ဒြပ်စင်ကောင်းချီး
Vol. 24 Ch. 349
ချန်လွေ့သည် မြေဒြပ်စင်နှလုံးသားကို ဆုံးရှုံးလိုက်ရသည့်အတွက် မြေမှော်ပညာကို အသုံးပြု၍ မရတော့ပေ။ သူ၏စိတ်ဝိညာဉ် စွမ်းအားနှင့် ကြယ်စင်စုဥယျာဉ်မှ ရရှိသည် များလည်း ထိခိုက်သွားပေသည်။ သို့သော်လည်း မြေဒြပ်စင်ဘုရင်နှင့် မိတ်ဆွေ တစ်ယောက်ကို နှိုးထနိုင်ခြင်းနှင့်ယှဉ်လျှင် ၎င်းတို့သည် အသေးအဖွဲများ ဖြစ်သွားသည်။
စိတ်သန့်စင်ခြင်း ပုံရိပ်ယောင်ထဲ၌ အသူရာသည် ချန်လွေ့အား အယုံကြည်ရဆုံး မိတ်ဆွေများနှင့် ချစ်သူများကိုပင် သုံးလေးကြိမ်မက သတ်ပစ်ရန် လှုံ့ဆော်ပေးခဲ့သည်။ စိတ်သန့်စင်ခြင်းကို ချန်လွေ့ အောင်အောင်မြင်မြင်နှင့် ဖြတ်ကျော်နိုင်ခဲ့သော်လည်း သူ၏ စိတ်ထဲ၌ နောင်တရသောခံစားချက် ကျန်ရှိနေသေးသည်။ သူသည် ယခင်က “ဆုံးရှုံး” ခဲ့သည့်အတွက် ယခုတွင် ပို၍တန်ဖိုးထားနေခဲ့သည်။
ချန်လွေ့က အလျင်အမြန်ပင် လောကဝတ် ပြန်ပြုလိုက်သည်။ “မိတ်ဆွေ တစ်ယောက် အနေနဲ့ ကျုပ်က ကတိတစ်ခုကို ဖြည့်ဆည်းပေးတာပါ။ မိတ်ဆွေ တစ်ယောက် ပြန်ရှင်လာတာကို မြင်ရတာထက် ဘာကမှ ပိုအရေးမကြီးပါဘူး။”
၎င်းသည် ယဉ်ကျေးမှုအရသာ ဖြစ်သော်လည်း မြေဒြပ်စင်ဘုရင် ချန်လွေ့၏ စိတ်ရင်းကို ခံစားနေရသည်။ မြေဒြပ်စင်ကောင်များ တဖြည်းဖြည်း ပါးသွားပြီးနောက်တွင် ချန်လွေ့သည် မြေဒြပ်စင်ဘုရင်နှင့်အတူ အသစ်ပြုပြင်ထားသော မြေနန်းတော်ဆီသို့ လိုက်သွားခဲ့သည်။
“အရှင်မင်းကြီးမိုးရီ။ ခင်ဗျားရဲ့စွမ်းအားတွေ အပြည့်အဝ ပြန်ရပြီလား။”
“အရှင်မင်းကြီး ဆိုတဲ့ ဂုဏ်ပုဒ်က တကယ့်မိတ်ဆွေတွေအတွက် မသင့်တော်ပါဘူး။ အခုက စပြီးတော့ ငါ့ကို မိုးရီလို့ပဲ ခေါ်ပါ။” မြေဒြပ်စင်ဘုရင်၏ လေသံ၌ သိချင်နေသော အရိပ်အယောင်တစ်ခု ရှိနေသည်။ “ကြည့်ရတာ မင်းက စိတ်ကပ်ဘေးကို ကျော်လွှားနိုင် ခဲ့တဲ့ပုံပဲ။ မင်းရဲ့စွမ်းအား သိသိသာသာ တိုးသွားခဲ့တယ်။ ငါသိချင်တာက မြေဒြပ်စင်နှလုံးသား အပေါ်ကို မင်းသုံးခဲ့တဲ့ စွမ်းအားအကြောင်းပဲ။ ငါ့ခန္ဓာကိုယ်ထဲ ပြန်ရောက်လာတဲ့ မြေဒြပ်စင်နှလုံးသားက အရင်ကထက် ပိုသန့်စင်ပြီးတော့ ပိုအစွမ်းထက်တာကို ငါ ခံစားမိတယ်။ ဒီစွမ်းအားကို ငါ လုံးဝခြေဖျက်နိုင်မယ်ဆိုရင် ငါ့ရဲ့စွမ်းအားတွေ တဟုန်ထိုး တိုးသွားမှာပဲ။ ဒီလိုဖြစ်ရပ်မျိုးက ဘုရင့်ခန္ဓာကိုယ်ထဲမှာ နှစ်ပေါင်းထောင်သောင်းချီကြာတောင် တစ်ခါ မဖြစ်နိုင်တဲ့ အရာမျိုးပဲ။ ဓမ္မတေးသစ်သီးမှာ ဒီလို သက်ရောက်မှုမျိုး လုံးဝမရှိဘူး။”
ချန်လွေ့ ခဏ ကြက်သေသေသွားသည်။ ကြယ်စင်စုဥယျာဉ်သည် အတော်လေး အရေးကြီးသော အခန်းကဏ္ဍ၌ ပါဝင်ခဲ့ကြောင်း သူ စိတ်ထဲ၌ တွေးမိခဲ့သည်။ သို့သော် မိုးရီ၏စွမ်းအားကို တိုးမြှင့်ပေးနိုင်သည်မှာ ကောင်းသောအရာတစ်ခုပင် ဖြစ်သည်။ ချန်လွေ့ ပြုံးကာ ပြောလိူက်သည်။ “ခွင့်လွှတ်ပေးပါ။ မိုးရီ။ ဒီကိစ္စကို ကျုပ် ပြောပြလို့ မရပါဘူး။ ဒါပေမဲ့ ဒါက ခင်ဗျားရဲ့စွမ်းအားကို တိုးမြင့်ပေးနိုင်တယ်ဆိုရင် ကျုပ်ဆက်ပြီး ကူညီပေးနိုင်ပါတယ်။”
မြေဒြပ်စင်ဘုရင် ခေါင်းခါသည်။ “ဒါက လျို့ဝှက်ချက် ဆိုမှတော့ ငါ ထပ်ပြီး မမေးတော့ပါဘူး။ ကံဆိုးချင်တော့ မြေဒြပ်စင်နှလုံးသားမှာ ထူးခြားတဲ့ ဂုဏ်သတ္တိတစ်ခု ရှိတယ်။ ဒီလိုမျိုး ပြင်ပအကူအညီတွေက အတိုင်းအတာတစ်ခုအထိ ရောက်သွားခဲ့ရင် ဘယ်လိုပဲလုပ်လုပ် စွမ်းအားမတိုးလာတော့ဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ ဒီတစ်ခေါက် ငါ ပြန်ရှင်လာပြီး စွမ်းအားတိုးလာတာက မင်းရဲ့ အကူအညီကြောင့်ပါပဲ။”
ချန်လွေ့ ပြုံးရင်းပြောလိုက်သည်။ “ရပါတယ်။မိတ်ဆွေ။ အနာဂတ်မှာ ကျုပ် ခင်ဗျားကို အကူအညီ တောင်းမှာပါ။”
“ဂလော်ဖင်းကို မင်း အနိုင်ယူပြီးတော့ မြေဒြပ်စင်ကောင်တွေကို အနိုင်ယူပြီးသွားကတည်းက မြေဒြပ်စင်ကောင်တွေရဲ့ ထာဝရ ရင်းနီးမှုကို မင်း ရသွားခဲ့ပြီ။ အနာဂတ်မှာ မင်း ရင်ဆိုင်ရမယ့် ရန်သူတွေက ဘယ်လောက်အစွမ်းထက်ပါစေ၊ ငါနဲ့ မြေဒြပ်စင်ကောင်တွေက မင်းရဲ့အရှေ့မှာ အခိုင်မာဆုံး ဒိုင်းကာအဖြစ် ရှိနေမှာပါ။”
ချန်လွေ့၏ မျက်လုံးများ အရောင်တောက်သွား၏။ ချန်လွေ့တွင် မြေဒြပ်စင်ဘုရင်၏ ကတိနှင့် ပါ့ဂ်လီအို ရှိနေပြီဖြစ်သည့်အတွက် မြို့တော်ကို ထိပ်တိုက် ရင်ဆိုင်သည့်တိုင် အထောက်အပံ့ ကြီးကြီးမားမား ရှိနေလေပြီ။
“ဒါနဲ့ ကျုပ် တစ်ခုခု ရထားတယ်။ ခင်ဗျား မြင်ဖူးလားတော့ မသိဘူး။” ချန်လွေ့က သူ၏လက်သီးထက် အနည်းငယ် သေးငယ်သော ပုတီးပြာတစ်လုံးကို ထုတ်လိုက်သည်။ ၎င်းကို မူလက ဒိုဒို ပေးထားခြင်း ဖြစ်သည်။ ၎င်းသည် ယခင်က အရိုးခြောက်နဂါး ချန်ရစ် ထားခဲ့သော ရတနာ ဖြစ်နိုင်ပေသည်။
ထိုပုတီးတွင် အားကောင်းသော ရေဒြပ်စင် အရှိန်အဝါရှိသည်။ ၎င်း၏ အရွယ်အစားမှာ မြေဒြပ်စင်နှလုံးသားနှင့် ဆင်တူသည်။ ချန်လွေ့ စိတ်လှုပ်ရှား သွားခဲ့သော်လည်း ၎င်းကို ကြယ်စင်စုဥယျာဉ်ထဲ ထားသည့်လိုက်သည့်အခါ ရေဒြပ်စင်မှော်ပညာကို အသုံးမပြုနိုင်ခဲ့ပေ။
မြေဒြပ်စင်ဘုရင်သည် ပုတီးကိုယူပြီး အတွင်းထဲမှ ရေဒြပ်စင်စွမ်းအားကို ခံစားကာ ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။ “ဒီပစ္စည်းက မယုံနိုင်စရာပဲ။ ရေဒြပ်စင်စွမ်းအားက တော်တော်လေး သန့်စင်တယ်။ သာမန် ယန္တရားပညာရှင်တွေ၊ မှော်ပညာရှင်တွေ လုပ်ထားတော့ မဖြစ်နိုင်တာ သေချာတယ်။ ဒါက ရေဒြပ်စင်ကောင်တွေ ဆီကနေ လာတာဖြစ်မယ်။ ပြီးတော့ ဒါက ရေဒြပ်စင်ကောင်တွေမှာတောင် အတော်လေး ရှားပါးတဲ့ ရတနာတစ်မျိုးပဲ။”
၎င်းသည် ရေဒြပ်စင်နှလုံးသား မဟုတ်ဘဲ ရတနာ တစ်မျိုးမျိုးဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ ချန်လွေ့၏ စိတ်လှုပ်ရှားမှု ကြီးကြီးမားမား လျော့ကျသွားခဲ့သည်။ မြေဒြပ်စင်ဘုရင်က ဆက်ပြောသည်။ “ငါ့ရဲ့ ဆက်ခံထားတဲ့ မှတ်ဉာဏ်ကတော့ မြေဒြပ်စင်ကောင်တွေရဲ့ အသိုက်က အန္တရာယ်အဆင့် တော်တော်မြင့်တဲ့ ပင်လယ်သေမှာ ရှိတယ်လို့ ပြောတယ်။ မင်း စိတ်ဝင်စားတယ် ဆိုရင်တော့ မင်းရဲ့စွမ်းအား လုံလောက်တဲ့ အထိတော့ စောင့်ရလိမ့်မယ်။”
ပင်လယ်သေနာမည်ကို ကြားသည့်အခါ ချန်လွေ့သည် ပေါင်းစပ်ထားသော ရတနာ မြေပုံသုံးခုအကြောင်း တွေးမိလိုက်သည်။ ၎င်းသည် နဂါးနက်အင်ပါယာ၏ ရတနာနှင့် သက်ဆိုင်နေသည်ဟု ပြောကြသည်။ ကံဆိုးစွာပင် ရတနာမြေပုံမှာ မပြည့်စုံပေ။ ထို့ပြင် ချန်လွေ့တွင် ပင်လယ်သေသို့သွားရန် အချိန်မရှိပေ။ နောက်ပိုင်း အခွင့်အရေးရမှ စဉ်းစားတာပေါ့။
“နောက်တစ်ခု ရှိသေးတယ်။ မိတ်ဆွေ။ အခုငါ့မှာ ပြီးပြည့်စုံတဲ့ ဒြပ်စင်နှလုံးုသား ရှိနေပြီဆိုတော့ ငါမင်းကို လက်ဆောင်တစ်ခု ပေးလို့ရပြီ။”
“လက်ဆောင် ဟုတ်လား။” ချန်လွေ့ အံ့အားသင့်သွားသည်။
“ဒြပ်စင်ကောင်းချီး။ ကောင်းချီးပေးတာ လက်ခံမယ်ဆိုရင် မင်းက သက်ဆိုင်ရာ ဒြပ်စင်ဝိသေသလက္ခဏာတွေနဲ့ မှော်ပညာတွေကို ရလိမ့်မယ်။ ဒါကို လက်ခံပြီးရင် မင်းရဲ့ မြေဒြပ်စင်ခုခံမှုက ကြီးကြီးမားမား တိုးသွားမယ်။ ပြီးတော့ ကျပမ်း မြေမှော်ပညာတစ်ခု ကိုလည်း အမြဲတစေရရှိမယ်။ ဒါပေမဲ့ ဒီမှော်ပညာက မင်းရဲ့စိတ်ဝိညာဉ်စွမ်းအားနှင့် ဆက်နွှယ်နေတယ်။ အဲဒါကြောင့် ဒီမှော်ပညာ သုံးဖို့ဆဆိုရင် လုံလောက်တဲ့ စိတ်ဝိညာဉ် စွမ်းအား ရှိရမယ်။”
ခန္ဓာကိုယ်ရဲ့ မြေဒြပ်စင်ခုခံမှုကို တိုးပေးတယ်။ ပြီးတော့ ငါလည်း မှော်ပညာ တစ်ခုကို ရမှာတဲ့လား။ ချန််လွေ့ အလွန် ပျော်ရွှင်သွားပြီး ထပ်မေးလိုက်သည်။ “ဒါက ခင်ဗျားရဲ့စွမ်းအားကို ထိခိုက်မှာလား။”
“သက်ရောက်မှု အများကြီး မရှိပါဘူး။ ဒါပေမဲ့ ဒီလိုကောင်းချီးမျိုးက အတော်လေး ထူးခြားတယ်။ မင်းရဲ့အသက် မကုန်ခင်မှာ တခြားသူကို ငါ ဒြပ်စင်ကောင်းချီး ပေးလို့ မရဘူး။ ဒါက ဆုလာဒ် မဟုတ်ဘူး။ မိတ်ဆွေအချင်းချင်းကြားက လက်ဆောင်ပဲ။ မင်း လက်ခံရမယ်။”
မြေဒြပ်စင်ဘုရင်စကားကြောင့် ချန်လွေ့ စိတ်အေးသွားခဲ့သည်။ ထိုကဲ့သော ကောင်းမွန်သောကိစ္စကို သူငြင်းမည် မဟုတ်ပေ။
မြေနန်းတော်ထဲ၌ ထူးထူးခြားခြား အလင်းရောင်တစ်ခု တောက်ပလာ၏။ နှစ်နာရီ ကြာပြီးနောက် ချန်လွေ့သည် မြေဒြပ်စင်ကောင်မိတ်ဆွေများကို နှုတ်ဆက်ကာ ပထဝီဘုံမှ ထွက်သွားတော့သည်။
ဒြပ်စင်ကောင်းချီးကို လက်ခံရရှိပြီးနာက် ချန်လွေ့သည် မိမိခန္ဓာကိုယ်၏ ခုခံမှု တိုးတက်လာခဲ့ကြောင်း သိသိသာသာ ခံစားလိုက်ရသည်။ သူ၏စွမ်းအားများကို စုစည်းလိုက်သည့်အခါ ဖျက်ဆီး၍မရနိုင်သကဲ့သို့ ခံစားခဲ့ရသည်။ အကယ်၍ သူသာ လက်ရှိအခြေအနေဖြင့် မူလလောကသို့ ပြန်သွားခဲ့လျှင် သံမဏိခန္ဓာပြကွက်ပြလျှင်၊ လမ်းမပေါ်၌ လည်မျိုကို သေနတ်ထောက်ခံရလျှင်ပင် “အစွမ်းထက်ဆုံး မြို့ပြစီမံသူများ” သည်ပင် ကြောက်ရွံ့သွားကြပေမည်။
ချန်လွေ့ “ကျပမ်း” ရရှိခဲ့သော မှော်ပညာမှာ [ မြေဆွဲအား ] ဖြစ်သည်။ [ သံမဏိ အကာအကွယ် ] ၊ [ ဖျက်ဆီးခြင်းလှိုင်း ] အစရှိသော အဆင့်မြင့် မှော်ပညာများကို မရခဲ့သော်လည်း အတော်လေး ကျေနပ်နေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူ၏ စွမ်းအားမှာ မှော်ပညာကို မှီခိုနေခြင်း မဟုတ်ပေ။ မြေဆွဲအား ကို အသုံးပြုနိုင်ခြင်းသည် အခြေအနေတချို့၌ ဘယ်ဇီဘတ်တော်ဝင်မိသားစုအတွက် ဆက်လက် “ဟန်ဆောင်” နိုင်ခြင်းကို ဆိုလိုပေသည်။
ချန်လွေ့သည် ပြိဿများထံသို့ သွားခဲ့သည်။ မှော်အစီအရင် ပညာရပ်အသစ်ကို တပ်ကျွမ်းထားပြီးသော ပြိဿများသည် အားအင်ပြည့်နှက်ပြီး စိတ်ဓာတ်တက်ကြွ နေကြသည်။ အရည်အသွေးမြင့်သော လက်နက်များနှင့် ချပ်ကာများကို တစ်ခုပြီးတစ်ခု ပြုလုပ်နေကြသည်။ နတ်ဆိုးဘုံ၏ ထိပ်တန်းပန်းပဲစွမ်းရည်နှင့် ရှီလန်တောင်အောက်ရှိ အရည်အသွေးမြင့် သတ္တုသိုက်များနှင့် ပေါင်းလိုက်သည့်အခါ ထိုပစ္စည်းများကို အရည်အသွေးနှင့် အသုံးကျမှု၌ ထိပ်တန်းထုတ်ကုန်များဟု သတ်မှတ်၍ ရနိုင်ပေသည်။ ၎င်းတို့ကို သတ္တုအထူးပြု ဆရာသခင်ရာနှင့်ချီက တစ်ချိန်တည်း၌ ပြုလုပ်နေကြ၏။ ထိုကဲ့သို့ ခမ်းနားလှသော မယုံနိုင်စရာ အစုအဖွဲ့မျိုးကို ယန္တရားအစည်းအရုံးကပင် အရှုံးပေးရပေမည်။
ပြိဿများသည် သူ့တို့နှင့်လိုက်ဖက်သော ချပ်ကာနှင့် လက်နက်များကို ထုတ်လုပ် ပြီးပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့သည် မဟာမိတ် မယ်ဒူဆာများအတွက် ကြေးခွံ ချပ်ကာများနှင့် မြားတို့ကို စတင်ပြုလုပ်နေကြသည်။ ချန်လွေ့၏ အစီအစဉ်အတိုင်း ပြိဿနှင့် မယ်ဒူဆာတို့အတွက်သာမက နဂါးချပ်ကာများကိုလည်း ဝိုင်ဗန်များအတွက် ဖန်တီးချုပ်လုပ်မည် ဖြစ်သည်။ ၎င်းသည် ဝိုင်ဗန်တို့၏ အတော်လေး အားနည်းသော ခုခံမှုကို တိုးမြှင့်ပေးနိုင်ပေမည်။
အနာဂတ်၌ ချန်လွေ့သည် အမှောင်လမြို့ စစ်တပ်ကို ပြိဿများ ပြုလုပ်ထားသော အကောင်းဆုံး ချပ်ဝပ်တန်ဆာများ တပ်ဆင်ပေးမည်ဖြစ်သည်။ စစ်တပ်၏ အရည်အသွေး ထပ်မံတိုးတက်သွားမည်းဆိုလျှင် ကြယ်ကြွေတမန်အင်ပါယာ၏ အင်အားအကြီးဆုံး စစ်တပ်ဖြစ်လာရန်မှာ အိပ်မက်တစ်ခု မဟုတ်တော့ပေ။
အမှန်တကယ်၌ ချန်လွေ့သည် အကြံဉာဏ်နှင့် အစီအစဉ် ရေးဆွဲရာ၌ တော်လှသည်။ သို့သော်လည်း စစ်တပ်ကို အပြည့်အဝ တာဝန်ယူရန်မှာ သူလုပ်နိုင်သော အတိုင်းအတာအတွင်း မရှိပေ။ အကယ်၍ သူကိုသာ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး လေ့ကျင့်ခိုင်းလျှင် ထိုနေရာ၌ ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာမည် မဟုတ်ပေ။
ကံကောင်းစွာပင် အသီနာကဲ့သို့ စွမ်းဆောင်ရည်ရှိသော မိန်းမတစ်ယောက် ရှိနေ၏။ ထို့ကြောင့် ချန်လွေ့သည် မြို့စောင့်တပ်ကို စိုးရိမ်စရာ မလိုအပ်ပေ။
အသီနာအကြောင်း တွေးနေရင်း ချန်လွေ့သည် အိမ်ကိုပြန်ချင်လာခဲ့သည်။ သူသည် မင်းသမီးများကိုသာမက နောက်တွင်ပုန်းနေပြီး လိမ္မာဟန်ဆောင်သော နတ်ဆိုးမလေးကို သတိရနေသည်။ သို့သော်လည်း ထိုမတိုင်ခင် ချန်လွေ့သည် တရားဝင်ကိစ္စများကို မမေ့ခဲ့ပေ။ သူသည် တင်မ်အား ခဏတာ ညွှန်ကြားပြီးနောက် အစီအစဉ်တစ်ခု၌ အရေးပါသော ဝန်ထမ်းတစ်ယောက်ကို စစ်ဆေးခဲ့သည်။ နောက်ဆုံး၌ သူသည် ကျေနပ်စွာဖြင့် ရှီလန်တောင်မှ ထွက်သွားပြီး အမှောင်လမြို့သို့ တည့်တည့် သွားတော့သည်။
ရတနာများ၏ ဆွဲဆောင်မှုကြောင့် အမှောင်လမြို့သို့ ရွှေ့ပြောင်းလာသော လူဦးရေမှာ အနည်းဆုံး ဆယ်ဆခန့် တိုးမြင့်လာခဲ့သည်။ အများစုမှာ ရတနာများကို လာရောက်ရှာဖွေကြသူများဖြစ်ကြပြီး အချို့မှာ ကုန်သည်းများ ဖြစ်ကြသည်။ အချို့မှာ နယ်မြေ၏ဂုဏ်သတင်းကြောင့် လာရောက်ကြသော “ခရီးသွားဧည့်သည်များ” ဖြစ်သည်။
မူလက သူတို့သည် အမှောင်လနယ်မြေမှာ ယိုယွင်းပျက်စီးနေသည် ဟူ၍သာ ကြားသိခဲ့သည်။ သို့သော် ရောက်လာကြသူများက အမှောင်လနယ်မြေ၏ အခြေအနေမှာ ထင်ထားသည်ကို ပိုသာကြောင်း တွေ့ရှိသွားကြသည်။ ကျယ်ပြန့်ပြီး ညီညာသော လမ်းများ၊ အစီအရီဖြစ်နေသော ဆိုင်များ၊ စနစ်တကျဖြစ်သော ဖွဲ့စည်းပုံဥပဒေ..... ထိုကဲ့သို့ စည်ကားလှသော တက်ကြွမှုသည် လွန်ခဲ့သော နှစ်၄၀၀က ကြွယ်ဝချမ်းသာမှု ပြန်လည် ရှင်သန်လာသည့် လက္ခဏာတစ်ခု ဖြစ်နေဟန်တူသည်။
အထူးသဖြင့် စိတ်လှုပ်ရှားစရာ တိုက်ပွဲဘောလုံး၊ အရည်အသွေးမြင့်ပြီး တန်ဖိုးကြီးသော မင်းသမီး လက်လီစတိုး၊ ပျားပန်းခပ်မျှ လှုပ်ရှားနေသော ညစျေး၊ ထူးခြားသော ဟော့ပေါ့ စားစရာ....တို့ ဖြစ်ကြသည်။ အရည်အသွေးမြင့် ဟိုတယ်များ၌ အချိန်မရွေး အသုံးပြုနိုင်သော ရေချိုးရန် မှော်ရေပန်းနှင့် ဘုံပိုင်ရေကဲ့သို့သော မမျှော်လင့်ထားသော ဝန်ဆောင်မှုများ ရှိကြသည်။ အပြင်မှ မမြင်နိုင်သည့် အခြား ကောင်းမွန်သောအရာများလည်း အမှန်တကယ် ရှိနေကြသည်။
အမှောင်လမြို့သူ/သားတွေက မြို့တော်ရဲ့ အရေးယူမှု ခံရပြီးတော့ ဆိုးဝါးတဲ့ ငတ်မွတ်ခေါင်ပါးမှုနဲ့ ကြုံနေရတယ်လို့ သူတို့ပြောကြတယ် မဟုတ်လား။ ဘယ်လိုလုပ် ဒီလိုမျိုး ကြီးပွားချမ်းသာတဲ့ မြင်ကွင်းမျိုး ရှိနေရတာလဲ။
မည်သည့်ရတနာမျှ မရသည့်တိုင် အမှောင်လမြို့သို့ ရောက်လာကြသူများသည် တိုက်ပွဲဘောလုံး၊ ညစျေးနှင့် စားစရာတို့ကို ချစ်မြတ်နိုးသွားကြတော့သည်။ မင်းသမီး လက်လီစတိုးမှ အမှတ်တရ ပစ္စည်းတစ်ခုခု ပြန်ယူသွားခြင်းသည်ပင် ကောင်းမွန်သော ရရှိမှုတစ်ခု ဖြစ်နေသည်။
အမြင်စူးရှသော စီးပွားရေးသမား အချို့လည်း ရှိကြသည်။ တိုက်ပွဲဘောလုံး၊ စားကောင်းသောက်ဖွယ်၊ မင်းသမီးလက်လီစတိုးနှင့် လူပြည့်ကျပ်နေသော အမှောင်လ နယ်မြေကိုယ်တိုင်သည်ပင် ကြီးမားလှသော စီးပွားရေး အခွင့်အရေး အကျိုးအမြတ်များကို ကိုယ်စားပြုနေလေသည်။ အရိပ်နက်အင်ပါယာ၏ ထိပ်တန်းစီးပွားရေး မိသားစုဖြစ်သော ကတ်စတာ မိသားစုသည်ပင် ယခင်ကတည်းက အမှောင်လမြို့တွင် ဆိုင်တစ်ဆိုင် ဖွင့်လှစ်ထားပြီး မင်းသမီးလက်လီစတိုးနှင့် ရေရှည် ပူးပေါင်းဆောင်ရွယ်ရေးစာချုပ် ချုပ်ဆိုထားခဲ့သည်။
ရုတ်တရက်ပင် မူလက လစ်လပ်နေသာ ဆိုင်များ ပြည့်နှက်ကုန်သည်။ ညစျေး အရွယ်အစားသည် မူလထက် နှစ်ဆကြီးသွားခဲ့သည်။ စီမံခန့်ခွဲရေးနှင့် လုံခြုံရေး အခက်အခဲများလည်း အတော်လေး တိုးလာသည်။ ပဍိပက္ခနှင့် ရန်ပွဲများ မကြာခဏ ဖြစ်ပျက်ကြသည်။ ၎င်းသည် ရှီရာကို အနည်းငယ် ခေါင်းကိုက်စေသည်။ သို့သော်လည်း အမှောင်လနယ်မြေ၏ အလျင်အမြန် တိုးတက်မှုနှင့် ကြီးမားလှသော အကျိုးအမြတ်များနှင့် ယှဉ်မည်ဆိုလျှင် ၎င်းတို့သည် အသေးအဖွဲ အနှောင့်အယှက် များသာ ဖြစ်ကြပေသည်။
ယခင်နှင့် မတူတော့သော အမှောင်လနယ်မြေကို မြင်လိုက်ရသည့်အခါ အရာအားလုံးကို ကြိုးကိုင်သူ ချန်လွေ့သည် စိတ်ထဲ၌ အောင်မြင်မှုတစ်ခု အနေဖြင့် ခံစားလိုက်ရသည်။ အမှောင်လမြို့ရေ။ ငါပြန်လာပြီ။