ခါနီတာရဲ့ မျှော်လင့်ချက် အလင်းရောင်လား
Vol. 22 Ch. 320
ခါနီတာက အလျင်အမြန်စဉ်းစားပြီး ပြောသည်။
“ ကျုပ်ရဲ့အဖေက တံခါးပိတ် လေ့ကျင့်နေတာ။ အရေးတကြီး စစ်ရေးအခြေအနေ မရှိဘူးဆိုရင် ကျုပ်တောင် သူ့ကို တွေ့ခွင့်မရဘူး။ ကျုပ် ဆာ့ကို အရင်မေးချင်တယ်။ ဘာကိစ္စများ ရှိလို့လဲ။ ”
ခါနီတာ၏စကားသည် လုံးဝဝတ်ကျေတမ်းကျေ မဟုတ်ပေ။ ဂျို့ရှ်သည် သိပ်မကြာခင်က အမှန်တကယ်ပင် လေ့ကျင့်နေခဲ့ည်။ သို့သော်လည်း ယခုတွင်း ပြီးမြောက်သွားခဲ့လေပြီ။ ဤလူသားသည် ထူးထူးဆန်းဆန်း ရောက်ရှိလာ၏။ ဆမ်မြူရယ်နှင့် ပတ်သက်မှု ရှိသော်လည်း ၎င်းသည် တစ်ဖက်သတ် ဇာတ်လမ်းတစ်ခုသာ ဖြစ်သည်။ ကိစ္စများ အရင် ရှင်းလင်းအောင် မပြုလုပ်ဘဲ “ချာလီစ်”ကို ဂျို့ရှ်ထံ ခေါ်သွားရန် မဖြစ်နိုင်ပေ။ တစ်ခုခု မှားသွားရင် အဲဒါက ငါ့ကို ဂယက်ရိုက်နိုင်ပြီးတော့ ဂျိုးဆက်ပ်ကို အနိုင်ရဖို့ အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားမှာ မဟုတ်လား။
သို့သော်လည်း လူသားလောကနှင့် နတ်ဆိုးဘုံတို့၏ စစ်ပွဲသည် နှစ်ပေါင်း၂၀၀ မတိုင်ခင် စတင်ဦးမည် မဟုတ်ပေ။ နတ်ဆိုးဘုံသို့ လူသားတစ်ယောက် လာရောက်လုပ်ကြံမည့် ဖြစ်နိုင်ချေ နည်းပါးလှသည်။ ခါနီတာ ပို၍စိုးရိမ်နေသည်မှာ ထိုကိစ္စမှ မည်သည်ကို ရရှိ နိုင်သည့် အကြောင်းကိုပင် ဖြစ်သည်။
“ ဒါက နှစ်ဖက်စလုံးကို အကျိုးရှိစေမယ့်အရာတစ်ခုပါ။ ပြီးတော့ အကျိုးအမြတ်လည်း တော်တော်ကြီးမားတယ်။ ”
အကျိုးအမြတ် ဟုတ်လား။ ခါနီတာ ချက်ချင်းပင် အာရုံစိုက်သွားသော်လည်း အပေါ်ယံ၌ ခံစားချက်မဲ့နေဆဲပင် ဖြစ်သည်။
“ အကျိုးအမြတ် ကြီးကြီးလား။ ကျုပ်ကို ခွင့်လွှတ်ပေးပါ။ မစ္စတာ ဆမ်မြူရယ်က လူသား လောက ကနေ ရောက်လာတာ။ ပြီးတော့ ဒီနေရာက နတ်ဆိုးဘုံ။ ခင်ဗျား ကျုပ်တို့ကို ဘယ်လိုမျိုး အကျိုးအမြတ်ကြီးကြီး ပေးနိုင်မလဲဆိုတာ ကျုပ် တကယ် စဉ်းစားမရဘူး။ ”
“ချာလီစ်” သည် [ ရုပ်ဖျက်ခြင်း ] ပညာရပ်ကို အသက်သွင်းထားသော ချန်လွေ့ပင် ဖြစ်၏။ ခါနီတာ သံသယ ဖြစ်နေသည်ကို မြင်သည့်အခါ ချန်လွေ့ ခေါင်းခါလိုက်သည်။
“ တောင်းပန်ပါတယ်။ ကျုပ် ဒါကို သေသေချာချာ ပြောပြလို့ မရဘူး။ ဒါပေမဲ့ ကျုပ်ပြောပြ နိုင်တာကတော့ အောင်အောင်မြင်မြင် ပူးပေါင်းနိုင်မယ်ဆိုရင် အကျိုးအမြတ်က အရင်းအနှီးထက် နှစ်ဆ၊သုံးဆကျော် ရနိုင်တယ်။ အရင်းအနှီးကလည်း ပမာဏတစ်ခုအထိ ရောက်ရမှာပေါ့။ မဟုတ်ရင် ဝင်ငွေရရှိဖို့အတွက် လိုအပ်ချက်တွေနဲ့ ကိုက်ညီမှာ မဟုတ်ဘူး။ ”
ထိုကဲ့သို့ ကြီးမားသောအကျိုးအမြတ်ကို ကြားသည့်အခါ ခါနီတာ နှလုံး ခဏ ရပ်တန့် သွားခဲ့သည်။ သို့သော်လည်း တည်တည်ငြိမ်ငြိမ်ပင် ရှိနေ၏။
“ ဒါက တော်တော်လေး ကြီးမားတဲ့ အကျိုးအမြတ်ပဲ။ ဒါပေမဲ့ ဘာလို့ ဒီလောက်ကြီးမားတဲ့ အကျိုးအမြတ် ရတာလဲဆိုတာကို ကျုပ် စဉ်းစားလို့မရဘူး။ ”
“ လူသားလောကရဲ့ ထိပ်တန်း စီးပွားရေး မိသားစုဖုဖြစ်တဲ့ ခမ့်လော့ မိသားစုရဲ့ စွမ်းအားကို အထင်မသေးနဲ့။ လူသားတွေရဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေးကို ခင်ဗျားတို့လို တောကျတဲ့ နတ်ဆိုးဘုံက လုံးဝယှဉ်လို့ မရဘူး။ ”
ချန်လွေ့က ကြောက်မက်ဖွယ်ရာ အဟုန်တစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုနည်းတူ ဆမ်မြူရယ်၏ မျက်နှာတွင်လည်း ဂုဏ်ယူသော အပြုံးတစ်ခု ထွက်ပေါ်လာ၏။
ဆမ်မြူရယ်က သူ၏မိသားစုသည် အင်ပါယာရှိ ထိပ်တန်း စီးပွားရေးမိသားစုဖြစ်ပြီး ဘဏ္ဍာရေး အရင်းအမြစ် အလွန်များပြားကြောင်း ရံဖန်ရံခါ ပြောသည်ကို ခါနီတာ ကြားဖူးသည်။ ၎င်းသည် နတ်ဆိုးဘုံထက် များစွာ သာလွန်သည်။ ခါနီတာ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
“ အဲဒါဆိုရင် လူကြီးမင်းက ဘာလို့ နတ်ဆိုးဘုံကို ရောက်လာရတာလဲ။ လူသားလောကမှာ ပိုပြီးအန္တရာယ်ကင်းပြီးတော့ ပိုပြီးကြီးမားတဲ့ ပူးပေါင်းဆောင်ရွက်သူတစ်ယောက်ကို ရှာလို့ရတာပဲ။ ကျုပ်သိရသလောက်ဆိုရင် ဒီလိုလာရမယ့် လေဟာနယ်လမ်းကြောင်းက တော်တော်လေး အန္တရာယ်များတယ်။ နတ်ဆိုးတွေရဲ့ လူသားမျိုးနွယ်အပေါ် ရန်လိုမှု တွေလည်း ရှိတယ်ဆိုတော့ ပိုဆိုးပေါ့။ ”
ဆမ်မြူရယ်က ရုတ်တရက် ဝင်ပြောသည်။
“ ဆာ-ခါနီတာ။ ခင်ဗျားမသိပါဘူး။ ကျုပ်ရဲ့မိသားစုက အခု...... ”
“ ဆမ်မြူရယ် ”
ချန်လွေ့က ဆမ်မြူရယ်ပြောတော့မည်ကို တားဆီးလိုက်သည်။
“ ငါ့တို့မှာ အချိန်သိပ်မရှိဘူး။ မင်းက ဒီကိုရောက်တာ နည်းနည်းကြာပြီ မဟုတ်လား။ ဒီကအခြေအနေကို သဘောပေါက်လောက်ပြီပေါ့။ ဒီကနေ ချက်ချင်းထွက်သွားပြီးတော့ ငါနဲ့အတူ တကယ့်စွမ်းဆောင်ရည်ရှိတဲ့ ပူးပေါင်းဆောင်ရွက်သူတစ်ယောက်ကို ရှာဖို့အတွက် ငါမင်းကို အမိန့်ပေးတယ်။ ”
ဆမ်မြူရယ် အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ပြန်ဖြေလိုက်သည်။
“ ဟုတ်ကဲ့။ ”
“ ခဏစောင့်ပါဦး။ ”
ခါနီတာက ခုနကစကားများကို အလျန်အမြန် သုံးသပ်လိုက်သည်။ ခမ့်လော့မိသားစုက အခြေအနေတစ်ခု ဖြစ်နေတယ်။ ပြီးတော့ ချာလီစ်ကလည်း ဒီကိစ္စကို ပြီးမြောက်အောင် လုပ်ဖို့အတွက် အချိန်နည်းနည်းပဲ ရှိနေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက ငါ့ရဲ့လက်ရှိ အကျပ်အတည်းကို ပြောင်းပြန်လှန်ဖို့အတွက် အရေးကြီး အခွင့်အရေးပဲ။
“ နတ်ဆိုးတွေ ”
ချန်လွေ့က ခါနီတာကို အသာလေးကြည့်ပြီးနောက် ပြင်းထန်သော သတ်ဖြတ်ချင်စိတ်ကို ဖြည်းဖြည်းချင်း ထုတ်လွှတ်လိုက်သည်။
“ ငါတို့ကို ပေးမသွားချင်တာလား။ ”
ဆမ်မြူရယ်က ပြောသည်။
“ဆာ-ခါနီတာ။ ဒီအချိန်အတွင်း ကျုပ်ကို ဂရုစိုက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျုပ် ခင်ဗျားနဲ့ ပြဿနာ မဖြစ်ချင်ဘူး။ ကျုပ်တို့ကို သွားခွင့်ပေးပါ။ ”
“ တကယ်လို့ ဆာ-ဆမ်မြူရယ် ထွက်သွားချင်တယ်ဆိုရင် ဒီမြို့မှာ တားနိုင်တဲ့သူ တစ်ယောက်မှ မရှိပါဘူး။ ဆာ-ချာလီစ်ဆို ပြောမနေနဲ့တော့။ ”
ခါနီတာက အလျင်အမြန် ခေါင်းခါလိုက်သည်။
“ အခုလက်ရှိ ကျုပ်ရဲ့အဖေက ကြယ်ကြွေတမန် အင်ပါယာရဲ့ အရှင်သခင်၄ယောက်ထဲမှာ အစွမ်းထက်ဆုံးပဲ။ ကျုပ်ရဲ့ ပတ်သက်မှု အရဆိုရင် ပူးပေါင်းဆောင်ရွက်ဖို့အတွက် ကျုပ်က အသင့်တော်ဆုံးပဲ။ တကယ်လို့ မစ္စတာ ချာလီစ်က အခြားရင်းနှီးမြှုပ်နှံသူတွေဆီ သွားချင်တယ်ဆိုရင် အများကြီး ကွေ့ပတ်သွားရမှာ စိုးမိတယ်။ ခင်ဗျားတို့ နှစ်ယောက် အတွက် အချိန်က သိပ်ပြီးမကျန်တော့ဘူး မဟုတ်လား။ ”
“ ခင်ဗျားရဲ့ အသေးစိတ် လေ့လာမှုက ကျုပ်ကို အထင်ကြီးသွားစေခဲ့ပြီ။ ဆာ-ခါနီတာ။ ”
ချန်လွေ့သည် သတ်ဖြတ်ချင်စိတ်ကို ဘေးဖယ်ထားလိုက်သည်။
“ ဖြစ်နိုင်ချေရှိတဲ့ ပူးပေါင်းဆောင်ရွက်သူ တစ်ယောက်အနေနဲ့ ကျုပ်က အဲဒီအကြောင်းကို ပိုပြီးသိချင်ရုံပါ။ ”
ခါနီတာက ပို၍တည်ငြိမ်သွားဟန်တူသည်။ ထို့နောက် သူ၏လက်ကို ဖြည်းဖြည်းချင်း လွှတ်လိုက်သည်။ ၎င်းမှာ သေရေးရှင်ရေး အခြေအနေရောက်နေလျှင် သုံးရသော သူ၏ အသက်ကယ် ပစ္စည်း ဖြစ်သည်။
ချန်လွေ့၏မျက်လုံးများ တောက်ပသွား၏။
“ ပူးပေါင်းဆောင်ရွက်သူလား။ ခင်ဗျားရဲ့စကားတွေက အရှင်သခင်ကို ကိုယ်စားပြုနိုင်လား။ ”
“ မဟုတ်ပါဘူး။ အဖေ့ရဲ့လေ့ကျင့်ရေး ပြီးဖို့အတွက် အချိန်နည်းနည်း လိုဦးမယ်။ ”
ခါနီတာ ခေါင်းခါလိုက်သည်။
“ ကျုပ်ဆိုလိုတာက အဲဒီမတိုင်ခင် ခင်ဗျား ကျုပ်နဲ့အရင် ပူးပေါင်းကြည့်လို့ရပါတယ်။ အဖေ လေ့ကျင့်ရေး ပြီးတဲ့အခါ သက်သေခိုင်ခိုင်မာမာတစ်ခု ရှိမယ်ဆိုရင် ကျုပ်ရဲ့အဖေ သဘောတူဖို့အတွက် သေချာပေါက် ဖျောင်းဖျပေးဖို့ အာမခံပါတယ်။ ”
“ ဒီအကြံပြုချက်က မဆိုးပါဘူး။ ”
ချန်လွေ့က စဉ်းစားဟန် ပြုလိုက်သည်။
“ ကျုပ်က အခု အလင်းရောင် သလင်းကျောက် အများကြီး လိုနေတာ။ အိုး.....အဲဒါကို ဒီမှာ မှော်သလင်းကျော်ကလို့ ခေါ်တာဖြစ်မယ်။ ခင်ဗျားမှာ ဒါကို ထောက်ပံ့ဖို့အတွက် လုံလုံလောက်လောက် ရှီလား။ ”
သလင်းကျောက် မိုင်းတွင်းများသည် ဂုဏ်သတ္တိမရှိသော စွမ်းအင် အရင်းအမြစ်များ ဖြစ်ကြသည်။ လူသားနှင့် နတ်ဆိုးတို့က စွမ်းအားကို တိုက်ရိုက် စုပ်ယူ၍ရပြီး လေ့ကျင့်ရေးကို အထောက်အပံ့ဖြစ်စေနိုင်သည်။ ထို့နောက် ၎င်းတို့သည် လောက နှစ်မျိုးလုံး၏ ငွေကြေးများ ဖြစ်ကြသည်။ သမိုင်းကြောင်းထဲ၌ သီးသန့်ငွေကြေး ဖန်တီးကြသော နတ်ဆိုးတိုင်းပြည်နှင့် အင်ပါယာတို့မှ လူသားများနှင့် နတ်ဆိုးများ ရှိကြသော်လည်း အချန်ကြာလာသည်နှင့်အမျှ ပျောက်ကွယ်သွားခဲ့သည်။ သလင်းကျောက် ဒင်္ဂါးဟူသော ငွေကြေးကိုသာ ယနေ့အချိန်အထိ အသုံးပြုကြလေသည်။ အခြားလောက၌ ချန်လွေ့မှတ်မိသော ရွှေကဲ့သို့ပင် ဖြစ်သည်။
ခါနီတာသည် လက်ရှိတွင် ပိုက်ဆံမရှိပေ။ ထို့ကြောင့် ငွေကြေးအမြောက်အမြား လိုအပ်ကြောင်း ကြားသည့်အခါ သူ မျက်မှောင်ကြုတ်ပြီး ဘာမှမပြောတော့ပေ။
“ ဒီထောက်ပံ့မှုက အလကားမဟုတ်ပါဘူး။ အမြတ်အစွန်း အများကြီး ရမှာပါ။ စောစော ရင်းနှီးမြှုပ်နှံလေလေ၊ အမြတ်အစွန်း ပိုများလေလေပဲ။ အခုက ကနဦးအဆင့် ရှိနေပြီ။ အဲဒါကြောင့် အမြတ်အစွန်းက နှစ်ဆ ရနိုင်မယ်။ အားလုံးတည်ငြိမ်သွားတဲ့အခါ အမြတ်အစွန်းနှုန်းထား လျော့ကျသွားမယ်။ ဥပမာပြောရရင် ခင်ဗျားအခု အလင်းရောင် သလင်းကျောက် ဒင်္ဂါး ၁၀သန်း ရင်းနှီးမြှုပ်နှံမယ်ဆိုရင် စတင်တဲ့အဆင့်မှာ အနည်းဆုံး သန်း၂၀ အမြတ်အစွန်း ရနိုင်မယ်။ ဒါပေမဲ့ စီမံကိန်းအားလုံးကို ဆက်လက် လည်ပတ်တဲ့ အခါကျရင် ဒီအမြတ်အစွန်းနှုန်းထားက ၁၀% ကနေ ၂၀% အထိမှာ တည်ငြိမ်သွားမယ်။ ၁၂သန်းလောက်ပဲ ခင်ဗျား အမြတ်အစွန်း ရနိုင်တော့မယ်။ ”
ခါနီတာ အံ့အားသင့်သွားသည်။ ဒါက ချေးတာနဲ့တူတူပဲ။ သုံးလေးကြိမ် ရင်းနှီးမယ်ဆိုရင် အချိန်အတိုအတွင်း အမြတ်အစွန်းက ၂၀၀%အထိ ရောက်ရှိနိုင်တယ်။ နောက်ဆုံးအဆင့် ဆိုရင်တောင် ငွေက အတိုင်းအတာတစ်ခုအထိ စုဆောင်းထားနိုင်ရင် ၁၀% ကနေ ၂၀% အထိ ရနိုင်ဦးမယ်။ ဒါက တည်ငြိမ်ပြီး များပြားလှတဲ့ စီးပွားရေး အရင်းအမြစ်ပဲ။
မေးစရာရှိတာက ဒီလို လူသားသူစိမ်းကို ငါဘယ်လိုလုပ် ယုံကြည်ရမှလဲ။
“ အစ်ကို။ ကျွန်တော် ဆာ-ခါနီတာကို နည်းနည်း ရှင်းပြလိုက်မယ်။ ”
ဆမ်မြူရယ် ပြောလိုက်သည်။
“ အမှန်အတိုင်းပြောရရင် နတ်ဆိုးဘုံကို ကျုပ်ရောက်ပြီးတော့ မိသားစု တစ်ခုခု ဖြစ်သွားခဲ့တယ်။ ကျုပ်မိသားစုက ဒုတိယမင်းသား ဂါဖီးရဲ့ လျို့ဝှက်အရေးယူမှုကြောင့် ထိခိုက်သွားခဲ့ရတယ်။ အဖက်ဖက်က ငွေအရင်းအမြစ်တွေလည်း ရပ်တန့်သွားပြီးတော့ အရှင်မင်းကြီး လက်စ် တည်ဆောက်ခိုင်းထားတဲ့ သလင်းကျောက်မြို့တော်ကလည်း တည်ဆောက်မှု နောက်ဆုံးအခြေအနေမှာ ရပ်ဆိုင်းသွားခဲ့တယ်။ တစ်ချိန်တည်းမှာပဲ စတင်ငွေကြေး စီးဆင်းမှု ပြဿနာတွေကြောင့် အရင်းအနှီး စီမံကိန်း တော်တော်များများ ရပ်ဆိုင်းလိုက်ရတယ်။ ပြီးတော့ ရန်သူမိသားစုရဲ့ ကြားဝင်နှောင့်ယှက်မှုကြောင့် အရင် မဟာမိတ်တွေကလည်း စောင့်ကြည့်တဲ့သူက စောင့်ကြည့်၊ ကျောခိုင်းသွားတဲ့သူက ကျောခိုင်းသွားခဲ့ကြတယ်။ ကျုပ်တို့မှာ ငွေကြေး လုံလုံလောက်လောက် မရှိဘူး။ အခုက အရေးကြီး အခိုက်အတန့်လို့ပဲ ပြောရမယ်။ အဲဒါကြောင့် ကျုပ်အစ်ကိုက စွန့်စားပြီးတော့ နတ်ဆိုးဘုံမှာ လုပ်ဖော်ကိုင်ဖက် လာရှာတာပါ။ ”
ခါနီတာ ခေါင်းညိတ်လိုက်သည်။ ခမ့်လော့မိသားစုက သေရေးရှင်ရေးကြားမှာ ရောက်နေတယ်။ ဒါပေမဲ့ အဖက်ဖက်က ဖိနှိပ်ပြီးတော့ ဒီအတိုင်း ကြည့်နေကြသည်။ အရင်တုန်းကဆို ဆမ်မြူရယ်က အမြဲတမ်း မာနကြီးပြီးတော့ တည်တံ့နေခဲ့တယ်။ ဘာမှ စိုးရိမ်နေတာ မရှိဘူး။ ကြည့်ရတာ သူပြောသလိုပဲ နတ်ဆိုးဘုံကို သူရောက်လာပြီးမှ မိသားစုရဲ့ အရေးယူခံရမှုတွေ ဖြစ်ခဲ့တဲ့ပုံပဲ။ မဟုတ်ရင် ဆမ်မြူရယ်က မိုလင်မြို့မှာ ဘယ်တော့မှ နေမှာမဟုတ်ဘူး။ အရှင်သခင်ကို ဆက်သွယ်ဖို့အတွက် နယ်မြေဆီကို တစ်ခါတည်း သွားလိုက်ပြီ။
“ ဆမ်မြူရယ်။ တော်လောက်ပြီ။ ”
ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။
“ မစ္စတာ ခါနီတာ။ ခင်ဗျားရဲ့ ဉာဏ်ပညာနဲ့ဆို ဒါက နှစ်ဖက်စလုံးအတွက် အကျိုးရှိတဲ့အရာ ဆိုတာ သိလောက်မှာပါ။ စတင်ငွေကို လုံလုံလောက်လောက် ရနိုင်မယ် ဆိုရင် ခမ့်လော့မိသားစုက တစ်ခါတည်းနဲ့ တစ်ကျော့ပြန်လာလို့ရတယ်။ သလင်းကျောက် မြို့တော်ရဲ့ ဆောက်လုပ်ရေးကို ပြီးစီးပြီးတော့ အရင်းအနှီးစီမံကိန်းတွေကို ထိန်းသိမ်းပြီးရင် ကျုပ်တို့တွေ အရှင်မင်းကြီး မဟာလက်စ် အရှေ့မှာ စကားပြောခွင့် ပြန်ရလိမ့်မယ်။ အဲဒီအချိန် အကျိုးအမြတ်တွေ အများကြီးရမှာပဲ။ ဒါကြောင့်ပဲ ကျုပ် ခုနက ကမ်းလှမ်းခဲ့တာ။ အမြတ်အစွန်းနှုန်းက ကနဦးအဆင့်မှာ ဆတိုးရလိမ့်မယ်။ ဒါပေမဲ့ အာလုံးတည်ငြိမ်သွားရင်တော့ အမြတ်အစွန်းနှုန်းက သေချာပေါက် လျော့ကျသွားမယ်။ ”
ခါနီတာ သေသေချာချာ တွက်ချက်နေလိုက်သည်။ ဆမ်မြူရယ်၏ လုပ်ဆောင်ချက်များကို ကြုံတွေ့ခဲ့ရပြီးနောက် ဤကိစ္စသည် အမှန်ဖြစ်နိုင်လောက်မည်ဟု သူခံစားမိသည်။ သို့သော် သူသည် အနည်းငယ် စွန့်စားရမည် ဖြစ်သည်။ ပထမဦးစွာ ခမ့်လော့မိသားစု အခြေအနေသည် အရေးတကြီး ဖြစ်နေသည်။ ထို့ကြောင့် သူတို့ ဘက်ပြောင်းနိုင်မနိုင် မသိနိုင်သေးပေ။ ဒုတိယမှာ ခမ့်လော့မိသားစုသည် လူသားလောကမှ ဖြစ်သည်။ အမှန်တကယ် အကျိုးအမြတ် ရရှိသည့်တိုင် သက်ဆိုင်ရာ အာမခံချက် မရှိသည့်အတွက် နတ်ဆိုးဘုံနှင့် အတော်လေး ဝေးကွာသော အကျိုးအမြတ်များကို ရရှိနိုင်မည် မဟုတ်ပေ။
ချန်လွေ့သည် ခါနီတာ စိုးရိမ်နေသည်များကို မြင်သွားဟန်တူပြီး အချိန်ကိုက် ပြောလိုက်သည်။
“ ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေချောမွေ့စေဖို့အတွက်နဲ့ စိတ်ရင်းကို ပြသဖို့အတွက် ငွေပထမအသုတ်အတွက် အပေါင်ပစ္စည်းအနေနဲ့ တန်ဖိုးတူညီတဲ့ အဖိုးတန် ရတနာတွေကို ထောက်ပံ့ပေးမှာပါ။ ”
အဖိုးတန် ရတနာတွေကို အပေါင်းပစ္စည်းအနေနဲ့ ထားမှာလား။ ခါနီတာ၏မျက်လုံးများ အရောင်တောက်သွား၏။ ထိုသို့ဆိုလျှင် ထိုစိုးရိမ်စရာနှစ်ခု မရှိတော့ပေ။ သူ့အတွက် ၎င်းသည် ဘုရားသခင် ချီးမြှောက်လိုက်သော အခွင့်အရေးတစ်ခုပင် ဖြစ်သည်။ ၎င်းကို သူ အမိအရဆုပ်ကိုင်နိုင်လျှင် အကြီးမားဆုံး ဘဏ္ဍာရေးပြဿနာကို သေချာပေါက် ဖြေရှင်းနိုင်မည်ဖြစ်ပြီး ဂျိုးဆက်ပ်နှင့် ယှဉ်ပြိုင်ရာတွင် အသာစီး ရရှိမည် ဖြစ်သည်။
“ ကျုပ် သိချင်တာက ခင်ဗျား ငွေပမာဏ ဘယ်လောက်လိုမှာလဲ။ ”
ခါနီတာ ခဏတွေးပြီးနောက် မေးလိုက်သည်။
“ ဘယ်အချိန် ကျုပ်ပြန်ရမှာလဲ။ ”
ငါးစာ လာဟပ်ပြီနဲ့ တူတယ်။ ချန်လွေ့သည် ထိုမေးခွန်းကို ချက်ချင်းပင် ဖြေလိုက်သည်။
“ အမြန်လိုတာကတော့ အရင်းအနှီးစိုက်ထုတ်ထားတဲ့ အရေးကြီးဆုံး စီမံကိန်း ပြန်လည်ပတ်အောင် လုပ်ပြီးတော့ အဖိုးတန်ငွေအချို့ကို အမြန်ဆုံး ပြန်ပေးဖို့ပဲ။ ဒုတိယအဆင့်ကတော့ လက်ကျန်စီမံကိန်းတွေကို ဖြည်းဖြည်းချင်း အသက်သွင်းပြီးတော့ စီးပွားရေးစနစ် နလန်ပြန်ထူလာဖို့အတွက် အကျိုးအမြတ် သေချာစေဖို့အတွက်ပဲ။ လိုအပ်ချက်တွေအားလုံး ပြီးမြောက်သွားရင် နောက်ဆုံးတစ်ခုက သလင်းကျောက်မြို့ရဲ့ ဆောက်လုပ်ရေးကို ပြီးစီးအောင်လုပ်ဖို့ပဲ။ ”
“ ပြန်လည်ပတ်ဖို့ ပထမအဆင့်က အရေးကြီးဆုံးပဲ။ရင်းနှီးမြှုပ်နှံရမယ့် ငွေပထမအသုတ်က အနည်းဆုံး သလင်းကျောက်နက်ဒင်္ဂါး သန်း၄၀ ရှိတယ်။ လက်ရှိမှာတော့ ကျုပ်က ၇သန်း လိုနေတယ်။ အဲဒါကို ဆောက်လုပ်ရေးပြီးရင် ပြန်ပေးမယ်။ ပထမအဆင့်က ၃သန်း၊ ဒုတိယက ၅သန်း နဲ့ တတိယအဆင့်က ၆သန်း။ စုစုပေါင်း ၁၄ သန်း။ ပထမအဆင့်နဲ့ ဒုတိယအဆင့်က အမြန်ဆုံးပဲ။ ပြီးတော့ ပိုက်ဆံကို တစ်လအတွင်း အပြည့်အဝ ပြန်ပေးနိုင်မယ်။ တတိယအဆင့်ကတော့ အကျိုးအမြတ် သက်ဆိုင်ရာနံပါတ် ရောက်သွားတဲ့အထိ စောင့်ဆိုင်းဖို့လိုတယ်။ အဲဒါကြောင့် အချိန် ပိုပြီးစောင့်ရလိမ့်မယ်။ ကျုပ် ခန့်မှန်းရရင်တော့ အဲဒါက ၃လအတွင်းမှာပဲ။ ”
သလင်းကျေက်နက်ဒင်္ဂါး ၇သန်းလား။ ခါနီတာ ပင့်သက်ရှိုက်လိုက်က်သည်။ အဓိကနယ်မြေ လေးခုထဲမှတစ်ခု ဖြစ်သည့်အလျောက် လိပ်ပြာနီနယ်မြေသည် ကြွယ်ဝချမ်းသာနေပြီ ဖြစ်သည်။ သို့သော်လည်း နယ်မြေတစ်ခုလုံး၏ အခွန်သည် သလင်းကျောက်နက်ဒင်္ဂါး ၅သန်းသာ ရှိပြီး မည်သည့် အပိုကုန်ကျစရိတ်မှ မပါဝင်ပေ။
ဒီအရေအတွက်က တော်တော်များတာပဲ။ ဒါပေမဲ့ ဒုတိယအဆင့်မှာ အကျိုးအမြတ် ၁သန်း ရအောင် လုပ်နိုင်မယ်။ ဒီအကျိုးအမြတ်က တော်တော်လေးမြင့်ပြီးတော့ ထိုက်တန်တယ်။
“ အမှန်အတိုင်းပြောရရင် အရင်တုန်းက ၇သန်းဆိုတာ ကျုပ်အတွက် အသေးအဖွဲလေးပဲ။ မနှစ်တုန်းက လင်းလက်နဂါး အင်ပါယာကို ကျုပ်တို့ ခမ့်လော့ မိသာစုက အခွန် သလင်းကျောက်နက်ဒင်္ဂါး သန်း၄ထောင် ပေးခဲ့တယ်။ ဒါက ဒုတိယမင်းသားရဲ့ ဖိနှိပ်မှုကြောင့်ပဲ။ အရင်နှစ်တွေတုန်းကဆို ပမာဏက ဒီလောက်မနည်းဘူး။ ”
ထိုအရေအတွက်သည် ထွင်လုံး မဟုတ်ပေ။ ဖွံ့ဖြိုးပြီး မြို့အတွင်းရှိ အဆောက်အအုံ တစ်ခု၏ အခွန်သည် ထိုလောကရှိ ပြည်မကြီး၏ မြို့တစ်မြို့ထဲမှ အဆောက်အအုံ၏ အခွန်နှင့် ညီမျှပေသည်။
ချန်လွေ့ သက်ပြင်းချလိုက်သည်။
“ လောကကြီးက ခန့်မှန်းရခက်တာပဲ။ သလင်းကျောက်နက် ဒင်္ဂါး ၇သန်း လောက်အတွက်နဲ့ တစ်နေ့ကျရင် နတ်ဆိုးဘုံကို စွန့်စားခန့်ထွက်ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ”
၇သန်း လောက်အတွက်နဲ့တဲ့လား......။ ခါနီတာ ခက်ခက်ခဲခဲနှင့် တံတွေးမျိုချလိုက်ရသည်။ လူသားလောကရဲ့ ကြွယ်ဝချမ်းသာမှုကို ငါကြားဖူးတယ်။ ဒါပေမဲ့ ဒီလောက်အဆင့်ထိ ရောက်နေမယ်လို့ ငါ မထင်ထားခဲ့ဘူး။ မိသားတစ်ခုက အခွန်အနေနဲ့ သလင်းကျောက်နက်ဒင်္ဂါး သန်း၄ထောင် ပေးရတယ်။
တကယ်လို့ ဒီ သန်း၄ထောင် မဟုတ်ဘူး ၇သန်းလောက်ကို မိုလင်မြို့ဆီ ပေးမယ်ဆိုရင် အခုအခြေအနေအတိုင်း ဖြစ်တော့မှာ မဟုတ်ဘူး။ အနည်းဆုံးတော့ ကြွယ်ဝမှုနဲ့ ကိုယ်ပိုင်စွမ်းအား နှစ်ဆတိုးသွားပြီးတော့ ငါ့ရဲ့ ဘဏ္ဍာရေး အခြေအနေလည်း ပြည့်ဝသွားမယ်။
အရေးကြီးဆုံးကတော့ ဒါက ပထမအဆင့်ပဲ ရှိသေးတယ်။ တကယ်လို့ ငါဝင်ပါနိုင်ရင် ဘဏ္ဍာရေး အရင်းအမြစ်တွေ တဟုန်ထိုး ဝင်ရောက်လာမှာပဲ။ ငါ့မှာ လုံလောက်တဲ့ ဘဏ္ဍာရေး အထောက်အပံ့ ရှိမယ်ဆိုရင် အဲဒီအချိန် ဂျိုးဆက်ပ်ကို အနိုင်ယူဖို့က ပြဿနာ မဟုတ်တော့ဘူး။
ဒါက မဟာအခွင့်အရေးပဲ။ ပြီးတော့ ဒါက တော်တော်လေး အချိန်ကိုက်တယ်။ ဒါက လုံးဝကို အမှောင်ထုထဲက မျှော်လင့်ချက် အလင်းရောင်ပဲ။ အားလုံးက အမှန်ပဲ ဆိုရင်ပေါ့။
ခါနီတာက များပြားလှသော အကျိုးအမြတ်များကြောင့် အမြင်မကွယ်သွားခဲ့ပေ။ မည်သို့ပင် ဆိုစေကာမူ ဆမ်မြူရယ်နှင့် ချာလီစ်တို့မှာ လူသားများ ဖြစ်ကြသည်။
“ ကျုပ်က ငွေကြေး ထောက်ပံ့နိုင်မယ်ဆိုရင် ပစ္စည်းတွေက နတ်ဆိုးဘုံကို ဘေးကင်းကင်းနဲ့ ရောက်မယ်လို့ ခင်ဗျား ဘယ်လို အာမခံနိုင်လဲ။ ”
“ ကျုပ်လည်း ဒီတစ်ခေါက် တော်တော်လေး စွန့်စားခဲ့ရတယ်။ ဒါပေမဲ့ အစီအစဉ်ကို အတည်ပြုပေးပြီးတာနဲ့ လျို့ဝှက်နေရာကိုသုံးပြီးတော့ ဒီမှာ တိကျတဲ့ လေဟာနယ် ကိုဩဒိနိတ်တစ်ခုကို တည်ဆောက်လို့ရတယ်။ ဒီလျို့ဝှက်ရတနာရဲ့ တစ်ဝက်က လူသားလောကမှာ ရှိနေတယ်။ အဖိုးတန်ကုန်ကြမ်းတွေကို အန္တရာယ်ကင်း စွမ်းအင်အဖြစ် အသုံးပြုပြီးတော့ ဟိုဘက်ဒီဘက် ကူးပြောင်းလို့ရတယ်။ တစ်ကြိမ်ကို တစ်ယောက်ပဲ သွားနိုင်တာကတော့ စိတ်မကောင်းစရာပဲ။ ပြီးတော့ နတ်ဆိုးဘုံရဲ့ မှော်သလင်းကျောက် ဒင်္ဂါးတွေမှာ အမှောင်ဒြပ်စင် အရှိန်အဝါ တစ်မျိုးမျိုး ပါတယ်။ ဒါကြောင့် အဲဒါကို ဖယ်ရှားဖို့အတွက် နည်းလမ်းတစ်ခု ခက်ခက်ခဲခဲ စဉ်းစားဖို့လိုအပ်တယ်...”
ချန်လွေ့က အသံနက်နက်ဖြင့် ပြောသည်။
“ အခုလောက်ဆိုရင် ကျုပ်ဒီကို ဘာလို့ ရောက်လာရတာလဲဆိုတာ ခင်ဗျား သဘောပါက်လောက်ပါပြီ။ ကျုပ်ရဲ့အချိန်တွေက အင်မတန် အဖိုးတန်တယ်ဆိုတာလည်း ခင်ဗျားသိမှာပါ။ ပူးပေါင်းဆောင်ရွက်မယ့်ကိစ္စတွေကို အမြန်ဆုံး ဆွေးနွေးဖို့အတွက် အရှင်သခင်နဲ့ ကျုပ်ကို ခင်ဗျား ပေးမတွေ့သင့်ဘူးလား။ ”
ခါနီတာ အမြန်တွေးပြီး ပြန်ဖြေသည်။
“ အရှင်သခင်ကို ဘာလို့တွေ့ရမှာလဲ။ ကျုပ်ထင်တာက လုပ်ဖော်ကိုင်ဖက်ရဲ့ အဆင့်အတန်းထက် ငွေကြေးကို ခင်ဗျား အလိုအပ်ဆုံးပဲ။ ”
ချန်လွေ့ မျက်မှောင်ကြုတ်သွား၏။
“ ခင်ဗျား ပြောချင်တာက...... ”
ခါနီတာ ဆုံးဖြတ်ချက် ချလိုက်သည်။ ထို့နောက် ပင့်သက်ရှိုက်ပြီး ပြန်ဖြေသည်။
“ ကျုပ် ၇သန်း ထောက်ပံ့ပေးနိုင်တယ်။ ”
နှစ်ပေါင်း၁၀၀ကျော် စုဆောင်းပြီးနောက်တွက် ထိုကဲ့သို့ ခက်ခဲသော အချိန်အတိုင်းအတာအတွင်း ပိုက်ဆံစုဆောင်းရန် အတော်လေး ခက်ခဲလှသည်။ ခါနီတာတွင် အရာအားလုံး ကုန်ခမ်းသွားမည်ဟု ပြော၍ရသည်။ သို့သော် သူသည် ထိုအခွင့်အရေးကို လက်မလွှတ်ချင်ပေ။ သို့မဟုတ်ပါက ၎င်းသည် ပြန်လာတော့မည် မဟုတ်ပေ။ အကယ်၍ ချာလီစ်သာ အခြားပူးပေါင်းဆောင်ရွက်သူ တစ်ယောက်ကို သွားရှာခဲ့လျှင် ထိုကြီးမားသော အခွင့်အရေးနှင့် လွဲချော်သွားရမည် ဖြစ်သည်။
“ ဒါက ပထမအဆင့်မှာ ရင်းနှီးမြှုပ်နှံတဲ့ မြို့တော်ရဲ့ ပထမအသုတ်ပါပဲ။ နောက်ပိုင်းအဆင့်တွေမှာ ပဏာမ ပိုပြီးတော့လိုအပ်တယ်။ ခမ့်လော့ မိသားစုရဲ့ ပန်းတိုင်က ကပ်ဘေးကို ကျော်လွှားရုံအတွက်ပဲ မဟုတ်ဘူး။ လုံးဝတွန်းလှန်နိုင်ဖို့ပဲ။ ”
ချန်လွေ့ အလွယ်တကူ သဘောမတူပေ။
“ ခင်ဗျားမှာ အဲဒီလောက်ပမာဏ ရှိတယ်ဆိုတာ သေချာလား။ ”
ချန်လွေ့၌ ထိုကဲ့သို့ အမူအရာရှိလေလေ ခါနီတာ ပို၍စိတ်ချရလေလေပင် ဖြစ်သည်။ တကယ်လို့ အဲဒီလို အကျိုးအမြတ် ရှိမယ်ဆိုရင် ငါတစ်ယောက်တည်း မစီမံနိုင်ဘူး။ ဒါပေမဲ့ အကျိုးအမြတ် အများဆုံး ပထမအသုပ် ရင်းနှီးမြှုပ်နှံမှုကို လွဲချော်သွားလို့ မဖြစ်ဘူး။
“ ဒီအစီအစဉ်ရဲ့ ဖြစ်နိုင်ချေကို ခင်ဗျား သက်သေပြနိုင်မယ်ဆိုရင် ကျုပ် ခင်ဗျားကို အဖေ့အရှေ့မှာ အာမခံပြီးတော့ မိတ်ဆက်ပေးနိုင်တယ်။ ခိုင်မာတဲ့ အမှန်တရားက ယုံကြည်စေဖို့အတွက် အကောင်းဆုံး အကြောင်းပြချက်ပဲ။ ”
ခါနီတာက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
“ ဒါပေမဲ့ ခင်ဗျားရဲ့ စိတ်ရင်းကို သက်သေပြဖို့အတွက် ခင်ဗျားရဲ့ အပေါင် ရတနာတွေကို ကျုပ် ကြည့်ချင်တယ်။ ”
ပြောစကားများကို သက်သေအဖြစ် သတ်မှတ်၍ မရနိုင်ပေ။ အရေးကြီးဆုံးမှာ အမှန်တကယ် ပစ္စည်းများသာ ဖြစ်သည်။
လူသား ထုတ်ပြသော အပေါင်ရတနာများမှာ ပစ္စည်းကိရိယာအချို့ ဖြစ်ပြီး အားလုံးသည် ဒဏ္ဍာရီလာအဆင့် ဖြစ်ကြသည်။ ထိုပစ္စည်းကိရိယာများ၏ တောက်ပမှုသည် ခါနီတာ၏ မျက်လုံးများကိုပင် ကန်းလုမတတ် ဖြစ်သွားစေသည်။ သူသည် ထိုမျှများပြားသော ဒဏ္ဍာရီလာအဆင့် ပစ္စည်းများကို တစ်သက်လုံး မမြင်ခဲ့ဖူးသည်မှာ သေချာသည်။ ထို့ပြင် ၎င်းတို့သည် တစ်စိတ်တစ်ပိုင်းသာ ဖြစ်၏။
ခါနီတာသည် ပစ္စည်းများကို ကောင်းစွာသိမြင်သော မျက်လုံးရှိသည်။ ထိုပစ္စည်း ကိရိယာများ၏ အဖိုးထိုက်သော တန်ဖိုးအချို့ကို ပိုက်ဆံဖြင့် တိုင်းတာ၍ လုံးဝမရပေ။ သူက ထိုနေရာတွင်ပင် လုံးဝစိတ်ပိုင်းဖြတ်ပြီးနောက် မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်ထွက်လာတော့သည်။
ထိုနည်းတူစွာပင် ခါနီတာ၏ ပူးပေါင်းဆောင်ရွက်သူ အသစ်ဖြစ်သော “ ချာလီစ် ” လည်း ပြုံးနေ၏။