← Chapters

ရှေးမှော်စာ ကျောက်ပြား

Vol. 23 Ch. 344

ရှေးမှော်စာ ကျောက်ပြား

Vol. 23 Ch. 344

သက်တန့်တောင်ကြားမှ ချန်လွေ့ ထွက်သွားချင်ရခြင်းမှာ ဇိုလာ ထင်ထားသကဲ့သို့ မဟုတ်ဘဲ အိုဆိုင်ဒန်အား ကတိပေးထားခဲ့သော လဝက်အချိန်ကြောင့် ဖြစ်သည်။ ထိုအစီအစဉ်ကို ထပ်မံအကောင်အထည် ဖော်ရပေမည်။ ထို့အပြင် မြေဒြပ်စင်နှလုံးသားကို လုံးဝပြင်ဆင်ပြီးပြီ ဖြစ်သည့်အတွက် သူသည် ရှီလန်တောင်သို့သွားပြီး အိပ်စက်နေသော ဘုရင်ကို သွားနှိုးရဦးမည် ဖြစ်သည်။

“ စိတ်မပူပါနဲ့။ ကျုပ်က အရေးကြီးမိတ်ဆွေ တစ်ယောက်ကို ကယ်တင်ဖို့တွက် ဓမ္မတေး သစ်သီးကို သုံးမှာပါ။ အလွန်ဆုံး လဝက်ကြာပြီးရင် ကျုပ် ပြန်လာမှာပါ။ ”

( ခံစားချက်များဖြင့် ရင်ထဲထိသွား )

နတ်မိမယ်နဂါးသည် အာရုံထွေပြားလျက် နားထောင်နေပုံရသည်။ သို့သော် ခေါင်းမညိတ်ခဲ့ပေ။

ပိုက်ဆံမရဘဲနဲ့ အိမ်အလုပ်လုပ်ရမယ်၊ စမ်းသပ်ပစ္စည်းဖြစ်မယ်၊ တစ်ခါတစ်လေ ငွေညှစ်ခံရမယ် ဆိုရင် ငါသာဆို ထွက်ပြေးတာ ကြာပြီ။ ဒီလိုမျိုး ငတုံးတစ်ယောက်ကို ငါဖမ်းမိထားတယ်ဆိုတော့ ဒီအတိုင်း လွှတ်ပေးလိုက်လို့ မဖြစ်ဘူး။

“ ကျုပ် ရစ်ချတ်ဆိုတဲ့ နာမည်နဲ့ အာမခံတယ်..... ” ( ကျိန်ဆို )

နတ်မိမယ်နဂါးသည် ငေးငိုက်လျက်ပင် ရှိနေပြီး တစ်ခါတစ်ရံ “အိုး” ဟု ပြောတတ်သည်။ ၎င်းသည် နေ့စဉ်စမ်းသပ်ချက်များ၌ သူ၏ အာရုံစိုက်မှုနှင့် အလေးအနက်ထားမှုတို့နှင့် လုံးဝကွဲပြားနေသည်။ နတ်မိမယ်နဂါး ခေါင်းမညိတ်သေးပေ။

လာနောက်နေတာလား။ ဒီအကွက်ကို ငါသုံးနေတာ ဟိုးကတည်းကပဲ။ ပြီးတော့လည်း ငါက ငတုံးမဟုတ်ဘူး။ ရစ်ချတ်ဆိုတဲ့နာမည်က အစစ်ဟုတ်မဟုတ် ဘယ်သူသိမှာလဲ။

နတ်မိမယ်နဂါး ငေးနိုင်နေစဉ် မည်သည်မှ အလုပ်မဖြစ်ကြောင်း ချန်လွေ့ သိသည်။ ထို့ကြောင့် နောက်ဆုံး မှော်လက်နက်ကို စတေးရတော့သည်။

“ ကောင်းပြီးလေ။ လျို့ဝှက်ဆန်းကြယ်တဲ့ ရတနာတစ်ခုကို ကျုပ် အပေါင်ထားချင်တယ်။ ကျုပ် ပြန်မလာနိုင်ရင် ဒီအဖိုးတန်ဆုံးရတနာကို ခင်ဗျား ပိုင်သွားပြီ။ ”

( ဟမ့်။ အသေအချာပဲ။ သူ့မှာ ဝှက်ထားတဲ့ ရတနာတွေ ရှိသေးတယ်။ ဒါပေမဲ့ ဘယ်ရတနာတွေက နင့်လိုမျိုး အခမဲ့ အစေခံနဲ့ စမ်းသပ်ပစ္စည်းထက် ပိုပြီးတော့ အဖိုးတန်မှာလဲ။ )

မည်သို့ပင်ဆိုစေကာမူ ရတနာဟူသော အသံကိုကြားသည့်အခါ နတ်မိမယ်နဂါး စိတ်ဝင်စားသွား၏။

ချန်လွေ့က တစ်စုံတစ်ခုကို ထုတ်လိုက်သည့်အခါ ဇိုလာ၏မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။ အကောင်းဆုံးကုန်ကြမ်းများနှင့် အဖိုးတန်ပိုင်ဆိုင်မှုများကို မြင်ခဲ့သော အခါ၌ပင် သူသည် ထိုကဲ့သို့ မထိတ်လန့်ခဲ့ပေ။ ထိုအမူအရာသည် သူ၏ပုံမှန် ဟန်ဆောင် ငေးငိုင်နေခြင်းမျိုး မဟုတ်ဘဲ အမှန်တကယ် ကြက်သေသေသွားခဲ့သည်။

၎င်းမှာ ကျောက်ပြားတစ်ခု ဖြစ်သည်။ ကုန်ကြမ်းမှာ အလွန်ထူးခြားသည်။ ရွှေနှင့်တူကာ သစ်သားနှင့် မတူပေ။ ယန္တရားဆရာသခင် ချန်လွေ့၏မျက်လုံးများဖြင့်ပင် ထိုကျောက်ပြား ကုန်ကြမ်း၏ အသေးစိတ်ဖွဲ့စည်းမှု ခွဲခြမ်းလေ့လာရန် မဖြစ်နိုင်ပေ။ ထိုကျောက်ပြားပေါ်၌ ထူးဆန်းသော အမှတ်အသားတစ်ခု ရှိသည်။ ၎င်းသည် သင်္ကေတစ်ခု ဖြစ်ပုံရသည်။

ချန်လွေ့ စကားမပြောနိုင်ခင်မှာပင် လက်ပေါ့သွားသကဲ့သို့ ခံစားလိုက်ရပြီး ကျောက်ပြားသည် ဇိုလာ၏လက်ထဲသို့ ကျရောက်သွားတော့သည်။

“ ဟုတ်တယ်။ ဒါပဲ။ ”

ဇိုလာ၏ မျက်လုံးများသည် လက်ထဲမှ ကျောက်ပြားကို စိုက်ကြည့်နေဆဲပင် ဖြစ်သည်။ သူ၏ လေသံထဲ၌ ရှားရှားပါးပါး အံ့အားသင့်သံ ပါဝင်နေ၏။

“ နှစ်ပေါင်း ၂၀၀၀ ရှိခဲ့ပြီပဲ.... ”

နတ်မိမယ်နဂါး၏ တုံ့ပြန်မှုမှာ ချန်လွေ့ မျှော်မှန်းထားသည့်အတိုင်းပင် ဖြစ်သည်။ သလင်းကျောက်နဂါးသည် ယခင်က ဇိုလာထံမှ ရှေးမှော်စာ ကျောက်ပြား၆ခုကို လုယူ သွားခဲ့ပြီးနောက် သူဘယ်ရောက်သွားသည်ကို မသိရတော့ပေ။ ၎င်းသည် နောက်ဆုံး၌ မူလပိုင်ရှင်ထံ ပြန်‌‌ရောက်သွားလေပြီ။ သို့သော် တစ်ခုလုံး မဟုတ်ပေ။ ချန်လွေ့၏ လက်ထဲ၌ ကျောက်ပြား၅ခု ရှိနေသေးသည်။ ထိုတစ်ခုမှာ ငါးဖမ်းရန်...အဲ...နဂါးဖမ်းရန် ဖြစ်ပေသည်။

“ မစ်-ဇိုလာ။ ဒီသင်္ကေတတွေကို သိတာလား။ ကျုပ် ဒါကို အချိန်တော်တော်ကြာကြာ လေ့လာခဲ့တယ်။ ဒါ‌ပေမဲ့ ဒါက တော်တော်လေး ရှေးကျတဲ့ ဘာသာစကားတစ်ခု ဖြစ်မယ်။ ကျုပ် အဖြေရှာလို့ မရခဲ့ဘူး။ ”

“ ဒါက ရှေးမှော်စာတွေပဲ။ ”

ဇိုလာ၏လက်ချောင်းများက ကျောက်ပြားပေါ် အသာအယာ လှုပ်ရှားလိုက်ရာ သင်္တေသည် ချက်ချင်းပင် အလင်းမှော်စာ ရာနှင့်ချီ အဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းတို့သည် လေထဲ လွင့်ပျံသွားပြီး အဆက်မပြတ် ပြောင်းလဲနေ၏။ ၎င်းသည် ချန်လွေ့၏ မျက်လုံးများကိုပင် ကန်းလုမတတ် ဖြစ်သွားစေခဲ့သည်။

ချန်လွေ့သည် ထိုကျောက်ပြားများကို လေ့လာခဲ့ဖူးသော်လည်း ထိုကဲ့သို့ ဖြစ်ရပ်မျိုးကို တစ်ခါမျှ မကြုံခဲ့ဖူးပေ။ ဇိုလာသည် ခုနက အထူးနည်းလမ်းတစ်မျိုးမျိုး အသုံးပြုလိုက်ပုံ ရသည်။ ပါ့ဂ်လီအို ပြောခဲ့သည်မှာ မှန်ကန်ပုံရသည်။ ဇိုလာသည် အမှန်တကယ်ပင် နတ်ဆိုးဘုံ၌ ရှေးမှော်စာကိုသိသော လူနည်းစုထဲမှ တစ်ယောက် ဖြစ်သည်။ ထို “လူနည်းစု” ထဲတွင် လျို့ဝှက်ဆန်းကြယ်သော နတ်ဘုရား-တစ်ပိုင်း ပုဂ္ဂိုလ်များလည်း ပါဝင်၏။

လက်ရှိ အခြေအနေကို ကြည့်ရသည်မှာ ဇိုလာသည် ပါ့ဂ်လီအိုအား အန္တရာယ်မှ ဖယ်ထုတ်ရန်အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ပင် ဖြစ်သည်။

ချန်လွေ့သည် ချက်ချင်းပင် အထူးစိစစ်မှုကို အသက်သွင်းလိုက်ပြီး ထိုသင်္တေများ၏ အပြောင်းအလဲများကို မှတ်ဉာဏ်ထဲ၌ စွဲမှတ်စေလိုက်သည်။ ဇိုလာက လက်ချောင်းများကို လှုပ်ရှားလိုက်ပြန်ရာ မှော်စာရာနှင့်ချီ ပျောက်ကွယ်သွားပြီး ကျောက်ပြား ပြန်ဖြစ်သွား၏။ သို့သော်လည်း ထိုအေးစက်ပြီး အသက်မဲ့သော ကျောက်ပြားသည် ယခုတွင် သလင်းကျောက် ကဲ့သို့ ကြည်လင်နေပြီး အသက်ဓာတ်အပြည့် ဖြစ်နေသည်။ ပိုင်ရှင်သည် အမှန်တကယ်ပင် ထိုကျောက်ပြားကို အကောင်းဆုံး အသုံးပြုနိုင်ပေသည်။ ၎င်းကို ချန်လွေ့၏လက်ထဲ သို့မဟုတ် သလင်းကျောက်နဂါး၏ လက်ထဲ ထည့်ထားလိုက်လျှင် ထိုကျောက်ပြားများကို ဖုန်များ ဖုံးနေသော ပုလဲလုံးများအဖြစ်သာ သတ်မှတ်၍‌ရပေသည်။

“ လက်စသတ်တော့ ဒါက ရှေးမှော်စာကိုး။ ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀၀တုန်းက နတ်ဆိုးဘုံရဲ့ မဟာဆရာသခင် လိုလို သေဆုံးသွားပြီးတော့ ပျောက်ကွယ်သွားတယ်လို့ ပြောကြတယ်။ မစ်-ဇိုလာက ဒါကို ကျွမ်းကျင်မယ်လို့ မထင်ထားခဲ့ဘူး။ ခင်ဗျားရဲ့ အသိပညာက တကယ့်ကို လေးနက်တာပဲ။ ”

ချန်လွေ့ စိတ်လှုပ်ရှားနေပုံရသည်။

ယခု ကျောက်ပြားကို ထုတ်ပေးခြင်းသည် အနာဂတ်၌ ရှေးမှော်စာ လေးလာရန်အတွက် ယုတ္တိရှိသော ဆင်ခြေတစ်ခု ဖြစ်လာနိုင်ပေသည်။

ဇိုလာ၏ စိတ်လှုပ်ရှားမှုများ တဖြည်းဖြည်း တည်ငြိမ်သွားပြီးနောက် မေလိုက်သည်။

“ ဒီကျောက်ပြားကို နင်ဘယ်က ရတာလဲ။”

“ ဒါက ကျုပ်မိတ်ဆွေ မိုးရီက ပေးခဲ့တာ။ သူ့ကို ကျုပ်သွားကယ်မလို့လေ။ သိပ်မကြာခင်တုန်းက ဝိညာဉ်ထိခိုက်မှုကြောင့် သူ အိပ်ပျော်သွားခဲ့တယ်။ ဒီဓမ္မတေး သစ်သီးက သူ့ကို ကယ်တင်နိုင်တယ်တဲ့လေ။ ”

“ မိုးရီ လား။ ”

ဇိုလာ သံသယ ဖြစ်နေပုံရသည်။ သို့သော်လည်း နှစ်ပေါင်း၂၀၀၀ ကြာပြီးသည့်အခါ ယာကော့ဗ် မည်သည်ဖြစ်ခဲ့ကြောင်း ဇိုလာ မသိပေ။ ကျောက်ပြားများသည် အခြားသူများ၏ လက်ထဲသို့ ကျရောက်သွားသည်လည်း ဖြစ်နိုင်ပေသည်။

“ ဒီကျောက်ပြားက ပစ္စည်းတစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းလို့ မိုးရီပြောတာ ကျုပ် ကြားဖူးတယ်။ ကျန်တာတွေ ဘယ်မှာရှိလဲဆိုတာ သူသိလား မသိလားဆိုတာတော့ ကျုပ်လည်း မသိဘူး။ ”

ဇိုလာ၏မျက်လုံးများ အ‌ရောင်တောက်သွားခဲ့သည်။ ဒီတစ်ခုအပြင် နောက်ထပ်၅ခု ရှိသေးတယ်။ အဲဒီမိုးရီဆီကနေ အဲဒါတွေ ဘယ်မှာရှိလဲဆိုတာ သူသိမယ်ဆိုရင်.....

“ နင် တကယ်ပဲ ပြန်လာမှာလား။ ဒါမှမဟုတ် ငါနင်နဲ့ လိုက်သွားရမလား။ ”

“ မရဘူး။ အနှောင့်အယှက် ခံလို့မရတဲ့ စမ်းသပ်ချက်တွေ အများကြီး ရှိနေသေးတယ်။ ”

ချန်လွေ့သည် ချာလီစ်အား မြို့တော်သို့ အရင်သွားခိုင်းရမည် ဖြစ်သည်။ သူသည် နတ်မိမယ်နဂါးနှင့်အတူ သွားမည်ကို သေချာပေါက် သဘောတူမည် မဟုတ်ပေ။ ထို့အပြင် မြေဒြပ်စင်ဘုရင်သည် ထိုကျောက်ပြားများနှင့် မည်သည်မျှ မသက်ဆိုင်ပေ။ ထိုအချိန်ကျလျှင် သူ အလိမ်ပေါ်သွားနိုင်ပေသည်။

“ စိတ်မပူပါနဲ့။ ကျုပ် သေချာပေါက် ပြန်လာမှာပါ။ ကျုပ် မမ‌လေးရဲ့ အစေခံ ဒါမဟုတ် စမ်းသပ်ပစ္စည်းအနေနဲ့ ဆက်နေပေးမှာပါ။ ဒီကျောက်ပြားကိုတောင် ပေးနိုးင်တယ်။ ဒါပေမဲ့ ကျုပ် နည်းနည်းလေး တောင်းဆိုစရာရှိတယ်။ ကျုပ်ကို ရှေးမှော်စာအကြောင်း သင်ပေးပါ။ ”

“ ဒါပဲလား။ နင် ..... တခြားဘာမှ တကယ်ပဲ မလိုချင်ဘူးဘား။ ”

ဇိုလာသည် ကျောက်ပြားကို မြင်ကတည်းက ချန်လွေ့ကို “ပြန်ပေး”ရန် မစဉ်းစား ထားသော်လည်း ထိုသို့ပြောသည်ကို ကြားသည့်အခါ အနည်းငယ် အံ့အားသင့် သွားသေးသည်။

အမှန်တကယ်၌ ဇိုလာ ပြန်မပေးမည်ကို ချန်လွေ့လည်း သိသည်။ “လက်ဆောင်” ဆိုသည်မှာ အပေးအယူ လုပ်ရန်သာ ဖြစ်သည်။ သူအာရုံစိုက်သည်မှာ နောက်ပိုင်း၌ ဇိုလာထံတွင် သင်ယူရန် ကြိုးစားခြင်းပင် ဖြစ်လေသည်။

“ အသိပညာထက် ဘာကမှ တန်ဖိုးမကြီးပါဘူး။ ကျုပ်ကို ကတိပေးပါ။ မမလေး။ ”

ချန်လွေ့ ရှေ့တက်ပြီး စိတ်လှုပ်ရှားစွာ ပြောကာ ပြင်းပြသော စိတ်ဆန္ဒကို ခန္ဓာကိုယ် အမူအရာဖြင့် ပြသချင်ခဲ့သည်။ သူသည် ကျောက်ပြားကို ကိုင်ထားသော ဇိုလာ၏လက်ကို မတော်တဆ ဆုပ်ကိုင်မိသွားသည်။

တော်တော်လေး ချောမွေ့ပြီး နူးညံ့နေတာပဲ...

ချန်လွေ့လည်း ထိတ်လန့်သွားခဲ့သည်။

ဇိုလာသည် ချန်လွေ့ ထင်ထားသကဲ့သို့ မသောင်းကြမ်းခဲ့ဘဲ ငေးငိုင်လျက် နေနေခဲ့သည်။ သူသည် အမှန်တကယ်ပင် ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ အမှန်ပဲ။ အသိပညာထက်ကို ဘာကမှ တန်ဖိုးမရှိဘူး။ ”

“ ကောင်းပြီလေ။ ငါနင့်ကို ထွက်သွားဖို့ သဘောတူတယ်။ မြန်မြန် ပြန်လာဖို့ မမေ့နဲ့။ ”

စကားပြောပြီးသည်နှင့် ချန်လွေ့သည် လက်တင်းကြပ်သွားကြောင်းသာ ခံစားလိုက်ရ၏။ ဇိုလာသည် သူ၏လက်ကို တင်းတင်း ဆုပ်ကိုင်ထားသည်။ ထို့နောက် အထိအတွေ့ မှတစ်ဆင့် ကြောက်မက်ဖွယ်ရာ လျှပ်စီးကြောင်းတစ်ခုကို ခံစားလိုက်ရ၏။

“ ဇက်ဇက်.....”

“ ခွဲခွာရတာက တကယ့်ကို ဝမ်းနည်းစရာပဲ။ ”

နတ်မိမယ်နဂါးသည် ရှက်နေသည့် အရိပ်အယောင်ဖြင့် ဝမ်းနည်းစွာ ခေါင်းလှည့် လိုက်သည်။ သူ၏မျက်မှန်အောက်တွင် မြူနှင်းရေးရေးလေး ပေါ်ထွက်လာ၏။ သူသည် ကြမ်းပြင်ပေါ်ရှိ ဆံပင် ထောင်ထောင်နှင့် လောင်ကျွမ်းသွားခဲ့သော ခန္ဓာကိုယ်ကို မကြည့်ရက်တော့ပေ။

၎င်းကို ဖြစ်စေခဲ့သည်မှာ သူမဟုတ်ဘဲ အခြားသူတစ်ယောက် ဖြစ်နေသကဲ့သို့ပင်။

အချိန်အတော်ကြာအောင် ထိုပုံရိပ်သည် မိုးခိုးမည်းများနှင့် ချောင်းဆိုးနေခဲ့သည်။ ဒီကြောက်စရာမိန်းမတော့။ စမ်းသပ်ချက်အရူးအမူး နောက်ကွယ်မှာ ကိုယ်ကျင့်တရား မကောင်းဘူး။ ဟန်ဆောင်ငေးငိုင်တာလည်း ရှိတယ်။ ပြီးတော့ လျို့ဝှက်ထားတဲ့ နောက်တစ်ခုက စိတ်နှလုံး မကောင်းတာပဲ။

အတော်များများ ရပ်တန့်ခဲ့ရပြီး နောက်ဆုံး၌ ချန်လွေ့သည် လှပသော သက်တန့်တောင်ကြားနှင့် လှပသော မြွေဟောက်....နဂါးမလေးထံမှ ထွက်သွားနိုင်ခဲ့၏။ သူ၏ ခရီးပန်းတိုင်မှာ ကြယ်ကြွေတမန် မြို့တော် ဖြစ်သည်။

အစ်ဇဘယ်လာ အရှေ့၌ ချန်လွေ့ ထပ်ပေါ်လာသည့်အခါ အစ်ဇဘယ်လာသည် စံအိမ်ထဲတွင် ခရိုဘဲလက်စ်နှင့် စကားပြောနေခဲ့သည်။ အင်ပါယာမြို့တော်ပန်း၏ ညုတုတုအပြုံး၌ အံ့အားသင့်မှု အရိပ်အယောင်ရှိနေကြောင်း ချန်လွေ့ သေသေချာချာ မြင်လိုက်ရသည်။ သူ ပို၍ အံ့အားသင့်သည်လား၊ ပျော်ရွှင်သည်လား ဆိုသည်ကို ချန်လွေ့ သေချာ မသိခဲ့ပေ။ သို့သော်လည်း ချန်လွေ့ လက်ဆောင်ပေးသော ပင်လယ်ပြာ ပုတီးကွင်းကို မြင်သည့်အခါ အစ်ဇဘယ်လာ၏မျက်လုံးများ သိသိသာသာ တောက်ပ သွားခဲ့သည်။

တစ်ခါတစ်ရံတွင် မိန်းမများသည် နဂါးများကဲ့သို့ပင် ဖြစ်နေပုံရသည်။ အရောင်တောက်ပြီး စျေးကြီးသော ပစ္စည်းများကို မဆန့်ကျင်နိုင်ကြပေ။

၎င်းသည် နဂါးမအတွက် အတိအကျပင် ဖြစ်သည်။ ခရိုဘဲလက်စသည် ထိုပင်လယ်ပြာ ပုတီးကွင်းကို တွေ့သည့်အခါ ပို၍ပင် လွန်လွန်ကဲကဲ ဖြစ်နေခဲ့သည်။ သူ၏မျက်လုံးများမှ အပြာရောင်အလင်းများ တောက်ပလုမတတ် ဖြစ်သွားသည်။ ကံကောင်းစွာပင် ချန်လွေ့သည် သူ့ကို နောက်ထပ် ကျောက်မျက်အကြီးကြီးတစ်ခု ပေးလိုက်သည့်အခါမှသာ ပြုံးရွှင်သွားခဲ့သည်။

အလွန်လောဘကြီးသော မြနဂါးသည် လက်ထဲ၌ ကျောက်မျက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသော်လည်း အစ်ဇဘယ်လာ လက်ထဲမှ ပုတီးကွင်းကို စိုက်ကြည့်နေဆဲပင် ဖြစ်သည်။

“ ကိုယ်ပြန်ရောက်လာတာကို ရင်းနီ အံ့သြသွားသလိုပဲ။ ”

ချန်လွေ့ ပြုံးလိုက်သည်။

“ ကိုယ်က သလင်းကျောက်နက် ဒင်္ဂါး သန်း၁၀၀၀နဲ့ ပျောက်သွားမယ်လို့ ထင်တာလား။ ”

“ သန်း၁၀၀၀....”

ထိုအရေအတွက်သည် ခရိုဘဲလက်စ်၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ ချန်လွေ့ စိတ်ထဲ၌ ခေါင်းညိတ်လိုက်သည်။ ကြည့်ရတာ မြနဂါးက အစီအစဉ်ကို မသိတဲ့ပုံပဲ။ သူက အိုဆိုင်ဒန် လက်အောက်မှာရှိတဲ့ အဓိကပုဂ္ဂိုလ်တစ်ယောက် မဟုတ်လောက်ဘူးထင်တယ်။

“ ဘာလို့ ထင်ရမှာလဲ။ ”

အစ်ဇဘယ်လာက ချန်လွေ့အား စိတ်ဆိုးဆိုးနှင့် ကြည့်လိုက်သည်။

“ ယောက်ျားတွေအားလုံးက လူလိမ်တွေ ဖြစ်တတ်လို့ပါ။ ရှင်က ပိုပြီးတော့ စိတ်ရှည်တဲ့ လူလိမ်တစ်ယောက် ဖြစ်ချင်ဖြစ်မှာပေါ့။ ဘက်တီ။ နင် ဘယ်လိုထင်လဲ။ ”

ထိုစကားများမှာ နောက်ပြောင်လျက် အတည်ပြောခြင်းပင် ဖြစ်လေသည်။ ချန်လွေ့ စိတ်ထဲ၌ သတိထားလိုက်ပြီး နည်းနည်းမျှ သတိလွတ် မခံရဲတော့ပေ။ ခရိုဘဲလက်စ်က ချက်ချင်း ခေါင်းညိတ်လိုက်သည်။

“ ဟုတ်တယ်။ ဒါပေမဲ့ ငါ့ရဲ့ ရာနိုင်းရီကတော့ ခြွင်းချက်ပေါ့။ ”

ဒါပေါ့။ နဂါးသေတစ်ကောင်က မလိမ်နိုင်တော့ဘူးလေ......။ ချန်လွေ့ ပုခုံးတွန့်လိုက်သည်။

“ ချမ်းသာကြွယ်ဝမှုက အတိုင်းအတာတစ်ခုအထိ ရောက်သွားတဲ့အခါ ငြီးငွေ့စရာ နံပါတ်တစ်ခု ဖြစ်သွားတာပဲ။ ဖြစ်နိုင်မယ်ဆိုရင် ကျုပ်အကြောင်း နေ့တိုင်းတွေးအောင်လို့ မိန်းမလှတစ်ယောက်ရဲ့ နှလုံးသားကို “ခိုးယူ” မှာ။ ”

“ တကယ်လား။ ”

အစ်ဇဘယ်လာက ပို၍ပင် ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သည်။

“ ဒါဆို ချာလီစ် သဘောကျတာခံရလောက်အောင် ကံကောင်းတဲ့ မိန်းကလေးက ဘယ်သူများလဲ။ ငါတို့ရဲ့ ဘက်တီလား။ ”

“ မင်းအကြောင်းကို နေ့တိုင်းတွေးဖို့လား။ အိပ်မက် မက်မနေနဲ့။ ”

ခရိုဘဲလက်စ်က ရွံရှာကြောင်း ပြသလိုက်သည်။ ရုတ်တရက် သူ မျက်လုံး ကစားလိုက်၏။

“ ဒါပေမဲ့ မင်းက လူကောင်းပဲ။ မင်းအကြောင်း နေ့တိုင်းတွေးအောင် လုပ်ဖို့အတွက် မဖြစ်နိုင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ငါ့ကိုနေ့တိုင်း ကျောက်မျက်တစ်ခု ပေးရမယ်... ”

“ ခင်ဗျား နေ့တိုင်းတွေးမှာက ကျုပ်ရဲ့ ကျောက်မျက်ကိုပဲ။ ”

ထိုလောဘကြီးသော မြနဂါးအား ချန်လွေ့ မျက်လုံးလည်လိုက်သည်။ ဘေးနားက အစ်ဇဘယ်လာ ဟက်ဟက်ပက်ပက် ရယ်လိုက်၏။ ထိုအခြေနေသည် ယခင် “လူလိမ်” ဟူသော ဆက်ဆက်ထိမခံသည့် စကားအကြောင်းကို ပြောင်းလဲသွားစေခဲ့သည်။

သူတို့၃ယောက်သား စကားအနည်းငယ် ပြောခဲ့ကြသည်။ ချန်လွေ့ ရောက်လာသော အချိန်သည် ခရိုဘဲလက်စ် ထွက်သွားတော့မည့်အချိန် ဖြစ်နေခဲ့သည်။ ကျောက်မျက်များ ထပ်ရရန် မရှိတော့ကြောင်း သိသည့်အခါ သူ ချက်ချင်းပင် ထထွက်သွားတော့သည်။

မြနဂါးထွက်သွားပြီးသည့်အခါ အစ်ဇဘယ်လာက ပြုံးရင်း ပြောလိုက်သည်။

“ ချာလီစ်။ နန်းတော်ဆီ ရှင် ချက်ချင်း သွားသင့်တယ်။ လုပ်ငန်းကို အရင်ပြီးအောင် လုပ်ကြတာပေါ့။ ရှင့်မှာ နန်းတော်အကြီးတန်း အတိုင်ပင်ခံ တံဆိပ်ပြား ရှိတယ်။ အဲဒါနဲ့ဆို နန်းတော်ကို ရှင် လွတ်လွတ်လပ်လပ် အဝင်အထွက် လုပ်လို့ရတယ်။ အရှင်မင်းကြီးက ရှင့်ကို တွေ့ရတာ ဝမ်းသာလိမ့်မယ်လို့ ယုံကြည်တယ်။ ”

ချန်လွေ့ ခေါင်းညိတ်လိုက်သည်။

“ နားလည်ပါတယ်။ ကျုပ် အခုသွားတော့မယ်။ ”

အစ်ဇဘယ်လာက လေးလေးနက်နက်နှင့် ပြောသည်။

“ ဒီရက်ပိုင်း ရွန်မယ်နဲ့ ကျွန်မ အနီးကပ် တိုက်ခိုက်နေခဲ့တာ။ သူ့ကို ရှင် သတိထားရမယ်။ သူက ရှင့်သရုပ်နဲ့ အစီအစဉ်ကို မသိဘူး။ အဲဒါကြောင့် သူက ရှင့်ကို ကျွန်မ ဘက်ကလို့ပဲ ထင်လိမ့်မယ်။ ရွန်မယ်က ရက်စက်တယ်။ သူက ရှင့်ကို ထိခိုက်အောင် လုပ်ဖို့များတယ်။”

“ ကိုယ် ရွန်မယ်ကို ဆန့်ကျင်မယ်ဆိုရင် အဲဒါက ရင်းနီ မြင်ချင်တဲ့အရာ မဟုတ်လား။ ”

ချန်လွေ့က လေးလေးနက်နက် ကြည့်လိုက်ပြီး မတ်တပ်ရပ်ကာ အသာလေး ဦးညွှတ်လိုက်သည်။

“ ဒါပေမဲ့ ကိုယ်နေ့တိုင်းတွေးမိတဲ့ မင်းလေးကို ကူညီပေးချင်ပါတယ်။”

စကားပြောပြီးနောက် သူ ချက်ချင်းပင် လှည့်ထွက်သွားတော့သည်။

အစ်ဇဘယ်လာ၏ အပြာရောင်မျက်လုံးများ လှုပ်ရှားသွားခဲ့သည်။ သူ၏လက်ထဲမှ ခမ်းနားလှသော ပုတီးပြာကိုကြည့်ရင်း ဆွဲဆောင်မှုရှိသော မျက်နှာပေါ်၌ ရှုပ်ထွေးသော အမူအရာတစ်ခု ဖျပ်ခနဲ ဖြစ်သွားခဲ့သည်။

All Chapters