နတ်မိမယ်နဂါး၏ ဆုံးဖြတ်ချက်နှင့် မြို့တော် လော့ဒ်အစည်းအဝေး
Vol. 25 Ch. 364
ဇိုလာ၏ မျက်လုံးများ ဖြည်းဖြည်းချင်း ပွင့်လာသည်။ သူ အနည်းငယ် ခေါင်းကိုက်နေပြီး သူ၏ခန္ဓာကိုယ် အနည်းငယ် ယိမ်းထိုးနေပုံရသည်။ သူ အာရုံစိုက်ကြည့် လိုက်သောအခါ သူ့ကို “ရစ်ချတ်”က လက်မောင်းထဲ၌ ချီထားပြီး ရှေ့သို့ သွားနေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
သောက်ကောင်။ သူက ငါ့ကို ဘယ်လိုလုပ် ထိရဲတာလဲ။
အားရား။ ငါ့ခန္ဓာကိုယ်က အားလုံးဝ ရှိမနေဘူး။ ဒြပ်စင်တွေတောင် ပျက်ယွင်းကုန်တယ်။ အဲဒါကြောင့် အချိန်တိုအတွင်း စုစည်းလို့ရမှာ မဟုတ်ဘူး။ ကြည့်ရတာ ခုနက မှော်စာရဲ့ စာသားက ဒြပ်စင်ဖြိုဖျက်ခြင်းနဲ့ နေရာလွတ် တယ်လီပို့ခြင်း ဖြစ်မယ်။ အမ်း..... တိုက်ခိုက်မှု အနည်းငယ်လည်း ရှိသလိုပြ။ ဒီစာကြောင်းတွေက ကွယ်ဝှက်ထားတဲ့ပုံပဲ။ သီးခြားရှေ့ဆက်တဲ့အခါမှာ အထူးစွမ်းအားတွေ ရှိတယ်။ ဒါပေမဲ့ တစ်ခုလုံး ပေါင်းစပ်လိုက်တဲ့အခါ နောက်ထပ် ကန့်သတ်ဖြင်း သက်ရောက်မှု ရှိနေတယ်...
အားရား။ အခု ငါဘာလို့ အများကြီး ထပ်လုပ်ချင်နေသေးတာလဲ။ အဲဒီ ဖြိုခွဲစွမ်းအားကို မြန်မြန်ဖျက်ပစ်ပြီးတော့ ဒီအတင့်ရဲတဲ့ကောင်ကို အမှုန့်ဖြစ်သွားအောင် လုပ်ပစ်ချင်တယ်။
ဒီလူက တကယ်တော့ တော်တော်လေး ကြည့်ကောင်းသားပဲ။ သူက အလုပ်ကြိုးစားပြီးတော့ အရသာရှိတဲ့ စားစရာတွေကို လုပ်တယ်။ သူက ရှေးမှော်စာမှာ မယုံနိုင်စရာ ပါရမီရှိတဲ့ မှော်စက်ဝိုင်းနဲ့ ယန္တရား ဆရာသခင် တစ်ယောက်လည်း ဟုတ်တယ်။ သူက အလုပ်ကြိုးစားတဲ့ စမ်းသပ်ခံပစ္စည်းတစ်ခုပဲ။ သူ့ကို အမှုန့်ဖြစ်အောင် လုပ်ပစ်တာက သနားစရာ မကောင်းဘူးလား။ ဂျုံကော်ဖြစ်ဖြစ်၊ ယိုဖြစ်ဖြစ်......
မစ်-နတ်မိမယ်နဂါး၏ “ထိုအတင့်ရဲသောသူများ ဖြေရှင်းရန်” အတွေးများ အဆက်မပြတ် ပြောင်းလဲနေခဲ့သည်။ မှော်စာကြောင့် ဒြပ်စင်များ ပြိုကွဲသွားသည့်အတွက် အချိန်တစ်ခုအထိ စုစည်း၍ရတော့မည် မဟုတ်ပေ။ သူသည် သတိလစ်နေဟန်ဆောင်ပြီး ထိုသူအား မိမိကို အခန်းထဲသို့ ခေါ်သွားစေလိုက်၍သာ ရတော့သည်။
ထိုအချိန်၌ ပြိုကွဲသွားသော ဒြပ်စင်စွမ်းအားများ နောက်ဆုံး၌ အနည်းငယ် စုစည်းလာသည်။ ထိုသူ၏ [မှော်-ဆန့်ကျင်] ခန္ဓာအမျိုးအစားကို ဇိုလာ စဉ်းစားမိလိုက်သည်။ ရန်သူကို တစ်ချက်တည်း အနိုင်ယူရန်အတွက် သူ မိနစ်အနည်းငယ် စောင့်ဆိုင်းရန် လိုအပ်နေသေးသည်။
ချန်လွေ့သည် သူ၏လက်မောင်းထဲမှ မစ်-နတ်မိမယ်နဂါး နိုးနေပြီဖြစ်ကြောင်း မသိခဲ့ပေ။ သူသည် ဇိုလာအား ကုတင်ပေါ်၌ သေသေချာချာ တင်ပြီး နဖူးကို ထိကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ “နည်နည်း ပူနေတယ် မဟုတ်လား။ အားရား။ သူက တကယ့်ကို ရူးမိုက်တဲ့ မိန်းမပဲ။ ခုနက ဒီလောက် အန္တရာယ်များတာတောင် သူ မရပ်တန့်ခဲ့ဘူး။”
ချန်လွေ့က ကိုယ့်ကိုယ်ကိုယ် စကားအနည်းငယ် တီးတိုးပြောရင်း ဇိုလာ၏ အနည်းငယ် လှစ်ဟာနေသော ဆွဲဆောင်မှုရှိသည့် ခန္ဓာကိုယ်အား စောင်ဖြင့် ဖုံးလိုက်သည်။ ထို့နောက် လှည့်ထွက်သွားသည်။
ဇိုလာ၏ ရှည်လျားသော မျက်တောင်များ အနည်းငယ် ပွင့်လာသည်။ တောက်။ နင်က ငါ့လို မစ်-ဉာဏ်ကြီးရှင်ကို ရူးမိုက်တဲ့ မိန်းမလို့ ဘယ်လိုပြောရဲတာလဲ။ ပြီးတော့ ငါ့နဖူးကိုတောင် ထိခဲ့သေးတယ်။
ခြေသံများ ချဉ်းကပ်လာပြန်သည်။ ထိုအချိန်၌ နတ်မိမယ်နဂါးသည် စွမ်းအား အများစု ပြန်လည် ရရှိနေပြီ ဖြစ်သည်။ ထိုနှာဘူးကောင်ကို သတ်ပစ်ရသည်မှာ လွယ်ကူပေသည်။ သို့သော်လည်း ဇိုလာက သတိလစ်နေသည့်ပုံစံ ဟန်ဆောင်နေသေးသည်။ သူသည် ချန်လွေ့၏ ရည်ရွယ်ချက်များ တစ်ခုခု မှားနေသည့်အခါ ရုတ်တရက် တိုက်ခိုက်ရန် ပြင်ဆင်နေသည်။
ချန်လွေ့၏လက် တဖြည်းဖြည်း ချဉ်းကပ်လာသည်။ သို့သော်လည်း ၎င်းသည် သူ၏ အင်္ကျီထဲသို့ မရောက်သွားဘဲ နဖူးပေါ်သို့သာ ရောက်သွားသည်။ ၎င်းသည် အေးစက်လှ၏။ ၎င်းမှာ ပုဝါစိုတစ်ထည် ဖြစ်နေသည်။ ထို့နောက် မည်သည်မှ ဆက်မဖြစ်တော့ပေ။
မစ်-ဇိုလာ၏ ကြာရှည်ပြင်ဆင်ထားသော အစွမ်းထက် မှော်ပညာသည် ဝါဂွမ်းကို လက်သီးဖြင့်ထိုးသလို အချည်းနှီး ဖြစ်သွားခဲ့ပြီး စိတ်မသက်မသာ ဖြစ်သွားသည်။ ရုတ်တရက် သူသည် ဖော်ပြ၍ မရသော ဒေါသတစ်ခုကို ခံစားလိုက်ရသည်။ တောက်။ ငါက ဒီလောက်လှပြီးတော့ ဆွဲဆောင်မှုရှိတာ..... အဲဒီကောင်က အခွင့်အရေး မယူခဲ့ဘူး။ ငါက လုံးဝ ဆွဲဆောင်မှု မရှိလို့လား။ အမြင်မရှိတဲ့သူပဲ။
ချန်လွေ့သည် ဇိုလာ၏ အငြင်းပွားနေသော အတွေးများကို မသိပေ။ အမှန်တကယ်၌ ကတ်သရင်းသည်သာ အလှတရားနှင့် ခန္ဓာကိုယ်အချိုးအစား၌ ဇိုလာကို ယှဉ်နိုင်သည်။ ထို “လှပပြီးဆွဲဆောင်မှုရှိသော” အမျိုးသမီးကို ပွေ့ဖက်ထားရသည်မှာ ချန်လွေ့အတွက် လုံးဝဘာမျှမဖြစ်သည်မှာ မဖြစ်နိုင်ပေ။
သို့သော် နတ်မိမယ်နဂါး၏ ပုံမှန်သြဇာ၊ အထူးဖြင့် စမ်းသပ်ချက်များကြောင့် ဖြစ်ခဲ့သော စိတ်ဒဏ်ရာများကို စဉ်းစားမိသည့်အခါ ချန်လွေ့၏ တပ်မက်သော အတွေးတချို့သည် အကြောက်တရားကြောင့် ချက်ချင်း လွင့်စင်သွားကုန်သည်။
ရှေးမှော်စာများကြောင့်သာ မဟုတ်လျှင်..... ချန်လွေ့ သတ္တရှိသည့်တိုင် ပါ့ဂ်လီအိုပင် ကြောက်ရသော ထိုကြောက်မက်ဖွယ်ရာ မိန်းမလှကို ထိပင်ထိရဲမည် မဟုတ်ပေ။
ဇိုလာ၏ စမ်းသပ်ချက်သည် ပါ့ဂ်လီအို၏ ချိပ်ပိတ်နှင့် တိုက်ရိုက် သက်ဆိုင်နေသည်။ ထိုအချိန်တွင် ချန်လွေ့သည် ဇိုလာကို မတော်တဆ လုံးဝ မဖြစ်စေချင်ပေ။ သူကိုယ်တိုင်လည်း သတိထားရပေမည်။
ချန်လွေ့က ပုဝါကို လဲရန်ပြင်လိုက်စဉ် ဇိုလာ၏ ခရမ်းရောင်မျက်လုံးများ ပွင့်လာသည်ကို တွေ့လိုက်ရသည်။ ထိုအချိန်၌ သူ ထိတ်လန့်သွားခဲ့ပြီး သူ၏လက်သည် လေထဲ၌ပင် ရပ်တန့်သွားခဲ့သည်။ မစ်-နတ်မိမယ်နဂါးက သတိထားသည့် အမူအရာဖြင့် ပြောသည်။ “နင် ဘာလုပ်ဖို့ ကြံနေတာလဲ။”
“ကူညီဖို့ပါ။ ပုဝါ....လဲပေးဖို့။ ခုနက စမ်းသပ်ချက်မှာ ခင်ဗျား သတိလစ် သွားခဲ့တယ်။” ချန်လွေ့က ခပ်မြန်မြန် ရှင်းပြသည်။ လက်ရှိအခြေအနေမှာ အမှန်ပင် အထင်လွဲရန် လွယ်ကူလှသည်။ အကယ်၍ ဇိုလာသာ သူ့ကိုနှာဘူးအဖြစ် မြင်သွားမည် ဆိုလျှင် သူကိုယ်သူ ရှင်းပြရန် မဖြစ်နိုင်တော့ပေ။
“တကယ်လား။” ဇိုလာက နဖူးပေါ်မှ ပုဝါကို ထိလိုက်ပြီး မသင်္ကာသည့် မျက်နှာဖြင့် ပြောသည်။ “ခုနက နင် တစ်ခုခု မလုပ်ပါဘူးနော်။”
“ကျုပ်က....ခင်ဗျားကို ကျောပိုးပြီး ဒီကို သယ်လာတာပါ။ ခင်ဗျားရဲ့ မျက်မှန် ကိုလည်း ဘေးဖက်မှာ ထားထားပါတယ်။” ချန်လွေ့သည် ဇိုလာ အတွေးလွန်မည်ကို စိုးရိမ်သည့်အတွက် “ပွေ့ဖက်”သည်ကို “ကျောပိုး”သည်ဟု ယာယီ ပြောင်းလဲလိုက်သည်။
ချန်လွေ့ မသိသည်မှာ နတ်မိမယ်နဂါးသည် အစောကြီးကတည်းက နိုးနေခြင်း ဖြစ်သည်။
“ကျောပိုးသယ်တာလား။” နတ်မိမယ်နဂါး၏ လေသံသည် ပို၍ပင် သံသယ ဖြစ်နေပုံ ရသည်။
“အင်း....ဟုတ်ပါတယ်။”
“အခု စမ်းသပ်ခန်းကို သွားပြီးတော့ ငါ့ရဲ့ မှော် မှတ်စုစာအုပ် ချက်ချင်း ယူလာခဲ့။ မှတ်စုစာအုပ်ကို တစ်မိနစ်အတွင်း မတွေ့ရရင် နင်ငါ့ကို အနိုင်ကျင့်ဖို့ ကြိုးစားတယ်လို့ ယူဆမယ်။”
ဒါက သိပ္ပံနည်းလမ်း မကျဘူး။ ဒီကို ဆုံးဖြတ်တဲ့ အခြေခံက လုံးဝကို တရားလွန်တာပဲ။ ချန်လွေ့က စိတ်ထဲ၌ ကန့်ကွက်လိုက်သည်။ သို့သော်လည်း သူ မနှေးရဲပေ။ သူသည် ချက်ချင်းပင် အခန်းတံခါးဆီသို့ ပျောက်ကွယ်သွားခဲ့သည်။
ဇိုလာက အဝတ်အစားကို ပြင်ဆင်လိုက်ရာ ၎င်းသည် လှစ်ဟာသော ဝတ်စုံအဖြစ် ပြောင်းသွားကြောင်း သိလိုက်သည်။ ခုနက ငါ့ကို အဲဒီကောင်က မျက်လုံးနဲ့ အသားယူသွားတာ ဖြစ်မယ်။ ဇိုလာသည် နဖူးပေါ်မှ ပုဝါကို တစ်ခြားတစ်ဖက် ပြောင်းလိုက်သည်။ ၎င်းသည် အေးပြီးသက်တောင့်သက်တာ ရှိလှသည်။ ဒီကောင်စုတ်က ...မဆိုးပါဘူး။ ငါ့ရဲ့ လွန်ကဲ့တဲ့ အမူအရာတွေကို မေ့လိုက်။ နောက်ထပ်စမ်းသပ်ချက် တွေမှာ ငါသူ့ကို ကောင်းကောင်း ဂရုစိုက်ရမယ်။
ဒါပေမဲ့ ဒါက နောက်ဆုံးပဲ။ ငါ့ကို ထပ်ထိရဲရင် ဒါမှမဟုတ် ငါ့ခန္ဓာကိုယ်ကို မြင်မယ်ဆိုရင် သူ့ကို အမှုန့်လုပ်ပစ်မယ်။ ဂျုံကော်လုပ်ပစ်မယ်။ ယိုလုပ်ပစ်မယ်။
ဒါနဲ့ နောက်ဆုံးတစ်ခေါက်က ငါရေချိုးနေတုန်းက သူက ငါ့ရင်သားတွေကို မတော်တဆ မြင်သွားခဲ့တဲ့ပုံပဲ။ အဲဒီတုန်းက ငါ စိတ်ဆုံးဖြတ်ထားပြီးပြီ မဟုတ်လား။ အဲဒါ...ထားလိုက်ပါတော့။ ဒီ သက်တောင့်သက်သာရှိတဲ့ ရေစိုပုဝါကြောင့် ဒါကိုပဲ “နောက်ဆုံး”လို့ သဘောထားလိုက်မယ်။
ဟုတ်တယ်။ ဒါက နောက်ဆုံးပဲ။
ဇိုလာ ထိုသို့တွေးနေစဉ် ချန်လွေ့သည် အပြင်းအထန် ချွေးပြန်နေပြီး မှော် မှတ်စုစာအုပ်နှင့်အတူ အပြေးလာခဲ့သည်။ မှတ်စုစာအုပ်ကို တွေ့လိုက်သည်နှင့် ဇိုလာသည် မွှစာကြဲနေသော အတွေးများကို ချက်ချင်းပင် ဘေးဖယ်ထားလိုက်သည်။ သူက နဖူးမှ ဆံပင်များကို ပွတ်သပ်ပြီး မတ်တပ်ရပ်သည်။ ထို့နောက် အကျင့်အတိုင်း မျက်မှန်တပ်ပြီး မှော်မှတ်စုစာအုပ်ကို ဆွဲယူကာ စတင် မှတ်တမ်းတင်တော့သည်။
“၃မိနစ်ပြီးရင် အတက်အကျ ပြောင်းလဲတယ်။ အထူးသက်ရောက်မှုမှာ ဒြပ်စင်ဖြိုခွဲတာ၊ နေရာလွတ် တယ်လီပို့တာ ပါဝင်တယ်။ ဒါဆိုရင် ဒီစာသားက စုပေါင်း အမျိုးအစား ဖြစ်မယ်။ ဟုတ်တယ်။ ဒီအပိုင်းမှာ ငါ.... ” ဇိုလာသည် သေသေချာချာ မှတ်တမ်းတင်ပြီး ခွဲခြမ်းစိတ်ဖြာနေခဲ့သည်။ သူသည် မကောင်းသော အကြံအစည် ရှိသည်ဟု သံသယရှိသူကိုပင် လုံးဝ မေ့သွားခဲ့သည်။
“ဟုတ်ပြီ။ နောက်ဆုံးတော့ ပြီးပြီ။” မိမိ၏ လှစ်ဟာနေသော အပိုင်းများကို သတိမထားမိဘဲ ဇိုလာ ခုန်ပေါက်လိုက်သည်။ သူသည် စိတ်လှုပ်ရှားစွာဖြင့် လက်ထဲမှ မှော်ဘောပင်ကို ဝှေ့ရမ်းသည်။ “ဒီကို လာကြည့်။”
ချန်လွေ့ အမြန် ရောက်လာသည်။ ဇိုလာသည် အသေးစိတ် အဓိပ္ပာယ်နှင့် ထိုစာသား အသုံးပြုပုံကို ချန်လွေ့အား ရှင်းပြပေးသည်။ ချန်လွေ့ ရုတ်တရက် သဘောပေါက်သွားပြီး အဆက်မပြတ် ခေါင်းညိတ်နေလိုက်သည်။
ဇိုလာသည် ပါရမီရှင်များကြားထဲမှ ပါရမီရှင် တစ်ယောက် ဖြစ်သည်ဟု ချန်လွေ့ ဝန်ခံရပေမည်။ သူ့တွင် [အထူးစိစစ်မှု] ကဲ့သို့အစွမ်းတစ်ခု ရှိသော်လည်း စိတ်ကူးစိတ်သန်းနှင့် နားလည်သဘောပေါက်မှုတွင် သူသည် နတ်မိမယ်နဂါးကိုသာ မော်ကြည့်ရလေသည်။ “ဒီအပိုင်းကို သုံးပိုင်း ပိုင်းလို့ရတယ်.....”
ချန်လွေ့ ( ခေါင်းညိတ်လျက် ) : ဟုတ်ကဲ့။
နတ်မိမယ်နဂါး : ဒါဆို ဒီစာသားကို “အလားအလာ”နဲ့ ဖော်ပြလို့ရတယ်....
ချန်လွေ့ ( ခေါင်းဆက်ညိတ်နေ ) : ဟုတ်ကဲ့။
နတ်မိမယ်နဂါး : နောက်လာတဲ့စာသားတွေက ပြောင်းပြန် ဖြစ်နေမယ်ဆိုရင် သက်ရောက်မှုတွေ ပြောင်းလဲလိမ့်တယ်။ ဒါက ချိပ်ပိတ်ထဲမှာရှိတဲ့ အဓိက စာပိုဒ်ထဲက တစ်ခု ဖြစ်မယ်.....
ချန်လွေ့ ( အဆက်မပြတ် ခေါင်းညတ်နေ ) : ဟုတ်ကဲ့။
နတ်မိမယ်နဂါး : ခုနက နင်ငါ့ကို တစ်ခုခု လုပ်ချင်ခဲ့လား။
ချန်လွေ့ ( ခေါင်းညိတ်မိနေ ) : ဟုတ်ကဲ့။
နတ်မိမယ်နဂါး ( ပြင်းထန်သော အရှိန်အဝါဖြင့် နှာမှုတ်လိုက် ) : ဟွန့်။
ချန်လွေ့ ( သတိထားမိသွား ) : …………
ငါက အပြစ်မရှိဘူးလေ။
ချန်လွေ့သည် အမြဲပင် စကားလုံးသုံးပြီး အခြားသူများကို လှည့်စားနေခဲ့သည်။ သို့သော် ယခုတွင် သူသည် ထိုအထဲ၌ ထောင်ခြောက် မိသွားလေပြီ။ ဝဋ်ဆိုသည်မှာ လည်စမြဲပင် ဖြစ်သည်။
“မဟုတ်......” ချန်လွေ့ စကား မဆုံးသေးခင်မှာပင် လျှပ်စီးတစ်ခုကို မြင်လိုက်ပြီး တစ်ကိုယ်လုံး လွင့်စင်ထွက်သွားသည်။ ပြန်ပြုတ်ကျလာသောအခါ သူ၏ဆံပင်ပုံစံသည် မိုးကြိုးပစ်ကေ ဖြစ်သွား၏။
စိတ်နှလုံးမကောင်းဘူး။ လုံးဝကို စိတ်နှလုံး မကောင်းဘူး။
ချန်လွေ့သည် ပူဆွေးမှုနှင့် ဒေါသများ ပြည့်နှက်နေခဲ့ပြီး အနာဂတ်၌ အတုအယောင် ငေးငိုင်မှုနောက်တွင် ပုန်းကွယ်နေသော ကြောက်မက်ဖွယ်ရာ အရည်အချင်းများကို ဘယ်တော့မှ လျစ်လျူရှုတော့မည်မဟုတ်ကြောင်း သစ္စာဆိုလိုက်သည်။
သို့သော် မစ်-နတ်မိမယ်နဂါးသည် စွမ်းအားကို ကောင်းကောင်း ထိန်းချုပ်ခဲ့သည်။ တစ်စုံတစ်ယောက်၏ အသွင်အပြင်မှာ မီးခိုးမိတ်ကပ်များ လိမ်းထားသော အနုပညာ ဖျော်ဖြေသူတစ်ယောက်နှင့်ပင် ဆင်တူနေသော်လည်း အတွင်းထဲ၌ ဒဏ်ရာ အများအပြား မရရှိခဲ့ပေ။
( ငါ့ကို ဖက်တာ မေ့လိုက်လို့ရတယ်။ နင် ဘာလို့ ငါ့ကို ရူးမိုက်တဲ့မိန်းမလို့ ခေါ်ရဲတာလဲ။ ပြီးတော့ ငါ့ရဲ့ အလှတရားကို လျစ်လျူရှုခဲ့တယ်။ ဟွန့်။ )
“ငါ ဆုံးဖြတ်လိုက်ပြီ။ ဒီနေ့က စပြီးတော့ နင်က ရှေးမှော်စာ စမ်းသပ်ချက်တွေ အားလုံးနောက်ကို လိုက်ရမယ်။” မစ်-နတ်မိမယ်နဂါး၏ မျက်မှန်ထဲမှ တလက်လက် အလင်းရောင်များ တောက်ပလာသည်။ သူ၏လေသံသည် အလွန်ပင် တင်းမာနေသည်။
“.......” (ငါ ကန့်ကွက်ဖို့တောင် အားမရှိတော့ဘူး။)
ဆုံးရှုံးမှုများ ရှိသလို ရရှိမှုများလည်း ရှိပေသည်။ ချန်လွေ့ အသက်ရင်းပြီး ရှေးမှော်စာများ လေ့လာနေစဉ် သူ၏အခြားအစီအစဉ်သည် အဆင်ပြေစွာဖြင့် ရှေ့ဆက်နေလေသည်။
ထိုနေ့မှာပင် ကြယ်ကြွေတမန် အင်ပါယာရှိ လော့ဒ်(အရှင်)များအားလုံးသည် မြို့တော်၌ စုဝေးပြီး ရီဂျန့် အိုဆိုင်ဒန် ကျင်းပသော အရေးပေါ် လော့ဒ်အစည်းအဝေးသို့ ရောက်လာကြသည်။
*နောက်ပိုင်း “အရှင်”ကို “လော့ဒ်”လို့ပဲ သုံးသွားပါမယ်။ ရောနေလို့ပါ။*
ခန်းမထဲ၌ အိုဆိုင်ဒန်သည် မင်းသားသရဖူနှင့် တန်ဖိုးကြီးမားသော ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူသည် ထူးခြားလှသော စွမ်းအားကို ပြသနေ၏။ သူက သူ၏ခုံ အောက်တွင်ရှိသော လော့ဒ်များအားလုံးကို အုပ်စိုးသူတစ်ယောက်၏ မျက်လုံးများဖြင့် ကြည့်လိုက်ပြီး ကျေနပ်စွာဖြင့် ခေါင်းညိတ်သည်။
ပုံမှန်အတိုင်း အဖွင့်စကား ပြောပြီးနောက်တွင် အိုဆိုင်ဒန်က လိုရင်းကို တစ်ခါတည်း စတင်ပြောတော့သည်။
“ဒီတစ်ခေါက် လော့ဒ်အားလုံးကို ဒီနေရာဆီ ဆင့်ခေါ်လိုက်ရတာက အတော်လေး အရေးကြီးပါတယ်။ ဒါက သိပ်မကြာခင် နတ်ဆိုးဘုံမှာ ကျင်းပမယ့် ဆေးရည်ပညာရှင် ပြိုင်ပွဲနဲ့ ဆက်နွှယ်နေတယ်လို့ ပြောလို့ရတယ်။” အိုဆိုင်ဒန် စကားရပ်လိုက်သည်။ “အထူးအကြောင်းတွေကြောင့် ဒီပြိုင်ပွဲ ပြီးမြောက်တဲ့အထိ ငွေကြေးထောက်ပံ့ပေးဖို့ လော့ဒ်တွေအားလုံးကို ကျုပ် လိုအပ်တယ်။”
အစည်းအဝေး၏ ရည်ရွယ်ချက်မှာ ပိုက်ဆံတောင်းရန်ဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ ...... လော့ဒ် အများအပြားက ရုတ်တရက် စိတ်ဓာတ်ကျသွားသည်။ နယ်မြေတစ်ခုစီ၏ နှစ်စဉ်ပေးရသော အခွန်မှာ အတော်လေး မြင့်နေပြီ ဖြစ်သည်။ အထူးသဖြင့် ငွေကြေး အများအပြား မရှိကြသော နယ်မြေအသေးလေးမှ လော့ဒ်များသည် ထိုအချိန်၌ တိတ်ဆိတ်နေသည်။ မည်သူမှ ဦးဆောင်ပြီး မတုံ့ပြန်ပေ။
လော့ဒ်များ၏ တုံ့ပြန်မှုကို အိုဆိုင်ဒန် မျှော်လင့်ထားပြီးသား ဖြစ်သည်။ ဒီကောင်တွေက သူတို့မျက်လုံးထဲမှာ သူတို့ကိုယ်ပိုင် အကျိုးစီးပွားပဲ ရှိကြတယ်။ သလင်းကျောက်နက် ဒင်္ဂါးအများကြီးကို သူတို့လက်ထဲမှာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ တစ်ခုတောင် လက်ကြားထဲက ထွက်လာမှာ မဟုတ်ဘူး။
“အရင်ဆုံး တစ်ခုကို ရှင်းရှင်းလင်းလင်း သိရမယ်။ ဒီတစ်ခေါက် ကျုပ်က ခင်ဗျားတို့ကို ပိုက်ဆံတောင်းနေတာ မဟုတ်ဘူး။ ကျုပ်က ခင်ဗျားတို့ရဲ့ငွေတွေကို ပဏာမတိုးလာအောင် လုပ်ပေးမှာ။ ဒါက ခင်ဗျားတို့ကို ပိုက်ဆံပေးနေတာပဲ။ ဒါက ဆုလာဒ်ကြီးတစ်ခုနဲ့ ညီမျှတယ်။” အိုဆိုင်ဒန်၏ လေသံတွင် မောက်မာခြင်းနှင့် ယုံကြည်ချက်များ ပြည့်နှက်နေသည်။ အမှန်တကယ်၌ ၎င်းမှာ သူ၏စိတ်ထဲရှိ စစ်မှန်သော သရုပ်ပြခြင်းလည်း ဖြစ်သည်။ ဆေးရည်မည်းများ ထွက်ပေါ်လာသည်နှင့် ၎င်းသည် အကျိုးအမြတ် အဆများစွာ တိုးသွားမည်မှာ သေချာပေသည်။
“လော့ဒ်တွေ အများကြီးက မချမ်းသာကြဘူးဆိုတာ ကျုပ်သိတယ်။ ခင်ဗျားတို့ လက်ထဲက ငွေတွေက တဖြည်းဖြည်း စုဆောင်းရတာ။ အခုက အချိန်အတိုအတွင်း ဒီကြွယ်ဝမှုကို နှစ်ဆပွားဖို့ အကောင်းဆုံး အခွင့်အရေးပဲ။ မသေချာဘူးဆိုရင် ဒီလိုအချိန်ကြီးမှာ ကျုပ်က တရားဝင် အစည်းအဝေးလုပ်မှာ မဟုတ်ဘူး။ တချို့အရာတွေက ကျုပ်အတွက် ပြောပြဖို့ အဆင်မပြေဘူး။ ဒါကြောင့် အသေးစိတ် အကြောင်းရင်းတွေကို ခင်ဗျားတို့ မမေးသင့်ဘူး။ အိုဆိုင်ဒန် လူစီဖာ ဆိုတဲ့ကျုပ်ကိုသာ ယုံကြည်လိုက်ပါ။”
ကြွယ်ဝမှုကို နှစ်ဆ တိုးပေးနိုင်တယ်လား။ အချိန်တစ်ခုအထိ လော့ဒ်များ တီးတိုး ပြောလိုက်ကြသည်။ ဒါက ဆွဲဆောင်မှု ရှိတယ်။ ဒါပေမဲ့ အကြောင်းရင်းကို မေးလို့ မရဘူး။ ပြဿနာ တစ်ခုခု ရှိလာမှာလား။
ဒါက ဆေးရည်ပညာရှင် ပြိုင်ပွဲ တစ်ခုပဲလေ။ ပိုက်ဆံအများကြီး ပိုသုံးရမှာ မဟုတ်လား။ ဘယ်လိုလုပ်ပြီးတော့ အကျိုးအမြတ် အကြီးကြီး ရနိုင်မှာလဲ။
သို့သော် ရီဂျန့် အိုဆိုင်ဒန်၏ လေသံမှာ အသေအချာပင် အာမခံနေခြင်း ဖြစ်သည်။
“ငှက်တောင်ဖြူ နယ်မြေက ရီဂျန့်ရဲ့ အမိန့်ပြန်တမ်းကို တုံ့ပြန်တဲ့အနေနဲ့ သလင်းကျောက်နက်ဒင်္ဂါး ၂သန်း ထည့်ပါတယ်။” ငှက်တောင်ဖြူနယ်မြေ၏လော့ဒ် စီကာလီက ခဏစဉ်းစားပြီး ဦးဆောင်ပြောလိုက်သည်။ ရှီရာကို နက်နက်ရှိုင်းရှိုင်း ချစ်နေဟန်တူသော လော့ဒ်သည် နှစ်ဖက်စလုံးမှ အသာစီးရနေသည်။ သူ့ကို မြို့တော်မှ အိုဆိုင်ဒန်ကလည်း အလွန်အရေးပေးသည်။ ထိုအချိန်၌ သူ ဦးဆောင်ပေးခြင်းအတွက် ရီဂျန့်၏ ချီးကျူးခြင်းကို သေချာပေါက် ခံရနိုင်ပေသည်။
၂သန်းမှာ ပြည်သူများအတွက် အလွန်ကြီးမားသော ပမာဏ ဖြစ်သည်။ သို့သော် ရင်းနှီးမြှုပ်နှံရေး အစီအစဉ်များအတွက်မူ ..... ထိုပမာဏမှာ မလုံလောက်ပေ။ အိုဆိုင်ဒန် မျက်မှောင်ကြုတ်လိုက်သည်။ သူ စကားပြောရန် ပြင်လိုက်စဉ် အားကောင်းသော အသံတစ်သံ ထွက်လာသည်။ “၂သန်းလေးနဲ့..... မင်း စကားပြောတာ မရှက်ဘူးဘူးလား။ လိပ်ပြာနီနယ်မြေက ရီဂျန့်ရဲ့ အမိန့်ပြန်တမ်းအတွက် အမြဲတမ်း အားကုန်စိုက်ထည့်တယ်။ ကျုပ် ဂျို့ရှ် အယ်ဗင်က သလင်းကျောက်နက်ဒင်္ဂါး သန်း၁၀၀၀ ရင်းနှီးမြှုပ်နှံပါတယ်။”
ထိုစကား ပြောပြီးသွားသောအခါ အနားမှလူများ ရုတ်တရက် တိတ်ဆိတ်သွား ကြသည်။
သန်း၁၀၀၀ လား။ ၁၀သိန်း မဟုတ်ဘူးလား။
လော့ဒ်များက နားကြားလွဲနေသည်ဟု ထင်လိုက်သည်။ လိပ်ပြာနီလော့ဒ် ဂျို့ရှ်က အံ့အားသင့်နေသော စီကာလီကို မောက်မာစွာ ကြည့်လိုက်ပြီး လော့ဒ်အားလုံး၏ အံ့အားသင့်နေကြသော အကြည့်များကို တည်တည်ငြိမ်ငြိမ်နှင့် လက်ခံလိုက်သည်။ ဂျို့ရှ်၏ စူးရှသော အာရုံဖြင့် ၎င်းသည် “ချာလီစ်”နှင့် ပတ်သက်နေကြောင်း သူ ခံစားမိ နေသည်။
သိပ်မကြာခင်က မြို့တော်၌ ဖြစ်ပျက်ခဲ့သည်ကို ဂျို့ရှ် သိသည်။ အမှန်တကယ်၌ “ချာလီစ်”ပြဿနာ ပြီးနောက်တွင် သူ၏ “ညီ” ဆမ်မြူရယ်ကို ဂျို့ရှ်က ဝှက်ထားခဲ့ဖြင်း ဖြစ်သည်။ ထွက်ပြေးသွားခြင်း မဟုတ်ပေ။ ဂျို့ရှ်၏ မူရင်းအကြံအစည်မှာ အချိန်တစ်ခုအထိ စောင့်ကြည့်ရန် ဖြစ်သည်။ “ချာလီစ်”သည် အသာစီးယူနိုင်မည် မဟုတ်သည်မှာ မှန်သော်လည်း အကျိုးပြုမှုကို ပြသရန်အတွက် ဆမ်မြူရယ်ကို မြို့တော်သို့ လက်ဆောင်ပေးခြင်းသည် နောက်ကျဦးမည် မဟုတ်ပေ။ မည်သို့ပင် ဆိုစေကာမူ ထိုသူသည် သူ၏လက်ထဲ၌ ရှိနေလေသည်။
ထို့နောက်....မြို့တော်၌ ချာလီစ် ပြန်လည် ပေါထွက်လာသောအခါ သူသည် မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ပင် အကြီးအကဲ မိသားစုများနှင့် စစ်ဘက်ဆိုင်ရာ ဝန်ကြီးတို့ကို အလဲထိုးနိုင်ခဲ့သည်။ သူသည် တစ်ခါတည်းဖြင့် နာမည်ကြီးတစ်ယောက် ဖြစ်သွားခဲ့သည်။
ဂျို့ရှ်က သူ၏ တမင်ကျားကွက်ရွှေ့ခြင်းသည် မှန်ကန်သွားသည့်အတွက် ကျေးဇူးတင်နေမိသည်။ ထိုအချိန်အတွင်း သူ၏လမ်းညွှန်မှုနှင့် လျို့ဝှက်ပညာရပ်တို့၏ အကူအညီဖြင့် ဆမ်မြူရယ်သည် နတ်ဆိုးဧကရာဇ်အဆင့်သို့ တက်လှမ်းသွားနိုင်သည်။ ဆမ်မြူရယ်သည် ထူးဆန်းသော လေဟာနယ်စွမ်းအားကို သုံးကာ လူသားလောကသို့ ပြန်သွားခဲ့သည်။
ဆမ်မြူရယ်သည် သူ၏ “အစ်ကို”အား လိပ်ပြာနီနယ်မြေက ပေးခဲ့သော အကူအညီများအကြောင်းကို သေချာပေါက် ပြောပေလိမ့်သည်။ ယခင် အရေးမထားခြင်းနှင့် မြို့တော် အဖြစ်အပျက်များမှ “ချာလီစ်”သည် ကျေးဇူးပြန်ဆပ်ပြီး လက်စားချေတတ်သူ တစ်ယောက် ဖြစ်ကြောင်း မြင်နိုင်ပေသည်။ ယခုတွင် ဂျို့ရှ်သည် ခမ့်လော့မိသားစုအတွက် အကျိုးပြုပေးနေပြီဖြစ်သည်။ ထို့ကြောင့် သူသည် သေချာပေါက် အလျှံပယ် ပြန်လည်ရရှိနိုင်ပေမည်။
ချာလီစ်က ရီဂျန့်အိုဆိုင်ဒန်၏ ထောက်ခံမှု အပြည့်အဝ ရရှိခြင်း အကြောင်းရင်းမှာ ထိုကြီးမားလှသော ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကြောင့် ဖြစ်ရပေမည်။ ထို့ကြောင့် ဂျို့ရှ်က မတုံ့ဆိုင်းဘဲ ရှေ့ဆက်ခဲ့ခြင်း ဖြစ်သည်။ သူသည် လောင်းကြးကြီးကြီး ထပ်ခဲ့လေသည်။
“ချာလီစ်”၏ အစောဆုံး ပါတနာသည် ဂျို့ရှ်ဖြစ်ကြောင်း အိုဆိုင်ဒန် သိသည်။ ထို့ကြောင့် သူ၏အကြံများကို အိုဆိုင်ဒန် မှန်းဆမိသည်။ မည်သို့ပင် ဆိုစေကာမူ အင်အားအကြီးဆုံး ပထမ “ပစ်ချက်”ကို ပစ်လွှတ်ရာ၌ ဦးဆောင်ခဲ့သည့်အတွက် အမှန်တကယ်ပင် ချီးမွမ်းထိုက်ပေသည်။
“ကောင်းပြီ။ လော့ဒ်ဂျို့ရှ်က ကျုပ်ရဲ့ အင်အားအကြီးဆုံး ထောက်ခံသူဖြစ်ဖို့ ထိုက်တန်တယ်။ သိပ်မကြာခင်....ဒီဆုံးဖြတ်ချက်ကို မင်း ကျေးဇူးတင်မိမှာပါ။ ကျုပ် အာမခံနိုင်တယ်။ နှစ်တစ်ဝက်အတွင်း ဒီသလင်းကျောက်နက်ဒင်္ဂါး သန်း၁၀၀၀ က အနည်းဆုံး သန်း ၁၅၀၀ ဒါမှမဟုတ် သန်း၂၀၀၀ အထိတောင် ဖြစ်နိုင်တယ်။ ဒီတစ်ခေါက် ရင်းနှီးငွေတွေကို ရေတွက်ပြီးရင် တစ်ယောက်ယောက်ကို တွက်ချက်ခိုင်းပြီးတော့ နောက်အကျဆုံး မနက်ဖြန်မှာ အသေးစိတ် အရစ်ကျ ပြန်ပေးငွေ အစီအစဉ်ကို ကြေညာပေးမယ်။”
လူတိုင်း ဆူဆူညံညံ ဖြစ်သွားခဲ့သည်။ နှစ်တစ်ဝက်အတွင်း သူက အများကြီး ရနိုင်တယ်လား။ တကယ်ကြီးလား။
“အရစ်ကျ ပြန်ပေးငွေ”ဟူသော ရင်းနှီးသည့် အသုံးအနှုန်းကို ကြားသည့်အခါ ဂျို့ရှ် ပို၍ပင် သေချာသွားပြီး အရိုအသေ ပေးလိုက်သည်။ “ဒါက နှစ်ရာပေါင်းများစွာ စုထားရတာ ဖြစ်ပေမဲ့ အရှင်မင်းကြီးအပေါ် ယုံကြည်စိတ်က ငွေနှင့် နှိုင်းယှဉ်လို့ မရပါဘူး။ ၁၀ရက်အတွက် အရှင်မင်းကြီးအရှေ့ကို ငွေတွေရောက်လာပါလိမ့်မယ်။”
“သိပ်ကောင်းတယ်။” အိုဆိုင်ဒန်က သူ၏လေးစားမှုကို မဖုံးကွယ်ထားခဲ့ပေ။ “လော့ဒ် ဂျို့ရှ်ရဲ့ အကျိုးပြုမှုက ဒုခ်အဆင့်အထိ ရောက်တော့မယ်။ ဆက်ကြိုးစားဖို့ မျှော်လင့်ပါတယ်။ သိပ်မကြာခင်မှာ လိပ်ပြာနီက ပထမဆုံး နယ်စားကြီး ဖန်တီးနိုင်လိမ့်မယ်။ ဒုခ်ကို ကိုယ်စားပြုတဲ့ တံဆိပ်ပြားနဲ့ တုတ်တံကို ငါကိုယ်တိုင် မင်းကို ဆုချရမယ့် နေ့ရက်ကို မျှော်လင့်နေတယ်။ ”
နတ်ဆိုးဘုံရှိ ဂုဏ်ပုဒ်များ၏ ကြီးစဉ်ငယ်လိုက်မှာ အောက်ပါအတိုင်း ဖြစ်သည်။
- မင်းသား/မင်းသမီး (တော်ဝင်မျိုးနွယ် သီးသန့်)။
- ဒုခ်။
- မားကွစ်။
- ဗစ်ကောင့်။
- ဘာရွန်။
လော့ဒ်(၄)ယောက်တွင် ရှီရာသည် သန်းခေါင်နေအရှင်၏ မျိုးဆက် ဖြစ်ပြီး မင်းသမီးဂုဏ်ပုဒ်ကို ရရှိထားသည်။ အခြား လော့ဒ်(၃)ယောက်မှာ မားကွစ်များသာ ဖြစ်သည်။ အကြီးအကဲမိသားစု အနည်းငယ်နှင့် အင်ပါယာ၏ ပထမဗိုလ်ချုပ် ဂျော့ချ်တို့သာ ဒုခ် ဂုဏ်ပုဒ်ကို ရရှိထားလေသည်။
ထိုအရိပ်အမြွက်ကို ကြားသည့်အခါ ဂျို့ရှ် အလွန်ပျော်ရွှင်သွားပြီး အရိုအသေပြုကာ ထိုင်ချလိုက်ပြန်သည်။ ပထမဆုံးတုံ့ပြန်သော ငှက်တောင်ဖြူနယ်မြေ လော့ဒ် စီကာလီက အတော်လေး စိတ်ပျက်သွားခဲ့သည်။ ၂သန်း နှင့် သန်း၁၀၀၀ တို့မှာ လုံးဝယှဉ်၍ မရပေ။
ဂျို့ရှ်၏ မမျှော်လင့်ဘဲ ဦးဆောင်မှု ပြုပြီးနောက်တွင် လူအများအပြား၏ အတွေးများ ချက်ချင်း ပြောင်းလဲလာသည်။ သလင်းကျောက်နက်ဒင်္ဂါး သန်း၁၀၀၀ လိပ်ပြာနီလို့ ရှေးကျတဲ့ နယ်မြေအတွက်တောင် တော်တော်လေးများတဲ့ ပမာဏပဲ။ ဂျို့ရှ်က အဓိက လော့ဒ် (၄)ယောက်ထဲက တစ်ယောက်ပဲ။ သူက အမြဲတမ်း တွက်ချက်နေတာ။ လုံးဝ မသေချာရင် သူက ပိုင်ဆိုင်မှုအားလုံးကို မတုံ့ဆိုင်းဘဲ လောင်းကြေးထပ်မှာ မဟုတ်ဘူး။ ပြီးတော့လည်း ရီဂျန့်က အာမခံထားတယ်။
ထိုအချိန်က အစောင့်ခေါင်းဆေင် လန့်စ်က သတင်းလာပို့သည်။ “အမှောင်လနယ်မြေရဲ့ ကိုယ်စားလှယ် ဂါ့စ်က ခန်းမအပြင်မှာ တွေ့ခွင့်တောင်းနေ ပါတယ်။”
အမှောင်လနယ်မြေသည် အိမ်ရှေ့မင်းသား ဂါရမ်းကြောင့် စတင်ခဲ့ကြောင်း လူသိများသည့် အကြောင်းရင်းကြောင့် အမှောင်လနယ်မြေသည် လော့ဒ် အစည်းအဝေးများ၌ အမြဲပင် ကိုယ်စားလှယ်များကိုသာ စေလွှတ်ခဲ့သည်။ ဂါ့စ်သည် လော့ဒ်အစည်းအဝေးသို့ ပုံမှန်လာသူ တစ်ယောက် ဖြစ်သည်။ ပဋိပက္ခများကို ရှောင်တိမ်းရန်အတွက် အိုဆိုင်ဒန်က ၎င်းကို မျက်ကွယ်ပြုထားခဲ့သည်။
သို့သော် ယခုတွင် အိုဆိုင်ဒန်က ၎င်းကို ဆန့်ကျင်ပြီး အေးစက်စွာ နှာမှုတ်လိုက်သည်။ “သူက လာရဲသေးတာလား။ ဒီတစ်ခေါက် အစည်းအဝေးမှာ အမှောင်လနယ်မြေ ပါဝင်ခွင့်မရှိဘူးလို့ ငါပြောခဲ့တယ် မဟုတ်လား။”
အိုဆိုင်ဒန်က ငှက်တောင်ဖြူနယ်မြေမှ လော့ဒ်စီကာလီကို ဖျပ်ခနဲ ကြည့်လိုက်သော်လည်း သူသည် လော့ဒ်များအား ရှင်းပြနေသည်။ “အမှောင်လနယ်မြေက စီမံခန့်ခွဲမှု ညံ့တယ်။ မသင့်တော်ဘူး။ သူတို့က အဲလန်ခါရွန်ရဲ့ သေဆုံးမှုအတွက် တာဝန်ရှိတယ်။ ဒီလိုမျိုး အပြစ်တွေရှိတဲ့ နယ်မြေကို အကျိုးအမြတ်နဲ့ သက်ဆိုင်တဲ့ ဒီလိုအရေးကြီးအစည်းအဝေးမှာ ဘာလို့ တက်ခွင့်ပေးရမှာလဲ။ ငါ့ရဲ့ တူမ ရှီရာကို ကိုယ်တိုင်လာခိုင်းပြီးတော့ တောင်းပန်ဖို့ သူ့ကိုပြောလိုက်။ ဒါဆိုရင် အရေးယူမှုတွေကို ပြေလျော့ပေးဖို့ စဉ်းစားပေးရင်ပေးမယ်။ အခုတော့ ဂါ့စ်ကို ချက်ချင်း နန်းတော်ကနေ မောင်းထုတ်လိုက်။ သူ့ကို မြို့တော်ကနေ မောင်းထုတ်လိုက်။”
“ဟုတ်ကဲ့။”
အစောင့် လန့်စ် ထွက်သွားပြီးနောက် လော့ဒ်များ တီးတိုးပြောကြပြန်သည်။ ရီဂျန့်က ပုံမှန်မဟုတ်တဲ့ တင်းတင်းမာမာ အမူအကျင့်ကို ပြသနေတယ်။ သူက တော်ဝင်မင်းသမီးရဲ့ နယ်မြေကို ဒီကနေ အကျိုးအမြတ် မရစေချင်တဲ့အတွက် အမှောင်လ နယ်မြေကို ဒီအစည်းအဝေး မတက်ခိုင်းဘူး။ ကြည့်ရတာ ဒီတစ်ခေါက် “ငွေကြေး ထောက်ပံ့မှု”က တော်တော်လေး ကြီးမားတဲ့ပုံပဲ။
ထိုသို့ စဉ်းစားပြီးနောက် လော့ဒ်များက ဆုံးဖြတ်ချက် ချလိုက်ကြသည်။
“ချော်ရည်ပြာနယ်မြေက သန်း၁၀၀၀ ရင်းနှီးမြှုပ်နှံပါမယ်။”
“ငှက်တောင်ဖြူနယ်မြေက သန်း၈၀၀ ရင်းနှီးမြှုပ်နှံပါမယ်။”
နောက်ဆုံး၌ အိုဆိုင်ဒန်သည် အောင်နိုင်မှု လမ်းကြောင်းကို မြင်နေရသကဲ့သို့ပင် တင်းမာသော မျက်နှာပေါ်၌ စိတ်ပိုင်းဖြတ်ထားသော အပြုံးတစ်ခု ပေါ်လွင်လာသည်။