← Chapters

အမှောင်လ၏ ရတနာ

Vol. 23 Ch. 340

အမှောင်လ၏ ရတနာ

Vol. 23 Ch. 340

အမှောင်လမြို့၌ -

ထူးဆန်းသော ရောဂါတစ်ခုကြောင့် သတိလစ်နေခဲ့သော လူသားအရာရှိ ချန်လွေ့သည် သူ၏ချစ်သူ အသီနာ၏ ကြိုးစားအားထုတ်မှုကြောင့် နိုးထလာခဲ့လေသည်။

၎င်းသည် အသီနာကို ကြိုက်နေကြသော ယောက်ျားများအတွက် သတင်းဆိုးပင် ဖြစ်သည်။ သူတို့သည် ချန်လွေ့အား မြန်မြန် သေစေချင်ခဲ့သည်။

မြို့စောင့်တပ်အတွက် ၎င်းမှာလည်း သတင်းကောင်း မဟုတ်ပေ။ လူသားသည် ငြိမ်ဝပ်ပိပြားရေး အရာရှိအဖြစ် တရားဝင်ခန့်အပ်ခြင်း ခံထားရသော်လည်း ကံကောင်း၍သာဖြစ်ကြောင်း လူတိုင်းသိကြသည်။ မြို့စောင့်တပ်သားများ၏ နှလုံးသားထဲ၌ တကယ့်စစ်တပ်မှူးမှာ ငြိမ်ဝပ်ပိပြားရေး အရာရှိကိုယ်စားလှယ် အသီနာပင် ဖြစ်၏။ ချန်လွေ့သည် အသီနာ၏ချစ်သူ ဖြစ်သည့်တိုင် ကောင်းမွန်လှသည် မဟုတ်ပေ။

တော်ဝင်မင်းသမီးအတွက် ၎င်းမှာ သတင်းကောင်း ဖြစ်နိုင်သည်။ ဆိုလိုသည်မှာ တာဝန်တစ်ခုခုကို ဆောင်ရွက်နိုင်မည့် ထပ်တိုးအကူတစ်ယောက် ရှိလာပြီ ဖြစ်စည်။ ယုတ်စွအဆုံး ငြိမ်ဝပ်ပိပြားရေး အရာရှိ၏ သရုပ်သည် ဆုံးဖြတ်ချက်တစ်ခုခု၌ တော်ဝင်မင်းသမီးအတွက် ထောက်ခံပေးနိုင်၏။

တော်ဝင်မင်းသမီးနှင့် မိသားစုကိုယ်စားလှယ်များက လူသားအရာရှိထံသို့ လာလည်ကြသည်။ ချန်လွေ့ နိုးနေပြီဖြစ်သော်လည်း ခန္ဓာကိုယ် ကောင်းကောင်း ပြန်မသက်သာသေးပေ။ သူသည် အလွန် အားနည်းနေပြီး စကားပြောရန်ပင် အတော်အားခဲ နေရသည်။ လူသားက မြို့စောင့်တပ်ကို အသီနာ ဆက်လက်ထိန်းချုပ်ရန် မျှော်လင့်ကြောင်း အထူးတလှယ် ပြောခဲ့သည်။ သူသည် မသက်သာခင် တဖြည်းဖြည်းနှင့် လမ်းမှန်ရောက်နေသော အစောင့်များကို မနှောင့်ယှက်ချင်ပေ။ ၎င်းသည် မြို့စောင့်တပ်သားများကို အလွန်ကျေနပ်သွားစေ၏။

တိုက်ပွဲဘောလုံးကို အလွန်နှစ်ခြိုက်ကြသော အမှောင်လမြို့သူ/သားများအတွက် ၎င်းသည် စကားစမြည်ပြောစရာ တစ်ခုသာ ဖြစ်သည်။ တိုက်ပွဲဘောလုံး ပြိုင်ကွင်းသည် အမြဲပင် လူပြည့်နေသည်။ လက်မှတ်တစ်စောင် ရရှိရန်ပင် ခက်ခဲလှသည်။ မြို့သူ/သားများကလည်း သီးသန့် အသင်းများ ဖွဲ့စည်းလာကြသည်။ သူတို့သည် ကိုယ်ပိုင်ငွေကြေးများကို သုံးပြီး ပြိုင်ကွင်းအား လေ့ကျင့်ရန်အတွက်ပင် ငှားရမ်းကြသည်။ တရားဝင် ပြိုင်ပွဲမရှိသည့်အခါ ပြိုင်ရန်အတွက်လည်း ငှားကြလေ့ရှိသည်။

သို့သော်လည်း ထိုနေ့ရက်များ၌ အမှောင်မြို့အတွင်း ဟိုးလေးတကျော်ကျော် ဖြစ်နေသော အကြောင်းမှာ တိုက်ပွဲဘောလုံးအ‌ကြောင်း မဟုတ်သလို လူသားအကြောင်းလည်း မဟုတ်ပေ။ ၎င်းမှာ..... ရတနာအကြောင်းပင် ဖြစ်လေသည်။

နတ်ဆိုးဘုံ တည်ရှိနေသည်မှာ နှစ်ပေါင်း သောင်းနှင့်ချီပြီ ဖြစ်သည်။ အတက်အကျ အနိမ့်အမြင့် များစွာ ရှိခဲ့သည်။ နတ်ဆိုးဘုံရှိ နယ်မြေတိုင်း၌ ရတနာ ဒဏ္ဍာရီများ ရှိကြသည်။ သို့သော်လည်း အများစုမှာ အလိမ်အညာများသာ ဖြစ်ကြသည်။ ရှာတွေ့သည်များမှာ မရှိသလောက် နည်းပါးလှ၏...

သို့သော်လည်း ယခုတစ်ခေါက် အမှောင်လမြို့မှ ရတနာသည် ကောလဟာလသာ ဟုတ်ဟန်မတူပေ။

ပထမဆုံးအနေဖြင့် အမှောင်လမြို့အရှေ့ဘက် ရေကန်ပြာ တောင်ခြေဝန်းကျင်၌ ထူးဆန်းသော မှော်စက်ဝိုင်းတစ်ခုကို တစ်စုံတစ်ယောက် ရှာတွေ့ခဲ့သည်။ ရှာဖွေသူများက ထပ်ကာထပ်ကာ သတင်းဖြန့်ကြပြီးနောက် စိတ်ဝင်စားနေသူ အများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။

ကံကောင်းသူများသည် တစ်ခါတစ်ရံ၌ ပြန့်ကျဲနေသော ရှေးဟောင်းပစ္စည်း တစ်ခုနှစ်ခု ရရှိတတ်သည်။ ၎င်းတို့သည် အလွန်ပင် တန်ဖိုးရှိလှသည်။

မကြာမီတွင် ငြိမ်ဝပ်ပိပြားရေးအရာရှိ ကိုယ်စားလှယ် အသီနာသည် ကာကွယ်ရေးတပ်ဖွဲ့အား ထိုကိစ္စကို စုံစမ်းရန် ဦးဆောင်သွားခဲ့ရာ ခက်ခက်ခဲခဲ ကြိုးစားပြီးနောက် အလွန်အမင်း ရှားပါးလှသော အသက်ဓာတ်ရေစင်တစ်ခုကို ရှာတွေ့သွားခဲ့သည်။

အသက်ဓာတ်ရေစင်ကို အသက်ဓာတ် အရင်းအမြစ် ဟူ၍လည်း သိကြသည်။ ၎င်းသည် ဒဏ်ရာအားလုံးနှင့် ထူးဆန်းသောရောဂါများကို ကုသနိုင်ကြောင်း ပြောစမှတ် ပြုကြသည်။ ၎င်းသည် အသက်ရှည်ရန် အတွက် အထောက်အကူဖြစ်‌စေပြီး အမျိုးမျိုးသော မှော်ဆန်သည့် သက်ရောက်မှုများ ရှိပေသည်။ အထူးသဖြင့် ၎င်းသည် အဆင်မြင့် ဆေးရည်များ အတွက် ထိပ်တန်းကုန်ကြမ်းပစ္စည်း ဖြစ်သည်။ ဆေးရည်မည်းများသည် အသက်ဓာတ်ရေစင် လိုအပ်သည်ဟုလည်း ပြောကြသည်။

ယုံကြည်စရာအကောင်းဆုံး ဖြစ်ရပ်မှာ ဆေးဝါးကုသသည့်တိုင် ပြန်မကောင်းလာဘဲ သတိလစ်နေခဲ့သော လူသား ချန်လွေ့သည် အသက်ဓာတ်‌ရေစင်၏ မှော်ဆန်သော သက်ရောက်မှုကြောင့် အံ့ဩဖွယ် ကောင်းလောက်‌အောင် သတိပြန်လည်လာခြင်း ဖြစ်သည်။

အသက်ဓာတ်ရေစင် တစ်ခုတည်းကပင် အလွန် အရေးကြီးသော ရတနာတစ်ခု ဖြစ်သည်။ သို့သော် ထိုနေရာရှိ ‌မှော်ပညာသည် ခန့်မှန်း၍မရဘဲ လျို့ဝှက်ဆန်းကြယ်လှသည်။ ၎င်းသည် အလိုအလျောက် ပြောင်းလဲနိုင်သည်။ အသီနာက အဖွဲ့ကို ဦးဆောင်ပြီး သုံးလေးခေါက် သွားခဲ့ရာ မူလ အသက်ဓာတ်ရေစင်ကို ရှာမတွေ့တော့ပေ။ ၎င်းသည် အချိန်တိုင်း တယ်လီပို့ခုန်ထွက်သွား၏။ ထို့အပြင် မှော်စက်ဝိုင်းမှာလည်း အတော်လေး အန္တရာယ် များလှသည်။ စူးစမ်းသွားလာသူများအကြား၌ တစ်ခါတစ်ရံ ဒဏ်ရာရသူများနှင့် သေဆုံးသူများပင် ရှိတတ်ကြသည်။

သို့သော်လည်း ထိုသို့ဖြစ်လေလေ စူးစမ်းသွားလာသူများ ပိုရောက်လာလေလေပင် ဖြစ်သည်။ အမှောင်လမြို့ရှိ လျို့ဝှက်ဆန်းကြယ်သော ရတနာသိုက်နှင့် အသက်ဓာတ်ရေစင် သတင်းသည် တောမီးကဲ့သို့ပင် ပျံ့နှံ့သွားခဲ့သည်။ အမှောင်လမြို့သို့ လာရောက်သော အပြင်လူ အရေအတွက်မှာလည်း ရုတ်တရက် နှစ်ဆတိုးသွားသွားပြီး တိုးတက်လာသော အလားအလာများကို ပြသနေခဲ့သည်။

အမှောင်လ နန်းတော်ဝယ် -

ဂါ့စ်က ယခုလက်ရှိ စီမံကိန်းများနှင့် အစီအစဉ်များကို အသေးစိတ် တင်ပြနေသည်။

“ တော်ဝင်မင်းသမီး။ ဒီလို စီစဉ်တာက အဆင်ပြေရဲ့လား။ ”

“ မြို့စောင့်တပ်ရဲ့ ကင်းလှည့်အဖွဲ့ထဲကို နောက်ထပ် နှစ်ဖွဲ့ ထပ်ထည့်လိုက်။ ”

ရှီရာ ခဏစဉ်းစားလိုက်သည်။

“ ရုတ်တရက် လူဦးရေ တိုးလာတာကြောင့် ပြဿနာတွေ တက်ကြမှာပဲ။ ခါဂူလီကို မင်းသမီး လက်လီစတိုးကနေ မြို့စောင့်တပ်ဆီ ပြောင်းခိုင်းလိုက်။ ဝတ်ရုံဂိုဏ်းက အင်အားစုတွေနဲ့ ပေါင်းလိုက်မယ်ဆိုရင် ကျွန်မတို့တွေ တည်ငြိမ်အောင် လုပ်နိုင်ပြီ။ ”

“ ဒါဆို မင်းသမီးလေး အဲလစ်ဘက်မှာ.... ”

“ ခီရာ ရှိတယ်ဆိုတော့ ပြဿနာ မရှိလောက်ဘူး။ နတ်ဆိုးတားမြစ်လက်စွပ်ကို ချွတ်ပြီးတော့ သူ့ရဲ့စွမ်းအားက ခါဂူလီထက်တောင် သာနေတယ်။ အဲလစ်ကို ကာကွယ်ဖို့ ပြဿနာ မရှိလောက်ဘူး။ ပြီးတော့ အသီနာလည်း ရှိနေတာပဲ။ ”

ဂါ့စ်က တုံ့ဆိုင်းလျက် ပြောလိုက်သည်။

“ လေးစားလျက်ပါ။ ကျုပ် ထင်တာကတော့ ခီရာက.... ”

“ တကယ်တော့ ကျွန်မလည်း ခီရာကို သိပ်မယုံဘူး။ ”

ရှီရာ၏အကြည့်များက ကောင်းကင်ထက်မှ တိမ်တိုက်များထံ ရောက်ရှိသွား၏။

“ ဒါပေမဲ့ အဲဒီလူကို ကျွန်မ ယုံကြည်တယ်။ သူက ခီရာကို ယုံကြည်လို့ရတယ်လို့ ပြောခဲ့တယ်။ အဲဒါကြောင့် ကျွန်မသူ့ကို ယုံတယ်။ ”

ဂါ့စ် ခေါင်းညိတ်လိုက်သည်။ သူ၏အသက်ကိုလည်း ထိုသူက ကယ်တင်ပေးခဲ့သည်။ သို့‌သော်လည်း ရှီရာအပေါ် သစ္စာရှိခြင်းကြောင့် သူဆက်ပြောသည်။

“ သူ့ရဲ့ မိတ်ဆွေတွေကို တွေ့ပြီးပြီ။ သူတို့က... တော်တော်လေး အစွမ်းထက်တဲ့ပုံပဲ။ သူ့အသွင် ပြောင်းထားတဲ့ မိစ္ဆာသားရဲတောင် ကျုပ်ကို အန္တရာယ် အငွေ့အသက် ပေးနိုင်တယ်။ ပြီးတော့လည်း အသက်ဓာတ်ရေစင်...ရှိသေးတယ်။ အဲဒီလူမှာ တော်တော်လေးကြီးမားတဲ့ စွမ်းအားရှိတယ်လို့ ကျုပ်ထင်နေမိတယ်။ ကျုပ်ဆိုလိုတာကို တော်ဝင်မင်းသမီး သဘော‌ပေါက်မှာပါ။ ဒီစကားတွေကို သူ့ကို ဦးတည်တာမဟုတ်ပါဘူး။ ဒါတွေက ဖြစ်ရပ်အပေါ်ကိုပဲ ပြောတာ။ ”

“ သဘော‌ပေါက်ပါတယ်။ ”

ရှီရာ အသာလေး ခေါင်းညိတ်လိုက်သည်။

“ ဒါနဲ့ သူ့ကို ရည်မှန်းချက်ကြီးတဲ့သူလို့ ထင်လား။ ”

“ လူတိုင်းမှာ ရည်မှန်းချက်တွေ ရှိတယ်။ အဓိကတော့ အရွယ်အစားနဲ့ ပန်းတိုင်တွေ ကွာသွားတာပဲ။ ”

ဂါ့စ် လေးလေးနက်နက် စဉ်းစားပြီး ပြန်ဖြေသည်။

“ သူ့မှာ ရည်မှန်းချက်တွေ ရှိရင်တောင် အခု ‌လောလောဆယ်တော့ တော်ဝင်မင်းသမီးအတွက် ခြိမ်း‌ခြောက်မှု မရှိသေးဘူး။ မဟုတ်ရင် နတ်ဆိုးဘုံကို တုန်လှုပ်သွားစေခဲ့တဲ့ သုံးသွယ်-အထူးပြု ယန္တရား ဆရာသခင် ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ ဒီပါရမီရှင် ဆရာသခင်ရဲ့ အနာဂတ်က အကန့်အသတ် မရှိဘူးလေ။ ”

ယန္တရားဆရာသခင်ပဲ မဟုတ်ဘူး။ ဆေးပညာမှာလည်း မဟာဆရာသခင်ပဲ။ ရှီရာက စိတ်ထဲ၌ ထပ်‌ပြောလိုက်သည်။ မကြာသေးခင်က ချန်လွေ့ ထွက်သွားသည့်အခါ သူ့အတွက် ဆေးရည်မည်း လေးပုလင်း ချန်ရစ်ထားခဲ့ခြင်း ဖြစ်သည်။

ထာဝရဆေးရည် တစ်စုံလုံး။

ထိုဆေးရည် တစ်ပုလင်းကပင် နတ်ဆိုးဘုံတစ်ခုလုံးကို တုန်လှုပ်စေနိုင်၏။ ၎င်းသည် သုံးသွယ်-အထူးပြု ပါရမီရှင် ဆရာသခင်ထက် ပို၍အစွမ်းထက်သည်။ သုံးသွယ်-အထူးပြု ဆရာသခင်မှာ ယန္တရား မဟာဆရာသခင် ဖြစ်ရန်အတွက် မျှော်လင့်ချက် အရှိဆုံးလူသာ ဖြစ်သည်။ သို့သော် ဆေးရည်မည်းကို မဟာဆရာသခင်အဆင့် ဆေးရည်ပညာရှင်သာ ထုတ်လုပ်နိုင်၏။ ထို့အပြင် ၎င်းမှာ အကြီးတန်း မဟာဆရာသခင်သာ ထုတ်လုပ်နိုင်သော ထာဝရဆေးရည် အမျိုးအစား ဖြစ်ပေသည်။

မဟာဆရာသခင်ရဲ့ အမွေအနှစ်က တကယ်ပဲ ဒီလောက်တောင် အံ့ဩစရာကောင်းတာလား။

ထိုဆေးရည်လေးပုလင်းသည် ရှီရာကို အံ့အားသင့်စေ ခဲ့သော်လည်း ထပ်မတောင်းခဲ့သလို ထပ်လည်း မမေးခဲ့ပေ။ ၎င်းမှာ အပြန်အလှန် နားလည်မှုပင် ဖြစ်လေသည်။

ရှီရာ၏ ခမည်းတော် ဂါရမ်းသည် နတ်ဆိုးဧရာဇ်အဆင့် ဖြစ်သော်လည်း သူကိုယ်တိုင်၏ လေ့ကျင့်ရေးအထုံမှာ သိပ်မကောင်းလှပေ။ ထို့ပြင် သူ့တွင် သန္ဓေပြောင်း သွေးမျိုးဆက်လည်း မရှိပေ။ သူသည် ၎င်းကို အထူးတလှယ် အလုပ်ကြိုးစား၍သာ အဖတ်ဆယ်နိုင်ပေသည်။ အထူးသဖြင့် အုပ်စိုးသူ နေရာကို ဆက်ခံပြီးနောက် သူသည် မြို့တော်မှ ကြီးမားလှသော ဖိအားဒဏ်ကို ခံစားခဲ့ရသည်။ နှေးကွေးလေးလံသော ကိစ္စများကို ဖြေရှင်းရသည့်အပြင် သူသည် တပတ်တကုတ် လေ့ကျင့်ရန်အတွက်လည်း အချိန်ယူရသည်။ သူ၏ ကိုယ်ပိုင်စွမ်းအားကို တိုးတက်အောင် ပြုလုပ်မှသာ သူ၏ခမည်းတော် ချန်ရစ်ခဲ့သော အခြေခံအုတ်မြစ်ကို တည်တံ့စေနိုင်ပြီး တစ်ဦးတည်းသော ညီမတော်ကို ကာကွယ်နိုင်မည် ဖြစ်သည်။ ထိုကိစ္စနှစ်ခုမှာ သူ၏တစ်ဘဝလုံး ဖြစ်သွားခဲ့ဟန်တူသည်။

သို့သော်လည်း သူသည် မဟာနတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းသာ ရှိနေသေးသည်။ အခြားအရှင်သခင် သုံးယောက်နှင့်ယှဉ်လျှင် စွမ်းအား အလွန် ခြားနားနေ၏။

ထိုထာဝရဆေးရည်တစ်စုံသည် သူ၏ ကိုယ်ပိုင်စွမ်းအားကို တိုးမြင့်သွားစေရုံသာမက သူ၏ခမည်းတော်ထံမှ ဆက်ခံထားသော စွမ်းအားနှင့်လည်း ပြည့်ပြည့်ဝဝ ပေါင်းစပ်နိုင်ခဲ့သည်။ ခမည်းတော်၏ အမွေအနှစ်မှ ပိုင်နက်ကို နားလည်သဘောပေါက်ရုံဖြင့် သူသည် နတ်ဆိုးဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ပေမည်။ ထိုကဲ့သို့အမွေအနှစ်စွမ်းအားသည် လေ့ကျင့်ရေးနှင့် အမှန်တကယ်တိုင်ခိုက်ခြင်းတို့မှ ရရှိသော တကယ့်စွမ်းအားထက် နိမ့်ကျသည်။ သို့သော်လည်း ယုတ်စွအဆုံး သူသည် မြင့်မားသော အရှင်သခင်အဆင့် စွမ်းအားကို အမှန်တကယ် ရောက်ရှိရန်အတွက် နတ်ဆိုးဧကရာဇ်အဆင့်သို့ ရောက်အောင် တက်လှမ်းရမည် ဖြစ်သည်။

“ ကျုပ်က အများကြီး စိုးရိမ်နေမိတဲ့ပုံပဲ။ ”

ဂါ့စ် ပြုံးလိုက်သည်။

“ ဒီနည်းဗျူဟာက တကယ့်ကို ပါးနပ်တယ်။ ရတနာ ရှာတဲ့သူတွေက သေချာပေါက် အမှောင်လမြို့ကို ထောက်ပံ့ရေး အခြေစိုက်နေရာအဖြစ် အသုံးချမှာပဲ။ အများစုက အမှောင်လမြို့မှာ နေကြလိမ့်မယ်။ ဒါဆို အမှောင်လမြို့ရဲ့ စီးပွားရေး တိုးတက်သွားရုံသာမက အမှောင်လမြို့ရဲ့ တိုးတက်လာနေတဲ့ တိုက်ပွဲဘောလုံး၊ ညဈေး၊ မင်းသမီးလက်လီစတိုး နဲ့ ‌စားကောင်းသောက်ဖွယ်တွေက အဲဒီလူတွေကြား အလျင်အမြန် ပျံ့နှံ့သွားမှာပဲ။ အဲဒီလူရဲ့ စကားနဲ့ဆို... ဒါက အလကားကြော်ငြာတာပဲ။ သိပ်မကြာခင် နယ်ပယ်အသီးသီးက စီးပွားရေးသမားတွေ ရောက်လာကြမယ်လို့ ကျုပ်ထင်တယ်။ တော်ဝင်မင်းသမီးရဲ့ အသစ်စက်စက် တည်ဆောက်ထားတဲ့ လမ်းတွေ၊ ဈေးဆိုင်တွေနဲ့ အမျိုးမျိုးသော စက်ရုံတွေက အပြည့်အဝ အသုံးချခံရမှာပဲ။ ”

“ ကျွန်မလည်း သူ့ရဲ့အတွေးကို လေးစားမိတယ်။ ”

ရှီရာ၏မျက်လုံးများ နွေးထွေးမှု အရိပ်အယောင်တစ်ခု ပြသလိုက်သည်။

“ သူက ကျွန်မကို ပြက်လုံးတစ်ခုနဲ့ပဲ ဆွဲဆောင်ခဲ့တာ။ အကျဉ်းထောင်တစ်ခုမှာ ထောင်သားတွေရဲ့ စာတွေကို မပို့ခင် တင်းတင်းကြပ်ကြပ် စစ်ဆေးခံရတယ်။ အဲဒီထဲမှာ ထောင်သားတစ်ယောက်က သူ့မိန်းမ ဆီကနေ နေမ‌ကောင်းလို့ လယ်မလုပ်နိုင်တဲ့အကြောင်း စာရလာခဲ့တယ်။ ထောင်သားကလည်း လယ်မြေမှာ အရေးကြီးတာတွေ မြှုပ်နှံထားတဲ့အတွက် ထွန်မယက်ဖို့ သူ့မိန်းမဆီ စာပြန်ရေးလိုက်တယ်။ အဲဒါနဲ့ သုံးလေးရက်ကြာပြီးတော့ စုံစမ်းစစ်ဆေးရေးတွေက လယ်မြေအကုန်လုံးကို တူးဆွပြီးသွားလို့ အလွယ်တကူ မျိုးစေ့ကြဲလို့ရပြီဖြစ်ကြောင်း သူ့မိန်းမက စာပြန်ပို့ခဲ့တယ်။ ”

တော်ဝင်မင်းသမီး ကြီးပြင်းလာသည်ကို ကြည့်နေခဲ့ကြသော နန်းတွင်းသားဟောင်း တစ်ယောက်လည်းဖြစ်၊ အကြီးအကဲ တစ်ယောက်လည်းဖြစ်သော ဂါ့စ်သည် ရှီရာက “သူ့”အကြောင်း ပြောနေစဉ် မျက်လုံးထဲ၌ အနည်းငယ် ပြောင်းလဲသွားကြောင်း သတိထားမိသွားသည်။ သူ၏စိတ် လှုပ်ရှားသွားပြီး လက်ထပ်မည့်ကိစ္စကို အကြံပြုချင်လာသည်။ သို့‌သော်လည်း အများကြီးပြောလိုက်လျှင် တော်ဝင်မင်းသမီး မနှစ်မြို့မည်ကို စိုးရိမ်သည့်အတွက် ခဏစဉ်းစားလိုက်ပြီး ထိုအကြံကို လက်‌လျှော့လိုက်ပြန်သည်။

တော်ဝင်မင်းသမီးရဲ့ စရိုက်အရတော့ အလိုက်သင့် သွားတာ ပိုကောင်းမယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလူကို အမှောင်လမြို့နဲ့ တင်းတင်းကြပ်ကြပ် ချည်နှောင်ဖို့အတွက် ငါ နည်းလမ်းတွေ ရှာရမယ်။

ဂါ့စ်၏ အတွေးများကို ရှီရာ မသိပေ။ သူအာရုံစိုက်နေသည်မှာ ကောင်းကင်ထက်ရှိ တိမ်တိုက်များကိုသာဖြစ်ပြီး ထိုနေရာ၌ စိတ်ရှုပ်စရာ မျက်နှာတစ်ခုက စိတ်ရှုပ်စရာကောင်း‌အောင် ပြုံးပြနေသကဲ့သို့ပင် ဖြစ်သည်။

ဒါပေမဲ့ အဲဒီစိတ်ရှုပ်စရာလူကို ငါတကယ် တွေ့ချင်နေတယ်။

အမှောင်လမြို့မှ ရတနာ အဖြစ်အပျက်ကို ချန်လွေ့ ဖန်တီးထားခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ပြက်လုံးမှ သာမက သလင်းကျောက် တောင်ကြားကို ကတ်သရင်း ရှာဖွေရာ၌ သုံးခဲ့သော ရတနာရှာ နည်းဗျူဟာကိုပါ အတုယူထားခြင်း ဖြစ်ပေ၏။

လူသားအရာရှိ “နိုးထလာခြင်း” သည် ရတနာ တည်ရှိမှုကို ထိထိရောက်ရောက် အတည်ပြုပေးနိုင်ခဲ့ပြီး အနာဂတ်၌ အမှောင်လမြို့အတွင်း လုပ်ရပ်များနှင့် လူလုံးထွက်ပြမှုများအတွက် အခြေခိုင်သွားစေသည်။ ၎င်းတွင် လိုရမယ်ရ လျို့ဝှက်လုပ်ဆောင်ချက် တစ်ခုလည်း ရှိသည်။ ၎င်းမှာ “ချာလီစ်” နှင့် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသော ထင်ယောင်ထင်မှားဖြစ်ခြင်းကို ဖန်တီးရန် ဖြစ်သည်။ ၎င်းသည် ကွက်ဝှက်ထားသော အကြံအစည် ရှိသူများ၏ ထင်မြင်ချက်များကိုလည်း ကွယ်ပျောက်သွားစေနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ ထိုအကြံအစည်သည် အရေးအကြီးဆုံးပင် ဖြစ်၏။

ယခု အမှောင်လမြို့တွင် “အနားယူ”နေသော လူသား အရာရှိမှာ ဒိုဒို အသွင်ပြောင်းထားခြင်း ဖြစ်သည်။ ဒိုဒိုသည် ပြန်ရောက်လာပြီဖြစ်သော ရိုမန် ပေးထားသည့် မိစ္ဆာမျက်ရည်ပြာကို ဝတ်ဆင်ထားခဲ့သည်။ ၎င်းသည် အငွေ့အသက်ကို ထိထိရောက်ရောက် ကာရံနိုင်ခဲ့ပြီး “ အပြင်းအထန် နေမကောင်းဖြစ်ခြင်းမှ ပြန်ကောင်းလာခြင်း ” ကိုပါ ထပ်ပေါင်းထည့်နိုင်ခဲ့သည်။ ထို့ကြောင့် အပြင်လူများသည် မည်သည့်ဟာကွက်ကိုမျှ မတွေ့နိုင်ပေ။

သိပ်မကြာခင်က မိတ်ဆွေများနှင့် ခရီးသွားရင်း ချန်လွေ့သည် ရေကန်ပြာ တောင်ဝန်းကျင်၌ အတော်လေး ‌အဆင်ပြေသော မြေနေရာတစ်ခုကို မတော်တဆ ရှာတွေ့ခဲ့သည်။ ထို့နောက် သူသည် ပါ့ဂ်လီအိုနှင့်အတူ အချိန်အတော်ကြာ ကြိုးစားအားထုတ်ပြီး နဂါးထွင်းစာ နှင့် ရှုပ်ထွေးလှသော မှော်စက်ဝိုင်းများကို ခင်းကျင်းခဲ့ကြသည်။

ပါ့ဂ်လီအိုသည် စွမ်းအား နည်းပါး၏။ ထို့ကြောင့် သူသည် နတ်ဆိုးဧကရာဇ်အဆင့် ရောက်ရုံသာရှိသော ထွင်းစာများကိုသာ ခင်ကျင်းနိုင်သည်။ သို့သော်လည်း ချန်လွေ့၏ မှော်စက်ဝိုင်းများဖြင့် ပေါင်းလိုက်သည့်အခါ စွမ်းအားသည် အသံတိတ်ည စိမ့်မြေမှာကဲ့သို့ အစွမ်းမထက်သည့်တိုင် စစ်မှန်ခြင်းနှင့် ရှုပ်ထွေးမှုအဆင့်မှာ ထိုထက်သာလွန်၏။ ၎င်းမှာ မရေမတွက်နိုင်သော မှော်စက်ဝိုင်းအဆက်လိုက်ရှိသည့် ဧရာမ ဝင်္ကပါအဝိုင်းကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။ ၎င်းသည် အလိုအလျောက် ပြောင်းလဲနိုင်၏။ နဂါးများ ရောက်လာလျှင်ပင် ချိုးဖောက်ရန် ခက်ခဲပေမည်။ သာမန်စူးစမ်းလေ့လာသူများမှာ ဇဝေဇဝါဖြစ်ပြီး လမ်းပျောက်သွားပေလိမ့်မည်။

ငွေကြေးသည် လူများကို ဆွဲဆောင်ရန် အလွယ်ဆုံးအရာ ဖြစ်သည်။ ရတနာရှာခြင်း မ‌အောင်မြင်ခဲ့သော လူအရေအတွက် များလာသည်နှင့်အမျှ ရတနာရှာရန် ကြိုးပမ်းသူများလည်း ပိုပို၍ တိုးလာသည်။ အချိန်တိုအတွင်းမှာပင် အမှောင်လမြို့ အလွန်ပင် စည်ကားသွားတော့သည်။ ၎င်းမှာ နှစ်ပေါင်း ၄၀၀ ပထမဆုံးအကြိမ် ဖြစ်သည်။

All Chapters