ခရိုဘဲလက်စ်၊ ရန်သူရဲ့ “မုဆိုးမ”လား
Vol. 23 Ch. 339
ချန်လွေ့ ခဏစဉ်းစားပြီး ပုလင်းကိုယူကာ အကုန် သောက်လိုက်သည်။ သောက်ပြီးသည့်အခါ အဝေးမှ ယောက်ျားများကလည်း ပြပွဲတစ်ခု ကြည့်နေသကဲ့သို့ ဖြစ်နေပုံရသည်။
“ အရသာကောင်းသားပဲ။ ဒါပေမဲ့ နောက်ဆက်တွဲ သက်ရောက်မှုက သိပ်မကောင်းဘူး။ ”
ချန်လွေ့ ခဏတာ မတ်တပ်ရပ်ပြီးနောက် ထိုင်ချလိုက်သည်။ ထို့နောက် “သိုလှောင်လက်စွပ်” ထဲမှ ဝိုင်ပုလင်းတစ်လုံးထုတ်ပြီး ထိုအမျိုးသမီးကို ကမ်းပေးလိုက်သည်။
“ ကျုပ်ရဲ့ ညီပေးထားတဲ့ ဒီခရမ်းဘယ်ရီဝိုင်ကို သောက်ကြည့်။ ဒါက အရိပ်နက်အင်ပါယာရဲ့ အထူးထုတ်ကုန်လို့ ပြောတယ်။ ”
ဆံပင်အစိမ်းရောင်နှင့်အမျိုးသမီး အနည်းငယ် အံ့အားသင့်သွားသော်လည်း ၎င်းကို ယူလိုက်သည်။ သူသည် ပုလင်းကိုဖွင့်ရန်အတွက် မည်သည်မှမလိုဘဲ ကျောက်စိမ်းဖြူသွားများဖြင့် ကိုက်ဖွင့်လိုက်၏။ ၎င်းကို အနံ့ခံကြည့်လိုက်ရာ သူ ပျော်ရွှင်သွားပုံရသည်။ သူ အကြီးကြီးတစ်ငုံသောက်ပြီးနောက် ချန်လွေ့အား တစ်ခါတည်း ပြန်ပစ်ပေးလိုက်သည်။ ချန်လွေ့လည်း မရှောင်တိမ်းဘဲ ၎င်းကို ယူလိုက်သည်။ တစ်ငုံနှစ်ငုံ သောက်ပြီးနောက် ချန်လွေ့က နောက်ထပ် ပုလင်းတစ်လုံးထုတ်ကာ ကမ်းပေးလိုက်သည်။
ပွဲကြည့်နေကြသူများ၏ အမူအရာများသည် မယုံကြည်နိုင်စရာများ ဖြစ်သွားသကဲ့သို့ပင် ကြက်သေသေသွားခဲ့ကြသည်။ အမှန်တကယ်၌ ချန်လွေ့သည် ခုနက မူမမှန်မှုကို ခံစားမိခဲ့သည်။ ထိုအမျိုးသမီးထံမှ ပထမဆုံးအကြိမ် ပုလင်းကို လက်ခံပြီးသည့်အခါ စူပါစနစ်မှ အသိပေးချက်တစ်ခု ပေါ်ထွက်လာခဲ့၏။
“ အဆိပ်စွမ်းအင် တွေ့ရှိ။ အလိုအလျောက်စုပ်ယူပြီး။ ”
သို့ရာတွင် အဆိပ်နဂါး ပါ့ဂ်လီအိုထံမှ အစွမ်းထက်သော အဆိပ်သည်ပင် ချန်လွေ့ကို သတိမလစ်စေနိုင်ခဲ့ပေ။ ထိုကဲ့သို့သောအဆိပ်သည် အရှိန်အဝါပမာဏ အနည်းငယ် တိုးလာစေခြင်းမှလွဲ၍ ချန်လွေ့ကို ဘာမျှ မဖြစ်စေခဲ့။ေ
အစပိုင်း၌ ထိုအမျိုးသမီးကို ချန်လွေ့ မငြင်းခဲ့ခြင်းမှာ ရုပ်ရည်ကြောင့်မဟုတ်ဘဲ [ သရုပ်ခွဲမျက်လုံး ] မှ အရိပ်အမြွက်ကြောင့်ပင် ဖြစ်လေ၏။
မျိုးနွယ် - နဂါး (မြနဂါး)
စွမ်းအားအကဲဖြတ်မှု - မဆုံးဖြတ်နိုင်။
ဒီနန်းတော် ကြိုဆိုကပွဲမှာ နောက်ထပ် နတ်ဆိုး အရှင်သခင်အဆင့် ပုဂ္ဂိုလ်တစ်ယောက်နဲ့ တကယ်ကြီး ငါတွေ့ပြန်ပြီ။ ပြီးတော့လည်း သူက နဂါးကြီး။
မြနဂါးသည် အဆိပ်ရှိသော သန္ဓေပြောင်း နဂါးစိမ်း ဖြစ်သည်။ ကြံ့ခိုင်သောခန္ဓာကိုယ်ရှိပြီး ရေဒြပ်စင်မှော် ကျွမ်းကျင်သည်။ သို့သော်လည်း အဆိပ်တစ်ခုတည်းတွင် အပြင်းထန်ဆုံး အဆိပ်ရှိသော အဆိပ်နဂါးကဲ့သို့ မပြင်းထန်ပေ။
ထိုအမျိုးသမီးက ချန်လွေ့အား ပထမဆုံး ဝိုင်ပုလင်း ပေးလိုက်သည့်အခါ “ပါဝင်ပစ္စည်း” အနည်းငယ် ထပ်ပေါင်းထည့်ခဲ့သည်။ သူသည် ထိုလူသစ်အား စနောက်ချင်ခဲ့သည်။ သို့သော်လည်း မမျှော်လင့်ဘဲနှင့် တစ်ဖက်လူသည် လုံးဝသက်ရောက်မှု မခံရပေ။ ဒုတိယအကြိမ်၌ ၎င်းသည် စနောက်သော အဆိပ်ပျော့ မဟုတ်တော့ဘဲ အတော်လေးပြင်းထန်သော အဆိပ်ပြင်း ဖြစ်သွား၏။ သို့သော်လည်း ချန်လွေ့သည် မည်သည့်မူမမှန်မှုများ မပြသဘဲ ပုံမှန်အတိုင်းပင် သောက်လိုက်လေသည်။
“ နင့်ရဲ့ခွန်အားက သိပ်မကောင်းဘူး။ ဒါပေမဲ့ နင့်စွမ်းရည်ကတော့ နည်းနည်း စိတ်ဝင်စားစရာပဲ။ ”
ထိုအမျိုးသမီး ခေါင်းညိတ်လိုက်ပြီး စားပွဲပေါ်မှ သစ်သီးပန်းကန်ကို ကောက်ယူကာ ချန်လွေ့ကို ကမ်းပေးလိုက်သည်။
“ စားကြည့်။ ”
ချန်လွေ့က ၎င်းကိုယူပြီး တစ်ကိုက် ကိုက်လိုက်သည်။ သူ၏မျက်နှာပေါ်မှအမူအရာ ရုတ်တရက် ပျက်ယွင်းသွား၏။ သစ်သီးထဲ၌ အဆိပ်မရှိပေ။ သို့သော် အရသာမှာ ဖန်ခါးလှပြီး အနံ့စူးရှလှသည်။ ခေါင်းတစ်လျှောက် ကြက်သီးများထသွားပြီး ချန်လွေ့ သိမ့်သိမ့်တုန်သွား၏။
ချန်လွေ့၏ တုံ့ပြန်မှုကြောင့် ထိုအမျိုးသမီးက ကောက်ကျစ်စွာပြုံးပြီး မျက်နှာ ရုတ်တရက် အေးစက်သွားတော့သည်။
“ နင်က ငါ့ရဲ့ ဈေးအကြီးဆုံးနဲ့ သီးသန့်မူပိုင် အိပ်ငိုက်ပြေစားစရာကို စားခဲ့တယ်။ သိုလှောင်လက်စွပ်ထဲက ရှိသမျှအားလုံး ထုတ်ပေး။ မဟုတ်လို့ကတော့ ဒီမေမေကြီး ရိုင်းတယ်လို့ အပြစ်မတင်နဲ့။ ”
လခွမ်းကို မူပိုင်စားစရာလား။ ပြီးတော့ ဈေးအကြီးဆုံးပါ ဖြစ်နေသေးတယ်။
“ ဒါက ဓားပြတိုက်တာလား။ ”
“ ဒါပေါ့။ ”
ထိုစကားလုံးသည် ထိုမိန်းမလှ၏ မျက်လုံးများကို အရောင်တောက်စေခဲ့သည်။
နဂါးတွေက ပိုက်ဆံကလွဲပြီး ဘာမှဂရုမစိုက်တဲ့ ကျွမ်းကျင်ဓားပြတွေပဲ။
ဒါက ဒါကို နန်းတော်ကပွဲမှာ တကယ်ကြီး ပြောင်ပြောင်တင်းတင်း လုပ်နေတယ်။
ဒါနဲ့ ပါ့ဂ်လီအိုလည်း ဒီလိုပဲလုပ်ခဲ့တာပဲ။ သူ့ရဲ့ ချင်ခြင်း တက်လာတဲ့အခါ အနီးအနားမှာ အမဲမလိုက်ဘူးဆိုတဲ့ စည်းမျဉ်းကို ဂရုမစိုက်တော့ဘူး။ သူက အမှောင်လမြို့အနှံ့ လိုက်ရှာခဲ့တယ်။ ဒါပေမဲ့ ဝမ်းနည်းစရာကတော့ အဲဒီဆင်းရဲတဲ့နေရာမှာ ဘာမှ ရှိမနေခဲ့ဘူး။
ထိုအချိန်၌ အစ်ဇဘယ်လာ၏အသံ ထွက်လာသည်။
“ ချာလီစ်။ရှင်ဒီမှာပဲ။ ”
ထိုအမျိုးသမီးက အစ်ဇဘယ်လာကို တွေ့သည့်အခါ မျက်မှောင်ကြုတ်လိုက်သည်။
“ နင်တို့အချင်းချင်း သိကြတာလား။ ”
“ ဒါပေါ့။ ချာလီစ်က ငါ့ရဲ့ ယုံကြည်ရတဲ့ မိတ်ဆွေ အသစ်လေ။ ငါနင့်ကို သူနဲ့ မိတ်ဆက်ပေးတော့မလို့။ ”
အစ်ဇဘယ်လာ ပြုံးရင်း ပြောလိုက်သည်။
“ ချာလီစ်။ ဒါက ကျွန်မ ရှင့်ကိုပြောခဲ့တဲ့ အချစ်ဆုံး မိတ်ဆွေ ခရိုဘဲလက်စ်လေ။ ”
လက်စသတ်တော့ ဒီမြနဂါး “မေမေကြီး”က ခရိုဘဲလက်စ်ကိုး။ ဒါကြောင့် နီရိုတောင် သူ့ကို ရန်မစရဲတာကိုး။
အစ်ဇဘယ်လာ ပြုံးရင် ပြောလိုက်သည်။
“ ရှင်တို့နှစ်ယောက် ဘာပြောနေကြတာလဲ။ နှစ်ယောက်သား အဆင်ပြေနေကြတဲ့ပုံပဲ။ ”
ခရိုဘဲလက်စ်၏ ခြိမ်းခြောက်သည့်အမူအရာကို မြင်သွားပြီး ချန်လွေ့ ပြုံးလိုက်သည်။
“ ငါက မစ်-ခရိုဘဲလက်စ်ကို လောင်းတာ ရှုံးသွားတာပါ။ အဲဒါကြောင့် အရှုံးကို လက်ခံပါတယ်။ ဒါက ကျုပ်ရဲ့ လောင်းကြေး။ လက်ခံပေးပါ။ ”
ခရိုဘဲလက်စ်က ချန်လွေ့ကမ်းပေးသော သေတ္တာကို အံ့အားသင့်စွာ ကြည့်ပြီး ဖွင့်လိုက်သည်။ ထိုထဲ၌ လက်သီးဆုပ်အရွယ် အနီရောင် ကျောက်မျက်တစ်ခု ရှိနေပြီး ခမ်းနားလှသော ရောင်ခြည်များ ထွက်နေ၏။ ၎င်းတွင် ထူးဆန်းသော စွမ်းအားများ ပါရှိနေဟန် တူသည်။
အမှန်အတိုင်းပြောရလျှင် ထိုကျောက်မျက်သည် ကြီးမားပြီး တောက်ထိန်ပုံရသော်လည်း “ ကြီးမား ” ပြီး “အရောင်တောက်” ခြင်းသည် နဂါးများ ပစ္စည်းကို ရှုစားရာ၌ အရေးကြီးသော အဓိကအချက်များ ဖြစ်ကြ၏။ ထိုကြောင့် ခရိုဘဲလက်စ်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ သူ၏ အစိမ်းရောင်ဖျော့ မျက်လုံးထဲတွင် ယခုတွင် ထိုကျောက်မျက်မှ အနီရောင်သာ ပြည့်နှက်လျက် ရှိနေသည်။
သူ၏ရတနာများ အထဲ၌ပင် ထိုကျောက်မျက်သည် အတော်လေးကြီးမားပြီး တောက်ပသည်ဟု ယူဆ၍ ရနိုင်ပေသည်။ ဒါက ထိပ်တန်းအဆင့် ကျောက်မျက်ပဲ။
“ အမ်း...ချာလီစ်။ နင်က သိပ်ကိုဖော်ရွေတာပဲ။ ”
ပစ္စည်း လာဘ်ထိုးမှုကြောင့် နဂါးမသည် ချက်ချင်းပင် အမူအရာ ပြောင်းလဲသွားခဲ့သည်။ ယခင် ဓားပြမျက်နှာ လုံးဝပျောက်ကွယ်သွားပြီး အပြုံးမျက်နှာသာ ကျန်ရစ်နေတော့သည်။
“ ချာလီစ်။ ကျွန်မလည်း ရှင့်နဲ့ လောင်းချင်တယ်။ ”
အစ်ဇဘယ်လာ၏အကြည့် ကျောက်မျက်ပေါ် ရောက်ရှိသွားပြီး မြတ်နိုးစွာ ပြောလိုက်သည်။ ထိုကဲ့သို့ ညှို့ဓာတ်အပြည့်နှင့်လေသံသည် လူတစ်ယောက်လုံးကို ထုံထိုင်းသွားစေနိုင်၏။
“ အာ...ရင်းနီ။ ငါမင်းကို မနေ့တစ်နေ့တုန်းက ပင်လယ်ပြာ ပုတီးတစ်ကုံး ရှုံးသွားခဲ့တယ် မဟုတ်လား။ မေ့သွားပြီလား။ ”
ချန်လွေ့ ပြုံးလိုက်သည်။
“ ငါ့မှာ ထပ်ပြီး ရှုံးစရာ မရှိတော့ဘူး။ ”
အစ်ဇဘယ်လာက ပုတီးကုံးအား နောက်ပိုင်း ပို့လိုက်မည်ဖြစ်ကြောင်း ချန်လွေ့ပြောသည်ကို ကြားလိုက်သည့်အခါ ပို၍ပင် ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သည်။
“ အို့။ မေ့နေတာ။ အဲဒါက အခုလက်တလော ပြဿနာ အသေးလေးကြောင့်ပါ။ အဲဒီကိစ္စကိုတောင် ကျွန်မ မေ့သွားခဲ့တယ်။ ”
“ ပြဿနာကိစ္စ ဟုတ်လား။ ”
ချန်လွေ့က စိုးရိမ်လျက် မေးသည်။
“ အားလုံး အဆင်ပြေရဲ့လား။ ငါ ကူညီပေးရမလား။ ”
“ ချောင်ကျတဲ့နယ်မြေတစ်ခုမှာ ကိစ္စတစ်ခု ဖြစ်သွားရုံပါပဲ။ ပြဿနာကြီး မဟုတ်ပါဘူး။ ”
အစ်ဇဘယ်လာက ပုံမှန်အတိုင်း ပြောပြီး စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“ ဘက်တီ။ ဒီလိုမျိုး မိတ်ဆွေအသစ် တစ်ယောက်ကို နင်ချီးကျူးတာ ကြားရခဲတယ်။ အထူးသဖြင့် ယောက်ျားတစ်ယောက်ကိုပေါ့။ ”
“ဘက်တီ” ဆိုသည်မှာ ခရိုဘဲလက်စ်၏ နာမည်ပြောင် ဖြစ်သည်။ မြနဂါးမ၏ နှလုံးသားထဲ၌ ကျားမဟူသည် အရေးမကြီးပေ။ ဒီလူက တန်ဖိုးကြီး ရတနာတွေကို ပေးခဲ့တယ်။ ပြီးတော့ တကယ်လည်း အလိုက်သိတယ်။ ခရိုဘဲလက်စ်က ချက်ချင်းပင် သဘောတူပြီး ခေါင်းညိတ်လိုက်သည်။
“ ချာလီစ်။ ဘက်တီက မြို့တော်မှာ အလှဆုံး အမျိုးသမီးပဲ။ သူက ကျွန်မထက် သာတယ်။ ဒါပေမဲ့ သူ့ရဲ့လိုအပ်ချက်က မြင့်မားပြီးတော့ သာမန် ယောက်ျားတွေကို စက်ဆုပ်တယ်။ ရှင့်ကို အခုလို အကောင်းမြင်တာက ရှားရှားပါးပါးပဲ။ ဒါက ရှင့်အတွက် အခွင့်အရေးပဲ။ ”
အစ်ဇဘယ်လာက သူတို့ကို အတွဲဖြစ်စေရန် စိတ်အားထက်သန်နေပုံရသည်။
ရုပ်ရည်အရ ခရိုဘဲလက်စ်သည် အမှန်တကယ်ပင် ရှားပါးလှသော မိန်းမလှတစ်ယောက် ဖြစ်သည်။ သို့သော်လည်း စားသောက်ခြင်းဖြစ်ဖြစ်၊ လုယက်ခြင်း ဖြစ်ဖြစ်တို့ကြောင့် သူ့ကို လူထူးဆန်းဟု သတ်မှတ်၍ ရနိုင်ပေသည်....။ ဒါကြောင့် ဒီနေရာကို ဘယ်သူမှ မချဉ်းကပ်ရဲပြီးတော့ သူ့ကိုကဖို့ မဖိတ်ရဲတာကိုး။ သူတို့တွေ ပိုက်ဆံအပြည့်နဲ့ လာပြီးတော့ မွဲပြာပြီး ပြန်လာရမှာ။
“ မစ်-ခရိုဘဲလက်စ်က တော်တော်လေး အစွမ်းထက်တယ်။ ကျုပ်က အားနည်းလွန်းတယ်။ ဒီလိုမျိုး ကျုပ် မမျှော်လင့်ရဲပါဘူး။ ”
ချန်လွေ့က အလျင်အမြန် ခေါင်းခါလိုက်သည်။ ပါ့ဂ်လီအိုကဲ့သို့ လူထူးဆန်းကပင် ထိုကဲ့သို့ ကြမ်းတမ်းသော အမျိုးသမီးနှင့် အဆင်ပြေမည် ဖြစ်ပေသည်။
“ မိန်းမတစ်ယောက်က ဘယ်လောက်ပဲ အစွမ်းထက်ပါစေ၊ သူက မိန်းမတစ်ယောက်ပဲလေ။ ”
အစ်ဇဘယ်လာ သက်ပြင်းချလိုက်ပြီး သနားစရာ အမူအရာ ပြုလုပ်လိုက်သည်။ သူ၏မျက်လုံးများ ပြောင်းသွားပြီး တစ်စုံတစ်ခု ကြံစည်နေဟန်တူ၏။
“ နင်ဘာပြောလိုက်တာလဲ။ ”
အဓိက ဇာတ်ကောင်ဖြစ်သော ခရိုဘဲလက်စ်က ရတနာ၏ ညှို့ဓာတ်မှ အခုပင် နိုးထလာခဲ့သည့်အတွက် ယခင်က သူတို့ပြောခဲ့သည်ကို လုံးဝ သတိမထားမိနေပေ။
အစ်ဇဘယ်လာက ခရိုဘဲလက်စ်၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။
“ ငါပြောတာက ငါတို့ရဲ့ တစ်ကိုယ်တည်း ဖြစ်နေတဲ့ မစ်-ဘက်တီက ချစ်သူတစ်ယောက် လိုနေတယ်လို့ပါ။ ပြီးတော့ ချာလီစ်က အသင့်တော်ဆုံးပဲ။ ”
“ မဖြစ်နိုင်ဘူး။ ငါ့နှလုံးသားထဲမှာ ယောက်ျားတစ်ယောက်ပဲ ရှိတယ်။ ငါ ချစ်သူ ထပ်မလိုချင်ဘူး။ ”
ခရိုဘဲလက်စ်က ခေါင်းကို ခိုင်မာစွာ ခါရမ်းရင်း ချန်လွေ့အား တရားသဖြင့် ပြောလိုက်သည်။
“ ကျောက်မျက်အသေးလေးနဲ့ ငါ့ကို စိတ်လှုပ်ရှားအောင် လုပ်နိုင်မယ် မထင်နဲ့။ နင့်ရဲ့ ကြိုးစားမှုလေးကို လက်လျှော့လိုက်တော့။ ”
ထိုသို့ပြောလိုက်သော်လည်း ခရိုဘဲလက်စ်သည် ကျောက်မျက်“အသေးလေး”ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဆဲပင် ဖြစ်၏။ ယောက်ျားတစ်ယောက်က “စကားရုပ်သိမ်း” ချင်လျှင်ပင် ပြန်ယူရန် မဖြစ်နိုင်ပေ။
မြနဂါးမ၏ မမှိတ်မသုန် အမူအရာကို ကြည့်ရင်း ချန်လွေ့ တိတ်တဆိတ် ချွေးပြန်သွား၏။
“ မစ်-ခရိုဘဲလက်စ် အထင်လွဲနေပါပြီ။။ ဒါက အစ်ဇဘယ်လာ နောက်လိုက်တာပါ။ ကျောက်မျက်က ကျုပ် ခင်ဗျားကို လောင်းကြေးရှုံးသွားတာလေ။ ဘယ်လိုလုပ် ပြန်ယူရမှာလဲ။ ”
ခရိုဘဲလက်စ် အနည်းငယ် စိတ်ငြိမ်သွားသော်လည်း အစ်ဇဘယ်လာက ခေါင်းရမ်းလိုက်သည်။
“ ဘက်တီ။ နင်က တော်တော် ခေါင်းမာတာပဲ။ ရာနိုင်းရီ ဆိုတဲ့သူ သေသွားပြီ မဟုတ်လား။ ပြီးတော့ အဲဒါက တော်တော်ကြာပြီပဲ.... ”
ရာနိုင်းရီ ဟူသော နာမည်ကို အမှတ်မထင် ကြားလိုက်ရသည့်အခါ အစပိုင်း၌ ချန်လွေ့ ဘာမျှ မခံစားခဲ့ရပေ။ သို့သော်လည်း တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားရာ ကြောက်ရွံ့သွားခဲ့သည်။
“အာသာ”ဟူသော နာမည်ကဲ့သို့ပင် ရာနိုင်းရီသည် နတ်ဆိုးဘုံ၌ သာမန်နာမည်တစ်ခုသာ ဖြစ်သည်။ အနည်းဆုံး ထိုနာမည်မျိုး ထောင်သောင်းမက ရှိနိုင်ပေသည်။ အကယ်၍ ချန်လွေ့သာ ခရိုဘဲလက်စ်၏ မျိုးနွယ်ကို မသိခဲ့လျှင် ၎င်းကို သိပ်ပြီးဂရုစိုက်မိလိမ့်မည် မဟုတ်ပေ။
ဒါပေမဲ့ ငါ့အရှေ့က မိန်းမလှက မြနဂါးပဲ။ ပြီးတော့ သူ့ယောက်ျားနာမည် ရာနိုင်းရီ( နဂါးဖြစ်ဖို့များ ) က သိပ်မကြာခင်က သေသွားခဲ့တယ်။ အဲဒါက....
ချန်လွေ့က သတိဖြင့် အတည်ပြုရန် မေးလိုက်သည်။
“ နှောင့်ယှက်မိလို့ ခွင့်လွှတ်ပေးပါ။ အဲဒီ ရာနိုင်းရီက... ”
“ ရာနိုင်းရီက အသတ်ခံလိုက်ရတာ။ ”
ခရိုဘဲလက်စ် သွားဖြဲပြပြီးနောက် မျက်လုံးထဲမှ သတ်ဖြတ်ချင်စိတ်များ ထွက်လာတော့သည်။ ၎င်းသည် ယခင်က ဟန်ဆောင်လုယက်သည်နှင့် လုံးဝ ကွာခြားနေသည်။
“ နှစ်ပေါင်းများစွာ ကြာခဲ့ပြီးတော့ ရန်သူက တော်တော်လေး အစွမ်းထက်ပေမဲ့ ဒီအမုန်းတရားကို ငါအမြဲတမ်း မှတ်မိနေခဲ့တယ်။ ငါ အဲဒီရန်သူကို ရှာပြီးတော့ သူ့အတွက် လက်စားချေရမယ်။ ”
ချန်လွေ့၏နှလုံးသား တုန်လှုပ်သွားခဲ့သည်။ ရာနိုင်းရီမှာ လျို့ဝှက်ဆန်းကြယ်သော ငွေသေတ္တာအတွက် အဆိပ်နဂါး ပါ့ဂ်လီအိုနှင့် တိုက်ခိုက်ပြီး အသတ်ခံလိုက်ရသော နဂါးပြာဖြစ်ကြောင်း သေချာသွားလေပြီ။ မူလက ချန်လွေ့သည် ပါ့ဂ်လီအိုအား အသုံးချပြီး ခရိုဘဲလက်စ်ကို စည်းရုံးချင်ခဲ့သည်။ သို့သော်လည်း ယခုတွင် ချန်လွေ့သည် ၎င်းကို တွေးပင်မတွေးရဲတော့ပေ။
သူ့ယောက်ျားအသတ်ခံလိုက်ရတဲ့ အမုန်းတရား။ အဆိပ်နဂါးရဲ့ ချိပ်ပိတ်ကို မဖြေရှင်းရသေးဘူး။ အဲဒါကြောင့် သူ့စွမ်းအားက နတ်ဆိုးဧကရာဇ်အဆင့် ကိုပဲ ရောက်သေးတယ်။ သူ ခရိုဘဲလက်စ်နဲ့ တကယ် ရင်ဆိုင်ရရင်တော့ နဂါးမီးဖုတ် ဖြစ်သွားလိမ့်မယ်။
ခရိုဘဲလက်စ်ရဲ့ ပုံစံကိုကြည့်ရတာ နှစ်၂၀၀၀ ကြာပြီးတာတောင် အမုန်းတရားက မကွယ်ပျောက်သွားသေးဘူး။ ဒါက လုံးဝကို မပြေလည်နိုင်တဲ့ အမုန်းတရားပဲ။
ချန်လွေ့ အကြံတစ်ခု ရလိုက်ပြီး ပြောသည်။
“ မိန်းကလေးရဲ့ ဝမ်းနည်းစရာ အတိတ်အကြောင်း ပြောမိတဲ့အတွက် တောင်းပန်ပါတယ်။ ကျုပ်ရဲ့ အကန့်အသတ်ရှိတဲ့စွမ်းအားကို စိတ်မရှိဘူးဆိုရင် အဲဒီအချိန် ကျုပ် ခင်ဗျားကို ကူညီပေးပါ့မယ်။ ”
“ အဲဒီရန်သူရဲ့စွမ်းအားက တော်တော်လေး ပြင်းထန်တယ်။ ပြီးတော့ နင့်ရဲ့စွမ်းအားက နိမ့်ပါ့လွန်းတယ်။ ”
ခရိုဘဲလက်စ် တည့်ပြောလိုက်သည်။
“ ဒါပေမဲ့ နင့်ရဲ့ အဆိပ်ဖြေအစွမ်းက အသုံးဝင်နိုင်တယ်။ အဲဒီအချိန်မှ ပြောတာပေါ့။ ”
မစ်-မြနဂါးမသည် ထိုသူထံမှာ အကူအညီမှာ “ ရဲဘော်၊ ငါကူညီပေးမယ် ” ကဲ့သို့ အော်ပြောခြင်းထက် နောက်ကျောကို ဓားထိုးခြင်းဖြစ်ကြောင်း လုံးဝ မသိခဲ့ပေ။
“ ဘက်တီနဲ့ ချာလီစ်တို့က တော်တော်လေး အဆင်ပြေနေမယ်လို့ မထင်ထားခဲ့ဘူး။ ”
အစ်ဇဘယ်လာ ပြုံးလိုက်သည်။
“ မနက်ဖြန် တစ်နေရာသွားပြီးတော့ အေးအေးသက်သာ နေကြမလား။ သိပ်မကြာခင်က သက်တန့်တောင်ကြားနယ်မြေမှာ သက်တန့်တွေ ပေါ်ထွက်လာတယ်လို့ ကြားတယ်။ တကယ့် သက်တန့်တောင်ကြားကို ကျွန်မ ဒီတစ်ခေါက် မြင်ရဖို့ ကံပါလာမှာလား မသိဘူး။ ”
ချန်လွေ့၏ နှလုံးသား လှုပ်ရှားသွားခဲ့သည်။ သူသည် ရှီလန်တောင် မြေအောက်လောကရှိ မြေဒြပ်စင်ဘုရင်ကို ကယ်တင်ရန်အတွက် ဓမ္မတေးသစ်သီးကို မရရှိသေးပေ။ တစ်နှစ် အချိန်သည်လည်း ကုန်ဆုံးရန် သိပ်မကြာတော့ပေ။ အချိန်လွန်သွားသည်နှင့် ဓမ္မတေးသစ်သီးသည် မြေဒြပ်စင်နှလုံးသားကို ပြုပြင်နိုင်တော့မည် မဟုတ်ပေ။ ထို့နောက်တွင် မြေဒြပ်စင်ဘုရင်နှင့် ဒြပ်စင်နှလုံးသားတို့ အမှန်တကယ် အဆုံးသတ်သွားမည် ဖြစ်သည်။
မြေဒြပ်စင်ဘုရင် မိုးရီနှင့် ချန်လွေ့တို့၏ တွေ့ဆုံမှုမှာ ရှီလန်တောင် မြေအောက်မှ ဂလော်ဖင်း ကိစ္စကြောင့်သာ ဖြစ်သည်။ ယခုတွင် အသီနာသည် လုံးဝပြန်ကောင်းသွားပြီး ဂလောင်ဖင်း ပျောက်ကွယ်သွားလေပြီ။ ပြောရမည်ဆိုလျှင် မြေဒြပ်စင်ဘုရင်သည် တန်ဖိုးမရှိတော့ပေ။ ထို့ကြောင့် ချန်လွေ့ ဂရုမစိုက်လျှင်ပင် အဆင်ပြေနေပေမည်။
သို့သော်လည်း မိုးရီသည် မိမိ၏ မိတ်ဆွေ ဖြစ်သည့်အတွက် ချန်လွေ့ ထိုကဲ့သို့ ပြုလုပ်မည် မဟုတ်ပေ။ မြေဒြပ်စင် မြေအောက်လောကအား ကယ်တင်ခဲ့ခြင်းသည် အသီနာအား မိုးရီ ကူညီပေးခဲ့ခြင်းအတွက် လုံလောက်သော်လည်း မည်သို့ပင်ဆိုစေကာမူ သူတို့သည် မိတ်ဆွေများ ဖြစ်ကြပေသည်။
ချန်လွေ့သည် ဓမ္မတေးသစ်သီးအကြောင်းကို စိတ်ထဲ၌ အမြဲတွေးနေခဲ့သည်။ ၎င်းကို သူလုံးဝ မမေ့သေးပေ။ အရိပ်နက်မြို့တော် ယန္တရားပြိုင်ပွဲ၌ သူသည် လူပုံအလယ်၌ ဓမ္မတေးသစ်သီးကို မဟာသတ်သရင်းထံမှ တောင်းဆိုခဲ့ဖူးသည်။ သို့သော်လည်း အရိပ်နက်အင်ပါယာ၌ ထိုကဲ့သို့ ရှားပါးလှသောသစ်သီး ရှိမနေပေ။
ကြယ်ကြွေတမန်မြို့တော်၏ စီရင်ပိုင်ခွင့်အတွင်း သက်တန့်တောင်ကြားတစ်ခုရှိကြောင်း ဆရာသခင်တာတာ ပြောခဲ့သည်ကို ချန်လွေ့ မှတ်မိသည်။ ထိုနေရာ၌ သက်တန့်ပေါ်လာတိုင်း တောင်ကြားပေါ်ထွက်လာသည်။ သက်တန့် ပျောက်ကွယ်သွားလျှင် လမ်းကြားလည်း ပျောက်ကွယ်သွားပြန်သည်။ တစ်စုံတစ်ယောက်သည် တောင်ကြားထဲသို့ လမ်းမှားသွားခဲ့ပြီး ဓမ္မတေးသစ်သီးကို တွေ့ခဲ့သည်။ သို့သော်လည်း ၎င်းကို မခူးနိုင်ခင်မှာပင် ထိုသူသည် ကီလိုမီတာ ဒါဇင်ကျော်အထိသို့ ရောက်ရှိသွားခဲ့သည်။
သက်တန့်တောင်ကြား ပေါ်ထွက်လာခြင်းသည် အချိန်အကန့်အသတ် မရှိပေ။ တစ်ခါတစ်ရံ၌ လအနည်းငယ် ဖြစ်သည်။ တစ်ခါတစ်ခါ တစ်နှစ်၊နှစ်နှစ် ဖြစ်သည်။ နှစ်ရာနှင့်ချီလည်း ဖြစ်လေ့ရှိသည်။ သိပ်မကြာခင်က သက်တန့် အရိပ်အယောင်များ ပြသလာသော သက်တန့်တောင်ကြားအကြောင်း အစ်ဇဘယ်လာ ပြောသည်ကို ကြားလိုက်ရသည့်အခါ ထိုသို့ သွားချင်သော ချန်လွေ့သည် ပို၍ပင် စိတ်ခိုင်မာလာခဲ့သည်။
ခရိုဘဲလက်စ်က တစ်စုံတစ်ခုကို သတိရသွားဟန်တူပြီး မျက်မှောင်ကြုတ်လိုက်သည်။
“ ငါ သက်တန့်တောင်ကြားနားကနေ တစ်ခါ ဖြတ်သွားဖူးတယ်။ အဲဒီမှာ ထူးထူးခြားခြား အန္တရာယ်ရှိတဲ့ အငွေ့အသက်တစ်ခုကို ငါ ခံစားခဲ့ရတယ်။ ရင်းနီ။ အဲဒီနေရာဆီ နင် မသွားသင့်ဘူး။ ”
ချန်လွေ့ စိတ်ထဲ၌ အံ့အားသင့်သွား၏။ ခရိုဘဲလက်စ်လို ပုဂ္ဂိုလ်တောင် အဲဒီနေရာက အန္တရာယ်များတယ်လို့ ခံစားရတယ်။ ကြည့်ရတာ သက်တန့်တောင်ကြားက မရိုးရှင်းတဲ့ပုံပဲ။ ဒါပေမဲ့ ဓမ္မတေးသစ်သီးကို ရဖို့အတွက် ဒီခရီးက တော်တော်လေး အရေးကြီးတယ်။ ဒါပေမဲ့ အဲဒီကို သွားဖို့အတွက် ငါတစ်ယောက်တည်း သွားမှဖြစ်မယ်။ အစ်ဇဘယ်လာဖြစ်ဖြစ်၊ ခရိုဘဲလက်စ်ကိုပဲဖြစ်ဖြစ် ခေါ်သွားလို့ မဖြစ်ဘူး။
“ ရင်းနီ။ ငါ့အခြေအနေက တော်တော်လေး အလျင်လိုနေတယ်ဆိုတာ မင်းသိသင့်တယ်။ ဒီနှစ်ရက် မြို့တော်ကနေ ငါထွက်သွားမယ်။ ပြန်ရောက်ဖို့က အစောဆုံးမှာ လတစ်ဝက်လောက် ကြာမယ်။ ”
ချန်လွေ့က တောင်းပန်သည့် အမူအရာ ပြသလိုက်သည်။
“ နောက်တစ်ခါ မိန်းမလှလေးနှစ်ယောက်ကို အဖော်ပြုပြီး အပြင်သွားပေးမှာပါ။ ကျုပ် ဘယ်တော့မှ ငြင်းမှာ မဟုတ်ပါဘူး။ ”
“ မေမေကြီးက ယောက်ျားတစ်ယောက်နဲ့ အပြင်မသွားချင်ဘူး.....အာ....နေဦး။ ”
ခရိုဘဲလက်စ် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိလိုက်ရင်း လက်ထဲမှ ကျောက်မျက်ကို လှုပ်ရမ်းပြလိုက်သည်။
“ ငါတို့အပြင်သွားပြီးတော့ ပျော်ပါးလို့ရတယ်။ ဒါပေမဲ့ အပြန်အလှန်အနေနဲ့ မင်းမှာရှိတာကို ပေးရမယ်။အမ်း....မျက်စိကို ဖမ်းစားနိုင်တဲ့ လက်ဆောင်တစ်ခု ငါ့ကိုပေး။ ”
ဓားပြမ။
နဂါးထုံးစံအတိုင်း လောဘကြီးချက်။
ချန်လွေ့သည် ထိုမြနဂါးမ၏ ဂုဏ်သိက္ခာကို စိတ်ထဲ၌ စက်ဆုပ်သွားခဲ့သော်လည်း မျက်နှာပေါ်၌ ကျက်သရေရှိစွာ ပြုံးနေလိုက်သည်။
“ စိတ်မပူပါနဲ့။ လေဒီ ကျေနပ်စေရပါမယ်။ ”
အစ်ဇဘယ်လာ ခေါင်းညိတ်လိုက်သည်။
“ ကောင်းပြီ။ အားလုံး အဆင်ပြေပြီ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီနှစ်ရက်မှာ ကိစ္စအသေးလေး တချို့ကို ကျွန်မ ဖြေရှင်းစရာ ရှိတယ်။ ”
အမှန်တကယ်၌ ထို“ကိစ္စအသေးလေး”မှာ အမှောင်လမြို့တွင် ဖြစ်ပွားခဲ့သောအရာ ဖြစ်သည်။
အစ်ဇဘယ်လာ၏ မိစ္ဆာဗိုဒိုကြောင့် “သတိလစ်” နေခဲ့သော လူသား ငြိမ်ဝပ်ပိပြားရေး အရာရှိ ချန်လွေ့သည် မမျှော်လင့်ဘဲနှင့် အသက်ပြန်ရှင် လာခဲ့လေပြီ။