စေ့စပ်ဆွေးနွေးခြင်းများနှင့် ရန်သူ
Vol. 24 Ch. 357
အချိန်၃ရက် ကုန်ဆုံးသွား၏။
မည်သည့်သတင်းမှ မထွက်လာသေးပေ။
ချန်လွေ့၏စိတ်ထဲ၌ အနည်းငယ် ထူးဆန်းသလို ခံစားရလာ၏။ အစ်ဇဘယ်လာ မည်သည့်ပြဿနာ ကြုံတွေ့နေရကြောင်း သူ မသိသော်လည်း ထိုမိန်းမအပေါ် သူလုံးဝ မျှော်လင့်ချက်ထား၍ ရနိုင်မည်မဟုတ်ပေ။
ယခုအချိန်မှာ သူ့ကိုယ်သူသာ အယုံကြည်ရဆုံး ဖြစ်၏။
သို့သော်လည်း ယခင်နေ့ရက်များ၌ ချန်လွေ့သည် မထင်မှတ်ထားဘဲ အကျိုးအမြတ်တစ်ခု ရရှိခဲ့သည်။ ၎င်းမှာ လှောင်အိမ်ထဲရှိ အားနည်းစေသော မှော်စက်ဝိုင်းနှင့် အကျဉ်းချ လက်ထိပ်တို့မှ ရရှိခြင်း ဖြစ်သည်။
ချန်လွေ့က ၎င်းကို စမ်းကြည့်ခဲ့သည်။ အကျဉ်းချ လက်ထိပ်နှင့် လှောင်အိမ်တို့တွင် ပိုင်နက်စွမ်းအားကို ချုပ်တည်းနိုင်သော အထူးသက်ရောက်မှုတစ်ခု ရှိသည်။ မှော်စက်ဝိုင်း၌ ပညာရှင်တစ်ယောက်လည်းဖြစ်၊ ထိပ်တန်း ယန္တရားဆရာသခင်လည်းဖြစ်သည့်အတွက် အကျဉ်းချ မှော်လက်ထိပ်သည် ချန်လွေ့၏ စိတ်လှုပ်ရှားမှုကို ပိုမိုတိုးသွားစေသည်။
ချန်လွေ့သည် မှော်စက်ဝိုင်းကို စိတ်ဝင်စားရုံသာမက ထိုမှော်စက်ဝိုင်းမှတစ်ဆင့် ပိုက်နက်၏ ဆန်းကြယ်မှုကို အဖြေရှာနိုင်ရန် ရုတ်တရက် အကြံတစ်ခု ရသွားခဲ့သည်။
ဆုံးပါးသွားကြပြီဖြစ်သော ၎င်းတို့အား ဖန်တီးခဲ့သည့် ဆရာသခင်နှင့် မဟာဆရာသခင်များသည်ပင် တစ်နေ့၌ တစ်စုံတစ်ယောက်က ထိုကဲ့သို့ စဉ်းစား၍မရသော အကြံတစ်ခု ရှိလာမည်ဟု ထင်ထားမည် မဟုတ်ပေ။ ထိုသူသည်လည်း ထိပ်တန်း ယန္တရားဆရာသခင် တစ်ယောက်ဖြစ်ပြီး [ အထူးစိစစ်မှု ] ကဲ့သို့ ပုံမှန်မဟုတ်သော စွမ်းရည်မျိုး ရှိနေလိမ့်မည်ဟု ထင်ထားခဲ့မည် မဟုတ်ပေ။ ထို့ပြင် ထိုသူသည် ထိုအကြံကို အမှန်တကယ် အကောင်အထည် ဖော်ခဲ့သည်။
အခက်အခဲများအကြား၌ ချန်လွေ့သည် မျှော်လင့်ချက် ရောင်ခြည်တစ်ခုကို မြင်တွေ့ခဲ့ရသည်။
အခြားရှုထောင်မှနေ၍ ပြဿနာကို ကြည့်ပြီးသည့်အခါ ချန်လွေ့သည် မိမိ မစဉ်းစားမိခဲ့သော နေရာများကို မထင်မှတ်ဘဲ ရှာဖွေတွေ့ရှိသွားခဲ့သည်။ မှော်စက်ဝိုင်းနှင့် ယန္တရားပညာရပ်တို့၏ အသိပညာများမှာလည်း အဓိကနေရာမှ ပါဝင်နေ၏။ [ အထူးစိစစ်မှု ]၏ တိုးတက်မှုနှင့်အတူ ချန်လွေ့သည် ရှုပ်ထွေးပြီး နက်နဲသော မှော်စက်ဝိုင်းကို မဖြေရှင်းနိုင်သည့်တိုင် ပိုင်နက်ကို အဖြေရှာရန်မှာ ဖြစ်လာနိုင်လေပြီ။
ထိုအကျဉ်းချ မှော်စက်ဝိုင်းများက ချန်လွေ့အား ပိုက်နက်အပေါ် အသစ် နားလည် သဘောပေါက်မှုများကို စမ်းသပ်၍မရအောင် ပြုလုပ်နေခဲ့သော်လည်း သူ့တွင် စူပါစနစ် ရှိသည်။ သူသည် လေ့ကျင့်ရေးကွင်းထဲ၌ မည်သည့်အစွမ်းကိုမဆို အသုံးပြုနိုင်၏။ ထို့ပြင် ထိုနေရာသည် အပြင်လောကကဲ့သို့ အချိန်နှင့် ကြိမ်နှုန်း ကန့်သတ်ချက် မရှိပေ။
သူ၏ခန္ဓာကိုယ်က [ မိုးကြိုး ] “ပက်ဖြန်းခြင်း”နှင့် အသားကျသွားပြီး လေ့ကျင့်ရေးကွင်းသို့ ဝင်လိုက်ပြီးသည့်အခါ သူ၏နားလည် သဘောပေါက်မှုများနှင့်အတူ ရပ်တန့်နေခဲ့သော မယ်ဂရီဇ် အတွေ့အကြုံတန်ဖိုးသည် အဆက်မပြတ် စတင် တိုးလာ၏။
ထိုနေ့ရက်များ၌ လူအချို့က စားစရာ ယူလာပြီး လှောင်အိမ်အပြင်ဘက်၌ ချထားခဲ့သည်။ ထိုလှောင်အိမ်မှာ ထူးဆန်းလှသည်။ အတွင်းထဲ၌ မြေဆွဲအားစက်ကွင်း ရှိသော်လည်း အပြင်ဘက်၌ လုံးဝမခံစားရပေ။ ချန်လွေ့သည် အဆိပ်ခတ်ခံ ရမည်ကို မကြောက်သော်လည်း ထိုကဲ့သို့ ရွံစရကောင်းသော စားစရာများကို စားရန် စိတ်မဝင်စားပေ။ သူ့၏ သိုလှောင်ဂိုဒေါင်ထဲ၌ စားစရာအများအပြား ရှိနေပေသည်။ သို့သော်လည်း စောင့်ကြည့်မခံရရန်အတွက် သူသည် ညဉ့်နက်မှသာ စားလေ့ရှိသည်။
အပေါ်ယံ၌ “ချာလီစ်”သည် ၃ရက် မစားရသေးပေ။ သူ အစာငတ်ခံ ဆန္ဒပြနေသည်လား၊ လှောင်အိမ်အပြင်မှ စားစရာကို လှမ်းယူရန် အားမရှိ၍လား မည်သူမှ မသိကြပေ။
လေးရက်မြောက်နေ့၌ အကျဉ်းခန်း ၁၃ အရှေ့၌ လူတစ်ယောက် ရောက်ရှိလာ၏။
သို့သော်လည်း ၎င်းမှာ မထင်မှတ်ထားသော လူတစ်ယောက် ဖြစ်နေသည်။
စစ်ဘက်ရေးရာဝန်ကြီး ရွန်မယ်။
“ဆာ-ချာလီစ်”
ချန်လွေ့၏ ပိတ်ထားသော မျက်လုံးများ ဖြည်းဖြည်းချင်း ပွင့်သွားပြီး ရွန်မယ်ကို ဖျပ်ခနဲ ကြည့်လိုက်သည်။
“ဆာ့ကို ဒုက္ခခံစားစေမိတဲ့အတွက် စိတ်မကောင်းပါဘူး။” ရွန်မယ်၏ မျက်နှာပေါ်၌ အပြုံးယဲ့ယဲ့လေး ရှိနေသည်။
“ဆာ-ရွန်မယ်။ ခင်ဗျား ကျုပ်ကို လာလှောင်တာလား။” ချန်လွေ့သည် မြေဆွဲအား ဖိအားအောက်တွင် တည်ငြိမ်သော လေသံဖြင့် ပြောရန်ကြိုးစားပြီး ပြောလိုက်သည်။ သို့သော် သူ၏အားနည်းမှုကို မဖုံးကွယ်ထားနိုင်ခဲ့ပေ။
ရွန်မယ်က ၎င်းကို သတိထားမိသွားပြီး ခေါင်းခါသည်။ “ကျုပ်က ဆာ-ချာလီစ်ကို လာကူညီတာပါ။ ပြီးတော့ ဆာ မလွန်ဆန်နိုင်မယ့် အကြောင်းရင်းတစ်ခုကိုပါ ယူလာခဲ့တယ်။”
“မလွန်ဆန်နိုင်ဘူး ဟုတ်လား။”
“ဒီနေရာစုတ်ကနေ ဆာ-ချာလီစ် မထွက်သွားချင်ဘူးလား။”
ချန်လွေ့၏လေသံသည် မာနထောင်လွှားပြီး အထင်သေးနေ၏။ “အကြီးအကဲမိသားစုဝင် သုံးယောက်နဲ့တော်ဝင်မိသားစုဝင်၊ အထူးသဖြင့် လင်ကွန်မိသားစုရဲ့ ဆက်ခံသူက ကျုပ်ရဲ့ လက်ထဲမှာ သေသွားခဲ့တာ။ ကျုပ် ထွက်သွားချင်သလို သွားလို့ရမယ် ထင်လား။ ကျုပ် ထွက်သွားရမယ့်အချိန်က ကျုပ်ကို ကွက်မျက်ဖို့ အချိန်ပဲ ဖြစ်လောက်မယ်။”
“ကောင်းပြီလေ။ တခြား ရှုထောင်ကနေ ကြည့်ရအောင်...။ လော်ဒန်က လင်ကွန်မိသားစုရဲ့ ဆက်ခံသူဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ သူက ဝမ်းကွဲ တော်ဝင်မိသားစုနဲ့ လက်ထပ်ထားတဲ့ မဒမ် တစ်ယောက်ကနေ မွေးဖွားထားတာ။ အဲဒါကြောင့် သူက ကြယ်ကြွေတမန် တော်ဝင်မိသားစုရဲ့ မျိုးဆက်လည်း ဖြစ်တယ်။ အဲဒီဆက်ခံသူဆိုတဲ့ ဂုဏ်ပုဒ်က အကြီးအကဲ ဆာထရီအပေါ် တော်ဝင်မိသားစုရဲ့ ဖိအားကြောင်း ဖြစ်ဖို့များတယ်။ ကိုယ် ခက်ခက်ခဲခဲ တည်ဆောက်ထားခဲ့တဲ့ မိသားစု စီးပွားရေးကို ဘယ်သူကမှ တော်ဝင်မိသားစုနဲ့ ပေါင်းစပ်ချင်မှာ မဟုတ်ဘူး။ အထူးသဖြင့် အကြီးအကဲ မိသားစုပေါ့။ လက်စတင်းက သမက် တစ်ယောက်ပဲ။ သူက အစွမ်းအစနဲ့ အလားအလာ ရှိပေမဲ့ အပြင်လူ တစ်ယောက်ပါပဲ။ ပြီးတော့ အခု သူက သေသွားပြီ။ သူက ဘယ်လိုလုပ် အသက်ရှင်နေတဲ့ လူတစ်ယောက်ရဲ့ တန်ဖိုးကို ယှဉ်နိုင်တော့မှာပဲ။ ပီယားနဲ့ ဘိုးဘေးတူဝမ်းကွဲ တော်ဝင်မိသားစုတို့ ဆုံးရှုံးမှုကိုတော့ အကြီးအကဲ မိသားစုကိုယ်စား ကျုပ် ကတိပေးနိုင်တယ်။ ဆာသာ အကျိုးအမြတ် လုံလုံလောက်လောက် ထောက်ပံ့ပေးနိုင်မယ်ဆို အတိတ်က အရာအားလုံးကို ခွင့်လွှတ်ပေးလို့ရတယ်။”
ရွန်မယ် ရပ်တန့်လိုက်ပြီး ချန်လွေ့၏ ခံစားချက် မဲ့နေသောမျက်နှာကို ဖျပ်ခနဲကြည့်ကာ ဆက်ပြောသည်။ “ကျုပ်သိရသလောက်ဆိုရင် ဆာ-ချာလီစ်က ဆာ-နီရိုနဲ့ အတူတူပဲ။ လူသားလောကရဲ့ တော်ဝင်မျိုးနွယ်ဝင်တွေ။ ဒီအချက်ကို ဖုံးကွယ်ထားစရာ မလိုပါဘူး။ ကျုပ် ဒါကို အတည်ပြုပြီးသွားပြီ။ ကျုပ် အခု စိတ်ဝင်စားတာက ဆာ ကျုပ်ကို ဘယ်လိုမျိုး အကျိုးအမြတ်တွေ ပေးနိုင်မလဲ ဆိုတာပဲ။ အဲဒါက အရှင်မင်းကြီး အိုဆိုင်ဒန် ချီးမြှင့်တဲ့ နန်းတော် အကြီးတန်း အတိုင်ပင်ခံ ဂုဏ်ပုဒ်နဲ့ တန်းတူ ဖြစ်ကောင်းဖြစ်နိုင်တယ်။”
“ခင်ဗျားရဲ့ အနံ့ခံအာရုံက တော်တော်လေး ကောင်းတယ်လို့ ချီးကျူးရမယ်။ ခင်ဗျားက တကယ်ကြီး စိတ်ဝင်စားမှုကို အနံ့ခံနိုင်တယ်။” ချန်လွေ့က သူ့ကို ချီးမွမ်းလိုက်သော်လည်း သူ၏ စိတ်ထဲ၌ အမှန်တကယ် မအံ့ဩပေ။ “ဒီတစ်ခေါက် အဖြစ်အပျက်ကနေ ဆမ်မြူရယ်ရဲ့ သရုပ်ကို သိလာမှာ သေချာပေါက်ပဲ။ ကျုပ်က လူသားဆိုတာကို အပြင်လူတွေဆီကနေ မဖုံးကွယ်နိုင်လောက်ဘူး။ ခါနီတာနဲ့ ဂျို့ရ်ှတို့နဲ့ ပူးပေါင်းမှုလိုမျိုး လိပ်ပြာနီရဲ့ ကိစ္စတချို့ကိုလည်း သိသွားမှာပဲ။”
“ကံဆိုးချင်တော့ ကျုပ်မှာက ခင်ဗျားရနိုင်မယ့် အကျိုးအမြတ်တွေ မရှိဘူး။”
ရွန်မယ်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ “ကျုပ်ကိုယ်စားပြုတဲ့ အကြီးအကဲမိသားစုတောင် ဒီလို အဆင့်မမှီဘူးလား။”
ချန်လွေ့သည် ရွန်မယ်ကို ပြန်မဖြေဘဲ စိတ်ဝင်တစား မေးလိုက်သည်။ “ရီဂျင့်ရဲ့ အမိန့်မပါဘဲနဲ့ ဒီနေရာကို ဘယ်သူမှ လာလို့ မရဘူးလို့ ဗိုလ်ချုပ်ဒိုရင်း အမိန့်ပေးခဲ့တာ ကျုပ် မှတ်မိတယ်။ ဒီနေ့ ဆာ-ရွန်မယ် လာလည်တာက အကြီးအကဲမိသားစု အားလုံးကို ကိုယ်စားပြုတာလား။ ဒါမှမဟုတ် အရှင်မင်းကြီးကို ကိုယ်စားပြုတာလား။”
၎င်းသည် ဟန်ဆောင်ပြီး ငြင်းဆန်ခြင်းသာ ဖြစ်၏။ ရွန်မယ် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ “ဆာ-ချာလီစ်။ ခင်ဗျားက တော်တော်လေး တည်ငြိမ်နေသလိုပဲ။ မိန်းမတစ်ယောက် အပေါ်မှာ မျှော်လင့်ချက် ထားနေတုန်းလား။ ဒါမှမဟုတ် ဒါကို စိတ်ကူးယဉ်လို့ ခေါ်လို့ရမလား။”
ချန်လွေ့ စကားမပြောဘဲ ရွန်မယ် ဆက်ပြောမည်ကိုသာ စောင့်နေသည်။
“ဆာက တော်တော်လေး ဇွဲကောင်းတဲ့သူပဲ။ တကယ် လေးစားစရာပါ။ ဒါပေမဲ့ ခင်ဗျားက အဲဒီမိန်းမ အသုံးချတာကို တစ်ချိန်လုံး ခံခဲ့ရတာလို့ ပြောရမှာတော့ စိတ်မကောင်းဘူး။” ရွန်မယ် သရော်ပြုံးပြုံးလိုက်သည်။ “ကျုပ်နဲ့ အစ်ဇဘယ်လာက နိုင်ငံရေးရန်သူတွေဆိုတာ ခင်ဗျား သိမှာပါ။ ခင်ဗျားက ကျုပ်သူ့ကို စောင့်ကြည့်ဖို့ နေရာချထားတဲ့ မြင်းလှည်းသမား ဂျာဒယ်ကို သတ်ပစ်ခဲ့တယ်။ အဲဒါကြောင့် ခင်ဗျားကို သတ်ဖို့အတွက် ကျုပ်က ခင်ဗျားကို ချုံခိုတိုက်ခိုက်ဖို့အတွက် လော်ဒန်ကို ညွှန်ကြားခဲ့တယ်။ ကံဆိုးချင်တော့ သူတို့အားလုံးက ခင်ဗျားရဲ့လက်ထဲမှာ သေသွားခဲ့တယ်။ ဒါက ခင်ဗျားရဲ့အမြင် မဟုတ်လား။ ချုံခိုတိုက်ခိုက်တာရဲ့ နောက်ကွယ်ကလူက ကျုပ်မဟုတ်ဘူးလို့ ပြောမယ်ဆိုရင် ခင်ဗျား ယုံမှာလား။”
ချန်လွေ့ တိတ်ဆိတ်လျက်ပင် ဖြစ်သည်။
“ကျုပ် နောက်ဆုံး သိရသလောက်ဆိုရင် ခင်ဗျားကို ဗိုလ်ချုပ်ဒိုရင်း ခေါ်မသွားခင် သူ့ကို ခင်ဗျား တစ်ခုခု ပေးခဲ့တယ်။ ပြီးတော့ အဲဒါကို ရီဂျင့်ဆီ ပေးဖို့ သူ့ကိုပြောခဲ့တယ်။ ဒါပေမဲ့ ခင်ဗျားမသိတာက အခုအထိ သူ ရီဂျင့်ဆီ မသွားခဲ့တာပဲ။”
နောက်ဆုံး၌ ချန်လွေ့၏အကြည့်တွင် အံ့အားသင့်မှု အရိပ်အယောင် လက်ခနဲ ဖြစ်သွား၏။ ဒီနေ့ ရွန်မယ်ရဲ့ ရည်ရွယ်ချက်က အသိအသာပဲ။ သူက ငါ့လက်ထဲမှာ ရှိနိုင်တဲ့ အကျိုးအမြတ်ကြီးတွေကို စိတ်ဝင်စားနေတာ။ ဒီဘက်ရှုထောင့်က ကြည့်မယ်ဆိုရင် ငါ့ကို လုပ်ကြံဖို့အတွက် လော်ဒန်ကို အကြီးအကဲမိသားစုနဲ့ ရွန်မယ်တို့ စေလွှတ်လိုက်တာ ဖြစ်နိုင်ချေနည်းတယ်။ ဒီအဖြစ်အပျက်ပြီးတော့ အကျိုးအမြတ် တစ်ခုခု ရှိနေတာကို သူသိသွားတာလည်း ဖြစ်နိုင်တယ်။
အစ်ဇဘယ်လာက နောက်ကွယ်ကလူဆိုတာ ယုတ္တိမရှိသလို ဖြစ်ပေမဲ့ ..... သူက သံသယ ဖြစ်စရာပဲ။
ဒါသာမှန်မယ်ဆိုရင် သူ့ရဲ့ရည်ရွယ်ချက်က ဘာလဲ။ တကယ်လို့ “ချာလီစ်” သေသွားမယ်ဆိုရင် အိုဆိုင်ဒန်ရဲ့ အကျိုးအမြတ်တွေ ပျောက်ကွယ်သွားမယ်။ ဒါက အကြီးအကဲမိသားစုနဲ့ အိုဆိုင်ဒန်ကြား ပတ်သက်မှုကို ဆိုးဝါးစေဖို့လား။ အစ်ဇဘယ်လာက အိုဆိုင်ဒန်ရဲ့ လူယုံ မဟုတ်လား။ ဒါမှမဟုတ် ဒီဆုံးဖြတ်ချက် အဲဒီလျို့ဝှက်အင်အားစုနဲ့ သက်ဆိုင်နေတာလား။
အပေါ်ယံမှာတော့ အဲဒီမိန်းမက ငါ့နဲ့ တရင်းတနှီး နေပြီးတော့ ငါတို့ကြားမှာ ကလူကျီစယ် လုပ်နေတဲ့ အငွေ့အသက်တွေတောင် ရှိနေခဲ့တယ်။ ဒါပေမဲ့ နောက်ကွယ်မှာတော့ သူက ဒီလိုသတ်ဖို့အတွက် တကယ်ကြီး အမိန့်ပေးခဲ့တယ်။ ကြည့်ရတာ သူက မိစ္ဆာထောင်ခြောက်ပန်း ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်တာပဲ။
ချန်လွေ့သည် လော်ဒန်၏ အလိုလို ဖောက်ခွဲသော မြင်ကွင်းကို တွေးလိုက်ပြီး မိမိ၌ “မိစ္ဆာဗော်ဒို” ရှိခဲ့စဉ်က အချိန်ကို ပြန်တွေးမိကာ သဘောပေါက်သွား၏။
ချန်လွေ့၏ စဉ်းစားနေသော မျက်နှာကို မြင်သည့်အခါ ရွန်မယ် အခွင့်ကောင်းယူပြီး တစ်စုံတစ်ခု ကမ်းလှမ်းခဲ့သည်။ “ခင်ဗျားရဲ့ လက်ရှိ အခြေအနေနဲ့ဆိုရင် ကျုပ်တို့ခင်ဗျားကို လိမ်ဖို့ မလိုဘူး။ ခင်ဗျားသာ ပူးပေါင်းဖို့ သဘောတူမယ်ဆိုရင် အကြီးအကဲ မိသားစုတွေနဲ့ ဒီကိစ္စရဲ့ နစ်နာသူတွေက ခင်ဗျားရဲ့ အပြစ်တွေကို လွတ်ငြိမ်းခွင့် ပေးနိုင်တယ်။ အမှန်တရား ပေါ်လာတဲ့အခါကျရင် အဲဒီရက်စက်တဲ့ မိန်းမလည်း သူနဲ့ထိုက်တန်တဲ့ အပြစ်ဒဏ်ကို ခံရလိမ့်မယ်။ အဲဒီအချိန်ကျရင် ခင်ဗျား သူ့ကို ကြိုက်သလို လုပ်လို့ရပြီ။”
ထိုကမ်းလှမ်းမှုက ချန်လွေ့၏စိတ်ကို အလျင်အမြန် ပြောင်းလဲသွားစေသည်။ အစ်ဇဘယ်လာက အိုဆိုင်ဒန်ရဲ့ လက်အောက်ခံဖြစ်ပြီးတော့ အိုဆိုင်ဒန်ကို အကြီးအကဲမိသားစုတွေက အမြဲ ကန့်သတ်ချုပ်ချယ်ကြတယ်။ တကယ်လို့ ငါသာ အကြီးအကဲမိသားစုတွေနဲ့ ပူးပေါင်းခွင့် ရမယ်ဆိုရင် နှစ်ဖွဲ့ကြားမှာ ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်။ ရေရှည်မှာ အိုဆိုင်ဒန်ရဲ့ အခြေအနေကိုတောင် လှုပ်ခါစေနိုင်မယ်။ ဒါပေမဲ့ ငါ့ရဲ့ သရုပ်နဲ့ လူသားလောက စီးပွားရေးက တားဆီးနေတယ်။ အခုလက်ရှိ ငါက အကျိုးအမြတ်ကြီးတွေကို ကြိုပြီးတော့ ပေးနေတာ။ ရိပ်သိမ်းဖို့အချိန် မရောက်သေးဘူး။ ပြီးတော့လည်း အိုဆိုင်ဒန်က ငါ့အစီအစဉ်ရဲ့ ဗဟိုချက်ပဲ။ ဒါကြောင့် သူ့ကို ပြောင်းလို့မရဘူး။ အခုတော့ အကြီးအကဲ မိသားစုတွေနဲ့ ငါ ပူးပေါင်းလို့မရဘူး။ ပြီးတော့လည်း ငါ ဒါကိုသုံးပြီး အိုဆိုင်ဒန်ကို သက်သေပြလို့ရတယ်။
တကယ်တော့ အိုဆိုင်ဒန် ငါ့ဘက်မှာ ရှိနေသရွေ့ နှစ်ဖက်ကြားက ပဋိပက္ခတွေ ပြေလည်သွားမှာပဲ။ ဒါကြောင့်ပဲ လူ၄ယောက်ကို သတ်ပြီးတော့ အလောင်းတွေကို မဖျက်ဆီးခဲ့တာ။ ဒီပန်းတိုင်ကို ရောက်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းက အိုဆိုင်ဒန်ကို ပိုပြီးကြီးမားတဲ့ အကျိုးအမြတ်တွေ ပြသဖို့ပဲ။ အကြီးအကဲ မိသားစုတွေကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ဖို့အထိပေါ့။
“ခင်ဗျားကို ကျုပ် မယုံနိုင်တာကတော့ ဝမ်းနည်းစရာပဲ။” ၎င်းကို သိရှိသွားပြီးနောက် ချန်လွေ့၏မျက်လုံးများ ပြတ်သားသွားခဲ့သည်။ ထို့နောက် ချန်လွေ့သည် လက်ကို အပန်းတကြီး အနည်းငယ်မြှောက်ပြီး လှောင်အိမ်ကို လက်ညှိုးထိုးပြလိုက်သည်။ “ခင်ဗျားပြောတာ အဓိပ္ပာယ်ရှိရင်တောင်၊....ဒီလိုမျိုး အခြေအနေမှာတောင်ပေါ့။”
ရွန်မယ်၏မျက်လုံးများ အနည်းငယ် ကျုံ့သွား၏။ “ဆာ-ချာလီစ်။ ဒီဟာသက...မရယ်ရဘူးနော်။ ကျုပ်က စိတ်ရှည်နေပေမဲ့ ကျုပ်နောက်က လူအိုကြီးတွေက စိတ်မရှည်ကြတော့ဘူး။ ခင်ဗျား သေသေချာချာ စဉ်းစားရမယ်။ ဒါက သေရေးရှင်းရေး ကိစ္စပဲ။”
ချန်လွေ့ ချက်ချင်း ပြန်ဖြေသည်။ “ကျုပ် သေသေချာချာ စဉ်းစားပြီးပြီ ထင်ပါတယ်။ ကျုပ် ပြောင်းလဲမှာ မဟုတ်ဘူး။ ဆာ။ စစ်ဘက်ရေးရာ ဝန်ကြီး။ အဆိပ်နဲ့မြေဆွဲအား ရှိနေတဲ့ ဒီလိုမျိုး နေရာမှာ ခင်ဗျားနဲ့ စကားပြောရတာ ခက်ခဲတယ်။ မယဉ်ကျေးသလို ဖြစ်သွားလို့ ခွင့်လွှတ်ပေးပါ။”
သူ၏အရှေ့၌ ချန်လွေ့ မျက်လုံးပိတ်ပြီး ဆက်မပြောတော့သည်ကို မြင်သည့်အခါ ရွန်မယ် မျက်ခုံးပင့်လိုက်သည်။ “ဒါက ခင်ဗျားဘဝရဲ့ အဆုံးဝါးဆုံး ဆုံးဖြတ်ချက်တစ်ခုပဲ။”
ရွန်မယ် ထွက်သွားသည်ကို ကြားပြီးနောက် ချန်လွေ့ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်သည်။ ရွန်မယ်ရောက်ရှိလာခြင်းသည် ချန်လွေ့အား အစ်ဇဘယ်လာအပေါ် ပို၍ပင် သံသယ ဝင်သွားစေခဲ့သည်။ သူသည် ထို မိစ္ဆာထောင်ခြောက်ပန်းကို မည်သည့်အခါမှ အမှန်တကယ် မယုံကြည်ခဲ့သော်လည်း ယခုတွင် သူသည် လျို့ဝှက်အကျဉ်းထောင်၌ အေးအေးဆေးဆေး စောင့်နေ၍ မရတော့ပေ။ သူ အခွင့်အရေးရယူပြီး ဦးစွာ တိုက်ခိုက်ရပေမည်။
အကျဉ်းချ မှော်စက်ဝိုင်း၏ အဖြေရှာမှုကြောင့် ပိုက်နက်အပေါ် ချန်လွေ့၏ နားလည် သဘောပေါက်မှုသည် ရွန်မယ် မရောက်ခင်ကပင် အလွန်အရေးပါသော အခိုက်အတန့်သို့ ရောက်ရှိသွားခဲ့သည်။ သူသည် ထိုပါးလွှာသော အတားအဆီးကို အချိန်မရွေး ဖောက်ထွက်နိုင်၏။ သူသည် ပျောက်ကွယ်သွားမည့် အဖိုးတန် အမြင်များကို ပို၍ပင် ဆုပ်ကိုင်ထားသင့်သည်။ ထို့ကြောင့် သူသည် ကောင်းကောင်း လေ့ကျင့်ရန်အတွက် လေ့ကျင့်ရေးကွင်းသို့ ဝင်သွားလိုက်သည်။
အချိန်အနည်းငယ် ကြာပြီးနောက် ချန်လွေ့သည် ထူးဆန်းသော သတိပေး အချက်ပြမှုကြောင့် နိုးထလာခဲ့သည်။ မျက်လုံးဖွင့်လိုက်သောအခါ သူ၏အရှေ့၌ လူ၃ယောက် ရှိနေပြီဖြစ်သည်။
ချန်လွေ့သည် ခေါင်းဆောင်ကိုသာ သိသည်။ ထိုသူမှာ လင်ကွန်မိသားစု၏ အကြီးအကဲဖြစ်သူ ဆာထရီလင်ကွန် ပင် ဖြစ်လေသည်။
ထိုမိသားစု အကြီးအကဲသည် နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်း [ A- ] သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ စောင်းနေသော မျက်လုံးများသည် အေးစက်သော အလင်းရောင်များဖြင့် တောက်ပနေ၏။
အခြားနှစ်ယောက်မှာ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် ဖြစ်ပြီး နှစ်ယောက်လုံး မဟာနတ်ဆိုးဘုရင်အဆင့် ဖြစ်ကြသည်။ သူတို့သည် မနှစ်သက်စရာ ကောင်းလှပေသည်။
ထိုသုံးယောက်၏ အမူအရာကို ကြည့်ရသည်မှာ ရွန်မယ်ကဲ့သို့ အေးအေးဆေးဆေး စေ့စပ်ဆွေးနွေမည် မဟုတ်သည်မှာ သေချာသည်။ စေ့စပ်ဆွေးနွေးပြီးနောက်တွင် သူတို့သည် စတင် လက်စားချေတော့သည်။
ပြိုင်ဘက်သည် အရင်ဦးစွာ သူ့ကို ပြဿနာ ရှာခဲ့သည်။ ၎င်းသည် ချန်လွေ့အတွက် တိုက်ခိုက်ရန် အကောင်းဆုံးအချိန် ဖြစ်သည်။ သူသည် မဟာနတ်ဆိုးဘုရင်နှစ်ယောက်ကို ဖြေရှင်းနိုင်သည်။ သို့သော်လည်း ဆာထရီမှာ နတ်ဆိုးဧကရာဇ်အဆင့် ဖြစ်သည်။ ငါ့မှာ အခွင့်အရေး ရှိနိုင်မလား။
“ချာလီစ်။ မင်းနဲ့ ငါ့သားကြားမှာ ဘယ်လိုမျိုး အမုန်းတရား ရှိနေလဲဆိုတာတော့ ငါမသိဘူး။ သူ့ရဲ့ အလောင်းကို ပျောက်သွားအောင် မင်းက ဒီလိုမျိုး ရက်စက်တဲ့နည်းလမ်းကို အသုံးပြုခဲ့တယ်။” ဆာထရီက ထိတ်လန့်စက်ဆုပ်ဖွယ် ကောင်းလောက်အောင် ပြောသည်။ “သူတို့နှစ်ယောက်က လက်စတင်းရဲ့ မိန်းမ တီရီဆာနဲ့ ပီးရာ့စ်ရဲ့ တူလေး တွန့်ထ်ပဲ။ မင်း ဒီနေ့ လွယ်လွယ်နဲ့သေရမှာ မဟုတ်ဘူး။”
လှောင်အိမ်အရှေ့၌ ထူးဆန်းသော ပုံရိပ်နှင့် အသံများ ထွက်ပေါ်လာ၏။
“မင်း ကျရှုံးရတဲ့ အကြောင်းရင်းက တစ်ယောက်ယောက် သတင်းမှားပေးတာလို့ ပြောရမယ်....”
“ဒီတစ်ခေါက် မင်းက တစ်စုံတစ်ယောက်ရဲ့ အသုံးချတာကို ခံခဲ့ရတာ။ လင်ကွန်မိသားစုနဲ့ငါ ပြဿနာ အများကြီး မဖြစ်ချင်ဘူး။ ငါမင်းကို လွှတ်ပေးလို့ရတယ်။ ဒါပေမဲ့ ငါဘယ်မှာရှိလဲ ဆိုတာနဲ့ ငါ့အကြောင်းတွေကို ဘယ်သူပြောတာလဲ အရင်ပြောပြရမယ်။ ငါ့ကို လာသတ်ဖို့ မင်းကို ဘယ်သူ အမိန့်ပေးခဲ့တာလဲ။”
ထို့နောက် ငွေရောင်အလင်း ပေါက်ကွဲထွက်သွားတော့သည်။
၎င်းမှာ ထိုနေ့က မှတ်တမ်းတင်ကျောက်ဖြင့် ချန်လွေ့ “မှတ်တမ်းတင်”ထားသော မြင်ကွင်း ဖြစ်သည်။
ဆာထရီ အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ် လိုက်သည်။
“ခင်ဗျားရဲ့သားကို ကျုပ် သတ်ခဲ့တာ မဟုတ်ဘူး။ သူ့ကို တခြားတစ်ယောက်က အသုံးချပြီးတော့ အထူးနည်းလမ်းတစ်ခုနဲ့ ဖောက်ခွဲပစ်ခဲ့တာ။” ချန်လွေ့ ခေါင်းခါပြီး တီရီဆာနှင့် တွန့်ထ် တို့ကို ကြည့်လိုက်သည်။ “လက်စတင်းနဲ့ ကျန်တဲ့သူတွေ ကိုတော့ ကျုပ်မှာ ဘာရန်ကြွေးမှ မရှိဘူး။ သူတို့က ကျုပ်ကို လာသတ်ကြတာဆိုတော့ သူတို့လည်း အသတ်ခံရဖို့ ပြင်ထားသင့်တယ်။ ဒါက အခြေခံအကျဆုံး စည်းမျဉ်းပဲ။”
ဆာထရီက ထိတ်လန့်ပြီး စဉ်းစားနေရမှ သတိပြန်ဝင်လာပြီး အေးစက်စက် ပြောသည်။ “ခုနက ပုံရိပ်ယောင်တွေကို မင်းဘယ်လို ဖန်တီးခဲ့တာလဲ ဆိုတာကို ငါမသိဘူး။ ဒါပေမဲ့... မင်း လော်ဒန်ကို မသတ်ခဲ့ဘူး ဆိုရင်တောင် သူက မင်းကြောင့် သေသွားတာပဲ။ မင်း ဘယ်လောက်ပဲ ပါးပါးနပ်နပ် ပြောပါစေ၊ ဒီနေ့ မင်းက ရက်ရက်စက်စက် သေရမယ့် အဆုံးသတ်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။”
ခင်ဗျား ကျုပ်ကို သတ်ချင်တိုင်း ကျုပ်က အသတ်ခံရမှာလား။ ချန်လွေ့က သူ့ကို ပြက်ရယ်ပြုချင်ခဲ့သည်။ သို့သော်လည်း ဆာထရီနှင့် အကျိုးသင့်အကြောင်းသင့်ပြောရန် အကျိုးမရှိပေ။ ထို့ပြင် သေနိုင်လောက်သော အကြည့်ဖြင့် စိုက်ကြည့်နေကြသော ရန်သူ နှစ်ယောက်လည်း ရှိနေသေးသည်။
အကြီးအကဲ မိသားစုများသည် အလွန်အင်အားကြီးလှပြီး အကျိုးသင့်မသင့်၊ မှားမမှား မှန်မမှန်ကို လုံးဝ ဂရုမစိုက်တော့ပေ။ ထို့ပြင် ခုနက ရွန်မယ်၏ အကျိုးအမြတ် စေ့စပ်ဆွေးနွေးမှု ဖြစ်သွားခဲ့ပြီး သူသည် အပြစ်အားလုံး၏ အရင်းအမြစ် ဖြစ်သွားခဲ့သည်။ ထို့ကြောင့် သူတို့သည် ယနေ့တွင် လက်လျှော့ရန် မဖြစ်နိုင်ပေ။
လက်သီးက စစ်မှန်တဲ့ အကြောင်းပြချက်ပဲ။
ဒီ“အကြောင်းပြချက်”ကို သုံးဖို့အတွက် ငါ အကြိမ် တော်တော်များများ တွန့်ဆုတ်နေခဲ့တယ်။ ဒါပေမဲ့ အဲဒါကိုတော့ ဝန်ခံရမယ်။
“ဒီနေ့ ခင်ဗျားက ကျုပ်ကို သတ်နိုင်မယ်လို့ ထင်တာလား။” ချန်လွေ့ ပုံမှန်အတိုင်း မေးသည်။ အမှန်တကယ်၌ ဆာထရီ ရောက်လာကတည်းက ချန်လွေ့သည် စွမ်းအားကို တိတ်တဆိတ် ပြင်ဆင်ပြီး ထိန်းညှိထားပြီးပြီ ဖြစ်သည်။
“မင်းက လက်စတင်း၊ ပီးရာ့စ် နဲ့ အခြားသူတွေ ပေါင်းတိုက်တာကို အနိုင်ယူနိုင်ခဲ့တယ်။ ဒီတော့ မင်းရဲ့စွမ်းအားက နတ်ဆိုးဧကရာဇ်အဆင့်နား ရောက်နေလောက်တယ်။ ဒါမှမဟုတ် နတ်ဆိုးဧကရာဇ်အဆင့် ရောက်နေလောက်ပြီ။ ငါ မတိုက်ခိုက်ရမှာ နှစ်တွေ အတော်ကြာပြီ။ တခြားအချိန်ဆိုရင် ငါ အနိုင်ရဖို့ သေချာမှာ မဟုတ်ဘူး။ ဒါပေမဲ့...” ဆာထရီ၏ ခန္ဓာကိုယ်မှ သာမန်မျက်လုံးဖြင့် မြင်နိုင်သော မီးတောက်များ ရေးရေးလေး တောက်လောင်လာ၏။ သူ ယုံကြည်ချက်ရှိရှိ ပြောသည်။ “ဒါက လျို့ဝှက်အကျဉ်းထောင်ရဲ့ အကျဉ်းခန်း၁၃ပဲ။ ဒီမှာ ၇ရက်နေနေပြီးတော့ ဘာမှမစားရသေးတဲ့ ရန်သူတစ်ယောက်ကို တိုက်ခိုက်ဖို့ဆိုရင် ငါ အနိုင်ရဖို့က ရာနှုန်းပြည့်ပဲ။ ငါမေးချင်တာက အကျဉ်းခန်းရဲ့ မှော်စက်ဝိုင်းကို ဖယ်ရှားပြီးရင်း မင်းမှာ အသတ်ခံရဖို့အတွက် ထဖို့တောင် အားရှိရဲ့လား ဆိုတာပဲ။”