စကိုင်း၏ကျိန်စာ
Vol. 22 Ch. 316
လီဆာသည် စိတ်ဓာတ်ကြံ့ခိုင်သော အမျိုးသမီး တစ်ယောက် ဆိုသည်မှာ သိသာပေသည်။ သူသည် အစ်ကိုဖြစ်သူ အဲဒက်စ်အား စိတ်ထဲ၌ အသိအမှတ် ပြုနေသေးသည်။ သူ့ကို နေစေရန်အတွက် မှော်ဆိုင်အား တရားဝင်အကြောင်းပြချက်အဖြစ် အသုံးချခြင်းသည် အမှန်တကယ်ပင် အကြံကောင်းတစ်ခု ဖြစ်ခဲ့သည်။
ဝတ်ရုံမှော်ဆိုင်သည် အမှောင်လမြို့တွင် နာမည်အကြီးဆုံး မှော်ဆိုင် ဖြစ်သည်။ ဆရာသခင် တာတာ၏ ဂုဏ်သတင်းနှင့် လက်ရာတို့မှာ အလွန်ပင် လွှမ်းမိုးမှု ရှိလှသည်။ အမှော် နတ်ဆိုးလူပု ဆရာသခင်က ဆိုင်သို့ တစ်ပတ်တစ်ခါသာ သွားရောက် လည်ပတ်သော်လည်း စီးပွားရေးကို လုံးဝသက်ရောက်မှု မရှိခဲ့ပေ။ နေ့တိုင်း ဝယ်သူများ ပြည့်နှက်နေခဲ့သည်။
ချန်လွေ့၏ လက်ရှိ ကျွမ်းကျင်မှုတစ်ခုခု အဆင့်သည် ထိပ်တန်းဆရာသခင် နှစ်ယောက်ဖြစ်သော တာတာနှင့် စကိုင်းတို့ကို မယှဉ်နိုင်သေးသော်လည်း ခြုံငုံကြည့်လျှင် နတ်ဆိုးဘုံ၌ ချန်လွေ့ကို ယှဉ်နိုင်သော ဆရာသခင် မရှိပေ။ ပြဿနာမှာ ဆရာသခင်အာသာကို ယခုတွင် မြင်တွေ့ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ဤနေရာ၌ ဆရာသခင်တာတာ ရှိနေခြင်းသည် လုံလောက်သည်ထက် ပိုပေသည်။ ထို့အပြင် ချန်လွေ့၏ ရည်ရွယ်ချက်အမှန်မှာ ယန္တရားပညာရှင် အထွတ်အထိပ်ရောက်ရန် မဟုတ်ဘဲ စွမ်းအားအထွတ်အထိပ်သို့ ရောက်ရှိရန် ဖြစ်သည်။ထိုကဲ့သို့ ဆုံးဖြတ်ချက်မှာ သူကိုယ်တိုင် အတွက်သာမက သူကာကွယ်ရမည့် အရာများ အတွက်လည်း ဖြစ်ပေ၏။
တွန့်၊ တိုင်ခီ နဲ့ တွန်မိတို့အတွက်ကိုမူ ချန်လွေ့က တွန့်အား ဒူးလေး အဆင့်မြှင့်ရန်အတွက် အချိန်အဆ ကိရိယာများ၊ လက်နက်ချက်များ အစရှိသော အကြံဉာဏ်များကို ပြောပြခဲ့ရာ တွန့်က ဝတ်ရုံဂိုဏ်းထဲဝင်ရန် စိတ်အားထက်သန်စွာ တောင်းဆိုခဲ့သည်။ ချန်လွေ့၏ ရည်ရွယ်ချက်မှာ တွန့်၏ ကျွမ်းကျင်မှုကို အသုံးချပြီး လက်နက်တိုက်ကဲ့သို့ အဖွဲ့အစည်းတစ်ခု တည်ဆောက်ရန် ဖြစ်သည်။ ဆန်းကြယ်တောင်ကြားနှင့်မတူဘဲ အဓိကရည်ရွယ်ချက်မှာ အထူးကျွမ်းကျင်သော တစ်ဦးချင်း စစ်လက်နက်တိုက်ကို ထုတ်လုပ်ရန် ဖြစ်ပေသည်။
ချန်လွေ့သည် ဝတ်ရုံဂိုဏ်း၏ “အသိုက်ဟောင်း” ဖြစ်သော ရှေးအိမ်သို့ ရောက်ရှိလာခဲ့သည်။ လီဆာနှင့် အခြားသူများကို စီစဉ်ပေးမှုများကြောင့် “ခေါင်းဆောင်” ပြန်ရောက်လာကြောင်း သတင်းသည် ရှေးအိမ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ရင်းနှီးသော ဝတ်ရုံနှင့်လူကို မြင်သည့်အခါ နတ်ဆိုးလူပုအိုကြီး ဒီဒီက “ လျှမ်းလျှမ်းတောက်အမတ၊ အဆုံးမဲ့သဘာဝလွန်စွမ်းအား ” အစရှိသော ဝင့်ကြွားခြင်းများ၊ ကြွေးကြော်သံများ မပြုလုပ်တော့ဘဲ အရိုအသေပြုလိုက်သည်။
“ သခင်။ သခင်ပြန်ရောက်လာပြီပဲ။ ”
နတ်ဆိုးလူပုအိုကြီး ဒီဒီသည် စွမ်းအားကြီး အဆက်အသွယ်များကို အသုံးချကာ အခြားသူများကို ခြိမ်းခြောက်ရန် ဝတ်ရုံဂိုဏ်းကို တည်ထောင်ခဲ့စဉ်က ယခုအဆင့်အထိ တိုးတက်လာမည်ဟု သူလုံးဝ စိတ်မကူးမိခဲ့ပေ။ အသက်ရှင်ရန်အတွက် ငွေညှစ်ခြင်း၊ လုယက်ခြင်း၊ ပြန်ရောင်းခြင်း နှင့် အပေးအယူလုပ်ခြင်းကိုသာ အမှီပြုခဲ့ရသော အဆင့်နိမ့်တန်းစားမှ သူသည် နယ်မြေတစ်ခုလုံးရှိ အကြီးမားဆုံးအင်အားစု၏ အရေးပါသောသူ တစ်ယောက် ဖြစ်လာခဲ့သည်။သူသည် လိုချင်နေခဲ့သော ငွေကြေးနှင့် အာဏာအားလုံး ရှိနေပြီ ဖြစ်ပြီး ၎င်းတို့မှာ ထိုသခင်၏ ကျေးဇူးကြောင့်ပင် ဖြစ်သည်။ နတ်ဆိုးလူပုအိုကြီးသည် အခြားသူများအရှေ့၌ မောက်မာကြီး အနိုင်ကျင့် တတ်သော်လည်း ချန်လွေ့ကို လုံးဝရိုသေ၏။
သူ၏သခင်က အရာအားလုံးကို ပေးနိုင်ရုံသာမက ပြန်လည်း ယူနိုင်ပေးသည်။ သူသည် ၎င်းကို ကောင်းကောင်းသိသည်။ ထို့ကြောင့် သူ၏သမီးသည် ယန္တရားဆရာသခင်၏ လှေကားကို အောင်အောင်မြင်မြင် တက်သွားနိုင်ခဲ့သော်လည်း သူသည် ဝတ်ရုံဂိုဏ်းတွင် သစ္စာရှိရှိ အလုပ်လုပ်နေဆဲ ဖြစ်သည်။ သူ စိတ်အေးလက်အေး မနေရဲပေ။
“ ညဈေးအခြေအနေနဲ့ ဟော့ပေါ့စားသောက်ဆိုင် အခြေအနေကို ငါသိပြီးပြီ။ ”
ချန်လွေ့ ခေါင်းညိတ်လိုက်သည်။
“ မင်းလုပ်တာ တော်တယ်။ ”
နတ်ဆိုးလူပုအိုကြီးက စိတ်ထဲ၌ ပျော်ရွှင်သွားပြီး ရိုရိုသေသေ ပြန်ဖြေသည်။
“ ကျုပ်က သခင့်ရဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ခဲ့ရုံပါ။ အရာအားလုံးက သခင့်ရဲ့ ကျေးဇူးကြောင့်ပါပဲ။ ”
ချန်လွေ့က စကားအနည်းငယ်ပြောကာ အားပေးပြီးနောက် မေးလိုက်သည်။
“ ဆရာသခင် စကိုင်းနဲ့ ဆရာသခင် တာတာတို့ နောက်ဖေးမှာ ရှိနေကြလား။ ”
“ ဟုတ်ကဲ့။ ဆာဆာ နဲ့ ဆရာသခင်စကိုင်းရဲ့ သမီးနှစ်ယောက်ကိုတော့ ဂျက်စီက အပြင်သွားကစားဖို့ ခေါ်သွားတယ်။ ”
ချန်လွေ့သည် အယ်ခိတ် အခြေအနေသို့ ရောက်ခဲ့စဉ်က ပြိုင်ကွင်းတွင် “ဝံပုလွေလျင်” ဂျက်စီ နှင့်အတူ သူသေကိုယ်သေ တိုက်ခိုက်ခဲ့သော မြင်ကွင်းကို သတိရလိုက်သည်။ နောက်ဖေးသို့ လမ်းလျှောက်သွားရင်း သူ၏ရင်ဘတ်ထဲ၌ နောင်တအနည်းငယ် ရောထွေးနေ၏။
နောက်ဖေးတွင် စကိုင်းနှင့် တာတာတို့သည် စားပွဲပေါ်ရှိ ပုံတစ်ပုံကို ဆွေးနွေးနေကြသည်။ အမှောင် နတ်ဆိုးလူပုသည် အရပ်ပုသောကြောင့် ခွေးခြေတွင် မတ်တပ်ရပ်နေပုံမှာ ရယ်စရာကောင်းသည်။ ချန်လွေ့ရောက်လာခြင်းသည် ဆရာသခင် နှစ်ယောက်၏အာရုံကို ဖမ်းစားသွားသည်။ သူတို့၏ အကြည့်သည် ချန်လွေ့ကို မသက်မသာ ခံစားရစေသည်။ ထို့နောက် ချန်လွေ့သည် ဆရာသခင် နှစ်ယောက်အရှေ့သို့ အားတင်းပြီး လမ်းလျှောက်သွားလိုက်သည်။
“ အက်ဂ်ယော ”
တာတာသည် ခွေးခြေပေါ်မှ ခုန်ချပြီး ချန်လွေ့၏ မျက်နှာဖုံးတည့်တည့်ကို စိုက်ကြည့်လိုက်သည်။
“ ငါ့ကို ‘တဒင်္ဂအလှတရား’ ပြကြည့်။ ”
“ ဆရာသခင်.... ”
တာတာက ထိုကဲ့သို့ တောင်းဆိုမည်ဟု ချန်လွေ့ မထင်မှတ်ထားခဲ့ပေ။ သူတို့နှစ်ယောက်သည် မိမိ အာသာဖြစ်ကြောင်းကို သိနေဟန်တူသည်။
“ ဘာမှ ဖုံးကွယ်စရာမလိုပါဘူး။ ”
စကိုင်းက ပြောသည်။
“ အရင်တုန်းက နတ်ဆိုးဘုံကို လှုပ်ခါခဲ့တဲ့ သတင်းကိုကြာပြီးတော့ ငါတို့ ထင်ကြေးပေးခဲ့ကြတယ်။ နောက်တော့ သုံးသွယ်-အထူးပြု ဆရာသခင် ပျောက်ကွယ်သွားခဲ့တယ်။ သက်ဆိုင်ရာ အဖြစ်အပျက်တွေလည်း သတင်းပျံ့သွားတယ်။ ယန္တရားပြိုင်ပွဲမှာ အရိပ်နက်ဧကရီဆီကနေ အရိပ်မြူနှင်းပန်း တောင်းဆိုခဲ့တာရော အပါအဝင်ပေါ့။ အဲဒီအကြောင်းကြားပြီးတော့ မင်းဆိုတာကို ငါ အတည်ပြုနိုင်သွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ငါမင်းကို ကျေးဇူးတင်ရမယ်။ ”
“ ဆရာသခင်က အားနာလွန်းနေပါပြီ။ ”
စကိုင်းပြောသည်ကို ကြားပြီးနောက် ချန်လွေ့က ဆက်လက်၍ ဖုံးကွယ်၍ မရတော့ကြောင်း သိသွားသည်။
“ သုံးသွယ်-အထူးပြု ဆရာသခင်နဲ့ မှော်စက်ဝိုင်း ပါရမီရှင်။ ”
ဆရာသခင် တာတာက ခေါင်းခါပြီး ပြောသည်။
“ အခုတော့ မင်းကိုယ်မင်း လုံးဝပြောင်းလဲလိုက်တယ်လို့တောင် ငါ သံသယဝင်နေပြီ။ ”
“ တကယ်တော့..... ဒါက ကျုပ်ကို ဆရာက အရာအားလုံး လွှဲပြောင်းပေးခဲ့လို့ပါ။ ”
ချန်လွေ့ စဉ်းစားကြည့်လိုက်ရာ ထိုအကြောင်းပြချက်တစ်ခုသာ ထွက်လာ၏။
“ အရာအားလုံးလား။ ဒါဆို မင်းရဲ့ဆရာက.... ”
စကိုင်း တုန်လှုပ်သွား၏။
“ သူ့ရဲ့ဘဝက အဆုံးသတ်သွားပြီ။ ”
ချန်လွေ့က ထိုသို့ပြောပြီး ဆိတ်ဆိတ်နေလိုက်သည်။
“ ဒီအဆင့်ရောက်ဖို့ မင်း ဘာနည်းလမ်းပဲ သုံးခဲ့ပါစေ အခုဆိုရင် မင်းက ဆရာသခင် တစ်ယောက်လို့ ခေါ်ဖို့ သေချာပေါက် ထိုက်တန်နေပြီ။ ”
တာတာက ခေါင်းညိတ်ပြီး ပြောသည်။
“ ဒါပေမဲ့ မင်း စိတ်ချပါ။ ငါနဲ့ ဆရာသခင် စကိုင်းက နားလည်တတ်တဲ့သူတွေပါ။ မင်းမှာလည်း လျို့ဝှက်ချက်တွေ ရှိတယ်ဆိုတာ သိပါတယ်။ အဲဒါကြောင့် ဒီအကြောင်းကို ဆာဆာနဲ့ စကိုင်းရဲ့ သမီးနှစ်ယောက်တောင် မသိကြဘူး။ ”
“ ကျေးဇူးတင်ပါတယ်။ဆရာသခင်။ ”
ချန်လွေ့ စိတ်သက်သာရာ ရသွားပြီး သူတို့နှစ်ယောက်ကို ဦးညွှတ်လိုက်သည်။
“ ဆရာသခင် နှစ်ယောက်အရှေ့မှာ ကျုပ်ကိုယ်ကျုပ် ဆရာသခင်လို့ မခေါ်ဝံ့ပါဘူး.... ”
“ ဟုတ်ပါပြီ။ ယဉ်ကျေးသမှုပြုတာတွေ တော်လောက်ပြီ။ ”
တာတာက အနည်းငယ် စိတ်မရှည် ဖြစ်နေသည်။
“ ဆရာသခင်တစ်ယောက်က ယုံကြည်ချက်နဲ့ အမူအကျင့် ရှိရမယ်။ နိမ့်ချလွန်းတာက ဟန်ဆောင်တာသက်သက်ပဲ။ မင်းရောက်လာတာ အချိန်ကောင်းပဲ။ ငါတို့ ဒီဇိုင်းဆွဲထားတဲ့ ဒီမှော်အထောက်အပံ့ကို တစ်ချက်ကြည့်ကြည့်။ ”
ချန်လွေ့ ခေါင်းညိတ်ပြီး စားပွဲဆီသို့ လမ်းလျှောက်လာသည်။ ၎င်းကို သေသေချာချာ ကြည့်ပြီးသည့်အခါ ချန်လွေ့၏ အမူအရာသည် ပို၍ပို၍ အံ့အားသင့်သွားသည်။ သူတို့သည် မျက်နှာဖုံး နောက်ကွယ်မှ မျက်နှာကို မမြင်နိုင်သော်လည်း ဆရာသခင် တာတာသည် ချန်လွေ့၏မျက်လုံးထဲရှိ အံ့အားသင့်မှုကို သတိထားမိလိုက်ပြီး ဂုဏ်ယူသည့် အမူအရာ ပြသလိုက်သည်။
ချန်လွေ့ အံ့အားသင့်သွားရသည့် အကြောင်းမှာ တာတာနှင့် စကိုင်းတို့ ပြုလုပ်ထားသော ထိုပစ္စည်းသည် ဒဏ္ဍာရီလာအဆင့် သို့မဟုတ် မှော်ကွန်းတင် အဆင့် ရောက်ရှိနေ၍မဟုတ်ပေ။ ၎င်း၏ အရည်အသွေးမှာ ထူးကဲအဆင့်ပင် မရှိချေ။ ၎င်းမှာ ရေအထောက်အပံ့ ပစ္စည်း ဖြစ်သည်။ အတိအကျ ပြောရလျှင် ၎င်းသည် နတ်ဆိုးဘုံ၏ ဘုံပိုင်ရေစနစ် ဖြစ်သည်။ နတ်ဆိုးဘုံတွင် ရေကို တွင်းတူး၍သာ တစ်ချိန်လုံး ရယူနေခဲ့သည်။ ဇိမ်ခံရာတွင် မှော်ပညာသုံးကာ ရေပန်းများပြုလုပ်ကြသည်။ ၎င်းသည် သာမန်လူများ အသုံးပြုနိုင်သည့် ပထမဆုံးသော မှော် ရေသိုလှောင်စနစ် ဖြစ်လေသည်။
ထို“ဖန်တီးမှု”သည် ချန်လွေ့ထံမှ စိတ်ကူး စိတ်သန်း ရရှိလာခြင်းဖြစ်သည်မှာ အသေအချာပင် ဖြစ်သည်။ အမှန်တကယ်၌ ချန်လွေ့သည် သူ၏ မူရင်းလောကမှ ဘုံပိုင်ရေစနစ်တွင် အသုံးပြုသော အသေးစိတ်ကိရိယာနှင့် နိယာမများကို သေသေချာချာ မသိခဲ့ပေ။ သို့သော်လည်း ဤနေရာသည် နတ်ဆိုးဘုံ ဖြစ်သည့်အတွက် နတ်ဆိုးဘုံ၏ အမှန်တကယ်အခြေအနေနှင့် သင့်တော်ရပေမည်။ မှော်သည် စွမ်းအင် အရင်းအမြစ် ဖြစ်လာမည်မှာ သေချာသည်။ ထို ဆရာသခင်အဆင့် ပုဂ္ဂိုလ်များ ရှိနေသည့်အတွက် နိယာမများသည် သေချာပေါက် ပြဿနာတစ်ခု မဟုတ်ပေ။ ချန်လွေ့သည် အကြံဉာဏ်အချို့နှင့် ဖန်တီးမှု အချို့ကိုသာ ပြောပြရန် လိုအပ်ပြီး ပြဿနာ အများအပြားသည် အလိုလို ပြေလည်သွားခဲ့သည်။
၎င်းကိုကြည့်ရင်း ချန်လွေ့သည် သန့်စင်ခြင်း ကိရိယာများ ပေါင်းထည့်ခြင်း၊ ရေချိန်အဆ ဒီဇိုင်းဆွဲခြင်း နှင့် တွင်တွင်ကျယ်ကျယ် အသုံးပြုရန် ကုန်ကျစရိတ်ကို လျော့စေနိုင်သော ကုန်ကြမ်းတိုးမြှင့်ခြင်း စသည့် အကြံဉာဏ်အချို့ကို အကြံပြုခဲ့သည်။
တာတာ နှင့် စကိုင်းတို့က စဉ်းစားပြီးနောက် အမြင်များကို ပြောပြသည်။ ထိုရေအထောက်အပံ့ စနစ်သည် တဖြည်းဖြည်းနှင့် စတင်ပုံပေါ်လာခဲ့သည်။ ချန်လွေ့က ချီးမွမ်းလိုက်သည်။
“ ဒီစနစ် စမ်းသပ်မှု လုံးဝပြီးစီးပြီးတော့ အောင်မြင်သွားမယ်ဆိုရင် နယ်မြေတစ်ခုလုံး သုံးဖို့အတွက် တော်ဝင်မင်းသမီးဆီကို ကျုပ် သတင်းပို့ပေးမယ်။ ဒါကို နတ်ဆိုးဘုံတစ်ခုလုံး တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်မယ်ဆိုရင် ဒါက မှော်မီးအိမ်ပြီးရင် နတ်ဆိုးဘုံရဲ့ အကြီးကျယ်ဆုံး တီထွင်မှုတစ်ခု ဖြစ်လာလိမ့်မယ်။ ”
မှော်မီးအိမ်ကို လွန်ခဲ့သော နှစ်ပေါင်း ၇၀၀၀၀ခန့်က ယန္တရား မဟာဆရာသခင် မာတီနီ တီထွင်ခဲ့ခြင်း ဖြစ်သည်။ သူသည် အနာဂတ်မျိုးဆက်များအတွက် အမှတ်အသား ချန်ရစ်ခဲ့သည်ဟု ပြော၍ရသည်။ ချန်လွေ့ “ဆရာ”၏ အဆိုအမိန့် အတိုင်းပင် ဖြစ်သည်။ စစ်မှန်တဲ့ ယန္တရားပညာရပ်က ဖျက်ဆီးပစ်တာမဟုတ်ဘူး။ ဘဝတွေကို အကျိုးရှိစေတာ။ အဲဒါကမှ ယန္တရားဆရာသခင်ရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ပဲ။
ပစ္စည်းကိရိယာတစ်ခုသည် မှော်ကွန်းတက်အဆင့်ပင် ဖြစ်ပါစေ ထာဝရ လက်ဆင့်ကမ်းနိုင်မည် မဟုတ်ပေ။ သို့သော် ဤကဲ့သို့ တီထွင်မှုမျိုးသည် အောင်မြင်မည်ဆိုပါက သမိုင်းထဲ၌ အမြဲပင် မှတ်တမ်းတင်ခံထားရမည် ဖြစ်ပေသည်။
ဒါက မဟာဆရာသခင်အဆင့် မရောက်ဘဲနဲ့ တခြား မဟာဆရာသခင်တွေကို ကျော်လွှားနိုင်တယ်။ တာတာ နှင့် စကိုင်းတို့၏ မျက်လုံးများ တစ်ပြိုင်နက်တည်း အရောင်လက်သွား၏။
“ ဆရာသခင် စကိုင်း ”
ချန်လွေ့က ခရမ်းရောင် ပန်းတစ်ပွင့်ကို ထုတ်ယူလိုက်သည်။
“ ဒါက ခင်ဗျားအတွက် လက်ဆောင်ပါ။ ”
“ အရိပ်မြူနှင်းပန်း ”
စကိုင်း၏မျက်လုံးများ ဝင်းလက်သွားသည်။
“ ဧကရီ ကတ်သရင်းက မင်းကို အစေ့ပဲ ပေးခဲ့တယ် မဟုတ်လား။ ကြီးထွားမှု မြန်ဆန်စေတဲ့ မှော်ပညာရှိရင်တောင် အရိပ်မြူနှင်းပန်း ရင့်မှည့်ဖို့ ကြာတဲ့အချိန်က ဆယ်နှစ်ကျော်တယ်..... ”
ချန်လွေ့ မဖြေခဲ့ပေ။ သူ ပြုံးပြပြီး အရိပ်မြူနှင်းပန်းကို ကမ်းပေးလိုက်သည်။ စကိုင်းလည်း စကားမှားပြောမိရာမှ သတိပြန်ဝင်လာခဲ့သည်။ သူ အများကြီး မေးမိသွားကြောင်း သိလိုက်သည်။ လူတိုင်းတွင် လျို့ဝှက်ချက်များ ရှိကြသည်။ ချန်လွေ့က မည်သည်မှ မတောင်းဆိုဘဲ ပေးလိုက်ခြင်းသည် ကျေးဇူးကြီးမားနေပြီ ဖြစ်သည်။ စကိုင်းသည် စိတ်လှုပ်ရှားမှုကို မထိန်းထားနိုင်တော့ဘဲ အရိပ်မြူနှင်းပန်းကို လက်ခံကာ သေတ္တာတစ်လုံးထဲတွင် သေသေချာချာ ထည့်ထားလိုက်သည်။
“ သိပ်ကောင်းတယ်။ အရိပ်မြူနှင်းပန်းရယ်၊ အရင်က စုဆောင်းထားတဲ့ လျို့ဝှက်ဆေးတွေနဲ့ ပြန်လည်ရှင်သန်ခြင်း ရေစင်နဲ့ဆိုရင် တစ်လအတွင်း ကျိန်စာကို လုံးဝဖယ်ရှားနိုင်ပြီ။ ”
“ ဆရာသခင် အက်ဂ်ယော ”
စကိုင်းက လေးလေးနက်နက် အရိုအသေ ပြုလိုက်သည်။
“ ကျုပ် ကျေးဇူးတင်ဖို့အတွက် စကားနဲ့တောင် ဖော်ပြဖို့ မလုံလောက်တော့ပါဘူး။ ကျုပ်က ဆရာသခင်ရဲ့ ဝတ်ရုံဂိုဏ်းမှာ ဆက်နေသင့်တာ။ ဒါပေမဲ့ ကျုပ်ရဲ့ကျိန်စာကို ဖယ်ရှားပြီးရင် ကျုပ်ရဲ့ တည်ရှိမှုက ဆရာသခင်နဲ့ ဝတ်ရုံဂိုဏ်းကို ကပ်ဘေး ကြုံတွေ့ရစေနိုင်တယ်။ အဲဒါကြောင့် ကျုပ် အမှောင်လကနေ အမြန်ထွက်သွားပြီးတော့ ဘေးကင်းတဲ့ နေရာတစ်ခုမှာ ပုန်းနေချင်တယ်။ ”
“ ဆရာသခင်။ ခင်ဗျားက ဝတ်ရုံဂိုဏ်းနဲ့ ကျုပ်အတွက် ထွက်သွားဖို့ တောင်းဆိုနေတယ်ဆိုတာ သိပါတယ်။ ”
ချန်လွေ့က ယုံကြည်ချက်ရှိရှိဖြင့် ပြုံးနေသော တာတာကို ကြည့်ပြီး ပြောလိုက်သည်။
“ ခင်ဗျားနဲ့ဆရာသခင်တာတာတို့ရဲ့ သုတေသနက မပြီးသေးဘူးလေ။ ဒီအတိုင်း ထွက်သွားရင် နှမြောစရာ မကောင်းဘူးလား။ ”
စကိုင်း သက်ပြင်းချပြီး အနည်းငယ် ဝမ်းနည်းသွား၏။ ချန်လွေ့ ပြောလိုက်သည်။
“ ခင်ဗျားရဲ့ရန်သူက ဘယ်သူလဲဆိုတာ မသိပေမဲ့ ဒီနေရာက ပိုပြီးအန္တရာယ်ကင်းနိုင်တယ်။ ခင်ဗျား ပြန်ကောင်းပြီးရင် ဖြစ်လာမယ့်ပြဿနာကို ဒီက ဆရာသခင်တာတာနဲ့ ဖြေရှင်းဖို့က မခက်ပါဘူး။ ပြီးတော့လည်း အိဗ်နဲ့ အလျန်တို့က ဒီနေရာကို တော်တော်လေး သဘောကျကြတာ။ သူတို့ လျှောက်သွားနေဖို့ မသင့်တော်ဘူးလေ။ ”
“ ကျုပ်မှာ ခင်ဗျားရဲ့ အငွေ့အသက်နဲ့ မျက်နှာကို ဖုံးကွယ်ပေးနိုင်တဲ့ အသင့်သုံး မှော်ပစ္စည်းတွေ ရှိတယ်။ နတ်ဆိုးအရှင်သခင်တောင် ဒါကို ဖောက်ထွင်းမြင်နိုင်မှာ မဟုတ်ဘူး။ ”
ဆရာသခင် တာတာက ယုံကြည်ချက်ရှိရှိဖြင့် ပြုံးလိုက်သည်။
“ အက်ဂ်ယောက တော်တော် ဉာဏ်များတယ်။ သူ နေစေချင်တယ်ဆိုရင် ရအောင်လုပ်တယ်။ ပြီးတော့လည်း မစ်-ဆာဆာကြောင့် ကျုပ်က ဒီနေရာမှာ အကြာကြီး နေမှာပဲ။ သူ့ရဲ့အကြံအစည်က အောင်မြင်တယ်ဆိုတာကို ငြင်းလို့မရဘူး။ ”
စကိုင်းက တာတာကို တစ်ချက်ကြည့်ပြီးနောက် ချန်လွေ့ကိုကြည့်ကာ နောက်ဆုံး၌ ခေါင်းညိတ်လိုက်သည်။
“ ကောင်းပါပြီ။ ဒါဆိုလည်း ယုံကြည်ရတဲ့ မိတ်ဆွေတစ်ယောက်အနေနဲ့ ကျုပ်မှာ ဖွင့်ပြောစရာ ရှိတယ်။ စကိုင်းက ကျုပ်ရဲ့နာမည်အရင်း မဟုတ်ဘူး။ ကျုပ်ရဲ့ နာမည်က ဖွန်ဆက် ပဲ။ ”
ချန်လွေ့သည် ထိုနာမည်ကို များများစားစား မခံစားခဲ့ရပေ။ သို့သော်လည်း ဆရာသခင်တာတာက အလွန်အံ့အားသင့်သွားသည်။
“ လက်စသတ်တော့ ခင်ဗျားက နတ်ဆိုးဘုံရဲ့ ထိပ်တန်း သားရေဆရာသခင်လို့ နာမည်ကျော်ခဲ့တဲ့ ဆရာသခင် ဖွန်ဆက် ကိုး။ ခင်ဗျားက သေသွားပြီ မဟုတ်လား။ ”
အသစ်စက်စက် ပေါ်ထွက်လာသော “ ဆရာသခင် အာသာ ” အပြင် နတ်ဆိုးဘုံ၏ မူရင်း ထိပ်တန်း ယန္တရားဆရာသခင်မှာ သွေးရောင်အင်ပါယာ၏ ယန္တရားအစည်းအရုံး ဥက္ကဋ္ဌ နိတ် ဖြစ်သည်။ သို့သော် ထိုဂုဏ်ပုဒ်ကို နိတ် ရရှိခဲ့ခြင်းမှာ နှစ်သွယ်-အထူးပြု ဖြစ်ခြင်းကြောင့်ဖြစ်ပြီး အထူးပြုတစ်ခုတွင် ထိပ်တန်းဖြစ်၍ မဟုတ်ပေ။ သူသည် ဆရာသခင် ပြိုင်ပွဲအားလုံးတွင် စည်းမျဉ်းများကို အသုံးချပြီး အနိုင်ယူနိုင်ပေသည်။
အထူးပြုတစ်ခုတည်းယှဉ်လျှင် အမှန်တကယ် ထိပ်တန်းဖြစ်နိုင်သော ဆရာသခင် သုံးယောက် ရှိလေသည်။
အရိပ်နက်အင်ပါယာ ယန္တရားအစည်းအရုံး၏ လက်ရှိဥက္ကဋ္ဌ သတ္တု ဆရာသခင် အန်ဒါဆန်။
သွေးရောင်အင်ပါယာ ယန္တရားအစည်းအရုံး၏ အကြီးတန်း ဆရာသခင်ဟောင်း သားရေ ဆရာသခင် ဖွန်ဆက်။( သေဆုံးပြီး )
မည်သည့်အင်ပါယာကမှ မပိုင်ဆိုင်သော လက်ဝတ်ရတနာ ဆရာသခင် ထဲတန်နတ်စ်။ မည်သည့်နေရာရောက်နေမှန်း မသိရှိ။
ဖွန်ဆက်သည် နိတ်ပြီးလျှင် သွေးရောင်အင်ပါယာ၏ ယန္တရားအစည်းအရုံး၌ ထိပ်တန်း ယန္တရားဆရာသခင်တစ်ယောက် ဖြစ်သည်။ သူသည် အထင်တကြီး လေးလေးစားစား ဆက်ဆံခံရသည်။ သို့သော်လည်း သူသည် ကံမကောင်းစွာပင် လွန်ခဲ့သော နှစ်ဒါဇင်ခန့်က သေဆုံးသွားခဲ့သည်။ သူသည် မမျှော်လင့်ဘဲနှင့် စကိုင်းဟူ၍ အမည်ပြောင်းကာ အမှောင်လသို့ ရောက်ရှိလာခဲ့သည်။ ထို့ပြင် သူသည် ကျိန်စာတိုက်ခံထားရသည်။ ၎င်းတို့အားလုံးနောက်ကွယ်တွင် အမည်မသိရသော လျို့ဝှက်ချက်တစ်ခု ရှိရပေမည်။
“ အက်ဂ်ယော။ မင်းရဲ့ဆရာက သူ့ကိုယ်သူ စတေးပြီးတော့ မင်းကို မဟာဆရာသခင်အဖြစ် မွေးမြူဖို့အတွက် အရာအားလုံး လွှဲခဲ့တယ်။ ဒါပေမဲ့ နိတ် ကတော့ တခြားသူတွေရဲ့အစွမ်းတွေကို လုယူပြီးတော့ ဖြတ်လမ်းတွေကနေတစ်ဆင့် အဆင့် တိုးတက်အောင် ကြိုးစားနေတယ်။ ”
စကိုင်း၏စကားသည် တာတာနှင့် ချန်လွေ့တို့ကို တစ်ချိန်တည်းမှာပင် အံ့အားသင့်စေခဲ့သည်။
အစွမ်းလုယူတယ်ဆိုတာ ဘာလဲ။ တာတာက ထိတ်လန့်သွားပြီး ပြောသည်။
“ ဆရာသခင် နိတ်က..... ”
“ အဲဒီစက်ဆုပ်စရာ လူဆိုးကို ဆရာသခင်လို့ ခေါ်ဖို့တောင် မထိုက်တန်ဘူး။ ”
စကိုင်း အံကြိတ်လိုက်သည်။
“ သူနဲ့ငါကြားမှာရှိတဲ့ အမုန်းတရားက မရဏပင်လယ်ထက်ကို ပိုပြီးတော့ နက်ရှိုင်းတယ်။ ”
ချန်လွေ့သည် ယန္တရားပြိုင်ပွဲ၌ နိတ်၏တပည့် ဟောဖို့ဒ် နှင့် ဟောဖို့ဒ်နောက်မှ အီဇိုလာတို့ သလင်းကျောက်တောင်ကြား အင်အားစုကို တွေးမိလိုက်သည်။ သူ အလျင်အမြန် စတင်စဉ်းစားတော့သည်။
“ နိတ်က မန်မွန်တော်ဝင်မိသားစုရဲ့ သန္ဓေပြောင်း သွေးမျိုးဆက်ပဲ။ သူ့မှာ လျို့ဝှက်ပညာရပ်နဲ့ အမှောင်မှော်ပညာကို အသုံးချပြီးတော့ အခြားသူတွေရဲ့ အသိစိတ်ကို ဝါးမျိုပြီး မှတ်ဉာဏ်တွေ စုပ်ယူနိုင်တဲ့ ထူးဆန်းတဲ့ ပါရမီတစ်ခု ရှိတယ်။ ”
“ အသိစိတ်ကို ဝါးမျိုတာလား။ ”
တာတာက ထိတ်လန့်လျက် မေးလိုက်သည်။
“ သူက တခြားသူတွေရဲ့ အသိဉာဏ်ကို သူ့ကိုယ်ပိုင်အဖြစ် ပြောင်းလိုက်တာလား။ ”
“ အဲလိုမျိုးပဲ။ ဒါပေမဲ့ အဲဒီလျို့ဝှက်ပညာရပ်ကို အသုံးချဖို့အတွက် ပေးဆပ်ရတာလည်း ရှိတယ်။ ပြိုင်ဘက်ရဲ့ စိတ်စွမ်းအားက ပိုအားကောင်းလေလေ ပိုခက်ခဲလေလေပဲ။ ပြိုင်ဘက်က ဆန့်ကျင်မယ်ဆိုရင် တန်ပြန်ခံစားရနိုင်တယ်။ ”
စကိုင်း အံကြိတ်လိုက်ပြန်သည်။
“ သူက ငါ့ကို တိတ်တိတ်လေး အဆိပ်ခတ်ပြီးတော့ အကျဉ်းချထားခဲ့တယ်။ သူက ငါ့ကို လျို့ဝှက်ပညာရပ်သုံးဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ငါ့စိတ်စွမ်းအားရဲ့ တွန်းကန်မှုကို ခံစားလိုက်ရပြီးတော့ ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့တယ်။ သူက ငါ့ကို အရှုံးပေးအောင်လုပ်ဖို့အတွက် ငါ့မိန်းမနဲ့ ကလေးတွေကို ဓားစာခံလုပ်ပြီးတော့ ကျိန်စာတိုက်ခဲ့တယ်။ ငါ့ကို မခြိမ်းခြောက်နိုင်အောင်လို့ ငါ့မိန်းမက ကိုယ့်ကိုယ်ကိုယ် သတ်ပစ်ခဲ့တယ်။ တပည့်အချို့က အသက်စွန့်ပြီးတော့ ငါ့ကို မကယ်ခဲ့ရင် ငါ့သမီး နှစ်ယောက်နဲ့ငါက အဖမ်းခံရရင်ခံရ ဒါမှမဟုတ် သေမှာပဲ။ ”
“ တောက် ”
ဆရာသခင် တာတာက စားပွဲကို ထုရိုက်လိုက်သည်။
“ နိတ်က ဒီလိုမျိုး ရက်စက်ပြီးတော့ အရှက်မဲ့တဲ့ကောင် ဖြစ်မယ်လို့ မထင်ခဲ့ဘူး။ ငါ ဒါကို ဖော်ထုတ်ပြီးတော့ နတ်ဆိုးဘုံရဲ့ ထိပ်တန်း ယန္တရားဆရာသခင်က ဘာလဲဆိုတာကို နတ်ဆိုးဘုံရဲ့ ယန္တရားပညာရှင်တွေအားလုံး သိအောင် လုပ်ရမယ်။ ”
“ အသုံးဝင်မှာ မဟုတ်ဘူး။ ဆရာသခင် တာတာ။ နိတ်ရဲ့အာဏာက ကျယ်ပြန့်တယ်။ သူက ဒီလိုလုပ်ရဲရင် လုံးဝပြင်ဆင်ထားတာ ရှိမှာပဲ။ ပြီးတော့လည်း ဒါက တော်တော် ကြာနေပြီ.....။ မင်း မထိခိုက်ချင်ရင် စိတ်လိုက်မာန်ပါ မလုပ်မိစေနဲ့။ ”
စကိုင်း ခေါင်းခါသည်။
“ အစကတော့ နိတ်က လူလွှတ်ပြီးတော့ ငါ့ကို လိုက်ဖမ်းခိုင်းတယ်။ နောက်တော့ သူက ငါ့သမီး နှစ်ယောက်ကို ခေါ်ပြီးတော့ မရဏနယ်မြေ အသူရာချောက်နက် အဆိပ်တိမ်တိုက်ထဲကို ကျသွားခဲ့တယ်။ သူက ငါသေပြီလို့ ကြေညာခဲ့တယ်။ ပထမအကြောင်းက ငါသေမသေကို သူ အတည်မပြုနိုင်သေးလို့ပဲ။ ဒုတိယအကြောင်းမှာ ငါ့ခန္ဓာကိုယ်ပေါ်က ပြင်းထန်တဲ့ကျိန်စာက ငါ့စိတ်ဝိညာဉ်နဲ့ တုံ့ပြန်မှုကို ကြီးကြီးမားမား လျော့ကျစေခဲ့တယ်။ ငါက အရင်အခြေအနေကို ပြန်ရောက်ဖို့ မဖြစ်နိုင်တော့ဘူး။ သူ့ရဲ့ စိတ်ရင်းအမှန်ကို ငါဖော်ထုတ်ရင်တောင် ဘယ်သူမှယုံမှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါ အဆိပ်တိမ်တိုက် အသူရာချောက်နက်ထဲကနေ လွတ်လာပြီးတော့ အဆိပ်ဖြေဆေး ရသွားမယ်လို့ သူထင်ထားမှာ မဟုတ်ဘူး။ ”
ထိုသို့ပြောပြီးတောက် စကိုင်းက ချန်လွေ့ကို ကျေးဇူးတင်သည့်အမူအရာ ပြသခဲ့သည်။ သူနှင့် သူ၏သမီးတို့သည် “ခေါင်းဆောင်”၏ ကျေးဇူးကြောင့်သာ ပြန်ကောင်းလာခြင်း ဖြစ်သည်။
“ ဆရာသခင် ဖွန်ဆက် ”
ချန်လွေ့ နှစ်သိမ့်ပေးလိုက်သည်။
“ ခင်ဗျား ဒီမှာ စိတ်အေးလက်အေးနဲ့ နေလို့ ရပါတယ်။ အရိပ်မြူနှင်းပန်းကို သုံးပြီးတော့ ခင်ဗျားရဲ့ ကျိန်စာကို အရင်ဖယ်ရှားလိုက်။ ကျန်တာကို စိုးရိမ်မနေနဲ့။ ကျုပ်တို့ အခု လိုအပ်တာက စိတ်ရှည်ဖို့ပဲ။ အချိန်ကျလာရင် နတ်ဆိုးဘုံရဲ့ ထိပ်တန်းဆရာသခင် ဆိုတဲ့သူကို ရှာပြီးတော့ အနိုင်ယူလို့ရတယ်။ ”
“ ကျုပ်ကို စကိုင်းလို့ပဲ ခေါ်ပါ။ ဖွန်ဆက်က သေသွားတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ”
စကိုင်း ခေါင်းညိတ်ပြီး ခံစားချက်များကို တည်ငြိမ်အောင်လုပ်ပြီးနောက် ပြုံးကာ ချန်လွေ့ကို ဦးညွှတ်လိုက်သည်။
“ ဒီနေ့ကစပြီးတော့ ကျုပ်က ဝတ်ရုံဂိုဏ်းရဲ့ တရားဝင် အဖွဲ့ဝင်တစ်ယောက် ဖြစ်သွားပါပြီ။ တခြားကိစ္စတွေကို ခေါင်းဆောင်ဆီ လွှဲထားလိုက်ပါ့မယ်။ ”
ချန်လွေ့လည်း အရိုအသေ ပြန်ပြုလိုက်သည်။ “ အစီအစဉ် အောင်မြင်တယ် ”ဟု ရေရွတ်ပြီးနောက် အမှောင်နတ်ဆိုးလူပုက စကိုင်းအား ပျော်ရွှင်နေသော အပြုံးဖြင့် ကြည့်လိုက်သည်။