ရှင်းပြခြင်း နှင့် ပြန်လည်ရှင်သန်ခြင်း
Vol. 24 Ch. 348
ချန်လွေ့က မြင်းနောက်တစ်ကောင်စီးပြီး လိပ်ပြာနီနယ်မြေသို့ တောင်ပိုင်းမှ တစ်ဆင့် မရပ်မနား သွားခဲ့သည်။ ထို့နောက် လိပ်ပြာနီမြို့တော်သို့ တည့်တည့်သွားသည်။
ဂျို့ရှ်က “ချာလီစ်” ရောက်လာကြောင်း ကြားသည့်အခါ အလျင်အမြန်ပင် ကိုယ်တိုင် လာနှုတ်ဆက်သည်။ ဆက်ဆံပုံမှာ မြို့တော်ဝန်စံအိမ်၌ ချန်လွေ့ သေလုနီးပါး ဖြစ်ခဲ့သည့် အချိန်နှင့် လုံးဝကွဲပြားနေသည်။
“ အရင်တစ်ခေါက် ထွက်သွားပြီးတော့ ဆာ-ချာလီစ်က ဘုရင်ခံရဲ့ အကြီးတန်း အတိုင်ပင်ခံ ဖြစ်သွားပြီပဲ။ ဂုဏ်ယူပါတယ်။ ” ဂျို့ရှ်၏မျက်နှာသည် တောက်ပစွာ ပြုံးနေခဲ့သည်။
“ဆာ-ဂျို့ရှ်ရဲ့ လမ်းညွှန်မှုတွေနဲ့ အာမခံတာတွေကြောင့်ပါ။” ချန်လွေ့လည်း ပြုံးလိုက်သည်။ “ ကျုပ်တို့အစီအစဉ်က တော်တော်လေးကောင်းတဲ့ ဦးတည်ဘက်ကို သွားနေတယ်။”
“ကျုပ်တို့ အစီအစဉ်” ဟူသောစကားသည် ဂျို့ရှ်၏ မျက်လုံးများကို တောက်ပသွား စေခဲ့သည်။ သူက “ချာလီစ်”သည် မြို့တော်သို့ ရောက်ပြီးသည့်အခါ လိပ်ပြာနီနယ်မြေကို “မေ့လျော့”သွားမည့်အကြောင်း စိုးရိမ်နေခဲ့သည်။ သို့သော်လည်း ထိုစိုးရိမ်မှုသည် ယခု လိုအပ်နေပုံမရပေ။ သို့သော်လည်း “ချာလီစ်”၏ ညီ ဆမ်မြူရယ်ကို လျစ်လျူရှုထား၍ မရနိုင်ပေ။
“ အရှင်မင်းကြီး အိုဆိုင်ဒန်က ပထမဆုံးအကြိမ်အတွက် သလင်းကျောက်နက် ဒင်္ဂါး သန်းတစ်ထောင် ရင်းနှီးမြှုပ်နှံခဲ့လို့ စီမံကိန်းတွေကို စီစဉ်ထားတာထက် ပိုပြီးမြန်မြန် စတင်နိုင်ခဲ့တယ်။ အဲဒါကြောင့် ကျုပ်က ဆာ့ကို ကြိုတင်ကတိပေးထားတဲ့အတိုင်း ယူလာပေးတာပါ။ ဒါဆိုရင် ကျုပ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်လည်း ပြည့်စုံသွားပြီ။ ”
“ ဆာ-ချာလီစ်က တကယ့်ကို ယုံကြည်ရတဲ့သူပဲ။ ” ဂျို့ရှ် ခေါင်းညိတ်လိုက်ပြီး အစမ်းသဘော မေးလိုက်သည်။ “ ကျုပ်တို့ကြားက စာချုပ်ကတော့ ပြီးသွားပြီ။ ဒါပေမဲ့ ပူးပေါင်းဆောင်ရွက်တာကတော့......”
“ ကျုပ်ရဲ့ညီ ဆမ်မြူရယ် ဘယ်လိုနေလဲ။ ” ချန်လွေ့က ဂျို့ရှ်ကို မဖြေခဲ့ဘဲ စကား လမ်းကြောင်းပြောင်းကာ မေးခွန်းမေးလိုက်သည်။
လိပ်ပြာနီနယ်မြေမှ ချန်လွေ့ ထွက်ခွာသောအခါ သူတော်စင်( နတ်ဆိုးဧကရာဇ်) အဆင့်သို့ ဆမ်မြူရယ် တက်ရောက်နိုင်လျှင် လိပ်ပြာနီနယ်မြတစ်ခုတည်းနှင့် ထပ်တိုး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို လုပ်ဆောင်မည့်အကြောင်း ပြောခဲ့သည်။ ဆမ်မြူရယ်အကြောင်း ချန်လွေ့ပြောသည်ကို ကြားသည့်အခါ ဂျို့ရှ်သည် အဓိပ္ပါယ်ကို သဘောပေါက်သွားသည်။ သူ ပြုံးရင်း ပြောလိုက်သည်။ “ ဆမ်မြူရယ်ရဲ့ဆရာက နတ်ဆိုး ဧကရာဇ်အဆင့်ပဲ။ သူမသေခင်မှာ ဆမ်မြူရယ်ကို စွမ်းအားနည်းနည်း လွဲပြောင်းပေး ခဲ့တယ်။ ကျုပ်ရဲ့ လမ်းပြမှုတွေအပါအဝင် သူ့ရဲ့ထူးချွန်တဲ့ အရည်အသွေးတွေနဲ့အတူ သူက သိသိသာသာ တိုးတက်လာခဲ့တယ်။ သူတော်စင်အဆင့်ကို ရောက်ဖို့အတွက် အနှေးနဲ့ အမြန်ပါပဲ။ ကျုပ်ရဲ့အကြံဉာဏ်ကို နားထောင်ပြီးတော့ သူက အမှောင်ဒြပ်စင်ကို ဖိနှိပ် လေ့ကျင့်ရေးအတွက် အသုံးပြုနေပြီ။ အမှောင်ဒြပ်စင်စွမ်းအားကို သူခုခံပြီး အလင်းဒြပ်စင် ပိုင်နက်ကို သူဖွဲ့စည်းနိုင်မယ်ဆိုရင် သူက နတ်ဆိုးဧကရာဇ်အဆင့်ကို အမှန်တကယ် တက်လှမ်းနိုင်မှာပဲ။ ဒါပေမဲ့ ဒီလိုလေ့ကျင့်ရေးမျိုးက အသက်အန္တရာယ် ထိခိုက်နိုင်တယ်လို့ ပြောရမယ်။”
“ဒါပေမဲ့ ခင်ဗျားပြောသလိုပဲ၊ မစိုက်ပျိုးဘဲနဲ့ ရိပ်သိမ်းလို့ မရဘူးလေ။ အထူးသဖြင့် စွမ်းအားမှာပေါ့။ သူက နတ်ဆိုးဘုံကို လာဖို့အတွက် ရွေးချယ်ထားတယ်ဆိုမှတော့ သေဖို့အတွက် ပြင်ဆင်ထားပြီးပြီလို့ ကျုပ် ယုံကြည်တယ်။ ” ချန်လွေ့ အသာလေး ပြောလိုက်သည်။ “ ကျုပ်ဒီကို လာတုန်းက ပြဿနာနည်းနည်း ရှာမိခဲ့တယ်။ ကံဆိုးချင်တော့ ပြန်သွားပြီး ဘုရင်အိုဆိုင်ဒန်ကို ရှင်းပြဖို့ အချိန်မရှိတော့ဘူး။ ကျုပ် နတ်ဆိုးဘုံဆီ နောက်တစ်ခေါက် ပြန်မလာခင် မြို့တော်က ဆမ်မြူရယ်ကို အပြစ်တင်ဖို့ များမယ်။ နတ်ဆိုးဘုံမှာ ကျုပ်ရဲ့ မိတ်ဆွေတွေ မရှိဘူး။ အဲဒါကြောင့် သူ့ကို ဂရုစိုက်ပေးပါ။ ကျုပ် နောက်တစ်ခေါက် ပြန်လာရင် ခင်ဗျားအတွက် အပို အံ့အားသင့်စရာတစ်ခု ယူလာခဲ့မယ်။”
ဂျို့ရှ် ခဏစဉ်းစားပြီး သဘောတူလိုက်ည်။ “စိတ်မပူပါနဲ့။ဆာ။ ဒီကိစ္စကို ကျုပ် တာဝန်ယူ လိုက်ပါ့မယ်။ လိပ်ပြာနီနယ်မြေရဲ့ စိတ်ရင်းနဲ့ ရင်းနှီးမှုကို အလုပ်နဲ့ ကျုပ် သက်သေပြမှာပါ။”
ချန်လွေ့က စိတ်ထဲ၌ စကားတစ်ခွန်း ပြောလိုက်သည်။ “ချာလီစ်” မှာ အသုံးချစရာ တန်ဖိုး ရှိနေသေးရင်ပေါ့.....
“ဒါဆိုလည်း လူကြီးမင်းကို ကျုပ် အားလုံး လွှဲထားလိုက်ပါ့မယ်။”
“ ဒါနဲ့ ဒီနေ့ ဆမ်မြူရယ် လေ့ကျင့်တာက အခုလောက်ဆို ပြီးသွားလောက်ပြီ။ ခင်ဗျား သူ့ကို သွားတွေ့လို့ ရပြီ။ ”
ခဏကြာပြီးနောက် ချန်လွေ့သည် မြို့တော်၏ ဆင်ခြေဖုံးနေရာရှိ ချောင်ကျသော အိမ်တစ်လုံး၌ ဆမ်မြူရယ်နှင့် တွေ့ဆုံခဲ့သည်။
သူတို့နှစ်ယောက်၏စကားဝိုင်းမှာ လျို့ဝှက်ချက်များ ပါဝင်နေသည့်အတွက် ချန်လွေ့သည် အသံလုံတဲတစ်ခုကို လိုရမယ်ရ ပြင်ဆင်ပြီး ဆမ်မြူရယ်နှင့်အတူ ဝင်သွား လိုက်သည်။
“အရှင့်သား”။ ဆမ်မြူရယ်က တဲအိမ်ထဲဝင်ပြီး ဒူးတစ်ဖက်ထောက်လိုက်သည်။ ထို့နောက် ညာဘက်ကို ရင်ဘတ်ပေါ်တင်ကာ ဦးညွှတ်လိုက်၏။
“ရပြီ။ဆမ်မြူရယ်။ သိပ်ပြီး မပျူငှာနေပါနဲ့။ မင်းက ငါ့ညီ မဟုတ်လား။ ” ချန်လွေ့ အသာလေး ပြုံးလိုက်သည်။ သို့သော်လည်း ထိုဂုဏ်ပုဒ်မှာ အတော်လေး အရှက်မဲ့လှ၏။ အကြောင်းမှာ ဆမ်မြူရယ်သည် သူ့ထက် အသက်ကြီးနေသောကြောင့်ပင်။ နှစ်သက် မပေါင်းဘူး ဆိုရင်ပေါ့။
ဆမ်မြူရယ်လည်း စိတ်လှုပ်ရှားစွာဖြင့် မတ်တပ်ရပ်နေလိုက်သည်။ “ အရှင့်သား။ အရှင့်ရဲ့ နည်းဗျူဟာကြောင့် ဆာ-ဂျို့ရှ်က ကျုပ်အတွက် လေ့ကျင့်ဖို့ အကောင်းဆုံး အခြေအနေတွေကို ပြင်ဆင်ပေးခဲ့တယ်။ သူက ကျုပ်ကို မကြာမကြာ လမ်းညွှန်ပေး ခဲ့တယ်။ သိပ်မကြာခင်တုန်းက သူတော်စင်အဆင့်ရဲ့ အစွန်အဖျားကို ကျုပ် ရေးရေးလေး ဖမ်းဆုပ်မိခဲ့တယ်။ တစ်နှစ်မပြည့်ခင်မှာပဲ ကျုပ် အဆင့်တက်နိုင်လောက်တယ်။”
“တစ်နှစ်က လုံးဝအဆင် မပြေဘူး။” ချန်လွေ့က လေးလေးနက်နက် ခေါင်းခါလိုက်သည်။ “လိပ်ပြာနီနယ်မြေကနေ မင်း အလွန်ဆုံး နှစ်လအတွင်း ထွက်သွား ရမယ်။ နတ်ဆိုးဘုံကနေ ထွက်သွားရင် အကောင်းဆုံးပေါ့။ မင်းရဲ့ လေ့ကျင့်ရေးအတွက် စိတ်ပူစရာ မလိုဘူး။ မင်း အဆင့်မတက်နိုင်ရင် အမှောင်လနယ်မြေဆီကို လာပြီးတော့ ဝတ်ရုံဂိုဏ်းကိုရှာ။ ပြီးရင် ငါ့ကိုဆက်သွယ်။”
ချန်လွေ့၏ ပြတ်သားသော အမူအရာကိုကြည့်ရင်း ဆမ်မြူရယ်က အစေအပါးကောင်း တစ်ယောက်၏ အရည်အသွေးကောင်းကို ပြသလိုက်သည်။ သူ အများကြီး မမေးဘဲ ခေါင်းကိုသာ ညိတ်လိုက်၏။
ချန်လွေ့က ဆမ်မြူရယ်သည် နတ်ဆိုးဧကရာဇ်အဆင့် မရောက်မချင်း လူသား လောကသို့ ပြန်မည်မဟုတ်ကြောင်း ကျိန်ဆိုထားသည်ကို သိသည်။ ထို့အပြင် မြေပေါ်ကို ပြန်နိုင်မည့် “မျိုးစေ့များ”သည်လည်း နတ်ဆိုးဧကရာဇ် အဆင့်ရောက်မှသာ အသက်ဝင် နိုင်ပေမည်။ ချန်လွေ့ ချက်ချင်းပင် ဆေးရည်မည်း ၄ပုလင်း ထုတ်လိုက်သည်။ “ ဒါက ထာဝရဆေးရည် တစ်စုံအပြည့်။ ဒါက မဟာဆရာသခင်အဆင့်ရဲ့ သန့်စင်မှု အမြင့်ဆုံးကို ရောက်နေပြီ။ ဒါကို မင်း သင့်တော်တဲ့အချိန် သုံးလိုက်။ လေးပုလင်းလုံး တစ်ခုတည်း သုံးဖို့လိုမယ်။ အဲဒါဆို ထပ်တိုးသက်ရောက်မှုတွေ ရနိုင်မယ်။ မင်းအတွက် အခု အရေးကြီးဆုံးကတော့ ပိုင်နက်စွမ်းအား နိုးထဖို့ပဲ။ ”
“ ဆေးရည်မည်း တစ်စုံအပြည့်လား။ သန့်စင်မှု အမြင့်ဆုံး ဟုတ်လား။” ဆမ်မြူရယ် အံ့အားသင့်သွားသည်။ လူသားလောက၌ အလင်းနတ်ဘုရားကျောင်း၏ ဂိုဏ်းခပ် ပါဗာ တစ်ယောက်တည်းသာ ထာဝရဆေးရည်များကို ဖော်စပ်နိုင်သည်။ သန့်စင်မှု အမြင့်ဆုံးကို မပြောနှင့်။ သူသည် နှစ်မျိုးကိုသာ ဖော်ဆပ်နိုင်၏။ ယခုတွင်အာသာရိုလန်သည် သန့်စင်မှု အမြင့်မားဆုံး ထာဝရဆေးရည် ၄ပုလင်းကို ထုတ်ပြလိုက်သည်။ နတ်ဆိုးဘုံမှာ ဆေးရည် ဆရာသခင် မရှိဘူးလို့ သူတို့ပြောကြတယ် မဟုတ်လား။ ဒါမှမဟုတ် အရှင့်သား နောက်ကွယ်မှာ ပုံးကွယ်နေတဲ့ မဟာဆရာသခင်တစ်ယောက် ရှိနေတာလား။
“ဟုတ်ကဲ့။” ဆမ်မြူရယ်က မျက်လုံးထဲ၌ ကျေးဇူးတင်ကြောင်း ဖော်ပြပြီး အများကြီး မမေးခဲ့ပေ။ သူသည် ၎င်းတို့ကို ယူပြီး သိုလှောင်လက်စွပ်ထဲသို့ သေသေချာချာ သိမ်းထားလိုက်သည်။
ချန်လွေ့သည် ဆမ်မြူရယ်၏ လုပ်ရပ်ကို အတော်လေး ကျေနပ်နေခဲ့သည်။ သူက ယခုတစ်ခေါက် လိပ်ပြာနီနယ်မြေသို့လာစဉ် ချောင်းမြောင်း တိုက်ခိုက်ခံခဲ့ရကြောင်း ဆမ်မြူရယ်ကို ပြောပြခဲ့ပြီး သတိထားရန်နှင့် အခြေအနေအရ လှုပ်ရှားရန် ပြောခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ဂျို့ရှ် တစ်ယောက်တည်းကို မျှော်လင့်ထား၍ မရနိုင်ပေ။
“ငါတို့ ပြန်မတွေ့နိုင်တော့ဘူး။ မင်းမထွက်သွားခင် အထိပေါ့။ ငါတို့ ခွဲခွာပြီးရင် တောင်းဆိုစရာတစ်ခု ရှိတယ်။ ဒါမှမဟုတ် အမိန့်ပေါ့။ မင်း လူသားလောကဆီ ပြန်ရောက်ရင် ငါ့ခမည်းတော်အပါအဝင် ဘယ်သူ့ကိုမှ ငါ့အကြောင်း မပြောပြနဲ့။”
ယခုတစ်ခေါက်၌ ဆမ်မြူရယ် တုံ့ဆိုင်းသွားခဲ့သည်။ ခမ့်လော့မိသားစု၏ လက်ရှိ အခြေအနေမှာ မကောင်းလှပေ။ အရှင်အာသာ ပျောက်ဆုံးသွားခြင်းကြောင့် ကိုယ်စး အရင်ဂါဖီးသည် မိသားစုကို ပြင်းပြင်းထန်ထန် ဖိနှိပ်နေခဲ့သည်။ သူသည် အရှင်မင်းသား အာသာ မည်သည့်နေရာ၌ရှိကြောင့် အရှင်မင်းကြီး လက်စ်ကို သတင်းပို့နိုင်လျှင် သူ့မိသားစု၏ အကျပ်အတည်းကို သေချာပေါက် ပြေလျှော့နိုင်မည် ဖြစ်သည်။
“အရှင်မင်းသား။ အရှင့်ရဲ့ လက်ရှိစွမ်းအားနဲ့ဆိုရင် ဂါဖီးနဲ့ လက်စ်တို့ရှေ့မှာ ထွက်ပေါ်လာပြီးတော့ ရွှေရောင်နယ်မြေကို ပြန်ထိန်းချုပ်လို့ ရနေပြီ။ ပြီးတော့ ကျုပ် ထွက်လာတုန်းက အရှင့်ရဲ့ ဇနီးလောင်း၊ ကျက်သရေပြာအင်ပါယာရဲ့မင်းသမီး၊ လန်းဘိစ်က လက်ထပ်စာချုပ်ကို မဖျက်သိမ်းရသေးဘူး....”
ယခင်အာသာ သည်သာဆိုလျှင် ထိုစကားများကြောင့် စိတ်လှုပ်ရှားသွားနိုင်သည်။ သို့သော် ချန်လွေ့မှာ လောက ကူးပြောင်းလာသူ ဖြစ်သည်။ “အာသာ”၏ ဘဝ အကြောင်းသည် သူနှင့် ဘာမျှ မသက်ဆိုင်ပေ။ သူသည် နတ်ဆိုးဘုံနှင့် အတော်လေး ကျင့်သားရနေပြီ ဖြစ်သည်။ ထို့ပြင် ထိုနေရာ၌ ချစ်သူ၊ ညီအစ်ကို နှင့် မပြီးစီးသေးသော အစီအစဉ်များလည်း ရှိနေသည်။ လူသားလောကသို့ ပြန်ပြီးနောက်တွင် ချမ်းသာ ကြွယ်ဝမှုကို စိုးရိမ်စရာ မလိုသော မင်းသားတစ်ယောက် ဖြစ်လာလျှင်ပင် သူ ပြန်မသွားချင်သည်မှာ သံသယဖြစ်စရာ မလိုပေ။
“ငါ့စွမ်းအားက မလုံလောက်သေးဘူး...” ချန်လွေ့က လွှမ်းမိုးသည့် အသွင်အပြင် ပြသလိုက်သည်။ “ဒါပေမဲ့ စိတ်မပူပါနဲ့။ ငါအရင်က ပြောခဲ့သလိုပဲ။ ငါ့ရဲ့စွမ်းအားကို အဆင့်တစ်ခုအထိ စုစည်းပြီးတဲ့အခါကိရင် ငါ့ရန်သူတွေအရှေ့မှာ အနိုင်ယူမယ့် အမူအရာနဲ့ ပြန်ပေါ်လာပြီးတော့ ငါပိုင်ဆိုင်သမျှ အရာအားလုံးကို ပြန်ယူပစ်မှာ။ ရှိရင်းပစ္စည်းတွေကိုရော၊ ဂါဖီးကိုရော ငါ ဖြေရှင်းချင်တယ်။ ဒါက မင်းရဲ့ဂုဏ်သိက္ခာနဲ့ ချစ်သူကို ပြန်ရဖို့အတွက် သူတော်စင်အဆင့် ရောက်အောင် ကြိုးစားနေတာနဲ့ အတူတူပဲ မဟုတ်လား။”
ဆမ်မြူရယ်၏ မျက်လုံးထဲ၌ ပြင်းထန်သော ယုံကြည်ချက်နှင့် အရောင်လက်သွားပြီး ပြတ်ပြတ်သားသား ဦးညွတ်လိုက်သည်။ “ဟုတ်ကဲ့။”
ဆမ်မြူရယ်၏ ပြင်းပြသော တိုက်ခိုက်ရေးစိတ်ဝိညာဉ်ကို ကြည့်ရင်း ချန်လွေ့၏ စိတ်ထဲ၌ ဝမ်းနည်းမိသွားသည်။ ငါ့ရဲ့ တကယ့်အိပ်မက်က နတ်ဆိုးဘုံမှာ နေပြီးတော့ ငါချစ်ရတဲ့ မိန်းမတွေနဲ့ လက်ထပ်မယ်။ ပြီးရင် ငါ့ရဲ့ မိတ်ဆွေတွေရယ်၊ သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ် လျှောက်သွားဖို့ပဲ။ လူသားလောကကိုတော့ ငါ ဘယ်တော့မှ မသွားချင်ခဲ့ဘူး။
အဲဒီအိပ်မက်က တကယ် အမှန်ပဲ။ ဒါပေမဲ့ ဒီလောကကြီးက မှန်းဆလို့ မရဘူး။ အစီအစဉ်တွေ အားလုံးကတော့ မပြောင်းလဲဘူး။ ဒါပေမဲ့ ပြောင်းလဲမှုတွေ ဖြစ်လာရင်တော့ အစီအစဉ်တစ်ခုလုံးကို ပြောင်းလဲရတတ်တယ်....
ထိုကိစ္စများကို ဆမ်မြူရယ်အား ရှင်းပြပြီးနောက် ချန်လွေ့သည် ရောက်ရှိလာသော ခါနီတာအား “ပြန်အမ်းငွေ” တစ်စိတ်တစ်ပိုင်း ပေးခဲ့သည်။ ထို့နောက်တွင် ဂျို့ရှ်၊ ခါနီတာ နှင့် ဆမ်မြူရယ်တို့၏ အကြည့်အောက်၌ ချန်လွေ့သည် နေရာလွတ်တံခါးကို ဖွင့်ကာ “လူသားလောက”သို့ သွားကာ “နတ်ဆိုးဘုံ”မှ ထွက်သွားတော့သည်။
ယခုတစ်ခေါက်တွင် ချန်လွေ့သည် လိပ်ပြာနီနယ်မြေမှ အမှောင်လနယ်မြေသို့ တစ်ခါတည်း မပြန်တော့ဘဲ မိုလင်မြို့မှတစ်ဆင့် အရိပ်နက်မြို့တော်သို့ ဝင်ရောက်ခဲ့သည်။ ထို့နောက် လိုင်ရာမြို့မှ အမှောင်လသို့ သွားသည်။ ခရီးပန်းတိုင်မှာ ရှီလန်တောင်၏ မြေအောက်လောကပင် ဖြစ်လေသည်။
ရှီလန်တောင် -
မြေအောက်လောက၊ ပထဝီဘုံ၌ -
မြေဒြပ်စင်ကောင်အားလုံးသည် အသက်ဓာတ်ရေစင်အရှေ့၌ အလိုအလျောက် စုစည်းလိုက်ကြသည်။
နတ်ဆိုးအရှင်သခင်ကို မယုံနိုင်စရာ ကောင်းလောက်အောင် အနိုင်ယူပြီး မြေဒြပ်စင်ကောင်တို့၏ ပထဝီဘုံနှင့် မြေအောက်လောက တစ်ခုလုံးကိုပါ ကယ်တင်ခဲ့သော မိတ်ဆွေချန်လွေ့သည် အသက်ဓာတ်ရေစင်၌ အိပ်စက်နေသော မြေဒြပ်စင်ဘုရင်ကို နှိုးထခြင်းဟူသော အံ့သြဖွယ် ဖြစ်ရပ်တစ်ခုကို ဖန်တီးခဲ့လေပြန်ပြီ။
ချန်လွေ့၏လက်ထဲ၌ ပုတီးတစ်လုံး၌ အဖြူရောင်အလင်းများ တောက်ပနေ၏။ ထိုပုတီး ပေါ်ထွက်လာသည်နှင့် မြေဒြပ်စင်ကောင် အားလုံးတို့သည် အလွန်အမင်း သန့်စင်ပြီး လှိုင်းထန်သော မြေဒြပ်စင်စွမ်းအားကို ခံစားမိလိုက်ကြသည်။
ပုတီးကို ချန်လွေ့ ရရှိခဲ့သောအခါ မြေဒြပ်စင်စွမ်းအားများ သိပ်ပြီး မပြင်းထန်ခဲ့ပေ။ ၎င်းသည် အက်ကြောင်းများ ပြည့်နှက်နေပြီး အချိန်မရွေး ပျက်စီးနိုင်နေသည်။ ယခု အချိန်၌ မြေဒြပ်စင်နှလုံးသား ချောမွေ့ပြီး လုံးဝန်းနေ၏။ ၎င်းကို ပြင်ဆင်ပြီးသည်မှာ သိသာနေပေသည်။
ထာ့ခ် နှင့် ဆော့ခ်တို့၏ လမ်းညွှန်မှုအတိုင်း ချန်လွေ့သည် မြေဒြပ်စင်နှလုံးသားကို မြေဒြပ်စင်ဘုရင် အိပ်ပျော်နေသော အသက်ဓာတ်ရေစင်ထဲသို့ ထည့်လိုက်သည်။ ပုတီးသည် ရေထဲသို့ ပျော်ဝင်သွားဟန်တူပြီး တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွား၏။ မိုးရီ၏ အေးစက်သော ရုပ်ထုသည် အဖြူရောင်အလင်းများထွက်လာပြီး ၎င်းကို တုံ့ပြန်လိုက်သည်။
မြေဒြပ်စင်ဘုရင်၏ ခန္ဓာကိုယ်ထဲသို့ အသက်ဓာတ်ရေစင်၏ ရောင်ခြည်များ စုပ်ယူ ပြီးသည့်အခါ မူလက တောင့်တင်းနေသာ “ရုပ်ထု”သည် စတင်နွေးထွေးလာပြီး အသက်ဓာတ်များ ထုတ်လွှတ်လာတော့သည်။
မိုးရီ၏ အသက်ရှူသံ တဖြည်းဖြည်း ပြင်းထန်လာသည်။ သူ၏ပိတ်နေသော မျက်လုံးများ ပွင့်သွားပြီး အရောင်များ လက်နေ၏။ သူ လက်ကို အသာလေး ဆန့်တန်း လိုက်သည့်အခါ အစွမ်းထက်သော အငွေ့အသက်တစ်ခုက အလျင်အမြန် ပျံ့နှံ့သွားပြီး မြေဒြပ်စင်ကောင်တို့၏ ပထဝီဘုံအနှံ့ စိမ့်ဝင်သွားတော့သည်။
မြေဒြပ်စင်ကောင်အားလုံး စိတ်လှုပ်တရှားနှင့် သံပြိုင်ဟစ်လိုက်ကြသည်။ သူတို့၏ မျက်နှာ အမူအရာများမှာ ထုံထုံကြီး ဖြစ်နေသော်လည်း ပျော်ရွှင်နေသော ခံစားချက်များ ကိုမူ မျက်လုံးပိတ်ထားလျှင်ပင် ခံစားရနိုင်ပေသည်။
မြေဒြပ်စင်ဘုရင်၏အသံ ထွက်လာ၏။ “မိတ်ဆွေချန်လွေ့။ မင်းကို နောက်တစ်ခါ ပြန်တွေ့ရမယ်ဆိုတာ ငါသိနေတယ်။ မင်းအပေါ် ငါနဲ့ မြေဒြပ်စင်ကောင်တွေရဲ့ ကျေးဇူးတင်စိတ်ကို စကားလုံးနဲ့တောင် ဖော်ပြဖို့ မလုံလောက်တော့ဘူး။”
ထို့နောက် မြေဒြပ်စင်ဘုရင်က ချန်လွေ့ကို ဦးညွှတ်လိုက်သည်။ ထိုလုပ်ရပ်ကြောင့် မြေဒြပ်စင်ကောင်အားလုံးလည်း ချန်လွေ့ကို တရိုတသေနှင့် ဦးညွှတ်လိုက်ကြ၏။