← Chapters

သံသယများ

Vol. 24 Ch. 347

သံသယများ

Vol. 24 Ch. 347

“အမျက်”ဟုသိကြသော ဆမ်မြူရယ် တော်ဝင်မိသားစုသည် နတ်ဆိုးဘုံ တော်ဝင်မိသားစု၌ ဇွဲနပဲအကြီးဆုံး မိသားစု ဖြစ်သည်။ [ သွေးဒေါသ ] ၏ ဝိသေသလက္ခဏာများကြောင့် လူအများအပြားက ထိုကဲ့သို့ ရူးသွပ်သော ပြိုင်ဘက်များကို ရင်ဆိုင်ရန် တွန့်ဆုတ်နေကြသည်။

[ သွေးဒေါသ ] မှာ အလွန်အစွမ်းထက် သော်လည်း “အတိုင်းအတာ” အကန့်အသတ်တစ်ခု ရှိနေသည်။ သို့မဟုတ်ပါက ရန်သူကို မဖြိုလဲနိုင်ခင် သူ အရင် ဒဏ်ရာ အပြင်းအထန်ရပြီး သေသွားပေလိမ့်မည်။

လော်ဒန်၏ ထူးထူးဆန်းဆန်း အပြုံးကို ကြည့်ရင်း ချန်လွေ့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ မီရာသည် သူ့အရှေ့၌ တစ္ဆေသဖွယ် ပေါ်ထွက်လာခဲ့သည်။ ထို့နောက် သူ၏ လက်ရှည်ကို ကြာပွတ်ကဲ့သို့ ဝှေ့ရမ်းလိုက်သည်။ ချန်လွေ့က ၎င်းကို လက်ဖြင့်ခုခံလိုက်ရာ ရစ်ပတ်ခြင်း ခံလိုက်ရ၏။ ချန်လွေ့သည် မြောက်မြားလှစွာသော ဓားချီများက အဆက်မပြတ် တိုက်ခိုက်နေသည်ကို ခံစားလိုက်ရသည်။ ၎င်းတို့သည် အတော်လေး အဆိပ်ပြင်းထန်ပုံရသည်။

ချန်လွေ့သည် ဘာမှမဟုတ်သကဲ့သို့ပင် ခါရမ်းလိုက်သည်။ ချန်လွေ့၏လက်မောင်းတွင် အဖြူရောင် အမှတ် အနည်းငယ်သာ ဖြစ်သွားပြီး မီရာ၏ လက်ရှည်မှာတော့ ပူဖောင်းကဲ့သို့ ဖောင်းတင်းသွားခဲ့သည်။ ကြီးမားလှသော ဖိအား ရုတ်တရက် ပေါက်ကွဲထွက်သွား၏။ မီရာ၏ လက်ရှည် မစုပ်ပြဲသွားသော်လည်း နာကျင်သော မျက်နှာအမူအရာ ပြသလိုက်သည်။ သူ နောက်သို့ ဆုတ်သွားခဲ့ရသည်။ သူသည် မိုးကြိုးအားတစ်ခုဖြင့် အပစ်ခံလိုက်ရသကဲ့သို့ပင် ခန္ဓာကိုယ်အနည်းငယ် တုန်ခါနေ၏။ သူ၏နောက်၌ အချိန်မီ ပေါ်ထွက်လာသော အနက်ရောင် တောင်ပံတစ်စုံ ကြောင့်သာမဟုတ်လျှင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလောက်လေပြီ။

လက်စတင်း တိုက်ခိုက်လာပြန်သည်။ အဆက်မပြတ် ထိပ်တိုက်ရင်ဆိုင်သော တိုက်ပွဲများ ဖြစ်လာတော့သည်။ အမျက်တော်ဝင်မိသားစုဝင်၏ ခန္ဓာကိုယ်၌ [ အရှိန်အဝါဓားသွား ] အရာများ ပေါ်လာ၏။ ဓားရာထပ်တိုးတိုင်း လက်စတင်း၏ မျက်လုံးထဲရှိ သွေးများ ပို၍ပြင်းထန်လာ‌လေသည်။

မီရာ၏ပုံရိပ်သည် ပို၍ပင် မြန်ဆန်နေသည်။ [ သိဒ္ဓိတောင်ပံ ] ၏ တိုးမြှင့်မှုကြောင့် သူ၏ အမြန်နှုန်းမှာ လျှပ်စီးသဖွယ် ဖြစ်နေ၏။

လော်ဒန်သည်ပင် မီးခိုးရောင် အရိပ်တစ်ခုကိုသာ မြင်ရသည်။ မီရာသည် လူစီဖာ တော်ဝင်မိသားစုမှ ဖြစ်သော်လည်း [ သိဒ္ဓိတောင်ပံ ] ပါရမီသာ နိုးထခဲ့သည်။ သို့သော်လည်း သူ့တွင် သန္ဓေပြောင်း အမြန်နှုန်းအတွက် ပါရမီရှိနေပြီး ‌နတ်ဆိုးဘုံရှိ အမြန်ဆုံးသော ဘယ်ဖီဂေါမိသားစုနှင့်ပင် လိုက်မီနိုင်နေသည်။ ထို့ကြောင့်ပင် [ သရုပ်ခွဲမျက်လုံး ] က သူ၏အမြန်နှုန်းကို [ B+ ] ဟု သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း လက်ရှိတွင် ချန်လွေ့၌ [ မိုးခြိမ်းသံ ] နှင့်အတူ [ ခြေလှမ်းဖိနပ် ] ပါ ရှိနေသည့်အတွက် အသုံးမဝင်ပေ။ [ မီးသင့်နဂါးဝင်စီးခြင်း ] နှင့် ပေါင်းလိုက်သည့်အခါ ရိုမန်ပင် မဟာနတ်ဆိုးဘုရင် အဆင့် ထိပ်သီးပိုင်းသို့ ရောက်သွားသည့်တိုင် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နိုင်တော့မည် မဟုတ်ပေ။ မီရာ အကောင်းဆုံး ကြိုးစားသော်လည်း ပြိုင်ဘက်၏ အမြန်နှုန်းမှာ သူ့ထက်မနိမ့်နေပေ။ ထို့အပြင် တိုက်ကွက်တိုင်းကို မီရာ အလွန်ပင် ကြိုးစား ကာကွယ်နေရသည်။ ၎င်းသည် လုံးဝဖိနှိပ်ခြင်းပင် ဖြစ်သည်။

လက်စတင်းလည်း ဖိနှိပ်ခံနေရသည်။ သူသည် [ သွေးဒေါသ ] ကို အသုံးပြုပြီးသည့်တိုင် အရေးနိမ့်နေခဲ့သည်။ လော်ဒန်သည် သူတို့ကိုကြည့်ရင်း စိုးရိမ်လာသည်။ သူ၏ အဖြူအမည်း မျက်လုံးများ တောက်ပသွား၏။ နောက်ဆုံးတွင် အ‌ချိန်အတော်ကြာ ပြင်ဆင်ထားသည့် အနှိုင်းမဲ့တိုက်ကွက်ကို ထုတ်သုံးလိုက်လေပြီ။

ချန်လွေ့က လက်စတင်းနှင့် မီရာတို့ကို နောက်သို့ တွန်းထုတ်လိုက်သည်။ ရုတ်တရက် ‌ရှေ့မှလေထဲတွင် ကြီးမားသော တမန်တော်ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုတမန်တွင် တောင်ပံ တစ်ဖက်သာရှိပြီး ၎င်းမှာ အနက်ရောင် ဖြစ်နေ၏။ အတိအကျပြောရလျှင် ၎င်းမှာ ကြယ်ကြွေတမန် ဖြစ်သည်။

ကြယ်ကြွေတမန်သည် ဖိအားအငွေ့အသက်တစ်ခု ထုတ်လွှတ်လိုက်ပြီး လူများ၏ နှလုံးသားထဲသို့ ဖောက်ထွင်းဝင်ရောက်သွားခဲ့သည်။ ၎င်းသည် လူအများကို ကြောက်ရွံ့ပြီး ကိုးကွယ်ချင်စိတ် ဖြစ်စေ၏။ ဂုဏ်ကြီးမားသော နတ်ဘုရားတစ်ပါး ကဲ့သို့ပင် ဖြစ်သည်။ ချန်လွေ့သည် ထိုအငွေ့အသက်ကြောင့် အဟန့်အတား ဖြစ်သွားဟန်တူပြီး ရှောင်တိမ်းရန် မေ့လျော့သွားခဲ့သည်။

ထိုအချိန်တွင် ကြယ်ကြွေတမန်၏ လက်ထဲ၌ မဟာဓားတစ်လက် ထွက်ပေါ်လာ၏။ ၎င်းထံမှ အလင်းရောင်များ တောက်ပနေပြီး ချက်ချင်းပင် ခုတ်ချလိုက်သည်။

ချန်လွေ့ နှစ်ပိုင်းဖြစ်တော့မည့် အချိန်တွင် လက်နှစ်ဖက်ကို ဆန့်ထုတ်ပြီး မဟာဓားကို ဆုပ်ကိုင်ထားလိုက်သည်။ ထို့ကြောင့် ကြယ်ကြွေတမန်သည် ခဏတာ မလှုပ်ရှား နိုင်တော့ပေ။

ကြယ်ကြွေတမန် မပြောနှင့်။ အစစ်အမှန် နတ်ဘုရားသည်ပင် လောက ကူးပြောင်းလာသော ချန်လွေ့၏ ယုံကြည်မှု အဝန်းအဝိုင်းထဲ မရှိပေ။ သူ၏စိတ်သည် [ စိတ်သန့်စင်ခြင်း ] လေ့ကျင့်ရေး ပြီးကတည်း က အလွန်ခိုင်မာနေခဲ့သည်။ သူသည် ထိုကဲ့သို့ အငွေ့အသက်ဖြင့် လုံးဝသက်ရောက်ခံရမည် မဟုတ်ပေ။

“ မျက်စိနောက်စရာပဲ။ စွမ်းအားတွေ အများကြီး ဖြုန်းလိုက်တယ်။ ”

ချန်လွေ့ ဂရုမစိုက်ဘဲ ပြောလိုက်သည်။ တမန်တော်၏ ပုံရိပ်တစ်ခုလုံး သူ၏လက်ထဲမှ အားကြောင့် ပေါက်ကွဲထွက်သွား၏။ ၎င်းသည် ချက်ချင်းပင် မှိန်ပျသွားပြီး လုံးဝ ပျောက်ကွယ်သွားတော့သည်။

အဝေးမှ လော်ဒန်သည် ချက်ချင်းပင် တုံ့ပြန်ခဲ့သည်။ သူသည် အဆက်မပြတ် သွေးများ အန်ထွက်သွားသည်။ ထို့နောက်တွင် သူ၏မျက်လုံးထဲမှ အဖြူနင့် အမည်းသည်လည်း အရောင်မှိန်သွားခဲ့သည်။ သူသည် ကြောက်ရွံ့စွာဖြင့် မောဟိုက်နေသည်။ ယခုတွင် သူ အမှန်တကယ် တိုက်ခိုက်ကြည့်သည့်အခါ သူနှင့် “ချာလီစ်” အကြားတွင် မည်မျှ ကွာခြားကြောင်းကို သဘောပေါက်သွားခဲ့သည်။

သူ အာရုံပျံ့လွင့်နေစဉ် မီရာ၏ အသိပေးသံ ထွက်ပေါ်လာခဲ့သည်။ သူသည် ရှေ့၌ အဖြူရောင် အလင်းတစ်ခုကို တွေ့သွားသည်။ တလက်လက် တောက်ပနေသော အလင်းလုံးသည် သူ့ထံသို့ လျှပ်စီးသဖွယ် ပြေးဝင်လာနေခြင်း ဖြစ်သည်။ လော်ဒန်သည် ချပ်ကာမှ အစွမ်းထက် အရှိန်တိုးခြင်းကို အသုံးပြုပြီးပြီ ဖြစ်သည်။၎င်းကို ပြန်လည် အသုံးပြုနိုင်ရန် တစ်ရက်စောင့်ရဦးပေမည်။ သူသည် မြေပြင်ပေါ် လှိမ့်လိုက်ရာ မမျှော်လင့်ဘဲနှင့် အလင်းလုံးကို ရှောင်တိမ်းနိုင်ခဲ့သည်။ သို့သော် အလင်းလုံးတွင် မျက်လုံး ပါနေဟန်တူသည်။ ၎င်းသည် လှည့်ပြန်လာပြီး ကွေ့ဝိုက်ကာ အမြင့်တစ်ခုသို့ ရောက်ပြီးနောက် သူ၏ခေါင်းပေါ်သို့ ချက်ချင်း ပြုတ်ကျသွားခဲ့သည်။

မြေပြင်ပေါ်မှ လော်ဒန်သည် မရှောင်တိမ်းနိုင်တော့ပေ။ သူ အံကြိတ်ပြီး လက်စွပ်မှ အကာအကွယ် မှော်ပညာကို အသက်သွင်းလိုက်သည်။ သူ လက်ဆန့်ပြီး အလင်းလုံးကို ခုံခံကြည့်သည်။ အလင်းလုံးသည် သူ့ကို ပြင်းပြးင်ထန်ထန် ထိသွားခဲ့ပြီး တောင်တစ်လုံး ကဲ့သို့ပင် သူ့ကို ဖိနှိပ်နေခဲ့သည်။ ထိုကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်း အငွေ့အသက်သည် လော်ဒန်ကို ကြက်သေသေသွားစေခဲ့သည်။

လော်ဒန်သည် ပါရမီရှင်တစ်ယောက် ဖြစ်သော်လည်း အမြဲပင် အလိုလိုက်ခဲ့ရပြီး အဖားခံ ခဲ့ရသည်။ သူသည် အခက်အခဲများနှင့် လေ့ကျင့်ရေးများ မကြုံတွေ့ရခဲ့ပေ။ တစ်နည်းအားဖြင့် ပြောရလျှင် လော်ဒန်သည် တကယ့်မိုးနှင့်လေကို မရင်ဆိုင်ဖူးသော ဖန်လှောင်အိမ်ထဲမှ ပန်းတစ်ပွင့်ကဲ့သို့ ဖြစ်နေသည်။ ထို့ကြောင့်ပင် သူသည် မာနကြီးပြီး မောက်မာသော စရိုက် ဖြစ်နေခဲ့သည်။

ခန္ဓာကိုယ်တစ်ခုလည်း အဆက်မပြတ် နစ်မြုပ်လာကြောင်း လော်ဒန် ခံစားမိသည်။ သူ ဘာမှမလုပ်နိုင်သည့်အတွက် လက်များ စတင်တုန်ခါလာတော့သည်။ သူ၏ချပ်ကာသည်လည်း ဖိအားကို မခံနိုင်ဘဲ တွန့်လိမ်လာခဲ့သည်။ အမြဲပင် မောက်မာနေခဲ့‌သော မိသားစုဟောင်း ဆက်ခံသူသည် ယခုတွင် နောင်တရနေလေပြီ။ သူသည် ခွင့်လွှတ်ပေးရန် တောင်းပန်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းသာ ပြုလုပ်ချင်တော့သည်။ သို့သော်လည်း အလွန်နောက်ကျသွားခဲ့ပြီး အသည်းအသန် အော်ဟစ်ကာ ထွက်ပြေးရုံသာ တတ်နိုင်တော့သည်။

[ အရုဏ်ဦးပစ်ချက် ] ၏ အဖြူရောင် အလင်းသည် တွင်းထဲသို့ တဖြည်းဖြည်း နစ်ဝင်လာပြီး အသံမကြားရတော့ပေ။ ထိုသူ သေသလား၊ ရှင်သလား ဆိုသည်မှာ မည်သူမှ မသိကြပေ။

ချန်လွေ့သည် လော်ဒန်ကို‌ရော၊ မီရာကိုပါ ကြည့်မနေဘဲ လက်စတင်းကိုသာ စိုက်ကြည့်နေ၏။

“ တခြားအချိန်ဆိုရင် ငါမင်းကို ဆက်ပြီး တိုက်ခိုက်နေရင် တိုက်ခိုက်နေဦးမယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ အခု ငါ့မှာ အချိန်သိပ်မရှိဘူး။ အဲဒါကြောင့် မင်းရဲ့ တိုက်ခိုက်ရေး စိတ်ဝိညာဉ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပျက်စီးခြင်းနိမိတ်ကို သုံးပေးမယ်။ ”

“ အရှက်မရှိ ကြွားတာပဲ။ မင်းက နတ်ဆိုးဧကရာဇ်အဆင့်နဲ့ လုံးဝနီးကပ်နေရင်တောင် ငါ့ကို သတ်နိုင်မှာ မဟုတ်ဘူး။ ဒီနေ့ မင်း သေရမယ်။ ”

လက်စတင်းက အေးစက်စွာ နှာမှုတ်လိုက်ည်။ သူ၏ခန္ဓာကိုယ်၌ အနီရောင်အလင်းများ တောက်ပနေသည်။ မြင့်တက်လာသော စွမ်းအားအငွေ့အသက်သည် ချန်လွေ့၏ [ မီးသင့်နဂါးဝင်စီးခြင်း ] ကို အတော်လေး ယှဉ်နိုင်နေ၏။

[ သွေးဒေါသ ] ၏ ဝိသေသလက္ခဏာမှာ ဒဏ်ရာ ပို၍ပြင်းထန်လေ‌လေ တိုက်ခိုက်ရေး စွမ်းအား ပိုမြင့်လေလေပင် ဖြစ်သည်။ သွေးသုံးပုံတစ်ပုံ ဆုံးရှုုံးသွားလျှင် အချို့ ထူးချွန်သော [ သွေးဒေါသ ] ပါရမီများက [ အမျက်သွေး ] အခြေအနေသို့ ရောက်ရှိနိုင်ပြီး တိုက်ခိုက်ရေး စွမ်းအားမှာ ဒုတိယအဆင့်သို့ ခုန်တက်နိုင်၏။ သို့သော် ထပ်ပြီးဒဏ်ရာရရှိလျှင် တတိယ အဆင့်သို့ ရောက်နိုင်တော့မည် မဟုတ်ပေ။

လက်စတင်းသည် ထိုအခြေအနေသို့ ရောက်ရှိနေသည်။ သို့သော်လည်း [ အမျက်သွေး ] ကို အသုံးပြုပြီးလျှင် သူ၏အသက်ဓာတ် ကြီးကြီးမားမား ထိခိုက်သွားမည်ဖြစ်ပြီး အချိန် အတော်ကြာ တိုက်ခိုက်၍ရတော့မည် မဟုတ်ပေ။ လက်စတင်း၏ အမျက်သွေးမှာ ချန်လွေ့ထံမှ ကြီးမားလှသော ဖိအားကြောင့်လည်း ဖြစ်ပေသည်။

“ [ မိုးကြိုး ]”

လက်စတင်း ပြင်းထန်စွာ အော်ဟစ်လိုက်ပြီး လက်ထဲမှတင်းပုတ်သည် ပြင်းထန်သော မီးဒြပ်စင်စွမ်းအားနှင့် မီးတောက်များ ရောနှောနေကာ ချန်လွေ့ကို ရိုက်လိုက်သည်။ ထိုတိုက်ကွက်သည် စွမ်းအင်ဗုံး မဟုတ်သလို အလှပြလည်း မဟုတ််ပေ။ ၎င်းသည် ခုနက လော်ဒန်သုံးခဲ့သော တမန်တော်ကဲ့သို့ မခန့်ညားသော်လည်း ရိုးရှင်းကာ ထိရောက်မှု ရှိသည်။ ၎င်းသည် ချန်လွေ့ မရှောင်နိုင်သည့်အခိုက်အတန့်ကို အငိုက်ဖမ်းနိုင်ခဲ့သည်။

ဒီတိုက်ကွက်က “သွေးအမျက်”ရဲ့ စွမ်းအား အကုန်လုံးကို စုစည်းတားတာ။ လော်ဒန် ကိုယ့်ကိုယ်ကို ပြောလိုက်သည်။ ဒါပေမဲ့ စွမ်းအားအရတော့ နတ်ဆိုးဧကရာဇ် အဆင့်မှာဆို အဲဒါက သာမန်လောက်ပဲ။

ထိုအချိန်တွင် မီရာ၏ အင်္ကျီလက်တစ်ဖက် စုတ်ပြဲသွားခဲ့ပြီး ပေါ်ထွက်လာသောလက်သည် ဒဏ်ရာနှင့်သွေးစက်များ ပြည့်နှက်နေခဲ့သည်။ သူ၏ လက်ရှည်မှာ ထူးကဲအဆင့် အဆင်တန်ဆာဖြစ်ပြီး ကြာပွတ်အဖြစ် အသုံးပြု၍ရသည်။ ထိုထဲတွင် ဓားကဲ့သို့ ထက်သော အဆိပ်ရှိသွားများလည်း ဝှက်ထားသည်။ သူ၏လက်ထဲရှိ ဓားတိုနှင့်အတူ သူသည် စွမ်းအားနှင့် ပြောင်းလွယ်ပြင်လွယ်ခြင်း ‌ပေါင်းစပ်ထားသော အစွမ်းထက် လူသတ်သမား ဖြစ်သွားခဲ့သည်။ သူ၏ထူးခြားလှသော အမြန်နှုန်း ပါရမီနှင့် ထပ်ပေါင်းလိုက်သည့်အခါ မဟာနတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းများပင် သူ့ကို အလွယ်တကူ ရန်မစရဲကြတော့ပေ။

သို့သော်လည်း အမြန်နှုန်း၊ အဆိပ်၊ လျို့ဝှက်လက်နက်တို့ အားလုံးသည် သူ၏အရှေ့မှ ရန်သူပေါ်တွင် လုံးဝသက်ရောက်မှု ရှိမနေပေ။ သူ၏လက်ရှည်လည်း ဖျက်ဆီးခံခဲ့ရသည်။ အထက်မှ အမိန့်ပေးထားသော လုပ်ကြံခြင်းသည် အောင်မြင်မှ ရပေမည်။ လက်စတင်း၏ ဖိအား အလျင်အမြန် တိုးတက်လာပြီး အဆုံးစွန်အထိတိုးမြင့်သွားကာ “ချာလီစ်” မရှောင်တိမ်းနိုင်တော့ကြောင်း တွေ့လိုက်ရာ မီရာသည် ချက်ချင်းပင် လက်ကျန် စွမ်းအားများစုစည်းလိုက်သည်။ [ သိဒ္ဓိတောင်ပံ] ၏ စွမ်းအားကိုလည်း အပြည့်အဝ ထုတ်လိုက်ကာ အသေသတ်နိုင်ရန်အတွက် အချိန်ကောင်းကို စောင့်ဆိုင်းနေသည်။

သို့သော်လည်း ထိုအချိန်၌ မီရာ ရုတ်တရက် မူးဝေသွားခဲ့သည်။ သစ်တောတစ်ခုလုံးသည် မြောက်မြားလှစွာသော စက်လုံးများရှိနေသည့် ထူးဆန်းသော ပတ်ဝန်းကျင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ မဟုတ်ဘူး......အနီးကပ်ကြည့်ရတာ...အဲဒါတွေက ကြယ်တွေ ဖြစ်မယ်.....

ကြယ်တွေက ထောင့်စွန်းတွေပါတယ် မဟုတ်လား။ ဘာလို့ စက်လုံးပုံစံ ဖြစ်နေရတာလဲ။

ရုတ်တရက် [ သိဒ္ဓိတောင်ပံ ] ၏ တိုးမြှင့်ခြင်း လုံးဝပျောက်ကွယ်သွား သကဲ့သို့ပင် မိမိခန္ဓာကိုယ်များ ခွန်အားများ ထိုးကျသွားသလို ခံစားလိုက်ရသည်။ ထို့ပြင် ဆက်လက် အားအင်များ နည်းနေသေးသည်။

ထင်ယောင်ထင်မှား ဖြစ်တာလား။

မီရာ သိမ့်သိမ့်တုန်သွားခဲ့သည်။ ထို့နောက် ချန်လွေ့နှင့် လက်စတင်းတို့ အချင်းချင်း ဖြတ်သွား ကြသည်ကို မြင်လိုက်ရသည်။ အိုး။ ဒါက အချိန်ကောင်းပဲ။ ခုနက သူတို့ အားကုန် တိုက်ခိုက်ခဲ့ကြတယ်။ နိုင်နိုင်ရှုံးရှုံး အားနည်းနေမှာပဲ။ ဒါက အကောင်းဆုံး အချိန်ပဲ။

မီရာ တိုက်ခိုက်မည် ပြင်လိုက်စဉ် ရှင်းလင်းသော အသံတစ်ခု ကြားလိုက်ရသည်။ လက်စတင်း၏ လက်ထဲရှိ ခိုင်မာလှသော တင်းပုတ်ကြီး နှစ်ပိုင်းပြတ်ထွက်သွားပြီး သူ၏ခေါင်းသည်လည်း မီရာအရှေ့သို့ ကျလာသည်။ သူ၏ပြူးကျယ်နေသော မျက်လုံး များသည် ထိတ်လန့်မှုများ ပြည့်နှက်နေ၏။

ထိုအချိန်၌ ခေါင်းမရှိတော့သော လူကောင်ကြီး ပြိုလဲကျသွားတော့သည်။

ခုနက တိုက်ခိုက်မှုမှာ လက်စတင်းရဲ့စွမ်းအားက မဟာနတ်ဆိုးဧကရာဇ်အဆင့်ကို ကျော်သွားလောက်တယ်။ ဘာဖြစ်လို့.......

မီရာ ချက်ချင်း သဘောပေါက်သွားခဲ့သည်။

ဒီကြယ်တွေက.....ထင်ယောင်ထင်မှားဖြစ်တာ မဟုတ်ဘူးလား။

ပိုင်နက်စွမ်းအားပဲ....

“ နတ်ဆိုးဧကရာဇ်အဆင့်...”

မီရာက ညည်းညူနေဟန်ဖြင့် စကားတစ်ခွန်း လွှတ်ခနဲ ပြောလိုက်သည်။ လက်စသတ်တော့ ဒီ “ချာလီစ်”က မဟာနတ်ဆိုးဘုရင် မဟုတ်ဘဲနဲ့ နတ်ဆိုးဧကရာဇ် အဆင့် ဖြစ်နေတာကိုး။ ဒါက နည်းနည်းထူးဆန်းပေမဲ့ ပိုက်နက်ကို အသုံးပြုနိုင်တဲ့သူတွေက သေချာပေါက် နတ်ဆိုးဧကရာဇ်အဆင့် ရောက်နေပြီ။

မြို့‌တော်၌ နတ်ဆိုးဧကရာဇ်အဆင့် ရောက်ရန် အနီးစပ်ဆုံးသော လက်စတင်းက တိုက်ကွက် တစ်ခုတည်းဖြင့် ခေါင်းပြတ်သွားကြောင်း မြင်တွေ့လိုက်ရပြီးနောက် မီရာသည် ထိပ်တိုက်ရင်ဆိုင်ရန် သတ္တိလုံးဝ မရှိတော့ပေ။ သူ၏ တိုက်ခိုက်ရေးစိတ်ဝိညာဉ် သည် ထိုကဲသို့ကြီးမားလှသော ခြားနားမှုကို မဖြည့်တင်းနိုင်ပေ။ လက်စတင်းသည် အကောင်းဆုံး ဥပမာပင် ဖြစ်သည်။

မီရာ လှည့်ထွက်ပြီး ချက်ချင်းပင် ထွက်ပြေးတော့သည်။ သို့သော်လည်း သူ၏အမြန်နှုန်း ထူးထူးဆန်းဆန်း နှေးကွေးသွားကြောင်း ခံစားလိုက်ရပြန်သည်။ ထို့နောက် အလင်းရောင် တစ်ခု ဖြတ်သန်းသွားပြီး သူ၏နဖူး၌ နာကျင်မှုတစ်ခု ခံစားလိုက်ရသည်။ သူ၏ အသိစိတ် တစ်ခုလုံး အလျင်အမြန် ဝေဝါးသွားပြီး အဆုံးမဲ့ အမှောင်ထုထဲ ကျရောက်သွားတော့သည်။

ချန်လွေ့က မိမိသည် နတ်ဆိုးဧကရာဇ်အဆင့် မဟုတ်ကြောင်း မရှင်းပြခဲ့ဘဲ မီရာ ပြုတ်ကျသွားသည်ကို အေးအေးဆေးဆေး ကြည့်နေလိုက်သည်။ ထို့နောက် [ ကြယ်နက် ပိုင်နက် ] ကို ဖယ်ရှားလိုက်ပြီး လော်ဒန်အနီးရှိ ဧရာမတွင်းချိုင့်ထဲသို့ လမ်းလျှောက်လာ၏။

လက်စတင်း၏ တင်းပုတ်မှာ ထူးကဲအဆင့်ဖြစ်သော်လည်း ချန်လွေ့သည် သတ္တုအထူးပြု ယန္တရားဆရာသခင်တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ထိုလက်နက်မှ မသိသာသော အားနည်းချက်တစ်ခုကို အစကြီးကတည်းက သတိထားမိခဲ့သည်။ သူတိုက်ခိုက်သည့် အခါတိုင်း [ အရှိန်အဝါဓားသွား ] ဖြင့် အားအနည်းဆုံးအပိုင်းကို ခုတ်ပိုင်းနေခဲ့သည်။ လက်စတင်း၏ အပြည့်အဝ ဖောက်ခွဲမှုနှင့် တင်းပုတ်သည် အားနှစ်ခုပွတ်တိုက်ခြင်းဖြင့် လွှမ်းမိုးသွားသည့်အခါ နောက်ဆုံး၌ နှစ်ပိုင်းပြတ်သွားခဲ့သည်။

လက်စတင်းနှင့် မီရာတို့တွင် တိုက်ခိုက်ရေးစွမ်းအား အတော်အသင့် ရှိကြသည်။ သို့သော်လည်း ချန်လွေ့သည် သူတို့ကို ထိန်းချုပ်ရန် မကြိုးစားခဲ့ပေ။ အစကတည်းက သူတို့သည် ချန်လွေ့ကို သတ်ရန် အမိန့်ပေးထားခြင်းဖြစ်ကြောင်း‌ လော်ဒန်ပြောခဲ့သည်။ ချန်လွေ့သည် ကြယ်ကြွေတမန် မြို့တော်မှ အင်အားစုများ၏ မျက်လုံးထဲ၌ ဖြတ်သားဖြတ်လာသာ ဖြစ်သည်။ မြို့တော်၏ အာဏာလုယက်မှုထဲသို့ ချန်လွေ့ ဝင်ရောရန် မလိုအပ်ပေ။ သူ၏ရုပ်သေးများမှာလည်း မပြည့်စုံပေ။ ထို့ပြင် နတ်ဘုရား-ဝါးမျိုခြင်း မျက်နှာဖုံးသည် ထိုအချိန်၌ ပေါက်ကြားသွား၍မရပေ။

သက်တန့်တောင်ကြား၌ ပိုင်နက်၏ လျို့ဝှက်ဆန်းကြယ်မှုကို ထပ်မံ သဘောပေါက်ပြီးနောက် ချန်လွေ့၏ မယ်ဂရီဇ် အခြေအနေ အတွေ့အကြုံတန်ဖိုး သိသိသာသာ တိုးတက်သွားခဲ့သည်။ [ ကြယ်နက်ပိုင်နက် ] ၏ အားနည်းခြင်း သက်ရောက်မှုလည်း ၄၀% ထိ ရောက်ရှိသွားခဲ့သည်။ အမျိုးမျိုးသော အနုတ်သဘော သက်ရောက်မှုများလည်း တိုးမြင့်သွားသည်။ ထို့ကြောင့် အသုံးချရန်အတွက် ပို၍ပင် အဆင်ပြေချောမွေ့သွားခဲ့သည်။

တိတိကျကျ ပြောရလျှင် ချန်လွေ့၏ တကယ့်စွမ်းအားမှာ လက်ရှိတွင် မဟာနတ်ဆိုးဘုရင် အဆင့် နှောင်းပိုင်းသို့သာ နီးစပ်နေသေးသည်။ သို့သော်လည်း [ မီးသင့်နဂါးဝင်စီးခြင်း ] နှင့် [ ကြယ်နက်ပိုင်နက် ] ကို သုံးပြီးသည့်အခါ နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်းနှင့် ယှဉ်နိုင်ရုံ ရှိနေပြီဖြစ်သည်။

နတ်ဘုရား-ဝါးမျိုခြင်း မျက်နှာဖုံးနှင့် နတ်ဆိုးဒိုင်းတို့ကို အသုံးမပြုသည့်တိုင် ချန်လွေ့သည် မဟာနတ်ဆိုးဘုရင်အဆင့်၌ ပြိုင်ဘက်ကင်းနေလေပြီ။ ယခုတစ်‌ခေါက် မဟာနတ်ဆိုးဘုရင် အဆင့် ၄ယောက်ကို တစ်ခါတည်း အနိုင်ယူခဲ့ခြင်းသည် အကောင်းဆုံး ဥပမာပင် ဖြစ်လေသည်။ လက်စတင်းသည် အရည်အသွေး အမြင့်ဆုံး ဓားသွေးကျောက် ဖြစ်ခဲ့သည်။

[ အရုဏ်ဦးပစ်ချက် ] ကြောင့် ဖြစ်သွားခဲ့သော တွင်းနက်ကြီးထဲ၌ လူပုံသဏ္ဍာန်တွင်းတစ်ခုလည်း ရှိနေသည်။ ထိုလှပသော ချပ်ကာသည် အတော်လေး ကောင်းမွန်သော ခုခံစွမ်းအားရှိသည်။ ချပ်ကာ၏ အစိတ်အပိုင်း အများအပြား ပျက်စီးယိုယွင်း သွားခဲ့သော်လည်း လော်ဒန်၏အသက်ကို ကယ်တင်နိုင်ခဲ့သည်။ သို့သော်လည်း ချပ်ကာ၏ သတ္တုတစ်ပိုင်းသည် လော်ဒန်၏ အသားထဲသို့ ထိုးဖောက်သွားခဲ့သည်။ ၎င်းသည် သူ၏နာကျင်မှုကို အဆတိုးသွားစေသည်။ သားရေချပ်ကာသာဆိုလျှင် ထိုကဲ့သို့ ဖြစ်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ယခုတွင် လော်ဒန်သည် ဒဏ်ရာ အပြင်းအထန်ရနေပြီး အားအင်မရှိတော့ပေ။ သူသည် နာကျင်စွာဖြင့်သာ ညည်းညူနိုင်၏။ ထိုမျှအထိ သူ မည်သို့ စဉ်းစားမိမည်နည်း။

သူအကြောက်ရဆုံးရန်သူ ရှေ့သို့ရောက်သည်ကိုကြည့်ရင်း သူ၏မျက်လုံးထဲ၌ အကြောက်တရား ပြည့်နှက်နေခဲ့သည်။ သို့သော်လည်း သူ၏ခန္ဓာကိုယ်သည် မလှုပ်ရှား နိုင်တော့ပေ။ လှုပ်ရှားနိုင်လျှင်ပင် လက်စတင်းကဲ့သို့သော ပုဂ္ဂိုလ်ကို သတ်နိုင်သော ရန်သူထံမှ မည်သို့ပြေးလွတ်မည်နည်း။

“ မင်းက တော်တော်လေး ကံကောင်းတယ်။ မင်းထက် အစွမ်းထက်တဲ့ လူသုံးယောက် သေကုန်ပြီ။ မင်က အသက်ရှင်နေသေးတယ်။ငါကတော့.... ဘာမှတောင် မဖြစ်သလိုပဲ။ ”

ထိုစကားသည် လော်ဒန်၏ အမြင်ကို အတည်ပြုပေးနိုင်ခဲ့သည်။ သူ၏မျက်နှာမှ အကြောက်တရား ပို၍ပြင်းထန်လာခဲ့သည်။ ၎င်းသည် နောင်တ တရားနှင့် ရောနှောနေ၏။ သူ စကားပင် မမေပြာရဲတော့ပေ။

“ မင်းဒီလို မအောင်မြင်တာက သတင်းပေးမှားတဲ့အတွက်ကြောင့်လို့ ပြောလို့ရမယ်။ ”

ချန်လွေ့၏စကားက လော်ဒန်ကို ပို၍ပင် နောင်တရသွားစေခဲ့သည်။

“ ဒီတစ်ခေါက် မင်းက အခြားသူတစ်ယောက် အသုံးချတာကို ခံခဲ့ရတာ။ ငါ လင်ကွန်မိသားစုနဲ့ ရန်ငြိုးအများကြီး မဖန်တီးချင်ဘူး။ ငါမင်းကို လွှတ်ပေးလို့ရတယ်။ ဒါပေမဲ့ ငါဘယ်မှာရှိနေတာလဲဆိုတာ မင်းကို ဘယ်သူသတင်းပေးခဲ့တာလဲ ပြောပြရမယ္။ ငါ့ကို လာသတ်ဖို့ မင်းကို ဘယ်သူ အမိန့်ပေးတာလဲ။ ”

ချန်လွေ့က လက်ထဲမှ မှတ်တမ်းတင်ကျောက်ကို တိတ်တဆိတ် ကိုင်ထားသည်။ သူသည်

၎င်းကို သက်သေအဖြစ် မှတ်တမ်းတင်ရန် ရည်ရွယ်ထားခဲ့သည်။

လော်ဒန်က မိမိသည် “ချာလီစ်” အပေါ် နက်နက်ရှိုင်းရှိုင်း မုန်းတီးနေသည့်အတွက် ယနေ့ သေချာပေါက် သေမည်ဖြစ်ကြောင်း ထင်ခဲ့သည်။ ၎င်းကိုကြားသည့်အခါ မျှော်လင့်ချက် တောက်လောင်လာခဲ့သည်။ သူပြောရန်ပြင်လိုက်စဉ် သူ၏ ရွှေရောင်မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားခဲ့သည်။ ၎င်းတို့သည် အလျင်အမြန်ပင် ထူးဆန်းသော ငွေရောင်အဖြစ် ပြောင်းလဲသွားကာ နားရွက်၊ နှာခေါင်းနှင့် ပါးစပ်တို့မှ တစ်ပြိုင်နက်တည်း ငွေရောင်အလင်းများ ထွက်လာတော့သည်။

ရုတ်တရက် ချန်လွေ့သည် တစ်စုံတစ်ခုကို သတိရလိုက်ပြီး ခန္ဓာကိုယ်ပတ်လည်၌ အပြာရောင် အကာအကွယ်တစ်ခု ဝန်းရံလိုက်သည်။ လော်ဒန် စကားတစ်လုံးမပြောခင် သူ၏ခန္ဓာကိုယ်တစ်လုံးသည် ငွေရောင်အလင်းထဲ၌ ပေါက်ကွဲထွက်သွားတော့သည်။ ကြောက်မက်ဖွယ်ရာစွမ်းအားသည် တွင်းနက်ကို နှစ်ဆကြီးသွားစေသည်။ ဖုန်မှုန့်များ ပျံ့လွင့်နေပြီး အကာအကါယ်လည်း ခဏတာ တုန်ခါသွားခဲ့သည်။ ထို့နောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

ချန်လွေ့သည် အကာအကွယ်ဒိုင်းကာကို ဖယ်ရှားပြီး ချက်ချင်းပင် တွင်းထဲမှ ခုန်ထွက်လိုက်၏။ သူသည် တောအုပ်တစ်ဝိုက်ကို အမြန် ပတ်ကြည့်လိုက်ပြီး တွင်းထဲသို့ ပြန်လာခဲ့သည်။ သူ မျက်မှောင်ကြုတ်လိုက်သည်။

ထိုကဲ့သို့ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခြင်းမျိုးကို သလင်းကျောက်တောင်ကြားရှိ ဆန်းကြယ်တောင်ကြား၌ ချန်လွေ့ မြင်ခဲ့ဖူးသည်။ ၎င်းမှာ လျို့ဝှက်အဖွဲ့အစည်းတစ်ခုက လေ့လာနေသော လျို့ဝှက်ဆေးဝါးတစ်မျိုး ဖြစ်သည်။ လော်ဒန်၏ အမူအရာကို ကြည့်ရသည်မှာ သူ ဖောက်ခွဲချင်ပုံမရပေ။ [ သရုပ်ခွဲမျက်လုံး ] မှလည်း အနီးအနားတွင် အခြားသူများကို မခံစားမိပေ။ ၎င်းသည် စွမ်းအားတစ်ခုခုကြောင့် အသက်ဝင်သွားခြင်း ဖြစ်နိုင်ပေသည်။

နောက်ကွယ်မှလူကို ဖော်ထုတ်လိုက်သည်နှင့် သူ အလိုလိုပေါက်ကွဲသွားခြင်းမျိုး ဖြစ်ပေမည်။

လော်ဒန်လည်း လျို့ဝှက်ဆန်းကြယ်တဲ့ အဖွဲ့အစည်း ထဲကပဲလား။ ဒါမှမဟုတ် သူက ရွန်မယ်ရဲ့ ထိန်းချုပ်တာကို ခံထားရတာလား။ ဒါမှမဟုတ် နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေတာလား။

ချန်လွေ့၏စိတ်ထဲ၌ သံသယများ ဖြစ်လာ၏။ သို့သော်လည်း ထိုနေရာတွင် သူအကြာကြီး မနေသင့်ပေ။ ထို့ကြောင့် မှတ်တမ်းတင်ကျောက်ကို သိမ်းပြီး အလျင်အမြန် ထွက်သွားတော့သည်။

All Chapters