နတ်မိမယ်နဂါးရဲ့ စိတ်ကူးယဉ် ဘဝလက်တွဲဖော်လေလား
Vol. 25 Ch. 365
သက်တန့်တောင်ကြား၌ -
“ဖြည်းဖြည်းဝင်။ မလောနဲ့။”
“ဒီလိုမျိုး။ နင် တအားတွန်းထည့်ရင် ခံနိုင်မှာ မဟုတ်ဘူး။”
“ရပြီ။ နင် အသားကျရင် အရှိန်တင်လို့ရပြီ။”
“ဒါက ထူးခြားတဲ့ ခံစားချက်တစ်ခု ရှိနိုင်တယ်....”
အထက်ပါ စကားလုံးများသည် အခြားအနေတစ်ခုကို မရိုးမဖြောင့်နှင့် အလွယ်တကူ တွေးထင်စေနိုင်သည်။ သို့သော်လည်း ထိုစကားများကို ပြောနေသည်မှာ နတ်မိမယ်နဂါး ဖြစ်နေသည့်အတွက် ချန်လွေ့ မရိုးမဖြောင့် မတွေးထင်ပေ။
ဇိုလာသည် ပိုက်နက်စွမ်းအားကို ပို၍နက်နဲစေရန်အတွက် အထူး မှော်စက်ဝိုင်း တစ်ခုကို သုံးပြီး ကူညီပေးနေသည်။ ထိုမှော်စက်ဝိုင်းမှာ မရိုးရှင်းလှပေ။ ထို့ပြင် ၎င်းသည် ဇိုလာ၏ မှော်စွမ်းအား အတော်များများကို ကုန်ဆုံးသွားစေသည်။ ၎င်းသည် အခမဲ့ အလုပ်လုပ်နေသော တောက်တိုမည်ရ၊ စားဖိုမှူး၊ စမ်းသပ်ပစ္စည်း နှင့် လက်ထောက် အတွက်လည်း ရှားပါးသောကောင်းကျိုးတစ်ခု ဖြစ်ပေသည်။
“နင့်ပိုင်နက်က တော်တော်လေး ထူးခြားတယ်။ ဒါက တကယ့်ပိုင်နက်အဖြစ်ကို ရေးရေးလေး ချဉ်းကပ်နေပြီ။ နင့်ရဲ့ ခန္ဓာကိုယ်သန်မာမှုအဆင့်က နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်းလို့ပဲ သတ်မှတ်လို့ ရသေးတယ်။” နတ်မိမယ်နဂါးက အသေးစိတ် ရှင်းပြသည်။ “နင် သိထားရမှာက တကယ့်ပိုင်နက်ဆိုတာ ကိုယ်ပိုင်စွမ်းအားနဲ့ ဖန်တီးထားတဲ့ အားစက်ကွင်းမဟုတ်ဘူး။ ပုံရိပ်ယောင် အခြေအနေ မဟုတ်ဘူး။ အဲဒါက ကိုယ့်ကိုယ်ကိုယ် အခြေခံတဲ့ “လောက”တစ်ခုပဲ။ သဘာဝစွမ်းအားကို သုံးရတယ်။ စိတ်စွမ်းအား၊ ခွန်အား နဲ့ စိတ်ဝိညာဉ် စတဲ့ အမျိုးမျိုးသော အရည်အသွေးတွေကို ပေါင်းစပ်ရတယ်။ ဒါက အရည်အသွေး အမျိုးမျိုးနဲ့ ပြီးပြည့်စုံစွာ တည်ဆောက်ထားတဲ့ “လောက”တစ်ခုပဲ။ ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ၊ အားနည်းပါစေ၊ ပိုင်နက်တိုင်းက တမူထူးခြားတဲ့ ပညာရပ်တစ်မျိုးပဲ....”
“ကောင်းပြီ။ နင့်ရဲ့ပိုင်နက်ကို ဖြည်းဖြည်းချင်း ထုတ်လိုက်။ ပြီးရင် ငါ့ရဲ့ဒြပ်စင် ဖိအားကို အသုံးချပြီးတော့ အဲဒီလိုနေရာမျိုးရဲ့ တည်ရှိမှုကို ခံစားကြည့်။”
နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း နှင့် နတ်ဆိုးဘုံ၏ ထိပ်တန်းမှော်ပညာရှင် ဖြစ်သည့်အလျောက် ပိုင်နက်အပေါ် ဇိုလာ၏အမြင်များသည် ပြိုင်ဘက်ကင်းလှပေသည်။ အချို့ရှင်းပြချက်များမှာ ပါ့ဂ်လီအို ပြောသည်များနှင့် ဆင်တူသော်လည်း အချို့ကိုမူ သုတေသန ဘက်ခြမ်းက ရှင်းရှင်းလင်းလင်း ဝေဖန်ပိုင်းခြားထားခြင်း ဖြစ်သည်။ အထူး မှော်စက်ဝိုင်း သက်ရောက်မှုနှင့် ပေါင်းလိုက်သောအခါ ချန်လွေ့သည် [ဆောင်းဦးပိုင်နက်] အပေါ် နားလည်သဘောပေါက်မှု အသစ်များ ရရှိသွားသည်။ အထူးသဖြင့် ပို၍ ထိန်းချုပ်နိုင်လာသည်။
ဇိုလာသည် ချန်လွေ့၏ တိုးတက်နှုန်းကို အတော်လေး ကျေနပ်နေပြီး ပြောသည်။ “ရှားပါး ရှေးအချက်အလက်တွေနဲ့ ရှေးမှော်စာတွေအပေါ် ငါ့ရဲ့ နားလည်မှုအရေတော့ နတ်ဘုရားအဆင့် ပုဂ္ဂိုလ်တွေရဲ့ ပိုင်နက်က နတ်ဆိုးအရှင်သခင် ၊ နတ်ဆိုးဧကရာဇ်တို့နဲ့ မတူဘူး။ ဖြစ်စဉ်တစ်ခု တည်ဆောက်ဖို့အတွက် သဘာဝစွမ်းအားကို အသုံးပြုရုံတင် မကဘူး။ အသက်တည်ရှိမှုလည်း ပါတယ်။ ဒီလိုအသက်မျိုးက အစွမ်းထက်တဲ့ ယုံကြည်မှုစွမ်းကို ထောက်ပံ့ပေးနိုင်တယ်။ အဲဒါကို [နတ်ဘုရားတိုင်းပြည်]လို့ ခေါ်ရမလား....” ယုံကြည်မှုအသက်လား။ နတ်ဘုရားတိုင်းပြည်လား။
ပိုင်နက်လား။ လောက လား။
ချန်လွေ့သည် အဓိကစကားလုံးများကို ရေးရေးလေး သဘောပေါက်ဟန် တူသော်လည်း သေသေချာချာ မဆုံးဖြတ်နိုင်ပေ။ ရုတ်တရက် သူသည် အတွေးထဲ နစ်မြောသွားတော့သည်။
အချိန်အတော်ကြာသည့်အခါ ချန်လွေ့ ခေါင်းခါလိုက်သည်။ သို့သော် ထို အတွေးအမြင်အသစ်များ တဖြည်းဖြည်း စုစည်းသွားသည့်အခါ ဉာဏ်ကွန့်မြူမှုများ ဖြစ်လာနိုင်မည်ဟု သူ ယုံကြည်နေသည်။ ထို့နောက်တွင် သူသည် အဆင့်ပိုမြင့်သော နယ်ပယ်နှင့် စွမ်းအားကို အမှန်တကယ် ကျွမ်းကျင်သွားမည် ဖြစ်သည်။
ချန်လွေ့က ပိုင်နက်စွမ်းအားကို ရုတ်သိမ်းပြီး မှော်စက်ဝိုင်းထဲမှ ပင်ပန်းလျက် လမ်းလျှောက်ထွက်လာသည်။ နတ်မိမယ်နဂါး၏ မျက်နှာ အနည်းငယ် ပင်ပန်းနေသည်ကို မြင်သည့်အခါ ချန်လွေ့ ပြောလိုက်မိသည်။ “မစ်-ဇိုလာ။ ကျေးဇူးပါပဲ။”
ထိုစကားသည် သက်တန့်တောင်ကြားသို့ ချန်လွေ့ ရောက်လာကတည်းက ပထမဆုံး ပြောလိုက်သော အရိုးသားဆုံး စကားပင် ဖြစ်လေသည်။ ရှေးမှော်စာ အသိပညာများ ဖြစ်စေ၊ နေရာလွတ်မှော်ပညာ နှင့် ပိုင်နက်အတွေ့အကြုံများဖြစ်စေ၊ ဇိုလာသည် သူ့ကို မထိမ်ချန်ဘဲ သင်ကြားပေးခဲ့သည်။ ထိုအခိုက်အတန့်များ၌ ဇိုလာသည် ချန်လွေ့ကို တကယ့်လက်ထောက်သဖွယ် ဆက်ဆံခဲ့ခြင်း ဖြစ်သည်။
“ငါက ပိုင်နက် စမ်းသပ်ပစ္စည်းတစ်ခုကို လိုချင်ရုံပါ။” နတ်မိမယ်နဂါးက တီးတိုးပြောလိုက်သည်။
“ဘာပြောတာလဲ။” ချန်လွေ့ သေသေချာချာ မကြားခဲ့ပေ။
“ဘာပြောတာလဲ။” စကားပြန်လိုက်ပြောခြင်း စတင်လေပြီ။ သူသည် ဟန်ဆောင် ငေးငိုင်ရာ၌ ပညာရှင်တစ်ယောက်ပင် ဖြစ်လေသည်။
ချန်လွေ့ ခုနက မကြားခဲ့သော်လည်း ဇိုလာ၏ အမူအရာမှနေ၍ ၎င်းသည် ကောင်းသော အရာတစ်ခု လုံးဝမဟုတ်သည်ကို ခံစားမိသည်။
“မစ်ဇိုလာ”
“ဟမ်”
“နတ်ဆိုး-ဖြိုခွဲ စမ်းသပ်ချက်ကို ခဏလောက် ရပ်နားထားလို့ ရမလား။ ကျုပ် တကယ် မခံနိုင်တော့ဘူး....”
“ဟမ်” (ဆက်လက်၍ မကြားချင် ယောင်ဆောင်နေ)
“ခင်ဗျား ဘာလို့ အဲဒီစမ်းသပ်ချက်ကို အားတက်သရော ဖြစ်နေရတာလဲ။ အဲဒါကို နေ့တိုင်း စမ်းသပ်မှဖြစ်မှာလား။”
ယခုတစ်ခေါက်တွင် နတ်မိမယ်နဂါးက ရူးချင်ယောင် မဆောင်တော့ဘဲ လေးလေးနက်နက် ပြောသည်။ “ဘာလို့လဲဆိုတော့ ငါ့မှာ မှော်ပညာပြီးတဲ့ မဟာရန်သူ တစ်ယောက် ရှိလို့ပဲ။ သူ၏ မှော်ပညာပြီးတဲ့ ခန္ဓာအမျိုးအစားကို ဖြိုဖျက်ဖို့ ငါ့ ကြိုးစားရမယ်။”
ဇိုလာသည် သလင်းကျောက်နဂါး ယာကော့ဗ်အကြောင်း ပြောနေခြင်းဖြစ်ကြောင်း ချန်လွေ့ သိသည်။ သူ အမြန်တွေးလိုက်သည်။ “မှော်ပညာပြီးတယ်လား။ ဒါက တော်တော်လေး ဒုက္ခဖြစ်စေတဲ့ ရန်သူပဲ။ အထူးသဖြင့် ခင်ဗျားအတွက်ပေါ့။ ဒါပေမဲ့ ရန်သူတစ်ယောက်က မှော်ပညာပြီးရင်တောင် မှော်စွမ်းအားသုံးပြီး ခန္ဓာကိုယ်ထိခိုက်မှု ဖြစ်အောင် လုပ်လို့ရတာပဲ။ ဥပမာပြောရရင် ပေါက်ကွဲမှုတွေ၊ ရိုက်ခတ်ဒဏ်တွေ၊ ပြိုကျမှုတွေ လိုမျိုးပေါ့။ ရှေးမှော်စာတွေကို ကျုပ်လေ့လာလေလေ၊ လျို့ဝှက် ဆန်းကြယ်မှုတွေက အဆုံးမရှိဘူးဆိုတာကို သိလာရလေလေပဲ။ ဒီလျို့ဝှက်ဆန်းကြယ်မှု တွေကို ကျုပ်ကျွမ်းကျင်သွားရင် နတ်ဘုရားအဆင့် ပုဂ္ဂိုလ်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားကို အဖြေရှာနိုင်တာနဲ့ အတူတူပဲ။ ခင်ဗျားရဲ့ရန်သူကို ကျုပ်ဖြေရှင်းဖို့ အတော်လေး ယုံကြည်ချက်ရှိတယ်။ အဲဒါကြောင့် အခု အာရုံစိုက်ရမှာက ရှေးမှော်စာ ဖြစ်သင့်တယ်။ ခင်ဗျား ကျုပ်ကို ယုံကြည်တယ်ဆိုရင် အဲဒီအချိန် သူ့ကိုဖြေရှင်းဖို့အတွက် ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။”
“အဲဒါကြောင့်” အနောက်မှ စကားများသည် ချန်လွေ့၏ ရည်ရွယ်ချက်အမှန်သို့ ရောက်အောင် စကားပလ္လင်ခံနေခြင်းသာ ဖြစ်သည်။ အကျိုးအမြတ်များ ရရှိရန်အတွက် အခွင့်ရေးယူရသည်မှာ အရှုံးမရှိပေ။
နတ်မိမယ်နဂါးသည် ငတုံးမဟုတ်ပေ။ အစပိုင်း၌ သူ ခေါင်းညိတ်လိုက်သော်လည်း တဖြည်းဖြည်း မျက်မှောင်ကြုတ်သွားသည်။ ရှေးမှော်စာများအကြောင်း ချန်လွေ့ ခဏခဏ ပြောနေသည်ကို သတိရမိသွားပြီး ဇိုလာ သံသယ ဝင်လာတော့သည်။
ချန်လွေ့သည် နတ်မိမယ်နဂါး၏ အမူအရာ ပြောင်းလဲသွားသည်ကို ရှာတွေ့သွား ခဲ့သည်။ မူလက ရှေးမှော်စာ ကျောက်ပြား၂ခု၏ အရင်းအမြစ်မှာ အတော်လေး “တိုက်ဆိုင်”လှသည်။ အကယ်၍ နတ်မိမယ်နဂါးသာ ဆက်စပ်ပြီး သေချာစဉ်းစားလျှင် မသင်္ကာစရာတစ်ခုခုကို ခံစားမိသွားနိုင်ပေသည်။
ဇိုလာကို အာရုံပြောင်းစေရန်အတွက် ချန်လွေ့က ချက်ချင်းပင် ဒေါသ ထွက်နေသော အမူအရာ ပြသသည်။ “ကျုပ်က အသုံးမကျဘူးဆိုတာ သိပါတယ်။ ကျုပ် ခင်ဗျားအတွက် အကောင်းဆုံး လုပ်ပေးနေတာပါ။ တကယ်တော့ ခင်ဗျားရဲ့ မျက်လုံးထဲမှာ ကျုပ်က ဘာမှမလုပ်နိုင်တဲ့ အားနည်းတဲ့ အရူးတစ်ယောက်ပါပဲ။”
“ကျုပ် မေးခွန်းတစ်ခုကို အကြာကြီး စဉ်စားခဲ့ပြီးပြီ။ ကျုပ် ဒီနေရာကနေ ခဏလောက် ထွက်သွားချင်တယ်။ ကျုပ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ပြန်တည်ဆောက် နိုင်တော့မှပဲ ပြန်လာပြီး သင်ယူမယ်။” ( အရှက်မရှိ ကြောင်နဲ့ကြွက် ကစားနည်း ကစားနေတာပဲ။ ဒါပေမဲ့ မြို့တော်အစီအစဉ်က အောင်မြင်လုနီးပါး ဖြစ်နေပြီ။ ငါ သွားမှ ရတော့မယ်။ ဒါကြော်င့် နောက်ထပ် ပြပွဲတွေအတွက် စင်တွေ ပြင်ဆင်ထားတာ ပိုကောင်းမယ်။)
၎င်းသည် စမ်းသပ်ချက်အတွက် အထူးသဖြင့် ရှေးမှော်စာ အပိုင်း၌ အရေးပါသော ဆုံမှတ်ဖြစ်သည်။ ချန်လွေ့ပြောသော အမြင်များသည် တစ်ခါတစ်ရံ၌ ဇိုလာကိုလည်း အကျိုးရှိစေခဲ့သည်။ အချိန်ပိုင်းအလုပ်များ လုပ်နေသော လက်ထောက်ကောင်း ဂုဏ်ပုဒ်ကို ဆောင်ထားသည့် ချန်လွေ့ကို သူ လက်လျှော့ရန် ငြင်းပယ်ခဲ့သည်။
သူ၏လက်ထောက် စိတ်ဓာတ်ကျနေသည်ကို မြင်သည့်အခါ ဇိုလာ မျက်တောင် ခတ်လိုက်သည်။ မမျှော်လင့်ဘဲ သူသည် ထုံးစံအတိုင်း ဟန်ဆောင် ငေးငိုင် မနေခဲ့ဘဲ တည်တည်တံ့တံ့ ပြောသည်။ “နင်ပြောတာ မှားတယ်။”
“နင်က ဘာမှမလုပ်နိုင်တဲ့ အရူးတစ်ယောက် မဟုတ်ဘူး။ နင်က တော်တော်လေး ကောင်းတဲ့သူ တစ်ယောက်ပဲ။” လက်ထောက်ဖြစ်သူကို စိတ်အားထက်စေရန်အတွက် မစ်-နတ်မိမယ်နဂါးက ခဏစဉ်းစားပြီး ကွယ်ဝှက်ထားသော ရှားရှားပါးပါး ချီးမွမ်းစကားများ အားလုံးကို အသုံးချလိုက်သည်။ “အသိပညာကို ချစ်မြတ်နိုးတယ်။ ဉာဏ်ပညာနဲ့ စွမ်းရည် ရှိတယ်။ သုတေသန စိတ်ဝိညာဉ်ရှိတယ်။ လူတွေကို ဂရုစိုက်တယ် ...... ”
ငါ ကြားနေတာ အမှန်ပဲလား။ ဒါက ငါ့အကြောင်း ပြောနေတာလား။ ချန်လွေ့က မစ်-နတ်မိမယ်နဂါးအား အံ့အားသင့်စွာ ကြည့်လိုက်သည်။
စားဖိုမှူး၊ တောက်တိုမည်ရ နှင့် စမ်းသပ်ပစ္စည်းလည်း ဖြစ်သော ဆာ-လက်ထောက်၏ အားသားချက်များကို ပြောပြီးနောက် ဇိုလာက လေသံပြောင်းလိုက်၏။ “နင်က အသင့်တော်ဆုံး ရေရှည်စမ်းသပ်ပစ္စည်း ...အဲ... မဟုတ်ဘူး... စိတ်ကူးယဉ် ဘဝလက်တွဲဖော်လို့ ပြောလို့ရတယ်။ နင်က ငါ့အသိပညာနဲ့ အလှတရားကို လေးစားအားကျတယ်လို့ နင်ပြောခဲ့ဖူးတယ် မလား။ တကယ်တော့ ငါလည်း နင့်ကို အကောင်းမြင်ပါတယ်။ ကံဆိုးချင်တော့.....”
“ကံဆိုးချင်တော့”ဟု ပြောနေရင်း နတ်မိမယ်နဂါးက ဝမ်းနည်းစွာ ခေါင်းခါရင်း ဆက်မပြောတော့ပေ။ ထိုစကားနောက်ကွယ်တွင် အကြောင်းရင်းများစွာရှိသည်။ ဥပမာ ပြောရလျှင် သက်တမ်းနည်းလွန်းခြင်း၊ စွမ်းအားနိမ့်လွန်းခြင်း၊ နဂါးမဟုတ်ခြင်း အစရှိသဖြင့်။ ဒီ “ကံဆိုးချင်တော့”ဆိုတဲ့ အရာတွေသာ မရှိရင် ဒီလူက ရေရှည် စမ်းသပ်ပစ္စည်း .... အမ်း ..... ခင်ပွန်းတစ်ယောက်အနေနဲ့ သင့်တော်တဲ့သူပဲ။ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအဖြစ် ငါက ဒီလိုမျိုး စိတ်တူကိုယ်တူရှိတဲ့ (တစ်ယောက်တည်း ယူဆနေ) ယောက်ျားတစ်ယောက် ဆုံခဲ့ရပြီ။
အဆုံးသတ်၌ “ကံဆိုးချင်တော့” ဟူ၍ ဖြစ်သော်လည်း ရှေ့မှစကားလုံးများသည် ချန်လွေ့ကို ကြက်သေသေသွားစေရန် လုံလောက်ပေသည်။
ဘာ။
ဘာ။
ဘာလို့လဲ။
ပုံရိပ်ယောင်လား။ ထင်ယောင်ထင်မှားလား။ ဒီနေ့ ငါ့ရဲ့ အာရုံခံ အစိတ်အပိုင်းတွေ ပျက်စီးသွားတာလား။
မစ်-ဇိုလာ၏မျက်နှာပေါ်မှ စွဲမက်ဖွယ်ကောင်းသော ရှက်သွေးဖြားနေခြင်းကို သေသေချာချာ တွေ့ရှိသွားပြီးနောက် ချန်လွေ့ ရုတ်တရက် မူးဝေသွားခဲ့သည်။
ပုံရိပ်ယောင် မဟုတ်လား။
မြားနတ်မောင် လာပစ်သွားတာလား။ ဒါမှမဟုတ် ဇာတ်လိုက်ရဲ့ ဘုန်းတန်ခိုး စွမ်းအားကြောင့်လား။
နေဦး။ စိတ်အေးအေးထား။ သေသေချာချာ လေ့လာအကဲဖြတ်။
ခုနက စကားတွေထဲမှာ အဓိကစကားလုံးတစ်လုံး ရှိနေသလိုပဲ။
ကံဆိုးချင်တော့လား။ မဟုတ်ဘူး။ လက်ထပ်ဖို့လား။ မဟုတ်ဘူး။ ပိုပြီး အရေးကြီးတဲ့ အဓိက စကားလုံး ရှိတယ်။
ဟုတ်တယ် .....အဲဒါက “ရေရှည် စမ်းသပ်ပစ္စည်း”ပဲ။
ချန်လွေ့ ရုတ်တရက် သိမ့်သိမ့်တုန်သွားသည်။ ထိုစကားလုံး လေးလုံးသည် မစ်-ဇိုလာ၏ အခြားစကားများကို ပြာဖြစ်သွားစေရန် လုံလောက်ပေသည်။
နတ်မိမယ်နဂါးအတွက် ကြင်ယာဘက် သတ်မှတ်ချက်တွေက တကယ်တော့ ရေရှည် စားစရာလက်မှတ်၊ ရေရှည် အစေခံ နဲ့ ရေရှည် စမ်းသပ်ပစ္စည်း ဖြစ်ဖို့ကိုး။
သူက ငါ့ကို တကယ် သဘောကျသွားရင် ငါ့ရဲ့ဘဝ တစ်ခုလုံးက ......
ချီးပဲ။ ရှေးမှော်စာတွေကို မြန်မြန် အပြီးသတ်ရမယ်။
မစ်-နတ်မိမယ်နဂါး၏ မှတ်ချက်များမှာ လက်ထောက်ဖြစ်သူကို စိတ်အားတက် စေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ နောက်ဆုံး၌ သူ အနည်းငယ် ရှက်သွားခဲ့သည်။ သူသည် အမှန်တကယ်ပင် ဘဝလက်တွဲဖော်ဟု ပြောခဲ့သည်။ သို့သော်လည်း ကံဆိုးစွာပင် ၎င်းသည် အမှန်တကယ် မဖြစ်နိုင်ပေ။
ကောင်းပြီလေ။ ဒီစကားက အနာဂတ်စမ်းသပ်ချက်တွေနဲ့ သုတေသနတွေအတွက် စတေးတယ်လို့ပဲ ယူဆလိုက်မယ်။
ဒီတော့ ဒီလူရဲ့ တုံ့ပြန်မှုက အားတက်သွားမှာလား။ ရင်ထဲထိသွားမှာလား။ စွဲလမ်းသွားမှာလား။ ယစ်မူးသွားမှာလား။
သူ၏ အသိစိတ်က မဖြစ်နိုင်ကြောင်း ဆုံးဖြတ်ပြီးသော်လည်း အကြောင်းရင်း တစ်ခုခုကြောင့် သူသည် ထိုလူ၏ ရင်ထဲထိသော အမူအရာကို တိတ်တဆိတ် ကြည့်နေချင်ခဲ့သည်။
မည်ကဲ့သို့ မျိုးနွယ် ဖြစ်ပါစေ၊ မည်ကဲ့သို့စွမ်းအား ရှိပါစေ၊ အချို့ အမျိုးသမီးများ၌ တူညီသော ပြဿနာများ ရှိကြလေသည်။
သို့သော်လည်း ထိုသူ၏ တုံ့ပြန်မှုမှာ ကြောင်တောင်တောင် ဖြစ်နေလေသည်။ “ဘာပြောတာလဲ။”
“.........”
“.....”
( ချီးထုပ်ကောင်။ ငါ့ကို အတုခိုးရဲတယ်လား။ ငါ့ကို လျစ်လျူရှု ရဲတယ်ပေါ့။ )
“ဇချ်.....ဇချ်.....ဇချ်” (လျှပ်စစ်စီးကြောင်းအသံ)
(အော်ဟစ်နေ)
“ဇချ်....ဇချ်....ဇချ်”
(အားနည်းစွာ အော်ဟစ်နေ)
“ဇချ်....ဇချ်...”
(မီးသွေးတုံးပုံစံနှင့်လူ မအော်ဟစ်နိုင်တော့)
ထိုအချိန်တွင် အမှောင်လမြို့မှ ရှီရာသည် အင်ပါယာအစောင့် ခေါင်းဆောင် ခါဂူရွန် တင်ပြသော သတင်းများကို အေးအေးဆေးဆေး နားထောင်နေသည်။ ခါဂူရွန် သတင်းပို့သည်မှာ မြို့တော်မှ မှော်သတင်းစကားအသစ် ဖြစ်သည်။ အမှောင်လ နယ်မြေကို ကိုယ်စားပြုသော ဂါ့စ်ကို လော့ဒ် အစည်းအဝေး၌ အဝင်မခံခဲ့ပေ။ သူ့ကို ရီဂျန့်က မြို့တော်မှ မောင်းထုတ်ခဲ့သည်။
၎င်းသည် သတင်းဆိုး ဖြစ်သင့်သည်။ သို့သော်လည်း အရာအားလုံးသည် မျှော်လင့်ထားသကဲ့သို့ပင် ရှီရာ ကြောက်လန့် မနေပေ။ ခါဂူရွန်သည် တော်ဝင်မင်းသမီး၏ မျက်နှာပေါ်၌ ဖျပ်ခနဲဖြစ်သွားသော ပျော်ရွှင်မှုကြောင့် အံ့အားသင့်သွားခဲ့သည်။ သူ နားမလည်နိုင်သော အခြားခံစားချက်များလည်း ရှိနေသည်။ သို့သော်လည်း သူ မမေးရဲခဲ့ပေ။ သူ ဦးညွှတ်ပြီး ပြန်သွားလိုက်သည်။
ခါဂူရွန် နားမလည်ခဲ့သော ခံစားချက်များမှာ စိတ်အားတက်ခြင်း၊ စိတ်လှုပ်ရှားခြင်းနှင့် ရွှင်လန်းခြင်းတို့ ရောနှောနေခြင်း ဖြစ်သည်။ ထိုထဲတွင် တစ်စုံတစ်ယောက်အား လေးစားခြင်း၊ ကျေးဇူးတင်ခြင်း နှင့် အနည်းငယ် လွမ်းဆွတ်ခြင်း တို့လည်း ပါဝင်သည်။
ချန်လွေ့ ကိုယ်တိုင်အပြင် အစီအစဉ်ကိုသေသေချာချာ သိသောသူမှာ ရှီရာ ဖြစ်သည်။ ဂါ့စ်သည် လော့ဒ်အစည်းအဝေးမှ ပါဝင်ရန် ငြင်းပယ်ခံခဲ့ရသည်။ ဆိုလိုသည်မှာ အိုဆိုင်ဒန်သည် ချန်လွေ့ကို လုံးဝယုံကြည်နေပြီ ဖြစ်သည်။ အိုဆိုင်ဒန်သည် လော့ဒ်အစည်းအဝေး၌ အကြီးစား ရန်ပုံငွေအစီအစဉ်ကို အတိအလင်း ကြေညာပြီး အမှောင်လသည် မည်သည့် “အကျိုးအမြတ်”မျှ ရရှိမည် မဟုတ်ပေ။
အမှောင်လအပေါ် မြို့တော်၏ အရေးယူမှုများ ပိုမိုပြင်းထန်လာသော်လည်း အမှောင်လ၏ အလျင်အမြန် တိုးတက်နေသော လက်ရှိအခြေအနေကို သာမန် ကန့်သတ်မှုများဖြင့် ဖိနှိပ်နိုင်တော့မည် မဟုတ်ပေ။ မှော်မှုန့်များ၏ အသွင်ပြောင်းမှုကြောင့် အမှောင်လတွင် နှစ်ပေါင်းထောင်ချီ စွဲကပ်နေသော ကောက်ပဲသီးနှံပြဿနာကို အောင်အောင်မြင်မြင် ဖြေရှင်းနိုင်ခဲ့သည်။ ကျတ်တီးမြေသည် မြေဆီသြဇာကောင်းပြီး ထိရောက်မှုရှိသော “မှော်မြေ”အဖြစ် ပြောင်းလဲသွားခဲ့သည်။ လက်ရှိ၌ စုဆောင်းရမိသော စားစရာများမှာ စစ်ဖြစ်လျှင်ပင် နှစ်နှစ် သုံးနှစ်အတွက် လုံလောက်ပေသည်။ ပြဿနာမှာ ၎င်းသည် လိပ်ပြာနီ၏ “အကူအညီ”နှင့် အရိပ်နက်အင်ပါယာမှ ကတ်စကာမိသားစု၏ အစားအစာကုန်သွယ်မှုကို မှီခိုနေရဆဲဟူ၍ ကြေညာထားဆဲပင် ဖြစ်သည်။
ထိုမှော်မြေများမှာ လျို့ဝှက် အစားအစာ ဌာနချုပ်များတွင်သာ ရှိသည်။ အချိန်ကျသည်နှင့် မှော်မြေများသည် အမှောင်လနယ်မြေတစ်လျှောက် ပျံ့နှံ့သွားပြီး အမြဲပင် စားစရာ ပြတ်လတ်နေခဲ့သော အမှောင်လနယ်မြေသည် နတ်ဆိုးဘုံ၌ အကြီးမားဆုံး စားစရာထုတ်လုပ်ရေး ဌာနချုပ် ဖြစ်သွားပေလိမ့်မည်။
စီးပွားရေးအရ သေချာပြင်ဆင်ထားသော အထောက်အပံ့များနှင့် အတိုင်းအတာ များသည် ရတနာရှာခြင်းကြောင့် အသုံးဝင်လာခဲ့သည်။ အမှောင်လမြို့၏ အရင်းအမြစ် ပေါများခြင်း၊ အခွန်ခ နည်းပါးခြင်းစသည့် အမျိုးမျိုးသော အခွင့်သာသည့် မူဝါဒများကြောင့် အလွတ်ကုန်သွယ်မှုမှတစ်ဆင့် နတ်ဆိုးဘုံ၌ ပိုသိလာကြပြီး ကုန်သည်အများအပြားက အမှောင်လနယ်မြေသို့ ရောက်လာကြသည်။ ကတ်စတာ မိသားစုသာမက အခြားအင်ပါယာမှာ စီးပွားရေးမိသားစုများလည်း ရောက်လာကြသည်။ တစ်ကိုယ်တော် ကုန်သည်များလည်း ရှိသည်။ ရတနာ အရူးအမူးများ ပျောက်ကွယ်သွားသည့်တိုင် အမှောင်လနယ်မြေသည် ကုန်သည်များ၏ မျက်လုံးထဲ၌ အခွင့်သာသော နေရာတစ်ခုအဖြစ် ရှိနေဦးမည် ဖြစ်သည်။
အမှတ်တံဆိပ်အနေဖြင့် မင်းသမီး လက်လီစတိုး၏ စီးပွားရေးသည် အလွန် ကောင်းမွန်လေသည်။ ၎င်းသည် နေရာအများအပြားနှင့် စာချုပ်ချုပ်ထားပြီး ဆိုင်ခွဲများ ပို၍ပို၍ ပေါ်ထွက်လာသည်။ ညစျေးအဟုန်သည် တည်တည်ငြိမ်ငြိမ် မြင့်တက်လာခြင်း၏ မြင့်မားသော စံနှုန်းတစ်ခုကို ထိန်းသိမ်းထားနိုင်သည်။ အခြားဆိုင်များလည်း တဖြည်းဖြည်း တည်ငြိမ်သွား၏။ လေလံအိမ်သည်သာ နာမည်ကြီးနေဆဲပင် ဖြစ်သည်။ လေလံပစ္စည်းတစ်ခုစီသည် အပြိုင်အဆိုင်ရှိသော နတ်ဆိုးများကြောင့် တဟုန်ထိုး စျေးမြင့်သွားကြသည်။ ချန်လွေ့၏ ယခင်ကြည့်ရှုခဲ့သည့်အတိုင်းဆိုလျှင် ပုံမှန်ဖြစ်ရန် အချိန် အတော်ကြာဦးမည် ဖြစ်သည်။
အမှောင်လနယ်မြေ အခြေအနေမှာ လိပ်ပြာနီ နယ်မြ ကိုယ်စားလှယ် ဂျိုးဆက်ပ်၏ အပြည့်အဝ ထိန်းချုပ်ခံစားရသော အခြေအနေမျိုး မဟုတ်တော့ပေ။ မယ်လွန်မိသားစုကို အနိုင်ယူပြီးနောက်တွင် ဂျိုးဆက်ပ်၏ ကုန်သည်ကြီးများအသင်းကို လုံးဝ ဖိနှိပ်နိုင်ခဲ့သည်။ တစ်စုံတစ်ယောက်၏ နည်းဗျူဟာ အရဆိုလျှင် ဂျိုးဆက်ပ် လက်ထဲမှာ အာဏာကို အမှောင်လနယ်မြေက သိပ်မကြာခင် ရယူနိုင်မည် ဖြစ်သည်။
ရှီရာသာ ပြဇာတ်တစ်ခု၌ ဝတ်ရုံဂိုဏ်းမှ အက်ဂ်ယောနှင့် ပူးပေါင်းမည်ဆိုလျှင် အမှောင်လ စီးပွားရေးသည် သူ၏လက်ထဲသို့ လုံးဝရောက်ရှိသွားပေမည်။
စီးပွားရေးနှင့်ယှဉ်လျှင် စစ်ဘက်ဆိုင်ရာအင်အား တိုးတက်မှုမှာ အတော်လေး အဆင်ပြေလှသည်။ မူလက အားနည်းချက်ဖြစ်သော မြို့စောင့်တပ်သားများသည် အသီနာ၏ လေ့ကျင့်ပေးမှုကြောင့် လုံးဝပြောင်းလဲသွားသည်။ တိုက်ပွဲဘောလုံးသည်လည်း အရေးကြီးသော အခန်းကဏ္ဍ၌ ပါဝင်ပေသည်။ ကစားပွဲတိုင်း၌ ပြိုင်ကွင်းအတွင်း ပရိသတ် အပြည့် ဖြစ်နေသည့်အပြင် မြို့စောင့်တပ်သားများနှင့် အင်ပါယာအစောင့်များက အချင်းချင်း ယှဉ်ပြိုင်ကြသည်။ ရှီရာက ၎င်းကို အခွင့်ကောင်းယူပြီး အတွင်း စစ်ရေးပုံစံ လေ့ကျင့်ရေးပြိုင်ပွဲ ပြုလုပ်ခဲ့သည်။ ရလာဒ်အနေဖြင့် တိုက်ပွဲဘောလုံး၌ အနိုင်ယူခံရသော အင်ပါယာအစောင့်များက မြို့စောင့်တပ်သားများကို ချက်ချင်းပင် ပြင်းပြင်းထန်ထန် နှိပ်စက်ကြတော့သည်။ မြို့စောင့်တပ်သားများကလည်း အရှုံးမပေးကြပေ။ အသီနာနှင့် အရတ်စ်တို့၏ ဦးဆောင်မှုအောက်တွင် သူတို့သည် ပြင်းပြင်းထန်ထန် လေ့ကျင်ခံထားရ ခဲ့သည်။ ထိုသို့ကျန်းမာသော ယှဉ်ပြိုင်မှုအတွင်း စစ်တပ်၏ တိုက်ခိုက်ရေးစွမ်းအားသည် တစ်နေ့ထက် တစ်နေ့ တိုးလာခဲ့သည်။
ယခင်တစ်ခေါက်က ချန်လွေ့သည် ရှီလန်တောင်မှ အရည်အသွေးမြင့် သံရိုင်းများကို ယူလာခဲ့သည်။ ဝတ်ရုံဂိုဏ်း၏ ပညာရှင်များက အလွန်ကောင်းမွန်သော ပစ္စည်းများကို ဖန်တီးခဲ့သည်။ အထူးသဖြင့် ဝတ်ရုံဂိုဏ်း၏ လက်မှုပညာရှင် နွားတစ်ပိုင်း တွန့်ခ် တီထွင်ထားသော အသစ်စက်စက် ၇ချက်ပစ် ဒူးလေးပင် ဖြစ်သည်။ မှော်အစွမ်း အနည်းငယ်ဖြင့် အစီအရင် ပြုလုပ်ပြီးနောက်တွင် ၎င်းသည် အံ့သြဖွယ်ကောင်းအောင် ပိုမိုပြင်းထန်သွားခဲ့သည်။ ၎င်းသည် အမှောင်လ၏ လျို့ဝှက်လက်နက်များထဲမှ တစ်ခု ဖြစ်သည်။
အကြီးမားဆုံး လျို့ဝှက်လက်နက်မှာ မိုးသစ်တောမည်းမှ ဝိုင်ဗန် ဗိုလ်ခြေ ဖြစ်သည်။ ထိုနယ်မြေကို စစ်ဘက်ဆိုင်ရာ ကန့်သတ်နေရာအဖြင် မှော်စက်ဝိုင်းများဖြင့် တားဆီး ထားသည်မှာ ကြာပြီဖြစ်သည်။ အရာအားလုံးသည် အစီအစဉ်အတိုင်း စနစ်တကျ ရှေ့ဆက်သွားနေသည်။
ချန်လွေ့၏ အစီအစဉ် အတိုင်းဆိုလျှင် စစ်တပ်အင်အားသည် ကနဦးပိုင်းသာ ရှိနေသေးသည်။ အခြေခိုင်ပြီး ပိုမိုတိုးတက်စေရန်အတွက် အချိန်အတော်ကြာဦးမည် ဖြစ်သည်။ အကြီးမားဆုံး အစီအစဉ်က အောင်မြင်ရန် နီးကပ်နေပြီ ဖြစ်သည့်အတွက် ထိုအချိန်၌ မြို့တော်သည် ကြီးကြီးမားမား ဒဏ်ရာရပြီး နယ်မြေအားလုံးကလည်း အိုဆိုင်ဒန်ကို တိုက်ခိုက်ကြမည် ဖြစ်သည်။ အမှောင်လနယ်မြေသည် အဖိုးတန်အချိန်ကို အသုံးချကာ တိုးတက်နေစဉ် ရန်သူလည်း တဖြည်းဖြည်း အားနည်းလာပေမည်။ ထိုအချိန်၌ သူတို့သည် အမျိုးမျိုးသော နယ်မြေများနှင့် ပူးပေါင်းပြီး မြို့တော်ကို အမှန်တကယ် စိန်ခေါ်မည် ဖြစ်သည်။
၎င်းသည် ချန်လွေ့၏ မူလအကြံဖြစ်သည်။ အမျိုးမျိုးသော ပြင်ဆင်မှုများ လုပ်ခဲ့ရသော်လည်း ယေဘုယှ ဦးတည်ဘက်မှာ အတူတူပင် ဖြစ်နေခဲ့သည်။ ထို့အပြင် အိုဆိုင်ဒန်သည် ထောင်ခြောက်ထဲသို့ ကျသွားပြီ ဖြစ်သည်။ ၎င်းတို့အားလုံးမှာ လူသား၏ အကျိုးပြုမှုကြောင့်ပင် ဖြစ်လေသည်။
သူရင်ဆိုင်ရမည့် အန္တရာယ်များနှင့် မည်မျှအားထုတ်ရမည်ကို ရှီရာ စိတ်ကူးကြည့်နိုင်သည်။ သူသည် ရှီရာအား တွေ့သည့် အကြိမ်တိုင်းနီးပါး မသိလိုက်ဘဲနှင့် “ဒေါသ”ထွက်အောင် ပြုလုပ်ခဲ့သော်လည်း သူ့ကို မတွေ့သည့်အခါ ရှီရာသည် ထိန်းချုပ်၍မရသော တမ်းတမှုတစ်ခုကို ခံစားနေရသည်။
တကယ်တော့ လရောင်အောက်က နှစ်ယောက်တွဲ ဝေါ့လ်ဇ်အကကို သတိရတယ်....
တကယ်တော့ အဲဒီစကားသုံးလုံးကို ငါမျှော်လင့်နေတယ်......
တကယ်တော့ အဲဒီလူကို ငါတကယ် တွေ့ချင်တယ်.....
ဒါက...တစ်စုံတစ်ယောကို သဘောကျတဲ့ ခံစားချက်လား။