← Chapters

အကျဉ်းထောင်

Vol. 24 Ch. 356

အကျဉ်းထောင်

Vol. 24 Ch. 356

ချန်လွေ့၏ မျက်လုံးထဲ၌ အစ်ဇဘယ်လာ၏ လှပသော မျက်နှာတွင် စိုးရိမ်ကြောက်လန့်မှုများ ပြည့်နှက်နေ၏။ အပြစ်အနာအဆာ လုံးဝ ရှိနေပုံ မရချေ။

ချန်လွေ့ ခဏစဉ်းစားပြီး လေးလေးနက်နက် ခေါင်းခါလိုက်သည်။ “မရဘူး။ ကိုယ်က မိသားစုရဲ့ တာဝန်ကို ပြီးစီးအောင် မလုပ်ရသေးဘူး။ ကိုယ့်နှလုံးသားထဲက တကယ့်ဆန္ဒကို မရသေးဘူး။ ပြီးတော့.....”

အစ်ဇဘယ်လာ တစ်ခုခု ပြောရန်ပြင်လိုက်စဉ် ရုတ်တရက် သူ၏လက် တင်းကြပ်သွား၏။ သူ၏လက်ကို ချန်လွေ့က ဆုပ်ကိုင်လိုက်ခြင်း ဖြစ်ပြီး နီရဲရဲမျက်လုံးများက အစ်ဇဘယ်လာကို စိုက်ကြည့်နေသည်။ “ကိုယ် သိဒ္ဓိအလင်းတောင်ဆီ ကိုယ်တိုင်သွားပြီးတော့ မင်းအတွက် နှင်းဒဲလက်ပန်း မခူးပေးရသေးဘူး။ အဲဒါကြောင့် ကိုယ် ဒီအတိုင်း ထွက်သွားမှာ မဟုတ်ဘူး။”

အစ်ဇဘယ်လာ၏ သူ၏လက် နွေးလာကြောင်း ခံစားလိုက်မိသည်။ ထိုစကားနှစ်ခွန်းကို ကြားလိုက်ရသည့်အခါ သူ၏အပြာရောင် မျက်လုံးများ အနည်းငယ် လှုပ်ရှားသွား၏။ ထိုထဲ၌ အံ့အားသင့်မှု အရိပ်အ‌ယောင် ရှိနေသည်။

ချန်လွေ့သည် အပြင်ဘက်မှ တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို ခံစားမိလိုက်သည်။ သူ အမြန်စဉ်းစားပြီး အစ်ဇဘယ်လာ၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ ပြောသည်။

“ရင်းနီ။ တကယ်တော့ ကိုယ်က...”

“မဒမ်။” အစေခံတစ်ယောက် ပြေးဝင်လာရာ အစ်ဇဘယ်လာ၏ လက်ကိုကိုင်ထားသော ချန်လွေ့အား တွေ့လိုက်ပြီး အံ့အားသင့်သွား၏။ သို့သော် သူ၏မျက်နှာပေါ်တွင် ကြောက်လန့်မှု အနည်းငယ် ရှိနေသည်။ “သတင်းဆိုး။ ဗိုလ်ချုပ် ဒိုရင်း ကိုယ်တိုင် အင်ပါယာအစောင့်တွေကို ခေါ်လာတယ်။ သူတို့ ဒီနေရာကို ဝိုင်းထားပြီးပြီ။ ”

သတင်းကြားပြီးနောက် အံ့အားသင့်နေစဉ် အစ်ဇဘယ်လာသည် လက်ထဲ၌ ဘူးတစ်ဘူးကို ခံစားလိုက်မိသည်။ တင်းကြပ်သော လက်တစ်စုံကိုလည်း လွှတ်လိုက်ပြီ ဖြစ်သည်။

“ရင်းနီ။ ရီဂျန့်ကို သွားတွေ့ပြီးတော့ ဒီဘူးထဲက ပစ္စည်းကို ကိုယ်တိုင် သွားပေး။ ပြီးတော့ ဒါက ဒီတစ်ခေါက် ကိုယ်ယူလာတဲ့ လက်ဆောင်လို့ ပြောလိုက်။ ဒါက ကိုယ့်အတွက် တစ်ခုတည်းသော အလှည့်အပြောင်း ဖြစ်နိုင်တယ်။ ဒါကို သေသေချာချာ အရှင်မင်းကြီး အိုဆိုင်ဒန်ဆီ ကိုယ်တိုင် ပေးပေးပါ။”

အစ်ဇဘယ်လာ ပြန်မပြောနိုင်ခင်မှာပင် နောက်ထပ် အစေခံတစ်ယောက်က အလောတကြီး သတင်းပို့လာသည်။ “ဗိုလ်ချုပ် ဒိုရင်း ဖောက်ဝင်လာပြီ။”

ချန်လွေ့ ပင့်သက်ရှိုက်ပြီး အစ်ဇဘယ်လာအား “အေးဆေးပါ” ဟူသော အမူအရာ ပြသလိုက်သည်။ ထို့နောက် အခန်းထဲ၌ ခေါင်းလောင်းကဲ့သို့ အသံတစ်သံ ထွက်ပေါ်လာပြီး ပဲ့တင်ထပ်သွားသည်။ “လေဒီ-အစ်ဇဘယ်လာ။ သံသယရှိသူ ချာလီစ်ကို ဖမ်းဆီးဖို့အတွက် စစ်တပ်ကို ဦးဆောင်ဖို့ ကျုပ်ကို ရီဂျန့် အမိန့်ပေးထားပါတယ်။ မဒမ်။ အိမ်ထဲက အပြစ်မဲ့သူတွေကို မထိခိုက်စေဖို့အတွက် ဒီလူကို အမြန်ဖမ်း‌‌ဆီးပေးပါ။”

ထိုအသံသည် ချက်ချင်းပင် သူ၏အ‌ရှေ့၌ ထွက်ပေါ်လာသည်။ ၎င်းမှာ အရပ်မြင့်မြင့်နှင့် အကောင်ကြီးကြီး ယောက်ျားတစ်ယောက် ဖြစ်ပြီး အရီရင့်ရောင် ချပ်ကာကို ဝတ်ဆင်ထားသည်။ နှုတ်ခမ်းမွှေးရှိပြီး မျက်လုံးများ စူးရှကာ ဆာဂီနှင့် အနည်းငယ် ဆင်တူသည်။ ၎င်းသည် အင်ပါယာ၏ ဒုတိယမြောက် ဗိုလ်ချုပ်၊ ဆာဂီ၏ ဖခင်ဖြစ်သူ ဒိုရင်းရုစ်ပင် ဖြစ်လေသည်။ သူ့နောက်တွင် လက်နက်အပြည့်အဝ တပ်ဆင်ထားသော တပ်ဖွဲ့တစ်ခု ရှိနေ၏။

[ သရုပ်ခွဲမျက်လုံး ] မှ ပြသသည်မှာ -

မျိုးနွယ် - မဟာနတ်ဆို(သန္ဓေပြောင်း)။

စွမ်းအားအကဲဖြတ်မှု - [ A ]

ခန္ဓာအမျိုးအစား - [ A ]

ခွန်အား - [ A ]

စိတ်ဝိညာဉ် - [ A ]

မြန်ဆန်မှု - [ A ]

ထိပ်ဆုံးသို့ ရောက်နိုင်ကြသော သန္ဓေပြောင်း မဟာနတ်‌ဆိုးများသည် တိုက်ပွဲအတွေ့အကြုံ ရင့်ကျက်သူများ ဖြစ်ကြသည်။ သူတို့၏ စစ်မှန်သော တိုက်ခိုက်ရေးစွမ်းအားမှာ သာမန် တော်ဝင်မိသားစုထက် သာလွန်သည်။ ဒိုရင်း၏ စွမ်းအားအဆင့်မှာ နတ်ဆိုးဧကရာဇ်အဆင့် အလတ်ပိုင်း ဖြစ်သည်။ သူသည် အသီနာ၏ ဖခင် ဗိုလ်ချုပ် ဂျော့ခ်ျထက် အားနည်းနေသေး၏။ သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ ချန်လွေ့၏ ယောက္ခမသည် ယခုတွင် နတ်ဆိုးအရှင်သခင် အဆင့်နားသို့ ကပ်နေပြီဖြစ်သည်....

“လက်စသတ်တော့ နာမည်ကျော် ဗိုလ်ချုပ် ဒိုရင်းကိုး။ ကျုပ်တို့ အရင်ကပွဲမှာ တွေ့ဖူးတယ်လေ။ ခင်ဗျား ရောက်လာတာ အတော်ပဲ။ ကျုပ်ကို မစ်-အစ်ဇဘယ်လာက ဖမ်းပြီးသွားပြီ။” ချန်လွေ့ အေးအေး‌ဆေးဆေး ပြုံးနေပြီး သူလုပ်ခဲ့သည့် ကပ်ဘေးကို မသိနေသကဲ့သို့ပင် ဖြစ်နေ၏။

ဒိုရင်း လက်ဝှေ့ရမ်းလိုက်ကာ အစောင့်များက ချန်လွေ့ကို ဖမ်း‌ဆီးရန် ရောက်လာတော့သည်။ ချန်လွေ့၏ မျက်လုံးများ လှုပ်ရှားသွားသည့်အခါ အစောင့်များက ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်ခုကို ခံစားလိုက်မိပြီး တစ်ပြိုင်နက်တည်း ကြက်သီးထသွားကြကာ ရှေ့မတက်ရဲတော့ပေ။

ဒိုရင်း မျက်မှောင်ကြုတ်လိုက်၏။ သူ လှုပ်ရှားရန် ပြင်လိုက်စဉ် ချန်လွေ့က ပြောသည်။ “ကျုပ်ဘာသာ သွားတတ်တယ်။”

ထိုသို့ပြောပြီးနောက် ချန်လွေ့သည် အစ်ဇဘယ်လာကို မကြည့်ဘဲ ထွက်သွားလိုက်သည်။ ဒိုရင်းလည်း အသာလေး ခေါင်းညိတ်ကာ နောက်လိုက်သွားသည်။

အပြင်သို့ရောက်သည့်အခါ ဒိုရင်း ပြောသည်။ “ဆာ-ချာလီစ်။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားရဲ့ သတ္တိက လေးစားစရာပါပဲ။ ဒါပေမဲ့ ကျုပ်က အမိန့်အတိုင်း ဆောင်ရွက်နေရတာပါ။ ခင်ဗျားရဲ့ အဖြစ်အပျက် အဆုံးမသတ်ခင်အထိ ကျုပ်တို့ နှစ်ယောက်ကြားမှာ မကောင်းတာတစ်ခုခု မဖြစ်ရင် အကောင်းဆုံးပေါ့။”

“နန်းတော်ရဲ့ အကြီးတန်း အကြံပေးတစ်ယောက် အနေနဲ့ ကျုပ်မှာ ကိစ္စတွေကို ရှင်းရှင်းလင်းလင်း ရှင်းပြဖို့အတွက် အရှင်မင်းကြီးနဲ့ တွေ့ခွင့်ရှိမယ်လို့ ထင်တယ်။”

ဒိုရင်း ခဏစဉ်းစားပြီး ခေါင်းညိတ်သည်။ “အရင်ဆုံး ဒီအကျဉ်းချလက်ထိပ်တွေကို ဝတ်ရမယ်။ ဒါက စည်းမျဉ်းပဲ။”

ချန်လွေ့သည် ကြက်သွေးရောင် လက်ထိပ်ကို ကိုင်ထားသော အစောင့်အား ကြည့်လိုက်သည်။ ထို့နောက် လက်ကို ဖြည်းဖြည်းချင်း ဆန့်တန်းပြီး ခဏရပ်လိုက်သည်။ ၎င်းသည် ချန်လွေ့၏ လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်နေသော ဒိုရင်းအား မျက်လုံးကျုံ့သွားစေသည်။ သူသည် တိုက်ခိုက်ရန် အသင့်ဖြစ်နေလေပြီ။

ထိုအချိန်၌ ချန်လွေ့သည် သူထင်ထားသကဲ့သို့ ထွက်မပြေးခဲ့သလို ခုလည်းမခုခံခဲ့ပေ။ သူသည် အစောင့်အား လက်ထိပ်ခတ်စေလိုက်သည်။ ထို့နောက်တွင် အစောင့်များက မှော်စက်ဝိုင်းများကို တစ်ခုပြီးတစ်ခု အသက်သွင်းလိုက်၏။

ဒိုရင်း အံ့အားသင့်သွားသော်လည်း စိတ်သက်သာရာ ရသွား၏။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ“ချာလီစ်”က လက်စတင်းနဲ့ တခြားသူ ၃ယောက်ကို သတ်ပစ်နိုင်ခဲ့တယ်။ သူက နတ်ဆိုးဧကရာဇ်အဆင့် ဖြစ်ဖို့များတယ်။ သူသာ တကယ် ပြန်တိုက်ခိုက်မယ်‌ဆိုရင် ငါ ချွေးနည်းနည်းထွက်မှာပဲ။

“အခု အရှင်မင်းကြီး အိုဆိုင်ဒန်နဲ့ တွေ့လို့ ရနိုင်မလား။”

“ကံဆိုးချင်တော့ လက်ထိပ်နဲ့လူတွေမှာ စကားပြောခွင့် မရဘူး။” ဒိုရင်း၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။ သူ၏ မရှင်းမလင်း မျက်လုံးထဲ၌ အေးစက်မှု အရိပ်အယောင် ရှိနေသည်။ တစ်ဖက်လူသည် မှော်စက်ဝိုင်း အသက်သွင်းထားသော လက်ထိပ် ခတ်ခံထားရသည့်အတွက် ခြိမ်း‌ခြောက်မှုတစ်ခု မဟုတ်တော့ပေ။

ထိုလက်ထိပ်ကို ထိပ်တန်း မှော်ကုန်ကြမ်းဖြင့် အထူးပြုလုပ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် ပါရမီနှင့် မှော်ပညာတို့ကို အသုံးပြုနိုင်မည် မဟုတ်ပေ။ ၎င်းတွင် ပိုင်နက်အသုံးပြုခြင်း အတွက်လည်း ချုပ်တည်းနိုင်၏။ နတ်ဆိုးအရှင်သခင်ပင် ၎င်းကို မချိုး‌ဖျက်နိုင်ပေ။ သို့သော်လည်း မှော်စက်ဝိုင်းများကို အသက်သွင်းရန် အချိန်ကြာသည့်အတွက် ချန်လွေ့ကဲ့သို့ ခုခံမှုမရှိမှသာ ဝတ်ပေး၍ ရပေသည်။ တိုက်ပွဲတွင် အသုံးပြုရန်အတွက် မသင့်တော်ပေ။

ထိုအဖြေကြောင့် ချန်လွေ့ တိတ်ဆိတ်သွား၏။ အမှန်တကယ်၌ ထိုအပြောင်းအလဲများကို ချန်လွေ့ မှန်းဆထားပြီးသား ဖြစ်သည်။ သို့သော်လည်း လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က ထိုသူ၏လက်ထဲ၌ အလားတူ လက်ထိပ်တစ်ခု ရှိခဲ့ကြောင်း ဒိုရင်း မသိခဲ့ပေ။ ထိုစဉ်က ရွှေသလင်းကျောက် လက်ထိပ်သည် အရှိန်အဝါအဖြစ် လုံးဝပြောင်းလဲသွားခဲ့သည်။ ထိုလက်ထိပ်သည်လည်း သဘာဝအတူတူပင် ဖြစ်သည်။ ချန်လွေ့က ခုနကပင် စူပါစနစ်မှ ကူးပြောင်းခြင်း အသိပေးချက် ကြားခဲ့ရသည်။ ထို့ကြောင့် သူသည် လက်ထိပ်များကို မခုခံဘဲ ဝတ်လိုက်ခြင်း ဖြစ်သည်။ သူသာ ဆန္ဒရှိလျှင် နတ်ဆိုးအရှင်သခင် တစ်ယောက်ကို အကျဉ်းချနိုင်သည့် ထိုလက်ထိပ်များကို အဖိုးတန် “မှော်မှုန့်”များအဖြစ် ပြောင်းလဲနိုင်ပေသည်။

ဒိုရင်းက အင်ပါယာအစောင့်များကို ဦးဆောင်ပြီး အတွင်းမြို့ရှိ လုံခြုံရေးထူထပ်သော နေရာသို့ ချန်လွေ့အား ခေါ်သွားသည်။ ၎င်းသည် အင်အားကြီးသော အပြစ်သားများအတွက် လျို့ဝှက်အကျဉ်းထောင် ဖြစ်သည်။

“ဗိုလ်ချုပ် ဒိုရင်း။” သတင်းကြားသည့်အခါ လူဝကြီးက ဒိုရင်းကို အလျင်အမြန် နှုတ်ဆက်ပြီး ခေါင်းညိတ်ကာ အရိုအသေ ပေးသည်။

“ထောင်ကြပ် ခါဘန်း။ ဒါက ချာလီစ်။ အဓိက အကြီးအကဲမိသားစု သုံးခုရဲ့ မိသားစုဝင်တွေကို သတ်ပစ်ခဲ့တယ်လို့ အဓိက သံသယရှိနေတဲ့သူပဲ။ မင်း အခု သူ့ကို သီးခြားအကျဉ်းခန်း၁၃ဆီ ခေါ်သွားလိုက်။ ဒီအတောအတွင်း သူ့ကို ရီဂျန့်ရဲ့ အမိန့်မပါဘဲနဲ့ ဘယ်သူမှ လာတွေ့လို့ မရဘူး။ လေဒီ-အစ်ဇဘယ်လာ အပါအဝင်ပေါ့။”

ဒါက သတ္တိကောင်းတဲ့ ချာလီစ်....အင်ပါယာ မြို့တော်ရဲ့ ပန်းပွင့်နဲ့ အဆက်ရှိနေတယ်လို့ ပြောကြတဲ့သူပဲ။

ပြီးတော့...အကျဉ်းခန်း ၁၃ တဲ့လား။

“ဟုတ်ကဲ့ပါ။ဆာ။” လူဝကြီး အံ့အားသင့်သွားပြီး ဆက်မမေးရဲတော့ပေ။ သူသည် ချက်ချင်းပင် လူတချို့ကို ဦးဆောင်ပြီး ချန်လွေ့သည် လုံခြုံရေး တင်းကြပ်သော လျို့ဝှက်အကျဉ်းထောင်သို့ ခေါ်သွားတော့သည်။ တပ်သားများ ညီညီသာသာ ကင်းလှည့်နေကြပြီး လုံခြုံရေး အတော် တင်းကြပ်လှသည်။ ထိုလမ်းကြောင်းသို့ လမ်းလျှောက်သွားသည့်အခါ စိုထိုင်းပြီး စူးရှသော အနံ့ကို ရနိုင်ပေသည်။ အဝေးမှနေ၍ ကြာပွတ်သံများနှင့် ‌အော်ငြီးသံများကိုလည်း ရေးရေးလေး ကြားနေရသည်။

“ငါ့ကို ခါဘန်းလို့ ခေါ်လို့ရတယ်။ ငါက ဒီမှာ ထောင်ကြပ်။ ဒီလျို့ဝှက်အကျဉ်းထောင်ထဲမှာ ငါက အာဏာအရှိဆုံးပဲ။” အကျဉ်းထောင်ထဲသို့ ရောက်သည်နှင့် ဒိုရင်းကို ရင်ဆိုင်သည့်အခါ ရှိနေခဲ့သော လူဝကြီး၏ ရိုသေလေးစားသော အမူအရာ ရုတ်တရက် ပျောက်ဆုံးသွားသည်။ သူ ချက်ချင်းပင် အမူအရာ ပြောင်းလဲသွားခဲ့သည်။ “ဒီနေရာထဲ ဝင်ပြီးရင် မင်းက ဘယ်သူလဲဆိုတာ အရေးမကြီးဘူး။ မင်းရဲ့ ဂုဏ်သိက္ခာနဲ့ မြင့်မြတ်ခြင်းတွေကို လွှင့်ပစ်လိုက်တော့။”

လူဝကြီး၏ စကားကို နားထောင်ပြီးနောက် ချန်လွေ့ ခေါင်းညိတ်သည်။ “ဆာ-ခါဘန်း။ ကျုပ် နားလည်ပါတယ်။”

ခါဘန်း၏ မျက်လုံးသေးသေးလေးထဲ၌ အေးစက်သော အလင်းရောင် လက်ခနဲ ဖြစ်သွားသည်။ အကျဉ်းသားများတွင် မောက်မာသူများ၊ ဝမ်းနည်းသူများ၊ ကြောက်ရွံ့နေသူများသာ ရှိတတ်ကြသည်။ ချာလီစ်ကဲ့သို့ ဂရုမစိုက်ခြင်းသည် စိတ်ရှုပ်စရာ အကောင်းဆုံးပင် ဖြစ်သည်။ လူတွေအများကြီး ဒီလိုပဲ ရောက်လာကြတယ်။ ဒါပေမဲ့ ဒီကောင်က အကျဉ်းခန်း၁၃ကို သွားရမယ်ဆိုတော့ ဒီလို ရွံစရာ အမူအရာကနေ သိပ်မကြာခင် သနားစရာကောင်းပြီးတော့ တောင်းပန်နေတဲ့အမူရာ ဖြစ်လာမယ်ဆိုတာ ငါယုံကြည်တယ်။

လမ်းတစ်လျှောက် အကျဉ်းခန်းများမှာ နက်မှောင်ပြီး ညစ်ပတ်ပေရေနေသည်။ တစ်စုံတစ်ယောက် ဝင်လာခြင်းကြောင့် အချို့ အကျဉ်းသားများ ကြားသည့်အခါ ချက်ချင်း ကျယ်လောင်စွာ အော်ဟစ်ကြပြီး တစ်စုံတစ်ခုအား ဆွဲယူရန် လက်ကိုဆန့်ထုတ်နေကြသည်။ အချို့မှာ မျှော်လင့်ချက်အားလုံး ပျောက်ဆုံးနေသကဲ့သို့ပင် အကျဉ်းခန်းထဲ၌ မလှုပ်မယှက် ထိုင်နေ၏။ ပို၍ကြောက်စရာကောင်းသည်မှာ အရက်စက်ဆုံး မြင်ကွင်းများနှင့် စူးရှလှသော အသံများရှိနေသည့် နှိပ်စက်ခန်းပင် ဖြစ်သည်။ အဝေးမှ အော်သံများသည် ဘေးမှကြည့်သူကိုပင် စာနာစိတ်ဖြင့် သိမ့်သိမ့်တုန်သွားစေသည်။

အကျဉ်းသူများ၏ အလွန်ဝမ်းနည်းဖွယ် ဆက်ဆံခံရမှုများမှာ စကားလုံးဖြင့်ပင် ဖော်ပြ၍ မရနိုင်တော့ပေ။

လမ်းတစ်လျှောက် အကျဉ်းသား/သူများမှာ တစ်ဖက်သတ် အနိုင်ကျင့် နှိပ်စက်ခံကြရသော သာမန်အကျဉ်းသားများ ဖြစ်ကြပေသည်။ ထိုနည်းလမ်းမှာ အဓိကအားဖြင့် သတိပေးသည့် အနေဖြင့် အင်အားပြသခြင်း ဖြစ်သည်။ အမှန်တကယ် လျို့ဝှက်အကျဉ်းထောင်၏ အကျဉ်းသားများမှာ ဩဇာကြီး‌သူများနှင့် အလှည့်အပြောင်း လုပ်နိုင်သူများ ဖြစ်နိုင်သည်။ အကြီးအကဲ၏ ညွှန်ကြားမှုမရှိသရွေ့ သူတို့ကို ဆိုးဆိုးဝါးဝါး ဆက်ဆံ၍ မရပေ။ သူ့အရှေ့မှ ချာလီစ်သည် လင်ကွန်မိသားစု၏ ဆက်ခံသူ အပါအဝင် တော်ဝင်မိသားစုဝင်နှင့် အကြီးအကဲမိသားစုဝင် သုံးယောက်ကို သတ်ပစ်ခဲ့သည်။ ထို့ကြောင့် ထိုအမျိုးအစားထဲတွင် သူ မပါဝင်ပေ။ သို့သော်လည်း အကျဉ်းခန်း၁၃ ကိုယ်တိုင်သည်ပင် “သဘာဝ”ငရဲတစ်ခု ဖြစ်သည်။ ထပ်ပြီးနှိပ်စက်စရာပင် မလိုအပ်ချေ။

သို့သော်လည်း လက်စတင်း အပါအဝင် အကြီးအကဲ မိသားစုဝင် သုံးယောက်ကို ရက်ရက်စက်စက် သတ်ပစ်ခဲ့သူသည် အမှန်တကယ်ပင် ကြမ်းတမ်းပြီး အစွမ်းထက်လှသည်။ လူဝကြီးသည် ကြမ်းတမ်းသော သူများအပေါ် ကြောက်စိတ်ရှိနေသေးသည်။ သို့သော်လည်း ချန်လွေ့၏ လက်ပေါ်မှ လက်ထိပ်ကို တွေ့သည့်အခါ အနည်းငယ် ပို၍သတ္တိရှိသွားခဲ့သည်။

“ကောင်းပြီ။ အခု မင်းမှာပါလာတဲ့ ပစ္စည်းတွေ အားလုံးကိုပေး။ မင်းကို လွှတ်ရင် အဲဒါတွေ ပြန်ပေးမယ်။”

“ဟုတ်ပါပြီ။ ဒါပေမဲ့ ဒီထဲမှာ အရေးကြီးတဲ့ ပစ္စည်းတွေရှိတယ်။ ခင်ဗျား သေသေချာချာ သိမ်းထား။ မဟုတ်ရင်တော့ အကျိုးဆက်ကို ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး။” ချန်လွေ့က မစဉ်းစားဘဲ လက်ချောင်းမှ သိုလှောင်လက်စွပ်ကို ချွတ်လိုက်သည်။ “ကျုပ် ပြန်လွတ်လာတဲ့အခါ ဒါကို မထိမခိုက်ဘဲနဲ့ ပြန်ပေးဖို့ မမေ့နဲ့။”

တန်ဖိုးရှိသည့် အရာများရှိကြောင်း လူဝကြီး ကြားလိုက်သည့်အခါ ပို၍ပင် လောဘ တက်သွားခဲ့ပြီး နောက်ထပ်စကားများကို လျစ်လျူရှုထားလိုက်သည်။ သေဖို့ ရာနှုန်းပြည့် သေချာနေတဲ့သူက ပြန်လွတ်ချင်သေးတယ်လား။

အကျဉ်းခန်း၁၃မှာ သီးခြားအကျဉ်းထောင် ဖြစ်သည်။ အတိအကျပြောရလျှင် ၎င်းသည် မြေအောက်တွင် တည်ရှိသည်။ လမ်းတစ်လျှောက်၌ ရုပ်ထွေးလှသော မှော်စက်ဝိုင်းများကို မြင်တွေ့နိုင်ပေသည်။ ထိုနေရာသည် အေးပြီး စိုထိုင်းသော်လည်း နံစော်ခြင်း မရှိပေ။ အတော်လေး သန့်ရှင်းပြီး ကျယ်ဝန်းလှသည်။ လှောင်အိမ်ထဲ၌ မည်သူမှ မရှိပေ။ ချန်လွေ့ တစ်ယောက်တည်းသာ ရှိ၏။

“ဆာ-ချာလီစ်။ ဝင်ပါ။”

အထဲသို့ ချန်လွေ့ ဖြည်းဖြည်းချင်း ဝင်သွားသည့်အခါ အကျဉ်းခန်းတံခါး အလိုအလျောက် ပိတ်သွားခဲ့သည်။ ခါဘန်းက ထူးဆန်းသော အပြုံး ပြုံးလိုက်သည်။ “လက်ကျန်နေ့ရက်တွေကို ကောင်းကောင်းကြီး ခံစားလိုက်ပါ။ ဆာ။”

ထို့နောက် လူဝကြီး လှည့်ထွက်သွားသည်။ သူသည် ခုနက ရရှိခဲ့သော သိုလှောင်လက်စွပ်မှ ပိုင်ဆိုင်မှုများကို ရေတွက်ရန် မစောင့်နိုင်တော့ပေ။

လှောင်အိမ်မှ ထူးဆန်းသော အလင်းရောင်များ စတင်ထွက်ပေါ်လာသည်။ ချန်လွေ့က မိမိ၏ ခန္ဓာကိုယ် ကျုံ့ဝင်သွားသကဲ့သို့ ခံစားလိုက်မိသည်။ သူသည် ရုတ်တရက်ပင် ဆယ်ဆကျော်ခန့် ပိုမိုလေးလံသွားခဲ့သည်။ ၎င်းမှာ မြေဆွဲအား လှောင်အိမ်တစ်ခု ဖြစ်နေ၏။

ချန်လွေ့၏ စွမ်းအားအများစုကို လက်ထိပ်များက ချုပ်တည်းထားသော်လည်း သူသည် မြေဆွဲအား လေ့ကျင့်ရေးကွင်း၌ “နှစ်နှင့်ချီ” လေ့ကျင့်ခဲ့ပြီးပြီ ဖြစ်သည်။ ထို့ကြောင့် ထိုအဆင့်မှာ အလွယ်လေးသာ ဖြစ်ပေသည်။ သူ ခဏစဉ်းစားပြီးနောက် တင်ပလ္လင်ခွေ ထိုင်လိုက်သည်။

ခဏအကြာတွင် စူပါစနစ်မှ အဆိပ် သတိပေးချက်များ တက်လာသည်။ ထိုအကျဉ်းခန်း၁၃မှာ အမှန်တကယ်ပင် ထူးခြားပုံရသည်။ သို့သော်လည်း အဆိပ်သည်....အရှိန်အဝါ ပမာဏကို တိုးမြှင့်ပေးခြင်းသာ ဖြစ်သည်။ ချန်လွေ့သည် ဝင်လာသည်များကို မခုခံခဲ့ပေ။ မည်မျှပင် သေးငယ်စေကာမူ အကျိုးအမြတ်သည် အကျိုးအမြတ်သာ ဖြစ်၏။

အကျဉ်းခန်း၁၃၏ “အပြုအစုများ”မှာ ထိုထက် ပိုနေသေးသည်။ လှောင်အိမ်၏ မှော်စက်ဝိုင်းသည် အကျဉ်းသား၏ စွမ်းအားကို အားနည်းစေပြီး ကန့်သတ်နိုင်သည်။ မြေဆွဲအားနှင့် အဆိပ်များအပြင် တစ်နာရီကြာပြီးတိုင်း [ မိုးကြိုး ] ကို ဖြစ်စေသည်။ အတွင်းအပြင် နှိပ်စက်မှုများကြောင့် ခုခံရသည်မှာ ခက်ခဲပေသည်။

ထိုအကျဉ်းထောင်သည် အစွမ်းထက်ပုဂ္ဂိုလ်များကို ဖမ်းထားရန်အတွက် အထူးတည်ဆောက်ထားခြင်း ဖြစ်သည်။ ၎င်းသည် အကျဉ်းသား၏ ခွန်အားနှင့် စိတ်စွမ်းအားကို တစ်ဆင့်ချင်း ဖျက်ဆီးနိုင်သည်။ စွမ်းအား ဆုံးရှုံးသွားလျှင် မြေဆွဲအား တစ်ခုတည်း၏ ညှဉ်းပန်းမှုဒဏ်ကပင် မည်သည့် အစွမ်းထက်ပုဂ္ဂိုလ်ကိုမဆို သည်းမခံနိုင် လောက်အောင် ဖြစ်စေ၏။

ချန်လွေ့အတွက် မြေဆွဲအားနှင့် အဆိပ်တို့မှာ ဘာမျှမဟုတ်ပေ။ [ မိုးကြိုး ] သည် အနည်းငယ် ဒုက္ခပေးသော်လည်း [ မှော်-ဆန့်ကျင် ] နှင့် [ ထိခိုက်မှုစုပ်ယူခြင်း ] တို့ကြောင့် ထိုဒုက္ခကို အသေးဆုံးအထိ ဖြစ်သွားစေသည်။ နတ်မိမယ်နဂါး၏ [ မိုးကြိုး ] နှင့်ယှဉ်လျှင် ထိုမိုးကြိုးများမှာ သူ၏ခန္ဓာကိုယ်မှ ပိုးမွှားများကိုသာ သတ်ပစ်နိုင်၏။

ယခုတွင် သူသည် အိုဆိုင်ဒန်အား ဆာဘရီနာ ပစ္စည်းလွဲပေးရန်ကိုသာ အေးဆေး စောင့်ဆိုင်းနေရပေတော့မည်။ ဆက်ခံသူနှင့် အကြီးအကဲမိသားစုများ၏ အဓိကအဖွဲ့ဝင်များကို သတ်ပစ်ခြင်းမှာ အမှန်ပင် ကြီးမားသော ပြစ်မှုတစ်ခု ဖြစ်သည်။ သို့သော်လည်း “အကျိုးအမြတ်”၏ ဆွဲဆောင်မှုကို အိုဆိုင်ဒန် မငြင်းနိုင်ကြောင်း ချန်လွေ့ ယုံကြည်သည်။ အကယ်၍ သူသည် ပြဿနာအကြီးကြီး တက်စေခဲ့သည့်တိုင် အိုဆိုင်ဒန်က နတ်ဘုရားမ နီဝါး၏ နတ်ဆိုးဘုံ ယောက်ျားဗားရှင်းကဲ့သို့ ပေါ်ထွက်လာပေလိမ့်မည်။

အတွင်းမြို့၊ လင်ကွန်မိသားစု စံအိမ်၌ -

“ အကြီးအကဲမိသားစု ဆာ နဲ့ မဒမ်တို့။ ချာလီစ်ကို ဗိုလ်ချုပ် ဒိုရင်းက လျို့ဝှက်အကျဉ်းထောင်ဆီ ခေါ်သွားလိုက်ပါပြီ။ ထောင်ကြပ် ခါဘန်း ပြောတဲ့အတိုင်းဆိုရင် ချာလီစ်ကို အကျဉ်းခန်း၁၃မှာ အကျဉ်းချထားတာပါ။ အကျဉ်းခန်းရဲ့ မှော်စက်ဝိုင်းကိုလည်း အပြည့်အဝ အသက်သွင်းပြီးပါပြီ။”

ဘေးဖက်မှ အမျိုးသမီးက အံကြိတ်ပြီး ပြောသည်။ “ကောင်းတယ်။ ဆာထရီ။ ချာလီစ်ကို ပြင်းပြင်းထန်ထန် နှိပ်စက်ဖို့အတွက် ရှင် ခါဘန်းကို အခုပဲ ဆက်သွယ်ထားသင့်တယ်။ ကျွန်မတို့ရဲ့ ကလေးကို သတ်တဲ့ လူသတ်သမားကို လွယ်လွယ်နဲ့ သေခွင့် မပေးနိုင်ဘူး။”

“လောစရာ မလိုပါဘူး။” လင်ကွန်မိသားစု အကြီးအကဲ ဆာထရီက ပို၍ပင် တည်ငြိမ်နေပြီး သရော်ပြုံး ပြုံးလိုက်သည်။ “အကျဉ်းခန်း၁၃က လွန်ခဲ့တဲ့ နှစ်တစ်သောင်းတုန်းက မဟာဆရာသခင် တစ်ယောက်နဲ့ ဆရာသခင် သုံးလေးယောက် တည်ဆောက်ထားခဲ့တာ။ ဒါက အင်ပါယာတစ်ခုလုံးမှာ တစ်ခုတည်းသော အထူးနေရာပဲ။ အဲဒီမှာ နေရတာက ဘယ်နှိပ်စက်မှု မဆိုထက် ပြင်းထန်တယ်။ အကျဉ်းထောင်ထဲက အဆိပ်တစ်ခုတည်းနဲ့တင် သူ့ရဲ့စွမ်းအားကို ဖြည်းဖြည်းချင်း တိုက်စားနိုင်တယ်။ သူက နတ်ဆိုးအရှင်သခင် အဆင့်ဆိုရင်တောင် အကျဉ်းကျခံနေရရင် အဲဒါကို ခုခံနိုင်မှာ မဟုတ်ဘူး။ သူ့ကို သုံးလေးရက် ထားထားလိုက်။ ပြီးရင် ငါတို့တွေ ဆာ-အကြီးတန်း အကြံပေးဆီ “သွားလည်”ကြမယ်။ ဒီလိုအကြံမျိုးရှိတာ ငါတို့ မိသားစုပဲ မဟုတ်ဘူးဆိုတာ ယုံကြည်တယ်။”

“ဒါနဲ့ အစ်ဇဘယ်လာ ဆီကနေ တုံ့ပြန်မှု တစ်ခုခု ရှိလား။” ဆာထရီ မေးသည်။ “သူ ဘုရင်ခံ‌‌ဆီ သွားပြီးတော့ ဖြ‌န်ဖြေပေးလား။”

“ထူးဆန်းတယ်။ သူ ဘာမှ လုပ်နေတဲ့ပုံမရဘူး။”

“မင်း အရင် ဆင်းသွားလိုက်။ သူ့ကို ဆက်ပြီး အနီးကပ် စောင့်ကြည့်ထား။ လှုပ်ရှားမှုတစ်ခုခု ရှိတာနဲ့ ချက်ချင်း သတင်းပို့။”

“ဟုတ်ကဲ့။”

အတွင်းမြို့တော်၊ အစ်ဇဘယ်လာ၏ စံအိမ်၌ -

အစ်ဇဘယ်လာသည် စားပွဲပေါ်၌ ပွင့်နေသော ဘူးတစ်လုံးရှိနေသည့် အခန်းတစ်ခန်းထဲတွင် ထိုင်နေ၏။

တစ်ခန်းလုံးတွင် သူ တစ်ယောက်တည်းသာ ရှိနေသည်။

သူ၏ ကျောက်စိမ်းကဲ့သော ဖြူဖွေးသော လက်တွင် တစ်စုံတစ်ခုအား ‌ဆုပ်ကိုင်ထား၏။ ယခင်က သူ၏မျက်နှာပေါ်၌ ထိတ်လန့်မှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ သူသည် လှပသော မျက်လုံးများကို ဖြည်းဖြည်းချင်း ပိတ်လိုက်သည်။ ထိုသူ၏ စကားလုံးများ သူ၏စိတ်ထဲ၌ ပေါ်လာပြန်၏။

“ကိုယ်နေ့တိုင်း သတိရနေတဲ့ အမျိုးသမီးလေး...”

“ကိုယ် မင်းအတွက် သိဒ္ဓိအလင်းတောင်ဆီ သွားပြီးတော့ နှင်းဒဲလက်ပန်း မခူးပေးရသေးဘူး.....”

အချိန်အတော်ကြာပြီးမှသာ သူ၏ သွယ်လျသော မျက်တောင်များ အနည်းငယ် မြင့်တက်လာကာ မြစိမ်းရောင်မျက်လုံးများကို ပေါ်လွင်သွားစေ၏။ ထိုမျက်လုံးထဲ၌ ဝမ်းနည်းမှု အရိပ်အယောင် ရှိနေပြီး ခဏအကြာ အထီးကျန်မှုအဖြစ် ပြောင်းသွားကာ နောက်ဆုံး၌ အေးစက်မှုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ထို့နောက် သူ၏လက်ထဲမှ ပစ္စည်းသည် ခွမ်းခနဲ ကွဲကြေသွားပြီး လက်ကြားမှတစ်ဆင့် အရည်အမည်းများ မြေကြီးထဲသို့ ဖိတ်စင်ကျသွားကာ လုံးဝ ပျောက်ကွယ်သွားတော့သည်။

All Chapters