← Chapters

ဒိုင်ရာ့ခ်

Vol. 23 Ch. 337

ဒိုင်ရာ့ခ်

Vol. 23 Ch. 337

နီရို ထွက်သွားသည်ကို အတည်ပြုပြီးနောက် ချန်လွေ့ ပြောလိုက်သည်။

“ ကျုပ်တို့ ပူးပေါင်းမယ့်အစီအစဉ်ရဲ့ ပထမအဆင့်ကို ပြောကြရအောင်။ မစ်-အစ်ဇဘယ်လာက ဒီအစီအစဉ်ရဲ့ အကျိုးအမြတ်တွေကို အရှင့်ဆီ သတင်းပို့ပြီးပြီလို့ ထင်ပါတယ်။ ဒီလိုမျိုး စဉ်ဆက်မပြတ် အကျိုးအမြတ်ရတာက လုံးဝကို... ”

“ အစ်ဇဘယ်လာက သူစုဆောင်းထားတဲ့ သတင်းအချက်အလက်တွေနဲ့ ဂျို့ရှ် အာမခံထားတဲ့ အကြောင်းပဲ ပြောခဲ့တာ။ အခြားဘာကိုမှ မပြောခဲ့ဘူး။ ”

အိုဆိုင်ဒန်က ချန်လွေ့၏စကားကို ဖြတ်ပြောလိုက်သည်။

“ တိုတိုပြောရရင်တော့ ဆာ-ချာလီစ်။ ငါကြားချင်တာက အဓိက မေးခွန်းပဲ။ ဒါက မင်းအတွက် ကျေနပ်လောက်စရာ အဖြေတစ်ခု ရနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ။ ”

“ ဒီမတိုင်ခင်က နယ်မြေအရှင်သခင် တစ်ယောက်နဲ့ပဲ ပူးပေါင်းဖို့ ကြံစည်ထားခဲ့တာ။ အင်ပါယာတစ်ခုနဲ့ ပူးပေါင်းခွင့်ရမယ့် ကျုပ် လုံးဝမထင်ထားခဲ့ဘူး။ အဲဒါကြောင့် ကျုပ် အကြာကြီး အစီအစဉ်တွေ ဆွဲနေခဲ့တာ။ အခုဆိုရင် အဲဒါတွေကို အသုံးချဖို့အတွက် အဆင်သင့်ဖြစ်လောက်ပြီ။ ကြယ်ကြွေတမန်အင်ပါယာက ဒီစီမံကိန်းရဲ့ တစ်ဦးတည်းသော အကျိုးအမြတ်ရရှိသူနဲ့ တစ်ဦးတည်းသော လုပ်ဖော်ကိုင်ဖက် ဆိုတာကို အရှင် စိတ်ချလို့ ရပါတယ်။ ဒီစီမံကိန်းက အရှင့်နဲ့ ကျုပ်အတွက် ကြွယ်ဝမှု သက်သက်ပဲ မဟုတ်ဘူး။ ဒါပေမဲ့ ပထမခြေလှမ်းအတွက် အသေးစိတ် အစီအစဉ်ကို မပြောခင်မှာ အရှင်မင်းကြီးကို ကျုပ် မေးခွန်းတစ်ခု မေးချင်တယ်။ ”

“ ကြွယ်ဝမှု သက်သက်ပဲ မဟုတ်ဘူး ” ဟု ချန်လွေ့ ပြောသည်ကို ကြားလိုက်ရသည့်အခါ အိုဆိုင်ဒန်၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားခဲ့သည်။

“ ဘာမေးချင်လဲ။ ”

“ ရောင်းလို့မရတာမရှိဘူး ဆိုတဲ့ ဆိုးရိုးတစ်ခု ရှိတယ်။ လုံလုံလောက်‌‌လောက် ပေးနိုင် မပေးနိုင် ဆိုတဲ့အပေါ်မှာပဲ မူတည်တယ်။ ကျုပ်မေးချင်တာက နီရိုနဲ့ အရှင်မင်းကြီးကြားက ရင်းနှီးမှုက ဒီစည်းမျဉ်းကို လွန်ဆန်နိုင်လား ဆိုတာပါ။ ”

ချန်လွေ့က နှုတ်ခမ်းထောင့်မှ သွေးစက်များကို သုတ်လိုက်သည်။

“ ခုနက အခြေအနေကို အရှင်မင်းကြီး မြင်ပြီးပြီ ထင်ပါတယ်။ ကျုပ်ရဲ့ ခေါင်းပေါ်မှာ ဓားကြီးမိုးထားပြီးတော့ ကျုပ်ရဲ့ အသက်နဲ့ အစီအစဉ်တွေကို အချိန်မရွေး ခြိမ်းခြောက်နိုင်တာမျိုး ကျုပ်မဖြစ်ချင်ဘူး။ ဒါမှမဟုတ် ဒါက ကျုပ်တို့ အစီအစဉ်..... ”

“ …ကျုပ်တို့ ဟုတ်လား။ မင်းက ဒီအသုံးကို အစောကြီး သုံးတာပဲ။ မင်းဘယ်လောက် ပေးနိုင်လဲ ဆိုတာ ငါအရင် သိရမယ်။ ရှင်းရှင်းပြောရရင် ငါက စကားပလ္လင်ခံတာတွေ မကြိုက်ဘူး။ ”

ချန်လွေ့သည် အမှန်တကယ်ပင် ရိုးရိုးရှင်းရှင်း ပြောခဲ့ပြီး အိုဆိုင်ဒန်က ထိုစကားများကို ကြားသည့်အခါ ချက်ချင်းပင် စိတ်ဝင်စားသွားတော့သည်။

ထိုမနက် နန်းတော်၌ အိုဆိုင်ဒန် နှင့် “ချာလီစ်” တို့ မည်သည့်အရာများ ‌ပြောခဲ့သည်ကို မည်သူမှ မသိကြပေ။ သို့သော်လည်း နန်းတော်မှ လူသား ထွက်လာသည့်အခါ သူ၏မျက်နှာပေါ်မှ အပြုံးသည် ပို၍ပင် ယုံကြည်ချက် ရှိနေပုံရသည်။

ချန်လွေ့ နန်းတော်မှ ထွက်လာပြီး အတွင်းမြို့လမ်း ထောင့်တစ်နေရာ၌ လမ်းလျှောက်နေစဉ် အိမ်ဖော်ဝတ်စုံ ဝတ်ထားသော ကဝေမတစ်ယောက် ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။

“ ဆာ-ချာလီစ်။ လေဒီ အစ်ဇဘယ်လာက ရှင့်ကို မြို့အပြင်က ဒိုနိုမိုင်း အဆောက်အအုံကြီးဆီ ဖိတ်လိုက်တယ်။ လှည်းပေါ် လိုက်ခဲ့ပေးပါ။ ဆာ။ ”

ချန်လွေ့ ခေါင်းညိတ်လိုက်ပြီး အစေခံနှင့်အတူ လှည်းပေါ်သို့ တက်သွားလိုက်သည်။ သူတို့သည် အပြင်မြို့သို့ အမြန်သွားခဲ့ကြသည်။ “ ဒိုနိုမိုင်း အဆောက်အအုံကြီး ” သည် အပြင်မြို့တံတိုင်း အပြင်ဘက်၌ပင် ဖြစ်သည်။ ၎င်းသည် အတော်လေး တိတ်ဆိတ်ပြီး ချောင်ကျသော ဆင်ခြေဖုံးနေရာ၌ တည်ရှိသည်။ မူလက ၎င်းသည် စားသောက်ဆိုင် သို့မဟုတ် တစ်ခုခု ဖြစ်လိမ့်မည်ဟု ချန်လွေ့ ထင်မှတ်ထားခဲ့သည်။ သို့သော်လည်း ၎င်းသည် သီးသန့်အိမ်ယာတစ်ခု ဖြစ်နေ၏။ အစ်ဇဘယ်လာက ဒီလိုချောင်ကျတဲ့ နေရာမျိုးဆီ ဘာလို့ ဖိတ်ခဲ့တာလဲ မသိဘူး။

“ မဒမ်က အထဲမှာပါ။ ကျွန်မနဲ့ လိုက်ခဲ့ပေးပါ။ ‌ဆာ။ ”

ချန်လွေ့ ခေါင်းညိတ်လိုက်သော်လည်း စိတ်ထဲ၌ သတိထားကာ စောင့်ကြပ်နေခဲ့သည်။ သူသည် နီရိုနှင့် တွေ့ခဲ့စဉ်က ဆိုးဆိုးဝါးဝါး ခံစားခဲ့ရသော်လည်း သူ၏ခန္ဓာအမျိုးအစားမှာ ထူးခြားလှသည်။ မဟာဆရာသခင်အဆင့် ကုသဆေးရည်များ သောက်ပြီးသည့်အခါ ချန်လွေ့သည် လုံးဝနီးပါး ပြန်ကောင်းသွားခဲ့သည်။

“ ဆာ။ ခဏ စောင့်ပါ။ ”

အစေခံက ချန်လွေ့ ခြံဝင်းထဲခေါ်သွးကြီး အရိုအသေ ပေးလိုက်သည်။

ခြံဝင်းသည် အလွန်ကြီးလှသည်။ ပတ်ပတ်လည်၌ ထူးဆန်းသော အငွေ့အသက်တစ်ခုကို ချန်လွေ့ ခံစားမိလိုက်သည်။ ထိုအငွေ့အသက်သည် အတော်လေး ရင်းနှီးပုံရသည်။

အချိန်ခဏစောင့်ပြီးနောက် အစ်ဇဘယ်လာ မရောက်လာသေးပေ။ ချန်လွေ့သည် အလျင်မလိုသည့်အတွက် အေးအေးဆေးဆေးပြောလိုက်သည်။

“ ထွက်လာခဲ့။ ဒီလိုလှည့်ကွက်သေးသေးလေးတွေက အဓိပ္ပာယ် မရှိဘူး။ ”

“ ဟမ့် ”

ခြံဝင်းထဲ၌ ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ၎င်းသည် အားအင်အပြည့်ဖြစ်နေသော လူငယ် တစ်ယောက် ဖြစ်သည်။ သူ၏ အင်္ကျီအတိုမှာ ရိုးရှင်းလှသည်။ သို့သော်လည်း ကုန်ကြမ်းမှာ အကောင်းဆုံး ဖြစ်သည်။ သူသည် ထူးခြားပုံပေါ်သော်လည်း ထို “ထူးခြားခြင်း” သည် အယောင်အဆောင်၌ ချန်လွေ့ ခံစားမိနေသည်။

မျိုးနွယ် - မာနတော်ဝင်မိသားစု။

စွမ်းအားအကဲဖြတ်မှု - [ C ]

ချန်လွေ့၏ မျက်လုံးများသည် နတ်ဆိုးဘုရင်အဆင့်သာရှိသောသူကို ကြည့်မနေဘဲ နောက်ကို ကြည့်လိုက်သည်။

“ နောက်တစ်ယောက် ရှိသေးတယ်။ ”

“ အိုး ”

ထိုလူငယ်လေး အနည်းငယ် အံ့အားသင့်သွားပုံရသည်။ သူ၏နောက်မှ အရိပ်သည် ရုတ်တရက် ဝေဝါးသွားပြီး လူသားအသွင် ဖြစ်သွားသည်။ ၎င်းမှာ ဆံပင်အနက်နှင့် အသားဖြူသော အသက်၄၀အရွယ် လူကြီးတစ်ယောက်ဖြစ်ပြီး မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။ သို့သော်လည်း ထိုသူ၏အသားအ‌ရေမှာ အလွန်ဖြူလွန်းပြီး ဖျော့တော့မှာ သွေးမရှိသကဲ့သို့ ဖြစ်နေသည်။

မျိုးနွယ် - လောဘတော်ဝင်မိသားစု(သန္ဓေပြောင်း)။

စွမ်းအားအကဲဖြတ်မှု - [ B ]

ခန္ဓာအမျိုးအစား - [ C+ ]

ခွန်အား - [ C- ]

စိတ်ဝိညာဉ် - [ B ]

မြန်ဆန်မှု - [ B- ]

ထိုလူငယ်က အေးစက်စက်နှင့် ပြောလိုက်သည်။

“ မင်းက တကယ့်ကို အစွမ်းထက်တာပဲ။ ဒါကြောင့် မင်းက လေဒီ-အစ်ဇဘယ်လာကို နှောင့်ယှက်ရဲတာကိုး။ ”

ချန်လွေ့သည် အခြေအနေကို ချက်ချင်း သဘောပေါက်သွားပြီး မျက်မှောင်ကြုတ် လိုက်သည်။

“ အဲဒါကြောင့် မင်း ဒီနေ့ ငါ့ကို ဒီနေရာဆီ လိမ်ခေါ်ခဲ့တာလား။ ”

“ အရင်ဆုံး မင်းနားလည်ထားရမှာ တစ်ခု ရှိတယ်။ ဒါက မြို့တော်။ မင်းရဲ့ မထင်မရှား နေရာလိုမျိုး မဟုတ်ဘူး။ ဒီက အခြေအနေက မင်းထင်ထားတာထက် ပိုရှုပ်ထွေးတယ်။ မင်း ဒီကနေ အသက်ရှင်ရက် ထွက်သွားချင်ရင် ဒါမှမဟုတ် ကောင်ကောင်းနေချင်ရင်၊ စည်းမျဉ်းတချို့ နားလည်ထားရမယ်......”

“ ဒါက မင်းကိုယ်တိုင် သတိပေးတာလား။ ဒါမှမဟုတ် တစ်ယောက်ယောက်အတွက် ပြောပေးတာလား။ ”

ချန်လွေ့ စဉ်းစားနေလိုက်သည်။

“ လော်ဒန်ဆိုတဲ့သူကို ရန်စမိတာ ငါမှတ်မိတယ်။ သူက ဝါရင့်မိသားစုတစ်ယောက်ရဲ့ ဆက်ခံသူ ဖြစ်တဲ့ပုံပဲ။ ”

“ ဒိုင်ရာ့ခ်ဆိုတဲ့ ငါ့ကို အဲဒီကောင်နဲ့ မနှိုင်းယှဉ်နဲ့။ လော်ဒန်က လင်ကွန်မိသားစုကို လက်ထပ်ခဲ့တဲ့ တော်ဝင်မျိုးနွယ်အခွဲရဲ့ အမျိုးသမီးကနေ မွေးလာတဲ့ မပြည့်ဝတဲ့သူ တစ်ယောက်ပဲ။ ဒိုင်ရာ့ခ်ဆိုတဲ့ငါက လူစီဖာ တော်ဝင်သွေး စစ်စစ်ပဲ။ ”

ထိုလူငယ်က ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

“ အစ်ဇဘယ်လာက ငါ့အပိုင်ပဲ။ မင်း ရှေ့ဆက်ဦးမယ်ဆိုရင် သေဖို့ပြင်ထား။ ဒါက ခြိမ်းခြောက်ရုံပဲ မဟုတ်ဘူး။ သဘောပေါက်လား။ ”

ဒိုင်ရာ့ခ်၏ ခြိမ်းခြောက်မှုကို တုံ့ပြန်သကဲ့သို့ပင် ဖြူဖျော့နေသော သက်လတ်ပိုင်း လူကြီး၏ အငွေ့အသက်က ပို၍ပို၍ အစွမ်းထက်လာသည်။ ခြံဝင်းထဲရှိ အချို့အပင်များသည် စတင် နွမ်းခြောက်လာ၏။

ချန်လွေ့ ခေါင်းညိတ်လိုက်သည်။

“ သဘောပေါက်ပြီ။ ”

“ ဒါဆို အစ်ဇဘယ်လာနားကနေ ချက်ချင်းထွက်သွား။ ငါမင်းကို သူနဲ့အတူ ထပ်မြင်မယ် ဆိုရင်............”

ချန်လွေ့က မလေးမစားနှင့် ဒိုင်ရာ့ခ်ကို စကားဖြတ်ပြောလိုက်သည်။

“ ငါက အစ်ဇဘယ်လာ နဲ့ မင်းတို့ကစားနေတဲ့ ပျင်းစရာ သဝန်တိုတဲ့ကစားပွဲတွေကို စိတ်မဝင်စားဘူး။ ငါပြောလိုက်မယ်။ ချာလီစ်ဆိုတဲ့ငါက မင်းလိုမျိုး မောက်မာတဲ့လူ ပြောတဲ့အတိုင်း လုပ်မှာမဟုတ်ဘူး။ ”

နန်းတော်ထဲ မဝင်ခင် အချိန်ကဆိုလျှင် ချန်လွေ့သည် အစီအစဉ်ကြီးများကို သက်ရောက်မှု မရှိစေရန် အလွယ်တကူ ပြဿနာ မဖြစ်ခံမည် မဟုတ်ပေ။ သို့သော်လည်း ယခုတွင် သူနှင့် အိုဆိုင်ဒန်တို့သည် နှစ်ဖက်အကြား ပူပေါင်းဆောင်ရွက်ရန် အစီအစဉ်ကို အတည်ပြုပြီးပြီ ဖြစ်သည်။ ထို့ကြောင့် ဒိုင်ရာ့ခ်ကို သည်းခံနေစရာ မလိုတော့ပေ။

လုပ်ဖော်ကိုင်ဖက်အနေဖြင့် “ချာလီစ်” သည် မင်းသားအိုဆိုင်ဒန်အရှေ့၌ မာနမကြီးသလို မနှိမ့်ကျသော ပုံရိပ်အဖြစ် တည်ဆောက်ထားခဲ့သည်။ အထူးသဖြင့် အနာဂါတ် အစီအစဉ် များတွင် သူသည် အားနည်းချက် လုံးဝပြသ၍မဖြစ်ပေ။ ထို့ပြင် သူဖော်ပြခဲ့သော “မူကြမ်း” သည်လည်း အိုဆိုင်ဒန်၏ ချီးမွမ်းမှုကို ရရှိခဲ့သည်။

ထိုပုံရိပ်ကို အမြဲ ထိန်းသိမ်းရပေမည်။

ထို့ပြင် ဂုဏ်သိက္ခာဆိုသည်မှာ အခြားသူများ ပေးရသည့်အရာ မဟုတ်ဘဲ ကိုယ်တိုင် ရယူရသည့်အရာ ဖြစ်ပေသည်။

“ မင်းက သေချင်နေမှတော့ ငါ့ကို အပြစ်မတင်နဲ့။ ဆာလ်ဖာ။ ”

ဒိုင်ရာ့ခ်၏မျက်လုံးများ အရောင်လက်သွားပြီး သူ၏ခန္ဓာကိုယ်သည် အလျင်အမြန်ပင် နောက်ဆုတ်လိုက်သည်။ ဆာလ်ဖာအမည်ရှိ မီးခိုးရောင်ဝတ်ရုံ ဝတ်ဆင်ထားသောသူက လက်ကို ဝှေ့ရမ်းလိုက်ရာ ချန်လွေ့၏ ခန္ဓာကိုယ် ပတ်ပတ်လည်၌ အနက်ရောင်မြူနှင်း အစုအပြုံ ဝိုင်းရံသွားသည်။ ၎င်းသည် အ‌မှောင်မှော်ပညာ [ ဆွေးမြည့်မြူနှင်း ] ဖြစ်ပြီး အလွန်အမင်း ပြင်းထန်သောအဆိပ် ပါဝင်၏။ အနည်းငယ် ရှူသွင်းမိရုံဖြင့် ခန္ဓာကိုယ် ပြင်းပြင်းထန်ထန် အဆိပ်မိသွားမည် ဖြစ်သည်။ အတွင်းအင်္ဂါများလည်း အလျင်အမြန် ပုပ်ဆွေးသွားပြီး နောက်ဆုံး၌ အရိုးစုပုံကြီး ဖြစ်သွားပေမည်။

ချန်လွေ့ လှုပ်ပင်မလှုပ်ဘဲ အနက်ရောင်မြူနှင်းကို လွှမ်းခြုံခွင့်ပြုလိုက်သည်။ ဒိုင်ရာ့ခ်၏ ထိတ်လန့်နေသော အကြည့်အောက်တွင် ချန်လွေ့ အသက်ပြင်းပြင်းရှူလိုက်ရာ အဆိပ်မြူနှင်းများ အလျင်အမြန် လျော့ကျသွားသည်။ သူသည် အမှန်တကယ်ပင် အားလုံးကို စုပ်ယူခဲ့သည်။

နတ်ဆိုးဘုရင်အဆင့် နတ်ဆိုးသားရဲများအပေါ်၌ [ ဆွေးမြည့်မြူနှင်း ] ဆာလ်ဖာအသုံးပြုသည်ကို ဒိုင်ရာ့ခ်ကိုယ်တိုင် မြင်တွေ့ဖူးသည်။ ၎င်းတို့သည် အချိန်ခဏလေးမှာပင် အရိုးစုများ ဖြစ်သွားကြသည်။ ဒီ‌ကောင် မရှောင်ဘဲနဲ့ အဆိပ်မြူနှင်းကို ရှူသွင်းလိုက်မယ်လို့ ငါ မထင်ထားခဲ့ဘူး။

ဆာလ်ဖာလည်း အံ့အားသင့်သွားပုံရသွားသည်။ ထို့နောက် သူ၏မျက်နှာတည်သွားပြီး “ မဟာနတ်ဆိုးဘုရင်အဆင့် ကနဦးပိုင်း ” ဖြစ်သူကို အလေးအနက်ထားလိုက်သည်။ ဆာလ်ဖာ အဆက်မပြတ် ဝှေ့ရမ်းလိုက်ပြီး မြောက်မြားလှစွာသော အမှောင်ဒြပ်စပ်များက ငှက်မွေးမြားအဖြစ် သိပ်သည်းသွားခဲ့ပြီး ချန်လွေ့ထံ ပျံသန်းသွားခဲ့သည်။

ချန်လွေ့၏ ပတ်ပတ်လည်တွင် အပြာရောင် ဒိုင်းကာအဝိုင်းတစ်ခု ထွက်ပေါ်လာ၏။ ဖောက်ထွင်းစွမ်းအားကောင်းကော ထိုမြားတို့သည် ထိုဒိုင်းကာအဝိုင်းကို မဖောက်နိုင်ခဲ့ပေ။ ဆာလ်ဖာသည် အ‌မှောင်‌မှော်ပညာ သုံးလေးခု ထပ်သုံးသည်။ သို့သော်လည်း ဒိုင်းကာသည် အက်ကွဲရာ အနည်းငယ်သာ ပြသပြီး ဘာမှမဖြစ်‌သေးပေ။

အကာအကွယ်၏ အချိန်အကန့်အသတ်မှာ တစ်နာရီတစ်ခါ ဖြစ်သည်။ နီရိုနှင့် ချန်လွေ့ တိုက်ခိုက်ခဲ့ပြီးသည်မှာ ယခုတွင် တစ်နာရီ ပြည့်သွားပြီ ဖြစ်သည်။ ထို့ကြောင့် တယ်လီပို့ခုန်ခြင်းနှင့် အကာအကွယ်တို့ကို ပြန်လည်အသုံးပြုနိုင်လေပြီ။

“ ဒါက မင်းရဲ့ခြိမ်းခြောက်မှုလား။ အခုအထိ ငါ နည်းနည်း‌လေးမှ မတိုက်ခိုက်ခံရသေးဘူး။ ”

ချန်လွေ့သည် ကစားပွဲကို အဝေးမှကြည့်နေသော ဒိုင်ရာ့ခ်အား အထင်သေးစွာ ကြည့်လိုက်သည်။

“ မင်းက လော်ဒန်ထက် အများကြီးနိမ့်ကျတဲ့ပုံပဲ။ မင်းက သူများနောက်ကွယ်မှာပဲ ပုန်းနေပြီးတော့ ဆူဆူညံညံ လုပ်တတ်တဲ့ မပြည့်ဝတဲ့မျိုးဆက်ပဲ။ ”

ဒိုင်ရာ့ခ် ဒေါသထွက်သွား၏။ သို့သော်လည်း သူ မလာရဲပေ။ သူ အော်ပြောလိုက်သည်။

“ ဆာလ်ဖာ။ ခင်ဗျားရဲ့ အစွမ်းထက်ဆုံး မှော်ပညာကို သုံးလိုက်။ ဒီကောင် အစိတ်စိတ် အမွှာမွှာဖြစ်တာကို ကျုပ်ကိုယ်တိုင် မြင်ချင်တယ်။ စိတ်ပူစရာမလိုဘူး။ ဒီကလူတွေကို ကျုပ် ထွက်သွားခိုင်းထားတယ်။ ”

ဆာလ်ဖာ ဟိန်းဟောက်လိုက်ပြီး စိတ်ဝိညာဉ်စွမ်းအားများ တဟုန်ထိုး တိုးတက်သွားသည်။ ရုတ်တရက် ချန်လွေ့ရှိနေသော မြေပြင်မှ ရုတ်တရက် တစ်စုံတစ်ခု ဖောက်ထွက်လာ၏။ ၎င်းမှာ အမှန်တကယ်ပင် အရိုးခြောက် အကောင် လေးငါးဆယ်ခန့် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် တစ္ဆေတစ်အုပ်လည်း ပျံဝဲလာ၏။ တစ္ဆေများသည် မသေမျိုးသတ္တဝါများဖြစ်ကြပြီး အသက်ရှင်စဉ်က စိတ်ဝိညာဉ်စွမ်းအား ကြီးမား‌သော လူသေကောင်မှ အသွင်ပြောင်းထားခြင်း ဖြစ်သည်။ သူတို့သည် ရုပ်ပိုင်းဆိုင်ရာ ခုခံမှုကို ‌အတော်လေး ခုခံနိုင်သည်။တစ်ခါတစ်ရံ၌ သူတို့သည် လုံးဝကိုပြီးလေသည်။

ထို့အပြင် ဆာလ်ဖာဘေး၌ နောက်ထပ် မသိရသေး‌သော သတ္တဝါနှစ်‌‌ကောင် ရှိနေသည်။ ၎င်းတို့သည် အစိမ်းရောင်ဖျော့ အသားအရေရှိပြီး ကြောက်မက်ဖွယ်ရာ အသွင်အပြင်ရှိ၏။ အညိုရောင် ဝတ်ရုံထဲရှိ လက်သည်းများသည် ချွန်ထက်လှပြီး အက်ကွဲနေသော ပါးစပ်ထောင့်နားမှ ကြောက်စရာ အစွယ်နှစ်ခုကို ပြသနေသည်။

မျိုးနွယ် - သွေးစုပ်ဖုတ်ကောင် ( မသေမျိုး ) ။

စွမ်းအားအကဲဖြတ်မှု - [ B ]

ခန္ဓာအမျိုးအစား - [ B- ]

ခွန်အား - [ B ]

စိတ်ဝိညာဉ် - [ B- ]

မြန်ဆန်မှု - [ B ]

ထိုမသေမျိုးများ ထွက်ပေါ်လာခြင်းသည် ချန်လွေ့ကို မအံ့သြသွားစေခဲ့‌ပေ။ အကြောင်းမှာ ယခင်က သူသည် ခြံဝင်းထဲ၌ မသေမျိုးအငွေ့အသက် အနည်းငယ် ခံစားမိခဲ့ခြင်းကြောင့် ဖြစ်သည်။ [ သရုပ်ခွဲမျက်လုံး ] ၏ သတင်းအချက်အလက်များနှင့်အတူ တစ်ဖက်လူသည် အမှန်တကယ်ပင် မသေမျိုးမှော်ပညာကျွမ်းကျင်ကြောင်း ချန်လွေ့ သေချာသွားခဲ့သည်။

ငါ တကယ်ပဲ နောက်ထပ် မသေမျိုး မှော်ပညာရှင်တစ်ယောက်နဲ့ တွေ့ပြန်ပြီ။

ရှေ့မှ သွေးစုပ်ဖုတ်ကောင်သည် ချန်လွေ့ကို အနည်းငယ် အံ့အားသင့်သွားစေသည်။ ထိုကဲ့သို့ မသေမျိုး ထုတ်လုပ်ရန်မှာ အလွန်ရှုပ်ထွေးလှသည်။ သင့်တော်သော ကုန်ကြမ်း မတွေ့သည့်အတွက် ဂူရာဒန်သည်ပင် ယခင်တစ်ခါက်က ထိုမြို့လေး၌ ၎င်းကို မတွေ့ခဲ့ရပေ။ မမျှော်လင့်ဘဲနှင့် ဆာလ်ဖာတွင် နတ်ဆိုးဘုရင်အဆင့် အလတ်ပိုင်း သွေးစုပ်ဖုတ်ကောင်နှစ်ကောင် ရှိနေသည်။ ၎င်းကို ဂူရာဒန် သိသွားလျှင် မျက်လုံးများ အရောင်လက်နေပေလိမ့်မည်။

သွေးစုပ်ဖုတ်ကောင်၏ အမြန်နှုန်းနှင့် စွမ်းအားမှာ မယုံနိုင်စရာကောင်းလှသည်။ ၎င်းသည် ဒဏ်ရာများကို အလိုလိုကုသနိုင်ပြီး ကိုင်တွယ်ရခက်ခဲသော စိတ်ဝိညာဉ်မှော်စွမ်းအား အနည်းငယ် ရှိသည်။ ဆာလ်ဖာ၏ ကိုယ်ပိုင်အမှောင်မှော်ဖြင့် ပေါင်းလိုက်လျှင် ဒိုင်ရာ့ခ် ယုံကြည်ချက် ရှိနေသည်မှာ အဆန်းမဟုတ်ပေ။

သို့သော်လည်း ဆာလ်ဖာသည် အလွန်ပင်ပန်းနေပြီး နဖူးတွေ ချွေးများထွက်နေ၏။ ထို သွေးစုပ်ဖုတ်ကောင် နှစ်ကောင်ကို ထိန်းချုပ်ရသည်မှာ စွမ်းအင်အမြောက်အမြား သုံးစွဲရပုံ ရသည်။ ထိုကဲ့သို့ ထိန်းချုပ်စွမ်းအားသည် စိတ်ပုံရိပ်ဖြင့်ပင် မဟာနတ်ဆိုးဘုရင်အဆင့် အထိတ်တလန့် သူရဲကောင်းစစ်သည်ကို ထိန်းချုပ်နိုင်သော ဂူရာဒန်နှင့် လုံးဝမယှဉ်နိုင်ပေ။

ချန်လွေ့ အမြန်စဉ်းစားပြီးနောက် ပုံရိပ် ဖျပ်ခနဲပျောက်သွားပြီး ဒိုင်ရာ့ခ်ထံသို့ အပြေးသွား လိုက်သည်။ ဒိုင်ရာ့ခ်က မိမိသည် လုံးဝမယှဉ်ကြောင်း သိသည့်အတွက် ထိတ်လန့်သွားပြီး အလျင်အမြန်ပင် မှော်လက်စွပ်ကို အသက်သွင်းလိုက်သည်။ သူ၏ခန္ဓာကိုယ်သည် ငွေရောင်အလင်းများဖြင့် ရုတ်တရက် ဖုံးလွှမ်းသွားတော့သည်။ ၎င်းသည် အကာအကွယ် ပစ္စည်းတစ်ခု ဖြစ်သည်မှာ အသေအချာပင် ဖြစ်သည်။

ချန်လွေ့ ဒိုင်ရာ့ခ်ကို မတိုက်ခိုက်နိုင်ခင်မှာပင် သွေးစုပ်ဖုတ်ကောင်နှစ်ကောင်က သူ့နားသို့ တစ္ဆေသဖွယ် ကပ်နေပြီဖြစ်သည်။ အမြန်နှုန်းမှာ မယုံနိုင်စရာ ကောင်းလှသည်။ ချန်လွေ့လည်း ဒိုင်ရာ့ခ်အား ဓားစာခံလုပ်ရန် “အကြံအစည်”ကို လက်လျှော့လိုက်ရပြီး အိမ်ထဲသို့ ပြေးဝင်သွား‌တော့သည်။

“ သူ့ကိုဖမ်။ မထွက်ပြေးစေနဲ့။ ”

ဒိုင်ရာ့ခ်က ကြောက်လန့်တကြား ပြောလိုက်သည်။ သူ၏ယခင် အမူအကျင့် ပျောက်ကွယ် သွားလေပြီ။

ချန်လွေ့သည် တတ်နိုင်သမျှ အမြန်ဆုံးပြေးနေပြီး အဓိကတံခါးကို မရွေးချယ်ခဲ့ဘဲ အတွင်းမှ အိမ်များထဲသို့ ပြေးသွားလိုက်သည်။

နောက်မှ သွေးစုပ်ဖုတ်ကောင်နှစ်ကောင်လည်း လိုက်နေသည့်အတွက် ၎င်းမှာ အရှုံးပေးခြင်း ကဲ့သို့ပင် ဖြစ်နေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ပုံရိပ်သုံးခုသည် အဝေးမှအိမ်ထဲသို့ ဝင်ရောက်သွားခဲ့ကြသည်။ ဆာလ်ဖာပင် အချိန်မီ မလှုပ်ရှားနိုင်ခဲ့ပေ။ ထို့ကြောင့် သူသည် ချန်လွေ့နောက်လိုက်ရန် တစ္ဆေကို ထိန်းချုပ်ရတော့သည်။

ဆာလ်ဖာက ချန်လွေ့နောက်လိုက်ရန် ပြင်လိုက်စဉ် အိမ်ထဲမှ ထူးဆန်းသော အငွေ့အသက်တစ်ခု ထွက်လာသည်ကို ခံစားလိုက်ရသည်။ ထို့နောက်တွင် ဖျက်ဆီးခြင်း အငွေ့အသက် ထွက်ပေါ်လာပြီး သူ၏ဝိညာဉ်ပင် တုန်ခါသွားခဲ့သည်။ သူ၏စွမ်းအားသည် အမှန်တကယ်ပင် အကြောင်းရင်းမရှိဘဲ တစ်စိတ်တစ်ပိုင်း အားနည်းသွား၏။ ထိုအချိန်၌ မြေပြင်တုန်ခါသွားပြီး အဆောက်အုံ ကွဲအက်ပျက်စီးသောအသံများကို ကြားလိုက်ရသည်။

ခဏအကြာ၌ ထိုအသံ အဆုံးသတ်သွားပြီး ကြောက်မက်ဖွယ်ရာ အငွ့အသက်လည်း ပျောက်ကွယ်သွားခဲ့သည်။ ဆာလ်ဖာ ရုတ်တရက် အော်ဟစ်လိုက်ရာ နာကျင်စွာဖြင့် နှလုံးသားကို အုပ်ထားလိုက်သည်။ သူ၏မျက်လုံးထဲ၌ မယုံကြည်နိုင်သော အမူအရာတစ်ခု ရှိနေ၏။

ခြံဝင်းထဲသို့ ပုံရိပ်တစ်ခု ချက်ချင်းရောက်ရှိလာပြီး တစ်ချိန်တည်းမှာပင် မြေပေါ်သို့ ပစ္စည်းနှစ်ခု ပစ်ချလိုက်သည်။

၎င်းတို့မှာ သွေးစုပ်ဖုတ်ကောင် နှစ်ကောင်ဖြစ်သည်။ တစ်ကောင်မှာ ခေါင်းမရှိတော့ဘဲ ထက်လှသော ဓားသွားဖြင့် အဖြတ်ခံထားရသကဲ့သို့ ဖြစ်နေပြီး ကျန်တစ်ကောင်မှာ ရင်ဘတ်၌ အပေါက်ကြီးတစ်ပေါက် ရှိနေ၏။ ၎င်းသည် မသေသေးသော်လည်း တိုက်ခိုက်ရေးစွမ်းအား လုံးဝဆုံးရှုံးသွားလေပြီ။ ထို့အပြင် ထိုအပေါက်မှာ သာမန် မျက်လုံးဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ကျယ်ပြန့်လာနေသည်။ ၎င်းသည် အမည်မသိ ကြောက်စရာ တိုက်စားစွမ်းအားဖြစ်ပြီး ကိုယ့်ဘာသာ ပြန်မကောင်းနိုင်တော့ပေ။

ဆာလ်ဖာသည် အဆင့်တူ သွေးစုပ်ဖုတ်ကောင်နှစ်ကောင်ကို ဝိညာဉ်ပေါင်းစပ် လျို့ဝှက်ပညာရပ်ဖြင့် ထိန်းချုပ်ထားခဲ့သည်။ ယခုတွင် တစ်ကောင်ကသေပြီး တစ်ကောင်က ဒဏ်ရာအပြင်းအထန် ရထားသည့်အတွက် သူ၏စိတ်ဝိညာဉ်ဒဏ်ရာလည်း အတော်လေး ပြင်းထန်လှပေသည်။

“ လခွမ်း။ ”

ဆာလ်ဖာ၏ခန္ဓာကိုယ် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားသည်။ စိတ်ဝိညာဉ်ဒဏ်ရာကို မဆိုထားဘိ။ သူပို၍ခံစားရသည်မှာ ထိုသွေးစုပ်ဖုတ်ကောင် နှစ်ကောင်ကြောင့်ပင် ဖြစ်သည်။ ၎င်းတို့မှာ သူ၏အကြီးများဆုံး အားထုတ်မှုများ ဖြစ်ကြသော်လည်း အလွယ်တကူပင် ဖျက်ဆီးခံခဲ့ရသည်။

သူ့ကို ပို၍တုန်လှုပ်သွားစေသည်မှာ သွေးစုပ်ဖုတ်ကောင်းများသာမက တစ္ဆေများနှင့်လည်း အချိတ်အဆက် ပြတ်တောက်သွားခြင်း ဖြစ်သည်။ သူတို့အားလုံး အသတ်ခံ လိုက်ရပုံ ရသည်။

ခဏလေးပဲ ရှိသေးတယ်....

အဲဒီအခန်းထဲမှာ ဘာဖြစ်သွားတာလဲ။ အဲဒါက ဘာစွမ်းအားလဲ။

ဆာလ်ဖာ နောက်ထပ် မှော်အစွမ်းသုံးမည်ကို ‌စောင့်မနေတော့ဘဲ ချန်လွေ့သည် သူ၏နောက်တွင် သရဲတစ္ဆေသဖွယ် ရောက်ရှိလာပြန်သည်။ တစ်ချက်တည်းဖြင့် မသေမျိုး မှော်ပညာရှင် မေ့လဲသွား၏။ သူ၏ပတ်ပတ်လည်မှ အရိုးခြောက်များလည်း မလှုပ်ရှား ကြတော့ဘဲ ထူးဆန်းသော အသက်ဓာတ် ကုန်ခမ်းသွားသကဲ့သို့ပင် တစ်ခုပြီးတစ်ခု ပြုတ်ကျသွားတော့သည်။

ချန်လွေ့၏ တိုက်ခိုက်စွမ်းရည်နှင့် နည်းဗျူဟာတို့မှာ ယခုတွင် ရင့်ကျက်နေပြီ ဖြစ်သည်။ အကယ်၌ ချန်လွေ့သည် ခြံဝင်းထဲ၌ ထိပ်တိုက်ရင်ဆိုင်မည်ဆိုရင် အမှောင်မှော်ပညာကို ကျွမ်းကျင်ပြီး တိုက်ခိုက်ရေးစွမ်းအားကောင်းသည့် သွေးစုပ်ဖုတ်ကောင်များရှိသော မန်မွန်တော်ဝင်မိသားစုဝင်ကို အလွယ်တကူ အနိုင်ရမည် မဟုတ်ပေ။ တိုက်ပွဲကို အမြန် အဆုံးသတ်ချင်လျှင် သူသည် ဝှက်ဖဲဖြစ်သော [ မီးသင့်နဂါးသတ်ဖြတ်ခြင်း ] ကို အသုံးပြုရ ပေလိမ့်မည်။ သွေးစုပ်ဖုတ်ကောင်များအား အိမ်ထဲသို့ ဆွဲခေါ်လိုက်ခြင်းကြောင့် ချန်လွေ့သည် မိမိ၏စွမ်းအားကို ဖုံးကွယ်နိုင်သွားပြီး နေရာအခြေအနေကို အသုံးချကာ အချင်းချင်း ဖျက်ဆီးစေခဲ့သည်။ [ ကြယ်နက်ပိုင်နက် ] ၊ [ မိုးခြိမ်းသံ ] အဆင်တန်ဆာ နှင့် [ အရှိန်အဝါဓားသွား ] တို့၏ စွမ်းအားဖြင့် ပေါင်းလိုက်သည့်အခါ သူသည် အားလုံးကို တစ်ခါတည်း ရှင်းပစ်နိုင်ခဲ့သည်။ သွေးစုပ်ဖုတ်ကောင်နှစ်ကောင်သည် အလျင်အမြန်ပင် အသတ်ခံလိုက်ရသည်။ တစ္ဆေများမှာတော့ အလွယ်လေးပင် ဖြစ်သည်။

“ ငါမင်းကို အမှန်ပြင်ပေးမယ်။။ ငါ ထွက်ပြေးနေတာ မဟုတ်ဘူး။ ”

ချန်လွေ့ပြုံးလိုက်ပြီး မယုံကြည်နိုင်ဖြစ်နေသော ဒိုင်ရာ့ခ်ထံသို့ လမ်းလျှောက်သွားသည်။

“ ငါ့ရဲ့စွမ်းအားကို မမြင်စေချင်ရုံပါ။ မြို့တော်ရဲ့စည်းမျဉ်းတွေဆိုတာကို ငါမသိဘူး။ ဒါပေမဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် အကြွင်းမဲ့စည်းမျဉ်းတစ်ခု ရှိတယ်။ အဲဒါက လက်သီးပဲ။ ”

ဆာလ်ဖာက အစွမ်းထက်ဆုံးဖြစ်သော သွေးစုပ်ဖုတ်ကောင် နှစ်ကောင်ကို လွှတ်လိုက် သော်လည်း အလွယ်တကူ အသတ်ခံလိုက်ရမည်ဟု ဒိုင်ရာ့ခ် မထင်ထားခဲ့ပေ။ ချန်လွေ့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်ကိုကြည့်ရင်း ထွက်ပြေးချင်နေသော်လည်း ဒိုင်ရာ့ခ်၏ ‌ခြေထောက်များ မလှုပ်ရှားနိုင်တော့‌ပေ။

ဒီ “ချာလီစ်” က ကြောက်စရာပဲ။

ပို၍ ကြောက်စရာကောင်းသည်မှာ ခုနက သူ့ကိုကယ်တင်ခဲ့သော မှော်ပစ္စည်းသည် အချိန်တိုအတွင်း ထပ်ပြီး သုံး၍မရရတော့ခြင်းပင်။

“ ငါ့ကို မသတ်နဲ့။ ငါက တော်ဝင်မိသားစုက။ ”

သူ၏စကား မဆုံးသေးခင်မှာပင် ဗိုက်ကို လက်သီးဖြင့် ခပ်ပြင်းပြင်း အထိုးခံလိုက်ရသည်။ နာကျင်လွန်းလှသည့်အတွက် သူ ဝပ်တုပ်သွားပြီး မျက်ရည်များပင် ထွက်လာခဲ့သည်။

သူ စကားဆက် မပြောနိုင်ခင်မှာပင် နံရိုးအောက်ပိုင်း၌ နောက်တစ်ကြိမ် ကန်ခံမိသွား၏။ ဒိုင်ရာ့ခ်သည် အရိုးကျိုးသော အသံကိုပင် သေသေချာချာ ကြားခဲ့ရသည်။ သူ အော်ဟစ် လိုက်ပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။

ဒိုင်ရာ့ခ်သည် ဒဏ်ရာကို ဖုံးထားရင်း အလျင်အမြန် ခေါင်းညိတ်ကာ အသက်ပင် မရှူရဲတော့ပေ။

“ ဆာ။ ကျူုပ်ကို အသက် ချမ်းသာပေးပါ။ ”

“ ကျုပ် ရူးရူးမိုက်မိုက်နဲ့ ဆာ့ကို အာခံမိခဲ့ပါတယ်။ ကျုပ် ထပ်မလုပ်ရဲတော့ပါဘူး။ ”

အကယ်၍ ဒိုင်ရာ့ခ်သာ ခေါင်းမာမည်ဆိုလျှင် ချန်လွေ့ တစ်မျိုးမြင်ဦးမည် ဖြစ်သည်။ သို့သော် သူသသည် အစကတည်းက ခြေဟန်လက်ဟန်နှင့် ပြောဆိုနေပြီး အခြားများ နောက်ကွယ်တွင် ပုန်းအောင်းနေခဲ့သည်။ ယခုတွင် သူသည် အမြီးနှံ့ပြီး အသက်ချမ်းသာ ပေးရန် တောင်းပန်နေလေသည်။ ၎င်းသည် အမှန်တကယ်ပင် စက်ဆုပ်စရာကောင်းလှ၏။

သို့သော်လည်း ထိုသူသည် အပေါ်ယံ၌သာ တောင်းပန်ပြီး စိတ်ထဲ၌ အံကြိတ်ကာ လက်စားချေရန် တွေးနေကြောင်း ချန်လွေ့ ကောင်းကောင်းသိသည်။

ဒိုင်ရာ့ခ်သည် တော်ဝင်မိသားစုမှ ဖြစ်သည်။ အကယ်၍ ချန်လွေ့ကို သူ့ကို သတ်ပစ်လျှင် အစီအစဉ်ကို အနှောင့်အယှက် ဖြစ်စေနိုင်သည့် အဆုံးမရှိသော ပြဿနာများ ဖြစ်လာမည်မှာ အသေအချာပင် ဖြစ်သည်။ သူ့ကို မသတ်လျှင်လည်း ပြဿနာများ အဆုံးရှိ‌တော့မည် မဟုတ်ပေ။ ချန်လွေ့သည် ခွေးရူးတစ်ကောင်ကို တစ်ချိန်လုံး သတိထားမနေချင်ပေ။

ချန်လွေ့သည် မြေပေါ်၌ သတိလစ်နေသော မသေမျိုး မှော်ပညာရှင်အား ကြည့်ပြီး အသာလေး မေးလိုက်သည်။

“ မင်း အသက်ရှင်ချင်လား။ ”

ဒိုင်ရာ့ခ်က အလျင်အမြန် ခေါင်းညိတ်ပြီး စိတ်ထဲ၌ တွေးလိုက်သည်။ ဒီနေ့ ငါဒီကနေ လွတ်တာနဲ့ အဆ‌ပေါင်းများစွာ လက်စားချေပစ်မယ်။

“ ဒါဆို....အခုချက်ချင်း အဝတ်အစားတွေ ချွတ်လိုက်။ ”

ဒိုင်ရာ့ခ် ကြက်သေသေသွားပြီး နားကြားမှားလေသလားဟု တွေးမိလိုက်သည်။

“ မင်းရဲ့ အင်္ကျီနဲ့ ဘောင်းဘီတွေကို ချွတ်။ ငါ နောက်တစ်ခေါက် ပြောမှာ မဟုတ်ဘူး။ ”

ချန်လွေ့က ကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်း အငွေ့အသက်ကို အသာလေး ထုတ်လွှတ်လိုက်သည်။

ဒိုင်ရော့ခ်သည် ယောက်ျားများကို နှစ်သက်သော မြို့တော်၏ အထက်တန်းလွှာများကို တွေးမိသွားပြီး သိမ့်သိမ့်တုန်သွားကာ ကျောရိုးတစ်လျှောက် ကြက်သီး ထသွားတော့သည်။ သူ မုဒိန်းကျင့်ခံရမည့်နေ့ရက် ‌ရောက်ရှိလာလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ဖူးပေ။

ယခုတွင် သူသည် ချန်လွေ့အား ရန်စခဲ့ခြင်းကို အမှန်တကယ် နောင်တရနေလေပြီ။

ချာလီစ်နဲ့ အစ်ဇဘယ်လာက ကလူကျီစယ် နေကြတယ်လို့ ဘယ်ခွေးမသားပြောခဲ့တာလဲ။ သူက ယောက်ျားတွေကို ကြိုက်တာ သိသာနေတာကြီး။ ချန်လွေ့၏ သတ်ဖြတ်ချင်သောအကြည့်က ဒိုင်ရော့ခ်ကို ပို၍ပင် ကြက်သီးထသွားစေခဲ့ပြီး တစ်ချိန်တည်းမှာပင် သူ၏ဖင်လည်း ကျုံ့သွားခဲ့သည်။ နောက်ဆုံး၌ သူသည် အဝတ်အစားများကို တစ်ခုချင်းချွတ်ပြီး အနိုင်ကျင့် ခံရတော့မည့် မိန်းကလေး တစ်ယောက်သဖွယ် တုန်လှုပ်နေတော့သည်။

ဒိုင်ရော့ခ်က နောက်ဆုံးဘောင်းဘီတိုလေးကို အတင်းဆွဲချွတ်လိုက်ချိန်၌ ချန်လွေ့ ပေးလိုက်ပြန်သည်။

“ ဆာလ်ဖာရဲ့ အဝတ်အစားတွေကို သွားချွတ်။ ”

ဒီဆာက သုံးယောက်တစ်တွဲ လုပ်ချင်တာလား။ ဒိုင်ရော့ခ်က သတိလစ်နေသော မသေမျိုး မှော်ပညာရှင်ထံသို့ လက်ဆန့်လိုက်သည်။

သို့သော်လည်း ကိစ္စများသည် သူစိုးရိမ်ထားသကဲ့သို့ ဖြစ်ဟာခဲ့ဟန် မတူပေ။

“ ဟုတ်ပြီ။ မင်း သူ့ကိုဖက်လိုက်။ ဟုတ်တယ်။ ဒီလိုပုံစံ.... ”

“ ပိုပြီးတော့ မြတ်နိုးတဲ့အမူအရာ လုပ်..... ”

“ သူ့ရဲ့နားကို ကလိထိုး... ”

“ နောက်ပုံစံ တစ်ခုပြောင်း... ”

“……………”

“…”

ချန်လွေ့သည် လက်ထဲမှ မှတ်တမ်းတင် သလင်းကျောက်ကို ဆုပ်ကိုင်ထားရင် ပျို့အန်ချင်စိတ်ကို ထိန်းထားလိုက်သည်။ သူသည် ကိုယ်လုံးတီး ယောက်ျားနှစ်ယောက်အား အမျိုးမျိုးသော ချစ်ခင်မြတ်နိုးသည့်ပုံစံများ တရစပ်ပြုလုပ်ရန် အမိန့်ပေးခဲ့သည်။ ၎င်းသည် ပုံစံများသာဖြစ်သည်။ ချန်လွေ့သည် သူတို့ကို အမှန်တကယ် “နက်နက်ရှိုင်းရှိုင်း” မလုပ်ခိုင်းခဲ့ပေ။

“ ကောင်းပြီ။ အင်္ကျီဝတ်လိုက်တော့။ ”

ချန်လွေ့၏အသံသည် အနည်းငယ် ထုံထိုင်းနေသော ဒိုင်ရာ့ခ်အား ရပ်တန့်သွားစေခဲ့ပြီး အဝတ်အစားများကို အလျင်အမြန် ဝတ်လိုက်သည်။

“ မင်းတို့နှစ်ယောက် တရင်းတနှီးနေနေတဲ့ ပုံရိပ်တွေအားလုံး ဒီမှတ်တမ်းတင် သလင်းကျောက်ထဲမှာ ရှိတယ်။ ”

ချန်လွေ့က လက်ထဲမှ သလင်းကျောက်ကို မြှောက်လိုက်သည်။

“ ဒီနေ့ကိစ္စ မဖြစ်ခဲ့ဘူးလို့ ငါသဘောထားလို့ရတယ်။ ဒါပေမဲ့ ငါ့နောက်ကွယ်မှာ မင်းလှုပ်ရှားရဲတယ်ဆိုတာ ငါသိခဲ့ရင်တော့ ဒီသလင်းကျောင်းကို မိတ္တူပွားပြီးတော့ ကြယ်ကြွေတမန်အင်ပါယာက လူတိုင်းကို မျှဝေလိုက်မယ်။ မင်း နာမည်ကြီးချင်ရင် စမ်းကြည့်လို့ရတယ်။ ”

“ မင်း....မင်းက တကယ့် နတ်ဆိုးပဲ။ ”

ဒိုင်ရာ့ခ် ဖင်ထိုင်လဲကျသွား၏။

All Chapters