အရာအားလုံးကို လောင်းကြေးထပ်ရန် ဆုံးဖြတ်ခြင်း
Vol. 24 Ch. 353
အမှောင်လမြို့ -
ဘဏ္ဍာရေးဝန်ကြီး၏ နေအိမ်ဝယ် -
ဂျိုးဆက်ပ် အယ်ဗင်က သူ၏ လက်အောက်ခံ ရွိုင့်စ် သတင်းပို့သည်ကို နားထောင်နေ၏။
“အရင်လတုန်းက ကျုပ်တို့ မှော်ဆိုင်ရဲ့ ဝင်ငွေက ၃၅% နီးပါးအထိ ကျဆင်းသွားခဲ့တယ်။ ရတနာသိုက်ကြောင့် ဝင်ငွေတစ်စိတ်တစ်ပိုင်း တိုးတက်လာပေမဲ့ ၁% လောက်ပဲ ရှိပြီးတော့ အတော်လေး နည်းတယ်။”
ဂျိုးဆက်ပ် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ “မှော်ဆိုင်က ဒီလောက်တောင် ထိုးကျသွားတာလား။ ဒါက ဝတ်ရုံမှော်ဆိုင်ကြောင့်လား။”
ရွိုင့်စ် ခေါင်းညိတ်သည်။ “ဟုတ်ပါတယ်။ ဝတ်ရုံမှော်ဆိုင်ကို ဆရာသခင် တာတာ တာဝန်ယူကတည်းက ပစ္စည်းတွေ အကြိမ်တိုင်း ခပ်မြန်မြန် ရောင်းထွက်သွားတယ်။ ကျုပ်တို့ ဖောက်သည်တွေတောင် အဲဒီကို သွားကြတယ်။ ကုန်သည်ကြီးများအသင်းက တခြားဆိုင်တွေလည်း ညဈေးနဲ့ မပူးပေါင်းနိုင်တာ၊ မူရင်းဆိုင်နားမှာ ဆင်တူတဲ့ ပြိုက်ဘက်ဆိုင်တွေ မဖွင့်နိုင်တာတွေလိုမျိုး တော်ဝင်မင်းသမီးရဲ့ အရေးယူမှုကြောင့် ဆုံးရှုံးမှုတွေ ခံစားနေရတယ်။ ပြီးတော့လည်း ကတ်စတာမိသားစုနဲ့ တော်ဝင်မင်းသမီးတို့ ပူးပေါင်းတည်ထောင်ထားတဲ့ ကုန်သည်ကြီးများအသင်း ‘လရောင်’က ကျုပ်တို့ကို ကမ်းပါး အစွန်းဆီ တွန်းပို့နေပြီ။”
“မယ်လွန် မိသားစု ကရော။”
“ကျုပ် သိရသလောက်ဆိုရင် မယ်လွန်မိသားစုက တော်ဝင်မင်းသမီးနဲ့ တိတ်တဆိတ် ရင်းနှီးနေတာ အတော်ကြာပြီ။ သူတို့ရဲ့ လုပ်ငန်းတွေက ကျုပ်တို့လောက် ပြင်းပြင်းထန်ထန် ထိခိုက်မှု မရှိဘူး။ ပြီးတော့လည်း ဆိုင်နှစ်ဆိုင်ကို ညဈေးထဲ ဝင်ခွင့်ပြုလိုက်တယ်။” ရွိုင့်စ်က ပျက်ရယ်ပြုသည့် မျက်နှာ ပြုလုပ်လိုက်သည်။ “ကျုပ်တို့ကို အမှီပြုနေခဲ့တဲ့ မိသားစု အသေးလေးတွေလည်း အတူတူပဲ။ သူတို့က အခွင့်အရေးသမားတွေ။ လုံးဝ ယုံကြည်လို့ မရဘူး။”
“အစကတည်းက ငါ သူတို့ကို အမှီပြုဖို့ မစဉ်းစားထားပါဘူး။” ဂျိုးဆက်ပ် ခေါင်းခါလိုက်သည်။ “ဒီရတနာသိုက် ပေါ်ထွက်လာတာက တော်ဝင်မင်းသမီးရဲ့ အမှားတချို့ကို အထိရောက်ဆုံး နည်းလမ်းတွေအဖြစ် ပြောင်းလဲနိုင်ခဲ့တယ်။ ချက်ချင်းပဲ လမ်းတွေပြင်၊ ဆိုင်ခန်းတွေကို အသစ်ပြင်ဆင်ခဲ့တယ်။ သူက ကြိုတင်ပြီးတော့ ပြင်ဆင်ထားသလိုမျိုးပဲ။ ငါတောင် အစကတည်းက ဈေးနှုန်းတစ်ဝက်ကို အလကား ထောက်ပံ့ပေး ခဲ့သေးတယ်။ အခုစဉ်းစားကြည့်ရတာ ငါ ထောင်ခြောက်တစ်ခုထဲ ကျသွားတဲ့ပုံပဲ။”
ရွိုင့်စ် ခဏတွေးလိုက်ပြီး သဘောပေါက်သည့် အမူအရာ ပြသလိုက်သည်။ “ကျုပ်လည်း အစက အဲလိုပဲ ထင်တာ။ ဒါပေမဲ့ အသက်ဓာတ်ရေစင်က အတု မဟုတ်နိုင်ဘူး။ လူသားချန်လွေ့ နိုးထလာတာက အကောင်းဆုံး သက်သေပဲ။ ပြီးတော့လည်း အရင်တစ်ခေါက်က အသီနာ ပြန်ယူလာတဲ့ အသက်ဓာတ်ရေစင် ပုလင်းတွေကို မနေ့က လေလံပွဲမှာ မယုံနိုင်စရာ ဈေးနှုန်းနဲ့ ရောင်းထွက်ခဲ့တယ်။ ဝယ်သူက အရိပ်နက် အင်ပါယာက ဆေးရည်ဆရာသခင် တစ်ယောက်ပဲ။ အသက်ဓာတ်ရေစင်နဲ့ ရတနာမုဆိုးတွေ အဆုံးမရှိ သွားလာနေတာကို ကြည့်ရရင် ရေကန်ပြာ တောင်ခြေမှာ နဂိုကမတွေ့ခဲ့ရတဲ့ လျို့ဝှက်ဆန်းကြယ်တဲ့ ရတနာသိုက်တစ်ခု ရှိနေလောက်တယ်။”
“လေလံပွဲ ဟုတ်လား။” ထိုအသုံးအနှုန်းအသစ်က ဂျိုးဆက်ပ်ကို စိတ်ဝင်စားသွားစေသည်။
“ဆာက မကြာသေးခင်ကမှ ပြန်ရောက်လာတာ ဆိုတော့ အမှောင်လမြို့ရဲ့ အသစ်ဖွင့်ထားတဲ့ လေလံအိမ်ကို သိမှာမဟုတ်ဘူး။ အဲဒါကို အရှင်သခင်ရဲ့ တရားစီရင်ပိုင်ခွင့်အောက်မှာ တိုက်ရိုက်ရှိတဲ့ နယ်ပယ်တစ်ခုတစ်ခုပဲ။ အဲဒါက အနောက်မြောက်ဘလော့မှာ ရှိတယ်။ အရွယ်အစား တော်တော်လေး ကြီးမားပြီးတော့ လုံခြုံရေး တင်းကြပ်တယ်။ သူတို့က အရိပ်နက်ပါယာရဲ့ ကတ်စတာမိသားစုကနေ တစ်ဆင့် အရိပ်နက်အင်ပါယာရဲ့ ယန္တရား အစည်းက ဆရာသခင်တွေကို ဖိတ်ကြားပြီးတော့ ရှုပ်ထွေးတဲ့ အကာအကွယ် မှော်စက်ဝိုင်း တစ်ခုကိုတောင် ခင်းကျင်းခဲ့သေးတယ်။ လုံခြုံရေးအဆင့်က တော်တော်လေး မြင့်တယ်။ ဧည့်သည်တွေက အဖိုးတန်ပစ္စည်းတွေကို လေလံအိမ်ထဲ ထည့်ထားနိုင်ပြီးတော့ လေလံအိမ်က အဲဒီပစ္စည်းတွေကို အကဲဖြတ်ပြီး တန်ဖိုးဖြတ်ပေးတယ်။လေလံပွဲကို အချိန်အတိအကျ တစ်ခုမှာ ကျင်းပပြီးတော့ အမြင့်ဆုံးဈေးပေးတဲ့သူက ပစ္စည်းကို ရမယ်။ ပြီးတော့ လေလံအိမ်ကနေပြီး အရောင်းအဝယ်ရဲ့ ၂၀%ကို ဆုလာဒ်အနေနဲ့ ယူတယ်။”
“၂၀%လား။” ဂျိုးဆက်ပ် အံ့အားသင့်သွားသည်။ သူသည် စီးပွားရေးနယ်ပယ်တွင် ပညာရှင် တစ်ယောက်ဟူ၍ သတ်မှတ်၍ ရနိုင်သည်။ ဒီလေလံအိမ်က ပစ္စည်းလွဲပြောင်းပေးရုံပါပဲ။ ဒီတော့ သူတို့က သက်သက်ကြီး အကျိုးအမြတ်တွေ ရနေတာ။ သူတို့ တကယ်ကြီး အကျိုးအမြတ် ၂၀%တောင် ရနေတယ်။ ပြီးတော့ အရောင်းအဝယ် ပမာဏ ပိုများလေလေ အကျိုးအမြတ် ပိုများလေလေပဲ။ ဒါက လုံးဝကို ပုံမှန်ဝင်ငွေပဲ။”
“အသက်ဓာတ်ရေစင်အပြင်ကို နန်းတော်နဲ့ မိသားစု သုံးလေးခုက ထောက်ပံ့ပေးတဲ့ ရတနာတွေလည်း ရှိတယ်။ ထင်ရှားတာတွေကတော့ ရေကန်ပြာ တောင်ခြေက ရတနာမုဆိုးတစ်ယောက် ပေးတဲ့ ရတနာတွေပေါ့။ အဲဒါက လေလံဆွဲသူတွေ တော်တော်များများကို ဆွဲဆောင်နိုင်ခဲ့ပြီးတော့ တော်တော်လေး မြိုင်ခဲ့တယ်။ ဒီလေလံပွဲ အောင်မြင်မှုကြောင့် လူတော်တော်များများက နောက်ထပ်လေလံပွဲအတွက် လက်မှတ်တွေ ကြိုတင်ဝယ်ခဲ့ကြတယ်။”
ဂျိုးဆက်ပ်၏ မျက်လုံးများ လက်ခနဲဖြစ်သွား၏။ “အရှင်သခင်က စီးပွားရေးကို တိုက်ရိုက် ကိုယ်တွယ်နေတာဆိုတော့ တခြားသူတွေက နောက်လိုက်လုပ်ဖို့ အရည်အချင်း မပြည့်မီဘူး။ ဒါက အကျိုးအမြတ်ကြီးကို လက်ဝါးကြီးအုပ် နေတာ။ တကယ့် လေလံအိမ်ပဲ။”
ရှီရာက ယခင်က မည်သည်မှ အောင်မြင်မှု မရရှိခဲ့ကြောင်း ရွိုင့်စ် သိသည်။ ဂျိုးဆက်ပ်သည် ထိုအကြောင်းများ သေချာပေါက် တွေးမည်ကို သိသည့်အတွက် ပြောလိုက်သည်။ “ဒီလေလံပွဲ အကြံဉာဏ်က အဲဒီချန်လွေ့ကနေ ဆင်းသက်လာဖို့ များတယ်။ သူက လူ့လောကရဲ့ အယူအဆတွေကို ကူးယူနေတာ ဖြစ်မယ်။”
“အင်း။ငါလည်း အဲလိုပဲထင်တယ်။” ဂျိုးဆက်ပ်က ခပ်တင်းတင်း မျက်မှောင်ကြုတ်လိုက်သည်။ “အမှောင်လနယ်မြေက ၆လအတွင်းမှာ တော်တော်လေး မြန်မြန်ဆန်ဆန် အများကြီး ပြောင်းလဲသွားခဲ့တယ်။ မင်းသမီး လက်လီစတိုး၊ တိုက်ပွဲဘောလုံး၊ ညဈေး၊ အရိပ်နက်အင်ပါယာရဲ့ ကတ်စတာမိသားစုက အမှောင်လမြို့ထဲ ဝင်လာပြီးတော့ ကုန်သည်ကြီးများအသင်း အသစ်ကို ပူးတွဲတည်ထောင်ခဲ့တာ၊ အမှောင်လမြို့ရဲ့ မွမ်းမံမှုတွေနဲ့ လေလံအိမ်တွေ....။ ဒီပြောင်းလဲမှုတွေက နောက်ကွယ်က အဲဒီလူသားရဲ့ အကြံအစည်တွေကနေ ခွဲခြားလို့မရဘူးဆိုတာ သေချာတယ်။ အရေးမကြီးဘူးလို့ အစက ငါထင်နေတဲ့ အာလူးလေးကို အထင်သေးမိ သွားတဲ့ပုံပဲ။”
မင်းရဲ့ လက်ရှိစွမ်းအားနဲ့ဆို သူ့အရှေ့မှာ မင်းက တကယ် အာလူးလေးပဲ။ ရွိုင့်စ် စိတ်ထဲ၌ ပြောလိုက်သည်။ သို့သောလည်း အပေါ်ယံ၌ စိုးရိမ်သည့် အမူအရာ ပြသလိုက်၏။ “အမှောင်လရဲ့ အဟုန်က အခုဆို ပုံပေါ်လာပြီ။ လူသားကို တိတ်တိတ်လေး သတ်ရင်တောင် ဘာမှ အကျိုးထူးတော့မှာ မဟုတ်ဘူး။ အခု အရေးကြီးဆုံးက ဒီအခွင့်မသာမှုကို မူလအတိုင်း ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားဖို့ပဲ။ မဟုတ်ဘဲ ဒီအတိုင်းဆက်သွားမယ်ဆိုရင် တစ်ဖက်လူ ဘာမှမလုပ်ရင်တောင် ကျုပ်တို့ လုံးဝပြိုလဲသွားမှာပဲ။”
ဂျိုးဆက်ပ်က လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ သူ၏ အခြေအနေမှာ နောက်ပိုင်း အတော်လေး ဆိုးနေသည်။ အမှောင်လနှင့် လိပ်ပြာနီတို့ နှစ်ခုလုံးတွင် ခက်ခဲနေ၏။ “ချာလီစ်”ကိစ္စ၌ သူ့ဖခင် ဂျို့ရ်ှက မြို့တော်သို့ သူ သတင်းပေးခဲ့သည်ကို သက်သေမပြနိုင်ခဲ့သော်လည်း ဂျို့ရှ် သူ့ကို ဖဲကြဉ်လာသည်မှာ သိသာလှသည်။ မော်ဒိုမြို့၏ နိုင်ငံရေးအပေါ် အရေးယူခြင်း၌ အရိပ်အမြွက် ရှိနေပေသည်။
သက်သာရာတစ်ခုမှာ မင်းသားဆိုဆိုင်ဒန်က မြို့တော်အပေါ်နှင့် ရီဂျန့်အပေါ် သစ္စာရှိမှုအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြခြင်းပင် ဖြစ်သည်။ မင်းသားအိုဆိုင်ဒန်က လိပ်ပြာနီနယ်မြေအရှင်ဂျို့ရှ်၏ ချို့ယွင်းချက် အချို့ကိုလည်း ထောက်ပြပေးခဲ့သည်။ ရီဂျန့်သည် ဂျိုးဆက်ပ်၏ နယ်မြေဆက်ခံမည့် အနာဂတ်ကို အကောင်းမြင်နေပုံရသည်။
လက်ရှိအခြေအနေအရ ထို“အမွေအနှစ်” မှာ ဝေးကွာနေသေးသည်။ ထို့ပြင် မြို့တော်၏ အတည်ပြုချက်မှာလည်း နှုတ်ဖြင့်သာ ဖြစ်သည်။ သို့သော် ဂျိုးဆက်ပ်က ၎င်းကို နောင်တ မရပေ။ အကယ်၍ “ချာလီစ်”နှင့် ခါနီတာတို့သာ ပူးပေါင်းကြမည်ဆိုလျှင် သူသည် အရေးနိမ့်မည် သာမက အရှုံးသမားပင် ဖြစ်သွားပေလိမ့်မည်။
ထို့အပြင် အရှင်သခင် နေရာကို ကြိုတင် “ဆက်ခံ” ထားရန်အတွက်လည်း မဖြစ်နိုင်သည် မဟုတ်ပေ။ ထိုဖြစ်နိုင်ချေမှာ ဂျို့ရှ်၏ ကျန်းမာရေးပြဿနာ ကဲ့သို့သော “မတော်တဆမှုများ” အပေါ်၌ မူတည်နေသည်။ သူ့တွင် မြို့တော်မှ ရေရှည် အထောက်အပံ့ ရှိရုံသာမက နက်နဲလွန်းသော မဟာမိတ်ဖြစ်သည့် အစားကြူးတော်ဝင်မိသားစု ဆက်ခံသူ အက်ဂ်ယော ဘယ်ဇီဘတ် ရှိနေသည်။
သူသည် “အက်ဂ်ယော”ထံမှ ဝတ်ရုံဂိုဏ်းသို့ လာရန် ဖိတ်ထားသည့် စာတစ်စောင်ကို ခုနက လက်ခံရရှိခဲ့သည်။ ၎င်းမှာ ယခင်က ခါနီတာ၏ အကျိုးအမြတ်ကို အချိန်မီ ဖျက်ဆီးနိုင်စေခဲ့သော “အက်ဂ်ယော”၏ သတိပေးချက် ဖြစ်သည်။ ထိုတွေ့ဆုံမှုက လက်ရှိအကျပ်အတည်းကို ဖယ်ရှားရန်အတွက် အခွင့်အရေးတစ်ရပ် ဖြစ်နိုင်သည်။ “အက်ဂ်ယော”သည် သူ့အား အနောက်မြောက်ဘလော့ရှိ ဝတ်ရုံဂိုဏ်း၏ ဒုတိယခံတပ်၌ လာရောက်တွေ့ဆုံရန် ဖိတ်ကြားခဲ့သည်။ ၎င်းသည် မူလက မယ်လွန်မိသားစု၏ နေရာဖြစ်သည်။ အတော်လေး ကျယ်ဝန်းပြီး အဖိုးတန်လှသည်။ မယ်လွန် မိသားစုသည် ဝတ်ရုံဂိုဏ်းခေါင်းဆောင်ကို လုပ်ကြံခြင်းနှင့် လူကုန်ကူးခြင်းအတွက် သံသယရှိသည့်အတွက် ထိုနေရာကို လက်လွှတ်လိုက်ရသည်။ ထို့နောက် ၎င်းကို အစားထိုးအနေဖြင့် တော်ဝင်မင်းသမီး ရီရာက ဝတ်ရုံဂိုဏ်းကို လွှဲပြောင်းပေးခဲ့သည်။
ဘဏ္ဍာရေးအရာရှိနှင့် ဝတ်ရုံဂိုဏ်းအကြား၌ လျို့ဝှက်ပတ်သက်မှု ရှိနေသည့်အကြောင်းကို ဖုံးကွယ်ထားရန်အတွက် ဂျိုးဆပ်သည် ထိုနေရာသို့ ရုပ်ဖျက်ပြီး ရောက်လာခဲ့သည်။ ခဏအကြာ၌ သူသည် အသစ်တည်ဆောက်ထားသော ပွဲကြည့်စင် တစ်ခုဆီသို့ ရောက်သွားသည်။
ပွဲကြည့်စင်ကို အပြင်ဘက်၌ အစောင့်များ တင်းကြပ်ထားပြီး အရေးကြီး နေရာတစ်ခုကဲ့သို့ ဖြစ်နေသည်။ သို့သော်လည်း အထဲသို့ ဝင်လိုက်သောအခါ ၎င်းသည် အတွင်း တိုက်ပွဲဘောလုံးကွင်း ဖြစ်ကြောင်း သိရှိသွားသည်။ ၎င်းသည် စံပုံစံ လူ၃ယောက် ကစားပွဲ ဖြစ်သည်။ သူ၏မိတ်ဆွေဟောင်း “အက်ဂ်ယော”က ဘေးဖက်တွင် ထိုင်နေရင်း ၃ယောက်ချင်း စကားပွဲကို ကြည့်နေလေသည်။
ထိုကစားသမားများ အားလုံးသည် ထူးဆန်းသော မျက်နှာဖုံးများ ဝတ်ဆင်ထားကြသည်။ သူတို့၏ မျက်နှာများကို သေသေချာချာ မမြင်ရပေ။ “အက်ဂ်ယော”မှလွဲ၍ ပရိသတ်ဟူ၍ ဂျိုးဆက်ပ် တစ်ယောက်တည်းသာ ရှိသည်။
“ခင်ဗျား ရောက်လာပြီပဲ။ မိတ်ဆွေ။” “အက်ဂ်ယော”က ထလည်း မထသလို သူ့ကိုလည်း မကြည့်ဘဲ ဘေးဖက်ကို လက်ညှိုး ထိုးပြလိုက်သည်။ “ထိုင်ပါဦး။”
ထို“မဟာမိတ်”သည် အနည်းဆုံး မဟာနတ်ဆိုး ဘုရင်အဆင့်ဖြစ်ကြောင်း ဂျိုးဆက်ပ် သိပြီးပြီ ဖြစ်သည်။ သူ၏လက်ရှိအခြေအနေအရ တစ်ဖက်လူ၏ အပြုအမူမှာ အတော်လေး ကောင်းနေပြီဟု ပြော၍ရပေသည်။
ဂျိုးဆက်ပ် ထိုင်လိုက်ပြီးနောက် “အက်ဂ်ယော”က အေးအေးဆေးဆေး ပြောသည်။ “ကျုပ် သိရသလောက်ဆိုလျှင် ခင်ဗျားက အခုရက်ပိုင်း ပြဿနာ နည်းနည်း တက်နေသလိုပဲ။ အမှောင်လ ဖြစ်ဖြစ်၊ လိပ်ပြာနီဖြစ်ဖြစ်၊ အခြေအနေ သိပ်ပြီးတော့ ကောင်းတဲ့ပုံ မပေါ်ဘူး။”
“ဟုတ်တယ်။ အခြေအနေ တကယ်မကောင်းဘူး။” ဂျိုးဆက်ပ် သက်ပြင်းချပြီး မငြင်းခဲ့ပေ။ ထိုသူတွင် မှော်ဆန်သော စွမ်းရည်များနှင့် အထူးသဖြင့် သတင်းအချက်အလက် စွမ်းဆောင်ရည်များ ရှိကြောင်း ဂျိုးဆက်ပ် သိသည်။ ခါနီတာနှင့် တိုင်းတစ်ပါး လူသားတို့ ပူးပေါင်းနေကြောင်းကို “အက်ဂ်ယော”က သူ့ထံ ပြောပြခဲ့ခြင်း ဖြစ်သည်။ အက်ဂ်ယောက သူ့ကို အကျပ်အတည်းမှ ကယ်တင်ခဲ့သည်ဟု ပြော၍ရနိုင်ပေသည်။ သို့သော်လည်း ဂျိုးဆက်ပ်သည် သိပ်ပြီး ကျေးဇူးမတင်ပေ။ အကြောင်းမှာ နှစ်ဖက်စလုံးက အချင်းချင်း အသုံးချနေသောကြောင့်ပင် ဖြစ်သည်။ အက်ဂ်ယောက သူ့ကို ကူညီနေသည်မှာ သူ့တွင် တန်ဖိုးရှိနေသေး၍ပင် ဖြစ်သည်။
ယခင်ကကဲ့သို့ သူသည် တစ်ဖက်လူထက် စွမ်းအားမကြီးတော့ဘဲ ကိုယ်ပိုင်စွမ်းအားသာမက အင်အားစုတွင်လည်း နိမ့်ကျနေသည်။ ထို့ကြောင့် သူသည် သူ၏တန်ဖိုးကို ပြသရန်လိုအပ်ပြီး လက်ရှိ နိမ့်ကျမှုများကို ပြောင်းပြန်လှန်ရန်အတွက် တစ်ဖက်လူ၏အင်အားကို အသုံးပြုရပေမည်။
ချန်လွေ့က ဂျိုးဆက်ပ်၏ အမူအရာကိုကြည့်ပြီး ပြောလိုက်သည်။ “ဒါဆိုရင် အလှည့်အပြောင်း ဖြစ်စေဖို့အတွက် အားလုံးကို လောင်းကြေးထပ်ဖို့ ခင်ဗျားမှာ သတ္တိရှိလား။”
“အရာအားလုံးကို လောင်းကြေးထပ်ဖို့လား။” ဂျိုးဆပ် စိတ်ရှုပ်ထွေးသွားသည်။ အာလုံးကို လောင်းကြေးထပ်ရင်တောင် ငါ ဘယ်လိုလုပ်ပြီး အလှည့်အပြောင်း လုပ်နိုင်မှာလဲ။
ချန်လွေ့ ခေါင်းညိတ်လိုက်သည်။ သို့သော် ဆက်ပြီး မရှင်းပြခဲ့ဘဲ ကွင်းထဲမှ တိုက်ပွဲကိုသာ ကြည့်နေသည်။ ထိုအချိန်တွင် ဂျိုးဆက်ပ် ပြန်မပြောနိုင်တော့ပေ။ မင်းက ငါ့ကို ပွဲကြည့်ဖို့ ဖိတ်ခေါ်ခဲ့တာလား။
သို့သော်လည်း ဂျိုးဆက်ပ်သည် စိတ်မရှည်သူ တစ်ယောက် မဟုတ်ပေ။ တစ်ဖက်လူတွင် ရည်ရွယ်ချက် တစ်ခုရှိနိုင်ကြောင်း သူသိသည်။ ထို့ကြောင့် ထိုအချိန်၌ အလောတကြီး အကူအညီ မတောင်းဘဲ ကွင်းထဲမှ စိတ်လှုပ်ရှားစရာ ကစားပွဲကို အက်ဂ်ယောနှင့်အတူ တိတ်တဆိတ် ကြည့်နေလိုက်တော့သည်။
တဖြည်းဖြည်းနှင့် ထိုတိုက်ပွဲဘောလုံးသည် မမျှော်လင့်ထားလောက်အောင် ပြင်းထန်လာကြောင်း ဂျိုးဆက်ပ် သိရှိသွားသည်။ ၎င်းသည် တိုက်ပွဲဘောလုံးပွဲတစ်ခုသာ ဖြစ်သော်လည်း ဘောလုံးပေးနေစဉ်၊ ကန်နေစဉ်တွင် အမျိုးမျိုးသော မမျှော်လင့်ထားသည့် အကွေ့အဝိုက်များကို သူတို့ ပြောင်းလဲနိုင်ကြသည်။ စွမ်းရည်ဖြစ်စေ၊ ခန္ဓာကိုယ် ကြံ့ခိုင်မှုဖြစ်စေ၊ တိုက်စစ်နှင့်ခံစစ်ဖြစ်စေ သူ ယခင်က တွေ့ခဲ့ဖူးသော အင်ပါယာအစောင့်များနှင့် မြို့စောင့်တပ်ဖွဲ့တို့ထက် သာလွန်နေသည်။ သူတို့ထက် တစ်ဆင့်မြင့်နေသည်ဟုပင် ပြော၍ ရနိုင်ပေသည်။ “ဒီအသင်းကို ခင်ဗျား ဘယ်လိုထင်လဲ။” တစ်ဖက်လူက ပြောသည်။
“ဒီလိုမျိုး ထိပ်တန်းကစားပွဲမျိုးကို ကျုပ် တစ်ခါမှ မမြင်ဖူးဘူး။ သူတို့က အလယ်ဆင့် နတ်ဆိုးတွေပဲ ဆိုတာကို ကျုပ် မယုံနိုင်ဘူး။” ဂျိုးဆက်ပ်က အမှန်အတိုင်း ဖြေလိုက်သည်။ “ ဒီလို အဆင့်အတန်းမျိုး၊ စည်းလုံးမှုမျိုးကို ရောက်နိုင်တဲ့သူ ၁၁ယောက် ရှိမယ်ဆိုရင် သူတို့က အမှောင်လထဲက ဘယ်တရားဝင်အဖွဲ့မဆို၊ သီးသန့်အဖွဲ့ကိုမဆို အနိုင်ယူနိုင်မယ်လို့ ကျုပ်ယုံကြည်တယ်။”
“အတိအကျပြောရလျှင် အယောက်၂၀ နဲ့ အရန်၉ယောက် ရှိတယ်။ အမှောင်လနယ်မြေက တိုက်ပွဲဘောလုံးတွေနဲ့ စမ်းသပ်နေတုန်းမှာ သူတို့က လက်ရှိအမှောင်လအဖွဲ့တွေထက် အမြင့်ဆင့်အဆင့်ကို ရောက်နေကြပြီးပြီ။” “အက်ဂ်ယော”က လျို့ဝှက်ချက်တစ်ခုကို ထုတ်ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ ကျုပ်က တိုက်ပွဲဘောလုံးကို ဖန်တီးခဲ့တာမို့လို့ပဲ။”
ဂျိုးဆက်ပ် အံ့အားသင့်သွား၏။ ဒီတိုက်ပွဲ ဘောလုံးက အမှောင်လစစ်တပ်ရဲ့ တိုက်ခိုက်ရေး စွမ်းအားကို ကြီးကြီးမားမား တိုးတက်စေတယ်။ စီးပွားရေးကိုလည်း မမျှော်လင့်ထားလောက်အောင် ကြီးကြီးမားမား အကျိုးအမြတ် ရစေတယ်။ ဒါက အက်ဂ်ယော ဖန်တီးထားတာ ဖြစ်မယ်လို့ မထင်ထားခဲ့ဘူး။
“ ကျုပ်က သေအံ့ဆဲဆဲ အမှောင်လနယ်မြေကို အလိုမရှိဘူး။ ကျုပ်လိုတာက အမှန်တကယ် ကြွယ်ဝပြီးတော့ စွမ်းအားကြီးတဲ့ နယ်မြေတစ်ခုပဲ။” ချန်လွေ့က လက်ရှိ အမှောင်လကို ရှီရာ ထိန်းချုပ်ထားသည်မဟုတ်ဘဲ “အက်ဂ်ယော ဘယ်ဇီဘတ်” ဖြစ်သော သူက ထိန်းချုပ်ထားသည့်လေသံဖြင့် ပြောလိုက်သည်။
“ကျုပ် ပြောခဲ့သလိုပဲ။ ကျုပ်ရဲ့ သရုပ်မှန်က အမှောင်လနယ်မြေကို အတိအလင်း ထိန်းချုပ်ဖို့ အတားအဆီး ဖြစ်နေတယ်။ အဲဒါကြောင့် ကျုပ် ပြောရေးဆိုခွင့်ရှိသူ တစ်ယောက် လိုအပ်တယ်။ အဲဒါက ခင်ဗျား သတ္တိရှိလား၊ မရှိလားဆိုတဲ့ အပေါ်မှာ မူတည်တယ်။” ချန်လွေ့၏ လေသံကြောင့် ဂျိုးဆက်ပ်၏ မျက်လုံးများ အရောင်တောက်သွားလေသည်။ “အက်ဂ်ယော” မှာ သိပ်မကြာခင် အမှောင်လနယ်မြေကို သူ့အပိုင် လုပ်နိုင်မယ့် ပြီးပြည့်စုံတဲ့ အစီအစဉ်တစ်ခု ရှိနေတာများလား။
“ကျုပ် ဘာလုပ်ဖို့ လိုတာလဲ။” ဂျိုးဆက်ပ် စိတ်ပိုင်းဖြတ်ပြီး ပြတ်ပြတ်သားသား မေးလိုက်သည်။ အကယ်၍ သူသာ အမှောင်လကို ထိန်းချုပ်ပြီး ရှီရာက အခွံဖြစ်အောင် တွန်းပို့နိုင်မည်ဆိုလျှင် သူ့ကို သေချာပေါက် မြို့တော်က ချီးမွမ်းပေလိမ့်မည်။ လက်ရှိ အမှောင်လကို ခြေကုပ်ရယူပြီးသည့်အခါ သူ့ကို ဂျို့ရ်ှ မည်မျှပင် ဖိနှိပ်စေကာမူ၊ ပြိုင်ဘက်ကင်း ဖြစ်နေပေဦးမည်ဖြစ်သည်။ လိုအပ်လျှင် သူသည် မြို့တော်သို့ ဘယ်ဇီဘတ်မိသားစုအကြောင်း ထုတ်ဖော်ပြောပြီး အကျိုးအမြတ် လှဲလှယ်၍ ရနိုင်ပေသည်။
ချန်လွေ့ အများကြီး မပြောဘဲ ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်နေကြသော ကစားသမားများကိုသာ လက်ညှိုးထိုးပြလိုက်သည်။ ဂျိုးဆက်ပ် မျက်မှောင်ကြုတ်ပြီး ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားသည်။ “ခင်ဗျားပြောချင်တာ တိုက်ပွဲဘောလုံးက...”
“တကယ်တော့ ဒီနေ့ ဒီနေရာကို ခင်ဗျား ရောက်လာပြီးကတည်းက အောင်နိုင်မှု မိုးသောက်ချိန်ကို မြင်ပြီးသွားသင့်ပြီ။” ချန်လွေ့က မျက်နှာဖုံး နောက်မှနေ၍ ယုံကြည်ချက်ရှိရှိ ရယ်လိုက်သည်။ “ဒါကို ဘယ်လို လောင်းကြေးထပ်မလဲ ဆိုတာက ခင်ဗျား အပေါ်မှာပဲ မူတည်တယ်။”
ဂျိုးဆက်ပ် ချက်ချင်း သဘောမတူဘဲ အချိန်အတော်ကြာ စဉ်းစားပြီးမှသာ ပြောသည်။ “ကျုပ်လက်ထဲမှာ ရှိတာတွေနဲ့ဆိုရင် တော်ဝင်မင်းသမီးနဲ့ လောင်းကြေးပြိုင်ထပ်ဖို့က မလုံလောက်မှာ စိုးရိမ်ရတယ်။”
“ညဈေးနဲ့ ဝတ်ရုံဂိုဏ်းရဲ့ ပိုင်ဆိုင်မှုတွေအားလုံး ပါမယ်ဆိုရင်ကော။” ချန်လွေ့က ထိုဉာဏ်များသော ရန်သူအား ဆက်လက် ဆွဲဆောင်နေလိုက်သည်။ “သင့်တော်တဲ့ အချိန်တစ်ခုမှာ ကျုပ် ပဋိပက္ခတချို့ ဖန်တီးပြီးတော့ ရှီရာကို လူသိရှင်ကြား တိုက်ခိုက်မယ်။ ဒါပေမဲ့ ကျုပ် တစ်ခုတော့ အရင်ပြောထားမယ်။ ကျုပ်က အမှောင်လနယ်မြေရဲ့ တကယ့် အရှင်သခင်။ ခင်ဗျားရဲ့ပန်းတိုင်က ဒီနေရာ မဟုတ်ဘူး။ လိပ်ပြာနီနယ်မြေ။ အမှောင်လနယ်မြေကို အောင်နိုင်သွားပြီးရင် နောက်တစ်လှမ်းမှာ လိပ်ပြာနီနယ်မြေကို သိမ်းပိုက်ဖို့အတွက် ခင်ဗျားကို အကူအညီပေးမယ်။ ခင်ဗျားရဲ့ ခမည်းတော်က နတ်ဆိုးဧကရာဇ်အဆင့် အလတ်ပိုင်း ဖြစ်ပြီးတော့ အရွယ်ကောင်းနေတုန်း ဖြစ်နေပေမဲ့လည်း လူတိုင်းက မတော်တဆ ဖြစ်တတ်ကြတယ်မဟုတ်လား။ အရှင်သခင်လောင်း။”
“အက်ဂ်ယော”က မိမိကို ကူညီနေခြင်းမှာ မိမိ၏ ဘဏ္ဍာရေးအရာရှိ ရာထူးကို အသုံးချပြီး အမှောင်လနယ်မြေကို လူသိရှင်ကြား ထိန်းချုပ်ချင်နေကြောင်း ဂျိုးဆက်ပ် ခံစားမိသည်။ သို့သော်လည်း ၎င်းသည် သူ၏ လက်ရှိကပ်ဘေးကို ပြေလည်သွားစေနိုင်၏။ ၎င်းကို အပြန်အလှန် အသုံးချခြင်းဟု သတ်မှတ်၍ ရနိုင်ပေသည်။ အကယ်၍ တစ်ဖက်လူကသာ သူ့ကို မည်သည်မှ ပြန်မတောင်းဘဲ ကူညီပေးသည်ဆိုလျှင် မေးခွန်းထုတ်စရာများ ဖြစ်လာနိုင်ပေသည်။
တစ်ဖက်လူ ကမ်းလှမ်းသော “လိပ်ပြာနီအရှင်” က ဂျိုးဆက်ပ်ကို စိတ်လှုပ်ရှားစေပြီး ဆွဲဆောင်နိုင်ခဲ့သည်။ သူသည် မြို့တော်ရီဂျန့်မှ ချီးမွမ်းခြင်းကို ရရှိထားခဲ့ပြီးဖြစ်သည်။ အကယ်၍ သူ၏ဖခင်ကို “မတော်တဆ” တစ်ခုခု ဖြစ်သွားခဲ့လျှင် အရှင်သခင် ဖြစ်လာနိုင်သည့် သူ၏မျှော်လင့်ချက်မှာ ခါနီတာထက် ပိုများနိုင်ပေသည်။
“အက်ဂ်ယော”က ရှီရာကို မျှားခေါ်ပြီးတော့ တစ်ဆင့်ချင်း ယုံကြည်မှုကို လိမ်ညာပြီး ရယူတယ်။ ပြီးတော့ တိုက်ပွဲဘောလုံး ပေါ်ထွက်လာအောင် စီစဉ်ခဲ့တယ်။ သူက အမှောင်လနယ်မြေကို ထိန်းချုပ်ပြီး ဘယ်ဇီဘတ် တော်ဝင်မိသားစု ပြန်လည်ရှင်သန်စေဖို့အတွက် သူ အပတ်တကုတ် ကြိုးစားခဲ့ရတဲ့ ဝတ်ရုံဂိုဏ်းနဲ့ ညဈေးကိုတောင် လောင်းကြေးထပ်ဖို့ မတွန့်ဆုတ်ခဲ့ဘူး။ ငါ့အရှေ့က တိုက်ပွဲဘောလုံး ကစားသမားတွေရဲ့ အရည်အသွေးကို ကြည့်ရတာ တကယ်လို့ ရှီရာသာ အဲဒီထောင်ခြောက်ထဲ ကျသွားမယ်ဆိုရင် သေချာပေါက် ရှုံးနိမ့်မှာပဲ။
အခုက ရှီရာက ဒီလောင်းကြေး ကစားပွဲထဲ ဆွဲသွင်းဖို့က ကိစ္စတစ်ခုပဲ။ ဒီအပိုင်းကိုတော့ ငါ တော်တော်လေး ယုံကြည်မှုရှိတယ်။ ဘာလို့လဲဆိုတော့ အမှောင်လနယ်မြေရဲ့ ကုန်သည်ကြီးများအသင်းနဲ့ စီးပွားရေးအင်အား တစ်စိတ်တစ်ပိုင်းက ငါ့လက်ထဲမှာ ရှိနေတုန်းပဲလေ။ ငါ အဲဒါတွေကို မလွဲပေးသရွေ့ ရှီရာက အမှောင်လနယ်မြေကို လုံးဝ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။
ဘယ်ဖက်ကပဲကြည့်ကြည့် ဒီအစီအစဉ်က လုံးဝ ဖြစ်နိုင်တယ်။
“အက်ယော” ရုတ်တရက် ရူးသွားပြီးတော့ ဘဏ္ဍာရေးမှူး ငါ့ကို စတေးပြီးတော့ ဘယ်ဇီဘတ် တော်ဝင်မိသားစုရဲ့ အနာဂတ်နဲ့ သူတို့ အပတ်တကုတ်ကြိုးစားအားထုတ်မှုတွေကို သူတို့ရဲ့ ရန်သူဖြစ်တဲ့ လူစီဖာ တော်ဝင်မျိုးနွယ်ဆီ မလွဲပေးဘူးဆိုရင်ပေါ့။
အဲဒါ ဖြစ်နိုင်လို့လား။
ဂျိုးဆက်ပ်၏ မျက်နှာသည် ပို၍ပင် စိတ်ပိုင်းဖြတ်ထားသောပုံစံ ပေါက်လာသည်။ နောက်ဆုံး၌ သူ မတုံ့မဆိုင်းဘဲ မတ်တပ်ရပ်လိုက်သည်။ “ကျုပ် လောင်းကြေးထပ်မယ်။”
အနိုင်ရနေသည်ဟု ထင်နေသော ဘဏ္ဍာရေး အရာရှိသည် “အရာအားလုံး ဖြစ်နိုင်သည်” ဟူသောစကားကို မသိလောက်ပေ။