အဝေးမှဧည့်သည်များ
Vol. 24 Ch. 354
ကြီးမားသော ရည်ရွယ်ချက်နှင့်အတူ ဂျိူးဆက်ပ် ထွက်သွားသည်ကိုကြည့်ရင်း ချန်လွေ့က နားလည်သည့်အပြုံး ပြုံးလိုက်သည်။
ဂျိုးဆက်ပ်၏ အတွေးအများစုကို ချန်လွေ့ အလွယ်ကလေး မှန်းဆမိသည်။ ၎င်းသည် အမှန်တကယ်ပင် ပြန်လာရန် အကောင်းဆုံး အခွင့်အရေး ဖြစ်သည်။ ဂျိုးဆက်ပ်က အမှောင်လ၏ စီးပွားရေးထိန်းချုပ်မှု အားလုံးကို အနိုင်ရရှိသွားပြီး ရှီရာကို လုံးဝအားကိုးရာမဲ့ ဖြစ်သွားစေနိုင်ခဲ့လျှင် မြို့တော်၏ ကြီးကြီးမားမား ချီးမြှောက်ခြင်းကို ခံရပေလိမ့်မည်။
ထို့အပြင် ဘယ်ဇီဘတ်မိသားစု၏ အကူအညီဖြင့် မျှခြေကစားပွဲ ကစားနေသော သူ၏ဖခင်ဖြစ်သူ ဂျို့ရှ်အား “မတော်တဆ” သုတ်သင်နိုင်မည့် နည်းလမ်းတစ်ခုကိုလည်း ရှာဖွေနိုင်သည်။ မြို့တော်၏ အထောက်အပံ့နှင့်ဆိုလျှင် သူသည် ဖခင်ဖြစ်သူနေရာအား အတားအဆီးမရှိ အစားထိုးနိုင်ပြီး လိပ်ပြာနီအရှင်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။
ခါနီတာမှာမူ သူ၏အကြီးမားဆုံးနောက်ခံ ဂျို့ရှ်ကို ဆုံးရှုံးသွားမည် ဖြစ်သည့်အတွက် ဂျိုးဆက်ပ်၏ သတ်ဖြတ်ခြင်းကိုသာ ခံရပေလိမ့်မည်။
ထိုအချိန်ကျ၍ ဂျိုးဆက်ပ်က “ဘယ်ဇီဘတ် တော်ဝင်မိသားစု”ကို သစ္စာဖောက်ချင်လျှင်ပင် လုံးဝဖြစ်နိုင်ပေသည်။
ဂျိုးဆက်ပ်၏ အကြံမှာ အမှန်တကယ် မှန်ကန်၏။ သို့မဟုတ်ပါက သူသည် ထိုကဲ့သို့ ပြတ်ပြတ်သားသား သဘောတူလိုက်မည် မဟုတ်ပေ။ ၎င်းသည် အမှန်တကယ်ပင် အမှောင်လကို အပြည့်အဝ ထိန်းချုပ်မည့် ဇာတ်ညွှန်းတစ်ခု ဖြစ်သည်။ ဂျိုးဆက်ပ်သည် အမှန်ပင် အရေးပါသော နေရာတစ်ခု ရထားသော်လည်း တကယ့်ဇာတ်လိုက်မှာ အခြားသူတစ်ယောက် ဖြစ်သည်။
နတ်ဘုရား-ဝါးမျို မျက်နှာဖုံးနှင့် ရှီရာ၏ လုပ်ရပ်တို့ကြောင့် ဂျိုးဆက်ပ်သည် “အက်ဂ်ယော”မှာ ဘယ်ဇီဘတ် တော်ဝင်မိသားစု ဖြစ်ကြောင်းကို လုံးဝ သံသယမရှိတော့ပေ။ လုပ်ဆောင်ချက် အများအပြားနှင့်အတူ အက်ဂ်ယောသည် အမှောင်လကို ဖြိုဖျက်ပြီး ဘယ်ဇီဘတ်ကို ပြန်လည်ရှင်သန်စေရန် “မဟာအစီအစဉ်”အတွက် ရှီရာကို တမင်တကာ မျှားခေါ်ခဲ့သည်။
ထို့ကြောင့် သူသည် သံယယဝင်တတ်သော ကြောင်သူတော်တစ်ယောက် ဖြစ်သော်လည်း သေသေချာချာ စဉ်းစားပြီးသည့်တိုင် “အက်ဂ်ယော”၏ စိတ်အားတက်ကြွမှုနှင့် အစီအစဉ်ကို ဟာကွက်ရှာမတွေ့ခဲ့ပေ။
မမျှော်လင့်ဘဲနှင့် သူ လုံးဝမဖြစ်နိုင်သည်ဟု ထင်ထားသောအရာမှာ အမှန်တရား ဖြစ်နေ၏။
ထိုမြင်ကွင်းသည် ထိုအချိန်၌ အတော်လေး စိတ်လှုပ်စရာကောင်းမည်မှာ သေချာသည်။ သို့သော်လည်း ဒါရိုက်တာက ၎င်းကို မြင်နိုင်တော့မည် မဟုတ်ပေ။ အကြောင်းမှာ ထိုအချိန်တွင် သူသည် နောက်ထပ် ရှိုးပွဲကြီး တစ်ခုကို ညွှန်ကြားနေလောက်ပြီ ဖြစ်၍ပင်။ သူသည် အမှောင်လမြို၌ သုံးလေးရက်သာ နေမည်ဖြစ်သည်။
ဂျိုးဆက်ပ်ကို ပြန်လွှတ်ပြီးနောက် ချန်လွေ့သည် ဝတ်ရုံဂိုဏ်း စခန်းဟောင်းသို့ တည့်တည့် ပြန်သွားခဲ့သည်။ ဂျိုးဆက်ပ်နှင့် မည်သို့ ပူးပေါင်းရမည့်အကြောင်းနှင့် မတော်တဆမှုများ ဖြစ်လာလျှင် မည်သို့ပြောင်းလဲရမည့်အကြောင်း အပါအဝင် အသေးစိတ်အများအပြားကို ကြိုတင်ရှင်းပြရန် လိုအပ်နေသည်။
အရှေ့တောင်ဘလော့ရှိ ၄လမ်းသို့ ရောက်သောအခါ ဝတ်ရုံဂိုဏ်းအရှေ့၌ ဂိုဏ်းသားများ စုဝေးနေသည်ကို ချန်လွေ့ တွေ့လိုက်ရသည်။ သူတို့သည် အင်အားကြီး ရန်သူတစ်ယောက်ကို ရင်ဆိုင်နေရပုံရသည်။
တစ်ဖက်တွင် လူ၃ယောက်သာရှိသည်။ ချန်လွေ့ ဖြည်းဖြည်းချင်း ရှေ့သို့ တက်သွားသည်။ တစ်စုံတစ်ယောက်က ခေါင်းဆောင် လာနေသည်ကို မြင်သွားပြီး သူတို့ လမ်းဖယ်ပေးလိုက်ကြသည်။
ချန်လွေ့သည် လူအုပ်ထဲ၌ အနည်းငယ် စိုးရိမ်နေပုံရသော ရုပ်ဖျက်ထားသည် စကိုင်းကို ဖျပ်ခနဲ တွေ့လိုက်ရသည်။
စကိုင်းရဲ့စွမ်းအားက မဟာနတ်ဆိုးဘုရင်အဆင့် ရောက်နေတာတောင် ဒီလိုကြောက်နေတဲ့ အမူအရာ ပြနေတယ်။ ဒီလူတွေက သူ့ရန်သူတွေနဲ့ သက်ဆိုင်နေတာလား။
ထိုသူသုံးယောက်လုံးမှာ ယောက်ျားများ ဖြစ်သည်။ ခေါင်းဆောင်သည် ထင်ရှားသော အသွင်အပြင် ရှိသည့် လူငယ်တစ်ယောက်ဖြစ်ပြီး ယဉ်ကျေးကာ ထူးခြားသော စိတ်နေသဘောထား ရှိသည်။ သူ့နောက်မှ တစ်ယောက်မှာ အရပ်မြင့်မြင့်နှင့် အားကောင်းပြီး စွမ်းအားကြီးသည်။ ကျန်တစ်ယောက်မှာ အားနည်းပြီး ထိခိုက်လွယ်ကာ အိုမင်း၏။ ချန်လွေ့၏ အမြင်အရ ထိုသူနှစ်ယောက်မှာ လုံးဝ မရိုးရှင်းပေ။ အထူးသဖြင့် လူအိုကြီးသည် ချန်လွေ့အား မယှဉ်နိုင်သော ခံစားချက်မျိုး ပေးစွမ်းနေသည်။
ချန်လွေ့ ချက်ချင်းပင် [ သရုပ်ခွဲမျက်လုံး ] ကို ဖွင့်လိုက်ရာ ပြသလာသော အချက်အလက်များက သူ့ကို ထိတ်လန့်သွားစေသည်။
လူငယ်ခေါင်းဆောင်
မျိုးနွယ် - လောဘတော်ဝင်မိသားစု
စွမ်းအားအကဲဖြတ်မှု - [ B+ ]
ခန္ဓာအမျိုးအစား - [ B-]
ခွန်အား - [ C ]
စိတ်ဝိညာဉ် - [ B+ ]
မြန်ဆန်မှု - [ B ]
အရပ်မြင့်မြင့်နှင့်လူ
မျိုးနွယ် - အမျက်တော်ဝင်မိသားစု
စွမ်းအားအကဲဖြတ်မှု - [ A- ]
ခန္ဓာအမျိုးအစား - [ A-]
ခွန်အား - [ A ]
စိတ်ဝိညာဉ် - [ C+ ]
မြန်ဆန်မှု - [ A- ]
ပိန်ပိန်ပါးပါး အဘိုးအို
မျိုးနွယ် - လောဘတော်ဝင်မိသားစု
စွမ်းအားအကဲဖြတ်မှု - [ A+ ]
ခန္ဓာအမျိုးအစား - [ A ]
ခွန်အား - [ A ]
စိတ်ဝိညာဉ် - [ A+ ]
မြန်ဆန်မှု - [ A+ ]
မဟာနတ်ဆိုးဘုရင် တစ်ယောက်နဲ့ နတ်ဆိုးဧကရာဇ် နှစ်ယောက်။
နတ်ဆိုးဧကရာဇ်တွေက ပုံမှန် မဟာအရှင် အဆင့် ရောက်သွားကြပြီ။ နောက်တစ်ယောက်က အနည်းဆုံး နတ်ဆိုးဧကရာဇ်အဆင့် နှောင်းပိုင်း ဖြစ်နိုင်တယ်။ သူက နတ်ဆိုးအရှင်သခင်တောင် ဖြစ်နေနိုင်တယ်။
နတ်ဆိုးဧကရာဇ်နှစ်ယောက်က မဟာနတ်ဆိုးဘုရင်အဆင့် လူငယ်လေးကို အလေးထားတဲ့ပုံပဲ။ ဒီ ယဉ်ကျေးတဲ့လူငယ်က သွေးရောင်အင်ပါယာ တော်ဝင်မိသားစုက ဖြစ်မယ်။ သူ၏ အဆင့်အတန်းက ထူးခြားတယ်။
သူတို့က စကိုင်းရဲ့ ရန်သူ ဖြစ်မယ်ဆိုရင်တော့ တစ်ခုခုဖြစ်လာရင် ငါတစ်ယောက်တည်းနဲ့ လုံးဝ မယှဉ်နိုင်ဘူး။ တကယ်လို့ အဘိုးကြီးရဲ့ တကယ့် ရုပ်ပိုင်းဆိုင်ရာခွန်အားက နတ်ဆိုး အရှင်သခင်အဆင့် ရောက်နေရင်တော့ ပါ့ဂ်လီအို ကူညီရင်တောင် နိုင်ဖို့မရှိဘူး။
ချန်လွေ့ လမ်းလျှောက်နေရင်း ဆက်လက် စဉ်းစားနေလေသည်။ ခဏအကြာ သူသည် သူတို့သုံးယောက်ထံသို့ ရောက်ရှိသွားခဲ့သည်။
“သခင်။ ဒီသုံးယောက်က ဆရာသခင် တာတာကို တွေ့ချင်နေကြတယ်။ ဆရာသခင်က အပြင်လူတွေကို မတွေ့ဘူးလို့ ကျွန်တော် သူတို့ကို ပြောခဲ့တယ်။ ဒါပေမဲ့ သူတို့က တကယ်ကြီး အတင်းဝင်ချင်နေကြတယ်။”
ဒီဒီ၏ အမြင်၌ ထိုသူသုံးယောက်သည် အလွန် အတင့်ရဲပြီး ဝတ်ရုံဂိုဏ်းကိုပင် ရန်စရဲနေသည်။ သူတို့သည် အမှောင်လ၏ အကြီးမားဆုံး အင်အားစုကို ဘာမျှမဟုတ်သကဲ့သို့ သဘောထားနေသည်။ သို့သော်လည်း သူတို့သည် ဝတ်ရုံဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးနိုင်သော စွမ်းအားရှိကြောင်း ဒီဒီ မသိခဲ့ပေ။
သူတို့က ဆရာသခင် တာတာကို လာတွေ့တာကိုး။ အဆိုးဆုံးအထိ ပြင်ဆင်ထားသော ချန်လွေ့ အနည်းငယ် အံ့အားသင့်သွားသည်။ လူအများအရှေ့၌ ထိုသူ၃ယောက်ကို ပညာပေးရန် ဒီဒီ ဖြစ်စေချင်နေကြောင်း မြင်လိုက်ရသည့်အခါ ချန်လွေ့ ခေါင်းခါမိသွားသည်။ သူတို့က ဆရာသခင် တာတာကို မျက်နှာသာပေးနေတာပဲ ဖြစ်ရမယ်။ မဟုတ်ရင် ဝတ်ရုံဂိုဏ်းမပြောနဲ့ အမှောင်လတစ်ခုလုံးကို သူတို့ကို မတားနိုင်ဘူး။
“မင်းတို့အားလုံး ရိုင်းနေကြတာပဲ။ ဒီ၃ယောက်က အဝေးက ဂုဏ်သရေရှိ ဧည့်သည်တွေ။ မင်းတို့ သွားကြတော့။” ချန်လွေ့၏ အပြစ်တင်သံကြောင့် ဂိုဏ်းသားများ ရုတ်တရက် ကြောင်တောင်သွား၏။ သူတို့၏ နှလုံးသားထဲ၌ ဩဇာကြီးမားသော “အက်ဂ်ယော”သည် အမြစ်တွယ်နေပြီ ဖြစ်ရာ ထပ်မမေးရဲဘဲ ထွက်သွားလိုက်ကြသည်။
“လူကြီးမင်းတို့။ ရိုင်းပျမှုတွေအတွက် ခွင့်လွှတ်ပေးစေချင်ပါတယ်။ ကျုပ်နဲ့ လိုက်ခဲ့ပါ။” ချန်လွေ့က သူတို့၃ယောက်ကို အနည်းငယ် ခေါင်းညိတ်ပြပြီး ဖိတ်ခေါ်သည့် အမူအရာ တရိုတသေ ပြုလုပ်လိုက်သည်။
ယဉ်ကျေးသော လူငယ်လေးက အသာလေးပြုံးကာ ခေါင်းညိတ်ပြီး ရှေးအိမ်ထဲသို့ လမ်းလျှောက်သွား လိုက်သည်။ သူ့နောက်မှ အစွမ်းထက် နတ်ဆိုးဧကရာဇ် နှစ်ယောက်ကလည်း အချင်းချင်း ဖျပ်ခနဲကြည့်ပြီး နောက်သို့ လိုက်သွား၏။
သူတို့ ခန်းမထဲသို့ ရောက်လာသောအခါ နတ်ဆိုးလူပု ဒီဒီသည် အလွန်ပင် အလိုက်သိသည်။ သူက ယခင်အမူအရာများကို ဖယ်ရှားပြီး ချက်ချင်းပင် အစေခံများကို အစားအစားများ စီစဉ်ခိုင်းလိုက်သည်။
“ထိုင်ပါဦး။”
လူငယ်လေး မထိုင်ဘဲ ဘေးပတ်ဝန်းကျင်ကို စိတ်ဝင်တစား ကြည့်ကာ ပြောသည်။ “ဒါက ဝတ်ရုံဂိုဏ်းခေါင်းဆောင် အက်ဂ်ယော ဖြစ်မယ်။ ကျုပ်တို့က တကယ်ပဲ အဝေးကလာတာ။ အမှောင်လမြို့မှာ ဒီနေ့မှရောက်တယ်။ ဒီဂိုဏ်းရဲ့ သတင်းအချက်အလက်က မယုံနိုင်စရာပဲ။”
[ သရုပ်ခွဲမျက်လုံး ] ၏ အချက်အလက်က သူတို့ ၃ယောက်၏ မျိုးနွယ်နှင့် စွမ်းအားကို ပြသပေးကြောင်း ချန်လွေ့ ပြောမည် မဟုတ်ပေ။ ချန်လွေ့က ပြောသည်။ “ဝတ်ရုံဂိုဏ်းသားတွေက အမှောင်လ နေရာအနှံ့မှာ ရှိတယ်လေ။ အဲဒါကြောင့် ဒီလိုစွမ်းရည် နည်းနည်းတော့ ရှိတယ်။”
“ဒီလိုကိုး။ နာမည်ကျော် ဆရာသခင် တာတာက ဝတ်ရုံဂိုဏ်းမှာ ရှိတယ်လို့ ကျုပ်ကြားတယ်။ ကျုပ်တို့ အဲဒီယန္တရားဆရာသခင်ကို တွေ့ချင်တာပါ။”
“လူကြီးမင်းတို့ရဲ့ နာမည်တွေနဲ့ ဇစ်မြစ်တွေကို မေးလို့ရမလား မသိဘူး။ ဆရာသခင်ကို စကားပါးလို့ ရအောင်ပါ။ ဒါပေမဲ့ တွေ့မတွေ့ ဆိုတာကတော့ ဆရာသခင်ရဲ့ ဆန္ဒအပေါ်မှာပဲ မူတည်ပါတယ်။”
“ဟမ့်။စိတ်ကြီးဝင်နေတာပဲ။” လူငယ်လေးနောက်မှ အရပ်မြင့်မြင့်နှင့် အားကောင်းသောသူက ပြောသည်။ “ငါတို့ သူ့နဲ့ တွေ့ကိုတွေ့ရမယ် ဆိုရင်ကော။”
“ဆရာသခင်တာတာက ဝတ်ရုံဂိုဏ်းရဲ့ အဆင့်အမြင့်ဆုံး ဧည့်သည်တစ်ယောက်ပါ။ ကျုပ် သူ့ကို ဘာမှ အတင်းလုပ်ခိုင်းခွင့် မရှိဘူး။ ကျုပ်သူ့ကို ကာကွယ်ပေးဖို့အတွက် ဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်မှာပါ။” ထိုသို့ ချန်လွေ့ ပြောလိုက်သော်လည်း ထိုသူ၃ယောက်၏ တောင်းဆိုချက်ကို ကြည့်ရသည်မှာ ယန္တရားပညာရပ်နှင့် သက်ဆိုင်နေပုံရသည်။ ထို့ကြောင့် သူတို့သည် ရန်သူများ မဟုတ်ကြပေ။
“မင်း သူ့ကို ကာကွယ်နိုင်လို့လား။ ငါက တစ်ခုခု ဟန်ဆောင်တဲ့သူကို သဘောမကျဘူး။ မင်း မျက်နှာပေါ်က မျက်နှာဖုံးအစုတ်ကြီးကို အရင် ချွတ်လိုက်။” အရပ်မြင့်မြင့်နှင့် အားကောင်းသောသူက သရော်ပြုံးပြုံးလိုက်ပြီး ခန္ဓာကိုယ်မှ အဟုန်တစ်ခု ထုတ်လွှတ်လိုက်သည်။ ချန်လွေ့သည် ခမ်းနားလှသော သတ်ဖြတ်ခြင်း အရှိန်အဝါတစ်ခုက လေထဲသို့ ဖောက်ထွင်းသွားပြီး သူ၏နှလုံးသားထဲသို့ ဝင်ရောက်သွားသည်ကိုသာ ခံစားမိလိုက်သည်။ ဘေးဖက်မှ အစေခံများလည်း ၎င်းကိုသိဟန် မတူပေ။ ထိုဗလတောင့်တောင့်နှင့် လူ၏ စွမ်းအားသည် လုံးဝပြောင်းလွယ်ပြင်လွယ် နိုင်သည်အထိ ထိန်းချုပ်ထားပုံရသည်။
[ စိတ်သန့်စင်ခြင်း ] ပြီးနောက်တွင် ချန်လွေ့၏ စိတ်စွမ်းအား အလွန်အမင်း ခိုင်မာနေပြီ ဖြစ်သည်။ ထို့ပြင် သူသည် နတ်ဆိုးအရှင်သခင်အဆင့် ပုဂ္ဂိုလ်များကို တစ်ကြိမ်ထက်မနည်း ရင်ဆိုင်ခဲ့ပြီးလေပြီ။ ထို့ပြင် သူသည် အထူးလေ့ကျင့်ရေး၌လည်း ပါ့ဂ်လီအို၏ “သင်ကြားခြင်း”ကို ခံခဲ့ရပြီးပြီ ဖြစ်သည်။ ထို့ကြောင့် ထိုကဲ့သို့ နတ်ဆိုးအရှင်သခင်အဆင့် ကနဦးပိုင်း၏ သတ်ဖြတ်ခြင်း အရှိန်အဝါသည် သူ့ကို မကြောက်လန့်စေပေ။ သူ၏လေသံ တည်ငြိမ်လျက်ပင် ရှိနေ၏။ “ကျုပ်တို့နှစ်ယောက် ဘယ်သူနိုင်မလဲဆိုတာတော့ မသေချာဘူး။ ဒါပေမဲ့ ကျုပ်က သူ့ပြိုင်ဘက် မဟုတ်ဘူး။”
ထိုသို့ပြောနေစဉ် ချန်လွေ့သည် အပြင်ပန်း၌ အားနည်းပုံရသော အဘိုးအိုကို ကြည့်လိုက်သည်။ အဘိုးအိုက ထိုစကားလုံးများကို ကြားသောအခါ တစ်ဝက်မှိတ်ထားသော မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။ သူ၏ မျက်လုံးသည် ဓားအိမ်ထဲမှ အရောင်လက်သော ဓားတစ်လက် ထုတ်လိုက်သကဲ့သို့ပင် အရောင်တောက်သွား၏။ ချန်လွေ့၏ မျက်လုံးထဲ၌ တမင်တကာ ထုတ်လွှတ်ထားသော ဖျက်ဆီးခြင်း အရှိန်အဝါနှင့် တွေ့ဆုံသွားသောအခါ သူမျက်မှောင်ကြုတ် လိုက်၏။ သူလုံးဝ အကျိုးအမြတ် မရသကဲ့သို့ပင် ဖြစ်သည်။
ယဉ်ကျေးသော လူငယ်လေးက ၎င်းတို့အားလုံးကို သတိထားမိပြီး အနည်းငယ် အံ့အားသင့်သွားကာ ထိုအမှောင်အင်အားစု “ခေါင်းဆောင်လေး”၏ စွမ်းအားကို ပြန်လည် တွက်ချက်နေလိုက်သည်။ သူ ပြုံးနေလျက်ပင် ဖြစ်သည်။ “ဒီလိုဆိုရင် ဆရာသခင်ကို ခင်ဗျား ဘယ်လို ကာကွယ်မှာလဲ။”
ချန်လွေ့သည် လူငယ်ကိုကြည့်ပြီး ရဲရဲတင်းတင်း ပြောသည်။ “ခွင့်လွှတ်ပေးပါ။ ဒါပေမဲ့ ဒီလို အရေးမသာတဲ့အခြေအနေမှာ ခင်ဗျားကိုပဲ ကျုပ် အသုံးချလို့ရမယ်။ ခင်ဗျားရဲ့စွမ်းအားက နတ်ဆိုးဧကရာဇ်အဆင့် မရောက်သေးဘးး။ ကျုပ်က ဒီနေရာကို တာဝန်ယူထားရတာ။ ခင်ဗျားက အကောင်းဆုံး ဓားစာခံ ဖြစ်နိုင်တယ်။ ဒီအကြံက တော်တော်လေး အန္တရာယ်များပေမဲ့ ဒီတစ်နည်းပဲ ရှိတဲ့ပုံပဲ။”
အပေါ်ယံ၌ ထိုစကားသည် ရိုးရိုးသားသား ရည်ရည်မွန်မွန် ပြောခြင်းသာ ဖြစ်သည်။ သို့သော်လည်း သူသည် နတ်ဆိုးဧကရာဇ်အဆင့် ရောက်နေပြီဖြစ်ကြောင်း ရေးတေးရေးတေးတေး ဖော်ပြလိုက်သည့်အတွက် ၎င်းသည် အမှန်တကယ်၌ လိမ်ညာခြင်းသာ ဖြစ်သည်။ ထို့ပြင် ထိုနေရာသည် ဝတ်ရုံဂိုဏ်း၏ စခန်းဟောင်း ဖြစ်သည့်အတွက် ဆရာသခင်ကို ကာကွယ်ရန် အတားအဆီးတချို့ ထောက်ပံ့ပေးနိုင်ပေသည်။
အကယ်၍ သူတို့သာ အစွမ်းကုန်တိုက်ခိုက်လျှင် ချန်လွေ့၏ ပထမဆုံး တုံ့ပြန်မှုမှာ ထွက်ပြေးရန် ဖြစ်သည်။ ထို့နောက်တွင် သူသည် သူတို့ ၃ယောက်ကို တိုက်ခိုက်ရန်အတွက် ပါ့ဂ်လီအိုနှင့် ဂူရာဒန်တို့ကိုပင် ဆွဲခေါ်လာပေမည်။
“ဆရာသခင်နဲ့ မတွေ့ခင်မှာပဲ စိတ်ဝင်စားစရာ ပုဂ္ဂိုလ်တစ်ယောက်ကို တွေ့နေရပြီထင်တယ်။” ယဉ်ကျေးသော လူငယ်က ပြုံးလိုက်သည်။ ထိုသူ၏ တည်ငြိမ်ပြီး ကျက်သရေရှိသော စိတ်နေသဘောထားသည် မွေးရာပါ ဖြစ်နေပုံရသည်။ သူသည် လူအများကို သက်တောင့်သက်သာ ခံစားရစေပြီး ရန်လိုသည့် ရည်ရွယ်ချက်များကို အာရုံမခံမိနိုင်ဖြစ်စေသည်။
ထိုသူနှင့်ယှဉ်လျှင် ဂျိုးဆက်ပ်သည် လူလုပ် ကြောက်သူတော် အပြုံးမျက်နှာတစ်ခုသာ ဖြစ်၏။
“ကျုပ်နာမည်က တဲရစ်စ်ပါ။ ကျုပ်က သွေးရောင်အင်ပါယာကနေ လာခဲ့တာ။ သွေးရောင်အင်ပါယာမှာတုန်းက ငရဲငှက်မွေး သလင်းကျောက် ပေးခဲ့တဲ့ လူငယ်က တွေ့ခွင့်တောင်းတာလို့ ဆရာသခင်ကို ပြောပေးပါ။ ဆရာသခင် နည်းနည်းတော့ မှတ်မိလောက်ပါတယ်။” လူငယ်လေး ထိုသို့ပြောပြီးနောက် ထိုင်လိုက်သည်။ ထိုလုပ်ရပ်ကြောင့် စွမ်းအားကြီးသူ၏ သတ်ဖြတ်ချင်စိတ် အရှိန်အဝါများလည်း ပျောက်ကွယ်သွားပြီး လူအိုကြီးလည်း အေးအေးဆေးဆေး ပြန်ဖြစ်သွား၏။
ချန်လွေ့၏ အကြံအစည် အောင်မြင်ခဲ့သော်လည်း စိတ်ထဲ၌ စိုးရိမ်နေသေးသည်။ အစွမ်းထက်ပုဂ္ဂိုလ် နှစ်ယောက်သည် သူတို့ထက်ငယ်သော ထိုလူငယ်လေး၏ စကားကို တစ်လုံးမကျန် နာခံလုနီးပါးပင် ဖြစ်သည်။ ထိုလူငယ်လေးမှာ လုံးဝသာမန် မဟုတ်နိုင်ပေ။
ချန်လွေ့က ဒီဒီကို အမိန့်ပေးလိုက်သည်။ နတ်ဆိုးလူပုအိုကြီးသည် ခန်းမအပြင်ဘက် အဝေး၌ ရပ်နေပြီး သူတို့ပြောနေသည်ကို မကြားရသော်လည်း သူတို့၃ယောက်တွင် ခမ်းနားကြီးကျယ်သော သရုပ်တစ်ခု ရှိနေသည်ကို သူမြင်နိုင်သည်။ သူ ချက်ချင်းပင် နောက်ဖေးသို့ သွားလိုက်၏။
ခဏအကြာတွင် ဆရာသခင်တာတာက နတ်ဆိုးလူပုအိုကြီးနှင့်အတူ ထွက်လာ၏။ တဲရစ်စ်ကို မြင်သောအခါ တာတာ အနည်းငယ် အံ့အားသင့်သွားသည်။ “တကယ်ပဲ အရှင်မင်းသား တဲရစ်စ် ဖြစ်နေတာကိုး။”
အရှင်မင်းသား ဟုတ်လား။ ချန်လွေ့၏ဦးနှောက် အမြန်လှုပ်ရှားသွားသည်။ ဧကန္တ.. သွေးရောင်အင်ပါယာရဲ့.....
“ဆရာသခင်ကို အမှောင်လရဲ့ အင်အားစုတစ်ခုက ပြန်ပေးဆွဲပြီးတော့ အတင်းနေခိုင်းတယ်ဆိုတဲ့ ကောလာဟလက အခုတော့ မဟုတ်တဲ့ပုံပဲ။” တဲရစ်စ် မတ်တပ်ရပ်ပြီး ပြုံးရင်း ပြောသည်။
ဆရာသခင်တာတာ၏ နှုတ်ဆက်စကားမှာ မလိုအပ်သော ပြဿနာ မဖြစ်စေရန်အတွက် ချန်လွေ့အား သတိပေးခဲ့ခြင်းပင် ဖြစ်သည်။ တဲရစ်စ်သည် ထူးချွန်ပြီး ပါးနပ်သူတစ်ယောက် ဖြစ်လေရာ ချက်ချင်း တုံ့ပြန်ခဲ့၏။
“သွေးရောင်အင်ပါယာ..…အရှင်မင်းသားလား။ ကျုပ် တကယ့်ကို ရိုင်းပျမိခဲ့တာပဲ။” ချန်လွေ့က တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွား သကဲ့သို့ ဟန်ဆောင်ပြီး အနည်းငယ် အရိုအသေပြုလိုက်သည်။
“ကျုပ်တို့ အခုမှ ပထမဆုံး တွေ့တာဖြစ်ပေမဲ့ ဆာ-အက်ဂ်ယောက ကျုပ်အပေါ် နက်ရှိုင်းတဲ့ အမြင်တွေ ချန်ရစ်ခဲ့တယ်။” တဲရစ်စ် ပြန်ခေါင်းညိတ်လိုက်သည်။ “တကယ်တော့ ရိုင်းပျမိခဲ့တာ ကျုပ်ပါ။ ဒါပေမဲ့ ဆာက မွန်တီရိုရဲ့ ဟာသလေးကို စိတ်ထဲမထားဘူးလို့ ထင်ပါတယ်။ ကောင်းပြီလေ။ ဆရာသခင်က စကားပလ္လင်ခံတာကို မကြိုက်ဘူးဆိုတာ သိပါတယ်။ အဲဒါကြောင့် လိုရင်းကိုပဲ ပြောလိုက်ပါမယ်။”
“ဒီတစ်ခေါက် ကျုပ်ရဲ့ ရည်ရွယ်ချက်က ဆရာသခင်ကို အရိပ်နက်အင်ပါယာဆီ ယန္တရားအစည်းအရုံးရဲ့ ဒု-ဥက္ကဋ္ဌ အဖြစ် ဖိတ်ခေါ်ဖို့ပါပဲ။”
သွေးရောင်အင်ပါယာ မင်းသား၏ ဆရာသခင် တာတာဆီ လာရောက်လည်ပတ်ခြင်းမှာ သွေးရောင်အင်ပါယာ၏ ယန္တရားအစည်းအရုံးထံ ဖိတ်ကြားရန်ဖြစ်ကြောင်း သိလိုက်ရသည့်အခါ ချန်လွေ့၏စိတ်ထဲ၌ အံ့အားသင့်သွား၏။ ထို့ပြင် သူသည် ချန်လွေ့အရှေ့၌ပင် ပေါ်တာဆွဲရန် မရှက်နေခဲ့ပေ။
“ဒီလိုပါ။ ယန္တရားအစည်းအရုံး ဥက္ကဋ္ဌဖြစ်တဲ့ နှစ်သွယ်-အထူးပြုဆရာသခင် နိတ်က မကြားသေးခင်ကပဲ ဉာဏ်အလင်းတစ်ခု ရသွားခဲ့တယ်။ သူက တံခါးပိတ်လေ့ကျင့်ဖို့အတွက် အချိန်လိုနေတယ်။ အဲဒါကြောင့် အစည်းအရုံးက ဒု-ဥက္ကဋ္ဌလိုမျိုး ဂုဏ်သရေရှိ အကြီးတန်း ဆရာသခင်တစ်ယောက် အရေးတကြီး လိုအပ်နေတယ်။ သွေးရောင်အင်ပါယာ မြို့တော်က ဆရာသခင်အတွက် ပထမတန်းစား နေအိမ်တစ်လုံးနဲ့ အကောင်းဆုံး စမ်းသပ်ခန်း တစ်ခုကို ပြင်ဆင်ထားပြီးပါပြီ။ ဆရာသခင်က ဖိတ်ခေါ်တာကို လက်ခံမယ်ဆိုရင် သွေးရောင်အင်ပါယာရဲ့ တော်ဝင်ဂုဏ်ပုဒ်ကိုလည်း ရမှာပါ။ ဆရာသခင်ရဲ့ မျိုးဆက်တွေလည်း တော်ဝင်မျိုးနွယ်တွေဖြစ်လာပြီးတော့ ဆရာသခင်ရဲ့ ကြင်သူ မစ်-ဆာဆာကလည်း ဆရာသခင်ရဲ့ မိသားစုနဲ့အတူ လိုက်သွားလို့ ရပါတယ်။ ဒီ ဒု-ဥက္ကဋ္ဌနေရာက အသေးစိတ် ကိစ္စရပ်တွေကို တာဝန်ယူစရာ မလိုအပ်ပါဘူး။ အစည်းအရုံးရဲ့ အရင်းအမြစ် အများစုကိုလည်း ဆရာသခင် အသုံးပြုလို့ ရမှာပါ။ ဒါပေမဲ့ တချို့အခြေအနေတွေမှာတော့ ဆရာသခင်က သွေးရောင်အင်ပါယာ ယန္တရားအစည်းအရုံး တစ်ခုလုံးကို ကိုယ်စားပြုပေးဖို့ပဲ လိုတာပါ။ အစည်းအဝေးတွေ လိုမျိုးတွေမှာပေါ့။”
ဝတ်ရုံဂိုဏ်းမှ နတ်ဆိုးလူပု ကောင်မလေးကို ဆရာသခင်တာတာ စွဲလမ်းနေသည့်အကြောင်းကို လူတိုင်း သိထားကြပြီးပြီ ဖြစ်သည်။ တဲရစ်စ်၏ ကမ်းလှမ်းချက်များ၊ အထူးသဖြင့် အစည်းအရုံး၏ အရင်းအမြစ်များကို အသုံးပြုခြင်းနှင့် မျိုးရိုးလိုက်သော တော်ဝင်ဂုဏ်ပုဒ်တို့မှာ မငြင်းနိုင်လောက်အောင် ဆွဲဆောင်မှု ရှိပေသည်။
တဲရစ်စ် စကားပြောရင်း ချန်လွေ့ကို ကြည့်လိုက်သည်။
မျက်နှာဖုံးနောက်ကွယ်မှ ချန်လွေ့၏ အကြည့် တည်ငြိမ်နေဆဲပင် ဖြစ်သည်။ အပြောင်းအလဲ လုံးဝ ရှိနေပုံမရပေ။ “ဆရာသခင်တာတာက ဝတ်ရုံဂိုဏ်းရဲ့ ဧည့်သည်တစ်ယောက်ပါ။ သူက လုံးဝ လွတ်လပ်တယ်။ သူဆန္ဒရှိတယ်ဆိုရင် ထွက်သွားမယ်ဆိုလည်း ကျုပ် ဘာမှ ပြောစရာ မရှိပါဘူး။”
သွေးရောင်အင်ပါယာ၌ တာတာ နေခဲ့စဉ်က တဲရစ်စ်၏ ကောင်းမွန်စွာ ဆက်ဆံခြင်းကို ခံခဲ့ရသည်။ တဲရစ်စ်က သူ့ကို မည်သည်မှ မတောင်းဆိုဘဲ ကုန်ကြမ်းအများအပြားကို အခမဲ့ ထောက်ပံ့ပေးခဲ့သည်။ ထို့ပြင် သူ ထွက်ခါစဉ်တွင်လည်း အလွန်အဖိုးတန်သော ငရဲသားမွေး သလင်းကျောက်တစ်ခု ပေးခဲ့သည်။ ဆရာသခင်တာတာသည် ထိုလူငယ်လေးအပေါ် အမြင်ကောင်း ရှိနေသည်။ တစ်ခါက သူသည် ထိုလူငယ်အား သူ၏လုပ်နိုင်စွမ်းရှိသလောက် ကူညီပေးရန် ကတိပေးခဲ့ဖူးသည်။ ယခုတွင် တဲရစ်စ် ကိုယ်တိုင်ရောက်လာပြီး ထူးခြားကောင်းမွန်သော အခြေအနေများဖြင့် ကမ်းလှမ်းခဲ့သည်။ တာတာလည်း ချက်ချင်းပင် လေးလေးနက်နက် စဉ်းစားနေသည့်အမူအရာ ပြသလိုက်သည်။
ခဏကြာပြီးနောက် အမှောင်နတ်ဆိုးလူပု ဆုံးဖြတ်ချက် ချလိုက်တော့သည်။
“တောင်းပန်ပါတယ်။ မင်းသား တဲရစ်စ်။ အရှင့်သား ကမ်းလှမ်းတာက အတော်လေး ကောင်းပေမဲ့ ကျုပ် သွေးရောင်အင်ပါယာဆီ သွားဖို့ အစီအစဉ်မရှိသလို သွေးရောင်အင်ပါယာ ယန္တရားအစည်းအရုံးရဲ့ ဒုတိယ ဥက္ကဋ္ဌ အနေနနဲ့ တာဝန် ထမ်းဆောင်ဖို့လည်း မရှိပါဘူး။”
ထိုအဖြေကို ကြားသည့်အခါ တဲရစ်စ် မျက်နှာ၌ အံ့အားသင့်မှု လက်ခနဲ ဖြစ်သွားခဲ့သည်။ သူက မှော်အဆက်အသွယ် အဆောင်ကို စားပွဲပေါ်တင်ပြီး ခဏစဉ်းစားနေလိုက်သည်။ “စိတ်မကောင်းစရာ ဖြစ်ပေမဲ့လည်း ဆရာသခင်ရဲ့ ဆန္ဒကို ကျုပ် လေးစားပါတယ်။ ဆရာသခင် စိတ်ပြောင်းခဲ့မယ်ဆိုရင် ဒီအဆောင်နဲ့ ကျုပ်ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။ အချိန်အကန့်အသတ် မရှိပါဘူး။”
ဆရာသခင်တာတာ ရင်ထဲထိသွားပုံရ၏။ “အရှင်မင်းသားရဲ့ စေတနာကို ငြင်းဆန်မိတဲ့အတွက် စိတ်မကောင်းပါဘူး။ ဒီအတွက် မှော်ပစ္စည်းတစ်ခုကို အလကား လုပ်ပေးဖို့ ကျုပ် ကတိပေးပါတယ်။”
တဲရစ်စ် ပြုံးရင်း ပြောသည်။ “ဒါဆိုလည်း ဆရာသခင်ကို ကျုပ် အရင် ကျေးဇူးတင်ပါတယ်။ ဆရာသခင်ကို အလုပ်ရှုပ်သွားစေခဲ့ပြီ။”
ထို့နောက် သွေးရောင်အင်ပါယာ မင်းသားက ချန်လွေ့ကို ဖျပ်ခနဲ ကြည့်လိုက်သည်။ “ ကျုပ် ဒီနေ့ ဆရာသခင်ကို တွေ့ရပြီးတော့ လေးစားရတဲ့ ဆာ-ခေါင်းဆောင်နဲ့ ဆုံရတော့ တော်တော်လေးကို သိသွားခဲ့ရပြီ။ ဒါနဲ့ ဆာ-ခေါင်းဆောင်။ ကျုပ်က ဒီတစ်ခေါက် ကြယ်ကြွေတမန်အင်ပါယာကို ရိုးရိုးတန်းတန်း လာတာပါ။ အဲဒါကြောင့်...”
“ဆာ-တဲရစ်စ်။ စိတ်ချပါ။ ဒီနေ့ ဆရာသခင်ဆီ မိတ်ဆွေသုံးယောက်ကပဲ လာလည်တာပါ။”
တဲရစ်စ်က မိမိ၏ဂုဏ်ပုဒ် ပြောင်းလဲသွားသည်ကို ကြားလိုက်ရသည့်အခါ ပို၍ပင် လေးစားသွားတော့သည်။ “အမှောင်လမှာ ဆန်းသစ်တဲ့ထုတ်ကုန်တွေရော၊ သိပ်မကြာခင်က ဆွေးနွေးနေကြတဲ့ ရတနာသိုက်ရော ရှိတယ်လို့ ကြားထားတယ်။ မပြန်ခင်မှာ အထူးထုတ်ကုန် တချို့ ပြန်ဝယ်သွားဖို့အတွက် ဒီမှာ သုံးလေးရက် နေမယ်။ ဆာ-ခေါင်းဆောင်က ကျုပ်အတွက် လမ်းပြပေးနိုင်မလား မသိဘူး။”
“ဝမ်းမြောက်စွာနဲ့ပါ။အရှင်မင်းသား။” (ဆက်ရန်)