သမိုင်းတစ်လျှောက် စျေးအကြီးဆုံး အသက်ရှည်ဆေးရည်
Vol. 25 Ch. 366
ရှီရာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိနေသော်လည်း ဂျိုးဆက်ပ်၏ မျက်နှာ အမူအရာမှာမူ မည်းမှောင်နေ၏။
သူ၏ ကုန်သည်ကြီးများအသင်းသည် ကတ်စတာမိသားစု ကိုယ်စားပြုသော ပူးပေါင်း ကုန်သည်ကြီးများအသင်း၏ အဆက်မပြတ် တွန်းထုတ်ခြင်းကို ခံနေရသည်။ မယ်လွန်မိသားစုက ရုတ်တရက် သူ့ကို အာဏာဖီဆန်ကြသည်။ ရှီရာ၏ ဖိနှိပ်မှုလည်း ရှိနေသည့်အတွက် အမှောင်လနယ်မြေတွင် သူ့အတွက် ဖွံ့ဖြိုးတိုးတက်ရန် နည်းသထက် နည်းလာသည်။ ထို့အပြင် လိပ်ပြာနီ နယ်မြေဘက်၌လည်း သူသည် ခါနီတာ၏ အမျိုးမျိုးသော နည်းလမ်းများကို မကာကွယ်နိုင်လုနီးပါး ဖြစ်နေသည်။ ထိုနည်းလမ်းများကို သူ၏ဖခင် ဂျို့ရှ်က ညွှန်ကြားထားခြင်း ဖြစ်နိုင်ပေသည်။ ၎င်းသည် လျို့ဝှက်ချက်ကို မြို့တော်ဆီသို့ ပေါက်ကြားစေလိုက်သည့်အတွက် အပြစ်ပေးခြင်း ဖြစ်သည်မှာ အသိအသာပင် ဖြစ်သည်။
အတွင်းအပြင် မကောင်းသော အခြေအနေများကြောင့် ဂျိုးဆက်ပ်သည် မအိပ်နိုင် မစားနိုင်ဖြစ်နေခဲ့သည်။ ဤအတိုင်းသာ ဆက်ဖြစ်မည်ဆိုလျှင် နှစ်ပေါင်းများစွာကြာအောင် သူအပတ်တကုတ်ကြိုးစားခဲ့သော အခြေခံအုတ်မြစ်သည် အားနည်းသထက် အားနည်းလာပေမည်။ သိပ်မကြာခင်မှာပင် ပြိုလဲသွားနိုင်ပေ၏။ ၎င်းကို ပြောင်းပြန်လှန်ရန် တစ်ခုတည်းသော မျှော်လင့်ချက်မှာ သူ၏မဟာမိတ် “အက်ဂ်ယော”၏ အစီအစဉ်ပင် ဖြစ်လေသည်။
ဂျိုးဆက်ပ်သည် “အက်ဂ်ယော”၏ အစီအစဉ်အတိုင်း ရှီရာနှင့် ပဋိပက္ခဖြစ်အောင် ပြုလုပ်သည်။ သူသည် ထောင့်စွန်းနားသို့ တွန်းပို့ခံနေရသည့် ပုံစံမျိုးဖြစ်အောင် သူ တမင် ပြသခဲ့သည်။ ထို့ကြောင့် အခြေအနေမကောင်းသည်ကို မြင်သည့်အခါ မိသားစုငယ်များက မယ်လွန်မိသားစု ဥပမာအတိုင်း ပြုလုပ်တော့သည်။ သူတို့သည် ပွင့်ပွင့်လင်းလင်း သို့မဟုတ် တိတ်တဆိတ်နှင့် တော်ဝင်မင်းသမီးဆီသို့ စိတ်ကောင်းများ ပြသကြသည်။
ဂျိုးဆက်ပ် နှစ်ပေါင်းများစွာ တည်ဆောက်ထားခဲ့သာ တကယ့်အခြေခံအုတ်မြစ်မှာ ထိုအဆင့်ထက် အများကြီး ပိုပေသည်။ အကယ်၍ သူသာ ရှီရာနှင့် ရေရှည်တိုက်ပွဲ ပြုလုပ်ရန် ဆုံးဖြတ်ထားလျှင် အနည်းဆုံး ၁၀နှစ်အထိ တောင့်ခံနိုင်ပေသည်။ သို့သော် ထိုကဲ့သို့ မသေရုံတကယ် ရုန်းကန်နေရသည့် အခြေအနေမျိုးမှာ ဂျိုးဆက်ပ် မြင်ချင်သည့် အရာ မဟုတ်ပေ။ သူသည် ထိုအခက်အခဲကို ဖြေရှင်းရုံသာမက ပြောင်းပြန်လှန်ရဦးမည် ဖြစ်သည်။
ပြဿနာက ဒီလောက်အထိ ဖြစ်နေတာတောင် ဝတ်ရုံဂိုဏ်းက ဘာမှ မလှုပ်ရှားသေးဘူး။
ငါ အလိမ်ခံလိုက်ရတာလား။ ငါ “အက်ဂ်ယော”ရဲ့ အသုံးချတာကို ခံခဲ့ရတာလား။
သို့သော်လည်း စဉ်းစားကြည့်လိုက်သည့်အခါ ဘယ်ဇီဘတ် တော်ဝင်မိသားစု ဆက်ခံသူဖြစ်သော “အက်ဂ်ယော”သည် အမှောင်လ နယ်မြေ၏အာဏာက ရှီရာ၏ ထိန်းချုပ်မှုအောက်သို့ ရောက်သွားမည်ကို ကြည့်နေရန် အကြောင်းမရှိပေ။ ထိုသူ ပြောသည့်အတိုင်းပင် အမှောင်လနယ်မြေသည် ဘယ်ဇီဘတ်မိသားစု ပြန်လည် ရှင်သန်ရန်အတွက် အရေးအကြီးဆုံးအခြေခံအုတ်မြစ် ဖြစ်သည်။ ယခင် အစီအစဉ်များမှာ ယခုရည်ရွယ်ချက်အတွက်သာ ဖြစ်သည်။ ထိုအချိန်တွင် လိပ်ပြာနီလော့ဒ်လောင်း ဂျိုးဆက်သည် တမူထူးခြားသော ပြောခွင့်ရပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာပေမည်။
ထိုအချိန်၌ ဝတ်ရုံဂိုဏ်းသည် ညစျေးနှင့် ပြိုင်ကွင်းတို့မှ ငွေကြေးများ တဖြည်းဖြည်း စတင်စုဆောင်းလာကြောင်း ရွိုင့်စ်က သတင်းလာပို့သည်။ တစ်စုံတစ်ခု ဖြစ်နေပုံရသည်။ ဂျိုးဆက်ပ်သည် အလွယ်တကူ မယုံကြည်တတ်သော အတွေးများသည့်သူ ဖြစ်သည်။ ဗာဆာရှာ၏ အတိတ်ကို ပြန်စဉ်းစားရင်း သူသည် “အက်ဂ်ယော”၏ အကြံ မပေါက်ကြားစေရန်အတွက် ရွိုင့်စ်အား မပြောပြခဲ့ပေ။
ယခုတွင် ရွိုင့်စ်၏ သတင်းပို့ချက်ကို ကြားသည့်အခါ ဂျိုးဆက်ပ်က ယုံကြည်ချက် ပြန်လည်ရှိသွားသည်။ သူ၏စိတ်ထဲရှိ ဝန်ထုတ်ဝန်ကြီးတစ်ခုကို လွှတ်ချလိုက်သကဲ့သို့ ဖြစ်သွားသည်။ “အက်ဂ်ယော”က စပြီးတော့ လှုပ်ရှားနေပြီ။ ခြေလှမ်းတိုင်းက အစီအစဉ် အတိုင်း ရှေ့ဆက်နေတယ်။ ရှီရာနဲ့ အားလုံးကို လောင်းကြေးထပ်ထားတာဆိုတော့ အဆုံးသတ်ကြရင် အမှောင်လနယ်မြေကို ငါ အမှန်တကယ် ထိန်းချုပ်နိုင်ပြီ။
အဲဒီအချိန် ငါ့ရဲ့ လိပ်ပြာနီနယ်မြေက နေရာကို ယာယီ ဆုံးရှုံးရင်တောင် ကိစ္စ မရှိဘူး။ ငါ့မဟာမိတ်မှာ ငါ့ခမည်းတော် ဂျို့ရှ်အတွက် နည်းလမ်းတွေအများကြီး ရှိတယ်။ မြို့တော်က ရီဂျန့်အိုဆိုင်ဒန်ရဲ့ အားပေးထောက်ခံမှုနဲ့ပါ ပေါင်းလိုက်မယ်ဆိုရင် ငါ့ညီတော် နဲ့ ခမည်းတော်ကို အနိုင်ယူပြီးတော့ လိပ်ပြာနီလော့ဒ် ပလ္လင်ကို ရယူဖို့က အိပ်မက် မဟုတ်တော့ဘူး။
တည်ငြိမ်မှု ပြန်လည်ရရှိသွားသော ဂျိုးဆက်ပ်သည် နောက်ဆုံး၌ ပြုံးလိုက်သည်။ သူ၏ရင်ထဲမှ စိုးရိမ်မှုများ လွင့်ပျောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ရွိုင့်စ်အား အားလုံးကို စီစဉ်ရန် အမိန့်ပေးပြီး နောက်တစ်ကြိမ် ပုံမှန်အစည်းအဝေး၌ တရားဝင် အသုံးချရန် ပြင်ဆင်တော့သည်။ သို့သော်လည်း ရွိုင့်စ်သည် သူ့အနားတွင် “အက်ဂ်ယော” ထားထားခဲ့သော သူလျှိုတစ်ယောက် ဖြစ်ကြောင်းကို သူ မသိခဲ့ပေ။ ဗာဆာရှာ မှာမူ ရွိုင့်စ်၏ ဇနီး ဖြစ်နေပြီ ဖြစ်သည်။
ချန်လွေ့၏ အစီအစဉ်မှာ ဂျိုးဆက်ပ်အား တွင်းတူးခိုင်းပြီး ကိုယ်တိုင်ခုန်ချစေရန် ဖြစ်သည်။ ယခုတွင် သူသည် တဖြည်းဖြည်းနှင့် တွင်းတူးနေ၏။ ချန်လွေ့သည် ပြန်ခုန်တက်၍ မရနိုင်တော့သည့်အချိန်ကို စောင့်ဆိုင်းနေသည်။ ထို့အပြင် ၎င်းသည် စေတနာအလျောက် ဖြစ်သည်။
ကြယ်ကြွေတမန် မြို့တော်၌ -
လော့ဒ်အစည်းအဝေး အဆုံးသတ်သွားလေပြီ။ လော့ဒ်များ နယ်မြေသို့ ပြန်ရောက်ပြီး ရန်ပုံငွေများ ပြင်ဆင်ပြီးသည့်အခါ အိုဆိုင်ဒန်က မြို့တော်၏ မိသားစုများနှင့် အတူ ထိုသို့အလားတူ အစည်းအဝေး ပြုလုပ်ခဲ့သည်။ အကြီးအကဲမိသားစုများသည် “ချာလီစ်”အကြောင်း အတွင်းသတင်းများ ကြားပြီးကြပြီ ဖြစ်သည်။ ထို့ကြောင့် ၎င်းသည် ထိုလျို့ဝှက်ဆန်းကြယ်သော လူသားက ယူဆောင်လာသည့် အကျိုးအမြတ်များနှင့် သက်ဆိုင်နေနိုင်ကြောင်း သူတို့ မှန်းဆမိသည်။ ထို့ကြောင့် ၎င်းသည် သေချာပေါက် အကျိုးအမြတ်ရနိုင်သည့် ကိစ္စကြီးတစ်ခုပင် ဖြစ်လေသည်။
“ချာလီစ်”ကို သိမ်းသွင်းရန် မအောင်မြင်ခဲ့ဘဲ အကျိုးအမြတ် အများစုကို ရီဂျန့် အိုဆိုင်ဒန် ရရှိမည်ဖြစ်သော်လည်း ယခုတွင် အကျိုးအမြတ်များ မျှဝေကြမည် ဖြစ်သည်။ လူတိုင်း အကျိုးအမြတ်ကြီးကြီး ရရှိနိုင်သည်။ ၎င်းသည် အတော်လေး ကောင်းမွန်သော ရလာဒ်တစ်ခုပင် ဖြစ်သည်။ အကြီးအကဲမိသားစုများ၏ တုံ့ပြန်မှုအောက်တွင် မိသားစုများ အတူတကွ ပူးပေါင်းကြရာ အိုဆိုင်ဒန်သည်လည်း နောက်တစ်ကြိမ် ငွေအမြောက်အမြား စုဆောင်းမိခဲ့ပြန်သည်။ အကြီးမားဆုံး “ရှယ်ယာပိုင်ရှင်”မှာတော့ ရီဂျန့် ကိုယ်တိုင်ပင် ဖြစ်လေသည်။
တစ်ရက်ပြီးတစ်ရက် မြို့တော်နှင့် မိသားစုများမှ ငွေများကို စုဆောင်းခဲ့သည်။ ၎င်းသည် အတော်လေး အံ့အားသင့်ဖွယ်ရာ ကြီးမားလှသော ပမာဏ ဖြစ်သွားသည်။ ထိုငွေကြေးကို ပိုင်ဆိုင်မည့်သူကို “ကျိကျိတက် ချမ်းသာသည်”ဟု ပြော၍ ရနိုင်ပေသည်။ အိုဆိုင်ဒန်သည်ပင် ၎င်း၏ ဆွဲဆောင်မှုကို ခံခဲ့ရသည်။
သို့ရာတွင် ရီဂျန့် အိုဆိုင်ဒန်သည် ကြွယ်ဝမှု တစ်ခုတည်းကိုသာ လိုချင်သည် မဟုတ်ပေ။ သူသည် စွမ်းအားနှင့် အခြားအရာများကို ပို၍ လိုချင်သည်။ ထိုငွေပမာဏမှာ အလွန်ကြီးမားလှသော်လည်း အနာဂတ် အကျိုးအမြတ်များနှင့် ယှဉ်လျှင် ပမာဏ အနည်းငယ်သာ ဖြစ်သည်။
စွမ်းအားရှိသော လူတစ်ယောက်အနေဖြင့် ချက်ချင်းလက်င်းအကျိုးအမြတ်၏ လှည့်စားခြင်းကို မခံရသင့်ပေ။ ရေရှည်ကို ကြည့်သင့်ပေသည်။
သူ၏မဟာမိတ် “ချာလီစ်”သည်လည်း ထိုကဲ့သို့ လူမျိုးပင် ဖြစ်နိုင်သည်။ [ကောင်းချီးအလင်းခန္ဓာကိုယ်] ရှိသော တော်ဝင်မိသားစု၏ တရားမဝင်သောသား တစ်ယောက် ဖြစ်သည့်အလျောက် သူသည် ပို၍ကြီးမားသော အရာတစ်ခုကို ရရှိရန်အတွက် နတ်ဆိုးဘုံသို့ ရောက်ရှိလာခဲ့သည်။ “ချာလီစ်”၏ လူသားလောက အစီအစဉ်မှာ အောင်မြင်/မမြင် မသေချာသော်လည်း ထိုပူးပေါင်းဆောင်ရွက်ခြင်းသည် အိုဆိုင်ဒန်နှင့် သူအုပ်ချုပ်တော့ ကြယ်ကြွေတမန် အင်ပါယာတို့အတွက် ပြိုင်ဘက်ကင်း အကျိုးအမြတ်များကို ယူဆောင်လာပေး၏။
ထို့အပြင် သူတို့နှစ်ယောက်သည် ညီတူမျှတူ စာချုပ်ကို ချုပ်ဆိုထားကြသည်။ ထို့ကြောင့် လုံးဝ ဟာကွက်မရှိပေ။
အိုဆိုင်ဒန် မျှော်လင့်စောင့်စားနေရင်း တစ်လကျော်ကြာပြီးသည့်အခါ “ချာလီစ်”၏ ပုံရိပ်သည် နန်းတော်ဂိတ်တံခါး အရှေ့၌ ထွက်ပေါ်လာသည်။ အိုဆိုင်ဒန်က ထိုသတင်းကို ကြားသည့်အခါ အလွန်ပျော်ရွှင်သွားသည်။ သူ နန်းတော်ထဲမှ အလျင်အမြန် ထွက်လာပြီး ချန်လွေ့အား ကိုယ်တိုင်နှုတ်ဆက်ကာ ခန်းမထဲသို့ ကြိုဆိုလိုက်သည်။
“တောင်းပန်ပါတယ်။ အရှင်။ တချို့အကြောင်းတွေကြောင့် ကျုပ် နည်းနည်းလေး နောက်ကျသွားတာပါ။” ချန်လွေ့ ဦးညွှတ်ပြီး ပြုံးပြသည်။
“ရပါတယ်။” အိုဆိုင်ဒန်က ခေါင်းပြန်ညိတ်သည်။ သူတို့နှစ်ယောက်သည် ယခုတွင် “ပျားရည်ဆမ်းအခြေအနေ”သို့ ရောက်နေပြီ ဖြစ်သည့်အတွက် အားနာနေရန် မလိုတော့ပေ။
“အရှင်။ ရန်ပုံငွေ အခြေအနေ ဘယ်လိုရှိလဲ။”
“အားလုံး အစီအစဉ်တကျပဲ။ ထင်ထားတာထက်တောင် ကျော်နေတယ်။ မဟာမိတ် တစ်ယောက်အနေနဲ့ ကျုပ် မင်းကို စိတ်မပျက်စေခဲ့ဘူး မဟုတ်လား။” အိုဆိုင်ဒန်က ငြိမ်ငြိမ်သက်သက်နှင့် အသာလေးပြောလိုက်သည်။ အချိန်တိုအတွင်း အရင်းအမြစ် အများအပြားမှ ငွေကြေများ စုဆောင်းပြီး ရေတွက်ရသည်မှာ အမှန်တကယ် မလွယ်ကူလှပေ။ အိုဆိုင်ဒန် အတော်လေး အားထုတ်ခဲ့ရသည်။
“အရှင့်ရဲ့ စွမ်းဆောင်ရည်က တကယ့်ကို လေးစားစရာပဲ။” ချန်လွေ့က အံ့အားသင့်စွာ ပြောသည်။ “ကျုပ်လည်း အရှင့်ကို အဖိုးတန် လက်ဆောင်တစ်ခု ယူလာပေးနိုင်တဲ့အတွက် ဝမ်းသာမိပါတယ်။”
အိုဆိုင်ဒန်က ချန်လွေ့ ထိုသို့ပြောမည်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ ချန်လွေ့ ဘူးတစ်လုံး ထုတ်လိုက်သည်ကို မြင်သည့်အခါ အိုဆိုင်ဒန်၏မျက်လုံးများ အရောင်လက် သွား၏။ အတွင်းထဲထွင် ဆေးရည်မည်းတစ်ပုလင်းရှိနေပြီး ဘေးဖက်တွင် အနုစိတ် စာတန်းထိုးထားသည်။ ထိုထဲ ထွင်းထားသော စကားလုံးများမှာ “အသက်ရှည်ဆေးရည်” ဖြစ်လေသည်။
အိုဆိုင်ဒန်၏ မျက်လုံးထဲ၌ အလင်းရောင်တစ်ခု ရှိနေသည်။ သူက အဆို့ကိုဖွင့်ပြီး အနံ့ခံကြည့်လိုက်သောအခါ ချက်ချင်းပင် အသက်၁၀နှစ် ငယ်သွားသကဲ့သို့ပင် နှလုံးသားထဲ၌ ပြင်းထန်သော အသက်ဓာတ် အငွေ့အသက်တစ်ခုကို ခံစားမိလိုက်သည်။
ဟုတ်တယ်။ ဒါက အသက်ရှည်ဆေးရည်ပဲ ဖြစ်ရမယ်။ အိုဆိုင်ဒန်က ရင်ထဲမှ စိတ်လှုပ်ရှားမှုများကို ဖိနှိပ်ထားလိုက်သည်။ ယခုတစ်ခေါက်တွင် သူသည် အသက်ရှည် ဆေးရည်အား ယခင်ပြန်လည်ရှင်သန်ခြင်း ဆေးရည်ကဲ့သို့ ဖြုန်းတီးတော့မည် မဟုတ်ပေ။ သေတော့မည်ဖြစ်သော သူ့အတွက် ပိုက်ဆံမည်မျှပင် ရှိစေကာမူ နတ်ဆိုးဘုံ၌ ပျောက်ဆုံးသွားမည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော ဆေးရည်မည်းတစ်ပုလင်းကို ဝယ်ယူရန် မဖြစ်နိုင်ပေ။
“ဒီအသက်ရှည်ဆေးရည်က မကြာသေးခင်ကပဲ ကျုပ်ရဲ့ဆရာ ဖော်စပ် အောင်မြင်ခဲ့တာ။ ဒါက ၁၀၀% သန့်စင်တယ်။”
“နောက်ထပ် ၁၀၀% ပဲလား။ မဟာဆရာသခင် စွန်းစီမြောင်က တကယ့်ကို ပြိုင်ဘက်ကင်းတဲ့ စွမ်းရည်တွေရှိတာပဲ။” အိုဆိုင်ဒန်က စိတ်ရင်းအတိုင်း တအံ့တသြ ပြောသည်။ ဆေးရည်မည်းတစ်မျိုးကို ဘဝမှာ တစ်ကြိမ်ပဲ သောက်လို့ရတယ်။ ပုံမှန် ဆိုရင်တော့ သန့်စင်မှု ပိုမြင့်လေလေ၊ ပိုရှားပါးလေလေပဲ။ အသက်ရှည်ဆေးရည်ကို ငါသောက်ပြီးရင် ငါ့ရဲ့သက်တမ်းကို အဆုံးစွန်အထိ တိုးမြှင့်လို့ရပြီ။
“ကျုပ်ဆရာလို မဟာဆရာသခင်တောင် ဒီလို အဆင့်အမြင့်ဆုံး အထူး ဆေးရည်မည်း တစ်ပုလင်း ရရှိဖို့အတွက် ကျရှုံးမှုတွေ အများအပြား ကြုံတွေ့ခဲ့ရပြီးတော့ စိတ်ပိုင်းဆိုင်ရာနဲ့ ငွေကြေးပိုင်းဆိုင်ရာ အရင်းအမြစ်တွေကို သုံးစွဲခဲ့ရတယ်။ နောက်ဆုံးမှာ သူ အောင်မြင်သွားခဲ့တယ်။ ဒါက ကျုပ်တို့ဘက်အတွက် အသိသာ အထင်ရှားဆုံး အထောက်အပံ့တစ်ခုပဲ။ အရှင်။ ပုလင်းအဆို့ကို ဖွင့်လိုက်ပြီဆိုတော့ ချက်ချင်းသောက်တာ အကောင်းဆုံးပဲ။ မဟုတ်ရင် အချိန်ကြာလာတာနဲ့အမျှ အာနိသင် လျော့ကျသွားလိမ့်မယ်။ ကျုပ်က ဒီမှာရှိနေတာပဲ။ တစ်ခုခု မူမမှန်တာ ရှိလာမယ်ဆိုရင် လူလိမ် ကျုပ်ကို ဖမ်းပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးလို့ ရပါတယ်။”
အမှန်တကယ်၌ ထိုစကားမှာ.....အမှန်တရား ဖြစ်သည်။ တစ်ခါတစ်ရံ၌ အမှန် ပိုများလေလေ လူ ပို၍ မယုံကြည်လေလေပင် ဖြစ်လေ၏။
“ရိုးသားတယ်။ ယုံကြည်ရတယ်။ ဟာသဉာဏ်ရှိတယ်။ ချာလီစ်။ မင်းက ဒီလို လူစားမျိုးပဲ။ ဒါကြောင့် မြို့တော်ရဲ့ အလှပဆုံး မိစ္ဆာထောင်ခြောက်ပန်းက မင်း ထွက်သွားပြီးတော့ နည်းနည်းလေး စိတ်နဲ့ကိုယ်နဲ့မကပ် ဖြစ်နေတာကိုး။ လူလိမ် တစ်ယောက်က သူ့ရဲ့နှလုံးသားကို ခိုးယူသွားတာပဲ။” အိုဆိုင်ဒန် ရယ်စရာတစ်ခု ပြောလိုက်သည်။ ထို့နောက် လက်ထဲ၌ ဆေးရည်ပုလင်းကို ကြည့်ပြီး ခဏစဉ်းစားကာ နောက်ဆုံး၌ ခေါင်းမော့ပြီး သောက်လိုက်တော့သည်။
ခဏအကြာ၌ အိုဆိုင်ဒန်၏ တစ်ဝက်မှေးနေသာ မျက်လုံးများ တဖြည်းဖြည်း ပွင့်လာသည်။ သူ၏ခရမ်းရောင် မျက်လုံးထဲ၌ ကြီးကြီးမားမား အံ့အားသင့်မှုတစ်ခု ရှိနေတယ်။ ထိုကဲ့သို့စွမ်းအားအဆင့်၌ သူ့တွင် အသက်ဓာတ် အတိုင်းအတာတစ်ခုအထိ ရှိသော်လည်း ယခုတွင် သူ၏ခန္ဓာကိုယ်ထဲ၌ သေးငယ်သော ပြောင်းလဲမှုများနှင့် ဒဏ်ရာ အသေးလေးများ အလိုလိုပျောက်ကင်းနေသည်ကို သူသေသေချာချာ ခံစားမိသည်။ အရေးကြီးဆုံးကတော့ ဒီထူးဆန်းတဲ့ ခံစားချက်က အသက်ရှည်တာဖြစ်မယ်။ အနည်းဆုံး အသက်၂၀၀ တိုးသွားပြီ။ ဒါဆိုရင် နောက်ထပ် နှစ်၂၀၀အထိ ကြယ်ကြွေတမန် အင်ပါယာကို ငါ အုပ်စိုးလို့ ရဦးမှာပေါ့။ အာဏာက စွဲလမ်းတတ်တဲ့ အရာပဲ။ ဆုပ်ကိုင်သွားပြီးရင် ဘယ်တော့မှ လက်မလွှတ်ချင်တော့ဘူး။
သို့သော်လည်း အိုဆိုင်ဒန် မတွေးခဲ့သည်မှာ - အရာအားလုံး ဆုံးရှုံးသွားလျှင် နောက်ထပ် နှစ်ပေါင်း နှစ်သောင်း ထပ်နေရလျှင်ပင် ဘာအကျိုးရှိမည်နည်း။
“ဒါက၁၀၀% သန့်စင်တဲ့ အထူး အသက်ရှည် ဆေးရည်ပဲ။ ဒီလိုဆေးရည်မျိုးက နတ်ဆိုးဘုံမှာ ပေါ်ထွက်လာရင် လူတိုင်း ရူးသွားကြမှာ သေချာတယ်။” မူလက အိုဆိုင်ဒန်သည် ထိုငွေပမာဏသည် အလွန်များလှသည့်အတွက် အင်ပါယာတစ်လုံးကို လှုပ်ခါသွားစေနိုင်မည်ဟု ထင်ခဲ့သည်။ ယခုသည် ၎င်းသည် အတော်လေး နည်းပါး လှသည်။ ထိုကဲ့သို့ အထူးဆေးရည်မျိုးသည် အန္တရာယ် လုံးဝမရှိသလောက်ပင် ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုမည်မျှပင် ကြီးမားစေကာမူ လုံးဝထိုက်တန်ပေသည်။
“အရှင့်ရဲ့ ပုံစံကိုကြည့်ရတာ လျို့ဝှက်အကျဉ်းထောင်ဆီ သွားရဖို့က ကျုပ် ထပ်ပြီး စိုးရိမ်စရာ မလိုတော့ဘူးနဲ့တူတယ်။” ချန်လွေ့က အိုဆိုင်ဒန်အား ယုံကြည်ချက်ရှိရှိဖြင့် ပြုံးကာ ပြောလိုက်သည်။
“ချာလီစ်။ ကျုပ်တို့ ပူးပေါင်းမှုက ကျုပ်တို့အချင်းချင်းအတွက် ကံအကောင်းဆုံး အရာ ဖြစ်လိမ့်မယ်။ အစီအစဉ် အောင်မြင်မယ်ဆိုရင် ကျုပ်တို့က ကျုပ်တို့မျိုးနွယ် အသီးသီးရဲ့ သမိုင်းမှာ မှတ်တမ်းတင်ခံရတော့မှာ။ အဲဒီနေ့က သိပ်မဝေးတော့ဘူးလို့ ကျုပ် သေသေချာချာ ယုံကြည်နေတယ်။” အိုဆိုင်ဒန်၏ စိတ်အနေအထား တစ်ခုလုံး ပြောင်းလဲသွားပုံရသည်။ သူ အတော်လေး စိတ်အား တက်ကြွနေ၏။
ချန်လွေ့လည်း ပြုံးနေသကဲ့သို့ ဖြစ်နေသည်။ သို့သော် သူ၏စိတ်ထဲ၌ လှောင်ပြောင်နေ၏။ “ကံအကောင်းဆုံး” မဟုတ်ဘူး။ “ကံအဆိုးဆုံး”ပဲ။ အဲဒါကတော့ ခင်ဗျားပေါ့။ ပြီးတော့လည်း အသက်ရှည်ဆေးရည်ကို သမိုင်းမှာ မှတ်တမ်းတင်သင့်တယ်။ တချို့တန်ဖိုးတွေက ငွေတစ်ခုတည်းနဲ့ တိုင်းတာလို့ မရပေမဲ့ ဒါကတော့ နတ်ဆိုးဘုံ သမိုင်းတစ်လျှောက်မှာ စျေးအကြီးဆုံး ဆေးရည်မည်း ဖြစ်သင့်တယ် ......
အိုဆိုင်ဒန်၏ စိတ်အားထက်သန်မှု အရင်းအမြစ်မှာ အချင်းချင်း အသုံးချနေကြသော အသိုက်အဝန်းနှစ်ခုဖြစ်ကြောင်း သူ သေချာသိသည်။ “ချာလီစ်”သည် အကျဉ်းသား အဖြစ်မှ အရေးကြီးဧည့်သည်အဖြစ်သို့ ရောက်ရှိသွားခြင်းမှာ အကျိုးအမြတ်များ ကြောင့်ပင် ဖြစ်သည်။
ယခုတွင် နှစ်ဦးနှစ်ဖက်၏ အကျိုးစီးပွားများ “ချည်နှောင်”သွားပြီ ဖြစ်သည်။ ကြီးပွားတိုးတက်ခြင်းနှင့် ဆုံရှုံးခြင်းတို့သည် နှစ်ဖက်စလုံးကို သက်ရောက်မှုရှိပေမည်။ ထို့ကြောင့် အိုဆိုင်ဒန်သည်လည်း သူ၏မဟာမိတ် အောင်မြင်မှုရရှိပြီး ရေရှည် ဆေးရည်မည်း အထောက်အပံ့ အရင်းအမြစ်တစ်ခု ဖြစ်စေရန် မျှော်လင့်နေသည်။ သို့မဟုတ်ပါက အိုဆိုင်ဒန်သည် “ချာလီစ်”၏ အောင်မြင်မှု နှင့် ကျရှုံးမှုကို ဂရုစိုက်နေမည် မဟုတ်ပေ။
“ဒါပေါ့။” ချန်လွေ့လည်း အသာလေး ပြုံးလိုက်သည်။ “အတော်လေး ကောင်းတဲ့ နောက်ထပ်သတင်းတစ်ခု ရှိတယ်။ ဒီတစ်ခေါက် ကျုပ်ပြန်လာတာ နောက်ကျတဲ့ အကြောင်းရင်းက ဆရာ့ရဲ့မိတ်ဆွေ ယန္တရား မဟာဆရာသခင်ဆီကို သွားလည်လို့ပဲ။ မဟာဆရာသခင်က ‘စကားနားမထောင်တဲ့’ အဆောင်ပစ္စည်းတစ်ခုကို အတော်လေး စိတ်ဝင်စားနေတယ်။”
“သတင်းကောင်း”သည် အိုဆိုင်ဒန်၏ စိတ်လှုပ်ရှားမှုကို ပိုတိုးသွားစေသည်။ ယန္တရား မဟာဆရာသခင်လား။ ဒီနေ့က တကယ်ကံကောင်းတဲ့ နေ့ရက်များလား။ ကြယ်ကြွေတမန်ဓား ပြဿနာကို ဖြေရှင်းဖို့ မျှော်လင့်ချက်တောင် ရှိနေတယ်။