အထိတ်တလန့်သူရဲကောင်းစစ်သည် နှင့် “မိတ်ဆွေဟောင်း”
Vol. 21 Ch. 309
လေထဲပျံဝဲနေသော ပုံရိပ်ဒါဇင်ခန့်သည် တောင်ခြေ၌ ချန်လွေ့၏ လမ်းကြောင်းကို တားဆီးထားလိုက်သည်။
မျိုးနွယ် - တစ္ဆေ(မသေမျိုး)
စွမ်းအားအကဲဖြတ်မှု - [D+]
ခန္ဓာအမျိုးအစား - [D]
ခွန်အား - [D]
စိတ်ဝိညာဉ် - [D+]
မြန်ဆန်မှု - [D+]
ချန်လွေ့သည် မသေမျိုး မှော်ပညာများကို ပါ့ဂ်လီအိုထံမှ အတော်များများ သိခဲ့ရသည်။ သို့သော် သူသည် တစ္ဆေများကို ယခုမှ ပထမဆုံး တွေ့ဖူးခြင်း ဖြစ်သည်။ ၎င်းတို့သည် သူ၏ ယခင်ဘဝက ဒဏ္ဍရီလာ ဝိညာဥ်များနှင့် အတော်လေး ဆင်တူသည်။ချန်လွေ့သည် ၎င်းတို့ကို စိတ်ဝင်တစားဖြင့် ဒုတိယတစ်ခေါက် ကြည့်လိုက်သည်။ ထိုတစ္ဆေများသည် သာမန်လူများကဲ့သို့ပင် ဖြစ်နေပြီး သူတို့၏ ခန္ဓာကိုယ်မှာ တစ်ဝက်-ဖောက်ထွင်းမြင် နေရသည်။အထူးသဖြင့် သူတို့၏ ဒူးအောက်ပိုင်းသည် အစိုင်အခဲ ဖြစ်ဟန်မတူပေ။ ၎င်းသည် အတော်လေး ထူးဆန်းလှ၏။
နတ်ဆိုးဘုရင်အဆင့် ရောက်နေသော သန္ဓေပြောင်း တစ္ဆေခေါင်းဆောင် တစ်ယောက်လည်း ရှိသည်။၎င်းသည် ချန်လွေ့ဆီသို့ ပထမဆုံး ရောက်ရှိလာသည်။ ၎င်း၏ အမြန်နှုန်းမှာ အတော်လေး မြန်ဆန်ပေသည်။
ချန်လွေ့သည် မြင်းနက်လေးပေါ်မှ ခုန်ချပြီး တစ္ဆေကို လက်သီးဖြင့် ထိုးလိုက်သည်။ သို့သော် လက်သီးသည် ပုံရိပ်ယောင်တစ်ခုကို ထိသွားသကဲ့သို့ပင် ဖောက်ထွင်းသွား ခဲ့သည်။သို့သော် တစ္ဆေ၏ တိုက်ခိုက်မှုများမှာ ပုံရိပ်ယောင်တစ်ခု မဟုတ်ပေ။၎င်းသည် ချန်လွေ့၏ လက်မောင်းကို ခြစ်သွားပြီး သွေးစက်များ ထွက်ပေါ်လာကာ နာကျင်သွား၏။ ထိုတိုက်ခိုက်မှုသည် အဆိပ်ရှိပုံရသည်။သို့သော် ထိုကဲ့သို့အဆိပ်သည် ချန်လွေ့အပေါ် လုံးဝသက်ရောက်မှု မရှိပေ။၎င်း၏ တိုက်ခိုက်မှုသည် အရေပြားကို အနည်းငယ်သာ ပြတ်တောက်သွားစေသည်။
ချန်လွေ့ တိုက်ခိုက်လိုက်ပြန်ပြီး နောက်ထပ် လက်သီးတစ်ချက် ထိုးလိုက်သည်။ ထိုလက်သီးချက်သည် မလွဲချော်သွားခဲ့ပေ။၎င်းသည် ဝါဂွမ်း သို့မဟုတ် အမျှင်များကို ထိသွားသကဲ့သို့ ဖြစ်သွားပြီး ရှေ့ဆက်မတိုးနိုင်တော့ပေ။
တစ္ဆေ ထိုးခံထိပြီးသည့်အခါ ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်သည်။၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံး တွန့်လိမ်သွားပြီးနောက် လေထဲသို့ ပျောက်ကွယ်သွားတော့သည်။လက်သီးမှ ထွက်လာသော အပြာရောင် လျှပ်စီးမီးပွင့်များသည် မိုးခြိမ်းသံ၏ ထပ်တိုးအစွမ်း ဖြစ်သည်။မသေမျိုးကို ၂၂၀% ထိခိုက်မှု နှင့် ပေါင်းလိုက်သည့်အခါ ထိုတစ္ဆေ ခေါင်းဆောင်သည် တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အခန်းတစ်ခန်းမှ ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာသည်။
“ ဘယ်ကောင်က ငါ့ရဲ့ သန္ဓေပြောင်း တစ္ဆေခေါင်းဆောင်ကို ဖျက်ဆီးပစ်လိုက်တာလဲ။ ”
တစ္ဆေသည် အသက်ရှင်စဉ်အတွင်း အားကောင်းသော စိတ်ဝိညာဉ်ရှိသော အလောင်း တစ်ခုကို အသွင်ပြောင်းထားသော မသေမျိုးဖြစ်သည်။၎င်းသည် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု များကို အများအပြား ခံနိုင်ရည်ရှိသည်။တစ်ခါတစ်ရံတွင်လည်း ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု လုံးဝမရှိပေ။ ၎င်းသည် ချန်လွေ့၏ ပထမဆုံး လက်သီးချက် ပုံစံမျိုး ဖြစ်သည်။ ဒုတိယ လက်သီးချက်သည် တစ်ဝက်ခန့် အားနည်းသွားသော်လည်း မိုးခြိမ်းသံ၏ အထူးအာနိသင် များနှင့် စွမ်းအားခြားနားမှုကြောင့် တစ္ဆေခေါင်းဆောင်ကို တစ်ခါတည်း သတ်ပစ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။
သန္ဓေပြောင်း တစ္ဆေခေါင်းဆောင်များသည် ရှားပါးသည့်အတွက် ထိုမှော်ပညာရှင် အလွန် ဒေါသထွက်နေခြင်း ဖြစ်သည်။
“ အာလဟန်။အဲဒီကောင်ကို ငါ့ဆီ ချက်ချင်း ခေါ်လာခဲ့။သူ သေမယ်ဆိုရင်တောင် ငါ သူ့ရဲ့ အလောင်းကို လိုချင်တယ်။ ”
သူ၏နောက်တွင် ချပ်ကာအနက် ဝတ်ဆင်ထားသော ယောကျ်ားတစ်ယောက်က အသာလေး ခေါင်းညိတ်ပြီး လှည့်ထွက်သွားလိုက်သည်။
တစ္ဆေခေါင်းဆောင်ကို ရှင်းပစ်ပြီးနောက် မြင်းနက်လေး ထိခိုက်မည် စိုးသည့်အတွက် ချန်လွေ့သည် မြင်းနက်လေးကို ဝိုင်းရံနေသည့် တစ္ဆေမျာကို တရစပ် ပစ်ထိုးခဲ့သည်။ သူသည် မြင်းစီးပြီး ရှေ့သို့ အနည်းငယ် ဆက်သွားသည်။ရုတ်တရက် မြင်းနက်လေးသည် သတိရှိသွားပြီး အရှိန်သတ်လိုက်သည်။
အနက်ရောင်ပုံရိပ်တစ်ခုသည် သူတို့အရှေ့ တောင်ခါးပန်းပေါ်တွင် ထွက်ပေါ်လာသည်။ ထိုသူသည် တစ်ကိုယ်လုံးကို အနက်ရောင်ချပ်ကာများဖြင့် လုံးဝဖုံးလွှမ်းထားသည်။ ချန်လွေ့သည် ထိုသူ၏မျက်နှာကို မမြင်နိုင်ခဲ့ပေ။ထိုသူသည် မြင်းတစ်ကောင်စီးထားပြီး ထိုမြင်းသည်လည်း အနက်ရောင်ပင် ဖြစ်သည်။ထိုသူ၏ အနက်ရောင် မျက်လုံးများမှ ကြောက်မက်ဖွယ်ရာ အေးစက်သော အလင်းရောင်များ ထုတ်လွှတ်နေ၏။
မျိုးနွယ် - အထိတ်တလန့် သူရဲကောင်းစစ်သည် (မသေမျိုး)
စွမ်းအားအကဲဖြတ်မှု -B
ခန္ဓာအမျိုးအစား - B-
ခွန်အား - B+
စိတ်ဝိညာဉ် - B-
မြန်ဆန်မှု - B
မျိုးနွယ် - တစ္ဆေမြင်း (မသေမျိုး)
စွမ်းအားအကဲဖြတ်မှု - C
ခန္ဓာအမျိုးအစား - C+
ခွန်အား - C
စိတ်ဝိညာဉ် - D
မြန်ဆန်မှု - C
အထိတ်တလန့် သူရဲကောင်းစစ်သည်ကို အလောင်းများ၏ အထူးဝိညာဉ်မှ ပြုလုပ်ထားခြင်း ဖြစ်သည်။ထိုသူသည် အသက်ရှင်နေစဉ်အတွင်း အစွမ်းထက် သူရဲကောင်း စစ်သည်တစ်ယောက် ဖြစ်သည်။ စိတ်ဆန္ဒတစ်ခုခု သို့မဟုတ် ကျိန်စာ တစ်ခုခုကြောင့် သူ၏ဝိညာဉ်သည် မပျောက်ကွယ်သွားနိုင်တော့ပေ။မသေမျိုးအဖြစ် ပြန်လည်ရှင်သန်လာသည့်အခါ သူသည် ပူဆွေးမှုနှင့် သတ်ဖြတ်ခြင်းကို စွမ်းအား အရင်းအမြစ်အဖြစ် အသုံးချခဲ့သည်။သူသည် ခွန်အားကြီးမားပြီး တိုက်ခိုက်ရေးစွမ်းရည် ရှိသည်။
အထိတ်တလန့် သူရဲကောင်းစစ်သည် သည် မသေမျိုးမှော်ပညာက ထုတ်လှုပ်နိုင်သည့် အဆင့်အမြင့်ဆုံး သတ္တဝါတစ်မျိုးဖြစ်သည်။ အထိတ်တလန့် သူရဲကောင်းစစ်သည်များကို ထုတ်လုပ်နိုင်သော မှော်ပညာရှင်များကို မသေမျိုးမှော်ပညာ၌ ထိပ်သီးများအဖြစ် သတ်မှတ်၍ ရနိုင်ပေသည်။ ချန်လွေ့၏အရှေ့မှ အထိတ်တလန့် သူရဲကောင်းစစ်သည် မှာ မဟာနတ်ဆိုးဘုရင်အဆင့် ဖြစ်သည်။အသီနာနှင့်အတူ ယန်းကော်သို့ လိုက်သွားခြင်းသည် အသင့်တော်ဆုံးရွေးချယ်မှု ဖြစ်ဟန်တူသည်။သို့မဟုတ်ပါက အသီနာသည် မမျှော်လင့်ထားသော အန္တရာယ် ကြုံတွေ့ရနိုင်ပေသည်။
အထိတ်တလန့် သူရဲကောင်းစစ်သည်က စကားမပြောပေ။သူ၏ လက်ထဲ၌ လှံတစ်လက် ထွက်ပေါ်လာ၏။သူသည် တစ္ဆေမြင်းကိုစီးကာ ချန်လွေ့ဆီသို့ တည့်တည့်ပြေးလာသည်။ ထိုကဲ့သို့ တစ်ဦးချင်းစွမ်းအားနှင့် မြင်းအင်အားကို ပေါင်းစပ်ခြင်းသည် အလွန် သက်ရောက်မှု ရှိသည်။ချန်လွေ့သည် ၎င်းကို တိုက်ရိုက် မရင်ဆိုင်ရဲဘဲ မြင်းနက်လေးနှင့် အတူ ရှောင်တိမ်းလိုက်သည်။
[ သရုပ်ခွဲမျက်လုံး ] ၏ ဆက်သွယ်စကားပြောမှုဖြင့် သူနှင့် မြင်းနက်လေးတို့၏ နားလည်မှု အလွန်ကောင်းမွန်နေသည်။ သို့သော် ထိုကဲ့သို့ မြင်းစီးရင်း တိုက်ခိုက်ခြင်းသည် ချန်လွေ့၏ ကျွမ်းကျင်မှု မဟုတ်ပေ။ အထိတ်တလန့် သူရဲကောင်းစစ်သည်နှင့် ခွန်အားနှင့် အရည်အသွေးသည် မဟာနတ်ဆိုးဘုရင်အဆင့် ရောက်ရှိနေပြီ ဖြစ်သည်။ ထို့အပြင် မြင်းနှင့်လူ ပေါင်းစည်းခြင်းသည် ထိပ်တိုက်ရင်ဆိုင်ရန်အတွက် မသင့်တော်ပေ။
ပြိုင်ဘက်ဖြစ်သူက သုံးလေးကြိမ် ရှောင်တိမ်းလိုက်ပြီးသည့်အခါ အထိတ်တလန့် သူရဲကောင်းစစ်သည်၏ မျက်လုံးထဲ၌ အနီရောင်အလင်း လင်းလက်လာသည်။သူသည် ချန်လွေ့၏ သူရဲဘောကြောင်မှုကို လှောင်ပြောင်နေဟန်တူသည်။ ချန်လွေ့ လက်ဝှေ့ရမ်း လိုက်သည့်အခါ အထိတ်တလန့် သူရဲကောင်းစစ်သည်က မိမိ၏ အမြန်နှုန်း ရုတ်တရက် နှေးကွေးသွားသလို ခံစားလိုက်ရသည်။မြင်းအင်အား၏ အသားစီးရခြင်းကို အသုံးချ၍ မရတော့သည့်အတွက် ၎င်းသည် ချက်ချင်းပင် ဇက်ကြိုးကိုဆွဲပြီး မြင်းပေါ်မှ ခုန်ဆင်း လိုက်သည်။ ၎င်း၏လက်ထဲရှိလှံကို ဓားရှည်တစ်လက်က အစားထိုးသွားပြီး ချန်လွေ့ဆီ လမ်းလျှောက်လာသည်။
ချန်လွေ့ နောက်မဆုတ်ပေ။သူက မြင်းနက်လေးကို ထွက်သွားရန် ပြောလိုက်ပြီး အထိတ်တလန့် သူရဲကောင်းစစ်သည်ဆီ လမ်းလျှောက်သွားသည်။ အထိတ်တလန့် သူရဲကောင်းစစ်သည်က ထင်ယောင်ထင်မှားဖြစ်သော မြူမည်းများ ထုတ်လွှတ် လိုက်သည်။ ၎င်း၏ နှေးကွေးနေသော လှုပ်ရှားမှုများ ရုတ်တရက် အတော်လေး မြန်ဆန် လာသည်။
မှော်အစွမ်း သက်ရောက်မှုကို အားနည်းစေ တာလား။ ဒါက ပါရမီလား။ဒါမှမဟုတ် မှော်ပညာလား။ ချန်လွေ့ တိတ်တဆိတ် အံ့အားသင့်သွားသည်။သူ မစဥ်းစားနိုင်ခင်မှာပင် အထိတ်တလန့် သူရဲကောင်းစစ်သည်က ကြောက်မက်ဖွယ်ရာ အငွေ့အသက်ဖြင့် ဓားကို ခုတ်ပိုင်းလိုက်သည်။ [ အရှိန်လျှော့ ] သက်ရောက်မှုသည် ကြီးကြီးမားမား လျော့ကျသွားပုံ ရသည်။ချန်လွေ့သည် [ အရှိန်အဝါဓားသွား ] ကို အသုံးမပြုရသေးပေ။သူ၏လက်ထဲ၌ ရှားရှားပါးပါး ဓားတစ်လက် ထွက်ပေါ်လာပြီး ဓားနှစ်လက် ခုတ်မိကာ ရုတ်တရက် မီးပွင့်များ ထွက်လာတော့သည်။ ချန်လွေ့သည် ခန္ဓာကိုယ်ကို တည်ငြိမ်စေရန်အတွက် နောက်သို့ ခြေလှမ်း၄လှမ်း ဆုတ်ခွာလိုက်ရသည်။အထိတ်တလန့် သူရဲကောင်းစစ်သည် မှာမူ အနည်းငယ်သာ ယိမ်းယိုင်သွားသည်။ ချန်လွေ့သည် ခွန်အားချင်း ယှဥ်လျှင် အမှန်တကယ် နိမ့်ကျပုံရသည်။
သို့သော်လည်း တိုက်ပွဲသည် ခွန်အားချည်း သက်သက်ပေါ်၌ အခြေခံခြင်း မဟုတ်ပေ။ ချန်လွေ့၏ ခြေထောက်တွင် ခြေလှမ်းဖိနပ်များ ထွက်ပေါ်လာသည်။မိုးခြိမ်းသံ၏ အရှိန်တိုးခြင်းနှင့် အထိတ်တလန့် သူရဲကောင်းစစ်သည်ပေါ်ရှိ ကျန်ရှိနေသေးသော အရှိန်လျှော့ သက်ရောက်မှုတို့နှင့်အတူ ချန်လွေ့သည် တစ်ဖက်လူထက် သိသိသာသာ မြန်ဆန်သွားခဲ့သည်။ သူ၏ဓားရှည်သည် ရန်သူကို မုန်တိုင်းသဖွယ် တိုက်ခိုက်တော့သည်။ သူသည် ဓားသမားပုံစံ ဖြစ်သွားခဲ့သည်။
အခြားတစ်ဖက်တွင် တစ္ဆေမြင်းကလည်း မြင်းနက်လေးကို ပစ်မှတ်ထားနေ၏။ ယခုတွင် မြင်းနက်လေးသည် ယခင်တစ်ခေါက်ကဲ့သို့ ထွက်မပြေးခဲ့ပေ။၎င်း၏ခန္ဓာကိုယ်သည် ချက်ချင်းပင် နတ်မိစ္ဆာသားရဲ ပုံစံအမှန် ဖြစ်သွားခဲ့သည်။
“ နတ်မိစ္ဆာသားရဲ ”
မှော်အစွမ်းသုံးပြီး တိုက်ပွဲကို အဝေးမှ ကြည့်နေသော မှော်ပညာရှင်က တအံ့တသြနှင့် ပြောလိုက်သည်။သူ၏အသံသည် ဘဝင်ကျနေဟန်တူသည်။
“ နတ်မိစ္ဆာသားရဲက သေချာပေါက် အကောင်းဆုံး တစ္ဆေမြင်း ဖြစ်မှာပဲ။အရိုးပဲ ကျန်ရင်တောင် အရိုးခြောက်ဂိုဒေါင်အတွက် အရည်အသွေး အကောင်းဆုံး ကုန်ကြမ်း ပစ္စည်းတစ်မျိုးပဲ။ ”
မြင်းနက်လေး၏ အသွင်ပြောင်းခြင်းသည် ချက်ချင်းပင် ပြီးစီးသွားပြီး တစ္ဆေမြင်းကို ဝင်တိုက်သည်။ တစ္ဆေမြင်းသည် နောက်သို့ အနည်းငယ် ဆုတ်သွားပြီး ထူးဆန်းသော စိတ်ဝိညာဉ် ဖိနှိပ်မှုတစ်ခု ထုတ်လွှတ်လိုက်သည်။ သို့သော် မြင်းနက်လေးသည် စိတ်ဝိညာဉ် စွမ်းအားကို လုံးဝခုခံနိုင်နေသည်။ထိုနည်းတူစွာပင် မသေမျိုး၏ အထူး ဝိသေသကြောင့် မြင်းနက်လေး၏ [ အထိတ်တလန့် ] ပါရမီသည် တစ္ဆေမြင်းပေါ်တွင် သက်ရောက်မှု မရှိပေ။ မည်သို့ပင် ဆိုစေကာမူ မြင်းနက်လေး၏ ပါရမီသည် [အထိတ်တလန့်] တစ်ခုတည်းသာ မဟုတ်ပေ။
အပြာရောင် လျှပ်စီးအလင်း လက်ခနဲ ထွက်ပေါ်လာပြီး တစ္ဆေမြင်းတစ်ဝိုက်တွင် အပြာရောင် အကွေးတစ်ခု ပေါ်ထွက်လာသည်။ ၎င်းသည် ခေတ္တတုံ့ဆိုင်းသွားခဲ့ပြီး မြင်းနက်လေးက လေကဲ့သို့ အမြန်ပြေးလာသည်။ မြင်းနက်လေးက ရုတ်ခြည်း လှည့်လိုက်ပြီး နောက်ခြေဖြင့် ကန်ထည့်လိုက်ရာ တစ္ဆေမြင်း၏ ဝမ်းဗိုက်ကို တည့်တည့် ထိသွားပြီး လွင့်ထွက်သွားတော့သည်။ တစ္ဆေမြင်းသည် တုန်ခါနေပြီး မတ်မတ်ပင် မရပ်နိုင်တော့ပေ။၎င်းသည် သာမန် နတ်ဆိုးသားရဲသာဆိုလျှင် ထိုအချိန်၌ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရနေပြီဖြစ်သည်။သို့သော် မသေမျိုးသည် နာကျင်မှု မရှိပေ။ ထို့ကြောင့် ခိုင်ခိုင်မာမာ ရပ်နိုင်ပြီးသည့်အခါ မြင်းနက်လေးဆီသို့ ပြေးလာပြန်သည်။ သို့သော်လည်း တစ္ဆေမြင်းသည် ပါရမီ၊တိုက်ခိုက်မှုနှင့် ခွန်အားတွင် လုံးဝအရေးနိမ့်နေပြီး ဖိနှိပ်ခံနေ ရသည်မှာ သိသိသာသာပင် ဖြစ်သည်။
“ သန္ဓေပြောင်း သွေးမျိုးဆက်ရှိတဲ့ နတ်မိစ္ဆာသားရဲပဲ။ ”
မသေမျိုး မှော်ဆရာ၏အသံသည် ပို၍ပင် စိတ်လှုပ်ရှားသွား၏။
“ ငါ ဒါကို ရမှဖြစ်မယ်။ ”
မြင်းနက်လေးသည် အသာစီးရနေသော်လည်း ချန်လွေ့၏ တိုက်ပွဲ အခြေအနေသည် ပို၍ ရုန်းကန်နေရသည်။သူသည် အထိတ်တလန့် သူရဲကောင်းစစ်သည်ထက် ပိုမြန်သော်လည်း ဓားရေးတွင် အမှန်တကယ်ပင် နိမ့်ကျနေသည်။ အထိတ်တလန့် သူရဲကောင်းစစ်သည် သည် ချန်လွေ့အား တစ်ချက်တည်းဖြင့် အဓိက နေရာများကို တိုက်ခိုက်နိုင်သည်။ ချန်လွေ့၏ ဓားပညာကို အသီနာ သင်ထားပေးခြင်း ဖြစ်သည်။အဓိကအားဖြင့် အခြေခံ တိုက်စစ် ခံစစ် လှုပ်ရှားမှုများဖြင့် အချိန်ကုန် လှုပ်ရှားရန် ဖြစ်သည်။၎င်းသည် သာမန် ပြိုင်ဘက်များကို ရင်ဆိုင်ရန် လုံလောက်သော်လည်း အထိတ်တလန့် သူရဲကောင်းစစ်သည် မှာ အသီနာထက် သာလွန်ပုံရသည်။ ချန်လွေ့သည် သေချာပေါက် ပြိုင်ဘက်တစ်ယောက် လုံးဝ မဟုတ်ပေ။
“ ချွမ်း ”
ချန်လွေ့၏ လက်ထဲမှဓား လွင့်စင်သွားသည်။ သို့သော် ၎င်းမှာ ချန်လွေ့ တမင် ပြုလုပ်ခဲ့သော ဟာကွက်တစ်ခု ဖြစ်သည်။ အမှန်တကယ် သတ်ဖြတ်ခြင်းတိုက်ကွက်မှာ ဓားဖြင့်မဟုတ်ဘဲ လက်ဖြင့် ဖြစ်သည်။ အလင်းရောင် လက်ခနဖြစ်သွားပြီး ချန်လွေ့သည် အထိတ်တလန့် သူရဲကောင်းစစ်သည်၏ခေါင်းကို ခုတ်ပိုင်းလိုက်သည်။ အထိတ်တလန့် သူရဲကောင်းစစ်သည်၏ဓားသည် အံ့သြဖွယ်ကောင်းလောက်အောင်ပင် ရှေ့သို့ ပြန်ရောက် လာခဲ့သည်။ အထိတ်တလန့် သူရဲကောင်းစစ်သည်က အလျားလိုက် ခုခံလိုက်သော်လည်း လက်ဝါးကိုသာ ခုခံနိုင်ခဲ့သည်။မမြင်ရသော ထက်မြက်သည့် ဓားချီစွမ်းအားက ဓားရှည်ကို ဖြတ်သန်းသွားပြီး အထိတ်တလန့် သူရဲကောင်းစစ်သည်၏ခေါင်းကို ပိုင်းဖြတ်လိုက်သည်။
အထိတ်တလန့် သူရဲကောင်းစစ်သည်၏ခေါင်းသည် ချပ်ကာခေါင်းစွပ်နှင့်အတူ လွင့်စင် သွားခဲ့ပြီး ဒုတ်ခနဲ မြေပေါ် ပြုတ်ကျသွားသည်။သို့သော် သွေးတစ်စက်မျှ မထွက်ပေ။ ချန်လွေ့ ကြက်သေသေနေစဉ် ခေါင်းပြတ်သွားသော အထိတ်တလန့် သူရဲကောင်းစစ်သည် သည် လက်ထဲမှဓားရှည်ကို အနက်ရောင် အကွေးအဖြစ် အလျင်အမြန် ဝှေ့ရမ်းလိုက်သည်။ အထိတ်တလန့် သူရဲကောင်းစစ်သည်က အမှန်တကယ် လုံးဝ ဘာမှမဖြစ်ပုံရသည်။
ချန်လွေ့သည် ခြေတစ်လှမ်းနောက်ကျပြီးမှ တယ်လီပို့ ခုန်ခဲ့သည့်အတွက် လက်မောင်းမှ သွေးများ ပန်းထွက်လာတော့သည်။ထို့နောက် ထိုဒဏ်ရာမှ မသက်မသာ ခံစားချက်တစ်ခု ထွက်ပေါ်လာသည်။ သူသည် တိုက်စားမှု အားတစ်ခုခုဖြင့် ကျူးကျော်ခံရသကဲ့သို့ ခံစားလိုက်ရသည်။ကံကောင်းစွာပင် ချန်လွေ့တွင် အထူးခန္ဓာအမျိုးအစား ရှိသည်။ သူသည် မကြာမီ ထိုအားကို ဖယ်ရှားလိုက်နိုင်သည်။
ထိုအချိန်၌ မြင်ကွင်းများ ရုတ်တရက် နက်မှောင်ပြီး ဝေဝါးသွားသည်။မြူနက်ထဲ၌ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး အလွန် ကြက်သီးထစရာ ကောင်းလှသည်။
ချန်လွေ့သည် အထိတ်တလန့် သူရဲကောင်းစစ်သည်နှင့် ဝေးကွာအောင် နောက်သို့ ခုန်လွှားလိုက်သည်။သူသည် မြင်းနက်လေးနား အနားလာရန် ညွှန်ကြားလိုက်သည်။ အထိတ်တလန့် သူရဲကောင်းစစ်သည်က နောက်မလိုက်လာပေ။သူသည် ဘေးဖက်သို့ သွားပြီး ခေါင်းစွပ်ချပ်ကာကို ကောက်ယူသည်။အထဲတွင် ဘာမျှရှိပုံ မရပေ။သို့သော် ခေါင်းချပ်ကာနှင့် ချိတ်ဆက်သွားသည့်အခါ အနီရောင်အလင်းတစ်ခု ထွက်လာပြန်သည်။
မျိုးနွယ် - အလောင်း အောက်လမ်းပညာရှင် (စိတ်ပုံရိပ်)
စွမ်းအားအကဲဖြတ်မှု - B
လက်စသတ်တော့ ဒီမသေမျိုး မှော်ပညာရှင်က အလောင်း အောက်လမ်းပညာရှင် ဖြစ်နေတာကိုး။ ပြီးတော့လည်း ငါ့ရှေ့မှာရှိနေတာက စိတ်ပုံရိပ်တစ်ခုပဲ။ ချန်လွေ့သည် ထူးထူးဆန်းဆန်း ရင်းနှီးသော ခံစားချက်တစ်ခု ရလိုက်သည်။
“ မင်းက ဘယ်သူလဲ။ မင်းက ငါ့ရဲ့ တားမြစ်နယ်မြေထဲကိုတောင် ချိုးဖောက် ဝင်ရောက် လာခဲ့တယ်။မင်း အသက်ရှင်ချင်တယ်ဆိုရင် ငါ့ကို မင်းရဲ့ နတ်မိစ္ဆာသားရဲ ပေးပြီးတော့ အညံ့ခံလိုက်။ ”
ချန်လွေ့သည် ပင့်သက်ရှိုက်ပြီး ခန္ဓာကိုယ်ထဲမှစွမ်းအားကို အလျင်အမြန် လှည့်ပတ် လိုက်သည်။ ဒါက သူ့အသံပဲ။တကယ့်ကို အဲဒီ “မိတ်ဆွေဟောင်း”ရဲ့ အသံပဲ။
ထိုမိတ်ဆွေဟောင်းသည် ချန်လွေ့အတွက် သူစိမ်းတစ်ယောက် မဟုတ်ရုံသာမက ရိုမန်၊ ဒေလီယာနှင့် ပါ့ဂ်လီအိုတို့အတွက်ပင် သူစိမ်းမဟုတ်ပေ။
ရိုမန်၊ဒေလီယာနှင့် ချန်လွေ့တို့သည် ထိုသူကို အသံတိတ်ညစိမ့်မြေ၌ “သိကျွမ်း” ခဲ့ရသည်။ ပါ့ဂ်လီအိုကမူ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ခန့်က ထိုမိတ်ဆွေဟောင်းနှင့် “အထိအတွေ့” ရှိခဲ့သည်။ ထိုသူမှာ အထူးချွန်ဆုံး အမှောင်မှော်ပညာ ဆရာသခင် တစ်ဖြစ်လဲ မသေမျိုး မှော်ပညာဆရာသခင် ဂူရာဒန်ပင် ဖြစ်လေသည်။
လွန်ခဲ့သော နှစ်၂၀၀၀ခန့်က ဂူရာဒန်သည် အသံတိတ်ညစိမ့်မြေ၌ စွမ်းအင်ရေစင်ကို ရှာတွေ့ခဲ့ပြီး မူရင်းနေထိုင်သူကို သတ်ပစ်ကာ လျို့ဝှက်လေ့ကျင့်ရေးနေရာအဖြစ် ပြုလုပ်ခဲ့သည်။ မမျှော်လင့်ဘဲနှင့် ပိုပြီးရက်စက်သူတစ်ယောက် ထပ်ရောက်လာပြီး ဂူရာဒန်ကို သတ်ပစ်ခဲ့သည်။ ထိုသူသည် စွမ်းအင်ရေစင်ရှိသော မြေအောက်လိုဏ်ဂူကို ရတနာထားရာနေရာအဖြစ် ပြုလုပ်ခဲ့သည်။ ထို “ရက်စက်သောသူ”မှာ ပါ့ဂ်လီအိုပင် ဖြစ်သည်။သို့သော် ပါ့ဂ်လီအိုသည် သူအလွယ်တကူ သတ်ပစ်ခဲ့သော ဂူရာဒန်သည် သေဟန်ဆောင်ရန်အတွက် မသေမျိုးမှော်ပညာကို သုံးနိုင်မည်ဟု မထင်ထားခဲ့ပေ။ ထို့နောက်တွင် ရတနာဂူထဲ၌ အကျဉ်းကျခံနေရသော ဂူရာဒန်သည် သူ၏ခန္ဓကိုယ်ကို မသေမျိုး အလောင်း အောက်လမ်းပညာရှင်အဖြစ် ပြောင်းလဲရန် အရဲစွန့်ခဲ့သည်။ ထို့နောက်တွင် ချန်လွေ့သည် ရတနာ ရှာဖွေနေရင်း ဂူရာဒန်၏လက်ထဲ၌ သေမလို ဖြစ်သွားခဲ့သည်။နောက်ဆုံး၌ ချန်လွေ့သည် ပြန်လည်ရှင်သန်ခြင်း ဆေးရည်ဖြင့် ဂူရာဒန်ကို ဒဏ်ရာပြင်းပြင်းထန်ထန် ရစေခဲ့ပြီး ရတနာများနှင့်အတူ အောင်အောင်မြင်မြင် ထွက်ပြေးလွတ်မြောက်သွားတော့သည်။
အလောင်း အောက်လမ်းပညာရှင် ဂူရာဒန်သည် ယန်းကော်မြို့ထဲရှိ မသေမျိုး အဖြစ်အပျက်များ၏ ညွှန်ကြားရေးမှူး တစ်ယောက်ပင် ဖြစ်လေသည်။