အရူးမလေး နှင့် ကောင်စုတ်
Vol. 24 Ch. 352
ရေကန်ပြာတောင်ခြေမှ “ရတနာသိုက်”၏ လျို့ဝှက်ချက်အချို့ကို သိသွားပြီးနောက် အဲလစ်သည် မှော်စက်ဝိုင်းများထဲသို့ ချန်လွေ့ အလွယ်တကူ ဝင်ထွက်နိုင်သည်ကို မအံ့ဩတော့ပေ။ ကတိအပိုအနေဖြင့် လိုလီလေးက ထိုကိစ္စကို ဘယ်တော့မှ ထုတ်ပြောမည်မဟုတ်ကြောင်း ချန်လွေ့အား ကတိပေးခဲ့သည်။ သာမန်နေ့ရက်များ၌ ခီရာ၏ အကာအကွယ်ကို လက်ခံမည်ဖြစ်ကြောင်း နှင့် မဆင်မခြင် လုပ်တော့မည်မဟုတ်ကြောင်းလည်း အဲလစ် ကတိပေးခဲ့သည်။
ပုံပြင်၂ပုဒ် နားထောင်ပြီးနောက်တွင် ပင်ပန်းနေသော လိုလီလေးသည် ချန်လွေ့၏ ကျောပေါ်၌ အိပ်ပျော်သွား၏။ ချန်လွေ့ သူ့ကို ချီပြီး ချို၃ချောင်းကြံ့ပေါ် တင်လိုက်သည့်အခါ သူ၏ နူးညံ့သောမျက်နှာသည် မွေးဖွားခါစ ကလေး တစ်ယောက်ကဲ့သို့ပင် အေးချမ်းနေလေသည်။ ၎င်းသည် ချန်လွေ့အား အေးငြိမ်းသော အငွေ့အသက်များကို ပေးစွမ်းနေ၏။
၃နှစ်.....
အချိန်က တကယ်ပဲ အရာအားလုံးကို ပြောင်းလဲနိုင်မှာလား။
ချန်လွေ့က လိုလီလေး၏ဆံပင်ကို အသာအာယာ ပွတ်သပ်လိုက်သည်။ ရုတ်တရက် နောင်ခါလာ၊ နောင်ခါဈေး...ဟူသော စကားပုံတစ်ခုကို သူ သတိရလိုက်၏။
ဘယ်လိုပဲဖြစ်ဖြစ်ပါ။ အနည်းဆုံးတော့ သူက ချစ်စရာအကောင်းဆုံး ညီမလေးပဲ။
အဲလစ်ကို ကျောပိုးထားရင်း နန်းတော်သို့ ချန်လွေ့ ပြန်လာသောအခါ ရှီရာ အလောတကြီး ရောက်လာခဲ့သည်။ လိုလီလေး အန္တရာယ်ကင်းကြောင်း မြင်သည့်အခါမှသာ ရှီရာ စိတ်သက်သာရာ ရသွားတော့၏။ သူသည် အဲလစ်ကို ချန်လွေ့ထံမှ ချီယူပြီး အစေခံ တစ်ယောက်အား လွှဲပေးကာ အတွင်းဝင်းထဲ၌ အနားယူစေလိုက်သည်။
ချန်လွေ့ အသွင်ပြောင်းထားသော ဒိုဒိုသည် အပြင်ထွက်လေ့မရှိသော်လည်း သူသည် အမှောင်လမြို့သို့ ကိုယ်တိုင် ရောက်လာပြီ ဖြစ်သည်။ ထို့ကြောင့် ပုံးကွယ်ရန် မလိုအပ်တော့ပေ။
“မင်း ပြန်ရောက်ရောက်ချင်း အဲလစ်ကိစ္စကို ဂရုစိုက်လိုက်ရတယ်။ အလုပ်ကြိုးစားပေးလို့ ကျေးဇူးပါပဲ။” ရှီရာက ပြောသည်။ ထို့နောက် သူတို့နှစ်ယောက် ကောင်စီခန်းမထဲသို့ လမ်းလျှောက်သွား၏။ ဘေးဖက်မှ အစေခံများလည်း အလိုက်သိစွာဖြင့် ထွက်ခွာသွားကြသည်။ “ရပါတယ်။”
“ဒီတစ်ခေါက်...အားလုံး အဆင်ပြေရဲ့လား။”
ယခုတစ်ခေါက်တွင် ရှီရာသည် အစီအစဉ်အကြောင်း တစ်ခါတည်း မမေးခဲ့ဘဲ ထိုကဲ့သို့ မေးခွန်းမျိုး မေးခဲ့သည်။ ၎င်းသည် တရားဝင် နှုတ်ဆက်ခြင်းမျိုး မဟုတ်ဘဲ တုံးတိစကားမျိုး ဖြစ်သည်။ ၎င်းတွင် ရှီရာပင် မပြောနိုင်သော ခံစားချက်တစ်ခု ရောထွေးနေ၏။
ထိုသူကို အချိန်အတော်ကြာ မတွေ့ရပြီးနောက် ဖွင့်ဟချင်သော တစ်စုံတစ်ခု ရှိနေသကဲ့သို့ပင် ဖြစ်သည်။
ချန်လွေ့သည် ရှီရာ၏ လေသံ၌ နွေးထွေးမှု အငွေ့အသက် ခံစားလိုက်မိပြီး ခေါင်းညိတ်လိုက်သည်။ “အဆင်ပြေပါတယ်။ ဒါပေမဲ့ အရှင်မ ပိန်သွားသလိုပဲ။”
အမှောင်လ၌ “ရတနာသိုက်” ပေါ်ထွက်လာသည့် အချိန်မှစ၍ ရှီရာ အလုပ်များနေခဲ့သည်။ သူ အတော်လေး ပိန်သွားသည်။ သို့သော်လည်း သူ၏စိတ်နှင့် အမြင်တို့မှာ ယခင် ဖိအားကြီးကြီးမားမားကို ရင်ဆိုင်စဉ်ကထက် ပို၍ကောင်းမွန်နေသည်။ ရေခဲနတ်ဘုရားမနှင့် ဆင်တူသော သူ၏ သန့်စင်ပြီး ကြော့ရှင်းသော စိတ်နေသဘောထားသည် ပို၍ပင် ဆွဲဆောင်မှု ရှိနေ၏။
အမှောင်လမြို့သူ/သား များအတွက် ထိုကဲ့သို့ မြင့်မြတ်ခြင်းမျိုးကို ချဉ်းကပ်၍ မရနိုင်ပေ။ သို့သော် ချန်လွေ့အတွက် ၎င်းတို့အားလုံး အရေးမကြီးပေ။ သူ၏မျက်လုံးထဲ၌ ရှီရာသည် မိန်းမလှ သူဌေးမ တစ်ယောက်သာ ဖြစ်သည်။
သို့သော်လည်း ရေခဲတုံး တော်ဝင်အစ်မနှင့် သူဌေးမ အကြားတွင် အနည်းငယ် အရေရာမှုများ ဖြစ်နေ၏။ ရှီရာက ၎င်းကို ဝန်ခံမည် မဟုတ်သည်မှာ သေချာသော်လည်း စိတ်ထဲ၌ ဝန်ခံရလေသည်။
“မင်းရဲ့ အပြောချိုချိုတွေကို အသီနာနဲ့ ခီရာတို့အတွက် သိမ်းထားလိုက်။”
ရှီရာ၏ အကြည့် အေးစက်သွား၏။ ဒီလူက ငါနည်းနည်း လျော့ပေးလိုက်ရင် လွန်လာတာပဲ။ သို့သော်လည်း သူကိုယ်တိုင်က စပြီး စကားပြောခဲ့ခြင်း ဖြစ်ကြောင်းကို သူ မေ့လျော့သွားဟန်တူသည်။
ချန်လွေ့ ပြုံးနေဆဲပင်ဖြစ်ပြီး ပြောသည်။ “ဒါဆို ကျုပ်နောက်ထပ်ပြောမယ့် အမှန်တရားတစ်ခု ဖြစ်တဲ့ ‘ဒါပေမဲ့ အရှင်မက ပိုလှတယ်’ ဆိုတာကို ဘေးဖယ်ထားလိုက်ရမှာပေါ့။”
“ကောင်းပြီ။ အစီအစဉ်အကြောင်း ပြောတော့။” ရှီရာက ထိုမသက်ဆိုင်သော စကားဝိုင်းကို ရပ်တန့်ရန် အဆုံးသတ်မှတ်ချက်ပြုလိုက်သည်။ သူသည် စိတ်ထဲ၌ ဆက်ပြောချင်နေသေးနိုင် သော်လည်း ထိုအစီအစဉ်မှာ အမှောင်လနယ်မြေ အနာဂတ်နှင့် ဆက်နွှယ်နေသည်။ ထို့ကြောင့် ၎င်းသည် ပို၍အရေးကြီးပေသည်။
ချန်လွေ့သည် ရှီရာကို ဆက်ပြီး မစနောက်တော့ဘဲ အစီအစဉ် အခြေအနေနှင့် နောက်ထပ် ဆက်ဖြစ်လာနိုင်သည်များအပြင် မည်သို့ ကိုင်တွယ်ရမည့်အကြောင်းကိုပါ ပြောပြခဲ့သည်။ ရှီရာ ခေါင်းခါသာ ညိတ်နေခဲ့သည်။
“အဲဒီတုန်းက မမျှော်မှန်းနိုင်လုနီးပါး ဖြစ်ခဲ့တဲ့ အစီအစဉ်က ဒီလောက် အတိုင်းအတာအထိတောင် ဖြစ်မြောက်နေပြီပဲ....”
“နဂို မျှော်မှန်းထားတာနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဒီအစီအစဉ်မှာ အပြောင်းအလဲတွေ အများကြီးပဲ။ အများစုက နောက်ဆုံးမှ အခြေအနေအရ လုပ်ထားရတာ။ တကယ်တော့ ကျုပ်လည်း မသေချာသေးဘူး။ ကျုပ်နဲ့ ကျုပ်တို့ရဲ့ ကံက ကောင်းတယ်လို့ပဲ ပြောနိုင်တယ်။”
“ဘယ်လိုပဲဖြစ်ဖြစ် မင်းက ဒါတွေအားလုံးကို လုပ်ခဲ့တာပဲ။” ရှီရာက နက်ရှိုင်းလှသော ခံစားချက်ဖြင့် ပြောလိုက်သည်။ “ တစ်နှစ်ပဲ ရှိသေးတယ်။ အမှောင်လမြို့ရဲ့ ကနဦးအခြေအနေနဲ့ လက်ရှိအခြေအနေက......။ အစကတည်းက မင်းကို ယုံကြည်ခဲ့တာ ငါ့ဘဝရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်ပဲ။”
ချန်လွေ့ ပထမဆုံး ရောက်လာစဉ်က အမှောင်လနယ်မြေသည် အမှန်တကယ်ပင် သေဆုံးလုနီးပါးဖြစ်နေပြီး ယခုတွင် မျှော်လင့်ချက်များနှင့် တောက်ပနေ၏။ အရေးကြီးဆုံးမှာ ထိုအစီအစဉ် အောင်မြင်သွားလျှင် ထိုမျှော်လင့်ချက် ပိုမို နီးကပ်လာမည်ဖြစ်သည်။
ရှီရာက ချန်လွေ့အား စိတ်ရင်းနှင့် ငေးကြည့်လိုက်သည်။ “အမှောင်လနယ်မြေ တစ်ခုလုံးကိုယ်စား ငါမင်းကို ကျေးဇူးတင်ချင်တယ်။”
“အခု ကျုပ်ကို ကျေးဇူးတင်တာ စောလွန်းတယ်။” “အမှောင်လနယ်မြေတစ်ခုလုံး” သည် ချန်လွေ့ကို အနည်းငယ် လေးလေးနက်နက် ခံစားမိစေသည့် အတွက် သူ ချက်ချင်းပင် မျက်လုံးမှိတ်ပြလိုက်၏။ “ပြီးတော့လည်း ကျုပ်က တော်ဝင်မင်းသမီး ကိုယ်တိုင်ကျေးဇူးတင်တာကို လက်ခံချင်တယ်။ ဒါကို နောက်ပိုင်းမှာ နက်နက်ရှိုင်းရှိုင်း လေ့လာဖို့ အခွင့်အရေးတွေ ရှိမယ်လို့....ထင်ပါတယ်။”
ထိုအချိန်တွင် ရှီရာ အမှန်တကယ် စိတ်မတိုပေ။ သူက ခေါင်းကို အသာအယာ ခါရမ်းလိုက်၏။ “ပြောရမယ်ဆိုရင် ငါက အမှောင်လနယ်မြေ တစ်ခုလုံးနဲ့ ညီမျှတယ်။ မင်း ဒါကို သဘောပေါက်သင့်တယ်။”
ချန်လွေ့သည် ထိုခရမ်းရောင်မျက်လုံးထဲ၌ စိတ်ပိုင်းဖြတ်မှု ၇၀% နှင့်... စိတ်ညှိုးငယ်မှု ၃၀% တို့ကို မြင်နေရသည်။ သန်းခေါင်နေအရှင်၏ မျိုးဆက်လည်းဖြစ်၊ အမှောင်လနယ်မြေ၏ အုပ်စိုးသူလည်းဖြစ်၊ အင်ပါယာ၏ တရားဝင် ဆက်ခံသူလည်းဖြစ်သည့်အတွက် “တစ်ယောက်တည်း”သည် “တစ်ခုလုံး”ကို သက်ရောက်စေနိုင်သည်။ ထို့နောက် သူသည် အမြဲပင် စိတ်ရှိသလို ဆောင်ရွက်၍ မရပေ။
သူ မွေးကတည်းက လွတ်လပ်မှု ဆုံးရှုံးသွား ခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။ သူ၏ခမည်းတော် ကွယ်လွန်သွားပြီးနောက် ၎င်းသည် အဆုံးမဲ့ ကြီးမားလာခဲ့သည်။
“အရင်တစ်ခေါက် အရိပ်နက်အင်ပါယာဆီ မင်းသွားခဲ့တုန်းက ဧကရီ ကတ်သရင်းကို တွေ့ခဲ့မှာပဲ။ သူက အလှည့်အပြောင်း လုပ်နိုင်ခဲ့ပြီးတော့ အရိပ်နက်အင်ပါယာကို ကယ်တင်နိုင်ခဲ့တယ်။ သူက အရိပ်နက်အင်ပါယာကို စွမ်းအားကြီး အင်ပါယာတစ်ခုအဖြစ် တစ်ဆင့်ချင်း မြှင့်တင်ပေးခဲ့တယ်။ သူက နတ်ဆိုးဘုံတစ်လုံးရဲ့ အကြီးကျယ်အခမ်းနားဆုံး အမျိုးသမီးပဲ။ ပြီးတော့ ငါ့ဘဝရဲ့ အတုယူထိုက်တဲ့ စံပြတစ်ယောက်လည်း ဟုတ်တယ်။” ရှီရာက မဟာကတ်သရင်းသည် ယခုအထိ တစ်ကိုယ်တည်း ဖြစ်နေသေးကြောင်း ပြောချင်သော်လည်း မည်သည့်အတွက်ကြောင့် ပြောချင်မှန်း မသိပေ။ ထိုအကြောင်းကို အခြားသူများအား ပြောပြခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ သူ၏စိတ်ထဲ၌ ထူးဆန်းသော ခံစားချက်တစ်ခု ရှိနေ၏။ ထိုနက်ရှိုင်းသော နန်းတော်ထဲရှိ လျို့ဝှက်မြေအောက်ခန်းထဲ၌ ကြေးမုံ နှင့် ဆည်းလည်းရှေ့တွင် စကားပြောရသည့် ခံစားချက်နှင့်ယှဉ်လျှင် လုံးဝကွဲပြားနေပေသည်။
အမှန်တကယ်၌ ထိုသို့ပြောလျှင်ပင် အသုံးမဝင်ကြောင်း ရှီရာ မသိပေ။ အကြောင်းမှာ ရှီရာ၏ စံပြပုဂ္ဂိုလ် မဟာကတ်သရင်း၏ ပထမဆုံး ယောက်ျားနှင့် တစ်ဦးတည်းသောယောက်ျားမှာ သူ့အရှေ့မှလူသား ဖြစ်နေ၍ပင်။
ချန်လွေ့ စနောက်မနေတော့ဘဲ တည်တည်တန့်တန့် ပြောလိုက်သည်။ “ထူးချွန်တဲ့ ခေါင်းဆောင်တစ်ယောက်က အင်ပါယာတစ်ခု၊ နယ်မြေတစ်ခုကို တကယ်ပြောင်းလဲနိုင် လောက်ပါတယ်။ ကျုပ်က ဒီအပိုင်းကို သိပ်ပြီး မကျွမ်းကျင်ဘူး။ ကျုပ်သိတာတော့ သာမန်လူ တစ်ယောက်တောင် ဖိအားတွေ ပြေလျော့စေဖို့ စိတ်ပြေလက်ပျောက်နေရတဲ့ အခိုက်အတန့် ရှိတယ်ဆိုတာပဲ။ အရာအာလုံးကို စိတ်ထဲမှာ ဖိနှိပ်ထားရင် အနှေးနဲ့အမြန် ပြိုလဲသွားမှာပဲ။ ဖိအားကြောင့် ပြိုလဲသွားတဲ့ သူတစ်ယောက်က ဘယ်လိုလုပ်ပြီး ခမ်းနားကြီးကျယ်တဲ့ အုပ်စိုးသူတစ်ယောက် ဖြစ်လာမှာလဲ။”
ချန်လွေ့သည် လျို့ဝှက်ခန်းကိစ္စကို ထုတ်ပြောမိလုနီးပါး ဖြစ်သွားခဲ့သည်။ သို့သော်လည်း သူ၏အကြီးမားဆုံး အတွင်းရေးကို ထုတ်ပြောလိုက်လျှင် ရှီရာ ဒေါသထွက်သွားမည်ကို ချန်လွေ့ စိုးရိမ်သည်။ ယခုတွင် ရှီရာသည် သူ၏ စိုးရိမ်မှုများကို မျှဝေလာသည်မှာ ကောင်းမွန်သော လက္ခဏာများပင် ဖြစ်သည်။ ဖြည်းဖြည်းချင်း တစ်ဆင့်ချင်း သွားခြင်းမှာ ပိုကောင်းပေသည်။ ယုတ်စွအဆုံး သူသည် အပတ်တကုတ် ကြိုးစားခဲ့ရသော အရေးအကြီးဆုံး အစီအစဉ် အောင်မြင်သည်အထိ စောင့်ဆိုင်းရပေမည်။
ရှီရာ အသာလေး ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း ထိုသူက နောက်ထပ်စကားတစ်လုံး ထပ်ပြောသည်။ “ဒါဆို....”
“ဒါဆို ဘာဖြစ်လဲ။”
“ကိုယ်တိုင်ကျေးဇူးတင်တဲ့အနေနဲ့ ကျုပ်ကို ကဖို့ မဖိတ်ခေါ်ဘူးလား။”
မိန်းကလေးက ကဖို့ ဖိတ်ခေါ်ရမှာလား။ ရှီရာက ခံစားချက်များကို မထိန်းနိုင်လုနီးပါး ဖြစ်သွား၏။ သူ စိတ်ငြိမ်ရန်အတွက် အချိန်အတော်ကြာသွားပြီး အေးစက်စက် ပြောလိုက်သည်။ “မင်း ကချင်တယ်ဆိုရင် အိမ်မှာ မင်းကိုစောင့်နေတဲ့ နောက်ထပ်မိန်းမနှစ်ယောက် ရှိနေတာပဲ။”
ဒီအသံက ဘာလို့ နည်းနည်းလေး သဝန်တိုနေသလို ဖြစ်နေတာလဲ။ ချန်လွေ့သည် အတိတ်ကို ပြန်စဉ်းစားနေပုံရသည်။ “ကျုပ် အခု မကချင်ဘူး။ ဒါပေမဲ့ တခြားတစ်ခုခု စဉ်းစားမိတယ်။ အရင်တစ်ခေါက်တုန်းက တော်ဝင်မင်းသမီးကို စကား၃လုံးပြောတဲ့အခါ .... ကျုပ်ကိုမသတ်ဘူးလို့.... ကတိပေးခဲ့တာ မှတ်မိတယ်။ ”
ရှီရာ၏ မျက်နှာပေါ်၌ ထူးထူးခြားခြား ရှက်သွေးဖြာသွား၏။ ချန်လွေ့က ၎င်းကို မြင်လိုက်ပြီး စိတ်ဝင်တစားနှင့် ဆက်ပြောသည်။ “တော်ဝင်မင်းသမီးက တော်ဝင်မိသားစု နာမည်နဲ့ သစ္စာဆိုခဲ့တဲ့ပုံပဲ။”
ရှီရာသည် မိမိ၏ နှလုံးခုန်မြန်လာသည်ကိုသာ ခံစားမိနေသည်။ သူ အံကြိတ်ကာ ပြောလိုက်၏။ “မင်း...မလွန်လာနဲ့။”
ချန်လွေ့က ငေးကြောင်လျက် မေးသည်။ “ဒါက လွန်တာလား။”
ထိုပုံစံသည် တောင်ကြားတစ်ခုမှ အမျိုးသမီး တစ်ယောက်၏ အမူအကျင့်နှင့် တူနေကြောင်း ချန်လွေ့ သေချာသိသည်။
“…”
“နောက်တစ်ခေါက် အစီအစဉ် ပြီးလုနီးပါးကျရင် ကျုပ် ပြန်လာရနိုင်တယ်။ အဲဒီအချိန်အထိ စကား၃လုံးကို ရွှေ့ထားလိုက်ဦးမယ်...”
“…”
“ကျုပ် ဘယ် စကား၃လုံးကို ပြောသင့်တယ်လို့ တော်ဝင်မင်းသမီး ထင်လဲ။”
“…”
ရှီရာ ရုတ်တရက် ပင့်သက်ရှိုက်ပြီး အမူအရာ အေးစက်သွားခဲ့သည်။ သူ၏နှလုံးခုန်နှုန်း တဖြည်းဖြည်း တည်ငြိမ်သွား၏။ သူ နောက်လှည့်ပြီး ချန်လွေ့ကို လျစ်လျူရှုထား လိုက်သည်။ သူ၏လေသံသည် လုံးဝလေးနက်နေ၏။ “ဘာပဲဖြစ်ဖြစ် အဲဒါက မင်းရဲ့ကိစ္စပဲ။ ငါ့နဲ့ဘာမှမဆိုင်ဘူး။ ငါ သတိပေး ချင်တာကတော့ မဖြစ်နိုင်တာတွေကို မမျှော်လင့်ဖို့ပဲ။ မင်းရဲ့ သရုပ်ကို မမေ့ပါနဲ့။”
“ကျုပ် သွားမလို့....”
“ငါ အပိုတွေ မကြားချင်တော့ဘူး။ မင်း အခု ထွက်သွားလို့ရပြီ။”
လူသား၏လေသံသည် အနည်းငယ် စိတ်ဓာတ်ကျသွားပုံရသည်။ “ဒါဆို...ကျုပ် သွားပါတော့မယ်။”
ခြေသံ တဖြည်းဖြည်း ဝေးသွားသည်ကိုကြားရင်း ရှီရာ အနည်းငယ် ခေါင်းငိုက်ကျသွားသည်။ သူ၏လေသံသည် အနည်းငယ် စိတ်ပျက်နေသော အရိပ်အယောင် ပါဝင်နေသည်။ “ငတုံးမ။ သူနင့်ကို အဲဒီ စကား၃လုံး ပြောလိုက်သင့်တယ်။”
နင် တကယ် နားမထောင်ချင်ဘူးလား။
နင်သူ့ကို တကယ် သွားစေချင်တာလား။
ဒါမှမဟုတ် တစ်ဆင့်ချင်း ရှေ့ဆက်သွားရင် ထိန်းချုပ်ရ ခက်လာမှာကို ကြောက်တာလား။ ဒါမှမဟုတ် ငြင်းရခက်လို့လား။
နင်က တကယ် ငတုံးမပဲ....
ထိုအချိန်၌ -
“ဒါနဲ့...အာ...တော်ဝင်မင်းသမီး...”
ခန်းမ တံခါးမှ ရုတ်တရက် အသံ ထွက်လာသောအခါ ရှီရာသည် ဓာတ်လိုက်သွားသကဲ့သို့ ဖြစ်သွား၏။ ရုတ်တရက် သူ နောက်ပြန်လှည့်ကြည့်လိုက်သည်။ သူက အဝေးကြီး မသွားခဲ့ဘူး။ ဒါဆို ခုနက ငါပြောလိုက်တဲ့ စကားတွေကို.....
ထိုသူ၏မျက်နှာပေါ်၌ စိတ်ရှုပ်စရာ အပြုံးတစ်ခု ရှိနေသည်။ “တကယ်တော့ ခုနက ကျုပ် ထပ်ပြောချင်ခဲ့တာ။ တော်ဝင်မင်းသမီးကို အရေးကြီးတာတစ်ခုခု ဖွင့်ပြောဖို့.... အဲ.. မှားလို့...ပြောမလို့လို့ ပြောတာ...”
“ပြောလို့ ပြီးပြီလား။”
“ထင်..တာပဲ...”
“ထွက်သွားတော့။”
ကြောက်မက်ဖွယ်ရာ သတ်ဖြတ်ချင်စိတ်ကြောင့် ချန်လွေ့ ထွက်ပြေးသွားလိုက်၏။
ယာယီ တာဝန်ပြောင်းထားကြသော နန်းတော် အစောင့်များသည် နန်းတော်ထဲသို့ အဲလစ်ကို ကျောပိုးပြီး ဝင်ရောက်လာသော ချန်လွေ့ကို မတွေ့ခဲ့ကြသော်လည်း တော်ဝင်မင်းသမီးကို ဒေါသထွက်အောင် ထပ်မံပြုလုပ်ခဲ့သူမှာ လူသားအရာရှိဖြစ်ကြောင်း အားလုံး သိကြသည်။
အခြားအချိန်များတွင်လည်း အနည်းဆုံး တစ်ကြိမ် ဖြစ်တတ်လေ့ရှိသည်။ ထိုသူသည် တော်ဝင်မင်းသမီးအား ဒေါသထွက်စေရန် မည်သည်ကို သတင်းပို့ခဲ့ကြောင်း သူတို့ အတိအကျ မသိသော်လည်း ထိုရဲတင်းလှသောသူသည် တစ်နေ့တွင် ခေါင်းပြတ်သွားနိုင်ပေသည်။
သို့သော်လည်း ပုံမှန်အားဖြင့် အေးစက်သော တော်ဝင်မင်းသမီးကို ထိုမျှဒေါသထွက်အောင် ပြုလုပ်နိုင်ခြင်းသည်လည်း.... စွမ်းဆောင်ရည် တစ်မျိုးပင် ဖြစ်လေသည်။
အမှန်တကယ်ပင် မကြာသေးမီက နိုးထလာသော လူသားအရာရှိသည် အရှက်တကွဲနှင့် ပြန်ပြေးလာခဲ့ရသည်။ ရင်းနှီးသော အစောင့်တချို့၏ ထူးဆန်းသော အကြည့်များကို မြင်ရသည့်အခါ လူသားသည် ကိုးရိုးကားယား ပြုံးလိုက်သည်။ သို့သော် သူ၏စိတ်ထဲ၌ နွေးထွေးမှု အရိပ်အယောင်တစ်ခု လှိမ့်တက်လာခဲ့၏။ ငတုံးမ လား။ သူ့ကို အရူးမလေးလို့ ခေါ်တာက ပိုပြီး ချစ်စရာကောင်းလောက်တယ်....
ကောင်စီခန်းမ၌ ရှီရာက မိမိမျက်နှာကို အသာအယာ ပွတ်သပ်လိုက်ရာ ပျောက်ကွယ်မသွားသည့် အပူကို အတွင်းထဲမှ ခံစားလိုက်ရသည်။ ၎င်းသည် ရှက်ခြင်းလား၊ စိတ်ရှုပ်ခြင်းလား၊ နှစ်ခုစလုံးလား ဆိုသည်ကို သူ မသိတော့ပေ။
နောက်ဆုံး၌ ၎င်းတို့သည် စကားတစ်လုံးအဖြစ် ပေါင်းစည်းသွားကြသည်။ ဒီကောင်စုတ်တော့...
ထိုဂုဏ်ပုဒ်ကို သူ၏အသည်းကြော် အရိပ်နက်အင်ပါယာ ဧကရီကတ်သရင်းကလည်း လွန်ခဲ့သော သုံးလေးလခန့်က ပြောခဲ့ပြီးပြီ ဖြစ်ကြောင်း တော်ဝင်မင်းသမီး မသိခဲ့ပေ။
ထို့ပြင် ၎င်းသည်လည်း ထိုကောင်စုတ်ပင် ဖြစ်သည်။