← Chapters

ငါးကြီး

Vol. 22 Ch. 323

ငါးကြီး

Vol. 22 Ch. 323

ကြောက်မက်ဖွယ်ရာ အေးစက်မှုများ ပြည့်နှက်နေသည့် မြောက်မြားလှစွာသော အလင်းကျောက် အလင်းများနှင့် ရင်ဆိုင်ရသည့်အခါ ချန်လွေ့၏ လက်ထဲရှိ ပစ္စည်းတစ်ခု တောက်ပလာခဲ့သည်။ ထို့နောက် လေထဲတွင် ထူးဆန်းသည့် အပြာရောင် လင်းလက်နေသော တံခါးတစ်ခု ပေါ်ထွက်လာသည်။ ထိုအလင်းတံခါးသည် နတ်‌ဆိုးဘုံနှင့် လူသားလောကအကြား “ချာလီစ်” ခရီးသွားသော လေဟာနယ် တံခါးဖြစ်ကြောင်း ခါနီတာ မှတ်မိသည်။ သူ ချက်ချင်းပင် အလန့်တကြား ပြောလိုက်သည်။

“ သူ လူသားလောကဆီ ပြန်တော့မယ်။ ”

ဂျို့ရှ်၏မျက်လုံးထဲ၌ ရက်စက်မှု ရှိနေသည်။သူ၏ လက်ချောင်းပေါ်ရှိ အပြာရောင်မီးတောက် ရစ်ပတ်ထားသော မှော်စာ ပေါက်ကွဲထွက် သွားသည့်အခါ အခန်းတစ်ခုလုံး ချက်ချင်းပင် ရေခဲလောက ဖြစ်သွားသည်။ အလယ်တွင်ရှိသော ချန်လွေ့သည်လည်း အသေးစား နှင်းမုန်တိုင်းတစ်ခု၏ ဝိုင်းရံခြင်းကို ခံခဲ့ရသည်။ အံ့အားသင့်စွာပင် ထိုနှင်းမုန်တိုင်းတွင် ထူးဆန်းသော လျှပ်စီးရောင်ခြည် များလည်း ပါဝင်နေ၏။

လေနှင့်ရေ ဒြပ်စင်များ လုံးဝကွက်တိ ပေါင်းစပ်နေကြောင်း ချန်လွေ့ ရေးရေးလေး ခံစားမိလိုက်သည်။

၎င်းသည် ရောစပ်ဒြပ်စင်များ၏ စွမ်းအား ဖြစ်သည်။ ပုံမှန်အားဖြင့် မှော်ပညာရှင် တစ်ယောက်သည် တစ်ကြိမ်လျှင် ဒြပ်စင်စွမ်းအား တစ်ခုကိုသာ အသုံးပြုနိုင်သည်။ သို့သော်လည်း ပါရမီ ထူးချွန်သော လူနည်းစုက နှစ်မျိုး သို့မဟုတ် နှစ်မျိုးထက်ပိုသော ဒြပ်စင်များကို တစ်ကြိမ်တည်း အသုံးပြုနိုင်ကြသည်။ မူလက ပေါင်းစပ်ရန် ခက်ခဲသော ဒြပ်စင်များသည် အထူး ပညာရပ်များဖြင့် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားကာ ထူးခြားလှသော စွမ်းအားများကို ထုတ်ပေးလေသည်။

၎င်းသည် ရောစပ်ဒြပ်စင် စွမ်းအား ဖြစ်သည်။ ရောစပ်မှော်စွမ်းအားသည် တစ်နှင့်တစ် ပေါင်းလျှင် နှစ်ရသကဲ့သို့ မရိုးရှင်းပေ။ ၎င်းသည် ဆပွား သက်ရောက်မှုများကိုပင် ဖြစ်‌စေနိုင်သည်။ သို့သော်လည်း ထိုရောစပ်ခြင်း လုပ်ငန်းစဉ်သည် အန္တရာယ်အပြည့် ဖြစ်သည်။ လေ့ကျင့်စဉ်အတွင် သတိမထားမိခဲ့လျှင် ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာ ရစေနိုင်ပေသည်။ မှော်ဒြပ်စင်များကို လေးလေးနက်နက် နားလည်ပြီး ထိန်းချုပ်နိုင်သူ တစ်ယောက် မဟုတ်လျှင်လည်း အောင်မြင်မည် မဟုတ်ပေ။

သို့သော်လည်း ဒြပ်စင်များအားလုံးသည် ပေါင်းစပ်၍မရပေ။ ဥပမာ ရေနှင့်မီး၊ လေနှင့်မြေ၊ အလင်းနှင့်အမှောင် စသည်တို့သည် “ရန်ဘက်များ” ဖြစ်ကြပေသည်။ သာမန် အခြေအ‌နေ၌ ၎င်းတို့ကို ပေါင်းစည်းနိုင်မည် မဟုတ်ပေ။

ဂျို့ရှ်သည် နယ်မြေ အရှင်သခင် လေးယောက်ထဲ၌ တစ်ယောက်ဖြစ်ရခြင်းမှာ မှန်ကန်သည့်ဘက်ကို ထောက်ပံ့ပြီး လက်တွေ့ကျကျ ဆောင်ရွက်ခြင်း ကြောင့်သာမက သူ၏ကိုယ်ပိုင်စွမ်းအား သည်လည်း အရေးပါသော အချက်တစ်ခုပင် ဖြစ်သည်။

ချန်လွေ့ စိတ်ကို စေစားလိုက်သည့်အခါ ခန္ဓာကိုယ် တစ်ဝိုက်တွင် ဖောက်ထွင်းမြင်ရသော အပြာရောင် ဒိုင်းကာတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူသည် နှင်းမုန်တိုင်း၏ သက်ရောက်မှုကို အမှန်တကယ် မခံစားရဘဲ အလင်းတံခါးဆီသို့ တစ်လှမ်းချင်း လမ်းလျှောက်သွားသည်။ အပြာရောင်ဒိုင်းကာသည် နှင်းမုန်တိုင်း၏စွမ်းအားကြောင့် စတင်ကွဲအက်လာသော်လည်း သူ၏ခြေလှမ်းသွားနှုန်းအရ ဒိုင်းကာ မကွဲကြေခင် အလင်းတံခါးသို့ ရောက်သွားတော့မည် ဖြစ်သည်။

ဂျို့ရှ်သည် ချက်ချင်းပင် ဗျူဟာပြောင်းပြီး အလင်းတံခါးဆီသို့ လက်ဝှေ့ရမ်းလိုက်သည်။ မြောက်မြားလှစွာသော ရေခဲသလင်းကျောက်များက တရွှီးရွှီး အသံမြည်လျက် အလင်းတံခါးဆီသို့ ရောက်ရှိသွားသည်။ သို့သော်လည်း တံခါးသည် တည်ရှိမနေသော ပုံရိပ်ယောင် တစ်ခုကဲ့သို့ပင်ဖြစ်နေပြီး ၎င်းတို့ ဖြတ်သန်းသွားကြ၏။ ချန်လွေ့သည် အလင်းတံခါးအရှေ့သို့ လမ်းလျှောက်သွားပြီး ခြေလှမ်း လှမ်းလိုက်သည်။ ဂျို့ရှ်ကို အံ့အားသင့်သွားစေသည်မှာ လူသား ခြေထောက်တစ်ဝက်သည် တံခါးထဲသို့ ရောက်သွားခြင်းပင် ဖြစ်သည်။ ၎င်းသည် ရေခဲသလင်းကျောက်ကဲ့သို့ မဖြတ်သန်းသွားခဲ့ပေ။ ထို“တံခါး” သည် ပုံရိပ်ယောင် လုံးဝ မဟုတ်နေပေ။

ဂျို့ရှ် မျက်မှောင်ကြုတ်လိုက်သည်။ ဒါက ရေဒြပ်စင် “လေဟာနယ်တံခါး” ဆိုရင် ပိုင်နက်စွမ်းအားနဲ့ ပေါင်းစပ်ထားတဲ့ ငါ့ရဲ့ ရေခဲသလင်းကျောက်တွေက ဒီတံခါးကို ဖျက်ဆီးနိုင်သင့်တယ်။ ဒါပေမဲ့ ဒါက ဘာမှမဖြစ်သွားဘူး။ ရေဒြပ်စင်မှာ ဘာမှမတည်မငြိမ် ဖြစ်သွားတာကိုလည်း ငါမခံစားမိဘူး။ ဒါက တကယ်ပဲ ပျောက်ဆုံးသွားခဲ့တဲ့ လေဟာနယ်စွမ်းအားများလား။

ချန်လွေ့ အလျင်အမြန်ပင် စိတ်ပြောင်းသွားသည်။ သူက တံခါးထဲမှ ခြေထောက်တစ်ဖက်ကိုထုတ်ပြီး လေဟာနယ်တံခါးကို လက်ညှိုးထိုးလိုက်သည်။ ထို့နောက် ၎င်းသည် အမှန်တကယ် ပျောက်ကွယ်သွားခဲ့သည်။

ထိုလုပ်ရပ်မျိုးကို ဂျို့ရှ်နှင့် ခါနီတာတို့ လုံးဝ မထင်မှတ်ထားခဲ့ပေ။ ချန်လွေ့သည် လက်ချောင်းများ ဆန့်ထုတ်လိုက်ရာ ကာကွယ်ထားသော ဒိုင်းကာလည်း ပျောက်ကွယ်သွား၏။

ထွက်ပြေးဖို့ အခွင့်အရေးကို လက်လျှော့လိုက်တာလား။ ဒီလူသား ရူးသွားပြီလား။ သူ ဘာတွေ ကြံစည်နေတာလဲ။

အကာအကွယ် ဒိုင်းကာကို ဖယ်ရှားပြီးနောက် ချန်လွေ့၏ခြေထောက်တွင် ပါးလွှာသော ရေခဲအလွှာတစ်ခု ဖြစ်ပေါ်လာသည်။ သို့ရာတွင် ချန်လွေ့၏ နီရဲရဲ မျက်လုံးများက ဂျို့ရှ်မျက်နှာပေါ်၌သာ ရှိနေသည်။

“ အလကားစားရတဲ့ နေ့လယ်စာဆိုတာ မရှိဘူး ‌ဆိုတဲ့စကားတစ်ခွန်း ကျုပ်တို့ လူသားတွေမှာ ရှိတယ်။ ဒီလိုမျိုး သေခြင်းတရားနဲ့နီးကပ်တဲ့ သရုပ်ပြမှုကို သုံးပြီးတော့ ကျုပ်ရဲ့ စိတ်ရင်းကို သက်သေပြနိုင်ဖို့ မျှော်လင့်ပါတယ်။ ”

ဂျို့ရှ်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ နှင်းမုန်တိုင်း ချက်ချင်း မရစ်ပတ်လိုက်သလို ဂျို့ရှ်လည်း ဘာမှမပြောခဲ့ပေ။

“ မိသားစု ဆက်ခံသူ တစ်ယောက်အနေနဲ့ ကျုပ်က တာဝန်ယူရတယ်။ အဲဒါကြောင့် ဒီကိုရောက်နေပြီးတော့ ခင်ဗျားရဲ့မှော်စွမ်းအားကို ခံစားနေရတာ။ ”

ချန်လွေ့၏အသံသည် ခိုင်မာပြီး တည်ကြည်နေ၏။

“ ဘယ်လူလိမ်ကမှ ဒီလိုမျိုး အသက်ကို အရဲစွန့်လိမ့်မှာ မဟုတ်ဘူးလို့ ကျုပ်ယုံကြည်တယ်။ ”

ဂျို့ရှ် နှာမှုတ်လိုက်ရာ နှင်းမုန်တိုင်း ချက်ချင်းပင် ရစ်ပတ်သွားခဲ့သည်။ လျှပ်စီးရောင်ခြည်များ ရောယှက်နေပြီး ၎င်းသည် အလယ်ရှိ လူသားကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။ ဘေးဖက်မှ ကြည့်နေသော ခါနီတာသည်ပင် ကြောက်လန့်သွားခဲ့သည်။

နှင်းမုန်တိုင်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီးနောက် အခန်းထဲရှိ သလင်းကျောက် အလင်းများ တစ်ခုပြီးတစ်ခု ငြိမ်းသွားခဲ့သည်။ အလယ်ရှိ လူသားသည် အေးခဲကာ ရေခဲရုပ်ထု ဖြစ်နေပြီ ဖြစ်သည်။ သူ၏ခေါင်းမှလွဲ၍ ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံး အေးခဲသွားခဲ့သည်။

ဂျို့ရှ်၏ လက်ထဲ၌ တဝီဝီ အသံမြည်နေသော [ မိုးကြိုးလုံး ] တစ်လုံး ထွက်ပေါ်လာသည်။

“ ဒီ [ မိုးကြိုးလုံး ] မင်းကို ထိသွားရင် မင်းရဲ့ ခန္ဓာကိုယ်က အမှုန့်ဖြစ်သွားမယ်။ ဒါပေမဲ့ မင်း နောက်‌ဆုံးစကား ပြောနိုင်အောင်လို့ ငါ မင်းရဲ့ခေါင်းကို တမင် ချန်ထားပေးခဲ့တာ။ ”

နတ်ဆိုးဧကရာဇ်အဆင့် စွမ်းအားသည် ပေါ့သေးသေး မဟုတ်ပေ။ အထူးသဖြင့် ရောစပ်ဒြပ်စင်များ၏ စွမ်းအားသည် အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

အေးခဲမှုကြောင့် ချန်လွေ့၏ နှုတ်ခမ်းများ ခရမ်းရောင်ပြောင်းသွားကာ အရေပြားသည်လည်း အပြာရောင်သမ်းသွားသည်။ ၎င်းတို့သည် ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများသာ ဖြစ်၏။ ခန္ဓာကိုယ် အပေါ်ယံ ခုခံမှုကို ဖောက်ထွင်းသွားသော ဒြပ်စင် စွမ်းအားများသည် သူ၏ကိုယ်ထဲ၌ သောင်းကြမ်း နေတော့သည်။ ဒဏ်ရာများနှင့် နာကျင်မှုများသည် သူခံနိုင်သည့် အတိုင်းအတာထက် ကျော်လွန်လုနီးပါး ဖြစ်သွားခဲ့သည်။

ဂျို့ရှ် နှင့် ခါနီတာတို့၏ မျက်လုံးထဲ၌ လူသား မျက်နှာမှ ကြွက်သားများသည် နာကျင်မှုကြောင့် တွန့်လိမ်နေခဲ့ပြီး သူ၏အသံပင် အနည်းငယ် တုန်ခါနေသည်။ သို့သော် သူ၏မျက်လုံးများမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။

“ ကျုပ် ပြောစရာ စကားတစ်လုံးပဲရှိတယ်။ အဲဒါက စိတ်ရင်း ပဲ။ ”

ဂျို့ရှ်၏ မျက်နှာပေါ်တွင် သတ်ဖြတ်ချင်စိတ်များ လှိမ့်တက်လာပြီး [ မိုးကြိုးလုံး ] သည် ချန်လွေ့ဆီသို့ ပျံသန်းသွား၏။ တည့်တည့် ထိသွားသကဲ့သို့ပင် အက်ကွဲသောအသံများ ရုတ်တရက် ထွက်ပေါ်လာသည်။

သို့သော်လည်း ၎င်းမှာ ချန်လွေ့၏ခန္ဓာကိုယ် ‌ကွဲကြေသွားခြင်း မဟုတ်ဘဲ သူ၏ရစ်ပတ်သွားသော ရေခဲများ ကွဲကြေသွားခြင်း ဖြစ်သည်။ ထိုပစ်ချက်သည် အလွန်ပင် တိကျလှပြီး ဂျို့ရှိ၏ မှော်ထိန်းချုပ်မှုသည် ထိပ်သီးအဆင့် ရောက်နေပြီ ဖြစ်ကြောင်း ပြသနေပေသည်။

“ ဘယ်မှာပဲဖြစ်ဖြစ် စွမ်းအား နဲ့ သတ္တိက လေးစားဖို့ ထိုက်တန်တဲ့ အရာတွေပဲ။ လူသား။ မင်းက မင်းရဲ့စိတ်ရင်းကို အောင်အောင်မြင်မြင် ပြသပြီးပြီလို့ ငါပြောရမယ်။ ”

ဂျို့ရှ်၏ သတ်ဖြတ်ချင်စိတ်များ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။ သူက ပလ္လင်ဆီ ပြန်ပြီး ထိုင်ချလိုက်သည်။ သူ၏စကားအဆုံးတွင် ဘာမှ မဖြစ်ခဲ့သလိုမျိုးပင် အခန်းထဲရှိ နှင်းလောက ပျောက်ကွယ်သွားတော့သည်။

ချန်လွေ့လည်း တိတ်တိတ်လေး စိတ်သက်သာရာ ရသွားခဲ့သည်။ ခုနက ငါ လောင်းကြေးထပ်ခဲ့တာ မှန်သွားတဲ့ပုံပဲ။ ဂျို့ရှ်က တကယ် မသတ်ချင်ခဲ့ဘူး။ အဲဒါက စမ်းသပ်ချက်တစ်ခုပဲ။

ထို့အပြင် ချန်လွေ့က ပြိုင်ဘက်တွင် လေနှင့်ရေ ဒြပ်စင်အနှော ‌ရှိနေကြောင်း သိသွားခဲ့ပြီး သူ၏ ချပ်ကာတွင်လည်း ထိုဒြပ်စင်များကို ခုခံနိုင်ပြီး မှော်စွမ်းအားကို လျှော့ချနိုင်သော ပစ္စည်းများ ရှိနှင့်နေပြီး ဖြစ်သည်။ ထို့ပြင် သူ့တွင် ထိခိုက်မှုကို ၃၀% လျော့ကျစေသော [ ထိခိုက်မှုစုပ်ယူခြင်း ] နှင့် မှော်ထိခိုက်မှုကို တစ်ဝက်လျော့ကျစေသာ [ မှော်-ဆန့်ကျင် ] ဖြစ်သည့် အလိုအလျောက် အစွမ်းနှစ်ခု ရှိနေသည့်အတွက် ခုနက မှော်ထိခိုက်မှုမှာ အနိမ့်ဆုံးအထိ ရောက်ရှိသွားခဲ့သည်။ [ မိုးကြိုးလုံး ] ၌သာ အမှန်တကယ် သတ်ဖြတ်ချင်စိတ် ရှိလျှင်ပင် ၎င်းသည် ချန်လွေ့၏ ခန္ဓာကိုယ်ကို အမှုန့်ဖြစ်စေနိုင်မည် မဟုတ်ပေ။ အကြောင်းမှာ သူသည် [ ကြယ်တာရာဂိတ် ] ကို ဆင့်ခေါ်ပြီး ထွက်ပြေးနိုင်သေးသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။

သို့သော်လည်း ထိုသို့လုပ်လိုက်လျှင် ယခင်က ကြိုးစားအားထုတ်ခဲ့သည်မှာ အလကား ဖြစ်သွားလိမ့်ပေမည်။

ဂျို့ရ်ှသည် အမှန်တကယ်ပင် ကိုင်တွယ်ရ မလွယ်ကူပေ။ သို့သော်လည်း ကံကောင်းစွာပင် ကိုယ့်ကိုယ်ကိုယ် ထိခိုက်စေသော နည်းဗျူဟာ အောင်မြင်သွားခဲ့သည်။ အခက်ခဲဆုံး အစိတ်အပိုင်းတစ်ခု ပြီးစီးသွားလေပြီ။

“ အရှင်သခင်ဂျို့ရှ်၏ ရောစပ်မှော်ပညာ အထူးသဖြင့် ဒြပ်စင် ထိန်းချုပ်မှုတွေက လုံးဝကို မယုံနိုင်စရာပါပဲ။ ”

ချန်လွေ့ အတော်လေး ထိခိုက်သွားခဲ့သော်လည်း မချီးမွမ်းခင်တွင် အအေးခုခံသည့်ဆေးရည်နှင့် ဖြည့်တင်းဆေးရည်တို့ကို ချက်ချင်း သောက်ခဲ့သည်။

“ သိဒ္ဓိအင်ပါယာ မှော်ဆရာမျှော်စင်က သူတော်စင် မှော်ဆရာတွေတောင် ဒီထက် နည်းနည်းလေး နိမ့်ကျတယ်။ ”

ဂျို့ရှ်က ထိုချီးမွမ်းမှုကို လက်ခံခဲ့သည်။

“ မင်းရဲ့စွမ်းအားက နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်း ဖြစ်မယ်။အိုး။ မင်းတို့ လူသားတွေ ပြောတဲ့အတိုင်းဆိုရင် မင်းက သူတော်စင်အဆင့် အစွန်းနားလေးကို ရောက်နေပြီ။ ”

ခါနီတာက တိတ်တိတ်လေး ခေါင်းညိတ်လိုက်သည်။ ဒီအစွမ်းထက်တဲ့ လူသားက တကယ်ကြီး နတ်ဆိုးဧကရာဇ်အဆင့် ရောက်နေတာပဲ။

ဂျို့ရှ်၏ အကဲဖြတ်မှုမှာ လူသားထုတ်လွှတ်လိုက်သော သန့်စင်သည့် ဖျက်ဆီးခြင်း အငွေ့အသက်နှင့် ပိုက်နက်နှင့်အညီ လိုက်လျောညီထွေခြင်းအပြင် မှော်စွမ်းအားကို ထိပ်တိုက်ခုခံနိုင်ခြင်းတို့ အပေါ်၌ အခြေခံထားခြင်း ဖြစ်သည်။ သို့သော်လည်း ထိုကဲ့သို့ သေသေချာချာ စဉ်းစားတွေးခေါ်ခြင်းသည် ပြိုင်ဘက်အပေါ် အထင်ကြီးနေခြင်းသာ ဖြစ်သည်။

ယခင် ဖျက်ဆီးခြင်း အငွေ့အသက်မှာ စိတ်ဝိညာဉ် အမှန်အသားထဲ၌ ချန်လွေ့ သဘောပေါက်ခဲ့သည့် အရာ ဖြစ်သည်။ လက်ရှိ၌ ချန်လွေ့သည် ထိုအငွေ့အသက် စီးဆင်အောင်သာ ပြုလုပ်နိုင်သေးသည်။ ၎င်းသည် အမှန်တကယ် သက်သက် ကြွားလုံးထုတ်ခြင်းသာ ဖြစ်သည်။ ပိုင်နက်ကို လိုက်လျောညီထွေပြုပြီး မှော်စွမ်းအား ထိပ်တိုက် ခုခံခြင်းမှာ စူပါစနစ်၏ ဂုဏ်သတ္တိများနှင့် ချပ်ဝတ်တန်ဆာများကြောင့်ဟု ပြော၍ရပေသည်။

“ ခင်ဗျားရဲ့ အကဲဖြတ်မှုက ကောင်းသားပဲ။ ”

ချန်လွေ့ မရှင်းပြဘဲ အသာလေး ခေါင်းညိတ်လိုက်သည်။

“ ဒါပေမဲ့ ခင်ဗျားက စွမ်းအား နည်းနည်းပဲ သုံးလိုက်တယ်‌ဆိုတာ ကျုပ် ခံစားမိတယ်။ ခင်ဗျား တကယ့်စွမ်းအားကို သုံးမယ်ဆိုရင် ကျုပ် အခုဆို သေသွားလောက်ပြီ။ ”

ဂျို့ရှ် ဘာမှမပြောဘဲ ပြုံးနေလိုက်သည်။

“ ထိုင်ပါဦး။ ”

ဒီလူသားက “ နတ်ဆိုးဧကရာဇ်အဆင့် ” ဆိုတော့ အနည်းဆုံး သူက ငါနဲ့တန်းတူ စကားပြောဖို့ စွမ်းအားရှိတယ်။

ချန်လွေ့ ထိုင်ချလိုက်သည်။

“ ခင်ဗျားရဲ့ ခံစားချက်ကို ကျုပ် သဘောပေါက်ပါတယ်။ ကျုပ်က လူသားတစ်ယောက်။ ပြီးတော့ ကျုပ်က ခင်ဗျားကို ပိုက်ဆံအများကြီး ထောက်ပံ့ ပေးစေချင်တယ်။ ဒါပေမဲ့ ခုနက ခင်ဗျားပြောတဲ့အတိုင်းပဲ၊ မစိုက်ပျိုးဘဲနဲ့ ရိတ်သိမ်းလို့မရဘူး။ ဘာမှမပေးဘဲနဲ့ ဘယ်လိုလုပ်ပြီး တစ်ခုခုရနိုင်မှာလဲ။ အမှန်အတိုင်းပြောရရင် ကျုပ်မိသားစုရဲ့ ဘဏ္ဍာရေး အရင်းအမြစ် အရဆိုရင် သလင်းကျောက်နက်ဒင်္ဂါး ၁၀သန်း ဖြစ်ဖြစ် သန်း၁၀၀ ဖြစ်ဖြစ်က ဘာမှမဟုတ်ဘူး။ အခုက တော်တော်လေး ခက်ခဲတဲ့ အခြေအနေ ဖြစ်နေလို့ပဲ။ ကျုပ်က ကန့်သတ်ထားတဲ့ အရင်းအနှီး စီမံကိန်းတွေကို ပြန်လည်ပတ်စေဖို့အတွက် ငွေလိုနေတာ.... ”

ဂျို့ရှ်က ချန်လွေ့ကို စကားဆုံးအောင် ပြောခွင့်မပေးဘဲ ကြားဖြတ်ပြောလိုက်သည်။

“ မစ္စတာ ချာလီစ်။ မင်းရဲ့စကားတွေက မရေမရာ ဖြစ်လွန်းတယ်။ မင်းပြောတာ အသေးစိတ်ကို ကြားချင်တယ်။ ဒါက ငါတို့ပူးပေါင်းဖို့အတွက် အခြေခံအကျဆုံး လိုအပ်ချက်ပဲ။ ”

ချန်လွေ့ ခဏစဉ်းစားပြီးနောက် ခမ့်လော့မိသားစု၏ အခြေအနေ အကြမ်းဖျဉ်းကို ပြောပြ လိုက်သည်။ သူက ဦးစွာ မိသားစု ဘဏ္ဍာရေး အရင်းမြစ်များ၊ လုပ်ငန်းနှင့် ဩဇာ ကြီးမားကြောင်းတို့ကို မိတ်ဆက်ပေးခဲ့သည်။ ထို့နောက်တွင် သူသည် ဒုတိယမင်းသား ဂါဖီးနှင့် ရှိသော ရန်ညှိုးများကို အသားပေး ပြောခဲ့သည်။

ဂါဖီး၏ နည်းလမ်းများကြောင့် ခမ့်လော့ မိသားစုသည် ရုတ်တရက်ပင် လုံးဝတင်းကြပ်သွားခဲ့သည်။ မိသားစု၏ အမျိုးမျိုးသော ဝင်ငွေအရင်းအမြစ်များ ပိတ်ပင်ခံလိုက်ရပြီး ရင်းနှီးထားသော စီမံကိန်းများကို လည်ပတ်မှုရပ်တန့်ခိုင်းခဲ့သည်။ အရေးကြီးဆုံးမှာ ခမ့်လော့မိသားစုအား ပြီးမြောက်အောင် ဆောင်ရွက်ရန် မဟာလက်စ် အမိန့်ပေးခဲ့သော သလင်းကျောက်မြို့ပင် ဖြစ်ပြီး ၎င်းလည်း ရပ်တန့်သွားခဲ့ရသည်။ သတ်မှတ်ထားသော အချိန်အတွင်း ၎င်းကိုပြီးစီးအောင် မဆောင်ရွက်နိုင်လျှင် ဒုတိယ မင်းသသည် ထိုအခြေအနေကို အခွင့်ကောင်းယူပြီး ခမ့်လော့မိသားစုကို လုံးဝပြဿနာတက်အောင် ပြုလုပ်မည် ဖြစ်သည်။

ထိုကဲ့သို့ အခက်အခဲအောက်တွင် မူလက ရှိခဲ့သော “မိတ်ဆွေများ”သည် စောင့်ကြည့်သည့်အသွင်သို့ ပြောင်းသွားကြပြီး အချို့မှာ သူတို့ကို ကျောခိုင်းခဲ့ကြသည်။ အလွန်ကြီးမားသော စီးပွားရေးစနစ်ကို ဖြည့်တင်းစေသည့် ငွေပေါ်လွယ်မှုလည်း ကျပ်တည်းလာခဲ့သည်။ သူတို့သည် ပိုက်ဆံရရှိရန်အတွက် အိမ်ခြံမြေများ ရောင်းချခဲ့သော်လည်း မည်သူမှ မဝယ်ချင်ကြပေ။ သူတို့သည် ကနဦးငွေအတွက် သုံးလေးသန်းကိုပင် မစုဆောင်းနိုင်ခဲ့ကြပေ။ ထိုအတိုင်းသာ ဆက်သွားမည်ဆိုလျှင် ခမ့်လော့မိသားစုသည် သလင်းကျောက်မြို့ ပြီးစီးရန် နေ့ရက်မတိုင်ခင် ပြိုလဲသွားပေမည်။

ထိုကဲ့သို့ အခက်ခဲ‌ဆုံးအခြေအ‌နေတွင် ခေါင်းဆောင်ကာလိုသည် နတ်ဆိုးဘုံသို့ သွားရောက်လေ့ကျင့်သော သူ၏သား နောက်တစ်ယောက်ဖြစ်သော ဆမ်မြူရယ်ကို တွေးလိုက်မိသည်။ နတ်‌‌ဆိုးဘုံသည် မိသားစု အခက်အခဲများကို ကျော်လွှားရန် ကူညီပေးနိုင်သော တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်ပုံရသည်။ မိသားစု ဆက်ခံသူ ဖြစ်သည့်အလျောက် ချာလီစ်သည် နတ်‌‌ဆိုးဘုံသို့ ရောက်လာခဲ့ပြီး ခါနီတာနှင့်အတူ အချိတ်အဆက် အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခဲ့သည်။

ခါနီတာ၏ ပထမဆုံး ရင်းနှီးမြှုပ်နှံသည့် ၇သန်း ရပြီးနောက်တွင် မတိုးသာမဆုတ်သာ အခြေအနေ လုံးဝပွင့်သွားခဲ့သည်။ ထို့နောက် ငွေအမြတ်အစွန်း ကဲ့သို့သော နည်းလမ်းများမှတစ်ဆင့် အခြေအနေ ပိုကောင်းလာပြီးနောက် ရရှိထားသော အကျိုးအမြတ်များကို ခါနီတာထံ လွှဲပေးခဲ့သည်။ လက်ရှိတွင် ငွေအများအပြားလိုအပ်နေသော အရင်းအနှီး စီမံကိန်းများစွာ ရှိနေသေးသည်။ ခမ့်လော့မိသားစုသည် ငွေ သန်း၂၀၀ နီးပါး စုဆောင်းပြီးပြီ ဖြစ်သည်။ ထို့ပြင် သူတို့သည် သလင်းကျောက်နက်ဒင်္ဂါး သန်း၅၀ လိုအပ်နေသေးသည်မှ မှန်းဆထားကြသည်။ ခါနီတာက ၎င်းကို မဖြေရှင်းနိုင်သည့်အတွက် အရှင် ဂျို့ရ်ှဆီ လာရောက် အကူအညီတောင်းရခြင်း ဖြစ်ပေသည်။

ချန်လွေ့၏ မှတ်ချက်များမှာ အမှန်တကယ် ကဲ့သို့ပင် ဖြစ်နေသည်။ သလင်းကျောက်မြို့သည် အမှန်တကယ်ပင် ခမ့်လော့မိသားစု၏ တာဝန်ဖြစ်ပြီး ကာလိုသည် ထိုပြဿနာကို ရင်ဆိုင်နေရသည်။ သို့သော်လည်း အခြေအနေမှာ ချန်လွေ့ ပြောသလောက် မဆိုးဝါးလှပေ။ ဆက်လက်ရှင်းပြရာ၌ ချန်လွေ့သည် ထပ်တိုးကုန်ကျစရိတ်၊ လူမှုရေး စွန့်စားမှု၊ အထောက်အပံ့ ဥပဒေ စသော စီးပွားရေးစီမံမှု အသုံးအနှုန်းများကို ရံဖန်ရံခါ ထပ်ဖြည့်ပြောခဲ့သည်။ ဂျို့ရှ်သည် ဉာဏ်များပြီး အနည်းငယ် နားလည်ပုံရသော်လည်း နားထောင်ရင်း ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ လူသား စီးပွားရေး နည်းလမ်းများမှာ အမှန်တကယ် ထူးခြားလှသည် ဟူ၍သာ သူ ခံစားလိုက်ရသည်။ ဒါကြောင့် လူသားလောကဟာ နတ်ဆိုးဘုံထက်ကို ပိုပြီးတော့ ကြွယ်ဝချမ်းသားတာကိုး။

စကားပလ္လင်ခံပြီးနောက် ချန်လွေ့ ပြန်လှည့်လာခဲ့သည်။

“ သလင်းကျောက်နက်ဒင်္ဂါး သန်း၅၀ လိုနေသေးတယ်။ပြီးတော့ အမြတ်အစွန်းနှုန်း ၇၀%။ အဲဒါကြောင့် စုစုပေါင်းက ၈၃.၅ %။ ကျုပ် မစ္စတာ ခါနီတာကို အရင်က ကတိပေးထားသလိုပဲ၊ ဒါကို တတိယအဆင့်မှာ ပြန်ပေးမယ်။ ကျုပ်ရဲ့ညီ ဆမ်မြူရယ်က အာမခံ အနေနဲ့ နတ်ဆိုးဘုံမှာ နေနေခဲ့မယ်။ ”

ဂျို့ရှ် ချက်ချင်း သဘောမတူဘဲ ပုံမှန်အတိုင်း ပြောလိုက်သည်။

“ ဘယ်လိုပဲဖြစ်ဖြစ် နတ်‌ဆိုးဘုံနဲ့ လူသားတွေက ရန်သူတွေပဲ။မစ္စတာ ချာလီစ်က ဒီလိုမျိုး ရန်သူတွေနဲ့ အလုပ်လုပ်မယ်‌‌ဆိုရင် ဒီကိစ္စက အနာဂတ်မှာ ပေါက်ကြားသွားပြီးတော့ မင်းတို့ တစ်မိသားစုလုံးကို ရိုက်ခတ်သွားမှာ မစိုးရိမ်ဘူးလား။ ”

“ အဲဒီအနာဂတ်က အနည်းဆုံး နှစ်၂၀၀ လိုသေးတယ်။ ဒါက ကျုပ်ရဲ့ ကိုယ်ပိုင်လုပ်ရပ်ပါ။ ကျုပ်တစ်ယောက်တည်း တာဝန်ခံမယ်။ ခမ့်လော့ မိသားစုက အင်ပါယာအတွက် တန်ဖိုးရှိနေသေးရင် တစ်သက်လုံး တည်ရှိနေမှာပဲ။ ”

ချန်လွေ့က ခပ်တည်တည် ပုခုံးတွန့်လိုက်သည်။

“ ပြီးတော့လည်း ကျုပ်တို့ လူသားသက်တမ်းက နတ်ဆိုးတွေလိုမျိုး မရှည်ဘူး။ နောက်နှစ်၂၀၀မှာ ဘာမှမတော်တဆ မဖြစ်ရင်တောင် ကျုပ် သေသွားလောက်ပြီ။ ဒါက ပြဿနာ မဟုတ်ဘူး။ ”

“ မင်းရဲ့ ကမ်းလှမ်းချက်က ငါ့ကို စိတ်ဝင်စား စေတယ်ဆိုတာ မငြင်းပါဘူး။ဒါပေမဲ့.... ”

ဂျို့ရှ် ခေါင်းညိတ်လိုက်သည်။

“ အရင်ဆုံးအနေနဲ့ ငါမင်းကို မယုံကြည် နိုင်သေးဘူး။ မင်းရဲ့ညီကို နတ်‌‌ဆိုးဘုံမှာ ထားခဲ့ရင်တောင် ဒီပူးပေါင်းမှုအတွက် သူက စစ်မှန်တဲ့အာမခံ လုံးဝ မဖြစ်နိုင်သေးဘူး။ဒုတိယအနေနဲ့ကတော့ မင်းပြောတာမှန်တယ်‌ဆိုရင် ငါတို့ရဲ့ပူးပေါင်းမှု အကျိုးရှိတယ်။ဒါပေမဲ့ သန်း၅၀က ၈၃.၅ သန်း ရနိုင်တယ်ဆိုရင် မင်းရဲ့မိသားကို ကယ်တင်တဲ့အတွက် အမြတ်အစွန်းက မလုံလောက်သေးဘူး။ ”

“ ခင်ဗျားက ပူးပေါင်းချင်တယ်ဆိုရင်တော့ သန်း၅၀ အစပါပဲ။ နောက်ပိုင်း ခင်ဗျား ပိုပြီး အကျိုးအမြတ်တွေ ရလာလိမ့်မယ်။ ဒါပေမဲ့ လိုအပ်တာကတော့ ခင်ဗျား ရင်းနှီးမြှုပ်နှံရမယ်။ ဒါက ကျုပ်တို့ခမ့်လော့မိသားစုရဲ့ စွမ်းဆောင်ရည်နဲ့ လူသား‌လောကမှာရှိတဲ့ စီးပွားရေး စနစ်ကြီးကို ခင်ဗျားက အခွင့်ကောင်းယူပြီးတော့ အကျိုးအမြတ် ရယူနေသလိုပဲ။ ဒီအခက်အခဲ ပြီးမြောက်သွားရင် အမြတ်အစွန်းက တည်ငြိမ်သွားမယ်။ပြီးတော့ အဲဒါက ၁၀% ပတ်လည်လောက် ရှိမယ်လို့ ခန့်မှန်းထားတယ်။ကျုပ်တို့ ပူးပေါင်းဆောင်ရွယ်မယ့်အချိန်က ပိုကြာလို့ရတယ်။ ဒါပေမဲ့ သန့်စင်ခြင်း စစ်ပွဲကြောင့် နှစ်၁၀၀ ထက်တော့ ကျော်လို့မရဘူး။ ”

ဂျို့ရှ် တွေးနေဟန်တူသည်။ အမှန်တကယ်၌ သူသည် စိတ်ထဲ၌ စတင်စိတ်ဝင်စားနေပြီ ဖြစ်သည်။ လိပ်ပြာနီနယ်မြေသည် ကြယ်ကြွေတမန် အင်ပါယာ၏ အကြွယ်ဝဆုံးနယ်မြေ ဖြစ်သော်လည်း ချမ်းသာသော လူသားလောကကို မယှဉ်နိုင်ပေ။

တကယ်လို့ လူသားလောကမှာရှိတဲ့ အကြီးမားဆုံး စီးပွားရေးမိသားစုနဲ့ ငါ ပူးပေါင်းနိုင်မယ်‌‌ဆိုရင် အကျိုးအမြတ်က မမျှော်လင့်ထားနိုင်လောက်အောင် ကြီးမားမှာပဲ။ နယ်မြေက ဆိုးဝါးတဲ့ ရိတ်သိမ်းမှုတွေ ဒါမှမဟုတ် ပြောင်းလဲမှုအချို့နဲ့ ရင်ဆိုင်တွေ့ရတဲ့အခါ ဒါက ငွေအဆက်မပြတ် စီးဆင်းမှုကို သေချာစေတယ်။ ပိုက်ဆံရှိရင် ပိုပြီးအင်အားကြီးတဲ့ စစ်တပ်ရှိလာပြီးတော့ တိုက်ခိုက်ရေးစွမ်းအား တိုးတက်လာမှာပဲ။ အရင်က ငါ မစဉ်းစားရဲတဲ့ ရူးမိုက်မိုက် ရည်ရွယ်ချက်တွေကိုတောင် အကောင်အထည်ဖော်လို့ ရနိုင်တယ်....

အရေးကြီးဆုံးမှာ ထိုကဲ့သို့ အလေးသာသော အခြေအနေ၌ တစ်ဖက်လူသည် လိပ်ပြာနီ နယ်မြေအပေါ် မှီခိုရန်မလိုအပ်ခြင်းပင်။ ကြယ်ကြွေတမန် အင်ပါယာအပြင် ချော်ရည်ပြာနယ်မြေ သို့မဟုတ် ငှက်တောင်ဖြူနယ်မြေကပင် ပူးပေါင်းရန် ရွေးချယ်မည် ဖြစ်သည်။ ထိုဆမ်မြူရယ်အား ခါနီတာ လက်ခံလိုက်ခြင်းမှာ လုံးဝ ကံကောင်းခြင်းပင် ဖြစ်ပုံရသည်။

“ ယုံကြည်မှု ကိစ္စကတော့.... ”

ချန်လွေ့၏ လက်ထဲ၌ အလင်းရောင်တစ်ခု ထွက်ပေါ်လာသညါ။

“ ဒီပူးပေါင်းစာချုပ်က ညီတူမျှတူ စာချုပ်ပဲ။ ကျုပ်တို့နှစ်ယောက် ဒီမှာ လက်မှတ်ထိုးလိုက်မယ်‌ဆိုရင် ကျုပ်ရဲ့ညီ ဆမ်မြူရယ်က နတ်ဆိုးဘုံကနေ ထွက်သွားရင်တောင် ကျုပ်တို့ပူးပေါင်းတာရဲ့ ယုံကြည်မှုအပေါ်မှာ သက်ရောက်မှု မရှိတော့ဘူး မဟုတ်လား။ ဆာ-အရှင်သခင်။ ခင်ဗျား ဘယ်လိုထင်လဲ။

ညီတူမျှတူ စာချုပ်သည် အမြင့်ဆင့် စာချုပ်တစ်ခု ဖြစ်သည်။ ပုံမှန်အားဖြင့် နတ်ဆိုးဧကရာဇ်အဆင့်သာ ၎င်းကို ထုတ်လုပ်နိုင်သည်။ ဂျို့ရှ်သည် ထိုကဲ့သို့စာချုပ်၏ စွမ်းအားကို ခံစားမိသည့်အတွက် သံသယများ ဖြစ်မနေတော့ပေ။ သူက ထူးထူးဆန်းဆန်း ပြုံးပြလိုက်သည်။

“ နောက်ကျရင် ကျုပ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု အသေးစိတ်ကို ဆွေးနွေးနိုင်မယ် ထင်ပါတယ်။ ”

ချန်လွေ့လည်း ပြုံးလိုက်သည်။ အကြောင်းရင်းမှာ သူပြုလုပ်ခဲ့သော “စာချုပ်”သည် စိတ်ဝိညာဉ်ကွင်းဆက်ကို အသုံးပြုထားပြီး ဂုဏ်သတ္တိများကို ပယ်ဖျက်၍ ရသောကြောင့်ပင် ဖြစ်လေသည်။

ဂျို့ရှ်ရဲ့ ယုံကြည်မှုကို ရဖို့က တကယ်မလွယ်ဘူး။ ငါတောင် တော်တော်လေး ပေးဆပ်ခဲ့ရတာ။ ဒါပေမဲ့ ရလာဒ်ကတော့ ကျေနပ်စရာပါပဲ။ ဒီငါးကြီးက နောက်ဆုံးတော့ ငါးစာ လာဟပ်ပြီလေ။

All Chapters