← Chapters

သက်တန့်တောင်ကြား

Vol. 23 Ch. 341

သက်တန့်တောင်ကြား

Vol. 23 Ch. 341

မြို့တော်၌ ချန်လွေ့သည် အိုဆိုင်ဒန် ထောက်ပံ့ပေးသော ငွေကြေးများကိုယူပြီး “လူသားလောက” သို့သွားသော ဝင်ပေါက်သို့ ခြေချလိုက်သည်။

အင်ပါယာတစ်ခု၏ ဘဏ္ဍာရေး အရင်းအမြစ်များမှာ နယ်မြေတစ်ခုထက် အများကြီး ပိုသည်။ အိုဆိုင်ဒန် အတော်လေး ရက်ရောလှ၏။ သူသည် တစ်ခါတည်း သလင်းကျောက်နက် ဒင်္ဂါး သန်း၁၀၀၀ကို ပစ်ပေးခဲ့သည်။ သူသည် မကြာမီက တွေ့ဆုံခဲ့သော လူသားတစ်ယောက်အား ထိုကဲ့သို့ ငွေပမာဏ အများကြီး ပေးခဲ့သည်မှာ အလွန်ရဲတင်းလှပေသည်။ သို့သော်လည်း ထိုအရေအတွက်သည် နောက်ဆုံး မဟုတ်ကြောင်း ချန်လွေ့ သေချာသိသည်။ ၎င်းကို စမ်းသပ်ချက်တစ်ခုဟု သတ်မှတ်၍ ‌ရပေသည်။

မြို့တော်၏ဝင်ငွေမှာ သူ၏မူလအစီအစဉ်ထက် ပိုကြောင်း ပြောဆိုပြီး စီမံကိန်းအများစုကို အသက်သွင်းနိုင်မည်ဖြစ်ကြောင်း ချန်လွေ့ ပြောဆိုခဲ့သည်။ ထို့ကြောင့် အကျိုးအမြတ်ကို လဝက်ကြာလျှင် အမြန်ဆုံး ရရှိမည်ဖြစ်ပြီး အတိုးနှုန်းမှာ ၁၀% ဖြစ်သည်။ ရင်းနှီးငွေ ပမာဏ များပြားလှသည့်အတွက် အိုဆိုင်ဒန်သည် တစ်လလျှင် အသားတင်အမြတ် သန်း ၁၀၀ ရနိုင်မည် ဖြစ်သည်။ ထိုနှုန်းထားမှာ အတော်လေး မြင့်မားသည်ဟု ယူဆ၍ ရသည်။

ချန်လွေ့သည် မြို့တော်မှ ထွက်သွားပြီးနောက် အမှောင်လမြို့သို့ မပြန်ဘဲ လျို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုသို့ သွားခဲ့သည်။

သက်တန့်တောင်ကြား၌ -

သက်တန့်တောင်ကြားဟူသော ကဗျာဆန်သည့် နာမည်နှင့်ယှဉ်လျှင် ချန်လွေ့ လက်ရှိ ရောက်နေသောနေရာကို “ ကျတ်တီးတောင်ကုန်းများ နှင့် လှိုင်းထန်သောမြစ်များ ” ဟူ၍သာ ဖော်ပြနိုင်ပေသည်။

ထိုနေရာသည် ကျယ်ဝန်းပြီး အန္တရာယ်များကာ ကျတ်တီးလှသည်။ အရောင်များ မြင်ရရုံသာ ရှိသော ၇ရောင်ခြယ် ပန်းပွင့်များမှလွဲ၍ မည်သည့်အဖိုးတန်ပစ္စည်းကိုမှ မတွေ့ရပေ။

သို့သော်လည်း သက်တန့်တောင်ကြား၏ ဇစ်မြစ်မှာ လှပသောရှုခင်းကြောင့် မဟုတ်ပေ။ ထိုနေရာ၌ သက်တန့်ပေါ်လာသည့်အခါတိုင်း လျို့ဝှက်ဆန်းကြယ်သော တောင်ကြား တစ်ခု ထွက်ပေါ်လာသည်ဟု ပြောကြသည်။ သက်တန့်ပျောက်ကွယ်သွားသည့်အခါ တောင်ကြားလည်း ပျောက်ကွယ်သွားပြန်သည်။

ချန်လွေ့သည် ဒြပ်စင်နှလုံးသားကို ပြင်ဆင်နိုင်သည့် ဓမ္မတေးသစ်သီးအတွက် ဤနေရာသို့ ရောက်လာခြင်း ဖြစ်သည်။ သို့သော်လည်း ထိုသက်တန့် ထွက်ပေါ်လာချိန်သည် အချိန် အတိအကျမရှိပေ။ လပိုင်းကြာနိုင်သလို နှစ်နှင့်ချီလည်း ကြာနိုင်၏။ ရက်ပိုင်းလည်း ကြာနိုင်သည်။ သက်တန့်မရှိသည့်အခါ ထိုလျို့ဝှက်ဆန်းကြယ်သော တောင်ကြား၏ အရိပ်အယောင်ကိုပင် မမြင်တွေ့နိုင်ပေ။

ချန်လွေ့ ရောက်လာသောအခါ သက်တန့်ကို မမြင်ရပေ။ ထို့ကြောင့် ဒဏ္ဍာရီလာ သက်တန့် တောင်ကြားကိုလည်း မတွေ့ပေ။ သာမန်နေ့ရက်၌ စူးစမ်းရှာဖွေနေသည်မှာ သူ ပထမဆုံး မဟုတ်ပေ။ သို့သော်လည်း နှစ်ထောင်ချီကြာအောင် လာရောင် စူးစမ်းရှာဖွေ ကြသူများသည် မည်သည်ကိုမျှ မတွေ့ခဲ့ကြရပေ။ ထို့ကြောင့် အချိန်ကြာလာသည်နှင့် အမျှ မည်သူမှ အချိန်မဖြုန်းချင်တော့ပေ။

သိချင်စိတ်သက်သက်ဖြင့်သာ စူစမ်းလာကြသူများကဲ့သို့မဟုတ်ဘဲ ချန်လွေ့သည် ရည်ရွယ်ချက် တစ်ခုဖြင့် ရောက်လာခြင်း ဖြစ်သည်။ သို့သော်လည်း ၎င်းသည် အမှောင်လမြို့၌ သူလုပ်ထားခဲ့သော “လူလုပ်ရတနာ” နှင့် လုံးဝကွဲပြားသည်။ သူသည် မှော်စက်ဝိုင်းတစ်ခုမျှ ရှာမတွေ့ပေ။ သို့သော်လည်း လက်မလျှော့သေးပေ။ သူသည် ယူလာသော တဲအိမ်ကိုထုတ်ပြီး ထိုနေရာ၌ နေနေလိုက်သည်။

တစ်ရက်ကုန်ဆုံးသွား၏။ သို့သော် ဘာမှ မဖြစ်လာသေးပေ။ မည်သည့်သက်တန့်မျှ မထွက်ပေါ်လာခဲ့ပေ။

ချန်လွေ့သည် ပါ့ဂ်လီအို၏ နဂါးထွင်းစာ အမွေအနှစ် အစစ်အမှန်ကို ရရှိထားပြီး ယန္တရား အစည်းအရုံးထံမှလည်း မှော်စက်ဝိုင်းအသိပညာ အတော်များများ ရရှိထားခဲ့သည်။ အထူးသဖြင့် ‌ရှေးမှော်မျှော်စင်၏ လျို့ဝှက်ဆန်းကြယ်သော မှော်စက်ဝိုင်းမှ ဖြစ်သည်။ သက်တန့်သည် မှော်စက်ဝိုင်းတစ်ခုကို အသက်သွင်းမိသွားခြင်းကြောင့် ဖြစ်နိုင်ပေသည်။ သို့မဟုတ် ၎င်းပေါ်ထွက်လာခြင်းမှာ သော့ချက်အမှတ်တစ်ခုခုကို အသက်ဝင်စေ မိခြင်းကြောင်းလည်း ဖြစ်နိုင်သည်။ သော့ချက် ရှိသည်ဖြစ်၊ မရှိသည်ဖြစ်စေ၊ သက်တန့်တောင်ကြားသည် အမှန်တကယ် တည်ရှိနေရပေမည်။ သို့သော်လည်း ၎င်းကို ပုံမှန်အားဖြင့် ဖုံးကွယ်ထား၏။ ချန်လွေ့သည် တယ်လီပို့ခုန်ရာ ဝင်ပေါက်ကို ရှာမတွေ့သလို နေရာလွတ်ကိုလည်း ရှာမတွေ့နိုင်ခဲ့ပေ။

မှော်စက်ဝိုင်းများကို ကျွမ်းကျင်သူ ( ထိုသို့ယူဆ၍ ရလုနီးပါး ) တစ်ယောက် ဖြစ်သည့် အလျောက် အရာအားလုံးသည် ပတ်ဝန်းကျင်အခြေအနေအရ ဖြစ်တည်နေသကဲ့သို့ပင် တောင်ကြား၌ မည်သည်ကိုမှ မတွေ့ရသည်မှာ တအား“ဆီလျော်”နေကြောင်း ရေးရေးလေး ခံစားမိနေသည်။ ၎င်းသည် သာမန်မဟုတ်သော သဲလွန်စများကို ပြသ နေသည်။ သာမန် စွန့်စားသွားလာသူ၊ သာမန် မှော်စက်ဝိုင်း လေ့လာသူသာဆိုလျှင် ထိုကဲ့သို့ ခံစားမိမည် မဟုတ်ပေ။

၎င်းသည် ပုံရိပ်ယောင်တစ်ခုလည်း ဖြစ်နိုင်ပေသည်။

ထိုခံစားချက်သာ အမှန်ဖြစ်မည်ဆိုလျှင် ယခုသူမြင်နေရသော အပင်နှင့် သစ်ပင်တို့သည် ဖုံးကွယ်ထားသော သက်တန့်တောင်ကြား၏ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်၏။ တစ်နည်းပြောရလျှင် ဤ“မှော်စက်ဝိုင်း”မှာ သဘာဝနှင့် လုံးဝတစ်သားတည်း ဖြစ်နေပြီး ဟာကွက် မရှိလုနီးပါး ဖြစ်နေခြင်းပင် ဖြစ်သည်။

၎င်းကို လူတစ်ယောက်က ခင်းကျင်းထားခြင်း ဖြစ်မည်ဆိုလျှင် ထိုသူသည် ခန့်မှန်း၍မရသော အဆင့်တစ်ခုသို့ ရောက်ရှိနေလေပြီ။

ထိုယူဆချက်နှင့်အတူ ချန်လွေ့သည် အသေးစိတ်အချို့ကို စတင်ဂရုစိုက်လာပြီး လနှစ်စင်း၏အရိပ်များ၊ လေတိုက်ရာ ဦးတည်ဘက်၊ တောင်တန်းတည်နေရာ အစရှိသည့် နေ့စဉ် သဘာဝပြောင်းလဲမှုများကို မှတ်တမ်းတင်လာခဲ့သည်။

နောက်ထပ်တစ်ရက် ကုန်ဆုံးပြီးနောက်တွင် သူသည် သန့်စင်ရုံထဲသို့ဝင်ပြီး လေ့ကျင့်ရေးကွင်း၏ အချိန်စည်းမျဉ်း အဆ၁၀၀နှင့် ချိတ်ဆက်လိုက်သည်။ ယခုတစ်ခေါက်၌ သူသည် မလေ့ကျင့်သလို ပစ္စည်းများကိုလည်း မပြုလုပ်ခဲ့ဘဲ နဂါးထွင်းစာ၊ မှော်စက်ဝိုင်းအသိပညာ၊ ယန္တရားအစည်းအရုံးမှ မှတ်စုများနှင့် ခေါင်းထဲမှ ဗဟုသုတတို့ကို အသေအချာ စီရီလိုက်သည်။ ထို့ပြင် သက်ဆိုင်ရာစမ်းသပ်မှု အချို့နှင့် တွက်ချက်မှုအချို့ကိုလည်း သန့်စင်ရုံထဲ၌ ပြုလုပ်ခဲ့သည်။

သန့်စင်ရုံမှ ထွက်လာသည့်အခါ တောင်ကြားအပေါ် သူ၏အမြင် ပြောင်းလဲသွားပြန်သည်။ ထို့နောက် တွက်ချက်မှု ရလာဒ်များကို အသုံးချပြီး လမ်းတစ်လျှောက်လုံး ရှာဖွေကာ နောက်ဆုံး၌ နံစော်သော ရေဝင်ပေါက်ထဲ၌ “အမှတ်” တစ်ခုကို ချန်လွေ့ တွေ့ရှိသွားတော့သည်။

ထိုအမှတ်သည် သက်တန့်တောင်ကြား ပေါ်ထွက်လာစေရန် သော့ချက် မဟုတ်ခဲ့ပေ။ ၎င်းသည် အသုံးမဝင်သော လျို့ဝှက်ဆန်းကြယ်သည် နေရာလွတ်၏ အရန်ဆုံမှတ် တစ်ခုလည်း ဖြစ်နိုင်ပေသည်။ ချန်လွေ့အတွက် ၎င်းမှာ ကြီးမားသော တိုးတက်မှုကြီး တစ်ခုဖြစ်ပြီး သူ၏ယူဆချက်ကို အပြည့်အဝ သက်သေပြနိုင်ခဲ့သည်။

နောက်ရက်များ၌ ချန်လွေ့သည် သုတေသနနှင့် တွက်ချက်မှုများထဲ၌ ကိုယ့်ကိုယ်ကိုယ် မြှုပ်နှံပြီး အမှတ်များ ပိုပို၍ တွေ့လာခဲ့သည်။ အချို့မှာ ဂူထဲ၌ ဖြစ်ပြီး အချို့မှာ သစ်ပင်ကြီးများ၏ အမြစ်အောက်နက်နက်တွင် မြှုပ်နှံထား၏။

သန့်စင်ရုံထဲ၌ အချိန်စည်းမျဉ်းကိုသုံးကာ တွက်ချက်ပြီးနောက် ထို “အမှတ်များ” သည် နောက်ဆုံး၌ နွယ်များအဖြစ် ဆက်စပ်သွားကြသည်။ “နယ်မြေ”တစ်ခုလုံးကို အသက်သွင်းရန် ကြိုးစားပြီး အကြိမ်များစွာ ကျရှုံးသွားပြီးနောက် သူသည် တံခါးနှင့်တူသော ဘဲဥပုံလမ်းကြောင်းတစ်ခုကို အောင်အောင်မြင်မြင် ဖွင့်နိုင်သွားခဲ့သည်။

ထိုလမ်းကြောင်းသည် တယ်လီပို့အမှတ်ကဲ့သို့ မဟုတ်ဘဲ နေရာလွတ်တစ်ခုထဲသို့ ဝင်ပေါက် တစ်မျိုးမျိုးနှင့် တူသည်။ အမည်မသိ နေရာလွတ်များသည် အလွန်အန္တရာယ်များသော အသိသညာများဖြစ်ကြပြီး အချိန်မရွေး လေဟာနယ် အနှောင့်အယှက် အန္တရာယ်နှင့် ကြုံတွေ့ရနိုင်သည်။ ဝင်ပေါက် ပွင့်သွားပြီးနောက် ချက်ချင်းပင် မြင်နိုင်သော အမြန်နှုန်းဖြင့် ကျုံ့လာတော့သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ၎င်းသည် ရေတိုင်ပီအဝ အရွယ်အစားသာ ရှိတော့သည်။

ထိုကဲ့သို့ လမ်းကြောင်းသည် ကြုံရာကျပမ်းဖြစ်သော ယာယီ “အပြောင်းအလဲ” တစ်ခု ဖြစ်သည်။ နောက်တစ်ကြိမ် တွက်ချက်နိုင်ရန် အတော်လေး ကြိုးစားအားထုတ်ရပေမည်။ ချန်လွေ့ အံကြိတ်ပြီး ခန္ဓာကိုယ်ကို ခါရမ်းကာ ပြေးဝင်သွားလိုက်၏။

နေရာလွတ် လမ်းကြောင်းထဲ ဝင်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်နှင့် ဝိညာဉ်တို့သည် ခုခံ၍မရသော ကြီးမားလှသည့်အားတစ်ခုကို ခံစားလိုက်မိသည်။ သူ မူးနောက်နောက် ဖြစ်သွားပြီး မည်သည်ကိုမှ မမြင်နိုင်ခဲ့ပေ။ လောကကြီး လည်နေသည်ကိုသာ သူခံစားရသည်။ ထိုလည်ပတ်မှုသည် နာရီဝက်နီးပါး ကြာမြင့်ခဲ့ပြီး နောက်ဆုံး၌ တဖြည်းဖြည်း‌ ပျောက်ကွယ်သွားတော့သည်။

ပြန်သက်သာလာသော ချန်လွေ့သည် အတွင်းအင်္ဂါများ ကိုင်ရိုက်ခံထားရသကဲ့သို့ ခံစားလိုက်ရပြီး အန်ချလုမတတ် ဖြစ်သွားခဲ့သည်။ သူ အဆင်ပြေသွားသည့်အခါ ရှေ့မှ မြင်ကွင်းကြောင့် ချက်ချင်းပင် ကြက်သေသေသွားတော့သည်။

သူ လှည့်ပတ်ကြည့်လိုက်သည့်အခါ နေရာတိုင်း၌ စိမ်းလန်းနေပြီး တောင်စမ်းချောင်းမှ ကြည်လင်သော ရေများကိုပင် မြင်နိုင်ပေသည်။ လေထုသည်လည်း လတ်ဆတ်မှုနှင့် အပင်ရနံ့များ ပြည့်နှက်နေ၏။ ရှေ့မှတောအုပ်သည်လည်း မြူနှင်းပါးပါးလေး ဖုံးလွှမ်းနေပြီး ကျေးငှက်သီကျူးသံများကိုလည်း ရံဖန်ရံခါ ကြားရသည်။

ရုတ်တရက် ချန်လွေ့သည် စာတစ်ကြောင်း တွေးမိလိုက်သည်။

“ ရွာမလို ပြာလဲ့လဲ့ တိမ်တိုက်တွေနဲ့ ရေထဲက မြူနှင်းတွေတက်.. ”

၎င်းသည် ခုနက မြေဆိုးနှင့် လုံးဝကွဲပြားနေ၏။ သူ၏အ‌ရှေ့မှ အလှတရားသည် နတ်ဘုံပမာ ဖြစ်နေသည်။

ဒါက တကယ့် သက်တန့်တောင်ကြား ဖြစ်မယ်။

သို့သော်လည်း ထို “နတ်ဘုံ”သည် မရိုးရှင်းနိုင်ပေ။ ရေခဲပါးပါးပေါ်၌ စကိတ်စီးနေ သကဲ့သို့ပင် ဖြစ်သည်။ ချန်လွေ့သည် မူမမှန်သော အန္တရာယ်များကို နေရာအနှံ့တွင် တွေ့ရသည်။ “နွယ်ကွန်ရက်”သည်လည်း အပြင်ကဘက် ဆယ်ဆကျော် ရှုပ်ထွေး၏။ အလောတကြီးသွားမိလျှင် အသေးဆုံး အကျိုးဆက်မှာ ဤနေရာလွတ်မှ အပြင်သို့ တယ်လီပို့ ခံရခြင်း ဖြစ်သည်။

သူ၏လက်ရှိနေရာမှာ အရှေ့တောအုပ်သို့သွားရန် အနည်းဆုံး ရှောင်တိမ်း၍မရသည့် အန္တရာယ်သုံးခု ရှိနေသည်။ သူသည် ၎င်းတို့ကို တစ်ခုပြီးတစ်ခု “ချိုးဖျက်” ရပေမည်။ ထိုအန္တရာယ်ရှိသော နွယ်ကွန်ရက်သည် သက်တန့်တောင်ကြားနှင့် ပေါင်းစပ်နေပြီး ဒြပ်စင်တစ်ခု ဖြစ်နေသည်။ ၎င်းသည် အလွန်လေးနက်လှပြီး သာမန်မှော်စက်ဝိုင်း တစ်ခုနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပေ။ ထိုနေရာသို့ ဝင်ရောက်နိုင်ခဲ့သော်လည်း သူသည် ထိုထဲမှ လျို့ဝှက်ချက်များကို အချိန်တိုအတွင်း မဖြေရှင်းနိုင်ပေ။ ထို့ကြောင့် တစ်ခါလျှင် တစ်ဆင့်သာ ဖြေရှင်းနိုင်သော ရူးကြောင်ကြောင်အနိုင်ဆုံး နည်းလမ်းကိုသာ အသုံးပြုနိုင်‌ လေသည်။ ကံကောင်းစွာပင် သူသည် သိုလှောင်ဂိုဒေါင်ထဲ၌ စားစရာ အမြောက်အများ သို‌လှောင်ထားခဲ့သည်။ ထို့ပြင် အချိန်စည်းမျဉ်းကို အသုံးပြုပြီး သုတေသန ပြုလုပ်ကာ ဓမ္မတေးသစ်သီးကို အေးအေးဆေးဆေး ဖြည်းဖြည်းချင်း ရှာဖွေနိုင်ပေသည်။

တစ်ချိန်တည်းမှာပင် ထူးဆန်းသောအိမ်တစ်လုံးထဲ၌ ဂါဝန်ရှည်ဝတ်ထားသော ကိုယ်လုံး ကိုယ်ပေါက်လှပသည့် ပုံရိပ်တစ်ခုက လေထဲရှိ ၂မီတာအကွာတွင် ထူးဆန်းသော ပစ္စည်း တစ်ခုကို ထိန်းချုပ်နေ၏။

“ ဒါက အကောင်းဆုံး မိုးကြိုးမီးသလင်းကျောက်ရဲ့ နောက်ဆုံးအပိုင်းပဲ။ ၃နာရီကြာပြီး‌ရင် ဖိအားအောက်မှာ ပျော့ပျောင်းသွားလိမ့်မယ်။ ဒီတစ်ခေါက် အသန့်စင်ဆုံး ဒြပ်ပေါင်း ဒြပ်စင်တွေကို ထုတ်ယူဖို့အတွက် အကောင်းဆုံးအချိန်နဲ့ အပူကို အမိအရ ဆုပ်ကိုင် နိုင်ရမယ်။ ” ( ကိုယ့်ကိုယ်ကိုယ် သတိပေး)

“ နင် အောင်မြင်မှာလား။ ” (သံသယဝင်နေ)

“ အောင်မြင်မှာပေါ့။ ငါဘယ်သူလဲဆိုတာ နင်မသိဘူးလား။ ” ( ယုံကြည်မှုအပြည့် )

“ မိုးကြိုးမီးကျောက်က မတည်ငြိမ်ဆုံး သလင်းကျောက်နော်။ နင်ထပ်ပြီး မအောင်မြင်ရင်ကော။ ” ( စိုးရိမ်နေ )

“ ငါ ထပ်ပြီး မအောင်မြင်ရင် ရေ တစ်ပတ်...မဟုတ်ဘူး..ရေ တစ်လ မချိုးဘူး။ ” ( အံကြိတ်)

“ ငါ သေချာပေါက် အောင်မြင်မယ်။ ”

ထိုသူ၏ အဖြူရောင် ကျောက်စိမ်းကဲ့သို့ လက်ချောင်းများက ကြေးမုံကို လက်ညှိုး ထိုးလိုက်၏။ ခုနက ပြောစကားများသည် လူတစ်ဦးတည်းမှ ထွက်လာခြင်းပင် ဖြစ်သည်။

ထိုအချိန်၌ ဘေးဖက်ရှိ ကြီးမားလှသော သလင်းကျောက်ဖန်လုံးပေါ်တွင် အနီစက်တစ်ခု တောက်ပလာသည်။

“ နေပါဦး။ အကောင်သေးသေးလေးတွေ ကျူးကျော်လာတဲ့ပုံပဲ။ ထူးဆန်းတယ်။ ဒီရက်ပိုင်းမှာ ငါ ပေါက်ကွဲနိုင်တဲ့စမ်းသပ်ချက်တွေ မလုပ်ခဲ့ပါဘူး။ ထားလိုက်ပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒါက သိပ်မကြာခင် ပျောက်သွားမှာပဲ။ ”

သလင်းကျောက်ဖန်လုံးပေါ်ရှိ အနီစက် စတင်လှုပ်ရှားလာသည်။

“ ဒီပိုးကောင်သေးသေးလေးက တကယ်ကြီး ရှေ့ဆက်သွားခဲ့တာပဲ။ ရှေ့မှာ လက်ဆောင် အကြီးကြီးတစ်ခု ရှိနေတယ်။ ၁၀စက္ကန့်အတွင်း သူပျောက်သွားမှာ။ တစ်....နှစ်....သုံး.... ”

“ အမ်။ မပျောက်သွားသေးဘူးလား။ ဒါဆို နောက်ထပ် တစ်မိနစ် အချိန်ပေးမယ်။ တစ်မိနစ်အတွင်း အဲဒါ မပျောက်သွားဘူးဆိုရင် ငါ့ရဲ့သဘောအကျဆုံး လက်သည်းတွေကို ညှပ်ပစ်မယ်။ ”

( အနီစက် ရှိနေဆဲပင် )

“ ဒါနောက်ဆုံးပဲ။ နောက်၁၀မိနစ် နေလို့မှ အဲဒါရှိနေသေးရင် ငါ နေ့လယ်စာ မစားတော့ဘူး။ ”

( ၁၀မိနစ် ကြာပြီးနောက်တွင် အနီစက် မပျောက်သေး )

“ တော်တော် ကံကောင်းတာပဲ။ ငါနင့်ကို နောက်ဆုံး အခွင့်အရေး တစ်ခုပေးမယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ ဒြပ်စင်တွေကို ထုတ်ဖို့အတွက် ၃နာရီ လိုသေးတာပဲ။ အရင်ဆုံး ငါပျော်လိုက်ဦးမယ်။ နောက်နာရီဝက်ပဲ....။ ဒီနေ့ ညစာနဲ့ ငါလောင်းမယ်။ ”

( နာရီဝက်ကြာပြီးသည့်အခါ အနီစက်သည် အမှန်တကယ် ရှေ့ဆက်သွားခဲ့ )

“ ဒါက ကံကို တိုးမြင့်စေတဲ့ [ ကောင်းကင်ကောင်းချီး ] လား။ ဟမ့်။ မှော်ကောင်းချီးနဲ့တောင် ရှေ့က မီးတောက်မြန်စက်ဝိုင်းဆီကနေ ပုန်းနိုင်မှာ မဟုတ်ဘူး။ သနားစရာပိုးကောင်လေး။ အစက နင် ပျောက်သွားရမှာ။ အခုတော့ နင် ထာဝရ ကွယ်ပျောက်သွားတော့မယ်။ နောက်ဆုံးနာရီပဲ။ မနက်ဖြန် မနက်စာနဲ့ ငါလောင်းမယ်။ ”

( တစ်နာရီမပြည့်ခင်မှာပင် အနီစက်သည် မီးတောက်မြန် စက်ဝိုင်းကို ဖြတ်ကျော်ပြီး ရှေ့ဆက်သွားပြန် )

“ အား...ချီးထုပ်ပိုးကောင်။ ငါနင့်ကို နောက်ဆုံး အခွင့်အရေးတစ်ခု ပေးမယ်...... ”

“……”

“…”

ချန်လွေ့က မိမိသည် အမျိုးသမီးတစ်ယောက်အား သုံးလေးကြိမ် အနိုင်ရရှိခဲ့ကြောင်းကို မသိခဲ့ပေ။ နောက်ဆုံး၌ သူသည် တောအုပ်ထဲသို့ ရောက်ရှိသွားပြီး ဓမ္မတေးသစ်သီး ရှိရာကို စတင်ရှာဖွေတော့သည်။

ပုံမှန်အားဖြင့် ဓမ္မတေးသစ်သီးသည် ရေအရင်းအမြစ်နှင့် နီးသောနေရာတွင် ပေါက်ဖွားကြသည်။ ချန်လွေ့သည် သစ်တောထဲ၌ စမ်းချောင်းတစ်လျှောက်၌ ရှာဖွေနေစဉ် မှော်စက်ဝိုင်းနှစ်ခုကို ဖြည်ခဲ့သော်လည်း ဘာကိုမျှ မတွေ့ခဲ့ရပေ။ သို့သော်လည်း ပတ်ဝန်းကျင်သည် ထူးထူးဆန်းဆန်း ပြောင်းလဲသွားပြီး လမ်းမရှိတော့ပေ။ လမ်းပျောက်သွားသော ချန်လွေ့သည်လည်း ခြေဦးတည့်ရာ လျှောက်သွားတော့သည်။ ထို့နောက် သူသည် လိုဏ်ဂူ နက်နက်တစ်ခုအရှေ့၌ နောက်ထပ် စမ်းချောင်းတစ်ခု တွေ့လိုက်ရသည်။

ထိုစမ်းချောင်းသည် မြူနှင်းများ ထုတ်လွှတ်နေပြီး ထူးဆန်းသော အငွေ့အသက်တစ်ခုကို ထုတ်ဖော်ပြသနေ၏။ ၎င်းကို ချန်လွေ့ အလွန်ပင် ရင်းနှီးနေသည်။ ပြန်လည်ရှင်သန်ခြင်း ရေစင်ပဲ။

သက်တန့်တောင်ကြားမှာ တကယ်ကြီး ပြန်လည်ရှင်သန်ခြင်းရေစင် ရှိနေတယ်။ ဒါက ‌ရေကန်ပြာတောင်ခြေမှာ ငါအတုလုပ်ခဲ့တဲ့ လူလုပ် အသက်ဓာတ်ရေစင်မျိုး မဟုတ်ဘူး။ တကယ်စစ်မှန်တဲ့ သဘာဝ ပြန်လည်ရှင်သန်ခြင်းရေစင် ဖြစ်မယ်။

ချန်လွေ့သည် စိတ်ကို အမြန်ရွေ့လျားပြီး လိုဏ်ဂူထဲ၌ ရှာဖွေတော့သည်။ နောက်ဆုံး၌ သူသည် ကျောက်နံရံ၌ တွဲလျားကျနေသော သစ်ကြားသီးအရွယ်ရှိ သစ်သီး၄လုံးပါသည့် အပြာရောင် အပင်တစ်ပင်ကို တွေ့လိုက်ရသည်။ ထိုပုံသဏ္ဍာန်သည် ဓမ္မတေးသစ်သီးနှင့် လုံးဝချွတ်စွပ်တူနေသည်။

ထို့ပြင် ရှေ့တွင်လည်း ရှုပ်ထွေးသော မှော်စက်ဝိုင်းတစ်ခု ရှိနေ၏။ ၎င်းသည် ကြီးထွားမှုကို ထိန်းသိမ်းပြီး အကာအကွယ် ပေးနိုင်ပုံရသည်။ ထို‌မှော်စက်ဝိုင်းကို ချန်လွေ့ လေ့လာနေစဉ် အဝေးမှ မသဲမကွဲအသံတစ်သံ ထွက်လာသည်။ ၎င်းမှာ တစ်စုံတစ်ခု ပေါက်ကွဲထွက် သွားသော အသံပင် ဖြစ်လေသည်။

ချန်လွေ့ အံ့အားသင့်သွား၏။ ထိုအချိန်၌ လေဟာနယ်ထဲတွင် ယိုယွင်းမှုတစ်ခု ဖြစ်လာပြီး ပုံရိပ်တစ်ခု ထွက်ပေါ်လာလေသည်။

“ တောက် ”

အမျိုးသမီးအသံတစ်သံ ထွက်လာသည်။ ထိုအမျိုးသမီးသည် နက်နက်ရှိုင်းရှိုင်း မုန်းတီးနေ သကဲ့သို့ပင် ဒေါသထွက်နေပုံရ၏။

“ နင်က ငါ့ရဲ့အရေးအကြီးဆုံး စမ်းသပ်ချက်ကို ဖျက်ဆီးခဲ့တယ်။ ငါ့ကိုလည်း ရေတစ်လ မချိုးရအောင် လုပ်ခဲ့တယ်။ ပြီးတော့ ငါ့ကိုလည်း သုံးရက် အစာမစားရအောင် အရှက်မရှိ လုပ်ခဲ့တယ်။ ဒါက လုံးဝကို ခွင့်မလွှတ်နိုင်စရာပဲ။ ”

ထိုသူမှာ ခန္ဓာကိုယ်သွယ်လျသော အမျိုးသမီးငယ် တစ်ယောက် ဖြစ်ပြီး ကိုယ်လုံးကိုယ်ပေါက် လှပကာ ဂါဝန်ရှည် ဝတ်ဆင်ထား၏။ အစ်ဇဘယ်လာ၏ “သေစေနိုင်သောလက်နက်များ”နှင့် မယှဉ်နိုင် သော်လည်း ထိုအမျိုးသမီးမှာ ပွပွရောင်းရောင်းနှင့် အချိုးအစားညီလှသည်။ သူ၏ ရှည်လျားသော ခရမ်းရောင် ဆံပင်များသည် ဆံထုံးအဖြစ် အဆင်ပြေသလိုထုံးထားပြီး မျက်နှာအသွင်များမှာ နူးညံ့ပြီး သိမ်မွေ့လှသည်။ မျက်မှန်တစ်လက်လည်း တပ်ထားသည့်အတွက် ထိုအမျိုးသမီးမှာ ဉာဏ်ပညာနှင့် အလှအပ ပြည့်စုံနေပ၏။

သို့သော်လည်း ထိုမိန်းမလှ၏ မျက်နှာမှာ ဒေါသနှင့် မကျေမချမ်းမှုများ ပြည့်နှက်နေခဲ့သည်။ ထူးဆန်းသည်မှာ မှော်စက်ဝိုင်းဗဟိုသို့ ထိုမိန်းမလှ အသာအယာ ခြေချလိုက်ခြင်းပင် ဖြစ်သည်။ ပေါက်ကွဲထွက်ရမည့် မှော်စက်ဝိုင်းသည် အသက်ဝင်သည့် လက္ခဏာလုံးဝမရှိတော့ဘဲ ကြောင်တစ်‌ကောင်ကဲ့သို့ အောက်ကျို့သွား၏။ မိမိသာ ထိုကဲ့သို့ ‌ခြေချလိုက်လျှင် အပိုင်းပိုင်း ဖြစ်သွားမည်ကို ချန်လွေ့ သေချာသိသည်။

ဒီမှော်စက်ဝိုင်းမှာ အမြင့်ဆုံးသော “ခြွင်းချက်” ဥပဒေလိုမျိုး ထူးဆန်းတဲ့ “အသိအမှတ်ပြု”စွမ်းရည် ရှိတယ်ဆိုရင် အဲဒီ “ခြွင်းချက်”က ငါ့အရှေ့က မိန်းမလှပဲ ဖြစ်မယ်။

ချန်လွေ့ကို ပို၍အံ့အားသင့်စေသည်မှာ ထိုအမျိုးသမီး ဒေါသတကြီး ပြောနေခြင်းပင် ဖြစ်သည်။ သူ့ရဲ့စမ်းသပ်ချက်ကို ဖျက်ဆီးခဲ့တယ်တဲ့လား။ ဒီအမျိုးသမီးကို ရေမချိုးနိုင်အောင် လုပ်ခဲ့တယ်။ ပြီးတော့ သူ့ကို သုံးရက် ဘာမှမစားရအောင် လုပ်ခဲ့တယ် တဲ့လား။

ဒါက ငါနဲ့ ဘာဆိုင်လို့လဲ။ ချန်လွေ့ ဇဝေဇဝါ ဖြစ်သွား၏။ ငါသူ့ကို အခုမှ တွေ့ဖူးတာ သေချာပါတယ်။

အပြစ်မဲ့သူတစ်ယောက်က သူသည့် “လောင်းကြေး”ပစ္စည်းတစ်ခု ဖြစ်ခဲ့ကြောင်း မသိပေ။ သူသည် ထိုအမျိုးသမီး၏ အစားအစာများကို “အနိုင်ရ”ခဲ့ ရုံသာမက စိတ်အနှောင့်အယှက်လည်း ဖြစ်စေခဲ့သည့်အတွက် အရေးကြီးစမ်းသပ်ချက်ကို လုံးဝ ပျက်စီးစေခဲ့သည်။

ထိုအချိန်၌ စူပါစနစ်၏ [ သရုပ်ခွဲမျက်လုံး ] က ထိုမိန်းမလှ၏ ကိုယ်ရေးအကျဉ်းကို ပြသလိုက်သည်။

မျိုးနွယ် - နဂါး(နတ်မိမယ်နဂါး)။

စွမ်းအားအကဲဖြတ်မှု - မဆုံးဖြတ်နိုင်။

နတ်...နတ်မိမယ်နဂါးတဲ့လား။ ချန်လွေ့ ချက်ချင်းပင် ကြက်သေသေသွားတော့သည်။ သလင်းကျောက်တောင်ကြား၌ သလင်းကျောက်နဂါး ယာကော့ဗ်အား တွေ့ခဲ့စဉ်က သူသိပ်ပြီး အံ့အားမသင့်ခဲ့ပေ။

နတ်ဆိုးဘုံမှာ နတ်မိမယ်နဂါး ဘယ်နှစ်ယောက် ရှိတာလဲ။

ဧကန္တ......

ချန်လွေ့၏နှလုံးသား ပြင်းပြင်းထန်ထန် တုန်ခါလာသည်။

ချန်လွေ့ စကားပြောရန် ပြင်လိုက်စဉ် ကောင်းကင်မှ ငွေရောင် လက်ခနဲ ဖြစ်သွားသည်ကို တွေ့လိုက်သည်။ သူ ရှောင်တိမ်းရန် အချိန်မရသေးခင်မှာပင် ပြင်းထန်လှသော ငွေရောင် လျှပ်စီးများက သူ့တစ်ကိုယ်လုံး ပျံ့နှံ့သွားပြီး လဲကျသွားတော့သည်။ သူသည် ခန္ဓာကိုယ်ကို အလျင်အမြန် တိုက်စားနေသော ထူးဆန်းသည့် ဒြပ်စင်စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။ ထိုဒြပ်စင်စွမ်းအားသည် သန့်စင်သော လေဒြပ်စင်မဟုတ်ဘဲ လေ၊ မီးနှင့် အမှောင်တို့ ရောနှောထားသော စွမ်းအား ဖြစ်သည်။ ၎င်းသည် ပင့်ကူအိမ် ကဲ့သို့ပင် သူ့တစ်ကိုယ်လုံး အလျင်အမြန် ပျံ့နှံ့လာနေပြီး သူ၏ခုခံမှုကို ချက်ချင်းပင် ဖျက်ဆီးပစ် ခဲ့သည်။ သူ မလှုပ်နိုင်လုနီးပါး ဖြစ်သွားတော့သည်။

ဒြပ်ပေါင်းမှော်ပဲ။ ပြီးတော့ ဒါက ဒြပ်စင်-သုံးသွယ်ပေါင်းပဲ။ ဒါကို ဘာမှမပြင်ဆင်ဘဲ တစ်ခါတည်း ပစ်လွှတ်လိုက်တာ။ သူက မှော်လေ့ကျင့်သူရဲ့ သိမြင်ခြင်း နယ်ပယ်ကို ကျော်လွန်လုနီးပါး ဖြစ်နေပြီ။

ဒြပ်စင်-သုံးသွယ်‌ပေါင်းသည် သက်ရောက်မှုအား သုံးဆကဲ့သို့ မရိုးရှင်းပေ။ ချန်လွေ့တွင် မှော်ထိခိုက်မှုကို ကြီးကြီးမားမား လျှော့ချပေးနိုင်သည့် [ မှော်-‌ဆန့်ကျင် ] နှင့် [ ထိခိုက်မှုစုပ်ယူခြင်း ] စွမ်းရည်များ ရှိသော်လည်း ထိုကြောက်မက်ဖွယ်ရာ ဒြပ်စင်-သုံးသွယ်ပေါင်း မှော်ပညာကို မခုခံနိုင်‌သေးပေ။ သူ အလျင်အမြန် တယ်လီပို့ခုန်ကာ အကွာအဝေးတစ်ခု လုပ်ပြီး အားတင်း၍ အော်ပြောလိုက်သည်

“ ခဏနေပါဦး။ ကျုပ်ပြောတာ အရင်နားထောင် ပေးပါ...”

All Chapters