← Chapters

[ ကောင်းချီးအလင်းခန္ဓာကိုယ် ] ။ ချာလီစ်၏ လျို့ဝှက်ချက်

Vol. 23 Ch. 336

[ ကောင်းချီးအလင်းခန္ဓာကိုယ် ] ။ ချာလီစ်၏ လျို့ဝှက်ချက်

Vol. 23 Ch. 336

ချန်လွေ့ အံ့အားသင့်နေသည်ကို မြင်ပြီး နီရိုက အေးစက်စက် ပြောလိုက်သည်။

“ ငါ နတ်ဆိုးဘုံ ရောက်နေတာ ၁၀နှစ်ကျော်ပြီ။ လွန်ခဲ့တဲ့ ၁၀နှစ်တုန်းကဆို ခမ့်လော့ မိသားစုက တော်တော်လေး ကြွယ်ဝချမ်းသာပြီး ဘဏ္ဍာရေး အရင်းအမြစ်တွေကလည်း လူသားလောကတစ်ဝက်လောက်ကို လှုပ်ခါစေနိုင်ခဲ့တာ မှတ်မိသေးတယ်။ ”

“ ဧကန္တ....၁၀နှစ်အတွင်းမှာပဲ လင်းလက်နဂါး အင်ပါယာရဲ့ ထိပ်တန်း စီးပွားရေးမိသားစုက ဒီလောက်ဆိုးဝါးတဲ့ အခြေအနေကို ရောက်သွားတာလား။ ဒါမှမဟုတ် မင်းက ခမ့်လော့ မိသားစုရဲ့ ဆက်ခံသူ မဟုတ်တာများလား။ ဒီကိစ္စက နဂိုကတည်းက အလိမ်အညာ ဖြစ်နေတာများလား။ ”

ထိုစကားသည် ရုတ်တရက် ထိုးနှက်ချက်တစ်ခု ဖြစ်သင့်ပေသည်။ သို့သော်လည်း ချန်လွေ့ မည်သို့မှ ထူးထူးခြားခြား မတုံ့ပြန်ပေ။ နတ်ဆိုးအရှင်သခင်အဆင့် ပုဂ္ဂိုလ်များ၏ လောကခံစားချက်အာရုံခံသည် အဆင့်တစ်ခုသို့ ရောက်နေပြီဖြစ်ကြောင်း ချန်လွေ့ သိသည်။ ထို့ကြောင့် အံ့အားသင့်သွားပြီးနောက် စိတ်အေးအေး ထားလိုက်သည်။

[ စိတ်သန့်စင်ခြင်း ] ကြောင့် ချန်လွေ့၏ စိတ်အခြေအနေကို ပြိုင်ဘက်ဖြစ်သူက နတ်ဆိုး အရှင်သခင်အဆင့် ဖြစ်သည့်အတိုင် ဖောက်ထွင်းမြင်နိုင်မည် မဟုတ်ပေ။ ထို့အပြင် ချန်လွေ့သည် နီရိုထက် စွမ်းအားပိုကြီးသော မာနူနှင့် ယာကော့ဗ်ကဲ့သို့သော ပုဂ္ဂိုလ်များကို ရင်ဆိုင်ခဲ့ဖူးသည်။ ထို့ကြောင့် နီရို၏ နိုင်ထက်စီးနင်း မေးမြန်းခြင်းကို ရင်ဆိုင်ရာ၌ ချန်လွေ့၏အမူအရာသည် ကြောက်လန့်မှု အရိပ်အယောင် လုံးဝမရှိဘဲ ပုံမှန်အတိုင်းပင် ဖြစ်နေလေသည်။

“ ချစ်ခင်ရတဲ့ တော်ဝင်မိသားစု။ ကျုပ်ရဲ့ သရုပ်ကို ရှင်းပြစရာ မလိုပါဘူး။ ”

ချန်လွေ့ အသာလေး ခေါင်းညိတ်လိုက်သည်။

“ ခမ့်လော့မိသားစုကိစ္စကတော့ လောကဖြစ်စဉ်တွေက ခန့်မှန်းလို့မရဘူး ဆိုတဲ့ ဆိုးရိုးတစ်ခု ရှိတယ်လေ။ ၁၀နှစ်အကြာကို မပြောနဲ့။ တစ်နှစ်အကြာကတောင် ဒီလို ဖြစ်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြဘူး။ ကျုပ်ရဲ့မိသားစုက ဒုတိယမင်းသား ဂါဖီးက အရေးယူခဲ့တယ်။ ပြီးတော့ မဟာလက်စ်ကလည်း လိမ်ညာခံခဲ့ရတယ်။ အဲဒါကြောင့် ..... ”

“ အဲဒါကြောင့် မင်းက နတ်ဆိုးတွေဆီကနေ အကူအညီ လာတောင်းတယ်ပေါ့။ ”

နီရိုက ချန်လွေ့၏စကားကို ထေ့ငေါ့ပြီး ဆက်ပြောလိုက်သည်။

ချန်လွေ့သည် မင်းသားအိုဆိုင်ဒန် ဆင့်ခေါ်သည့်အတွက် ရောက်လာခြင်းဖြစ်သည်။ သို့သော် ထိုနေရာ၌ ရှိနေသည်မှာ လူသား နီရို ဖြစ်နေသည်။ အိုဆိုင်ဒန်၏ တည်ရှိမှုကို [ သရုပ်ခွဲမျက်လုံး ] အဝန်းအဝိုင်း၌ မတွေ့ရ‌သော်လည်း အိုဆိုင်ဒန်သည် ခန်းမထဲမှ လှုပ်ရှားမှုတိုင်းကို တစ်နည်းနည်းဖြင့် ကြည့်နေနိုင်သည်ဟု ချန်လွေ့ ထင်မြင်ရသည့် အကြောင်းရင်းများစွာ ရှိနေသည်။ ထို့ကြောင့် ၎င်းသည် အရေးအကြီးဆုံး စမ်းသပ်ချက် ဖြစ်နိုင်ပေသည်။

“ နတ်ဆိုးတွေလား။ ”

ချန်လွေ့သည် နီရိုထံမှ ဖိအားကို ခုခံရင်း တည်ငြိမ်အောင် ကြိုးစားနေလိုက်သသည်။

“ နတ်ဆိုးဘုံကို လာတာ ကျုပ် ပထမဆုံး မဟုတ်တဲ့ပုံပဲ။ ဆာက ဒီကို ၁၀နှစ်စောပြီး ရောက်နေခဲ့တယ်။ ပြောရမယ်ဆိုရင် ကျုပ်တို့ရဲ့ အခြေအနေက မတူကြဘူး။ ခင်ဗျားက စွမ်းအားကို လာပြီးရှာဖွေတယ်။ ကျုပ်ကတော့ လိုအပ်နေတဲ့ ဘဏ္ဍာ‌ရေး အထောက်အကို လာရှာတယ်။ ”

“ ပြီးတော့လည်း နတ်ဆိုး ဆိုတဲ့ အခေါ်အဝေါ်က သိပ်ပြီး မသင့်တော်ဘူး မဟုတ်လား။ ”

ချန်လွေ့ ဆက်ပြောသည်။

“ လူသားစာပေတွေထဲမှာ နတ်ဆိုးတွေကို ကျက်တီး၊ခေါင်ပါးပြီးတော့ ထိတ်လန့်ဖွယ်ရာ ကောင်းတဲ့ လောကမှာ နေထိုင်ကြတဲ့ ကြောက်စရာ၊ ရက်စက်တဲ့ ဇာတ်တူသားစား ကောင်တွေလို့ ဖော်ပြထားကြတယ်။ တကယ်တော့ နတ်ဆိုးတွေမှာ သူတို့ကိုယ်ပိုင် အသိုက်အဝန်းနဲ့ ရိုးရာဓလေ့တွေ့ ရှိတယ်ဆိုတာ လူတိုင်းသိကြတယ်။ လူသားတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် သူတို့က အသွင်သဏ္ဍာန်ကွဲပြားရုံပဲ။ ဇာတ်တူသားစားတာကတော့ တချို့ နတ်ဆိုးတွေက သွေးသောက်တဲ့ အလေ့အကျင့် ရှိတယ်ဆိုတာ ငြင်းလို့မရဘူး။ ဒါပေမဲ့ အများစုက အဲလို မလုပ်ကြဘူး။ နှိုင်းယှဉ်မယ်ဆိုရင် လူသားတွေရဲ့ မျိုးနွယ်တူအပေါ် ရက်စက်တဲ့နည်းလမ်းတွေက ပိုကောက်ကျစ်ပြီး ရက်စက်တယ်။ အဲဒါက အရိုးတောင် မကျန်တဲ့ ဇာတ်တူသားစားမှုပဲ။ ဒီလိုဥပမာမျိုးကို ဆာ-နီရိုက ကျုပ်ထက် ပိုသိမယ်လို့ ယုံကြည်ပါတယ်။ ”

နီရို သရော်ပြုံးပြုံးပြီး ပြောသည်။

“ ငါ တစ်ခုပဲသိတယ်။ မင်းရဲ့စကားတွေကို လူတွေသိသွားတာနဲ့ ခမ့်လော့မိသားစုက လုံးဝ သုတ်သင်ခံရမှာပဲ။ ”

“ ဒါပေမဲ့ ကျုပ်ပြောတာလည်း အမှန်ပဲဆိုတာကို ငြင်းလို့မရဘူး မဟုတ်လား။ အခြေအနေ တချို့မှာ ကျုပ်က ခုနက ပြောခဲ့တာတွေကို လုံးဝကပြောင်းကပြန် ပြောလိုက်နိုင်ပေမဲ့ ဆာ-နီရိုရဲ့ စွမ်းအားနဲ့ဆိုရင် ကျုပ်လိုအားနည်းတဲ့သူတစ်ယောက်အတွက် မှတ်တမ်းတင် ကျောက်တုံးလိုမျိုး ညစ်ပတ်တဲ့နည်းလမ်းတွေက်ု သုံးစရာ မလိုလောက်ပါဘူး။ ”

“ မင်းက သတ္တိရှိသားပဲ။ မင်းက ခမ့်လော့မိသားစုရဲ့ ဆက်ခံသူဆိုတာ တကယ် ဖြစ်နိုင်‌ လောက်တယ်။ ”

နီရို၏ ရန်လိုမှုသည် သတ်ဖြတ်ချင်စိတ်အဖြစ် ပြောင်းလဲသွား၏။

“ ဒါဆိုရင် ကျက်သရေပြာ တော်ဝင်မိသားစုကဖြစ်တဲ့ ငါက လင်းလက်နဂါး အင်ပါယာရဲ့ ထိပ်တန်းစီးပွားရေး မိသားစုကို ပြန်ရှင်သန်ဖို့ အခွင့်အရေး ပေးမှာမဟုတ်ဘူး။ အဲဒါကြောင့် မင်း ဒီနေ့ ဒီကနေ အသက်ရှင်လျက် မထွက်သွားရဘူး။ ”

ထိုသတ်ဖြတ်ချင်စိတ်သည် ခြောက်လှန့်ခြင်း မဟုတ်ကြောင်း ခံစားလိုက်မိသည့်အခါ ချန်လွေ့ အော်ပြောလိုက်သည်။

“ ဆာ-နီရို။ဒါက နတ်ဆိုးဘုံ၊ ကျက်သရေပြာ အင်ပါယာ မဟုတ်ဘူး။ ကျုပ်က စိတ်ရင်းနဲ့ ကြီးမားတဲ့ အကျိုးအမြတ်တွေနဲ့အတူ ဘုရင် အိုဆိုင်ဒန်နဲ့ ပူးပေါင်းဖို့ ရောက်လာခဲ့တာ။ ခင်ဗျား ကျုပ်ကို သတ်ခွင့်မရှိဘူး။ ”

“ စွမ်းအားက လုပ်ပိုင်ခွင့်ပဲ။ ”

နီရိုထံမှ ကြောက်မက်ဖွယ်ရာဖိအားသည် ချန်လွေ့ကို ချောင်ပိတ်စေခဲ့သည်။

“ မင်းပြောတဲ့ အကျိုးအမြတ်ဆိုတာက ကြွယ်ဝမှုက လွဲပြီးတော့ ဘာမှမဟုတ်ဘူး။ ကြွယ်ဝမှုက စွမ်းအားကို မဝယ်ယူနိုင်ဘူး။ မင်းသား အိုဆိုင်ဒန် ဒါမှမဟုတ် ကြယ်ကြွေ တမန်အင်ပါယာအတွက် တကယ့်သူတော်စင်အဆင့် ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အကူအညီက မင်းပေးနိုင်တာထက် အများကြီး ပိုသာတယ်။ ”

ချန်လွေ့ စိတ်ထဲ၌ ကျိန်ဆဲလိုက်သည်။ မူလက သူသည် နီရို၏ပတ်သက်မှုကို “မွေးရပ်မြေ မိတ်ဆွေ” အနေဖြင့် အသုံးချပြီး အိုဆိုင်ဒန်၏ ယုံကြည်မှုကို အရယူနိုင်မည်ဟု ထင်မှတ်ခဲ့သည်။

“ မှားတယ်။ ကျုပ်ယူလာတဲ့ အကျိုးအမြတ်တွေက ကြွယ်ဝမှု တစ်ခုတည်း မဟုတ်ဘူး။ အဲဒါက လုပ်ဖောင်ကိုင်ဖက်တွေရဲ့ လက်ထဲမှာ ကိုင်စွဲလို့ရမယ့် စစ်မှန်တဲ့စွမ်းအားပဲ။ မမျှော်မှန်းနိုင်တဲ့ စွမ်းအား။ ”

အိုဆိုင်ဒန် အာရုံစိုက်စေရန်အတွက် ချန်လွေ့ အော်ပြောလိုက်ရာ သူ၏အသံသည် ခန်းမတစ်ခုလုံး ပဲ့တင်ထပ်သွားခဲ့သည်။

“ မင်းရဲ့စကားလုံးတွေ ဘယ်လောက်ပဲ ကောင်းမွန်နေပါစေ အသုံးမဝင်ဘူး။ ရှာဘာ့ထ် မိသားစုနဲ့ ဆုံရတဲ့အတွက် မင်းကိုယ်မင်း ကံဆိုးတယ်လို့ အပြစ်တင်လို့ပဲ ရမယ်။ ပြီးတော့ ငါမင်းကို နတ်ဆိုးဘုံမှာ သတ်ပစ်လိုက်ရင် မင်းမိသားစုက မင်းကို နတ်ဆိုးတွေ သတ်တယ်လို့ပဲ ထင်သွားကြမှာ။ ”

နီရိုသည် ချန်လွေ့၏ ရည်ရွယ်ချက်ကိုမြင်ပြီး အပိုထပ်မပြောတော့ပေ။ သူ၏လက်ထဲ၌ တလက်လက် အလင်းရောင်များ ထွက်ပေါ်လာ၏။ နီရို၏စွမ်းအားသည် ချန်လွေ့ ရင်ဆိုင်ခဲ့ဖူသော နတ်ဆိုးအရှင်သခင်များထက် နိမ့်ကျသော်လည်း နတ်ဆိုးဧကရာဇ် အဆင့်သို့ပင် မရောက်သေးသော ချန်လွေ့အဖို့ မဖြစ်နိုင်သေးပေ။

နှစ်ဦးအကြားတွင် စွမ်းအားကြီးမားလွန်းလှသည့်အတွက်ကြောင့် ချန်လွေ့သည် စက္ကန့် အနည်းငယ်ပင် တောင့်ခံနိုင်မည် မဟုတ်ပေ။ ကြောက်မက်ဖွယ်ရာ အကောင်းဆုံးမှာ အသက်ကယ်ပစ္စည်းများ ဖြစ်ကြသော နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးနှင့် နတ်ဆိုးဒိုင်းတို့ကို ထုတ်ပြ၍ မရခြင်းပင် ဖြစ်သည်။ ၎င်းတို့ကို ထုတ်ပြလိုက်မိသည်နှင့် သူ၏အကြံအစည် တစ်ခုလုံးနှင့် ယခင်က အားထုတ်ခဲ့သည်များအားလုံး သဲထဲရေသွန် ဖြစ်သွားပေမည်။ ထို့ကြောင့် ယခုတွင် ချန်လွေ့သည် ထွက်ပြေးရန်သာ တတ်နိုင်တော့သည်။ အကြံအစည် နောက်ဆုံးအဆင့်၌ လက်လျှော့လိုက်ရသည်မှာ ဝမ်းနည်းဖွယ်ကောင်းသော်လည်း သူသေသွားလျှင် အရာအားလုံး ဆုံးရှုံးရမည် ဖြစ်ပေသည်။.

နီရို၏လက်ထဲမှ အလင်းရောင် ပေါက်ကွဲထွက်သွားပြီး မိစ္ဆာမျက်လုံး၏ ရောင်ခြည်များ သဖွယ် ချန်လွေ့ကို ထိမှန်သွားခဲ့သည်။ သို့‌သော် နီရို မျက်မှာင်ကြုတ် လိုက်ပြီး အခြားတစ်ဖက်ကို ရောင်ခြည်များ ပစ်လိုက်ပြန်သည်။ ထို့နောက် နောက်တစ်ခါ ရောင်ခြည် ထပ်လွှတ်လိုက်သည်။

တတိယပစ်ချက်သည် အပြာရောင်လိပ်ခုံးတစ်ခုကို ထိသွားခဲ့သည်။ သို့သော် လိပ်ခုံးသည် နှစ်စက္ကန့်သာခံပြီး အလင်းထဲ ပါဝင်သော ကြောက်မက်ဖွယ်ရာ စွမ်းအားကြောင့် တစ်စစီဖြစ်သွားသည်မှာ စိတ်မကောင်းစရာပင် ဖြစ်လေသည်။ အလင်း၏ ဂယက်ရိုက်ခြင်းတို့သည် ပစ်မှတ်အား တန်းတန်းမတ်မတ် ထိသွားခဲ့သည်။

နီရို အလွန်လျင်မြန်စွာ တုံ့ပြန်လာမည်ဟု ချန်လွေ့ မထင်မှတ်ထားခဲ့ပေ။ ချန်လွေ့၏ တယ်လီပို့ နှစ်ခုစလုံးကို နီရိုက အချိန်အနည်းငယ် အတွင်းမှာပင် မှန်ကန်စွာ ခန့်မှန်း နိုင်ခဲ့သည်။ ချန်လွေ့သည် တတိယအကြိမ် တယ်လီပို့ခုန်၍ မရတော့ပေ။ သူသည် အကာအကွယ် အတားအဆီးဖြင့်သာ ခုခံရတော့သည်။ သို့သော်လည်း ၎င်းကို မခုခံနိုင် သေးပေ။ သူသည် [ ကြယ်တာရာဂိတ် ] ကိုပင် အသုံးပြုချိန် မရ‌‌ပေ။ ထို့နောက်တွင် ထိုကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်းအလင်းဖြင့် ထိသွားတော့သည်။

သို့ရာတွင် ထိုအလင်းသည် ချန်လွေ့ကို ဖောက်ထွင်းသွားပြီးသည့်အခါ အလင်းစွမ်းအား အများစုသည် စုပ်ယူခံလိုက်ရသကဲ့သို့ပင် သုံးလေးဆ အားနည်းသွားခဲ့သည်။

နီရို၏ မျက်နှာအမူအရာ ပြောင်းလဲသွား၏။ ဖျက်ဆီးခြင်း အလင်းစွမ်းအား၏ အစိတ်အပိုင်း အများစုမှာ မိမိ၏စွမ်းအားအဖြစ် အသွင်ပြောင်းသွားကြောင်း ချန်လွေ့ ခံစားလိုက်ရသည်။ ၎င်းသည် [ ကောင်းချီးအလင်းခန္ဓာကိုယ် ] ဖြစ်ကြောင်း သိသွားပြီး ချန်လွေ့ မတုံ့ဆိုင်းဘဲ [ ကြယ်တာရာဂိတ် ] ကို ချက်ချင်းသုံးလိုက်သည်။ သူ ဂိတ်ထဲဝင်မည် ပြင်လိုက်စဉ် နောက်ဘက်မှ ကြောက်မက်ဖွယ်ရာ မီးတောက်စွမ်းအားတစ်ခု ရုတ်တရက် ရောက်ရှိလာသည်။

[ ကြယ်တာရာဂိတ် ] ထဲ ချန်လွေ့ မဝင်ရောက်နိုင်ခင်မှာပင် တစ်ကိုယ်လုံး လွင့်ထွက်သွားပြီး အတွင်းအင်္ဂါများ လောင်ကျွမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ [ ထိခိုက်မှုစုပ်ယူခြင်း ] နှင့် [ နက္ခတ်သဏ္ဍာန် ] တို့၏ ဝိသေသလက္ခဏာများကြောင့်သာ မဟုတ်လျှင် ထိုတိုက်ကွက်ကြောင့် သူ သေသွားနိုင်ပေသည်။

ထို့နောက် ချက်ချင်းမှာပင် တလက်လက် အလင်းရောင်များ ထွက်ပေါ်လာပြန်ပြီး အများစုကိုလည်း ချန်လွေ့၏ ခန္ဓာကိုယ်က စုပ်ယူလိုက်ပြန်သည်။ သို့သော်လည်း လက်ကျန်စွမ်းအားဒဏ်သည် သူ၏အတွင်းဒဏ်ရာများကို ပို၍ပြင်းထန်သွားစေသည်။ သူ သွေးတစ်လုပ် အန်လိုက်၏။

“ [ ကောင်းချီးအလင်းခန္ဓာကိုယ် ] ”

နီရို၏ခန္ဓာကိုယ်သည် ကြယ်တာရာဂိတ် အရှေ့၌ ချက်ချင်း ပေါ်ထွက်လာပြီး ပြောလိုက်သည်။

“ မင်းက ဘယ်သူလဲ။ ”

ချန်လွေ့ ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည်။ နှစ်ဦးကြားရှိ စွမ်းအားခြားနားမှုမှာ ကြီးမားလွန်းလှပြီး [ ကြယ်တာရာဂိတ် ] ကိုလည်း ထုတ်ပြလိုက်ရပြီ ဖြစ်သည်။ [ မီးသင့်နဂါး ဝင်စီးခြင်း ] ကဲ့သို့သော အစွမ်းကို အသုံးပြုလျှင်ပင် ထွက်ပြေးလွတ်မြောက်ရန် ခက်ခဲ သွားလေပြီ။

ထိုအချိန်၌ [ သရုပ်ခွဲမျက်လုံး ] တွင် အခြားတစ်ယောက်၏ အချက်အလက် အသိပေးချက် ထွက်ပေါ်လာခဲ့သည်။

မျိုးနွယ် - မာနတော်ဝင်မိသားစု (သန္ဓေပြောင်း)။

စွမ်းအားအကဲဖြတ်မှု - မဆုံးဖြတ်နိုင်။

ငါ အငွေ့အသက် မခံစားမိပေမဲ့ [ သရုပ်ခွဲမျက်လုံး ] က မမှားနိုင်လောက်ဘူး။ ဒီ နတ်ဆိုး အရှင်သခင်အဆင့် မာနတော်ဝင်မိသားစုဝင်က အိုဆိုင်ဒန်ပဲ ဖြစ်ရမယ်။ ချန်လွေ့၏ စိတ်ထဲ အတွေးတစ်ခု ရောက်ရှိသွားခဲ့ပြီး အလျင်အမြန် စဉ်းစားတော့သည်။ အရေးကြီး အခိုက်အတန့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အောင်မြင်မမြင်၊ သေမသေမှာ ယခု အကြိမ်တွင်သာ မူတည်နေတော့သည်။

“ ကျုပ် ရွေးချယ်လို့ရမယ်ဆိုရင် ဒီ သောက် [ ကောင်းချီးအလင်းခန္ဓာကိုယ် ] မရှိစေချင်ဘူး။ ”

ချန်လွေ့သည် ပြင်းထန်လှသော ဒဏ်ရာကို လျစ်လျူရှုပြီး သွေးအန်လိုက်ကာ တွားသွားရင်း ကိုယ့်ကိုယ်ကို သရော်ပြုံးပြုံးလိုက်သည်။

“ စိတ်မပူပါနဲ့။ ဒီခန္ဓာကိုယ်က အဲဒီလူနဲ့ သွေးချိတ်ဆက်မှု ရှိပေမဲ့ ခင်ဗျားရဲ့လက်ထဲမှာ ကျုပ်သေသွားတာကို သူသိရင်တောင် စိတ်ထဲထားမှာ မဟုတ်ဘူး။ ကျုပ်က အမြှောင်ကလေး တစ်ယောက်ပဲလေ။ ”

ထိုစကားများသည် နီရိုကို ပို၍ပင် ထိတ်လန့်သွားစေခဲ့သည်။ သိဒ္ဓိအင်ပါယာ၏ တော်ဝင်မိသားစု နှစ်ခုမှာပင် အလင်းကောင်းချီးခန္ဓာကိုယ်သည် အလွန်အမင်း ရှားပါးပြီး အသန့်စင်ဆုံး တော်ဝင်သွေး၌သာ ဖြစ်တည်နိုင်သည်။ ချန်လွေ့ပြောသော “ထိုလူ” သည် လက်ရှိ ဘုရင်ရိုလန်၊ မဟာလက်စ် အဖြစ်နိုင်ဆုံးပင် ဖြစ်လေသည်။

လင်းလက်နဂါးအင်ပါယာရှိ ထိပ်တန်းစီးပွားရေး မိသားစု၏ ဆက်ခံသူမှာ မဟာလက်စ်၏ သားအရင်း ဖြစ်နေ၏။

ထို“အတွင်းလျို့ဝှက်ချက်”သည် နီရိုကို ထိတ်လန့်သွားစေခဲ့သည်။ ဒါဆို ချာလီစ်ရဲ့ အမေက ဘယ်သူလဲ။ [ ကောင်းချီးအလင်းခန္ဓာကိုယ် ] ကို မွေးဖွားပေးခဲ့တဲ့ အမျိုးသမီးလည်း တော်ဝင်မိသားစုဝင်ပဲလား။ ချာလီစ်က ဘာလို့ [ ကောင်းချီးအလင်းခန္ဓာကိုယ် ] ရှိရက်နဲ့ အမြှောင်ကလေးဖြစ်သွားရတာလဲ။

နီရိုကိုယ်တိုင်သည် ‌တော်ဝင်မိသားစုမှ ဖြစ်သည်။ ထို့ကြောင့် သူဌေးများ၊ တော်ဝင်မျိုးနွယ်များ ပိုမိုစွဲမက်ဖွယ်ကောင်းလေလေ၊ ရှက်စရာကိစ္စများကို ပိုမိုဖုံးကွယ် လေလေ ဖြစ်ကြောင်း သိူသည်။ အချို့ ရှက်စရာကိစ္စများသည် တော်ဝင်မိသားစုမှာပင် “ရက်စက်”သည်ဟု ဖော်ပြကြသည်။ သို့သော်လည်း နီရို ဂရုစိုက်သည်မှာ ထိုအတင်းအဖျင်း သတင်းစကားများ မဟုတ်ဘဲ “ချာလီစ်” ပြောသော သွေးမျိုးဆက် ကိုပင် ဖြစ်လေသည်။ ထိုကဲ့သို့ သွေးမျိုးဆက်အချက်ပြသည် မည်ကဲ့သို့ ဆန်းကြယ်ကြောင်း နီရို မသိသော်လည်း ၎င်းသည် ရိုလန် တော်ဝင်မိသားစု၏ သီးသန့် စွမ်းအားတစ်မျိုးဖြစ်ကြောင်း သေချာသိနေသည်။

နီရို၏လက်ထဲ၌ သားဖြစ်သူ သေဆုံးသွားကြောင်း သိသွားသည်နှင့် မဟာလက်စ်သည် ချာလီစ်ကဲ့သို့ မတုံ့ပြန်ဘဲနေမည် မဟုတ်ပေ။ တိုင်းပြည်နှစ်ခုအကြား စစ်မက် မဖြစ်သည့်တိုင် မဟာလက်စ်၏ စွမ်းအားနှင့် စရိုက်အရ တိတ်တဆိတ် လက်စားချေ ပေလိမ့်မည်။ နီရိုသည် သိပ်မကြာခင်ကမှ သူတော်စင်အဆင့် ( နတ်ဆိုးအရှင်သခင်အဆင့် ကနဦးပိုင်း ) သို့ ရောက်ခဲ့ခြင်း ဖြစ်သည်။ သူသည် လက်စ်ကဲသို့ အကြီးတန်း သူတော်စင် အဆင့် ပုဂ္ဂိုလ်များနှင့် ယှဉ်နိုင်ရန် ဝေးနေသေးသည်။ ထို့ပြင် လင်းလက်နဂါးအင်ပါယာ၌ မဟာလက်စ်အပြင် ပို၍အစွမ်းထက်သူများလည်း ရှိနေကြသည်။

“ မင်း နတ်ဆိုးဘုံကို ဘာလာလုပ်တာလဲ။ ”

နီရို သေသေချာချာ စဉ်းစားနေခဲ့သည်။ စကားတူတူပင်ဖြစ်သော်လည်း ထိုမေးခွန်းသည် အိုဆိုင်ဒန်ကိုယ်စား မေးနေသကဲ့သို့ပင် ဖြစ်သည်။ အကယ်၍ ချန်လွေ့သာ သေရမည်ဆိုလျှင် နီရို၏လက်ထဲ၌ သေ၍မရပေ။

နီရို၏ သတ်ဖြတ်ချင်စိတ် အားနည်းသွားကြောင်း ချန်လွေ့ ခံစားလိုက်မိသည့်အခါ သူ၏ မျက်နှာသည် ပို၍ပင် မခန့်လေးစားသော အမူအရာ ပြသလိုက်သည်။

“ ကျုပ်က ဘယ်သူပဲဖြစ်ဖြစ်ပါ။ ကျုပ်က အခု ခမ့်လော့မိသားစုရဲ့ ဆက်ခံသူပဲ။ ကျုပ်က နတ်ဆိုးဘုံကို လုပ်ဖော်ကိုင်ဖက်တွေ လာရှာတာ။ ”

“ အဲဒီလောက် ရိုးရှင်းတာလား။ ”

“ ဒါက မရိုးရှင်းသေးဘူးလား။ ကျုပ်က အဲဒီလူရဲ့ သားအရင်းပဲ။ ဒါပေမဲ့ ကျုပ်က အင်ပါယာကို ခက်ခံဖို့အတွက် ပြိုင်ဆိုင်ခွင့်မရှိဘူး။ အဲဒါကြောင့် ဂါဖီးက ကျုပ်ကို အလွတ်မပေးနိုင်ဘူး။ သူက ကျုပ်နဲ့ ခမ့်လော့မိသားစုက သေတဲ့အထိ ဆွဲချချင်နေတာ။ ”

ချန်လွေ့ ဒေါသထွက်သွားပုံရသည်။ မူလက ၎င်းသည် အရံဇာတ်ကွက်တစ်ခုသာ ဖြစ်သည်။ သို့သော်လည်း အခြေအနေသည် အမြန်ပြောင်းလဲသွားသည့်အတွက်ကြောင့် ၎င်းသည် အဓိကဇာတ်ကွက်သာ ဖြစ်ရတော့သည်။

နီရိုသည် ပုံမှန်အတိုင်းပင် ဖြစ်သည်။ ထိုကဲ့သို့ ပြဿနာများမှာ တော်ဝင်မိသားစု၌ ဖြစ်နေကျပင် ဖြစ်သည်။ အာဏာအတွက် မောင်နှမအချင်းချင်း သတ်ကြခြင်းသည် လူသားသမိုင်း၌ အသစ်အဆန်း မဟုတ်ပေ။

“ ကျုပ် မကျေနပ်ဘူး။ ကျုပ်မှာ ကောင်းချီးအလင်းခန္ဓာကိုယ် ရှိတယ်။ ဒါပေမဲ့ ကျုပ်က မြေမှော်ပညာကိုပဲ လေ့ကျင့်လို့ရတယ်။ အဲဒီမင်းသားတွေရဲ့ စွမ်းအားနဲ့ စွမ်းရည်တွေ အရဆိုရင် ကျုပ်က သူတို့ရဲ့ ခြေထောက်အောက်မှာ တွားသွားတဲ့ အစေခံတစ်ယောက်ပဲ ဖြစ်လာနိုင်မယ်။ ”

“ချာလီစ်” လက်သီးဆုပ်လိုက်သည်။

“ ကျုပ်က အခက်အခဲတွေကို ကျော်လွှားမယ်။ ပြီးတော့ ဒီအခြေအနေကို ပြောင်းပြန် ဖြစ်အောင် တကယ်လုပ်ရမယ်။ ကျုပ် ဂါဖီးကို အလဲထိုးမယ်။ ပြီးတော့ အဲဒီသာလွန်တဲ့ သူအပါအဝင် အားလုံးကို ဆွဲချပစ်ချင်တယ်။ လင်းလက်နဂါးအင်ပါယာကို အမှန်တကယ် ဆက်ခံနိုင်တဲ့ အထူးချွန်ဆုံးသူက ဘယ်သူလဲဆိုတာ ကျုပ်သူ့ကို သိစေချင်တယ်။ ”

“ တကယ်လို့ မင်းရဲ့ဆန္ဒပြည့်ဝပြီး‌တော့ ထီးနန်းဆက်ခံရမယ်ဆိုရင်တောင် နတ်ဆိုးဘုံမှာ မင်းအကူအညီတောင်းခဲ့တဲ့ကိစ္စ ပေါက်ကြားသွားတာနဲ့ မင်း လုံးဝ အသရေပျက်ပြီးတော့ အနာဂတ် မျိုးဆက်သစ်တွေက သည်းခံကြမှာမဟုတ်ဘူး။ ”

နီရိုသည် ချန်လွေ့၏ စိတ်အားထက်သန်မှုကို လျှော့စေခဲ့သည်။ လင်းလက်နဂါး အင်ပါယာသာ အတွင်းရေးပြဿနာများ ဖြစ်နေခဲ့လျှင် အနိုင်ရသူက မည်သူပင် ဖြစ်စေကာမူ အကျိုးရရှိသူမှာ ကျက်သရေပြာအင်ပါယာသာဖြစ်ကြောင်း သူ စိတ်ထဲ၌ တွက်ချက်နေခဲ့သည်။ သူသည် ယခုတွင် ချန်လွေ့အပေါ် စိတ်ပြောင်းသွားခဲ့သည်။ ၎င်းကို သူ ချန်လွေ့ကို မသတ်နိုင်သည့်အတွက်ကြောင့် မဟုတ်ပေ။ သူသည် အမှန်တကယ်ပင် ချန်လွေ့ကို မသတ်ပစ်နိုင်ပေ။ [ ကောင်းချီးအလင်းခန္ဓာကိုယ် ]မှာ အလွန်ပင် ယုံကြည်စရာ ကောင်းလှသည်။

တော်ဝင်မိသားစုမှ သာမန်မိသားစုဝင်များမပြောနှင့်၊ နီရိုကိုယ်တိုင်သည်ပင် ထိုကဲ့သို့ အထူး ခန္ဓာအမျိုးအစားကို မပိုင်ဆိုင်ပေ။ ဒီချာလီစ်က လင်းလက်နဂါးအင်ပါယာရဲ့ တိုက်ရိုက်မျိုးဆက် ဖြစ်ရမယ်။ ဒါပေမဲ့ သူ့ရဲ့အသက်ကိုကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့၁၀နှစ် ငါမထွက်သွားခင်တုန်းက လင်းလက်နဂါးအင်ပါယာမှာ ဒီလိုမင်းသားမျိုးကို တစ်ခါမှ မကြားခဲ့ဖူးဘူး။ သူ့ရဲ့ “ ဘဝအတွေ့အကြုံ ” က အမှန်ဖြစ်နိုင်တယ်။

“ ခင်ဗျားပြောတဲ့အတိုင်း စွမ်းအားက လုပ်ပိုင်ခွင့်ပဲ။ ”

ချန်လွေ့က ဖြည့်တင်းဆေးရည်တစ်ပုလင်းသောက်ပြီး ခနဲ့ပြုံးပြုံးလိုက်သည်။

“ သမိုင်းကို အောင်နိုင်သူတွေက ရေးထိုးတာ။ ကျုပ်သာ နောက်ဆုံးအောင်နိုင်သူ ဖြစ်လာမယ်ဆိုရင် ကျုပ်က နတ်ဆိုးဘုံကို အကူအညီတောင်းခဲ့လား၊ နတ်ဆိုးတွေနဲ့ ပူးပေါင်းခဲ့လားဆိုတာ ကျုပ် အပေါ်မှာပဲ မူတည်တယ်။ ”

နီရိုက ချန်လွေ့အား ခဏကြည့်ပြီး စကားဆက်မပြောခဲ့ပေ။ သူသည် စိတ်ထဲ၌ ထိုကဲ့သို့ မမျှော်လင့်ထားသော အခွင့်အရေးကို မည်သို့ အသုံးချမည်ကို စဉ်းစားနေခဲ့သည်။ ခြိမ်းခြောက်ရမှာလား။ ထိန်းချုပ်ရမှာလား။

တစ်ချိန်တည်းမှာပင် နောက်ဘက်မှတစ်သံတစ်သံ ထွက်ပေါ်လာ၏။

“ သမိုင်းကို အောင်နိုင်သူတွေက ရေးထိုးတာ။ ဒီစကားကို ငါ သဘောတူတယ်။ ဒါပေမဲ့ ငါသိချင်တာက စီးပွားရေးမိသားစု တစ်ခုတည်းကို အမှီပြုပြီးတော့ မင်း အလှည့်ပြောင်း ဘယ်လိုလုပ်နိုင်မလဲ ဆိုတာပဲ။ အဲဒီပြိုင်ဘက်တွေကို မင်း ဘယ်လို အလဲထိုးမှာလဲ။ ငါ့ရဲ့ ကြယ်ကြွေတမန်အင်ပါယာက ဘယ်လိုမျိုး “မမျှော်မှန်းနိုင်တဲ့စွမ်းအားမျိုး”ကို ရမှာလဲ။ ”

ချန်လွေ့ အကြည့်လွှဲလိုက်သည်။ နောက်ဆုံး၌ အရှင်သခင်အစစ် ရောက်ရှိလာလေပြီ။

ခေါင်းလှည့်ကြည့်လိုက်ရာ မနီးမဝေးတွင် ယောက်ျားတစ်ယောက်ကို ချန်လွေ့ တွေ့လိုက်ရသည်။ထိုသူသည် သန်မာထွားကြိုင်းပြီး ဆံပင်ရွှေရောင်၊ မုတ်ဆိတ်မွှေးရှိကာ မျက်နှာ အသွင်အပြင်များမှာ အတော်လေး သိသာထင်ရှားလှသည်။ သူ၏မျက်လုံးများမှာ စွဲမက်စရာကောင်းလှပြီး မျက်လုံးထဲ၌ ခန့်ညားပြီး ဖောက်ထွင်း၍မရသော ဖိအားတစ်ခု ရှိသည်။ သူသည် လက်ရှိတွင် ကြယ်ကြွေတမန်အင်ပါယာ၌ အာဏာအရှိဆုံးသော ဘုရင်ခံ အိုဆိုင်ဒန်ပင် ဖြစ်လေသည်။

“ငါ့ရဲ့ ကြယ်ကြွေတမန်” ဟူသော စကားစုသည် သူ၏ပြင်းပြသော ပိုင်ဆိုင်ချင်စိတ်နှင့် ရည်မှန်းချက်ကို ပြသနေ၏။

“ ဒါက အရှင်မင်းကြီး အိုဆိုင်ဒန် ဖြစ်ရမယ်။ ”

ချန်လွေ့က အနည်းငယ် ရှုပ်ပွနေသော အဝတ်အစားများကို ပြင်ဆင်ပြီး အရိုအသေ ပြုလိုက်သည်။

“ ပထမဆုံးအနေနဲ့ ကျုပ်ကို ခွင့်လွှတ်ပေးပါ။ အရှင်မင်းကြီး။ အရှင့်ကို တွေ့ဖို့ အခွင့်အရေး မပေးဘဲနဲ့ ကျုပ်ကို တစ်ခါတည်းသတ်ဖို့ ကြိုးစားတဲ့ ဆာ-နီရိုကြောင့်သာ မဟုတ်ရင် နောက်တစ်ချိန် သင့်တော်တဲ့အချိန်မှာ ကျုပ်ရဲ့ဘဝအတွေ့အကြုံတွေ ထုတ်ပြောတာကို မြင်ရလိမ့်မယ် ထင်ပါတယ်။ ”

“ အရှင်မင်းကြီးရဲ့ မေးခွန်းကို တစ်ယောက်တည်း ဖြေခွင့်ပြုပါ။ ကျေနပ်လောက်တဲ့ အဖြေ ရနိုင်မယ်လို့ ယုံကြည်ပါတယ်.... ”

အိုဆိုင်ဒန်က နီရိုကို ကြည့်လိုက်သည်။ နီရိုက မျက်လုံးလှည့်ပြီး ပြုံးပြသည်။

“ အရှင်မင်းကြီး အိုဆိုင်ဒန်။ ကျုပ် တစ်ခုကိုတော့ သက်သေပြနိုင်တယ်လို့ထင်တယ်။ ကောင်းချီးအလင်းခန္ဓာကိုယ်က ကျုပ်တို့လူသား သိဒ္ဓိအင်ပါယာက တော်ဝင်မိသားစု နှစ်ခုရဲ့ အသန့်စင်ဆုံး သွေးနဲ့ပဲ ဖန်တီးလို့ရတာ။ တော်ဝင်သွေးဘက်ကနေကြည့်ရင် ချာလီစ်ကို အရှင်မင်းသား လို့ခေါ်သင့်တယ်။ ”

ထိုသို့ပြောပြီးနောက် နီရိုသည် နန်းတော်မှ လှည့်ထွက်သွားလိုက်သည်။ ခန်းမထဲမှ မင်းသား အိုဆိုင်ဒန်နှင့် မင်းသား ချာလီစ်တို့သာ ကျန်ခဲ့၏။

All Chapters