ရှေးမှော်စာများ။ ကြယ်ကြွေတမန်ဓား၏ လျို့ဝှက်ဆန်းကြယ်သော ချိပ်ပိတ်
Vol. 25 Ch. 367
အမှန်တကယ်၌ ချန်လွေ့နောက်ကျမှ ရောက်လာရခြင်းမှာ တက်တက်ကြွကြွ စမ်းသပ်ချက်များ ပြုလုပ်နေသော နတ်မိမယ်နဂါးက သူ့ကို မပေးသွားခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။ သို့သော်လည်း မြို့တော်၏ အစီအစဉ်သည် ထိုအချိန်၌ အရေးအကြီးဆုံး အခိုက်အတန့်သို့ ရောက်နေပြီ ဖြစ်သည့်အတွက် နည်းလမ်း တစ်ခုရှာရန် သူ အကောင်းဆုံး ကြိုးစားခဲ့သည်။ နောက်ဆုံး၌ သူသည် ကြယ်ကြွေတမန် မြို့တော်သို့ ခိုးထွက်သွားခဲ့သည်။
အိုဆိုင်ဒန်၏ အံ့အားသင့်နေသော မျက်နှာကို မြင်သည့်အခါ ချန်လွေ့ အေးအေးဆေးဆေး ပြောသည်။ “အရှင်။ အစောကြီး မပျော်ပါနဲ့ဦး။ ယန္တရား မဟာဆရာသခင်က ကျုပ်ဆရာနဲ့ အဆင့်တူတူ ဖြစ်ပေမဲ့ ခင်ဗျားရဲ့ အခြေအနေ ဖော်ပြချက်က မလုံလောက်တာတော့ သေချာတယ်။ အမှားအယွင်းကို ရှာတွေ့နိုင်ဖို့ အသေးစိတ် လေ့လာအကဲခတ်မှု လုပ်ရမယ်။”
“ကြယ်ကြွေတမန်ဓားကို ယူသွားဖို့ လိုတယ်လို့ ပြောချင်တာလား။” အိုဆိုင်ဒန် အသာလေး မျက်မှောင်ကြုတ်ပြီး အေးအေးဆေးဆေး ပြောသည်။
တစ်ဖက်လူ လုံးဝသံသယဝင်မည်ကို ချန်လွေ့ သိသော်လည်း ယခုတစ်ခေါက် ချန်လွေ့၏ အရေးကြီးဆုံး ရည်ရွယ်ချက်မှာ ငွေပမာဏ အများကြီးသာ ဖြစ်သည်။ ကြယ်ကြွေတမန်ဓားမှာ လမ်းကြုံရနိုင်သည့် ပစ္စည်းတစ်ခုသာ ဖြစ်သည်။ သို့သော်လည်း သူသည် အဓိကအစီအစဉ်ကို အနှောင့်အယှက်ခံမည် မဟုတ်ပေ။ သူ ခေါင်းခါရင်း အိုဆိုင်ဒန်ကို စိတ်ချရန် ပြောလိုက်သည်။ “မဟာဆရာသခင်က နတ်ဆိုးဘုံရဲ့ အဆောင်ပစ္စည်းကို လေ့လာချင်ပေမဲ့ ကြယ်ကြွေတမန်ဓားက ကြယ်ကြွေတမန် အင်ပါယာရဲ့ အဆောင်ပစ္စည်းလေ။ လူသားလောကရဲ့ အပြင်လူတစ်ယောက်က အဲဒါကို ဘယ်လိုလုပ်ပြီးတော့ ယူသွားလို့ ရမှာလဲ။ အဲဒီမဟာဆရာသခင်က အဆောင်ပစ္စည်းထဲက အသွင်အပြင်အချို့နဲ့ ပြောင်းလဲမှုတွေကို ခြေရာခံပြီး မှတ်တမ်းတင်ဖို့အတွက် ကျုပ်ကို မှော်ခြေရာခံ ပစ္စည်းတစ်ခု ပေးခဲ့တယ်။ ပြီးတော့ ကျုပ်က မှော်ခြေရာခံပစ္စည်းကို ယူသွားပြီးတော့ အမှားအယွင်းကို ရှာတွေ့ဖို့ပဲ မျှော်လင့်ရုံပါပဲ။”
၎င်းကို ကြားသည့်အခါ အိုဆိုင်ဒန်၏ စိတ်ထဲ၌ ရုတ်တရက် တည်ငြိမ်သွားခဲ့သည်။ ဒါက တစ်သက်မှာ တစ်ခါပဲရတဲ့ အခွင့်အရေးပဲ။ အဆောင်ပစ္စည်းရဲ့ “အမှားအယွင်း”ကို ရှာတွေ့ပြီးတာနဲ့......”
လူသား ဆက်ပြောသည်။ “အဲဒါဆိုတော့ အရှင်က ကျုပ်ကို ယုံကြည်ပြီးတော့ အဆောင်ပစ္စည်းကို စမ်းသပ်ဖို့ပစ္စည်းကို အသုံးပြုခွင့် ပေးရပါမယ်။”
“ကျုပ် ချာလီစ်ကို လုံးဝ ယုံကြည်ပါတယ်။” အိုဆိုင်ဒန်က မတုံ့ဆိုင်းဘဲ ပြောလိုက်၏။ “ကျုပ်ရဲ့ အယုံကြည်ရဆုံး မိတ်ဆွေကို မကြိုဆိုခင်မှာ အရင်ဆုံး ကျုပ်တို့တွေ ပိုက်ဆံ လွှဲပြောင်းသင့်တယ်လို့ ထင်တယ်။ အဲဒီကြားထဲမှာ ကျုပ်ရဲ့ လူစီဖာ တော်ဝင်မိသားစုရဲ့ ထိပ်ဆုံး အဆောင်ပစ္စည်းဖြစ်တဲ့ ကြယ်ကြွေတမန်ဓားကို သွားကြည့်လို့ ရပါတယ်။”
ချန်လွေ့ အလျင်အမြင် ထလိုက်သည်။ “အရှေ့က ကြွပါ။ အရှင်။”
အိုဆိုင်ဒန်သည် ချန်လွေ့အား နန်းတော်၏ အမျိုးမျိုးသော လျို့ဝှက် ရတနာတိုက် အဆင့်များဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
အကျယ်ဝန်းဆုံးသော လျို့ဝှက်ရတနာတိုက်ထဲ၌ ချန်လွေ့သည် ကြီးမားလှသော တောင်တစ်တောင်ကို တွေ့သွားသည်။
တိုင်းပြည်တစ်ခု၏ လျို့ဝှက်ရတနာသိုက်တစ်ခု ဖြစ်သည့်အလျောက် သလင်းကျောက်နက် ဒင်္ဂါးများ တောင်ပုံရာပုံ ဖြစ်နေသည်မှာ အံ့သြစရာ မဟုတ်ပေ။ သို့သော် ၎င်းမှာ သိုလှောင်လက်ပတ်များနှင့် သိုလှောင်လက်စွပ်များ တောင်ပုံရာပုံ ဖြစ်နေခြင်း ဖြစ်သည်။
စိတ်ကူးလို့တောင်မရတဲ့ ပမာဏတွေပဲ။ ချန်လွေ့က လက်ထဲမှ စာရင်းနှင့် “တောင်ပုံကြီး”ကို ကြည့်နေပြီး ခဏကြာအောင် ကြက်သေသေသွားခဲ့သည်။ ပါ့ဂ်လီအို၏ ရတနာသိုက်ကို သူတွေ့ခဲ့စဉ်က တစ်သက်တာတွင် အများဆုံးငွေကြေးကို တွေ့ခဲ့ပြီဟု ထင်မှတ်ခဲ့သည်။ သို့သော် ယခုမှသာ ထို “တစ်သက်တာ”သည် အစပိုင်းသာ ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။
“ခွင့်လွှတ်ပေးပါ။ ကျုပ် နည်းနည်း သတိလွတ်သွားတယ်။ ခမ့်လော့မိသားစုဆီကို ဒီလိုငွေပမာဏ ယူသွားရင် .....မဟုတ်ဘူး.... လင်းလက်နဂါး အင်ပါယာတစ်ခုလုံးအတွက် ဆိုရင်တောင် ဒီငွေပမာဏက တော်တော်လေး များပြားတယ်။” ချန်လွေ့ အလျင်အမြန်ပင် သတိပြန်ဝင်လာသည်။ သူ တဒိတ်ဒိတ် ခုန်နေသော နှလုံးသားကို ဖိနှိပ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြုံးလိုက်သည်။
ထိုကဲ့သို့ “ပွင့်လင်းမှု”သည် အိုဆိုင်ဒန်၏ ယုံကြည်မှုနှင့် မျက်နှာသာပေးမှုကို ရရှိသွားခဲ့သည်။ “မင်းမပြောနဲ့။ ကျုပ်လို ရီဂျန့်တစ်ယောက်တောင် ဒီလိုမျိုး ငွေပမာဏကို ဆွဲဆောင်ခံရတယ်။ ဆေးရည်မည်း ပထမအသုတ်ကို အဆင်ပြေပြေ ထုတ်လုပ်နိုင်မှာပါ။”
“ကျုပ်တို့ အစီအစဉ်ရဲ့ အအောင်မြင်ဆုံးအဆင့်ကို ရောက်တော့မယ်။” ချန်လွေ့ ပြောလိုက်ရင်း နှစ်ယောက်စလုံးက အချင်းချင်း ပြုံးလိုက်ကြသည်။
ထို့နောက် ချန်လွေ့သည် တောင်ပံအရှေ့သို့သွားလိုက်သည်။ သူ၏လက်ထဲ၌ အလင်းရောင် ဖျော့ဖျော့ လင်းလက်လာသည်။ သူသည် မန္တန်တစ်ခုခု ရွတ်ဖတ်နေပုံရသည်။ ထို့နောက် လက်ကို ဝှေ့ရမ်းသည်။ တောင်ပုံကြီး တဖြည်းဖြည်းနှင့် ပြားသွားပြီး ဆန်းကြယ်စွာ ကျုံ့သွားကာ နောက်ဆုံး၌ ပျောက်ကွယ်သွားတော့သည်။
“သိပ်ကောင်းတဲ့ စွမ်းရည်ပဲ။” အိုဆိုင်ဒန်က အပြည့်အဝ ချီးကျူးသည်။ သိုလှောင် ကိရိယာတစ်ခုသည် သိုလှောင်ကိရိယာကို မသိုလှောင်နိုင်ပေ။ သို့သော် ချန်လွေ့တွင် နတ်ဆိုးဘုံ၌ ပျောက်ဆုံးသွားပြီဖြစ်သော နေရာလွတ် မှော်ပညာတစ်မျိုးမျိုး ရှိနေပုံရသည်။ သူသည် လူသားလောက၏ အထက်တန်းစား တစ်ယောက်ဖြစ်ရန် ထိုက်တန်လှပေ၏။
ချန်လွေ့၏ ရင်ဘတ်ထဲ၌ ရပ်တန့်၍မရေသော စိတ်လှုပ်ရှားမှုများ လှိမ့်တက်လာသည်။ ဒီလို ကာလရှည်ကြာ အစီအစဉ်ချခဲ့တဲ့ အကြီးမားဆုံး အကြံအစည်က အလှည့်အပြောင်းတွေ တော်တော်များများနဲ့ ကြုံတွေ့ခဲ့ရတယ်။ ဒါက နောက်ဆုံးတော့ အောင်အောင်မြင်မြင်နဲ့ အဆုံးသတ်တော့မယ်။
ထိုငွေပမာဏ အများကြီးကို လက်ခံပြီးနောက် သူ့ကို အိုဆိုင်ဒန်က အခြား လျို့ဝှက်တရနာတိုက်ထဲသို့ ခေါ်သွားသည်။ အိုဆိုင်ဒန်က ရှုပ်ထွေးသော မှော်စက်ဝိုင်း တစ်ခုကို ဖွင့်သည်။ ထိုနေရာ၏ အကာအကွယ်မှာ ယခင်ရတနာတိုက်ထက် ပို၍ပင် အစွမ်းထက်လှသည်။ ထိုထဲ၌ ပစ္စည်းတစ်ခုသာ ရှိသည်။ ၎င်းမှာ ကျောက်ပြားတစ်ခုပေါ်၌ ပေါလောပေါ်နေသော ဓားတစ်လက်ပင် ဖြစ်သည်။
ဓားရိုးသည် ကောင်းမွန်လှပြီး အနုစိတ်ကာ အစွန်း၌ ခရမ်းရောင် ကျောက်မျက်တစ်ခု ထည့်သွင်းထားသည်။ ဓားမျက်လုံးသည် ကျောချင်းကပ် တမန်တော် နှစ်ယောက် ဖြစ်သည်။ ဓားကိုယ်ထည်မှာ အဖြူရောင်ဖြစ်ပြီး ထူးဆန်းသော သင်္ကေတနှစ်ခု ထွင်းထားသည်။ ၎င်းမှာ လျို့ဝှက်ဆန်းကြယ်သော စွမ်းအားများ လုံးဝ ပြည့်နှက်နေပေသည်။
၎င်းသည် လူစီဖာ တော်ဝင်မိသားစု၏ အမြင့်ဆုံးအဆောင်ပစ္စည်းဖြစ်သော ကြယ်ကြွေတမန်ဓားပင် ဖြစ်၏။
အိုဆိုင်ဒန်၏ အကြည့်အောက်တွင် ချန်လွေ့သည် ကြယ်ကြွေတမန်ဓားဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။ ထို့နောက် လက်ဆန့်တန်းပြီး အိုဆိုင်ဒန်ထံ ခေါင်းလှည့်ကာ ခွင့်ပြုချက်တောင်းသည့် အမူအရာ ပြုလုပ်သည်။
အိုဆိုင်ဒန် ခေါင်းညိတ်သည်။ အဆောင်ပစ္စည်း ၇မျိုးရဲ့ ဒဏ္ဍာရီက နတ်ဆိုး ဘုရားသခင် ကိုယ်တိုင်ပြုလုပ်ထားတဲ့ အထူးအဆောင်ပစ္စည်းတွေပဲ။ သာမန် အဆောင်ပစ္စည်းတွေ လိုမျိုးမဟုတ်ဘဲ သူတို့ကို နေရာလွတ်ထဲ ထည့်လို့မရဘူး။ နေရာလွတ် မှော်ပညာတောင် အလုပ်မဖြစ်ဘူး။ အလုပ်ဖြစ်ရင်တောင် ချာလီစ် တစ်ခုခု လုပ်မယ်ဆိုရင် ငါ့လို နတ်ဆိုးအရှင်သခင်တစ်ယောက် ကြည့်နေရင်တော့ ဘာမှဖြစ်နိုင်မှာ မဟုတ်ဘူး။
ချန်လွေ့က အံ့သြဖွယ်ရာဓားကို ထိလိုက်သည်။ သူထိလိုက်သည်နှင့် ထူးဆန်းသော တွန်းကန်အားတစ်ခုကို ခံစားလိုက်ရသည်။ သူအမြန်စဉ်းစားပြီး အထွက်နှုန်းစွမ်းအား တိုးကြည့်သည်။ သို့သော် ဓား၏ တွန်းကန်အားလည်း ပိုတိုးလာ၏။ သူ အတင်းကြိုးစား ကြည့်သည့်အခါ ကြယ်ကြွေတမန်ဓားမှ အလင်းရောင်များ လင်းလက်လာသည်။ ချန်လွေ့ အလွန်ထိတ်လန့်သွားပြီး လက်ကို ရုတ်သိမ်းလိုက်သည်။ သူသည် ထူးဆန်းသော အားတစ်ခု ကျူးကျော်ဝင်ရောက်လာသည်ကို ခံစားလိုက်ရပြီး သူ၏လက် အနည်းငယ် တုန်လှုပ်သွားသည်။
ထိုအခြေအနေကို အိုဆိုင်ဒန် မျှော်လင့်ထားသည့်အထဲမှပင် ဖြစ်သည်။ သူသည် ရာစုနှစ်အတွင်း၌ အကြိမ်ပေါင်း မရေတွက်နိုင်စွာ နံရံနှင့် ဆောင့်မိခဲ့သည်။ “ချာလီစ်” မအောင်မြင်သည်ကို မြင်သည့်အခါ အိုဆိုင်ဒန်၏ စိတ်ထဲ၌ စာနာစိတ် ဖြစ်လာသည်။ သူ ခေါင်းခါပြီး သက်ပြင်းချသည်။ “ဒါက ငါ့ရဲ့ လူစီဖာ တော်ဝင်မိသားစုက အဆောင်ပစ္စည်းပဲ။ ဒါပေမဲ့ ကံဆိုးချင်တော့ အဲဒါကို ငါထိန်းချုပ်ဖို့ ကြိုးစားတဲ့အခါတိုင်း အမည်မသိတဲ့ အစွမ်းထက်အားတစ်ခုရဲ့ ငြင်းပယ်တာကို ခံနေရတယ်။ ဒါက ငါ့ကို အဆောင်ပစ္စည်း အသိအမှတ်မပြုတာကြောင့် ဖြစ်နိုင်တယ်။ ယန္တရား မဟာဆရာသခင်မှာ ဒါအတွက် ဖြေရှင်းချက် ရှိမလား မသိဘူး။”
ချန်လွေ့က ထူးဆန်းသလို ခံစားသွားရသည်။ အကြောင်းမှာ သူသည် တော်ဝင်မိသားစု ၂ခု၏ အဆောင်ပစ္စည်းများကို ထိတွေ့ခဲ့ပြီးပြီဖြစ်သည့် အတွက်ကြောင့်ပင်။ နတ်ဆိုးဒိုင်းကို ဘေးဖယ်ထားလိုက်လျှင် နတ်ဘုရား-ဝါးမျို မျက်နှာဖုံးမှာ စူပါစနစ်နှင့် ပေါင်းစပ်နေသော ပြီးပြည့်စုံသည့် အဆောင်ပစ္စည်းဖြစ်ကာ ခွဲခြား၍ မရတော့ပေ။ ထိုအဆောင်ပစ္စည်းများသည် ဤကဲ့သို့ ထူးဆန်းသော တွန်းကန်အား မပြသခဲ့ပေ။ ချန်လွေ့သည် စွမ်းအားကို ချိန်ညှိပြီး [အထူးစိစစ်မှု]ကို ဖွင့်ကာ ထပ်မံကြိုးစားကြည့်သည်။ ယခင်ကကဲ့သို့ပင် သူ ငြင်းပယ်ခံရသည်။ အားပိုသုံးလေလေ ခုခံမှု ပိုမိုပြင်းထန်လေလေပင် ဖြစ်သည်။ ထိုထဲတွင် ထူးဆန်းသော တန်ပြန်အားတစ်ခုပင် ပါဝင်နေသည်။
အဆောင်ပစ္စည်း၏ “ငြင်းပယ်ခြင်း”ကို ခံရသောအခါ ချန်လွေ့၏ စိတ်ထဲ၌ ဖော်ပြ၍ မရသော ရင်းနှီးမှုတစ်ခုကို ခံစားလိုက်ရသည်။
အတော်လေး ရင်းနှီးပေသည်။
ချန်လွေ့ ချက်ချင်းပင် ပစ္စည်းတစ်ခုကိုထုတ်ပြီး ၇ပိုင်း ပိုင်းလိုက်ကာ ကြယ်ကြွေတမန်ဓား ပတ်ပတ်လည်တွင် ထားလိုက်သည်။ ထိုပစ္စည်းများ တဖြည်ဖြည်း အရောင်တောက်လာပြီး ပဲ့တင်ထပ်ကာ ထူးဆန်းသော အစီအရင်တစ်ခု ဖြစ်လာသည်။ အလင်းရောင် ပြောင်းလဲသွားသည်နှင့် ကြယ်ကြွေတမန်ဓားလည်း တုံ့ပြန်လာပြီး အလင်းရောင် အနည်းငယ် တောက်ပလာသည်။
အိုဆိုင်ဒန်၏ မျက်လုံးများ အနည်းငယ် ကျုံ့သွားသည်။ ငါ နည်းလမ်းတွေ မရေမတွက်နိုင်အောင် ကြိုးစားခဲ့တယ်။ ဒါပေမဲ့ တစ်ခုမှ ဒီလိုမျိုး ကြယ်ကြွေတမန်ဓားကို အထူးအခြေအနေဖြစ်အောင် မလုပ်နိုင်ခဲ့ဘူး။ ယခုတွင် “ချာလီစ်”သည် ထိုကဲ့သို့ ထူးခြားမှုမျိုးကို ဟိုလုပ်ဒီလုပ်ဖြင့် ဖန်တီးနိုင်ခဲ့သည်။ “ချာလီစ်”သည် လူသား လောကမှ လာပြီး [ကောင်းချီးအလင်းခန္ဓာကိုယ်] ရှိသော သရုပ်ကြောင့်သာ မဟုတ်လျှင် အိုဆိုင်ဒန်သည် သူ့ကို လူစီဖာတော်ဝင်မိသားစု၏ တော်ဝင်မျိုးဆက်ဟု ထင်မိပေမည်။
ယခုတစ်ခေါက်တွင် အိုဆိုင်ဒန် ပို၍ပင် အံ့အားသင့်သွားခဲ့သည်။ သူ အသက်အောင့် ထားပြီး “ချာလီစ်”၏ ကြိုးစားမှုကို အနှောင့်အယှက် မဖြစ်စေခဲ့ပေ။ ဒါက သေချာပေါက် သော့ချက် သက်ရောက်မှု ရှိနိုင်တဲ့ ပစ္စည်းတွေပဲ။ ဒီနည်းလမ်းနဲ့ ကြယ်ကြွေတမန်ဓားရဲ့ လျို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်မယ်လို့ မျှော်လင့်ရတာပဲ။
အိုဆိုင်ဒန်သည် အမှန်တကယ်တွင် တစ်ဝက်မှန်သွားခဲ့သည်။ ချန်လွေ့ စမ်းသပ် မိသည်မှာ မမျှော်လင့်ထားသော လျို့ဝှက်ချက်တစ်ခု ဖြစ်သည်။ ကြယ်ကြွေတမန်ဓားမှ ရင်းနှီးသော ခံစားချက်သည် ရှေးမှော်စာ စွမ်းအားများ ဖြစ်နေသည်။
အတိအကျပြောရလျှင် ၎င်းမှာ ချိပ်ပိတ်တစ်ခု ဖြစ်သည်။
အကယ်၍ ချန်လွေ့သာ သက်တန့်တောင်ကြားသို့သွားပြီး ဇိုလာနောက်လိုက်ကာ ရှေးမှော်စာများကို မသင်ယူခဲ့လျှင် ထိုလျို့ဝှက်ချက်ကို လုံးဝရှာတွေ့မည် မဟုတ်ပေ။
ကြည့်ရသည်မှာ အိုဆိုင်ဒန်က ကြယ်ကြွေတမန်ဓား၏ အသိအမှတ်ပြုခြင်း မခံရသည်မှာ အရည်အချင်းမပြည့်မီခြင်းနှင့် သွေးမျိုးဆက် စွမ်းအားကြောင့်သာ မဟုတ်ဘဲ အဓိကရည်ရွယ်ချက်မှာ ထိုအဆောင်ပစ္စည်းကို ရှေးမှော်စာများဖြင့် ချိပ်ပိတ်ထား၍ပင် ဖြစ်လေသည်။
နတ်ဘုရား-ဝါးမျို မျက်နှာဖုံးနှင့် ထင်ယောင်မှား နတ်ဆိုးဒိုင်းတို့တွင် ထိုကဲ့သို့ ချိပ်ပိတ်များ မရှိကြပေ။ ကြယ်ကြွေတမန်ဓားသည် သန်းခေါင်နေ လော့ဒ် သေဆုံးပြီးသည့် အခါမှသာ အိုဆိုင်ဒန်၏ လက်ထဲသို့ ကျရောက်သွားခဲ့သည်။ ဒါဆို ဒီရှေးမှော်စာ ချိပ်ပိတ်ကို သန်းခေါင်နေက စီရင်ခဲ့တာလား။
ထိုအချိန်က သန်းခေါင်နေ လော့ဒ်သည် နတ်ဆိုးဘုံ၌ နံပါတ်(၁) ပုဂ္ဂိုလ် ဖြစ်သည်။ သူသည် နတ်ဘုရားတစ်ပိုင်းအဆင့်၏ နတ်ဆိုးဒိပ်နှင့် လုံးဝနီးစပ်နေပြီ ဖြစ်သည်။ သူ၏ စွမ်းအားမှာ လက်ရှိ နံပါတ်(၁) ရိုင်ဇန်ထက် အတော်လေး သာလွန်သည်။ နတ်မိမယ်နဂါး၏ ပြောစကားအရဆိုလျှင် ရှေးမှော်စာများကို နတ်ဘုရားဘာသာစကားဟု ခေါ်သည်။ နတ်ဆိုးဘုံ၌ ၎င်းကို လူနည်းစုကသာ တတ်ကျွမ်းကြပြီး တိမ်ကောလုနီးပါး ဖြစ်နေခဲ့သည်။ မမျှော်လင့်ဘဲနဲ့ သန်းခေါင်နေ လော့ဒ်က ပျောက်ဆုံးသွားတဲ့ ရှေးမှော်စာ တွေကို တတ်ကျွမ်းနေခဲ့တာလား။
အားလုံး သိကြသည့်အတိုင်းပင် နတ်ဆိုးဘုံနှင့် လူသားလောက အကြားရှိ တိုက်ပွဲမှာ လွန်ခဲ့သော နှစ်ပေါင်း၃၀၀အကြာက ဖြစ်သည်။ သန်းခေါင်နေ လော့ဒ်သည် နတ်ဆိုးများကို ဦးဆောင်ပြီး ချီတက်သွားခဲ့ကာ လူသား သူတော်စင်အဆင့် ၃ယောက်ကို သတ်ပစ်နိုင်ခဲ့ပြီး လူသားများကို အတော်လေး ထိခိုက်သွားစေခဲ့သည်။ သို့သော်လည်း မမျှော်လင့်ဘဲနှင့် သူသည် လျို့ဝှက်ဆန်းကြယ်သော လူသားပုဂ္ဂိုလ်တစ်ယောက်နှင့် တွေ့ဆုံခဲ့ကာ ရှုံးနိမ့်ပြီး သေဆုံးသွားခဲ့သည်။ ထို့နောက် ခေါင်းဆောင်မဲ့သွားသော နတ်ဆိုးစစ်တပ်လည်း အရေးနိမ့်သွားကာ နတ်ဆိုးဘုံသို့ ဆုတ်ခွာခဲ့ရသည်။
ဒါဆိုရင် သန်းခေါင်နေလော့ဒ်က ဘာလို့ သူရဲ့လက်နက်ကို မသေခင်မှာ ချိပ်ပိတ်ခဲ့တာလဲ။
မဟုတ်ဘူး။ ချန်လွေ့ ခေါင်းခါသည်။ သူ၏လက်ရှိ ရှေးမှော်စာ အသိပညာအရ ထိုချိပ်ပိတ်သည် အလွန်ရှုပ်ထွေးပြီး အစွမ်းထက်လှကာ ပါ့ဂ်လီအိုမှ ချိပ်ပိတ်ထက်ပင် သာလွန်သည်။ ၎င်းသည် နတ်ဆိုးအရှင်သခင်အဆင့်တစ်ယောက် ပြုလုပ်နိုင်သည့် အရာတစ်ခု မဟုတ်ပေ။ အဆိပ်နဂါးကို လျို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်တစ်ယောက် ချိပ်ပိတ်ခဲ့သည်ကို သတိရလိုက်ရင်း ချန်လွေ့ ထိတ်လန့်သွားခဲ့သည်။ နတ်ဘုရားတစ်ပိုင်း။ ဒီချိပ်ပိတ်ကို နတ်ဘုရားတစ်ပိုင်းအဆင့် ပုဂ္ဂိုလ်တစ်ယောက်က စီရင်ခဲ့တာပဲ။
ဒီတော့ သန်းခေါင်နေလော့ဒ် သေသွားရတဲ့ တကယ့်အကြောင်းရင်းက လူသားလောကရဲ့ သာမန် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ကြောင့် မဟုတ်ဘဲ နတ်ဘုရားတစ်ပိုင်းအဆင့် ပုဂ္ဂိုလ်တစ်ယောက် ကြောင့်ပဲ။
နတ်ဆိုးအရှင်သခင်အဆင့်က အမြင့်ပိုင်းအဆင့်ဆိုရင် နတ်ဘုရားတစ်ပိုင်းက ထိပ်တန်းအဆင့်ပဲ။ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းဆိုရင်တောင် ဒီလိုမျိုး နတ်ဘုရားအဆင့်နား နီးကပ်နေတဲ့ အထူးအဆင့် ပုဂ္ဂိုလ်တွေရှေ့မှာ ဦးညွှတ်ရမှာပဲ။
နတ်ဘုရားတစ်ပိုင်းအဆင့်တွေက သီးခြားနယ်ပယ်တစ်ခုပဲ။ သူတို့က နတ်ဘုရားတွေလိုမျိုး အံ့သြဖွယ်ရာ တွေကို မပြသပေမဲ့ သူတို့က ဒဏ္ဍာရီထဲမှာ ရှိနေပြီးတော့ ပေါ်ထွက်လာခဲတယ်။ သာမန်အခြေအနေမှာဆိုရင် သူတို့က သာမန် လောကလည်ပတ်ပုံကို ဝင်နှောင့်ယှက်မှာ မဟုတ်ဘူး။
သန်းခေါင်နေ လော့ဒ်က တကယ်ပဲ နတ်ဘုရားတစ်ပိုင်းအဆင့် ပုဂ္ဂိုလ်တစ်ယောက် သတ်လိုက်တာလို့ ယူဆမယ်ဆိုရင် နတ်ဆိုးဘုံနဲ့ လူသားလောကကြား တိုက်ပွဲမှာ နတ်ဘုရားတစ်ပိုင်းအဆင့်တွေ ဘယ်လောက်တောင် ပါဝင်နေတာလဲ။ ဒါမှမဟုတ် နတ်ဘုရားတစ်ပိုင်းအဆင့် ပုဂ္ဂိုလ်တွေရဲ့ စွမ်းအားက လောကနှစ်ခုအကြားက အောင်နိုင်မှု သော့ချက်များလား။ နတ်ဆိုးဘုံက လူသားလောကကို ဘာလို့ အနိုင်မရတာလဲ။ ဒါက ဒီအချက်နဲ့ ဆက်နွှယ်နေနိုင်လား။
ချန်လွေ့ သံသယများ ပြည့်နှက်သွားသည်။ သူသည် လောကကြီးကို လှုပ်ခါစေနိုင်သည့် လျို့ဝှက်ချက်တစ်ခု၏ အကြမ်းဖျဉ်းကို ထိတွေ့မိသွားသော်လည်း သဲလွန်စတစ်ခုကိုမျှ စဉ်းစားမရပေ။ ထို့ပြင် ထိုအထူးပုဂ္ဂိုလ်များနှင့်ယှဉ်လျှင် သူ၏ လက်ရှိစွမ်းအားမှာ လုံးဝ မလုံလောက်ပေ။ သူ၏ စွမ်းအားသာ ထိုအဆင့်သို့ ရောက်သွားမည်ဆိုလျှင် ငွေသေတ္တာအပါအဝင် မြူနောက်တွင် ပုန်းကွယ်နေသော လျို့ဝှက်ချက်များကို တစ်ဆင့်ချင်း အဖြေရှာနိုင်ပေမည်။
ချန်လွေ့၏ ရှေးမှော်စာ လက်ရှိအဆင့်မှာ ကြယ်ကြွေတမန်ဓားပေါ်ရှိ ချိပ်ပိတ်ကို အဖြေမရှာနိုင်ပေ။ သူလုပ်နိုင်သည်မှာ ၎င်းကို လေ့လာအကဲဖြတ်ပြီး ထိုမှော်စာများအတွင်း ပြောင်းလဲမှုများကို မှတ်တမ်းတင်ရန် ဖြစ်သည်။ ထို့နောက်တွင် ဇိုလာ၏ အကူအညီဖြင့် ထိုချိပ်ပိတ်ကို ဖျက်ပစ်ရန် ကြိုးစားပေမည်။ ၎င်းသည် အနာဂတ်၌ ကြယ်ကြွေတမန် အင်ပါယာနှင့် ကြယ်ကြွေတမန်ဓားကို ရှီရာ ထိန်းချုပ်ရန်အတွက် အခွင့်အရေးတစ်ရပ် ဖြစ်လာနိုင်ပေသည်။
ဒီနည်းနဲ့ဆိုရင် ခုနက အိုဆိုင်ဒန်ကို ငါပြောခဲ့တဲ့ ဆင်ခြေတွေအတိုင်း လုံးဝ ကွက်တိပဲ။ ဒါပေမဲ့ ဒီတစ်ခေါက် ငါ တော်တော်လေး ကံကောင်းသွားတယ်။
ချန်လွေ့၏ အတွေးများ ပြောင်းလဲသွားသည်။ မည်သည့်ပစ္စည်းကိုမှ မသိမ်းဘဲ သူ မတ်တပ်ရပ်လိုက်သည်။
“ဘယ်လိုလဲ။ချာလီစ်။ နည်းလမ်းတစ်ခုခု ရှိလား။” အိုဆိုင်ဒန်က မျှော်လင့်စွာဖြင့် မေးသည်။
“အရှင်။ ကျုပ်က ယန္တရားပညာမှာ လုံးဝ သာမန်လူ တစ်ယောက်ပါ။ ကျုပ်က မဟာဆရာသခင်ရဲ့ ညွှန်ကြားမှုအတိုင်း ပစ္စည်းကို ဘယ်လိုသုံးရမလဲ ဆိုတာကိုပဲ သိပါတယ်။”
အိုဆိုင်ဒန် ခဏတွေးပြီး သူ အတော်လေး စိတ်မရှည်ဖြစ်နေသည်ဟု စိတ်ထဲ၌ တွေးမိပြီး ရယ်လိုက်သည်။ လူတိုင်းက တစ်ခုခုမှာ ကျွမ်းကျင်ကြတာရှိတယ်။ စီးပွားရေးအကြောင်း၊ နိုင်ငံရေးအကြောင်း မေးမယ်ဆိုရင် ဒီလူက ဗဟုသုတ ရှိနိုင်တယ်။ သူ့မှာ မဟာဆရာသခင်လည်း ရှိတယ်ဆိုတော့ ဆေးဝါးပညာအကြောင်းလည်း နည်နည်း ရှိလောက်တယ်။ အများဆုံးတော့ သူက တစ်ဝက်လောက် ဗဟုသုတ ရှိနိုင်တယ်။ ယန္တရားပညာရပ်ကတော့ သူ တကယ်ကျွမ်းကျင်ဖို့ လုံးဝ မဖြစ်နိုင်ဘူး။
သူ့အရှေ့မှ “မဟာမိတ်”သည် နတ်ဆိုးဘုံကို လှုပ်ခါစေခဲ့သော သုံးသွယ်-အထူးပြု ယန္တရားဆရာသခင်နှင့် မှော်စက်ဝိုင်းဆရာသခင် ဖြစ်ကြောင်း အိုဆိုင်ဒန် မသိခဲ့ပေ။ တစ်ချိန်တည်းမှာပင် သူ့ကို ယန္တရားပညာ အသိုက်အဝန်းကလည်း မဟာဆရာသခင် အဖြစ်လာနိုင်ဆုံးသူဟု ချီးမွမ်းကြသည်။ ထို့ပြင် ထိုသူသည် ယန္တရားပညာကို သိရုံသာမက ဝတ္ထုနှင့် တီဗီမှ သင်ယူထားသော လှည့်ကွက်နှင့် လျို့ဝှက်ကြံစည်မှုများလည်း ရှိသည်။ သူသည် နေ့စဉ်ဘဝ၌ အချက်အပြုတ်စွမ်းရည်အချို့ကို သွေးခဲ့သည်။ စာတွေ့နှင့် လက်တွေ့ဖြင့် စီးပွားရေးကို အနည်းငယ် လေ့လာခဲ့သည်။ အင်တာနက်မှ စစ်ဘက်ဆိုင်ရာ ဗဟုသုတ အနည်းငယ်ကိုလည်း သိသည်။ စသဖြင့်.......
ချန်လွေ့၏ ယခင် အသက်မွေးလုပ်ငန်းမှာ အမှန်တကယ်ပင် အိုတာခု တစ်ယောက် ဖြစ်ခဲ့သည်။
ပတ်ဝန်းကျင်က သူ့ကို လေ့ကျင့်ပေးခဲ့သည်။ အကယ်၍ သူ လောကပြောင်းသည့် ပစ်မှတ်မှာ သေရန်စောင့်ဆိုင်းနေသည့် ဒုတိယမျိုးဆက် လူချမ်းသာ တစ်ယောက်ဆိုလျှင် ထိုအလားအလာများနှင့် စွမ်းရည်များကို အတင်းလုပ်ယူရမည် မဟုတ်ပေ။
( ချန်လွေ့ : ငါ့ကို သောက်ကြမ်းကြီးလို့ မပြောနဲ့။ တကယ်တော့ အိုတာခုတိုင်းက လောကကို ကယ်တင်နိုင်မယ့် စွမ်းအားရှိတယ်။ အဲဒါ အချိန်-နေရာလွတ် အစိုးရက အခွင့်အရေး ပေးမပေးပေါ်မှာပဲ မူတည်တယ်။ )
အိုဆိုင်ဒန်၏ အမူအရာ အနည်းငယ်ပြောင်းလဲသွားသည်ကို သတိထားမိသည့်အခါ ချန်လွေ့သည် စိတ်ထဲ၌ ပြုံးကာ ပြောလိုက်သည်။ “ကျုပ်ရဲ့ အမြင်အရတော့ မှော်ပစ္စည်းတွေရဲ့ တုံ့ပြန်မှုအရတော့ မျှော်လင့်ချက်တချို့ ရှိနိုင်တယ်။ အချက်အလက် အပြည့်အစုံ ရဖို့အတွက် အနည်းဆုံး ၃ရက်ဆက်တိုက် အဆောင်ပစ္စည်း အချက်အလက်ကို စုဆောင်းဖို့ လိုအပ်တယ်လို့ မဟာဆရာသခင် ပြောခဲ့တယ်။ နေ့တိုင်း မှော်ပစ္စည်းရဲ့ လုပ်ဆောင်မှုနဲ့ ပြင်ဆင်မှုတွေကို ကျုပ်လုပ်ဖို့ လိုအပ်တယ်။ ပစ္စည်းတွေကို ဒီမှာ ကျုပ် ထားခဲ့မယ်။ နောက်၃ရက်မှာ မဟာဆရာသခင် လိုအပ်တဲ့ အဆင့်တွေအတိုင်းကို ကျုပ် နေ့တိုင်း လုပ်ဆောင်ရမယ်။ အဲဒီအချိန်ကျရင် ကျုပ် အရှင့်ကို ဒုက္ခပေးရပါလိမ့်မယ်။”
“ကျုပ်က မင်းကို ဒုက္ခပေးနေတာပါ။ ချာလီစ်။ ဒါပေမဲ့....ကျုပ် မင်းကို အားမနာ နေတော့ပါဘူ။” အိုဆိုင်ဒန်က ချန်လွေ့အား လျို့ဝှက်အကျဉ်းထောင်၌ အကျဉ်းချရန် အမိန့်မပေးခဲ့သောသူတစ်ယောက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ပင် မိတ်ဆွေဟောင်း တစ်ယောက်၏ သဘောထားကြီးမှုပုံစံမျိုး ပြသခဲ့သည်။
“လိုအပ်တဲ့အတိုင်း အဆောင်ပစ္စည်းရဲ့ အသွင်အပြင်အချို့ကို မှတ်တမ်းတင်ပြီးရင် ကျုပ်ထွက်သွားမှာပါ။ နောက်တစ်ခါ ဆေးရည်မည်း ပထမအသုတ်ကို ယူလာတဲ့အချိန် ကြယ်ကြွေတမန်ဓားနဲ့ သက်ဆိုင်တဲ့ သတင်းကောင်းကို ကျုပ် ယူလာနိုင်မယ်လို့ မျှော်လင့်ပါတယ်။”
ထို၃ရက်တွင် အိုဆိုင်ဒန်သည် ကြယ်ကြွေတမန်ဓားကို စောင့်ကြည့်နေမည်မှာ သေချာပေသည်။ အဆောင်ပစ္စည်းကို ခိုးယူသွားရန် ဖြစ်နိုင်ချေမှာ အလွန်နည်းပါးလှ၏။ သို့သော် ချန်လွေ့တွင် အခြားအကြံတစ်ခု ရှိသည်။ သူသည် ၎င်းအပေါ်၌ လှည့်ကွက်တစ်ခု အသုံးပြုရပေမည်။ ၎င်းသည် အနာဂတ်၌ အရေးကြီးသော အခိုက်အတန့်များတွင် မမျှော်လင့်ထားသော အံ့အားသင့်ဖွယ်ရာ သက်ရောက်မှုတစ်ခု ယူဆောင်လာနိုင်ပေမည်။
အိုဆိုင်ဒန် ခေါင်းညိတ်ပြီး ပြုံးသည်။ “၃ရက်လား။ ကျုပ် မင်းအတွက် သက်တောင့်သက်သာရှိတဲ့ အိမ်တစ်လုံး ပြင်ဆင်ပေးသင့်တယ်။ ဒါပေမဲ့ မင်းမှာက ပိုပြီးတော့ ဆွဲဆောင်မှုရှိပြီးတော့ အံ့သြဖွယ်ရာနေရာတစ်ခု ရှိတယ်လို့ ငါထင်တယ်။ ဟုတ်တယ်မလား။ မိတ်ဆွေ။”
“ဒါပေါ့။” ချန်လွေ့ အသာလေးပြုံးပြီး မိမိအား အိုဆိုင်ဒန် ကောင်းကောင်းသိသည့် အမူအရာ ပြသလိုက်သည်။ သို့သော် သူ၏စိတ်ထဲ၌ လျစ်လျူရှုထားသည်။ အခုတော့ ငွေပမာဏအများကြီးက ငါ့လက်ထဲ ရောက်နေပြီ။ အစ်ဇဘယ်လာရဲ့ တန်ဖိုးက အရိပ်လေပြေ ဘွတ်ဖိနပ်တစ်ခုပဲ။ ပြီးတော့ “ချာလီစ်”က နောက်၃ရက်ပြီးရင် ထာဝရ ပျောက်ကွယ်သွားတော့မှာ။ အဲဒါကြောင့် ဘာမှ ဟန်ဆာင် ကစားနေစရာ မလိုတော့ဘူး။
သို့သော်လည်း ချန်လွေ့ကို အံ့အားသင့်စေသည်မှာ သူ့ကို အိုဆိုင်ဒန်က နန်းတော် အပြင်အထိ ကိုယ်တိုင်လိုက်ပို့ပေးခြင်းပင် ဖြစ်သည်။ နန်းတော်အပြင်ဘက်၌ ချန်လွေ့ကို အဖိုးတန်လှည်းတစ်စင်းက စောင့်ဆိုင်းနေသည်။ လှည်းအပြင်ဘက်၌ ဂါဝန်အရှည် ဝတ်ထားသော မျက်လုံးအပြာနှင့် ဆံပင်ကောက်ကောက် အမျိုးသမီးတစ်ယောက် ရှိနေသည်။ ထိုအမျိုးသမီးက အသာလေး ပြုံးလိုက်သည်။ ထိုအပြုံးသည် တောက်ပပြီး ဆွဲဆောင်မှုရှိလှသည်။ ၎င်းမှာ မြို့တော်၏ နာမည်ကြီး မိစ္ဆာထောင်ခြောက်ပန်းပင် ဖြစ်လေသည်။
အိုဆိုင်ဒန်က ယောက်ျားတိုင်းသိသည့် အပြုံးမျိုး ပြုံးပြီး အားပေးသည့် သဘောဖြင့် ချန်လွေ့၏ပုခုံးကို ပုတ်လိုက်သည်။ ချန်လွေ့လည်း စိတ်ထဲ၌ ကံမကောင်းခြင်းကို အပြစ်တင်လိုက်သည်။ ထိုကဲ့သို့ ကံဆိုးမှုမှ မလွတ်နိုင်သည့်အတွက် ချန်လွေ့သည် အံ့အားသင့်ဟန် ပြသလိုက်ပြီး ရှေ့သို့တက်သွားလိုက်တော့သည်။