← Chapters

ရှေး မသေမျိုး မှော်စနစ်

Vol. 21 Ch. 311

ရှေး မသေမျိုး မှော်စနစ်

Vol. 21 Ch. 311

ပါ့ဂ်လီအိုက ကောင်းကင်ကို လက်ညှိုးထိုးလိုက်ရာ မြူမည်းများအားလုံး အလျင်အမြန် စတင်အ‌ရောင်ပြောင်းလာသည်။ မူလ အနက်‌ရောင်မှ အစိမ်း‌ရောင်သို့ ပြောင်းလဲသွားခြင်း ဖြစ်သည်။ အ‌ရောင်ပြောင်းလဲခြင်းသာမဟုတ်ဘဲ ပိုင်နက်စွမ်းအား၏ ဖိနှိပ်ခြင်းနှင့် တိုက်စားခြင်းတို့လည်း ပါဝင်နေသည်။ဂူရာဒန်က မိမိ၏ပိုင်နက်စွမ်းအားကို မြောက်မြား လှစွာသော နတ်ဆိုးသားရဲများ ဝါးမျိုနေပြီး တဖြည်းဖြည်း ကျုံ့လာသကဲ့သို့ ခံစားနေ ရသည်။ ကျုံ့နေရင်း ပြင်းထန်သော တန်ပြန်အားတစ်ခု ထွက်ပေါ်လာပြီး ဂူရာဒန်အား နာကျင်စွာ အော်ဟစ်နေစေသည်။

ချန်လွေ့သည် မြင်းနက်လေးကို အသီနာဆီသို့ ခေါ်လာခဲ့ပြီ ဖြစ်သည်။ ပါ့ဂ်လီအို စွမ်းအား ပြသနေကြောင်း မြင်လိုက်ရသည့်အခါ ချန်လွေ့၏စိတ်ထဲ၌ ခဏ ရှုပ်ချချင်မိသွားသည်။ နဂါးမှာ ထိတဲ့အခါ ဒေါသထွက်စေနိုင်တဲ့ နေရာတစ်ခု ရှိတယ်။ အဆိပ်နဂါးကို အခု ‌ဒေါသ ထွက်စေတာကတော့ သူ့ရဲ့ ရတနာတွေအပြင် တခြားမဟုတ်ဘူး။ ကြွယ်ဝချမ်းသာမှုကို အသက်လိုမျိုး မြတ်နိုးတဲ့ နဂါးစုတ်တစ်ကောင်ပဲ။

အကယ်၍ ဂူရာဒန်၏ ဝိညာဉ်အမြုတေသာ ဒဏ်ရာမရခဲ့လျှင် သူ့စိတ်ပုံရိပ်၏ စိတ်ဝိညာဉ် စွမ်းအားများ မဝါးမျိုခံလိုက်ရလျှင် သူသည် အလွယ်တကူ ရှုံးနိမ့်သွားမည် မဟုတ်ပေ။ ကံမကောင်းစွာပင် “အကယ်၍” အများအပြား ရှိမနေပေ။ သူ၏ပိုင်နက်သည် ပါ့ဂ်လီအို၏ အဆိပ်စွမ်းအားဖြင့် လုံးဝတိုက်စားခံလိုက်ရပြီး ထိုအထဲ၌ ပိတ်မိနေ၏။ သူသည် အသက် ရှူရန် အခွင့်အ‌ရေးရရန်အတွက်သာ လက်ကျန် မှော်စွမ်းအားဖြင့် ကာကွယ်နေရာ ဖန်တီးနေရလေသည်။

ချန်လွေ့ ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။

“ ကျုပ် မိတ်ဆက်ပေးဖို့ မေ့သွားတယ်။ ဒီလောဘကြီးတဲ့....အဲ.....ဘဏ္ဍာရေးစီမံတာ ကျွမ်းကျင်တဲ့ အစွမ်းထက်ပုဂ္ဂိုလ်က ‘ခင်ဗျား’ ရတနာတွေရဲ့ ပိုင်ရှင် အစစ်အမှန်ဖြစ်တဲ့ ပါ့ဂ်လီအိုပဲ။ ”

ဂူရာဒန်၏မျက်လုံးထဲရှိ အနီ‌ရောင်အလင်း နှစ်ခုသည် ရုတ်တရက် အေးခဲသွားပြီး ကောင်းကင်ကို လက်ညှိုးထိုးနေသူပေါ်သို့ ရောက်ရှိသွားတော့သည်။ သူသည် မယုံကြည် နိုင်စရာတစ်ခုခုကို တွေ့သွားသကဲ့သို့ ဖြစ်သွားသည်။သူသာ အရိုးခြောက် မဟုတ်ဘူး ဆိုလျှင် သေချာပေါက် ချွေးများထွက်နေမည်ဖြစ်သည်။

ပါ့ဂ်လီအိုက လက်ကိုချပြီး ဂူရာဒန်ကို ပြုံးဖြီးဖြီး လုပ်ပြလိုက်သည်။ အစွမ်းထက် နဂါး အငွေ့အသက်တစ်ခု ထွက်ပေါ်လာ၏။ ထိုနဂါး အငွေ့အသက်သည် ဂူရာဒန်အတွက် လုံးဝ ဖိနှိပ်ခြင်း မဟုတ်သော်လည်း ထိုနဂါးအငွေ့အသက်က အတည်ပြုပေးလိုက်သော အရာသည် ဂူရာဒန်ကို တုန်လှုပ်သွားစေသည်။

ဂူရာဒန်၏ ခန္ဓာကိုယ် စတင်တုန်လှုပ်လာသည်။ ကိုယ့်ကိုယ်ကိုယ် အလောင်း အောက်လမ်းပညာရှင်အဖြစ် အသွင်ပြောင်းခဲ့သော မသေမျိုး မှော်ပညာရှင်တစ်ယောက် အနေဖြင့် သူသည် ကြောက်ရွံ့ခြင်း၊ဖရိုဖရဲဖြစ်ခြင်း စသော စိတ်ဝိညာဉ် မှော်ပညာများကို ခုခံနိုင်ပြီ ဖြစ်သည်။သို့သော် ထိုအချိန်၌ သူသည် နှလုံးသားထဲမှ ကြောက်လန့်နေခြင်း ဖြစ်သည်။

ဒီလူက ဧရာမနဂါးပဲ။ ပြီးတော့ ဒါက အရင်တုန်းက ငါ့ကို ပုရွက်ဆိတ်တစ်ကောင်လိုမျိုး အလွယ်လေး ညှစ်သတ်ခဲ့တဲ့ ကြောက်စရာ ဧရာမနဂါးပဲ။ နှစ်တွေအများကြီးကြာအောင် ငါက ငါ့ကိုသတ်ခဲ့တဲ့သူကို အမြဲတမ်း ကျိန်ဆဲနေခဲ့ပေမဲ့ ငါသူ့ကို ပိုပြီးကြောက်လာတယ်။ ဒီလိုကြောက်စရာ ရန်သူမျိုးနဲ့ နောက်တစ်ခါ တွေ့ရလိမ့်မယ်လို့ ငါလုံးဝ မထင်ထားခဲ့ဘူး။

“ ပါ့ဂ်လီအို။သူက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ တုန်းက အထူးချွန်ဆုံး မသေမျိုး မှော်ပညာရှင်ပဲ။ သူက သတ်လိုက်ရင် နှမြောစရောကောင်းတယ်။သူ အညံ့ခံမယ်ဆိုရင် ကျုပ်တို့တွေ သူ့ကို အသက်ရှင်ခွင့် ပေးလိုက်မယ်။ ”

ချန်လွေ့က အခွင့်အရေးကို အသုံးချပြီး ပြောလိုက်သည်။ ဂူရာဒန်၏စွမ်းရည်က တကယ့်ကို ကြီးမားခမ်းနားတယ်။ သူက နောက်လာမယ့် တိုက်ပွဲတွေမှာ အဓိကနေရာက ပါဝင်နိုင်တယ်။ မသေမျိုးစစ်တပ် ထုတ်လုပ်နိုင်တာ တစ်ခုတည်းက ရန်သူတွေကို ဟန့်တားဖို့ လုံလောက်တယ်။

ဂူရာဒန်သည် သာမန်တစ်ယောက် မဟုတ်ပေ။ သူက ထိတ်လန့်နေရာမှ သတိပြန်ဝင် လာပြီး အံကြိတ်လိုက်သည်။

“မင်းက အခုငါ့ရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်ရင်တောင် ငါ့ရဲ့ ဖီလက္ထရီ ရှိနေသရွေ့ ငါသေမှာ မဟုတ်ဘူး။ ငါ့ရဲ့စွမ်းအား ပြန်ရလာတဲ့အခါကျရင် အမှောင်လနယ်မြေ တစ်ခုလုံးကို မသေမျိုးနယ်မြေအဖြစ် ပြောင်းလဲပစ်မယ်။ ”

“ ကြယ်ကြွေတမန် အင်ပါယာတစ်ခုလုံးကိုတောင် မသေမျိုးတိုင်းပြည်အဖြစ် ခင်ဗျား ပြောင်းရင်ပဲဖြစ်ဖြစ် အရေးမကြီးဘူး။ ”

ချန်လွေ့က တမင်တကာပင် မစိုးရိမ်သည့်ပုံစံ ပြုလုပ်ပြီး ရယ်လိုက်သည်။

“ ကျုပ်က စုံစမ်းတဲ့သူ တစ်ယောက်ပဲလို့ ခင်ဗျားထင်တာလား။ကျုပ် ပြောပြမယ်။ ကျုပ်က ဒီနေရာအထိ ခင်ဗျားကို နောက်ယောင်ခံလိုက်လာခဲ့တာ။ မဟုတ်ရင် ကျုပ်ကဘာလို့ ခင်ဗျားအကြောက်ဆုံး နဂါးကို ခေါ်လာမှာလဲ။ ”

“ မဖြစ်နိုင်ဘူး။ ငါဒီမှာရှိတယ်ဆိုတာကို မင်းဘယ်လိုသိတာလဲ။ ”

ပါ့ဂ်လီအို ပြောလိုက်သည်။

“ သူနဲ့ ပြိုင်ပြောနေဖို့ မလိုဘူး။ ဒီအရိုးခြောက်က အနောက်ဘက်မှာ အရိုးဖြူ ယဇ်ပလ္လင် တစ်ခု ရှိတယ်။ မြောက်ဘက်က တောင်ပေါ်မှာလည်း တစ်ခု ရှိမှာပဲ။ဒါက သူ့ရဲ့ ဝိညာဉ် အမြုတေကို ပြန်ကောင်းစေဖို့တွက် အသေကောင်စိတ်ဝိညာဉ် အရှိန်အဝါကိုသုံးတဲ့ ရှေး အသေကောင်စတေးခြင်း အခမ်းအနား ပဲ။ဒါကြောင့် သူ့ရဲ့ ဖီလက္ထရီက ဒီမြို့နေရာထဲမှာပဲ ရှိနေမှာ။ မြို့ထဲမှာတောင် ရှိချင်ရှိနေနိုင်တယ်။ သူ့ရဲ့ခန္ဓာကိုယ်ကို ဖျက်ဆီးပြီးရင် သူ့ရဲ့ ဖီလက္ထရီကို ပျက်စီးအောင်လုပ်မယ်။ ဒီရွံစရာ အရိုးခြောက် ခုန်ပေါက် နေနိုင်ဦးမလား ကြည့်သေး တာပေါ့။ ”

ဂူရာဒန် လုံးဝ ကြောက်ရွံ့သွားတော့သည်။ ဒီလူက ဒီစတေးခြင်းအခမ်းအနားကို တစ်ချက်ကြည့်ရုံနဲ့ ဇစ်မြစ်နဲ့ ရည်ရွယ်ချက်ကို သိမယ်လို့ ငါ မထင်ထားခဲ့ဘူး။ သူက ငါ့ ဖီလက္ထရီရဲ့ ယေဘုယျတည်နေရာကိုတောင် မှန်းဆနိုင်ခဲ့တယ်။ သူက တကယ့်ကို ကြောက်စရာ နဂါးတစ်ကောင်ပဲ။

“ ဂူရာဒန်။ခင်ဗျားမှာ အခု ရွေးစရာ မရှိတော့ဘူး။ ”

ချန်လွေ့ အကြံတစ်ခု ရသွားသည်။

“ ကျုပ်မှာ ခင်ဗျားရဲ့ ဖီလက္ထရီကို ချက်ချင်း ဖျက်ဆီးနိုင်တဲ့ နည်းလမ်းသုံးခု ရှိတယ်။ ပထမ တစ်ခုကတော့ ပါ့ဂ်လီအိုက တစ်မြို့လုံးကို အဆိပ်ပိုင်နက်နဲ့ ဖုံးလွှမ်းလိုက်တာပဲ။ ဒါက ဆယ်မိုင်အတွင်းက အရာအားလုံးကို ဖျက်ဆီးနိုင်တယ်။ ခင်ဗျားရဲ့ ဖီလက္ထရီရော အပါအဝင်ပေါ့။ ဒုတိယနည်းလမ်းကို ခင်ဗျားမြင်ဖူးပြီးပါပြီ။ ကျုပ်က တစ်မြို့လုံးကို လေဟာနယ်မှောပညာနဲ့ ဝါးမျိုပြီးတော့ လေဟာနယ်အနှောင့်အယှက်ထဲသို့ ပို့ဆောင်လို့ ရတယ်။ ကျုပ်မှာ အဲဒီစွမ်းရည်ရှိတာ ခင်ဗျားသိပါတယ်။တတိယနည်းကတော့.....”

“ အရင်တုန်းက ရေ ကို မှတ်မိလား။ အဲဒါကို ပြန်လည်ရှင်သန်ခြင်း ရေစင်လို့ခေါ်တယ်။ ခင်ဗျားရဲ့ ဝိညာဉ်အမြုတေကို သေစေနိုင်လောက်တဲ့ ထိခိုက်မှု ဖြစ်သွားစေတဲ့ အ‌ရာပေါ့။ ”

ချန်လွေ့ လက်ထဲ၌ ထူးဆန်းသော ရေစင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ အသက် အငွေ့အသက်သည် အလောင်းအောက်လမ်းပညာရှင်အား မသက်မသာ ခံစားရစေသည်။

“ ဒီနည်းနဲ့ မြို့တစ်ခုလုံးကို ကျုပ် စိမ့်ဝင်အောင် လုပ်လိုက်မယ်။ပြီးရင် လျို့ဝှက်ပညာရပ် သုံးပြီးတော့ ခင်ဗျားရဲ့ ဖီလက္ထရီထဲက ဝိညာဉ်အမြုတေ အပါအဝင် မိုင်၁၀၀အတွင်းက မသေမျိုးစွမ်းအား အကုန်လုံးကို ဖျက်ဆီးနိုင်တဲ့ အထူး ပိုင်နက်တစ်ခု ဖန်တီးလိုက်မယ်။”

ဂူရာဒန်၏ ခန္ဓာကိုယ် တုန်လှုပ်သွားပြန်သည်။ ဒီသုံးနည်းထဲက ဘယ်တစ်ခုမှ ဘယ်သူ့ကိုမှ ကြောက်စေနိုင်တာ မဟုတ်ဘူးဆိုတာကို ငါဝန်ခံရမယ်။ တစ်ဖက်လူက ငါ့ကို ဖျက်ဆီးပစ်ဖို့ ဆုံးဖြတ်ထားမယ်ဆိုရင် ငါ သေခြင်းကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ အမှန်တကယ်တွင် ချန်လွေ့၏ နည်းလမ်းသုံးခုမှာ ဖြီးလုံးများသာ ဖြစ်သည်။ ပါ့ဂ်လီအို၏ လက်ရှိ နတ်ဆိုးဧကရာ‌ဇ်အဆင့်ဖြင့်ဆိုလျှင် အဆိပ်ပိုင်နက်ကို အမှန်တကယ် မဖန်တီး နိုင်ပေ။ ပေးဆပ်ရမှာမှာ မြင့်မားလှသည်။အကယ်၌ တစ်မြို့လုံ၏အသက်ကို စတေးခဲ့ လျှင်ပင် အောင်မြင်နိုင်မည်မဟုတ်ပေ။

ဒုတိယနည်းလမ်းမှာလည်း မယုံကြည်ရပေ။ လေဟာနယ်မှော်ပညာမှာ အခြေခံအားဖြင့် လေဟာနယ် သိုလှောင်ခြင်း ဖြစ်သည်။ လေဟာနယ် အနှောင့်အယှက်ဆိုသည်မှာ သက်သက် ကြွားလုံးထုတ်ခြင်းသာ ဖြစ်သည်။ ထိုအသုံးအနှုန်းကို ဆမ်မြူရယ်ဆီမှ ချန်လွေ့ သိခဲ့ရခြင်း ဖြစ်သည်။

တတိယနည်းလမ်းမှာ လုံးဝပေါက်ကရသာ ဖြစ်သည်။ ပြန်လည်ရှင်သန်ခြင်းဆေးရည်နှင့် ပြန်လည်ရှင်သန်ခြင်း ရေစင်တို့သည် လုံးဝကွဲပြားသော အယူအဆများ ဖြစ်ကြသည်။ ပြန်လည်ရှင်သန်ခြင်း ရေစင်သည် ဂူရာဒန်ကို အနည်းငယ် ဖိနှိပ်နိုင်သော်လည်း ပြန်လည် ရှင်သန်ခြင်း ဆေးရည်ကဲ့သို့ အစွမ်းထက်မည် မဟုတ်ပေ။ ထို့ပြင် ပြန်လည်ရှင်သန်ခြင်း ရေစင်သည် တွင်းတစ်တွင်း အရွယ်အစားခန့်သာ ရှိသည်။ တစ်မြို့လုံးသို့ စိမ့်ဝင်သွားရန် မဖြစ်နိုင်ပေ။

ချန်လွေ့ ထပ်ပြောသည်။

“ ကျုပ်က မြို့ထဲက အပြစ်မဲ့တဲ့ အသက်တွေကို မစတေးခံရဖို့အတွက် စေတနာ ထားပြီးတော့ ခင်ဗျားရဲ့ ဖီလက္ထရီကို ဘာမှမလုပ်ဘဲနဲ့ နေရင်နေမှာ။”

ထိုစကားသည် ဂူရာဒန်အား လုံးဝ အတွေးမဲ့သွားစေသည်။ ငါကိုယ်တိုင်က ရက်စက်ပြီး မညှာတာတတ်ဘူး။ သူ့နေရာမှာ ငါသာဆိုရင် ပုရွက်ဆိတ်တွေကြောင့်နဲ့ ခြိမ်းခြောက်မှု ဖြစ်လာနိုင်တဲ့ရန်သူကို လွှတ်ပေးမှာ မဟုတ်ဘူး။ ပြီးတော့ နဂါးက သေချာ‌ပေါက်ကို ရက်စက်တယ်။ လွန်ခဲ့တဲ့ နှစ်၂၀၀၀တုန်းက အသံတိတ်ည စိမ့်မြေမှာ ငါ့ကို ရှင်းပြခွင့်မပေးဘဲနဲ့ သတ်ပစ်ခဲ့တာကို ကြည့်ရင် သိနိုင်တယ်။

ဂူရာဒန် ရုတ်တရက် ရယ်လိုက်သည်။ သူ၏ရယ်သံတွင် ဝမ်းနည်းမှုနှင့် ပူဆွေးမှုများ ပြည့်နှက်နေ၏။

“ ဂူရာဒန်ဆိုတဲ့ငါက အသံတိတ်ညစိမ့်မြေကနေ လွတ်မြောက်သွားပြီးတော့ ဒီလိုနေရာမှာ သေသွားရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒါပေမဲ့ မင်းတို့ပျော်ဖို့စောပါသေးတယ်။ ငါ့ရဲ့ ဖီလက္ထရီပေါ်မှာ ဖောက်ခွဲကျိန်စာပါတဲ့ မှော်စက်ဝိုင်းတစ်ခု ထွင်းထားတယ်။ ပေါက်ကွဲ သွားတာနဲ့ ကူးစက်ရောဂါတွေနဲ့ ကျိန်စာတွေ ပျံ့နှံ့သွားလိမ့်မယ်။ဒီမြို့ကနေ ဗဟိုပြုပြီး နယ်မြေတစ်ခုလုံး အထိပေါ့။မင်းတို့ကလည်း ငါ့ရဲ့ နောက်ဆုံးဝိညာဉ်စွမ်းအားနဲ့ ကျိန်စာ တိုက်ခံရမယ်။ ပြီးရင် [ ကြမ္မာဆိုး ] က မင်းတို့မသေမချင်း မင်းတို့နားမှာ ရှိနေလိမ့်မယ်။ ”

ချန်လွေ့ စိတ်ထဲ၌ အံ့အားသင့်သွားသည်။ ဒီလူက နှစ်ဖက်စလုံး ပျက်စီးစေနိုင်တဲ့ နောက်ဆုံးနည်းဗျူဟာ တကယ်ကြီး ရှိနေတာပဲ။ငါက [ ကြမ္မာဆိုး ] ကို အရင်က ခံစား ပြီးသွားပြီ။ ငါ့တို့တစ်သက်လုံး အဲဒီမှော်ပညာက နောက်လိုက်နေမယ်ဆိုရင် ပြဿနာ တက်မှာပဲ။ ပြီးတော့လည်း ဖီလက္ထရီ ပေါက်ကွဲသွားရင် အမှောင်လနယ်မြေ တစ်ခုလုံး အထိပါ ကပ်ဘေးဖြစ်နိုင်တယ်။ ငါ ဒီလို အဖြစ်ခံလို့ မဖြစ်ဘူး။

အမှန်တကယ်တွင် နှစ်ဖက်စလုံးသည် အချင်းချင်းကြောက်နေကြခြင်းဖြစ်သည်။ ဂူရာဒန်က [ ကြမ္မာဆိုး ] ကျိန်စာသည် တစ်ဖက်ကို သတ်ဖြတ်ချင်စိတ် လက်လျှော့ရန် မလုံလောက်မည်ကို စိုးရိမ်နေသည်။ကူးစက်ရောဂါ ဆိုသည်မှာ ထိုသူများအတွက် ပမွှားလေးပင် ဖြစ်သည်။ခြိမ်းခြောက်မှုတစ်ခု ဟူ၍ပင် ပြော၍မ‌ရချေ။

“ ခင်ဗျားပြောတာ မှန်တယ်ဆိုရင်တောင် ကျုပ်ကို မခြိမ်းခြောက်နိုင်ဘူး။ ”

ချန်လွေ့ သရော်ပြုံးပြုံးလိုက်သည်။

“ မြို့တော်မှာ နီရိုဆိုတဲ့ လူသားတစ်ယောက်ရှိတာ ကျုပ်သိတယ်။သူက လူသားလောကရဲ့ အလင်းနတ်ဘုရားကျောင်းက ဘုန်းတော်ကြီးပဲ။နတ်ဆိုးအရှင်သခင်အဆင့် ရောက်နေပြီ။ သူက ဒီကျိန်စာကို ဖယ်ရှားဖို့ နည်းလမ်း စဉ်စားမှာ သေချာတယ်။ ဒါပေမဲ့ ကျုပ် တကယ် အံ့သြမိတယ်။ အလောင်း အောက်လမ်းပညာရှင်က အသက်ရှည်တယ်။ ခင်ဗျားက ဒီလို အောင်အောင်မြင်မြင် အသွင်ပြောင်းဖို့အတွက် အများကြီး စွန့်စားခဲ့ရမှာပဲ။ ခင်ဗျား ဒီလို ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်လိုက်ရင် ခက်ခက်ခဲခဲ ရထားတဲ့ ထာဝရ ရှင်သန်နိုင်တဲ့ခန္ဓာကိုယ်ကို စွန့်လွှတ် လိုက်တာနဲ့ အတူတူပဲ။ ဒါက ထိုက်တန်လို့လား။ ”

ဂူရာဒန်သည် အမှန်တကယ် မသေချင်ပေ။ ချန်လွေ့ပြောသည်မှာ မှန်သည်။ သူသည် မသေမျိုးအဖြစ် အသွင်ပြောင်းရန် စွန့်စားပြီး အသက်ရင်းခဲ့ရသည်။ အဆုံးမဲ့ အသက်ရှင် နိုင်သည့်အတွက် သူသည် သူချစ်မြတ်နိုးသော မသေမျိုးမှော်ပညာကို လေ့လာပြီး ဖွံ့ဖြိုး တိုးတက်အောင် ပြုလုပ်နိုင်မည် ဖြစ်သည်။ သူသည် ဤနေရာ၌ လုံးဝမသေချင်ပေ။

အလောင်း အောက်လမ်းပညာရှင်က ချန်လွေ့ လူသားသိဒ္ဓိဘုန်းတော်ကြီး အကြောင်း‌ ပြောသည်ကို ကြားသည့်အခါ သူ၏ရင်ထဲ၌ ဆို့နင့်သွားသည်။သိဒ္ဓိမှော်ပညာသည် အမှန်တကယ်ပင် သူ၏ကျိန်စာများကို ထိထိ‌ရောက်ရောက် ထိန်းချုပ်နိုင်သည်။ ထို့ပြင် ထိုလူသားသည် နတ်ဆိုးအရှင်သခင် အဆင့်ဖြစ်သည်။ သို့သော်လည်း ဂူရာဒန်သည် အားနည်းမှု လုံး၀ မပြသသေးပေ။

“ ငါက အမှောင်မှော်ပညာထဲမှာ သီးခြား မသေမျိုး မှော်စနစ်ကို ဖန်တီးနိုင်ခဲ့တယ်။ ငါ့ကို နတ်ဆိုးသမိုင်းမှာ အထူးချွန်ဆုံး မသေမျိုးမှော်ပညာရှင်အဖြစ် သတ်မှတ်လို့ရတယ်။ ငါက ဘယ်လိုလုပ် မင်းလိုမျိုး ရက်စက်ပြီး ရှက်စရာကောင်းတဲ့ ကောင်လေးဆီမှာ အညံ့ခံ ရမှာလဲ။ လူသား သိဒ္ဓိဘုန်းတောာ်ကြီးက နတ်ဆိုးဘုံကို ရောက်လာမယ်ဆိုတာကို ငါမယုံဘူး။ ငါမသေခင် [ ကြမ္မာဆိုး ]အပြင် မင်းကို ရသမျှ ကျိန်စာအကုန် တိုက်ပစ်မယ်။ ”

ဂူရာဒန်သည် လမ်းဆုံးရောက်နေပြီဟု ယူဆလိုက်ကြောင်း ချန်လွေ့ သိသည်။ ငါဆက်ပြီး သူ့ကို ဖိအားပေးမယ်ဆိုရင် ငါတို့အကုန် အတူတူ သေကြမှာ။ ဒါပေမဲ့ ဒီတစ်ခေါက် ငါ လက်လျှော့လိုက်မယ်ဆိုရင် သူ ချက်ချင်းပြေးမှာပဲ။ သူက ယန်းကော်မြို့ကို လက်စားချေ ပြီးတော့ အမှောင်လတစ်ခုလုံးကိုပါ လက်စားချေနိုင်တယ်။ နောက်တစ်ခါ သူက ဖီလက္ထရီကို အန္တရာယ်ရှိတဲ့ အခြေအနေမှာ ချန်ထားရအောင် အမှားလုပ်တော့မှာ မဟုတ်ဘူး။

အမှောင်ထဲ ပုန်းနေပြီးသော သတ်လို့မရတဲ့ မသေမျိုး မှော်ပညာရှင်က တကယ့်ကို ခေါင်းကိုက်စရာပဲ။ ပြီးတော့လည်း သူက နတ်ဆိုးအရှင်သခင်အဆင့်။ ထိုအချိန်၌ ချန်လွေ့သည် အကျပ်ရိုက်နေတော့သည်။

တော်ဝင်မင်းသမီး၏ နယ်မြေ၌ ပျံ့နှံ့သွားမည့် ကူးစက်ရောဂါများ၊ ကျိန်စာများအကြောင်း ကြားသည့်အခါ အသီနာ စိတ်ထဲ၌ စိုးရိမ်သွားခဲ့သည်။ သို့သော်လည်း သူ၏လူကို ယုံကြည်သည့်အတွက် ဘာမှ မပြောခဲ့ပေ။ အဆိပ်နဂါးက ဂူရာဒန်ကို လွှတ်ပေးရန် ဆန္ဒ မရှိဘဲ စိတ်မရှည်သည့်ပုံစံ ထုတ်ပြလိုက်သည်။

“ သူ့နဲ့ အပိုတွေ ပြောမနေနဲ့တော့။ အရင်ဆုံး ဒီအရိုးခြောက်ကို ငါတို့ ဖျက်ဆီးပစ်မယ်။ ပြီးရင် သူ့ရဲ့ ဖီလက္ထရီကို ဖောက်ခွဲခိုင်းမယ်။ ငါ့လို ဆရာသခင်ရဲ့ ပိုင်နက်ထဲမှာဆိုရင် ဘာချီးထုပ် ကျိန်စာကမှ မင်းတို့ကို ထိခိုက်နိုင်မှာ မဟုတ်ဘူး။ ”

အဆိပ်နဂါး၏ စကားကို ကြားပြီးသည့်အခါ ဂူရာဒန်က စိတ်ထဲ၌ ပို၍ပင် ကူကယ်ရာ မဲ့သွားခဲ့သည်။ သူက မှော်စက်ဝိုင်းကို အသည်းအသန် ဖောက်ခွဲရန် ပြင်လိုက်စဉ် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

“ ရယ်စရာပဲ။ ခင်ဗျားမသေခင် တစ်ခု ပြောလိုက်မယ်။ ခင်ဗျားက နတ်ဆုံးဘုံရဲ့ အထူးချွန်ဆုံး မသေမျိုးမှော်ပညာရှင် မဟုတ်တာ သေချာတယ်။ ပြီးတော့ မသေမျိုး မှော်စနစ်က ရှေးခေတ်ကတည်းက ရှိလာခဲ့တာ။ ခင်ဗျားအခု သိထားတာက ရေခဲတုံးရဲ့ ထိပ်ပိုင်းလေးပဲ။ ”

ဂူရာဒန် ဒေါသထွက်သွားသည်။၎င်းသည် သူဂုဏ်အယူရဆုံး ကျက်သရေတစ်ခု ဖြစ်သည်။ သူသည် လွန်ခဲ့သော နှစ်ပေါင်း၂၀၀၀က မသေမျိုး မှော်ပညာကို လေ့လာသော ဆရာများ အားလုံးကို ကျော်လွန်သွားနိုင်ခဲ့သည်။ ၂နှစ်အတွင်းမှာပင် သူသည် လေ့လာနေသည့် မသေမျိုးမှော်ပညာသည် ရှေ့ဆက်ရန်အဆင့် မရှိတော့သည်အထိ ဖြစ်သွားခဲ့သည်။ အခု ဒီရန်သူက ငါ့ရဲ့ အကြီးမားဆုံး‌ အောင်မြင်မှုကို မေးခွန်းထုတ်နေတယ်။ဒါက လုံးဝကို သည်းမခံနိုင်စရာပဲ။

ချန်လွေ့သည် ဂူရာဒန် ‌ဒေါသထွက်သွားကြောင်း တွေ့သည့်အခါ တစ်ဖက်လူကို အာရုံ ပြောင်းနိုင်ခဲ့ကြောင်း သိသွားသည်။ ထို့နောက် သူ ဆက်ပြောသည်။

“ ကျုပ်က ရှေး မဟာဆရာသခင် တစ်ယောက်ရဲ့ အမွေအနှစ်ကို ဆက်ခံရပြီးတော့ လျို့ဝှက်ချက် တော်တော်များများကို သိထားတယ်။ မသေမျိုးမှော်ပညာက အမှောင် မှော်ပညာကနေ ဆင်းသက်လာတာ အမှန်တကယ်ပဲ။ ဒါပေမဲ့ အဲဒါက သီးခြားစနစ် တစ်ခု အထဲကပဲ။သူ့ရဲ့ စွမ်းအားက အမှောင်မှော်ပညာထက် မနိမ့်ကျဘူး။ ရေနဲ့လေ ဒြပ်စင်ကနေ ဆင်းသက်လာတဲ့ လေဟာနယ် မှော်ပညာလိုမျိုးပဲ။ ကံမကောင်းစွာနဲ့ပဲ အကြောင်း အမျိုးမျိုးကြောင့် ဒီနေ့အထိ မဆင်းသက်လာနိုင်ခဲ့ဘူး။ ပြီးတော့လည်း သက်ဆိုင်ရာ ဂန္တဝင်မှတ်တမ်းတွေက အချိန်ကြာလာတာနဲ့အမျှ ပျောက်ကွယ်သွားခဲ့တယ်။ ”

ဂူရာဒန်၏မျက်လုံးများ အနီရောင် လက်သွား၏။ သူ အနည်းငယ် အံ့အားသင့်သွားပုံ ရသည်။ သူသည် မသေမျိုး မှော်ပညာကို တစ်ဘဝလုံးလေ့လာခဲ့သည်။ သို့သော် လျို့ဝှက် ဇာတ်လမ်းဆိုသည်ကို သူတစ်ခါမျှ မကြာဖူးပေ။ သူ ငြင်းရန်ပြင်လိုက်စဉ် တစ်ဖက်လူက ဆက်ပြောသည်။

“ ကျုပ် လေ့လာထားရသလောက်ဆိုရင် မသေမျိုး မှော်ပညာက အခန်းကဏ္ဍ သုံးမျိုး ခွဲထားတယ်။ပထမတစ်ခုက ဆင့်ခေါ်ခြင်းနှင့်အသွင်ပြောင်းခြင်း ကဏ္ဍ၊ ဒုတိယတစ်ခုက ကျိန်စာ ကဏ္ဍ၊ တတိယတစ်ခုက အရိုးနှင့်အဆိပ် ကဏ္ဍ။ ကဏ္ဍတစ်ခုဆီမှာ မှော်အခွဲတွေ အများကြီး ရှိတယ်။ ကျုပ် နှစ်မျိုးကို ပြောပြနိုင်တယ်။ ဆင့်ခေါ်ခြင်းနှင့် အသွင်ပြောင်းခြင်း ကဏ္ဍမှာ အရိုးခြောက်ကို ဒြပ်စင်တွေ ထုတ်လွှတ်နိုင်တဲ့ အရိုးခြောက်မှော်ပညာရှင်အဖြစ် အသွင်ပြောင်းလို့ရတဲ့ မှော်တစ်မျိုး ရှိတယ်။ အဲဒါက အစွမ်းထက်တဲ့ အလှမ်းဝေး ဒြပ်စင် တိုက်ခိုက်မှုတွေကို ထုတ်လွှတ်နိုင်တယ်။ အရိုးနှင့်အဆိပ် ကဏ္ဍမှာ ခန္ဓာကိုယ်ကို ဖုံးလွှမ်းနိုင်တဲ့ [ အရိုးချပ်ကာ ] ဆိုတာ ရှိတယ်။ အဲဒါက လေးနက်တဲ့ လှည့်ပတ်ခြင်း စည်းချက်နဲ့ သေခြင်းဝိညာဉ်စွမ်းအားကို သုံးပြီးတော့ ပြင်ပက တိုက်ခိုက်မှုတွေ အားလုံးကို စုပ်ယူပြီးတော့ အားနည်းစေတယ်။ ”

ဂူရာဒန်သည် မသေမျိုး မှော်ပညာ၌ ပညာရှင်တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ထိုမှော်ပညာနှစ်မျိုးကို ကြားပြီးသည့်အခါ လုံးဝဖြစ်နိုင်ကြောင်း သိသည်။ တစ်ဖက်လူက ပေါက်တတ်ကရများ ဖန်တီးပြောနေခြင်း မဟုတ်ပေ။

ထို ဒြပ်စင် ကဏ္ဍသုံးခုမှာ ကမ္ဘာအနှံ့နာမည်ကျော်ခဲ့သော ဂန္ဓဝင်ဂိမ်းတစ်ခုမှ ဆင်းသက် လာခြင်းဖြစ်သည်။ ၎င်းသည် ချန်လွေ့အကြိုက်ဆုံး ဂိမ်များထဲမှ တစ်ခုဖြစ်သည်။ ထိုထဲ၌ အောက်လမ်းပညာရှင် ပါဝင်သည်။ ချန်လွေ့သည် စွမ်းရည်များကို အနည်းငယ် ပြင်ဆင် ပြီးနောက် ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ဂူရာဒန်၏ စိတ်ဝင်စားမှုကို မြင့်တက်စေ ခဲ့သည်။

ချန်လွေ့၏ နားလည်သဘောပေါက်မှုအရ နောက်ဆုံး၌ စွမ်းအား အရင်းအမြစ်သည် အတူတူပင် ဖြစ်သည်။ ဖော်ပြချက်သာ ကွဲပြား၏။ မှော်ပညာသည် ဖော်ပြချက် ပုံစံတစ်မျိုး ဖြစ်သည်။ ဖန်တီးမှုနှင့် နားလည်သဘောပေါက်မှု ရှိနေသရွေ့ စိတ်ကူးထဲရှိ မှော်ပညာကို အသုံးချနိုင်မည် ဖြစ်သည်။ ၎င်းတို့သည် အဓိက ဒြပ်စင်၆ခုဖြစ်သော မြေ၊ရေ၊ မီး၊လေ၊အလင်းနှင့် အမှာင်တို့၏ မှော်ပညာ ခွဲထွက်ခြင်း၊ ဆန်းသစ်ခြင်း နှင့် တိုးတက်ခြင်း တို့ဖြစ်သည်။

ဂူရာဒန်၏ လက်ရှိသုတေသနမှာ အထွတ်အထိပ် ရောက်နေပြီ ဖြစ်သည်။ တစ်နည်း ပြောရလျှင် သူသည် တစ်ဆို့ခြင်းသို့ ရောက်ရှိနေပြီး တိုးတက်ကာ ဆန်းသစ်ရန် အလွန်ခက်ခဲလှသည်။ ထိုစကားကို ကြားပြီးသည့်အခါ ဂူရာဒန်၏မျက်လုံးများ အရောင် တောက်သွား၏။ ကျဉ်းမြောင်းသောလမ်းသည် ရုတ်တရက် ကျယ်ဝန်းသွားပြီး ဖြစ်နိုင်ချေ မြောက်မြားစွာ ရှိသွားကြောင်း သူ ခံစားလိုက်ရသည်။ သူ ရုတ်တရက် အံ့သြသွားသည်။ သေသေချာချာ စဉ်းစားပြီးနောက် သူသည် ၎င်းကို အေးအေးဆေးဆေး လေ့လာရန် နေရာတစ်ခု ရှာချင်ခဲ့သည်။သူက အလောတကြီး မေးလိုက်သည်။

“ ပြီးတော့ရော။ ”

ချန်လွေ့သည် ဂူရာဒန် စိတ်ဝင်သွားကြောင်း သိလိုက်သည်။ ဂူရာဒန်ရဲ့ မောက်မာပြီးတော့ ရက်စက်ကြမ်းကြုတ်တဲ့ စရိုက်နဲ့ဆို သူ့ကို ဖိအားပေးပြီး အညံ့ခံခိုင်းရင် ပြဿနာ တက်နိုင်တယ်။ ချဉ်းကပ်တဲ့နည်းကို ပြောင်းလိုက်တာ ပိုကောင်းမယ်။ သူ့ကို အကျိုးအမြတ်တွေနဲ့ အရင် ဆွဲဆောင်ရမယ်။ ပြီးရင် အနုနည်းရော အကြမ်းနည်းရော သုံးမယ်။

“ ဆာ-ဂူရာဒန်။ ဒီလောကမှာ ဘယ်အရာမှ အလကား မရဘူးဆိုတာ သိမှာပါ။ အလကား ဆိုတာ များလေလေ၊ ပိုပြီးတော့မျာများ ပေးဆပ်ရလေလေပဲ။ ခင်ဗျားက ရှေး မသေမျိုး မှော်နှစ်ခုအကြောင်း အလကား ကြားပြီးသွားပြီ။ အခုက ပေးဆပ်ဖို့ကို ဆွေးနွေးဖို့ အချိန် ‌ရောက်ပြီလို့ ကျုပ်ထင်တယ်။ ဒါမှမဟုတ် ဒီလိုဆိုရင်ကော။ ကျုပ်တို့ရဲ့ နဂိုမုန်းတီးနေတဲ့ ဆက်ဆံရေးကို ပူးပေါင်းမှု တစ်ခုအနေနဲ့ ပြောင်းနိုင်မလား။ ”

All Chapters