[ ဆောင်းဦးပိုင်နက် ]
Vol. 24 Ch. 358
ဆာထရီသည် ကောက်ကျစ်သော အဘိုးကြီး ဖြစ်၏။ အတိုင်းအတာတစ်ခုအထိ ထိုလေသံသည် စိတ်ပိုင်းဆိုင်ရာ နည်းဗျူဟာတစ်မျိုး ဖြစ်သည်။ သူသည် ထိုအကျဉ်းခန်း၁၃အပေါ်၌ အတော်လေး ယုံကြည်ချက် ရှိသည်။ ထိုနေရာ၌ နတ်ဆိုး အရှင်သခင်အဆင့် တစ်ယောက်ကိုပင် အကျဉ်းချခဲ့ဖူးသည်။ “ချာလီစ်”ကဲ့သို့ “နတ်ဆိုးဧကရာဇ်”တစ်ယောက်ကိုမူ ပြောစရာပင် မလိုချေ။
အထူး အရိုးတိုက်စားအဆိပ် တစ်ခုတည်းကပင် သူ၏ခန္ဓာကိုယ်မှ စွမ်းအားကို အလျင်အမြန် တိုက်စားနိုင်သည်။ [ မိုးကြိုး ] သက်ရောက်မှုမှာ နှိပ်စက်ရန်အတွက်သာ မဟုတ်ဘဲ အရေးကြီးဆုံးသည် အဆိပ်တိုက်စားခြင်းနှင့် ပျံ့နှံ့ခြင်းကို မြန်ဆန်စေခြင်း ဖြစ်သည်။ သူ၏လက်၌ ဝတ်ဆင်ထားသော အထူးအကျဉ်းချ လက်ထိပ်များနှင့် ပေါင်းလိုက်သည့်အခါ မည်သည့် နှိပ်စက်ပစ္စည်းမျှ ထပ်မလိုအပ်တော့ပေ။ ယခုတစ်ခေါက်၌ ဆာထရီ၏ အကြံအစည်မှာ ဟာကွက်ကင်းလှသည်ဟု ပြော၍ရနိုင်ပေသည်။
“စိတ်မပူပါနဲ့။ မင်း ဖြည်းဖြည်းချင်း သေမှာပါ။ သေချာတာကတော့ မြန်မြန်သေမှာ မဟုတ်ဘူး။”
ဆာထရီသည် သတိလက်လွတ် မနေနေပေ။ သို့သော်လည်း အကျဉ်းခန်း၁၃သည် လုံခြုံစိတ်ချရကြောင်း ကြိုတင်သိရှိသွားသည့်အခါ သူ သတိလက်လွတ်ဖြစ်သွားခဲ့သည်ကို သူ မသိခဲ့ပေ။ သူ၏အရှေ့မှ ရန်သူသည် နတ်ဆိုးဧကရာဇ်အဆင့် မဟုတ်ပေ။ သို့သော်လည်း တစ်နည်းအားဖြင့် ပြောရလျှင် ၎င်းသည် နတ်ဆိုးဧကရာဇ်နှင့် နတ်ဆိုးအရှင်သခင်တို့ထက် ပို၍ပင် မှန်းဆ၍မရနိုင် ဖြစ်လေသည်။
ထိုအချိန်၌ အကျဉ်းထောင်ထဲရှိ တလက်လက် ဖြစ်နေသော မှော်သင်္ကေတများ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွား၏။ ဆာထရီသည် ထောင်ကြပ်အား လာဘ်ထိုးခဲ့ပုံရသည်။ သူသည် သူ၏အကြီးမားဆုံး ရန်သူများ ဖြည်းဖြည်းချင်း နှိပ်စက်ပြီး သတ်ပစ်ချင်နေသည်။
“ခင်ဗျားရဲ့ အမုန်းတရားက ဒီလောက် လေးနက်လား။ လော်ဒန်က ခင်ဗျားရဲ့သား ဖြစ်ပေမဲ့ ခင်ဗျားသူ့ကို ဆက်ခံသူအဖြစ် ထားခဲ့တာက အနာဂတ်မှာ တော်ဝင်မိသားစုရဲ့ သေချာပေါက် ပေါင်းစပ်ရမှာ ဖြစ်တဲ့အတွက် သူတို့ရဲ့ဖိအားကြောင့်လို့ ရွန်မယ်ပြောတာ ကျုပ်ကြားခဲ့တယ်။ လော်ဒန်ကို ကျုပ် သတ်ခဲ့တာက ခင်ဗျားစိတ်ထဲမှာ ဖြစ်ချင်နေတဲ့ အရာတစ်ခု မဟုတ်ဘူး။ အခုတော့ ခင်ဗျားရဲ့ သားကို ကျုပ် နည်းနည်း သနားမိသွားပြီ။”
ဆာထရီ နှာမှုတ်လိုက်ပြီး မရှင်းပြခဲ့ပေ။ သူ၏စိတ်ထဲ၌သာ ရွန်မယ်ကို ကျိန်ဆဲလိုက်သည်။ အချို့အရာတွေက“မရေးထားတဲ့ စည်းမျဉ်းတွေ”။ ဘယ်အကြီးအကဲမိသားစုက မကောင်းတဲ့ နည်းလမ်းတွေ မသုံးလို့လဲ။ ရွန်မယ်က ဒါကိုတောင် “ချာလီစ်”ကို ပြောပြခဲ့တယ်။ သူက ဒါကို တခြားမိသားစုရဲ့ သူငယ်မျိုးဆက်တွေ အရှေ့မှာ ပြောခဲ့တယ်။ ဆာထရီ၏ နှလုံးသားထဲ၌ ပြင်းထန်သော ဒေါသတစ်ခု လှိမ့်တက်လာ၏။
ချန်လွေ့က ပျက်ရယ်ပြုနေကြသော အခြားသူ နှစ်ယောက်ကို ဖျပ်ခနဲ ကြည့်လိုက်သည်။ “ အတူတူပါပဲ။ မင်းတို့နှစ်ယောက်က လက်စားလာချေတာ။ ဒါပေမဲ့ ဒါက ငါနဲ့ အကြီးအကဲမိသားစုကို ကိုယ်စားပြုတဲ့ ရွန်မယ်တို့ကြားမှာ အကျိုးအမြတ် စေ့စပ်ဆွေးနွေးမှု မအောင်မြင်ခဲ့တာအတွက် လက်စားချေဖို့ပဲ။ အစကတည်းက ငါ ကတိပေးခဲ့ရင် မင်းတို့တွေ အခုဆို အပြုံးတုတွေနဲ့ ငါ့ကိုမြှောက်ပင့်နေကြပြီ...ဒီလိုမျိုး ဖြစ်နေမှာ မဟုတ်ဘူး။ အကျိုးအမြတ်နဲ့ လဲလှယ်လို့ရတဲ့ အမုန်းတရားတစ်ခုက တကယ်ရော အမုန်းတရား ဟုတ်ရဲ့လား။”
မူလက ဆာထရီသည် ချန်လွေ့အား စကားလုံးများဖြင့် ခြောက်လှန့်ချင်ခဲ့သည်။ သို့သော်လည်း မမျှော်လင့်ဘဲနှင့် သူ့ကို ချာလီစ်က စိတ်ဆွပေးသွားသည်။ သူသည် ချန်လွေ့နှင့် ပေါက်ကရ ထပ်ပြော၍ မဖြစ်နိုင်တော့ကြောင်း သိလိုက်သည်။ ထိုအချိန်၌ မှော်စက်ဝိုင်းများ အားလုံး ပယ်ပျောက်သွားပြီဖြစ်သည်။ လျို့ဝှက် မှော်လှောင်အိမ်တိုင်များလည်း မြေပြင်ပေါ်သို့ အလိုအလျောက် ကျုံ့ဝင်သွားခဲ့သည်။ လက်ပေါ်ရှိ အချုပ်အနှောင်မှလွဲ၍ ချန်လွေ့တွင် အတားအဆီး လုံးဝ မရှိတော့ပေ။
မှော်စက်ဝိုင်းများ ပျောက်ကွယ်သွားပြီးနောက် ချန်လွေ့၏ ခန္ဓာကိုယ် အနည်းငယ် ပျော့ပျောင်းသွားခဲ့သည်။ မြေဆွဲအားကို ပယ်ဖျက်လိုက်ပြီးတော့ ခွေနုံးသွားခြင်းကဲ့သို့ ဖြစ်ဟန်တူသည်။ ဆာထရီသည် ချန်လွေ့အား ပြန်သက်သာရန် အခွင့်အရေး မပေးခဲ့ပေ။ သူ၏ခန္ဓာကိုယ်အနှံ့ မီးတောက်များ ဖုံးလွှမ်းသွားပြီး ချန်လွေ့ထံသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်၏။
ဆာထရီသည် ချန်လွေ့အား အထင်မသေးခဲ့ပေ။ သူသည် ချက်ချင်းပင် ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီး ပြိုင်ဘက်ဖြစ်သူ၏ ကျန်ရှိသော ခုခံမှုကို တမင်တကာ ဖျက်ဆီးလိုက်သည်။
ဆာထရီ၏ လက်သီးက ချန်လွေ့၏ ခန္ဓာကိုယ်ကို ထိတော့မည့် အချိန်၌ ပစ်မှတ် ရုတ်တရက် ပျောက်ကွယ်သွားပြီး လက်သီးလွဲသွားခဲ့ကာ အစွမ်းထက်အားသည် မြေပြင်ကို ထိသွား၏။ အထူးအကျဉ်းထောင် မြေပြင်သည် တုန်ခါပင် မတုန်ခါသွားပေ။ ၎င်း၏ ခိုင်မာမှုမှာ သိသာထင်ရှားလှပေသည်။
ဆာထရီ၏ ယုံကြည်မှုရှိသော ထိုးချက်သည် ပစ်မှန်ကို လွဲချော်သွားခဲ့ပြီး သူ တိတ်တဆိတ် အံ့အားသင့် သွားခဲ့သည်။ အကျဉ်းချ လက်ထိပ်က ပိုင်နက်အပါအဝင် အစွမ်းတွေ အကုန်လုံးကို ချုပ်တည်းနိုင်တယ်။ ဘာလို့ ဒီ“ချာလီစ်”က မဟာနတ်ဆိုးနဲ့ ဆင်တူတဲ့ တယ်လီပို့အစွမ်းကို သုံးနိုင်ရတာလဲ။
ထိုအချိန်၌ တီရီဆာနှင့် တွန့်ထ် အပါအဝင် လူတိုင်းက ကြီးမားလှသော တုန်ခါမှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ ထူးဆန်းသော စိတ်ပျက်စရာ အငွေ့အသက်တစ်ခု ဝင်ရောက်လာပြီး ဖျက်ဆီး၍ မရနိုင်သော အကျဉ်းခန်း၁၃သည် စတင်ယိုယွင်းပြီး အလျင်အမြန်ပင် အက်ကြောင်းများ ပေါ်လာတော့သည်။ သူတို့သုံးယောက်၏ စွမ်းအားသည် ထူးဆန်းသော အားတစ်ခုကြောင့် အလျင်အမြန် အားနည်းသွား၏။ သူတို့သည် ပြင်းထန်သော မောပန်းမှုနှင့် ပင်ပန်းမှုတို့ကို ခံစားလာရသည်။ ချက်ချင်းပင် သူတို့၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်တို့ အတော်လေး နွမ်းလျသွားတော့သည်။
ထင်ယောင်ထင်မှား ဖြစ်တာလား။
တီရီဆာနှင့် တွန့်ထ်တို့က တစ်ပြိုင်နက်တည်း မျက်လုံးပွတ်လိုက်ကြသည်။ ဆာထရီ တစ်ယောက်တည်း၏ မျက်နှာတွင်သာ ကြောက်လန့်မှုများ ပြည့်နှက်နေ၏။ ဒါ....ဒါက ပိုက်နက်စွမ်းအားပဲ။ ပြီးတော့လည်း ဒီပိုင်နက် စွမ်းအားက ထူးထူးခြားခြား မယုံနိုင်စရာ ဖြစ်မနေတာကို ငါ ခံစားမိတယ်။ ( ရန်သူက အချိန်အတော်ကြာ အကျဉ်းချ ခံထားရပြီးတော့ သူ့ရဲ့စွမ်းအား နိမ့်ကျသွားလို့ဖြစ်မယ်။ ) ဒါပေမဲ့ “အရည်အသွေး”ဖြစ်တဲ့ နယ်ပယ်အဆင့်ကတော့ ငါနားလည်တာထက် ကျော်လွန်နေတယ်။
ပို၍ပင် ထိတ်လန့်စရာကောင်းသည်မှာ ထို“ချာလီစ်”သည် အကျဉ်းချလက်ထိပ်များ ဝတ်ထားရက်နှင့် ပိုက်နက် အသုံးပြုနိုင်ခြင်းပင်။ ၎င်းမှာ လုံးဝ မယုံနိုင်စရာပင် ဖြစ်သည်။
နေပါဦး။ နတ်ဆိုးအရှင်သခင်အဆင့်ကို အကျဉ်းချ နိုင်တဲ့ လက်ထိပ်တွေက....ဘာလို့ ရုတ်တရက်ကြီး ပျောက်သွားရတာလဲ။
ဒါက ထောင်ကြပ် ခါဘန်း တမင်တကာ လှည့်စားတာလား။ ဒါမှမဟုတ် ဒိုရင်းလား။ ဒါမဟုတ် သူကိုယ်တိုင်လား....
ဆာထရီတွင် ၎င်းကိုစဉ်းစားရန် အချိန်မရှိပေ။ သူ ကျယ်လောင်စွာ အော်ဟစ်ပြီး တိုက်ပွဲအသွင် ချက်ချင်းပြောင်းကာ လက်ထဲ၌ ဓားရှည်တစ်လက် ကိုင်ထားလိုက်သည်။ ဓားပေါ်တွင် လောင်ကျွမ်းနေသော မီးတောက်များသည် အလွန်ကြီးမားသော သားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ ချန်လွေ့ထံ ခုန်ဝင်သွား၏။ သို့သော်လည်း ထိုသားရဲ ခုန်ပျံနေစဉ်မှာပင် မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် အားနည်းကာ မှိန်သွားသည်။ ချန်လွေ့အနားသို့ ကပ်လာသောအချိန်တွင် ဖောက်ထွင်းမြင်ရသော အပြာရောင်ဒိုင်းကာတစ်ခု ပေါ်ထွက်လာပြီး ၎င်းကို ခုခံလိုက်သည်။
ဒိုင်းကာ တုန်ခါသွား၏။ ဧရာမသားရဲကြီး ပျောက်ကွယ်သွားပြီးနောက်တွင် ဒိုင်းကာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်။ ချန်လွေ့၏ မျက်လုံးများ အရောင်တောင်သွားခဲ့သည်။ ၎င်းသည် ပထမဆုံးအကြိမ်အဖြစ် နတ်ဆိုး ဧကရာဇ်အဆင့်၏ တိုက်ခိုက်မှုကို ဒိုင်းကာဖြင့် ခုခံခဲ့ခြင်း ဖြစ်သည်။ အကြောင်းရင်းမှာ ဒိုင်းကာ၏ ထိခိုက်မှုစုပ်ယူခြင်း တိုးတက်သွားရုံသာမက အရေးကြီးဆုံးအနေဖြင့် သူ၏ပိုင်နက်ကြောင့်လည်း ဖြစ်သည်။
အကျဉ်းထောင်ထဲ၌ ရှိနေစဉ် လေ့ကျင့်ရေးကွင်းကို ကျော်ဖြတ်ပြီးနောက် တကယ့်တိုက်ပွဲတစ်ခုတွင် သူနားလည်ထားသော ပိုက်နက်ကို ယခုတွင် ပထမဆုံး အသုံးချခဲ့ခြင်းလည်း ဖြစ်သည်။
ဆောင်းဦး -
၎င်းကို [ ဆောင်းဦးပိုင်နက် ] ဟု ခေါ်သည်။ ၎င်းသည် ချန်လွေ့ ပေးထားသော နာမည် ဖြစ်သည်။ ၎င်းသည် ရန်သူ၏ စွမ်းအားကို စုပ်ယူပြီး အားနည်းစေကာ မိမိအတွက် အသုံးပြုနိုင်သော အသူရာ၏ အပျက်သဘော စွမ်းအားကို ပေါင်းစပ်နိုင်သည်။ သုခုမမူဟန်နှင့် သက်ရောက်မှုတို့မှာ ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိရန် ဝေးလွန်းနေသေးပြီး အချိန် အကန့်အသတ် ရှိသော်လည်း သူသည် စူပါစနစ်မှ ရရှိသည့် [ ကြယ်စင်စုပိုင်နက် ] မှ အဆင့်တက်သွားပြီ ဖြစ်သည်။ ၎င်းသည် သူ လွတ်လွတ်လပ်လပ် အသုံးပြုနိုင်သည့် စစ်မှန်သော ပိုင်နက်တစ်ခု ဖြစ်လေသည်။
ယခုမှသာ သူသည် မယ်ဂရီဇ်အခြေအနေ၌ ပြတ်ပြတ်သားသား ခြေတစ်လှမ်း လှမ်းခဲ့ခြင်း ဖြစ်သည်။ ယခင်ခြေလှမ်းများသည် ယိုင်တိယိုင်တိုင် လမ်းလျှောက်နေခြင်းသာ ဖြစ်သည်။ ယခုတွင် သူသည် စစ်မှန်သော လမ်းကြောင်းကို ရှာတွေ့သွားလေပြီ။ ယနေ့မှစ၍ သူသည် ရှေ့သို့ ခြေလှမ်းကြီးကြီး လှမ်းနိုင်ပြီ ဖြစ်သည်။
ပိုင်နက်ကို အသုံးပြုရခြင်း၏ ခံစားချက်မှာ အရှိန်အဝါနှင့် ကြယ်စွမ်းအားကို အသုံးပြုရသော စူပါစနစ်အစွမ်းများနှင့် လုံးဝကွာခြားသည်။ မိမိသည် လောကငယ်တစ်ခု၏ အမြုတေကဲ့သို့ပင် အရအားလုံးကို လုံးဝထိန်းချုပ်နိုင်သော ခံစားချက်မျိုး ဖြစ်သည်။ သူသည် ထိုလောကထဲရှိ အမှုန်တိုင်း၏ စွမ်းအားကို ဆန္ဒရှိသလို ထိန်ချုပ်နိုင်သည်။ သို့သော်လည်း သူသည် ၎င်းကို အမှန်တကယ် ထိန်းချုပ်မှု ရနိုင်ရန် ဝေးလွန်းနေသေးသည်။
ထိုဖြစ်ရပ်ကြောင့် ဘေးဖက်မှ မဟာနတ်ဆိုးဘုရင် နှစ်ယောက် ကြက်သေသေသွားကြသည်။ သူတို့သည် ထောင့်မှနေ၍ [ ဆောင်းဦးပိုင်နက် ] လွှမ်းမိုးမှုကို ခုခံရန် အကောင်းဆုံး ကြိုးစား နေကြသည်။ သူတို့ ရှေ့မတက်ရဲကြပေ။ သူတို့၏ အမြင်၌ ၎င်းမှာ သူ၏အဆင့်ထက် သာလွန်သော ပုဂ္ဂိုလ်များ၏ တိုက်ပွဲတစ်ခု ဖြစ်နေလေပြီ။
ဆာထရီသည် ကြောက်လန့်နေရာမှ သတိပြန်ဝင်လာခဲ့ပြီး ထိုပိုင်နက်၏ ထူးဆန်းမှုကို ခံစားလိုက်မိသည်။ သူ၏ ဓားရှည်မှ အပြာရောင်အလင်းများ တဖြည်းဖြည်း တောက်ပလာပြီး ခန္ဓာကိုယ်မှ မီးတောက်များနှင့် ပေါင်းစပ်သွားခဲ့သည်။ ၎င်းသည် အလျင်အမြန်ပင် ဟင်းလင်းပြင်ထဲ၌ ထူးဆန်းသော ပစ်ခတ်မှုတစ်ခု ပြုလုပ်ခဲ့သည်။ အကျဉ်းထောင်ထဲ၌ အဆက်မပြတ် ဖြန့်ကျက်သော ထူးဆန်းသည့် လျှပ်စီးများ အုပ်စုဖွဲ့နေပြီး ကြီးမားလှသောစွမ်းအားကို ထုတ်လွှတ်နေ၏။ ၎င်းသည် အဆက်မပြတ် စုပ်ယူနေပြီး အားနည်းသွားသော်လည်း ထိုလျှပ်စီး၏ အမြန်နှုန်းမှာ စုပ်ယူခြင်းထက် ပိုမြန်နေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့သည် ပိုက်နက်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။
၎င်းသည် ဆာထရီ၏ဝှက်ဖဲ [ လောင်ကျွမ်း မိုးကြိုးလျှပ်စီး ] ဖြစ်သည်။ သူသည် မှော်စွမ်းအားနှင့် ခန္ဓာကိုယ်အင်အားကို လေ့ကျင့်သည်။ သူ၏ အရည်အသွေး အားလုံးမှာ [ A- ] သို့ ရောက်နေပြီး အတော်လေး မျှခြေညီလှသည်။ ထိုဝှက်ဖဲသည် မှော်စွမ်းအားနှင့် စိတ်ဝိညာဉ်စွမ်းအား ပိုမိုပေါင်းစည်းထားခြင်း ဖြစ်သည်။ ပိုက်နက်တိုက်ပွဲ၌ မှော်စွမ်းအားသည် သာမန် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများထက် သိသိသာသာ သက်ရောက်မှု ရှိသည်။ ဆာထရီက သူ၏ဝှက်ဖဲဖြင့် ပြိုင်ဘက်ဖြစ်သူအား အနိုင်ယူရန် မမျှော်လင့်ထးခဲ့ပေ။ သို့သော်လည်း သူသည် ပိုက်နက်ထဲ၌ ဟာကွက်တစ်ခုကို ရှာတွေ့ရန် အခွင့်အရေး ရယူမည်ဖြစ်သည်။ ဟာကွက် တွေ့သည်နှင့် သူသည် ကိုယ်ပိုင် ပိုက်နက်ကို ကြီးနိုင်သမျှ ကြီးအောင်ပြုလုပ်ပြီး ပြိုင်ဘက်ကို အနိုင်ယူပေမည်။
သို့သော်လည်း ထိုတိုက်ခိုက်မှုသည် ဆာထရီ ထင်ထားသည်ထက် ကျော်လွန်နေသည်။ ပိုက်နက်နှင့်ပတ်သက်လျှင် ချန်လွေ့သည် လုံးဝ လူသစ်သာ ဖြစ်သည်။ ၎င်းကို တကယ့်တိုက်ပွဲ၌ ပထမဆုံးအကြိမ် သူ အသုံးပြုခြင်း ဖြစ်သည်။ ချန်လွေ့သည် မိုးကြိုးလျှပ်စီးများအား ကြောက်လန့်စရာ ကောင်းရုံသာမက ပို၍စိတ်ရှုပ်စရာကောင်းသည်မှာ ကြားဝင်နှောင့်ယှက်သော စွမ်းအားဖြစ်ကြောင်း ခံစားလိုက်မိသည်။ ထို့ကြောင့် သူသည် ပိုင်နက်စွမ်းအားကို အောင်အောင်မြင်မြင် ရှေ့ဆက် အာရုံမစိုက်နိုင်တော့ပေ။ ပိုင်နက်တစ်ခုလုံး၌ အပေါ်ယံ၌ ပုံမှန်သာဖြစ်သည်။ သို့သော်လည်း အမှန်တကယ်ပဲ ပြိုလဲမည့် လက္ခဏာများ ပြသနေလေသည်။
ချန်လွေ့၏မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး ဆာထရီထံသို့ အမှန်တကယ်ပင် အလျင်အမြန် ပြေးသွားသည်။ ဆာထရီ ထိတ်လန့်သွား၏။ သူက ထူးဆန်းတဲ့ ပိုင်နက်စွမ်းအားကို သုံးပြီးတော့ အသာစီးရနေတာ အသိအသာကြီးပဲ။ သူဘာလို့ ဒီလို မိုက်မဲတဲ့ တိုက်ခိုက်မှုမျိုးကို လုပ်ရလဲဆိုတာ ငါ နားမလည်ဘူး။
ဆာထရီ ဇဝေဇဝါ ဖြစ်သွားသော်လည်း မတုံ့ဆိုင်းခဲ့ပေ။ သူသည် [ လောင်ကျွမ်း မိုးကြိုးလျှပ်စီး ] အား ချန်လွေ့ထံသို့ အားကုန် ပစ်လွှတ်လိုက်သည်။ ချန်လွေ့သည် ၎င်းကို မရှောင်တိမ်းခဲ့ပေ။ သူ လက်ဝါးဖြန့်လိုက်ရာ အလင်းလုံးတစ်လုံး ထွက်ပေါ်လာပြီး ဆာထရီထံ အမြန် ပစ်လွှတ်လိုက်သည်။ စွမ်းအင်နှစ်ခုသည် အချင်းချင်း ဖြတ်သန်းသွားကြပြီး သူတို့ကို အသီးသီး တိုက်ခိုက်ကြတော့သည်။ အခြေအနေ ကြည့်ရသည်မှာ နှစ်ဖက်စလုံး ဒဏ်ရာ အပြင်းအထန် ရရှိကြပေလိမ့်မည်။
အလင်းလုံးကို ရှောင်တိမ်းရန်အတွက် ဆာထရီက ချက်ချင်းပင် တယ်လီပို့ ခုန်လိုက်၏။ အမှန်တကယ်၌ ၎င်းမှာ မှားယွင်းတွက်ဆမိခဲ့ခြင်း ဖြစ်သည်။ [ မီးသင့်နဂါးဝင်စီးခြင်း ] ကို အသုံးမပြုလျှင် [ အရုဏ်ဦးပစ်ချက် ] စွမ်းအားမှာ နည်းပါးလှပြီး သူ့ကဲ့သို့ နတ်ဆိုးဧကရာဇ်အဆင့် တစ်ယောက်အပေါ် ကြီးကြီးမားမား သက်ရောက်မှု ရှိမည် မဟုတ်ပေ။ ဆာထရီသည် အစကတည်းက [ ဆောင်းဦးပိုင်နက် ] ကြောင့် အမြင်လှည့်စား ခံလိုက်ရခြင်း ဖြစ်သည်။
တိုက်ပွဲ အလျင်အမြန် ပြောင်းလဲသွား၏။ ဆုံးဖြတ်ချက် အမှားအသေးလေးတစ်ခုသည် အရာအားလုံးကို ဆုံးရှုံးစေနိုင်ပေသည်။
ချန်လွေ့သည် သေချာစဉ်းစားပြီးမှသာ [ မီးသင့်နဂါး ဝင်စီးခြင်း ] ကို မသုံးခဲ့ခြင်း ဖြစ်သည်။ ၎င်းကို အသုံးပြုပြီးသည်နှင့် ၂၄ နာရီအတွင်း [ ကြယ်တာရာဂိတ် ] အပြင် မည်သည့်အစွမ်းကိုမျှ အသုံးပြု၍ရတော့မည် မဟုတ်ပေ။ ဤနေရာသည် ယခင်ကကဲ့သို့ သလင်းကျောက်တောင်ကြားနှင့် မတူပေ။ [ ကြယ်တာရာဂိတ် ] အသုံးပြုရန်အတွက် သင့်တော်သော နေရာ မရှိပေ။ လက်ရှိ တိုက်ပွဲအခြေအနေတွင် သူ အသာစီး ရနေသော်လည်း မည်သည့်ရန်သူများ၊ အရေးပေါ်များ ပေါ်ထွက်လာမည်ကို မသိသေးပေ။ ထို့ကြောင့် သူသည် အရန်အစီအစဉ်တစ်ခု ချန်ထားရဦးပေမည်။
ဆာထရီ ဆင်းသက်ပြီးသည်နှင့် ပြိုင်ဘက်၏ ပုံရိပ်သည် သူ့အရှေ့၌ ချက်ချင်း ထွက်ပေါ်လာ၏။ နောက်ထပ် တယ်လီပို့ ခုန်တာပဲ။
ဆာထရီ၏ နှလုံးသားထဲ၌ ပြင်းထန်သော ကပ်ဘေးခံစားချက်တစ်ခု မြင့်တက်လာသည်။ နှစ်ပေါင်းများစွာ အတွေ့အကြုံများက ချန်လွေ့၏ ရင်ဘတ်ကို ဓားဖြင့်ထိုးရန် သို့မဟုတ် ရှောင်တိမ်းရန် ပြောနေလေသည်။ သို့သော်လည်း ၎င်းသည် နောက်ထပ်အမှားတစ်ခု ဖြစ်သည်။ တစ်ဖက်လူသည် ၎င်းကိုရှောင်တိမ်းချင်စိတ် လုံးဝမရှိပေ။ ဆာထရီသည် ချန်လွေ့၏ ရင်ဘတ်ကို ဓားဖြင့် ထိုးဖောက်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ချန်လွေ့၏ လက်ထဲ၌လည်း ဓားမြောင်တစ်လက် ရှိနေ၏။ ဆာထရီ တုံ့ပြန်ရန် အချိန်မရသေးခင်မှာပင် ထိုဓားမြောင်သည် လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် သူ၏နှလုံးထဲ စိုက်ဝင်သွားတော့သည်။
၎င်းသည် တကယ့်တိုက်ပွဲတစ်ခု၌ လက်နက်ကို ချန်လွေ့ ပထမဆုံး အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ၎င်းသည်လည်း သူကိုယ်တိုင် ပြုလုပ်ထားသော လျို့ဝှက်လက်နက်တစ်ခု ဖြစ်ပေသည်။
လောင်မြိုက်အရိပ်(ဓားမြောင်) - ဒဏ္ဍာရီလာအဆင့် မှော်ဓားမြောင်။
ဂုဏ်သတ္တိများ - တိုက်ခိုက်နှုန်း နှစ်ဆမြန်စေနိုင်။ ရန်သူ၏ခုခံမှုကို အားနည်းစေနိုင်။ ဆုတ်ဖြဲခြင်း ဒဏ်ရာကို ၁၀၀% တိုးစေနိုင်။ သွက်ချာပါဒ သက်ရောက်မှုဖြစ်နိုင်ချေ အနည်းငယ်ရှိနိုင်။
၎င်းသည် အလွန်ပင် အန္တရာယ်များသော လက်နက်တစ်ခု ဖြစ်သည်မှာ သံသယမရှိပေ။ တိုက်ခိုက်နှုန်း တိုးစေပြီး ခုခံမှု အားနည်းစေခြင်း သည်ကပင် အလွန်စွမ်းနေလေပြီ။ ဆုတ်ဖြဲခြင်း ဒဏ်ရာနှင့် သွက်ချာပါဒ ကဲ့သို့သော သက်ရောက်မှုများလည်း ပါနေသည့်အတွက် ပြောနေစရာပင် မလိုပေ။ ၎င်းကို ချောင်းမြောင်းတိုက်ခိုက်ရန်အတွက် အကောင်းဆုံး လက်နက်တစ်ခုဟု ပြောနိုင်ပေသည်။
ဆာထရီက သူ၏ရင်ဘတ်မှ ဓားမြောင်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်ပြီး မချိမဆံ့ နာကျင်ခံစားလိုက်ရသည်။ သူ၏ ဒဏ်ရာ တစ်ခုလုံးသည် သားရဲတစ်ကောင်၏ သွားထက်ထက်ဖြင့် ကိုက်ဖြဲလိုက်သကဲ့သို့ပင် ဖြစ်နေသည်။ ၎င်းသည် ဓားမြောင် အသေးလေးကြောင့် ဖြစ်သည်မှာ ယုံရခက်ခက်ပင် ဖြစ်သည်။ သူသည် ထိုကဲ့သို့ နာကျင်မှုမျိုးကို သူ မခံစားရသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။
သူ၏ခန္ဓာကိုယ် လုပ်ဆောင်ချက်များ တုံ့ပြန်မှု စွမ်းရည် ဆုံးရှုံးသွားသည့်အပြင် စိတ်ပိုင်းဆိုင်ရာလည်း အားနည်းသွားပုံရသည်။ ထိုဓားမြောင်သည် အရေးပါသော နေရာတစ်ခုကို ထိသွားခဲ့ပြီး သွက်ချာပါဒ သက်ရောက်မှုကိုပင် ဖြစ်လာစေသည်။
နတ်ဆိုးများသည် လူသားများနှင့် မတူကြပေ။ သာမန်လူများကို သေစေနိုင်သော ထိုဒဏ်ရာသည် ဆာထရီအား စွမ်းအားအကုန် မဆုံးရှုံးသွားစေခဲ့ပေ။ သူ၏ လက်ကောက်ဝတ် လှုပ်ရှားသွားပြီးနောက် စုစည်းထားသော [ လောင်ကျွမ်း မိုးကြိုးလျှပ်စီး ] ပေါက်ကွဲထွက်သွားတော့သည်။ ရုတ်တရက် “ချာလီစ်”သည် မိုးကြိုးလျှပ်စီးများ၏ ဝိုင်းရံခြင်းကို ခံလိုက်ရသည်။ သူ ပြင်းပြင်းထန်ထန် လွင့်စင်သွားပြီး မြေပေါ်သို့ လဲကျသွား၏။
သူလွင့်ထွက်သွားစဉ် သူ၏ ဓားကဲ့သို့ လက်ဝါးသည် ဆာထရီ၏ ပုခုံးက လက်ခနဲ ထိသွားသည်။ လေထဲမှ ထက်မြက်လှသော ဓားချီသည် နောက်ထပ် ပြင်းထန်သော ဒဏ်ရာတစ်ခု ဖြစ်သွားစေသည်။ နတ်ဆိုးဧကရာဇ်အဆင့်၏ ခန္ဓာအမျိုးအစားမှာ လုံးဝ ပေါ့သေးသေး မဟုတ်ပေ။ သို့မဟုတ်ပါက ထို [ အရှိန်အဝါဓားသွား ] ကြောင့် ဆာထရီ၏ လက်တစ်ဖက် ပြတ်သွားပြီ ဖြစ်သည်။
အဆက်မပြတ် နာကျင်မှုကြောင့် ဆာထရီ အော်ဟစ်လိုက်မိသည်။ သူ၏ နှလုံးသားထဲ၌ ရှင်းပြ၍မရသော အကြောက်တရားတစ်ခု လှိမ့်တက်လာ၏။ ၎င်းသည် နဂိုက သူ ယုံကြည်ချက်ရှိသော လွယ်ကူသည့် ကိစ္စတစ်ခု ဖြစ်သည်။ သို့သော်လည်း ၎င်းသည် မမျှော်လင့်ဘဲနှင့် ထိုကဲ့သို့ ပြောင်းလဲသွားသည်။
ချန်လွေ့၏ မယ်ဂရီဇ်အခြေအနေသည် ကြီးကြီးမားမား တိုးတက်သွားခဲ့ပြီး ပိုက်နက်ကို အခြေခံအားဖြင့် ကျွမ်းကျင်သွားခဲ့သော်လည်း သူတို့ကြားရှိ ကွာခြားချက်မှာ အတော်လေး ကြီးမားနေသေးသည်။ ( [ မီးသင့်နဂါး ဝင်စီးခြင်း ] ကဲ့သို့ လျို့ဝှက်လက်နက်များနှင့် အဆောင်ပစ္စည်းများကို အသုံးမပြုရသေးပေ။) နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်းအား သူ ထိခိုက်ခံပြီး တိုက်ခိုက်နိုင်သည်မှာ အဓိကအားဖြင့် နည်းဗျူဟာဖြင့် အလစ်တိုက်ခိုက်ခြင်းကြောင့်သာ ဖြစ်လေသည်။
ဆာထရီ ရောက်လာစဉ်ကတည်းက ချန်လွေ့သည် ထိုနည်းဗျူဟာကို စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။ မူလ အကျဉ်းချ လက်ထိပ်မှစ၍ ချန်လွေ့သည် ဆာထရီ၏ ထင်ထောင်ထင်မှုများကို အသုံးချကာ ဖန်တီးနေခဲ့သည်။ နောက်ဆုံး၌ သူသည် အစွမ်းကုန် တိုက်ခိုက်ခဲ့သည်။ ၎င်းကို ပြိုင်ဘက်ဖြစ်သူက မထင်မှတ်ထားခဲ့ပေ။ ၎င်းသည် အမှန်တကယ်ပင် အံ့ဩဖွယ်ရာ သက်ရောက်မှုတစ်ခု ဖြစ်ပေသည်။
ထိုအချိန်၌ ဆာထရီ၏ ကြောက်လန့်မှုကို စကားဖြင့် ဖော်ပြ၍ မရနိုင်တော့ပေ။ ပြင်းထန်တဲ့ ပုခုံးဒဏ်ရာတစ်ခု၊ နှလုံးသားဒဏ်ရာ။ ပြီးတော့ ထူးဆန်းတဲ့ ထုံထိုင်းမှုတစ်ခုလည်း ရှိနေတယ်။ ငါ အဆိပ်ခတ်ခံရတာလား မသိဘူး။ ဒီလိုမျိုး ပြင်းထန်တဲ့ဒဏ်ရာမရတာ ဘယ်နှစ်နှစ်တောင် ကြာပြီလဲ။
သူ့ကိုပို၍ ကြောက်ရွံ့သွားစေသည်မှာ ရင်ဘတ်၌ ဓားတစ်ချောင်းရှိနေသော ထိုသူသည် အစွမ်းထက်လှသော [ လောင်ကျွမ်း မိုးကြိုးလျှပ်စီး ] ၏ ဒြပ်စင်အားကို ထိပ်တိုက် ရင်ဆိုင်ပြီးသော်လည်း အမှန်တကယ်ပင် ဖြည်းဖြည်းချင်း မတ်တပ်ရပ်လာခဲ့ခြင်းပင်။ သူ၏ ဓားသွားကဲ့သို့ ထက်မြက်လှသော အကြည့်သည် ဆာထရီ၏ အမြုတေကို တိုက်ရိုက် ထိုးဖောက်သွားခဲ့သည်။ ထိုသူသည် ပြင်းထန်သော တိုက်ခိုက်ချင်စိတ်များ ပြည့်နှက်နေကာ ရင်ဘတ်မှ ဒလဟောထွက်နေသော သွေးများကို လုံးဝ လျစ်လျူရှုထားခဲ့သည်။
အမှန်တကယ်၌ ချန်လွေ့၏ ဒဏ်ရာမှာ အသေးစား မဟုတ်ပေ။ [ မီးသင့်နဂါး ဝင်စီးခြင်း ] မရှိလျှင် နတ်ဆိုးဧကရာဇ်အဆင့် စွမ်းအားသည် သူ၏ လက်ရှိအခြေအနေဖြင့် ခုခံနိုင်သောအရာ မဟုတ်ပေ။ အထူးသဖြင့် အတွင်းထဲ၌ ပေါက်ကွဲထွက်သော အစွမ်းထက်လှသည့် [ လောင်ကျွမ်း မိုးကြိုးလျှပ်စီး ] ကိုပင် ဖြစ်၏။ ၎င်းသည် သူ၏ခန္ဓာကိုယ်ကို ပြိုလဲလုမတတ် ဖြစ်သွားစေသည်။ [ အသစ်ပြန်ဖြစ်ခြင်း ] ၊ [ ထိခိုက်မှုစုပ်ယူခြင်း ] နှင့် [ မှော်-ဆန့်ကျင် ] တို့ ရှိသော်လည်း အတော်လေး ခက်ခက်ခဲခဲ ခုခံနေရသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ယခုတွင် စုတ်ပြတ်သတ်နေခဲ့သည်။ သို့သော်လည်း သူ၏ ကောင်းမွန်လှသော စိတ်စွမ်းအားကိုသုံးပြီး နာကျင်မှုကို သည်းခံကာ မတ်မတ် ရပ်နေခဲ့သည်။
ငါရပ်နေမှပဲ ရန်သူကို အနိုင်ယူနိုင်မှာ။
ဒဏ်ရာပြင်းထန်သော ရင်ဘတ်ကြောင့် ဖြစ်ပေမည်။ ဆာထရီသည် ရုတ်တရက် စိတ်ထဲ၌ အလွန်အမင်း ကြောက်လန့်သွား၏။ သူ၏စွမ်းအား အကြောင်းရင်းမရှိဘဲ အနည်းငယ် အားနည်းသွားသည်။ အမှန်တကယ်၌ သူသည် နောက်ဆုံးတိုက်ပွဲအတွက် စွမ်းအား ရှိနေသေးသည်။ သူ၏ပိုင်နက်ကို အသုံးပြုမည်ဆိုလျှင် အနိုင်ရရန် မျှော်လင့်ချက် ရှိလာနိုင်ပေသည်။
သို့ရာတွင် ဆာထရီသည် သန်းခေါင်နေအရှင် လက်အောက်ရှိ အကြောက်တရားကင်းမဲ့ပြီး ရဲရင့်သော ဓားထက်ထက်တစ်လက် မဟုတ်တော့ပေ။ နေ့စဉ်ပျော်ရွှင်ခံစားမှုများနှင့် လျို့ဝှက်ကြံစည်မှုများကြောင့် စစ်မှန်သော သတ္တိနှင့် တိုက်ခိုက်ချင်စိတ်တို့ ကုန်ဆုံးသွားခဲ့လေပြီ။ ယခု၌ သူ့တွင် အတွေးတစ်ခုသာ ရှိတော့သည်။ ၎င်းမှာ ထွက်ပြေးပြီး ထိုကြောက်မက်ဖွယ်ရာ အရူးကောင်နှင့် နောက်ထပ် ဘယ်တော့မှ မတိုက်ခိုက်ရန်ပင် ဖြစ်လေသည်။
တိုက်ခိုက်ချင်စိတ်နှင့် သတ္တိမရှိတော့သော ရန်သူ တစ်ယောက်သည် မည်မျှပင် အစွမ်းထက် စေကာမူ ဝိညာဉ်မရှိတော့သော အခွံတစ်ခုသာ ဖြစ်လေသည်။
ချန်လွေ့က တစ်ဖက်သူထံမှ အကြောက်တရားကို မြင်ပြီး နာကျင်မှုကို ဖိနှိပ်ရန်အတွက် အံကြိတ်လိုက်သည်။ ဆာထရီကို သူ ဆက်ပြီး တိုက်ခိုက်ရန် ပြင်လိုက်စဉ် သတိပေးချက်တစ်ခု ရုတ်တရက် ရလိုက်သည်။ သူ လက်ဝှေ့ရမ်းလိုက်ရာ အားကောင်းသော ဒူးလေး မြားနှစ်ချောင်းကို ဖမ်းမိသွသည်။ ၎င်းတို့တွင် အဆိပ်သုတ်ထားဟန် တူသည်။ ၎င်းတို့သည် တီရီဆာနှင့် တွန့်ထ်တို့ဘက်က ရောက်လာခြင်း ဖြစ်သည်။ ချန်လွေ့ မထိန်းနိုင်၍ [ ဆောင်းဦးပိုင်နက် ] ပျောက်ကွယ်သွားသည့်အခါ သူတို့နှစ်ယောက်၏ စွမ်းအားများ ပြန်လည်ရရှိလာခြင်း ဖြစ်သည်။
တွန့်ထ်က ချန်လွေ့သည် နတ်ဆိုးဧကရာဇ်အဆင့် ဆာထရီနှင့် ယှဉ်တိုက်ပြီး အနည်းငယ် အသာစီး ရရှိခဲ့သည်။ ထို့ကြောင့် သူ၏စွမ်းအားသည် ချန်လွေ့နှင့် မယှဉ်နိုင်ကြောင်း သူသိသည်။ ချန်လွေ့၏ စူးရှသောအကြည့်က သူ့ဆီသို့ ရောက်လာသည်ကို မြင်ရင်း အန္တရာယ် ကျရောက်တော့မည်ဟု စိုးရိမ်သွားခဲ့ပြီး တီရီဆာအား အလျင်အမြန် လက်ညှိုးထိုးကာ အော်ပြောလိုက်သည်။ “သူ ပစ်တာ။”
တီရီဆာသည် လက်ထဲ၌ မှော်ဒူးလေးတစ်လက် ကိုင်ထားသည်။ သူ၏ရင်ဘတ် နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး သူ၏မျက်နှာ၌ တင်းမာမှုနှင့် အကြောက်တရားများ ရောထွေးနေသည်။ သို့သော်လည်း သူ၏မျက်လုံးထဲ၌ အမုန်းတရား အနည်းငယ် ရှိနေသေးသည်။
ချန်လွေ့ ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး မျက်နှာလှည့်ကြည့်လိုက်ရာ ဆာထရီသည် ထိုအဖိုးတန် အခွင့်အရေးကို အသုံးချပြီး အကျဉ်းထောင် ဂိတ်တံခါးမှ အသည်းအသန် ထွက်ပြေးသွားသည်ကို မြင်လိုက်ရသည်။ ထို့နောက် သူသည် ခလုတ်အချို့ကိုနှိပ်လိုက်ရာ အကျဉ်းထောင်ဂိတ်တံခါးလည်း တဖြည်းဖြည်း ပိတ်သွားတော့သည်။
နတ်ဆိုးဧကရာဇ်အဆင့် [ A- ] ၏ အမြန်နှုန်းမှာ အတော်လေး မြန်လွန်းလှသည်။ ချန်လွေ့ လိုက်မမှီပေ။ တွန့်ထ်သာ အမြန်ပြေးသွားပြီး ဆာထရီအား တံခါးပွင့်ပေးရန် အော်ဟစ် တောင်းပန်ခဲ့သည်။ သို့သော် ဆာထရီသည် ထိုအချိန်၌ မည်ကဲ့သို့ ဂရုစိုက်မည်နည်း။ ဆာထရီက ဂီယာများကို အသက်သွင်း လိုက်ပြန်သည်။ ထို့နောက်တွင် တံခါးပိတ်သံများ ထွက်ပေါ်လာ၏။
လှောင်အိမ် ပွင့်သွားခဲ့သော်လည်း အကျဉ်းခန်း၁၃ တစ်ခုလုံး တင်းတင်းကြပ်ကြပ် အပိတ်ခံလိုက် ရသည်။ ၎င်းသည် လှောင်အိမ်အကြီးတစ်ခုနှင့် တူနေပေသည်။
“အိုး...သွားပြီ။” တွန့်ထ် ပြိုလဲလုမတတ် ဖြစ်နေ၏။ ချန်လွေ့၏ အေးစက်သော အကြည့်နှင့် မျက်လုံး ဆုံမိသည်နှင့် တွန့်ထ်သည် သူ၏အရှေ့၌ ကြောက်မက်ဖွယ်ရာ ရန်သူတစ်ယောက် ရှိနေသေးကြောင်း သတိရလိုက်သည်။ ထို့ကြောင့် သူအမြန်ထပြီး ဒူးထောက်လိုက်သည်။ “ကျုပ်ကို ခွင့်လွှတ်ပေးပါ။ ဆာ။ ကျုပ်က မိသားစု အမိန့်ကြောင့် ရောက်လာရတာပါ။ ပီးရာ့စ်က ကျုပ်ရဲ့ အလှမ်းဝေးတဲ့ ဦးလေးတစ်ယောက်ပါ။ ပုံမှန်ဆိုရင် ကျုပ် သူ့ကိုတောင် သွားမတွေ့ဘူး။ အဲဒီအဘိုးကြီးက သူ့သေတွင်း သူရှာခဲ့တာ။ သူက တကယ်ကြီး ဆာ့ကို ဆန့်ကျင်ခဲ့တယ်....”
အသက်ချမ်းသာပေးရန်အတွက် တွန့်ထ်သည် သူ၏ သေဆုံးသွားသော ဦးလေးကို အပြစ်ပုံချပြီး ရုပ်ဆိုးသောဘက်ခြမ်းကို ပြသခဲ့သည်။ ချန်လွေ့၏ မျက်လုံးထဲ၌ ပြင်းထန်သော ရွံရှာမှုများ ပြည့်နှက်သွားပြီး စကားဆုံးသည်အထိ ပြောခွင့် မပေးခဲ့ပေ။ ချန်လွေ့ လက်တစ်ဖက် လှုပ်ရှားလိုက်ရာ တွန့်ထ်၏မျက်နှာသည် ပြင်းထန်သော ရိုက်ချက်ဖြင့် ထိသွားပြီး အရိုးကျိုးသံများ ထွက်ပေါ်လာကာ မြေပေါ်သို့ ချက်ချင်း လဲကျသွားကာ တဖြည်းဖြည်းနှင့် သွေးများယိုစီးကျလာတော့သည်။ သူ သေသလား၊ ရှင်သလား ဆိုသည်ကို မည်သူမှ မသိကြပေ။
တွန့်ထ်အား အလဲထိုးပြီးသည့်အခါ ချန်လွေ့သည် ခုနက မိမိအား ဒူးလေးဖြင့် အလစ်တိုက်ခဲ့သော တီရီဆာကို ဖျပ်ခနဲ ကြည့်လိုက်သည်။ တီရီဆာ တုန်လှုပ်နေ၏။ သူ သေချာပေါက် သေရမည်ကို သိသည့်အတွက် အံကြိတ်ကာ ပြောသည်။ “ကျွန်မက တစ်ယောက်ယောက်နဲ့ လက်ထပ်ခဲ့ပြီးပြီ။ နောက်တော့ သိမ်းသွင်းဖို့အတွက် ပစ္စည်းတစ်ခုအနေနဲ့ လက်စတင်းနဲ့ လက်ထပ်ခဲ့ရတယ်။ ကျွန်မတို့ကြားမှာ ဘာချစ်ခြင်းမှ မရှိဘူး။ ပြီးတော့ ရှင်ပြောတဲ့အတိုင်းပဲ အကျိုးအမြတ်နဲ့ လဲလှယ်လို့ရတဲ့ အမုန်းတရားက တကယ့် အမုန်းတရား မဟုတ်ဘူး။ ဒါပေမဲ့ သူသေသွားပြီးတော့ အခြားဩဇာရှိတဲ့ သူတွေနဲ့ လက်ထပ်ဖို့အတွက် ကျွန်မကို ပစ္စည်းတစ်ခု အနေနဲ့ ထပ်ပြီး သုံးကြလိမ့်မယ်။ အဲဒါကြောင့် ကျွန်မ ရှင့်ကို မုန်းတယ်။ ဒီလို မျှော်လင့်ချက်မဲ့တဲ့ ဘဝကြီးကို မုန်းတယ်။”
ချန်လွေ့၏ စိတ်ထဲ၌ တိတ်ဆိတ်သွားသည်။ အကြီးအကဲမိသားစု ကလေးများ၏ တောက်တောက်ပြောင်ပြောင် အဝတ်အစားများနှင့် မြင့်မြတ်ခြင်းတို့တွင် ဝမ်းနည်းမှုများမှာ ရှိနေ၏။ ချန်လွေ့၏လက် လှုပ်ရှားသွားခဲ့သည်။ ထို့နောက် တီရီဆာ သတိလစ်သွာသည်။
“အသက်ရှင်မှပဲ မျှော်လင့်ချက်ရှိတာ။” ချန်လွေ့က အပြင်းအထန် ဒဏ်ရာရထားသော ရင်ဘတ်ကို ဖိပြီးပြောသည်။ ၎င်းမှာ ကိုယ့်ကိုယ့်ကိုယ် ပြောခြင်းလား၊ တီရီဆာကို ပြောခြင်းလား သူ မသိပေ။
“အရူးကောင်” ဆာထရီ၏ ရန်ငြိုးထားသော အသံ ထောင်အပြင်မှ ထွက်လာ၏။ သူ၏အသံသည် မှော်ပစ္စည်းတစ်မျိုးမျိုးနှင့် ကူးပြောင်းထားခြင်း ဖြစ်နိုင်လောက်ပေသည်။
“သိပ်မကြာခင် ဒိုရင်းနဲ့ အစောင့်တွေ ဒီကို ရောက်လာလိမ့်မယ်။ အကျဉ်းထောင်ကနေ ထွက်ပြေးဖို့ ကြိုးစားတဲ့အတွက် မင်းကို တစ်ခါတည်း သုတ်သင်လိမ့်မယ်။”
“ထွက်ပြေးဖို့ မကြိုးစားနဲ့။ ချုပ်တည်းမှုကနေ မင်း လွတ်နိုင်ရင်တောင် ဒီချိပ်ပိတ်ထားတဲ့ အကျဉ်းထောင်ကို နတ်ဆိုးဧကရာဇ်အစွမ်းနဲ့ ဖောက်ထွက်နိုင်မှာ မဟုတ်ဘူး။”
“မင်း ဆိုးဆိုးဝါးဝါး သေသွားတာကို ငါ့မျက်လုံးနဲ့ ကိုယ်တိုင်ကြည့်ရမယ်။”
ချန်လွေ့က ဆာထရီကို လျစ်လျူရှုလိုက်၏။ ထိုသူသည် မကိုက်ရဲသော ခွေးတစ်ကောင်သာ ဖြစ်ပေသည်။
“လေ စပြီးတော့ တိုက်လာပြီ။ ပြီးရင် မုန်တိုင်း လာတော့မယ်။ မိုးကြိုးလေးဘာလေး ထပ်ပေါင်းထည့်ကြတာပေါ့။ ” ချန်လွေ့က အေးအေးဆေးဆေး ပြောသည်။ သူ၏လက်ထဲ၌ သစ်ကြားသီးအရွယ် အလုံးတစ်လုံး ရှိနေ၏။ ထိုအလုံးပေါ်၌ ဖြည်းဖြည်းချင်း တုန်ခါနေသော မှော်စာများ စတင်ပေါ်ထွက်လာတော့သည်။