏ လူနေသိပ်သည်းသော နေရာတစ်ခု၌ တိုက်ရိုက် စတင်ခြင်းမှာ ရှားပါးလှသည်။

“ သေချာတယ်။ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာ မသေမျိုး မှော်ပညာကို ကျွမ်းကျင်တဲ့သူတစ်ယောက် ရှိရမယ်။ ”

ဒေလီယာ ညည်းညူလိုက်သည်။

“ အဲဒီမှော်ပညာရှင်ကို ငါတို ဖယ်ရှားပြီးရင် ယန်းကော်မြို့ ပြဿနာလည်း ဖြေရှင်းပြီးပြီ။ ”

ထိုစကားကို အားလုံး သဘောတူကြသည်။အသီနာ ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ အင်း။ငါအခု အစောင့်တွေကို ယန်းကော်မြို့ဆီ ဦးဆောင်ပြီးတော့ အဲဒီမှော်ပညာရှင်ကို ရှာပြီး သတ်ပစ်လိုက်မယ်။ ”

“ ငါလည်း လိုက်ခဲ့မယ်။ ”

ချန်လွေ့၊ဒေလီယာ နှင့် ဒေလီယာတိုက တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။

ပါ့ဂ်လီအိုက ပြောသည်။

“ ဒေလီယာ။မင်းက မဟာနတ်ဆိုးဘုရင်အဆင့် တက်ဖိုအတွက် အရေးကြီးတဲ့ အခိုက်အတန့်ကို ရောက်နေပြီ။နောက်သုံးလေးရက်နေရင် မင်း အချိန်မရွေး အဆင့်တက်သွားနိုင်မယ်လို ငါထင်တယ်။အဲဒါကြောင့် မင်းနေခဲ့ရမယ်။ရိုမန်။မင်းလည်း ဒီမှာနေပြီးတော့ ဒေလီယာကို ကာကွယ်ထား။ငါက အမှောင်လမှာ နေနေရတာ တော်တော်လေး စိတ်ကုန်နေပြီ။ဒီတစ်ခေါက် အသီနာနဲ့ ချန်လွေ့တိုကို ငါ အဖော်လိုက်သွားပေးမယ်။ငါ့လိုဆရာသခင်နဲ့ဆိုရင် လက်တစ်ချက် ဝှေ့ရမ်းလိုက်တာနဲ့ အဲဒီမှော်ပညာရှင် ပြာဖြစ်ပြီ။ ”

[ ဝိညာဉ်လက်ထိပ် ] ကြောင့် ဒေလီယာ၏ အဆင့်တက်ခြင်းသည် အလွန်ခက်ခဲနေ၏။သူသည် နတ်ဆိုးဘုရင် ထိပ်သီးပိုင်း၌ တစ်နေသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။မူလက ရိုမန်သည် ဒေလီယာထက် စွမ်းအားနိမ့်ကျသည်။သိုသော် ရိုမန်သည် မဟာနတ်ဆိုးဘုရင်အဆင့်သို အဆင့်တက်သွားခဲ့သည်။ဒေလီယာမှာမူ အဆင့်မတက်နိုင်ခဲ့ပေ။ကံကောင်းစွာပင် မယ်လွန်မိသားစု၏ မြေအောက်လိုဏ်ဂူထဲ၌ ဒေလီယာအား အဆင့်တက်ရန် ခြေတစ်လှမ်းတိုးစေသော အံ့ဩဖွယ်ရာ အရုဏ်ဦးနှင်းခဲ ရှိနေသည်။သူသည် မဟာနတ်ဆ်ုးဘုရင်အဆင့် ရောက်သွားနိုင်လျှင် ထင်ယောင်မှား ဒိုင်းကာဖြင့် ပေါင်းလိုက်သည့်အခါ [ ဝိညာဉ်လက်ထိပ် ] ၏ အန္တရာယ် ကြီးကြီးမားမား အားနည်းသွားမည် ဖြစ်သည်။အကယ်၍ သူသာ ဘရော့ခ်၏အဆင့်ထက် ကျော်လွန်သွားမည်ဆိုလျှင် [ ဝိညာဉ်လက်ထိပ် ] အလိုအလျောက် ပျောက်ကွယ်သွားပေမည်။သိုသော်လည်း ၎င်းသည် အလွန်ခဲယှဉ်းလှ၏။အကောင်းဆုံးနည်းမှာ ဘရော့ခ်ကို သတ်ပစ်ရန်ပင် ဖြစ်လေသည်။

ဒေလီယာသည် အဆင့်တက်ရန် အရေးကြီး အခိုက်အတန့်သို ရောက်နေကြောင်း ကြားလိုက်ရသည့်အခါ ရိုမန်က အတင်း မတောင်းဆိုတော့ဘဲ သဘောတူလိုက်သည်။

ထိုကြောင့် ပါ့ဂ်လီအို၊ ချန်လွေ့၊ အသီနာတို့သည် အစောင့်၅၀နှင့်အတူ ယန်းကော်မြို့သို့ ထွက်ခွာခဲ့သည်။တစ်ယောက်၊နှစ်ယောက်ဆိုလျှင် မှော်ပညာရှင်ကိုကိုင်တွယ်ရန် လုံလောက်သည်။အစောင့်များ လိုက်လာရခြင်း၏ ရည်ရွယ်ချက်မှာ ဖရိုဖရဲဖြစ်နေခြင်းကို ထိန်းသိမ်းရန် ဖြစ်သည်။အရတ်စ်သည် အမှောင်လမြို့တွင် နေရစ်ပြီး စစ်သားများကို လေ့ကျင့်ကာ တိုက်ပွဲဘောလုံး လေ့ကျင့်ရေးအတွက် စုစည်းနေခဲ့သည်။ဒေလီယာအပေါ် သက်ရောက်မှု မရှိစေရန်အတွက် သူတိုသည် ပျင်းနေသော ဒိုဒိုနှင့် ရိုမန်ကို သဘောမကျသော မြင်းနက်လေးတို့ကို တစ်ပါတည်း ခေါ်သွားခဲ့သည်။

မူလက ဒေလီယာနှင့် အသီနာတိုသည် နတ်မိစ္ဆာသားရဲကို နာမည်ပေးချင်ခဲ့သည်။သိုသော် ၎င်းသည် “မြင်းနက်လေး”ဟု ချန်လွေ့ခေါ်သည်ကို အသားကျနေပြီ ဖြစ်သည်။၎င်းသည် အမှန်တကယ်ပင် ထိုနာမည်ကို အသိအမှတ်ပြုလိုက်ရာ အားလုံး ဆွံ့အသွားခဲ့ကြသည်။

ချန်လွေ့သည် သရုပ်မှန်ကို အသုံးမပြုပေ။ထိုကြောင့် သူသည် မှော်ပညာရှင် တစ်ယောက်အသွင် ရုပ်ဖျက်လိုက်သည်။ပါ့ဂ်လီအို၏ သရုပ်မှာ ဓားသမားဖြစ်သည်။နှစ်ယောက်စလုံးသည် မှော်ဆရာခံတပ်၏ ဝေးလ်စ်မိသားစုမှ ဗိုလ်ချုပ်များ ဖြစ်ကြသည်။

လေးရက်ကြာပြီးနောက် ထိုအဖွဲ့သည် ယန်းကော်မြို့သို့ ရောက်ရှိသွားခဲ့သည်။အမှောင်လမြို့၏ ဆယ်စုနှစ်ချီအောင် စီးပွားရေး ကျဆင်းမှုကြောင့် တိုင်းပြည်အတွင်း မြို့ငယ်အများစုမှာ ဆင်းရဲပြီး ခေတ်နောက်ကျနေကြသည်။၎င်းတို့သည် အခြားနယ်မြေများနှင့် မယှဉ်နိုင်ပေ။ယန်းကော်မြို့၏ လူဦးရေမှာ မူလကတည်းက နည်းပါးသည်။ထိုအဖြစ်အပျက် ပြီးနောက်တွင် သိသိသာသာပင် ပို၍ ပျက်စီးယိုယွင်းသွားတော့သည်။

မြို့ထဲဝင်ပြီး အသီနာ ပထမဆုံး ပြုလုပ်သည့်အရာမှာ သိုးဝဝ မဟာနတ်ဆိုးဖြစ်သော မြို့ဝန် ရှိတ်ခ်ကို ရှာဖွေခြင်းပင် ဖြစ်သည်။ငြိမ်ဝပ်ပိပြားရေး အရာရှိသည် အုပ်စိုးသူပြီးလျှင် အမှန်တကယ် အာဏာရှိသော ပုံရိပ်တစ်ခုနှင့် ညီမျှသည်။ငြိမ်ဝပ်ပိပြားရေးအရာရှိသည် စစ်တပ်ကိုပင် အမိန့်ပေးနိုင်၏။မြို့ဝန် ရှိတ်ခ်သည် စိုင်ဖူမိသားစု လက်အောက်မှ ဖြစ်သည်။အသီနာ၏ နောက်ခံကို သိသည့်အတွက် ရှိတ်ခ်၏အပြုအမူသည် အလွန် ခယနေ၏။အသီနာသည် ထိုသူ၏ စကား မပြောချင်လောက်အောင် ပျင်းရိနေသည့်အတွက် ယန်းကော်မြို့မှ အဖြစ်အပျက်များအကြောင်းကို တစ်ခါတည်း မေးလိုက်သည်။

ရှိတ်ခ် ကြက်သေသေသွားသည်။သူက အပြစ်တင်ခံရရန် ကြောက်နေပုံရပြီး ထစ်ထစ်ငေါ့ငေါ့နှင့် ပြောလိုက်သည်။လွန်ခဲ့သော နှစ်လခန့်က သူရဲကောင်းစိတိဝိညာဉ် ဂူသင်္ချိုင်းမှ အုတ်ဂူအများအပြား တူးဖော်ခံခဲ့ရသည်။ထိုသို လွှတ်လိုက်သော လူများ၏ ပြောကြားချက်အရ ထိုအုတ်ဂူများမှာ အတွင်းထဲမှ တူးထုတ်ထားခြင်း ဖြစ်သည်။ဆိုလိုသည်မှာ အလောင်းကောင်များ အသက်ပြန်ရှင်လာပြီး အုတ်ဂူထဲမှ ထွက်လာခြင်း ဖြစ်သည်။ထိုအချိန်၌ ရှိတ်ခ်သည် အမှောင်လမြို့သို့ သတင်းပို့ချင်ခဲ့သော်လည်း မြို့စောင့်တပ် ခေါင်းဆောင် ဆီမန်က တားဆီးခဲ့ပြီး သတင်းမပို့ခင် ပိုမိုစုံစမ်းရန် လိုအပ်ကြောင်း ပြောခဲ့သည်။မယ်လွန်မိသားစုနှင့် စိုင်ဖူမိသားစုတို့သည် ထိုအချိန်၌ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြောင်း ရှိတ်ခ် စဉ်းစားခဲ့သည်။ထိုကိစ္စကို မယ်လွန်မိသားစုက အသုံးပြုနေခြင်း ဖြစ်နိုင်သည့် အတွက် ရှိတ်ခ်က ဆီမန်၏အမြင်ကို သဘောတူခဲ့သည်။ရလာဒ်‌ အနေဖြင့် အခြေအနေ တင်းမာသွားခဲ့သည်။သိပ်မကြာခင်က ဆီမန်ကိုယ်တိုင်ပင် ပျောက်ကွယ်သွားတော့သည်။ရှိတ်ခ်လည်း ဆက်လက် မဖုံးကွယ်ရဲတော့ဘဲ အမှောင်လမြို့သို့ အလျင်အမြန် သတင်းပိုခဲ့သည်။

အသီနာ မျက်မှောင်ကြုတ်လိုက်သည်။ရှိတ်ခ်သည် အဖြစ်အပျက်ကို သိသော်လည်း သတင်းမပိုခဲ့ပေ။သူသည် လုံးဝ တာဝန်ရှိပေမည်။အသီနာသည် နိုင်ငံရေးရာတွင် သိပ်မတော်သော်လည်း စိုင်ဖူမိသားစုသည် တော်ဝင်မင်းသမီးရှီရာ၏ အင်အားကြီး ထောက်ပံ့သူတစ်ယောက်ဖြစ်ကြောင်း သဘောပေါက်သည်။ယခုအချိန်သည် ရှိတ်ခ်ကို ဖြေရှင်းရန်မဟုတ်ဘဲ မှော်ပညာရှင်ကို အမြန်ဆုံး သတ်ပစ်ရန် ဖြစ်သည်။

အသီနာသည် ရှိတ်ခ်၏ မြို့ဝန်အိမ်ယာတွင် မနေခဲ့ဘဲ စစ်သားများကို မူလခံတပ်သို့ ဦးဆောင်ရွှေ့ပြောင်းလိုက်သည်။လက်ရှိတွင် မြို့သူ/သားများသည် မလုံမခြုံခံစားနေရပြီး ကြောက်ရွံနေကြသည်။သူတို့သည် မြို့သူ/သားတို၏ နှလုံးသားကို တည်ငြိမ်အောင် ပြုလုပ်ရန် အသည်းအသန် လိုအပ်နေသည်။ချန်လွေ့၏ အမြင်အရ သူတို့သည် လူခွဲပြီး သီးခြားလှုပ်ရှားရမည် ဖြစ်သည်။အသီနာသည် လက်ကျန်အစောင့်များကို စုစည်းပြီး သီးခြား ကင်းလှည့်များ စီစဉ်ကာ မြို့သူ/သားတိုကို စိတ်အေးစေရန် ပြုလုပ်သည်။ ပါ့ဂ်လီအိုက ဂူသင်္ချိုင်းဆီသွားပြီး အခြေအနေ စုံစမ်းသည်။ချန်လွေ့သည် မြို့ထဲသွားပြီး သတင်းအချက်အလက်များကို စုဆောင်းကာ ဇာတ်လမ်းကို အတွင်းကျကျ သွားရောက်လေ့လာသည်။

ခံတပ်သို့ ချန်လွေ့ ပြန်ရောက်သောအခါ ပါ့ဂ်လီအိုလည်း ရောက်ရှိနေပြီ ဖြစ်သည်။အဆိပ်နဂါး၏ စူးစမ်းလေ့လာချက်အရ သူရဲကောင်းစိတ်ဝိညာဉ် ဂူသင်္ချိုင်း၌ အမှန်တကယ်ပင် မသေမျိုးမှော်ပညာ အငွေ့အသက်တစ်ခု ရှိနေသည်။

ထိုအပြင် ထိုအငွေ့အသက်၏ သန့်စင်မှု အလွန်မြင့်မားပြီး ထင်ထားသည်ထက် ပို၍အစွမ်းထက်သည်။ပါ့ဂ်လီအို၏ အတွေ့အကြုံအရ ထိုမှော်ပညာရှင်သည် နတ်ဆိုးဧကရာဇ်အဆင့် ရောက်ရှိနိုင်ချေ မြင့်မားသည်။

အသက်နှင့် အမွေအနှစ်စွမ်းအားကို လုံးဝမချေဖျက်ရသေးသည့်အတွက် ရှီရာ၏စွမ်းအားသည် မဟာနတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းသာ ဖြစ်သည်။ရှီရာသည် အခြား နယ်မြေအုပ်ချုပ်သူ သုံးယောက်ထက် အားနည်းသည်။နတ်ဆိုးဧကရာဇ်အဆင့်သည် အမှောင်လနယ်မြေ၌ ပြိုင်ဘက်ကင်း ဖြစ်သည်။ ဒါကြောင့် သူက ဒီလိုလူများတဲ့နေရာမှာ ရဲရဲတင်းတင်း လုပ်ရဲတာကိုး။

သိုသော်လည်း ထို “ ပြိုင်ဘက်ကင်း ” ဆိုသည်မှာ ပါ့ဂ်လီအိုကို ထည့်မထွက်၍ ဖြစ်သည်။ဆေးရည်မည်းနှင့် အရုဏ်ဦးနှင်းခဲတို၏ သက်ရောက်မှုနှင့်အတူ အဆိပ်နဂါး၏ စွမ်းအားသည် နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းလည်း ပြန်လည် ရောက်ရှိသွားခဲ့သည်။ထိုအပြင် သူ၏ မူလ နတ်ဆိုးအရှင်သခင်အဆင့် တိုက်ခိုက်ရေးအတွေ့အကြုံနှင့် အမြင်များနှင့် ပေါင်းလိုက်လျှင် သူသည် နတ်‌ဆိုးဧကရာဇ်အဆင့်၌ ပြိုင်ဘက် မရှိပေ။ကံမကောင်းစွာပင် ရှေးမှော်စာများကြောင့် ပါ့ဂ်လီအိုသည် ထိုနေရာ၌သာ ရပ်နေရပြီး ရှေ့မဆက်နိုင်တော့ပေ။ပြိုင်ဘက်သည် နတ်ဆိုးဧကရာဇ် တစ်ယောက်ဆိုလျှင် အဆိပ်နဂါး ရှိနေသရွေ့ ကိစ္စမရှိပေ။

ချန်လွေ့သည်လည်း သလင်းအချက်အလက် အများအပြား ရရှိခဲ့သည်။သူသည် [ ရုပ်ဖျက်ခြင်း ] နှင့် အခြားနည်းလမ်းများကို အသုံးပြုပြီး သတင်းအချက်အလက် အများအပြား ရှာဖွေခဲ့သည်။မြို့ဝန် ရှိတ်ခ်၏ ဂုဏ်သတင်းမှာ သိပ်ပြီး မကောင်းလှပေ။အကျင့်ပျက်ခြစားကာ လာဘ်ပေးလာဘ်ယူလုပ်ပြီး မြို့သူ/သားများကို အနိုင်ကျင့်ခြင်းများ ရှိသည်။မြို့စောင့်တပ်ခေါင်းဆောင် ဆီမန်သည်လည်း မထူးခြားနားပေ။သူက ရက်စက်သော နည်းလမ်းများကို အသုံးပြုသည်။သူ့ကို မနာခံသူများသည် အသက်ရှင်နိုင်ချေ လုံးဝမရှိသော လျိုဝှက် အကျဉ်းထောင်နက်ထဲ အထည့်ခံရသည်။မသေမျိုးအဖြစ်အပျက်က ကြောက်စရာ‌ကောင်းသည် မဟုတ်လျှင် ဆီမန်ပျောက်ဆုံးသွားခြင်းကြောင့် လူအများကို လက်ခုတ်ဩဘာ ပေးကြမည် ဖြစ်သည်။မြို့သူ/သားများ၏ ပြောကြားချက်အရ အရိုးခြောက်များနှင့် ဖုတ်ကောင်များသည် ကျောက်နက်တောင် မြောက်ဘက်နှင့် ကျောက်တောင် အနောက်ဘက်၌ ထွက်ပေါ်လာခြင်း ဖြစ်သည်။ကျောက်နက်တောင်သည် အဆင်ပြေနေသေးသည်။‌ကျောက်တောင်သည် မူလကတည်းက ယန်းကော်မြို့၌ သရဲခြောက်သောနေရာ ဖြစ်နေခဲ့သည်။သတ္တိရှိသူများက ထိုအထဲ ဝင်ရောက်ခဲ့သော်လည်း မည်သူမှ အသက်မရှင်ခဲ့ပေ။ယခုတွင် ထိုနေရာနှစ်ခုကို မည်သူမှ မချဉ်းကပ်ရဲတော့ပေ။

ပါ့ဂ်လီအို ခေါင်းညိတ်ပြီးပြောသည်။

“ စားစရာ နည်းနည်းစားပြီး နားလိုက်ဦး။ဒီည ငါတိုတွေ လူခွဲသွားမယ်။ငါက ကျောက်တောင်ကိုသွားမယ်။ချန်လွေ့က ကျောက်နက်တောင်ဆီကိုသွား။မသေမျိုး မှော်ပညာရှင်ရဲ့ ပါးစပ်ထဲကို သူလုပ်ထားတဲ့ အရိုးခြောက်တွေ ထိုးထည့်မယ်။ ”

ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။

“ ဒီကိစ္စက ဒီလောက်မရိုးရှင်းဘူးလို ကျုပ် ခံစားနေရတယ်။ ”

“ ရိုးရှင်းတဲ့ ပြဿနာတစ်ခုကို ရှုပ်ထွေးအောင် လုပ်မနေနဲ့။ဘာမှတုံဆိုင်းနေစရာ မရှိဘူး။မသေမျိုး မှော်ပညာရှင်ကို တစ်ခါတည်း ဖမ်းရုံပဲ။ပြီးရင် အားလုံးကို နားလည်သွားမယ်။ ”

ပါ့ဂ်လီအို သဘောမတူဘဲ ပြောပြီး ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်သည်။

“ အသီနာက အစောင့်တွေရဲ့ ခေါင်းဆောင်။သူက ဒီမှာ ဒိုဒိုနဲ့အတူ တာဝန်ယူလိုရတယ်။မသေမျိုး မှော်ပညာရှင်လေး တစ်ယောက်ပဲ။ချန်လွေ့နဲ့ငါ သူ့ကို ခဏလေးနဲ့ ဖြေရှင်းနိုင်တယ်။ ”

ညအချိန်၌ အရိပ်မည်းတစ်ခုသည် ကျောက်နက်တောင်ခြေရှိ တောအုပ်ထဲ၌ ပေါ်ထွက်လာသည်။၎င်းမှာ မြင်းနက်လေးကို စီးထားသော ချန်လွေ့ပင် ဖြစ်လေသည်။

သတိထားရန်အတွက် ချန်လွေ့သည် ချပ်ဝပ်တန်ဆာ အပြည့် ဝတ်ဆင်ထားခဲ့သည်။သူသည် မိုးခြိမ်းသံကို လည်ပင်း၌ အမြဲ ဝတ်ဆင်ထားသည်။ထိုကဲ့သို တိုက်ပွဲမျိုး၌ မသေမျိုး ထိခိုက်မှုကို နှစ်ဆ တိုး‌စေသော ဂုဏ်သတ္တိသည် မယုံကြည်နိုင်စရာ အခန်းကဏ္ဍ၌ ပါဝင်နေသည်။

ထိုအချိန်၌ ရှေ့ဘက်တွင် လှုပ်ရှားမှုတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ချန်လွေ့တို အမြင်တွင် အဖြူရောင် အရိုးခြောက်တစ်ခု ပေါ်ထွက်လာခဲ့သည်။၎င်းကို နောက်မှ တစ်ယောက်က ချက်ချင်း လိုက်လာသည်။တောအုပ်ထဲ၌ လရောင်များ ပိုပိုပြီး တောက်ပလာရာ သိပ်သည်းပြီး ကြမ်းတမ်းသော အရိုးအုပ်ကြီး ပေါ်လွင်လာ၏။၎င်းမှာ အတော်လေး ကြက်သီးထစရာ ကောင်းလှသည်။

မျိုးနွယ် - အရိုးခြောက် (မသေမျိုး)။

စွမ်းအားအကဲဖြတ်မှု - [ E- ]

ခန္ဓာအမျိုးအစား - [ E- ]

ခွန်အား - [ E ]

စိတ်ဝိညာဉ်- [ F- ]

မြန်ဆန်မှု - [ F ]

အရိုးခြောက်သည် ချန်လွေ့နှင့် မြင်းနက်လေးတို၏ မသေမျိုးမဟုတ်သော အငွေ့အသက်ကို ခံစားမိသည်။သူတိုသည် ချန်လွေ့ကို ဖြည်းဖြည်းချင်း ဝိုင်းရံလိုက်သည်။အရိုးခြောက်များ၏ လှုပ်ရှားမှုများသည် စူးစူးရှရှ အသံမြည်နေ၏။သူတို၏ စွမ်းအားအကဲဖြတ်မှုမှာ အလယ်ဆင့်နတ်ဆိုး ကနဦးပိုင်း ဖြစ်သည်။ထိုစွမ်းအားသည် အရည်အတွက် မည်မျှများစေကာမူ ချန်လွေ့နှင့် ပါ့ဂ်လီအိုတိုအတွက် အသုံးမဝင်ပေ။ချန်လွေ့သည် လေထဲထိုးလိုက်ပြီး ရှေ့မှ အရိုးခေါင်းကို ထိမိသွားသည်။၎င်း၏ခန္ဓာကိုယ် ရုတ်တရက် ကြေမွသွားတော့သည်။သိုသော် ၎င်း၏အောက်ပိုင်း ခြေထောက်များမှာ လမ်းလျှောက်နေဆဲပင် ဖြစ်သည်။သိုသော် ၎င်းကို လှိင်းကြမ်းပဲ့တင်ထပ်ခြင်းက အလျင်အမြန် ဖျက်ဆီးပစ်ခဲ့သည်။

မသေမျိုး မှော်ပညာရှင်သည် လူအုပ်ကြီး နည်းဗျူဟာကို သဘောကျကြောင်း ပါ့ဂ်လီအို ပြောခဲ့သည်ကို ချန်လွေ့ မှတ်မိသည်။အလကားသက်သက် အချိန်ကုန်မခံ၊ အားကုန်မခံလျှင် အကောင်းဆုံးပင် ဖြစ်သည်။သူသည် ချက်ချင်းပင် မြင်းနက်လေးကို သွားခိုင်းခဲ့ပြီး လမ်းတစ်လျှောက် လက်သီးအမြန်ထိုးကာ အနီးရှိ အရိုးခြောက်များအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။မြင်းနက်လေးသည် အလွန်မြန်ဆန်လှသည်။အရိုးခြောက်များ မချဉ်းကပ်နိုင်ခင်မှာပင် သူတိုသည် ဝိုင်းရံမှုမှ ထွက်ပြေးပြီး

မကြာမီတွင် တောအုပ်ကို ဖြတ်သန်းသွားခဲ့သည်။

လမ်းတစ်လျှောက် ကြမ်းတမ်းသော်လည်း မြင်းနက်လေးသည် မြေညီတွင်သွားရသကဲ့သိုပင် ကဆုန်ပေါက် ပြေးနေ၏။ကျောက်နက်တောင်၏ တောင်လမ်းကြောင်းကို မသေမျိုးများက လုံးဝ သိမ်းပိုက်ထားပြီးပြီ ဖြစ်သည်။ထိုမသေမျိုးများ၏ တိုက်ခိုက်ရေးစွမ်းအားများမှာ မကြီးမားလှပေ။အမြင့်ဆုံး ဖုတ်ကောင် ခေါင်းဆောင်သည်ပင် အမြင့်ဆင့်နတ်ဆိုး ကနဦးပိုင်းသာ ဖြစ်သည်။သိုသော် များပြားလှသည့် အရေအတွက်သည် ချန်လွေ့ကို တိတ်တဆိတ် ကြောက်လန့်သွားစေသည်။ ဒီမသေမျိုးတွေက စုစုပေါင်း ထောင်နဲ့ချီ ရှိနိုင်တယ်။သူတိုရဲ့ မသေနိုင်တဲ့ လက္ခဏာတွေနဲ့အတူ စစ်တပ်တစ်တပ် ဖွဲစည်းပြီးတော့ အမှောင်လ အစောင့်တွေကို တိုက်ခိုက်မယ်‌ဆိုရင် အစောင့်တွေနိုင်ရင်တောင် ကြီးကြီးမားမား ထိခိုက်မှာပဲ။

ပြီးတော့ ထောင်ချီတဲ့ မသေမျိုးတွေက အဲဒီမှော်ပညာရှင်ရဲ့ အစွမ်းကုန် မဟုတ်နိုင်သေးဘူး။လုံလောက်တဲ့ အရေအတွက် ဒါမှမဟုတ် လုံလောက်တဲ့ အရည်အသွေးသို ရောက်သွားရင် အမှောင်လနယ်မြေတစ်ခုလုံး၏ လုံခြုံရေးကို ခြိမ်းခြောက်နိုင်လောက်တယ်။

All Chapters