ဘရော့ခ်
Vol. 25 Ch. 370
ကြယ်ကြွေတမန်မြို့တော်သို့ အပြေးလာနေသော ဘရော့ခ်သည် ခေါ်ယူရမည့်သူ “ချာလီစ်”သည် သူရောက်လာမည်ကို သိနှင့်နေပြီးဖြစ်ကြောင်း မသိခဲ့ပေ။ ချာလီစ်သည် အထူး “ကြိုဆိုဂုဏ်ပြုပွဲ” တစ်ခုကိုလည်း ပြင်ဆင်ထားခဲ့သည်။ အမှန်တကယ်၌ ဘရော့ခ်၏ အခြေအနေမှာ အတော်လေး ကောင်းမွန်နေခဲ့သည်။
ယခင်တစ်ခေါက် မန်နူကို သတ်ပစ်ရန် စွန့်စားခဲ့စဉ်က ဘရော့ခ်သည် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိသွားခဲ့သည်။ သို့သော်လည်း သူ၏ရရှိမှုများမှာ မနည်းလှပေ။ သူသည် နတ်ဆိုးအရှင်သခင် တစ်ယောက်ဖြစ်သော မာနူ၏ အသွေးအသား စွမ်းအားကို လုံးဝချေဖျက်၍ မရနိုင်သေးသော်လည်း လျို့ဝှက်ပညာရပ်ကိုသုံးပြီး စုပ်ယူပြီးနောက်တွင် သူ၏ခွန်အားသက်သက်မှာ နတ်ဆိုးအရှင်သခင်အဆင့်နီးပါး ကပ်နေပြီဖြစ်သည်။ သူသည် ပိုင်နက်ကိုသာ အဆင့်တက်ရန် လိုအပ်တော့သည်။
နတ်ဆိုးအရှင်သခင်အဆင့် ပိုင်နက်ကို သူသဘောပေါက်သည်နှင့် သူသည် ထိပ်သီး အစွမ်းထက်ပုဂ္ဂိုလ်အဆင့်သို့ ဝင်ရောက်နိုင်ပြီ ဖြစ်သည်။ ထို့ပြင် သူ၏ အစွမ်းထက်သော သွေးမျိုးဆက် ပါရမီဖြင့်ဆိုလျှင် သူသည် အဆင့်တူ နတ်ဆိုးအရှင်သခင်များအကြား၌ လက်ရွေးစင်တစ်ယောက် ဖြစ်နေဦးပေမည်။ လက်ရှိ၌ သူသည် ထိုအမြင်ဆုံးအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။
ရက်စက်သော နည်းလမ်းများဖြင့် ဘရော့ခ်သည် မန်နူ၏ လူယုံများကို ရှင်းပစ်ခဲ့ပြီး လီဗျာသန် တော်ဝင်မိသားစု၏ လက်ကျန်အင်အားကို ထိန်းချုပ်ကာ သွေးမြေကျ၏ တရားဝင်အတည်ပြုချက်ကို ရရှိခဲ့သည်။ သူသည် “ဒဏ်ရာအပြင်းအထန်ရနေခဲ့သော” မန်နူထံမှစွမ်းအားကို အောင်အောင်မြင်မြင်နှင့် ရယူနိုင်ခဲ့သည်။
သို့သော်လည်း ဘရော့ခ်သည် မန်နူကို အပြင်းအထန် ဒဏ်ရာရစေခဲ့ပြီး သလင်းကျောက်နဂါးနှင့် အဇ်ဂါလောတို့၏ သုံးယောက်ပေါင်းတိုက်ခိုက်မှုကို အနိုင်ယူခဲ့သော အရိပ်နက်အင်ပါယာမှ ကတ်သရင်းကို ပို၍ကြောက်ရွံ့သည်။ သူသည် အရိပ်နက်အင်ပါယာ၌ အလွန်ပင် သိုသိုသိပ်သိပ် နေသည်။ သူသည် စစ်ဘက်ဆိုင်ရာ ပြန်လည်ဖွဲ့စည်းများအပါအဝင် ကိစ္စအများအပြား၌ ဧကရီ၏ ပြောကြားချက်များကို ပထမဆုံး တုံ့ပြန်သူ ဖြစ်သည်။ သူသည် သစ္စာရှိသည့်ပုံစံမျိုး ပြသနေသည့်အတွက် ဂုဏ်သတင်း ကောင်းမွန်နေသည်။
ထိုသို့ ဘရော့ခ် ပြုလုပ်ခြင်းမှာ သိုသိုသိပ်သိပ်နေရန်နှင့် အညံ့ခံဟန်ဆောင်ရန် ဖြစ်သည်။ သူ၏အင်အားစုများသည် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေကြာင်း သူသိသည်။ အဓိကအားဖြင့် သူ၏ယောက္ခမသည် ဧကရီကို ထီးနန်းတက်နိုင်ရန် အကြီးမားဆုံး အကျိုးပြုပေးခဲ့သူ ဖြစ်သည်။ သူသည် “အငြိမ်းစား”ယူလိုက်ပြီ ဖြစ်သော်လည်း စစ်တပ်နှင့် နိုင်ငံရေး၌ သြဇာအာဏာ ကြီးမားနေသေးသည်။ ဧကရီက သူ့ကို ဘာမှလုပ်နိုင်မည် မဟုတ်ပေ။ သူသည် ထိုအဖိုးတန်အချိန်ကို အသုံးချကာ စွမ်းအားကို အလျင်အမြန် တိုးမြှင့်ပြီး နတ်ဆိုးအရှင်သခင်အဆင့်သို့ အမြန်ဆုံး တက်လှမ်းရမည် ဖြစ်သည်။
အရိပ်နက်အင်ပါယာ၌ ချောင်းမြောင်းတိုက်ခိုက်ခြင်း ကျရှုံးသွားခဲ့သော်လည်း သူသည် သွေးမြေကျသို့ ပြန်လာသောအခါ အမြင့်ဆုံး ဆက်ဆံမှုနှင့် လေးစားခံနေ ရသေးသည်။ ၎င်းမှာ စွမ်းအား၏ အရေးပါပုံ ဖြစ်သည်။
ဧကရီ ကတ်သရင်း၏ စစ်ဘက်ဆိုင်ရာ ပြန်လည်တည်ဆောက်ခြင်းများကို ဘရော့ခ် လုံးဝ စိုးရိမ်မနေပေ။ အကြောင်းမှာ မီးဓား ဗိုလ်ခြေကို သူက တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထား၍ပပင် ဖြစ်သည်။ ထို့ပြင် သူသည် သွေးရောင်အင်ပါယာ နယ်စပ်ရှိ ဂျာဂယ် ခံတပ်ကို စောင့်ကြပ်ရပြီး ၎င်းသည် အဝင်နယ်မြေ ဖြစ်သည်။ ကတ်သရင်း မည်သို့ပင် ပြန်လည်ဖွဲ့စည်းစေကာမူ ဗိုလ်ခြေခေါင်းဆောင်ဖြစ်သော သူသည် အကြီးအကဲ နေရာ၌ ရှိနေသေးသရွေ့ ကြီးကြီးမားမား ပြောင်းလဲမှုများ ဖြစ်လာစေနိုင်မည် မဟုတ်ပေ။ ဘရော့ခ် အတော်လေး ယုံကြည်ချက် ရှိနေသည်။
သူ နောင်တရသော အရာတစ်ခုမှာ ထင်ယောင်မှား နတ်ဆိုးဒိုင်းကို ဆုံးရှုံးရခြင်းပင် ဖြစ်သည်။ထင်ယောင်မှားဒိုင်းသည် ဒေလီယာ၏လက်ထဲသို့ ကျရောက်သွားခဲ့သည်။ သူသည် ညီမဖြစ်သူကို ရှာမတွေ့နိုင်သေးပေ။ ထိုစဉ် နတ်ဆိုးဒိုင်းကိုလည်း မန်နူ မသေခင် ပြောသွားသည့်အတိုင်းဆိုလျှင် သုံးသွယ်-အထူးပြု ပါရမီရှင် ဆရာသခင်က လိမ်ညာ ယူသွားဟန်တူသည်။ ထိုအကြောင်းကြောင့် ဘရော့ခ်သည် ယန္တရားအစည်းအရုံးတွင် သူလျှို အများအပြား ထားထားခဲ့သည်။ မုန်းစရာကောင်းသည်မှာ ထိုသူသည် အငွေ့ပျံ သွားသကဲ့သို့ပင် လုံးဝ ပေါ်ထွက်မလာတော့ပေ။
ယခုတစ်ခေါက် ကြယ်ကြွေတမန် မြို့တော်ဆီသွားပြီး ဆေးရည်မည်း အရင်းအမြစ် ရှိသော လူသားကို ခေါ်ယူရခြင်းမှာ မန်နူနေရာကို သိမ်းပိုက်ပြီးနောက် ဘရော့ခ် ပထမဆုံး လုပ်ရသော အရေးကြီးတာဝန်တစ်ရပ် ဖြစ်သည်။ သတင်းအချက်အလက်အားလုံးကို လေ့လာပြီးနောက် မိမိနှင့် အတွေ့အကြုံချင်းတူသော လူသား “မင်းသား”ကို စည်းရုံးရန် ယုံကြည်ချက်အပြည့် ဖြစ်နေသည်။ ထို့ပြင် ရှားပါးသော ဆေးရည်မည်း အရင်းအမြစ် မှာလည်း ဘရော့ခ်ကို တောင့်တစေသည်။ ၎င်းသည် နတ်ဆိုးအရှင်သခင်အဆင့်သို့ တက်လှမ်းရန် အရေးပါသော အခွင့်အရေးတစ်ခု ဖြစ်နိုင်သည်။ ထို့ကြောင့် သူသည် ယခုတစ်ခေါက် အောင်မြင်ရန် ယုံကြည်ချက် ရှိနေသည်။
ထိုလူသားကို သိမ်းသွင်းရန် မအောင်မြင်ခဲ့လျှင် သူသည် ထိုလူသားကို ခေါ်သွားပြီး ထိန်းချုပ်ရန် ကြိုးစားမည် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဆေးရည်မည်းသည် ဘရော့ခ်လက်ထဲသို့ ရောက်လာပေမည်။
ချန်လွေ့သည် အဆောင်ပစ္စည်းကို နောက်ဆုံးတစ်ခေါက် “စစ်ဆေးကြည့်ရှု” ပြီးသွားခဲ့သည်။ ထို့နောက် သူသည် အိုဆိုင်ဒန်ကို နှုတ်ဆက်ပြီး နန်းတော်မှ ထွက်သွားသည်။ ယခင်နေ့ရက်များ၌ ရီဂျန့်သည် စိတ်အားထက်သန်မှုများ ပြသနေခဲ့သည်။ ချန်လွေ့အတွက် နေ့တိုင်း စားသောက်ပွဲနှင့် ကပွဲများ ကျင်းပနေပြီး ချန်လွေ့သည်ပင် ၎င်းကို စိတ်ကုန်လာသည်။ ကံကောင်းစွာပင် ထိုညပြီးနောက် သူသည် မြို့တော်မှ ထွက်ခွာပြီး နောက်တစ်နေ့၌ “လူသားလောက”သို့ ပြန်နိုင်မည် ဖြစ်သည်။
အဆောင်ပစ္စည်းကို ချန်လွေ့ “စစ်ဆေးကြည့်ရှု”သည့်အခါတိုင်း အမြဲပင် အိုဆိုင်ဒန် ရှိနေသည်။ သူတို့နှစ်ယောက်သည် တည်မြဲသော မဟာမိတ်များ ဖြစ်သွားကြပြီး “ချာလီစ်” သည် အဆောင်ပစ္စည်းကို ယူပြေးချင်စိတ် မရှိသော်လည်း အိုဆိုင်ဒန် သတိထားနေ သေးသည်။ သူသည် ချန်လွေ့အား ဓားကိုခိုးယူရန် အခွင့်အရေး လုံးဝ မပေးပေ။ ထို့ကြောင့် ချန်လွေ့သည် မကျေနပ်စရာအကောင်းဆုံး အစီအစဉ်အတိုင်း အဆောင်ပစ္စည်း၏ ရှေးမှော်စာများကို မှတ်တမ်းတင်ခဲ့ရသည်။ သူသည် ကြယ်ကြွေတမန်ဓားပေါ်မှ လိုရမည်ရ လှည့်ကွက် အသေးလေးတစ်ခု အသုံးပြုထားခဲ့သည်။
နန်းတော်အပြင်ဘက်၌ လှည်းတစ်စီး ရှိနေသည်။ အားလုံး သိကြသည့် အတိုင်းပင် ၎င်းသည် မြို့တော်ပန်းပွင့် အစ်ဇဘယ်လာ၏လှည်း ဖြစ်သည်။ ယခင်နေ့ရက်များ၌ အစ်ဇဘယ်လာနှင့် နန်းတော်အတိုင်ပင်ခံတို့သည် ကော်သဖွယ် အချင်းချင်း ပူးပူးကပ်ကပ် နေနေကြသည်။ သူတို့သည် နေ့ရောညပါ ခရီးထွက်နေကြသည်။ “ချာလီစ်”သည် မိစ္ဆာထောင်ခြောက်ပန်း၏အိမ်တွင် နေသည်။ သူတို့မည်သည်ကို ပြုလုပ်ကြကြောင်း မစဉ်းစားဘဲဖြင့်ပင် သိနိုင်သည်။ ဆာ-ချာလီစ်က နည်းလမ်းတစ်ခုခု၌ မည်မျှ ကောင်းမွန်ကြောင်း၊ သူက မိစ္ဆာထောင်ခြောက်ပန်းကို အိပ်ယာပေါ်ပစ်တင်ပြီး အော်ဟစ်ကာ တောင်းပန်သည်အထိ မည်သို့ပြုလုပ်ကြောင်း ကောလာဟလများ ထွက်ပေါ်လာခဲ့သည်။
သို့သော်လည်း အမှန်တကယ်မှာ ထိုသို့မဟုတ်ပေ။ တစ်ခါတစ်ရံ ခြားနာမှုမှာ အတော်လေး ကြီးမားသည်။ အဆိပ်ရှိ “သေခြင်းအနမ်း” သည် သူတို့နှစ်ယောက်ကြားရှိ အရင်းနှီးဆုံးလုပ်ရပ်တစ်ခု ဖြစ်သည်။ ဒုတိယအကြိမ်ဟူ၍ လုံးဝ မရှိခဲ့ပေ။
လှည်းနားသို့ ချဉ်းကပ်ပြီးသည့်အခါ [သရုပ်ခွဲမျက်လုံး]ထဲ၌ မျက်စိကို ဖမ်းစားသော အချက်အလက်တစ်ခု တစ်ခု ထွက်ပေါ်လာသည်။ ချန်လွေ့ မျက်ခုံးပင့်လိုက်၏။ နောက်ဆုံးတော့ သူရောက်လာပြီ။ ချန်လွေ့က အသက်ရှူသံကို ချိန်ညှိပြီး စိတ်ကို အေးအေးထားကာ လှည်းထဲသို့ တစ်ခါတည်း လမ်းလျှောက်သွားသည်။
လှည်းထဲ၌ ရနံ့ဖျော့ဖျော့လေးတစ်ခု ရှိနေသည်။ ၎င်းမှာ အစ်ဇဘယ်လာ၏ သဘောအကျဆုံး အနက်ရောင် ကျူးလစ်ပန်း ဖြစ်သည်။ သို့သော်လည် အစ်ဇဘယ်လာ အပြင် နောက်ထပ်လူတစ်ယောက် ရှိနေသည်။ ထိုသူသည် မုတ်ဆိတ်ထူထူရှိပြီး ဝတ်ရုံ ဝတ်ဆင်ထားသည်။ ထိုသူ၏မျက်နှာကို မရင်းနှီးပေ။ ထိုသူသည် အခြားလောက၌ “ဦးလေး”ဟူသော အမူအကျင့် ရှိသည်။
သို့သော်လည်း ချန်လွေ့သည် ထိုသူကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသည်။ မျက်နှာအသွင်အပြင်ကို မပြောနှင့်။ မျက်နှာပေါ်၌ ရေးရေးလေးမြင်နိုင်သော အပေါက်များနှင့် အစက်များသည် အသံတိတ်ညစိမ့်မြေ၌ ချန်လွေ့ ပြုလုပ်ခဲ့သော လက်ရာမြောက် အနုပညာများ ဖြစ်သည်။ ထိုစဉ်က ချန်လွေ့သည် အမြင့်ဆင့်နတ်ဆိုးသာ ဖြစ်သည်။
ဘရော့ခ်။
မျိုးနွယ် - မနာလိုခြင်း တော်ဝင်မိသားစု (သန္ဓေပြောင်း)။
စွမ်းအားအကဲဖြတ်မှု - [ A+ ]
ခွန်အား - [ A+ ]
ခန္ဓာအမျိုးအစား - [ A+ ]
စိတ်ဝိညာဉ် - [ A+ ]
အမြန်နှုန်း - [ A+ ]
အရည်အသွေးအားလုံးသည် နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်း ဖြစ်ပြီး အတော်လေး မျှခြေညီနေသည်။ ချန်လွေ့သည် ဘရော့ခ်၏ သန္ဓေပြောင်းပါရမီဖြစ်သော [နတ်မိစ္ဆာမျက်လုံး]ကို ခံစားခဲ့ရဖူးသည်။ ၎င်းမှာ အတော်လေး အစွမ်းထက်သည်။
“ဒါက ဘယ်သူလဲ။” ချန်လွေ့၏လေသံသည် ရွံရှာနေဟန် တူသည်။ အပေါ်ယံ၌ သူသည် သူ၏အမျိုုးသမီးဘေးတွင် ပေါ်ထွက်လာသော သူစိမ်းယောက်ျားကို ဒေါသထွက်နေခြင်း ဖြစ်သည်။
“ကျုပ်က အစ်ဇဘယ်လာရဲ့ မိတ်ဆွေပါ။” ဘရော့ခ် အရင် စပြောသည်။ “ကျုပ်နာမည်က ဘရော့ခ်။ အဝေးကြီးကနေ ကျုပ်က ဆာ့ဆီ လာလည်တာပါ။ ဒီကို လာရတာအတွက် တောင်းပန်တဲ့အနေနဲ့ ဒါကို လက်ခံပေးပါ။”
ချန်လွေ့သည် ဘရော့ခ် ကမ်းပေးသော သိုလှောင်လက်စွပ်ကို ကြည့်ပြီး မျက်မှောင်ကြုတ်ကာ ဘေးဖက်မှ အစ်ဇဘယ်လာကို ကြည့်လိုက်သည်။ အစ်ဇဘယ်လာသည် အနည်းငယ် အေးစက်နေပုံရသော်လည်း ခေါင်းညိတ်ပြသည်။ ထိုတုံ့ပြန်မှုမှာလည်း ပုံမှန်သာ ဖြစ်သည်။ သူသည် အဖွဲ့အစည်းထဲ၌ ဘရော့ခ်နှင့် ဆက်ဆံရေး မကောင်းပေ။ ယခုတစ်ခေါက်မှာ “ပိုပြီးသော ပုံရိပ်”အတွက်သာ ဖြစ်သည်။
ချန်လွေ့က ၎င်းကိုယူပြီး ဘရော့ခ်ကို သေသေချာချာ စိုက်ကြည့်သည်။ သူသည် စိတ်ဝိညာဉ်စွမ်းအားကို သုံးပြီး အတွင်းထဲကို ကြည့်ကြည့်သည်။ ထိုထဲတွင် အရှားပါးဆုံး ရွှေသလင်းကျောက်များ အပြည့် ဖြစ်နေသည်။ သွေးမြေကျသည် ထို “လက်ဆောင်” တစ်ခုတည်းပေါ်၌ အတော်လေး သုံးစွဲထားပုံရသည်။
ချန်လွေ့သည် ဘရော့ခ်ထံမှ ပို၍သိချင်နေသေးသော်လည်း အစ်ဇဘယ်လာထံမှ သိရှိထားသော အချက်အလက်များအရ သူ၏ ကျေနပ်အားရမှုကို ဘေးဖယ်ထားလိုက်၏။ နတ်ဆိုးဘုံ၌ အထူးသဖြင့် ထိုရည်မှန်းချက်ကြီးမားသည့် လျို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်း၌ ပဏ္ဍိတများစွာ ရှိသည်။ သူ၏ဟာကွက်များ ပေါ်သွားနိုင်ပေသည်။ ထိုအကြံအစည်သည် အမှောင်၏ နောက်ဆက်တွဲ လုပ်ဆောင်မှုများနှင့် ဆက်နွှယ်နေသည့် အတွက် မည်သည်မှ သွေဖည်၍ မရနိုင်ပေ။
သွေးမြေကျ အဖွဲ့အစည်းသည် အိုဆိုင်ဒန်ကဲ့သို့ လော့ဒ်နှင့် အကြီးအကဲ မိသားစုများ ထိန်းချုပ်ထားခြင်း မဟုတ်ပေ။ ကိစ္စများကို ကိုင်တွယ်ရာ၌ အကြောက်တရား ကင်းမဲ့သည်ဟု ပြော၍ရနိုင်သည်။ သူ့ကို ပတ်ပတ်နပ်နပ် ကျောသွားသည်နှင့် သူ ပြဿနာတက်မည် ဖြစ်သည်။ သိပ်ပြီး လောဘမကြီးနဲ့။ ကြယ်ကြွေတမန် အင်ပါယာရဲ့ လက်ရှိအကြံအစည်ကို ပြီးအောင်လုပ်။ နောက်ပိုင်းမှာ တိုက်ခိုက်ဖို့ အခွင့်အရေးတွေ ရှိလာမယ်ဆိုတာ ငါယုံကြည်တယ်။ ဒီတစ်ခေါက် အာရုံစိုက်ရမှာက ဘရော့ခ်ပဲ။
“ဒီလက်ဆောင်က မသေးဘူးပဲ။” ချန်လွေ့ စိတ်ပြန်ပြောင်းပြီး သိုလှောင် လက်စွပ်ကို ပြန်ကမ်းပေးသည်။ “တစ်ခါမှ မတွေ့ဖူးဘဲနဲ့ ဒီလိုမျိုး လက်ဆောင်ကို လက်ခံဖို့အတွက် လိုအပ်တယ်လို့ ...... ကျုပ် မထင်ဘူး။”
သူက ဒီလောက် ကြီးမားတဲ့ကြွယ်ဝမှုကို မမက်မောဘူးလား။ ဘရော့ခ်က စိတ်ထဲ၌ ခေါင်းညိတ်လိုက်သည်။ ထင်ထားတဲ့အတိုင်း သူက ကြီးကြီးမားမားတွေကို မြင်ဖူးတဲ့ တော်ဝင်မျိုးနွယ် တစ်ယောက်ပဲ။ ကြည့်ရတာ သူက ကိစ္စကြီးတွေ လုပ်တတ်တဲ့သူ တစ်ယောက် ဖြစ်မယ်။
“ရင်းနှီးမှုဆိုတာက ရောနှောခြင်းက အစပြုတာပဲ။ ဒါက ကျုပ်တို့ ရင်းနှီးမှုရဲ့ အစပါ။” ဘရော့ခ်က သိုလှောင်လက်စွပ်ကို မယူခဲ့ပေ။ ချန်လွေ့သည် အစ်ဇဘယ်လာ၏ အကြည့်ထဲ၌ “အရိပ်အမြွက်”ကို သတိထားမိလိုက်ပြီး အနည်းငယ် တုံ့ဆိုင်းကာ လက်စွပ်ကို လက်ခံလိုက်သည်။
လှည်းရပ်တန့်သွားပြီး အစ်ဇဘယ်လာ ပြောသည်။ “စန္ဒာအေး တည်းခိုခန်းကို ရှင် အရင်သွားလိုက်။ အရင်တစ်ခေါက်အတိုင်း ၇ခုမြောက်ဝင်းပဲ။ နောက်လအထိ အဲဒီနေရာကို ကျွန်မ ကြိုတင်ယူထားတယ်။ အခုတော့ ကျွန်မ အိမ်ပြန်ပြီးတော့ အဝတ်အစား လဲလိုက်ဦးမယ်။ နောက်မှ လာခဲ့မယ်။”
စန္ဒာအေး တည်းခိုခန်းသည် မြို့တော် အစွန်အဖျားရှိ နာမည်ကြီး အပန်းဖြေ နေရာတစ်ခု ဖြစ်သည်။ ၎င်းသည် အကြီးအကဲ မိသားစုတစ်စု၏ ပိုင်ဆိုင်မှုဖြစ်ပြီး ၃ဖက်တွင် တောင်တန်းများ ဝိုင်းရံထားသည်။ ၎င်းသည် အတော်လေ ကျယ်ဝန်းလှသည်။ ပတ်ဝန်းကျင်မှာ ကျက်သရေရှိပြီး မြင်ကွင်းများမှာ ကောင်းမွန်လှသည်။ စားကောင်း သောက်ဖွယ်များနှင့် မိန်းမလှများ ကဲ့သို့သော ဝန်ဆောင်မှုများလည်း ရှိသည်။ အရာရှိ အမြင့်ပိုင်းများနှင့် တော်ဝင်မျိုးနွယ်များသည် ထိုနေရာကို သဘောကျကြသည်။
“ရင်းနီ။ ကိုယ်တို့ အတူတူ သွားဖို့ စောင့်နေမယ်လေ။”
အစ်ဇဘယ်လာက ချန်လွေ့အား ပရောပရည်နှင့် ငေးကြည့်သည်။ “မိန်းမ တစ်ယောက်က မိတ်ကပ်လိမ်းတာ ကြာတယ်ဆိုတာ ရှင် မသိဘူးလား။”
“ကောင်းပါပြီ။” ချန်လွေ့က အသာလေးပြုံးပြီး အစ်ဇဘယ်လာ၏လက်ကို ညှစ်လိုက်သည်။ အစ်ဇဘယ်လာလည်း ပြုံးရင်း လှည်းထဲမှ ထွက်သွားလိုက်သည်။
ဘရော့်ခ်သည် သူတို့နှစ်ယောက်၏ ရင်းနှီးမှုကို မျက်လုံးထဲ၌ မြင်ရသည်။ သတင်းအချက်အလက်ထဲမှအတိုင်း ချာလီစ်နှင့် အစ်ဇဘယ်လာနှင့် တစ်စုံတစ်ခု ရှိနေသည်။ သူသည် ချာလီစ်အား သိမ်းသွင်းရန်အတွက် နောက်ပိုင်းတွင် မိန်းမလှများကို အသုံးပြုရန် စဉ်းစားနိုင်ပေသည်။
အစ်ဇဘယ်လာ ထွက်သွားပြီးနောက် လှည်းသည် သူတို့နှစ်ယောက်ကို စန္ဒာအေး တည်းခိုခန်းသို့ မောင်းပို့သည်။ ချန်လွေ့၏ လျစ်လျူရှုသော အပြုအမူကို မြင်သည့်အခါ ဘရော့ခ်သည် အတော်လေး စိတ်ရှည်မှုများ ပြသနေသည်။ သူသည် ကြုံရာကျပမ်း အရာများကိုသာ ပြောပြီး တော်ဝင်မျိုးနွယ်တစ်ယောက်၏ အကောင်းဆုံး အမူအကျင့်ကို တမင်ပြသနေသည်။
လှည်းပေါ်မှ ထွက်ပြီးနောက်တွင် သူတို့နှစ်ယောက်ကြားရှိ ပတ်သက်မှုမှာ သိသိသာသာ တိုးတက်သွားသည်။ ချန်လွေ့သည် ထိုနေရာသို့လာလည်မှာ ပထမဆုံး အကြိမ် မဟုတ်ပေ။ ထို့ပြင် အကြီးတန်း အတိုင်ပင်ခံ၏ ဂုဏ်သတင်းသည် မြို့တော်၌ နာမည်ကြီးနေခဲ့သည်။ ထို့ကြောင့် အစေခံတစ်ယောက်က ချက်ချင်းပင် သူတို့နှစ်ယောက်ကို အစ်ဇဘယ်လာ ကြိုတင်မှာထားသော ၇ခုမြောက် ဝင်းထဲသို့ လမ်းပြပေးလိုက်သည်။
၇ခုမြောက်ဝင်းသည် တောင်တစ်လုံးပေါ်ရှိ သီးခြား “တိုက်ခန်း”တစ်ခု ဖြစ်သည်။ ပတ်ဝန်းကျင်မှာ အတော်လေး တိတ်ဆိတ်လှသည်။ လိုအပ်သည့်အရာများအားဘုံး ရှိနေသည့် ရွာခြံဝင်းတစ်ခုကဲ့သို့ပင် ဖြစ်နေသည်။ ချန်လွေ့သည် အထူးပြုလုပ်ထားသော ကျောက်ပြားပေါ်သို့ ရောက်လာပြီး ထိုင်ချလိုက်သည်။ ဘရော့ခ်က မျက်နှာချင်းဆိုင် ဘက်တွင် ထိုင်သည်။ အစေကတည်းက ဝင်းထဲ၌ ရနံ့မွှေးသော အမွှေးနံ့သာတစ်ခုကို ထွန်းညှိထားလေသည်။ ထိုအငွေ့များထဲ၌ ထူးဆန်းပြီး လန်းဆန်းစေသော ရနံ့ပါဝင်ကာ စိတ်အေးချမ်းစေ၏။
ရနံ့မွှေးသော အမွှေးနံ့သာသည် နတ်ဆိုးဘုံ အထက်လွှာ တော်ဝင်မျိုးနွယ်များ၏ ဝါသနာထဲမှ တစ်ခု ဖြစ်သည်။ အမွှေးနံ့သာ၏ အဆင့် ပိုမြင့်လေလေ၊ အဆင့်အတန်းကို ပို၍ ပြသလေလေပင် ဖြစ်သည်။
ချန်လွေ့က လက်ဝှေ့ရမ်းပြီး အစေခံကို ထွက်သွားခိုင်းသည်။ ထို့နောက် မျက်လုံးမှိတ်ကာ လေကိုရှိုက်သွင်းလိုက်သည်။ သူသည် ရနံ့မွှေးသော အမွှေးနံ့သာကို ခံစားနေပုံရသည်။
ဘရော့ခ်က ချန်လွေ့၏ စိတ်ဝင်စားမှုကိုလိုက်၍ မေးသည်။ “ဆာ-ချာလီစ်လည်း နတ်ဆိုးဘုံက နဂါး အမွှေးနံ့သာကို ကြိုက်တာလား။”
“ဒီနဂါး အမွှေးနံ့သာက အကောင်းဆုံးမဟုတ်ဘူး။ အနံ့က နည်းနည်းပေါ့တယ်။” ချန်လွေ့ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်ပြီး ထူးဆန်းသော အလင်းရောင်တစ်ခု လင်းလက်သွားသည်။ “ဆာ-ဘရော့ခ်ရဲ့ လေသံကို ကြည့်ရတာ ကျုပ်က နတ်ဆိုးဘုံက မဟုတ်ဘူးဆိုတာကို ခင်ဗျား သိနေတဲ့ပုံပဲ။”
ဘရော့ခ်က အသာလေး ပြုံးသည်။ “အရင်ဆုံး ကျုပ်ရဲ့ ရိုင်းပြမှုကို ခွင့်လွှတ်ပါ။ ကျုပ်က ဆာ့အကြောင်း တော်တော်များများကို သိပါတယ်။ [ကောင်းချီးအလင်း ခန္ဓာကိုယ်] ၊ မင်းသား အိုဆိုင်ဒန်နဲ့ ပူးပေါင်းတာ၊ နတ်ဆိုးဘုံမှာ ပြိုင်ဘက်ကင်းရဲ့ အရင်းအမြစ်ရတနာအချို့ စတာတွေပေါ့....”
“ခင်ဗျားနဲ့ အစ်ဇဘယ်လာက ဘယ်လို ပတ်သက်နေတာလဲ။” ချန်လွေ့သည် သတိထားနေဟန်တူသည်။ “မဟုတ်သေးဘူး။ သူတောာင် မသိတဲ့ အရာတွေ ရှိတယ်။”
ဘရော့ခ်က မိမိကိုယ်မိမိ ပါးပါးနပ်နပ် ဖြေလိုက်သည်ဟု တွေးမိလိုက်သည်။ “ကျုပ်မှာ ဒီလိုမျိုး စွမ်းရည် မရှိဘူးဆိုရင် ဆာ့ရဲ့အရှေ့မှာ ထိုင်ဖို့အတွက် ဘယ်လိုလုပ် အရည်အချင်း ပြည့်မှီမှာလဲ။”
“ကျုပ်က သူစိမ်းတွေနဲ့ စကားပလ္လင်ခံတာ မကြိုက်ဘူး။ အထူးသဖြင့် ယောက်ျား တွေနဲ့ပေါ့။” ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။ “ဆာ-ဘရော့ခ်။ ခင်ဗျားက ရက်ရောပြီး ဉာဏ်ပညာကြီးမားတဲ့ သတ္တရှိတဲ့ တော်ဝင်မျိုးနွယ်ဝင်တစ်ယောက် ဖြစ်မှာပါ။ ဒါပေမဲ့ ကျုပ်တို့ပြောစကားတွေကို တော်ဝင်မျိုးနွယ်တွေ သုံးလေ့ရှိတဲ့ သူတော်ကောင်း ယောင်ဆောင်တာတွေ၊ လောကဝတ်တွေကို ဘေးဖယ်ထားဖို့ မျှော်လင့်ပါတယ်။ ဒီမှာ ဘယ်သူမှ မရှိတော့ဘူး။ ခင်ဗျားရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ပြောသာ ပြောလိုက်ပါ။”
အစေခံ ထွက်သွားသည်ကို မြင်လိုက်ပြီး ချန်လွေ့ ခေါင်းညိတ်သည်။ “ဒီလိုဆိုမှတော့ ကျုပ် ရှင်းရှင်းလင်းလင်း ပြောပါ့မယ်။ ကျုပ်က ဆာနဲ့ ရေရှည် ပူးပေါင်းဆောင်ရွက်ချင်တယ်။ ကျုပ် ဆာ့ကို ကန့်သတ်ချက်မရှိဘဲ လိုအပ်သမျှအားလုံး ပေးနိုင်တယ်။ သတ်မှတ်ချက်ကတော့ ဆာ့ လက်ထဲမှာရှိတဲ့ အဖိုးတန် အရင်းအမြစ်ကို ကျုပ်ဆီပဲ ထောက်ပံ့ပေးရမယ်။”
ချန်လွေ့ ပို၍ပင် မျက်မှောင်ကြုတ်လိုက်သည်။ “ဆာ့ရဲ့ သတင်းရယူမှုက တကယ့်ကို မယုံနိုင်စရာပဲ။ ဒါပေမဲ့ ကျုပ်မှာ ရေရှည် လုပ်ဖော်ကိုင်ဖက်တစ်ယောက် ရှိနှင့်ပြီးပြီ။ သူ့ရဲ့ သတ်မှတ်ချက်တွေက ခင်ဗျားနဲ့ အတူတူပဲ။ ဒီပူးပေါင်းဆောင်ရွက်မှုကို ကျုပ် စွန့်လွှတ်ဖို့ မရည်ရွယ်ထားဘူး။”
ဘရော့ခ် ခေါင်းခါသည်။ “မဟုတ်ဘူး။ ကျုပ်ရဲ့ သတ်မှတ်ချက်တွေက သူ့နဲ့ မတူဘူး။ အတိအကျပြောရရင် အဲဒါက ကျုပ်ကိုယ်စားပြုတဲ့ အင်အားစုကြီးတစ်ခုပဲ။ ရီဂျန့် အိုဆိုင်ဒန် ပေးတာကို ကျုပ်တို့ ပေးနိုင်တယ်။ အိုဆိုင်ဒန် မပေးနိုင်တာကိုလည်း ကျုပ်တို့ ပေးနိုင်တယ်။ ဥပမာပြောရ၍..... ပိုကြီးမားတဲ့ ကြွယ်ဝမှုတွေ၊ ဆန်းသစ်တဲ့ လက်နက်နဲ့ ကိရိယာတွေ၊ လူတွေကို ထိန်းချုပ်ပြီးတော့ ဖောက်ခွဲပစ်နိုင်တဲ့ လျို့ဝှက်ဆေးရည်၊ လူသားလောကနဲ့ နတ်ဆိုးဘုံမှာတောင် တစ်ခါမှ မပေါ်ထွက်လာဖူးတဲ့ လျို့ဝှက်လက်နက်တွေပေါ့.....။ ခင်ဗျားရဲ့စွမ်းအားကို အမြန်တိုးတက်အောင်လို့ ကျုပ်တို့ ကူညီပေးနိုင်တယ်။”
ချန်လွေ့၏ မျက်လုံးများ အရောင်လက်သွားပြီး ဆွဲဆောင်ခံလိုက်ရပုံရသည်။ သို့သော်လည်း စိတ်ထဲ၌ သူ သရော်ပြုံး ပြုံးနေခဲ့သည်။ ကြွယ်ဝမှုကို အသာထား။ လျို့ဝှက် ဆေးရည်နဲ့ လျို့ဝှက်လက်နက်တွေကို သလင်းကျောက်တောင်ကြားရဲ့ ဆန်းကြယ် တောင်ကြားမှာ ငါတွေ့ခဲ့ပြီးပြီ။ သူ့အရှေ့မှာရှိတဲ့ လူသား “မင်းသား”က ဆန်းကြယ် တောင်ကြားကို ဖျက်ဆီးခဲ့တဲ့ အကြီးမားဆုံး “တရားခံ” ဖြစ်နေမ်ယ်လို့ ဘရော့ခ် စဉ်းစားမိမှာ မဟုတ်ဘူး။ ပြီးတော့ နတ်ဆိုးဒိုင်းကို ခိုးယူခဲ့တာကလည်း ငါပဲ။
ချန်လွေ့၏ ဆွဲဆောင်ခံရသော အမူအရာကို ဘရော့ခ် မျှော်လင့်ထားပြီးသား ဖြစ်သည်။ သူ သိရှိထားခဲ့သော သတင်းအချက်အလက်အရ အိုဆိုင်ဒန်နှင့် ပူးပေါင်း ဆောင်ရွက်သော “ချာလီစ်”၏ တကယ့်ရည်ရွယ်ချက်မှာ အကျိုးအမြတ်အတွက်သာ မဟုတ်ဘဲ နတ်ဆိုးဘုံ အကူအညီနှင့်အတူ လူသားလောကမှ ပလ္လင်ကို ရယူရန် ဖြစ်သည်။ ထို့ကြောင့် ထိုကဲ့သို့ ဆွဲဆောင်မှုရှိသော သတ်မှတ်ချက်များကို ငြင်းပယ်ရန် အကြောင်း မရှိပေ။
အချိန် အတော်ကြာပြီးနောက် ချန်လွေ့ ပြောသည်။ “ခင်ဗျားပြောတာက တကယ် ဆွဲဆောင်မှု ရှိတယ်ဆိုတာကို ကျုပ် ဝန်ခံရမယ်။ ဒါပေမဲ့ ကျုပ်က ဘာလို့ ဒီစကားတွေကို ယုံကြည်ရမှာလဲ။”
ချန်လွေ့ စိတ်ဝင်စားကြောင်း ကြားလိုက်ရသည့်အခါ ဘရော့ခ်က စိတ်ထဲ၌ ပျော်ရွှင်သွားသည်။ ထို့နောက် သူက သိုလှောင်လက်ပတ် နှစ်ခုကို ထုတ်လိုက်သည်။ “ဆာ-ချာလီစ်။ ဒီလက်ပတ်နှစ်ခုထဲက ပစ္စည်းတွေကို ကြည့်လိုက်ပါ။”
ချန်လွေ့က ၎င်းကို စိတ်စွမ်းအားဖြင့် ကြည့်ကြည့်သည်။ လက်ပတ်တစ်ခုတွင် ဆန်းသစ်သော လက်နက်နှင့်ချပ်ကာများ ရှိနေပြီး အခြားတစ်ခုတွင် လျို့ဝှက်ဆေးရည်နှင့် အမျိုးမျိုးသော ခဲယမ်းများ ရှိနေသည်။ အချို့ကို ဆန်းကြယ်တောင်ကြား၌ မတွေ့ခဲ့ရပေ။ သလင်းကျောက်တောင်ကြားလိုမျိုး အခြေစိုက်စခန်းတွေ အများကြီး မရှိလောက်ဘူး။ ဒါပေမဲ့ တစ်ခုထက်တော့ ပိုလောက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ဒါကို မမျှော်လင့်ထားတဲ့ ရရှိမှုတွေလို့ သတ်မှတ်လို့ရတယ်။
“ဒါကို လက်ခံပြီးတော့ အရည်အသွေးနဲ့ သက်ရောက်မှုတွေကို အေးအေးဆေးဆေး စမ်းသပ်ကြည့်ပါ။ အရှင်မင်းသားရဲ့ ဆုံးဖြတ်ချက်အရဆို အမှန်ကန်ဆုံး ရွေးချယ်မှုကို ပြုလုပ်နိုင်မှာပါ။ ဒါက နမူနာပဲ ရှိပါသေးတယ်။ အရှင်မင်းသားက ပူးပေါင်းဖို့ သဘောတူတယ်ဆိုရင် ကျုပ်တို့ အရှင်မင်းသားကို ကြွယ်ဝမှုတွေနဲ့ ဒီပစ္စည်းတွေ ဆက်ပြီးတော့ ထောက်ပံ့ပေးမှာပါ။ အိုဆိုင်ဒန်နဲ့ယှဉ်ရင် ဘယ်အပေးအယူက ပိုလေးလဲ၊ ပိုပေါ့လဲဆိုတာ အရှင်မင်းသား သိမှာပါ။” စည်းရုံးမှုကို ပိုတိုးစေရန်အတွက် ဘရော့ခ်သည် “အရှင်မင်းသား”ဟု ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။ သူသည် ချမှတ်ထားသော သတ်မှတ်ချက်များကို အတော်လေး ယုံကြည်ချက် ရှိနေသည်။
အကယ်၍ ချန်လွေ့သာ ဧကရာဇ်တစ်ယောက်၏ တရားမဝင်သားဆိုလျှင် မင်းသားနေရာကို ပြန်ရယူချင်ပြီး ထီးနန်းကိုပင် ရယူချင်သော “ချာလီစ်”သည် အစ်ဇဘယ်လာ စိုးရိမ်နေခဲ့သည့်အတိုင်းပင် သွေးမြေကျ၏ ဆွဲဆောင်မှုကို ငြင်းနိုင်မည် မဟုတ်ပေ။
ကံဆိုးစွာပင် ချန်လွေ့သည် ထိုသို့ မဟုတ်ပေ။
ထို့အပြင် သူသည် ဘရော့ခ်နှင့် သွေးမြေကျ အဖွဲ့အစည်းကပင် မမေ့နိုင်သော “မိတ်ဆွေဟောင်း”တစ်ယောက် ဖြစ်ပေသည်။
ချန်လွေ့သည် စိတ်ထဲ၌ အချိန်ကို တွက်ချက်ပြီး စဉ်းစားနေဟန် ပြသသည်။ သူ၏ ခြေချောင်းများသည် အကျင့်အတိုင်း ကြမ်းပြင်ကို တီးခေါက်နေပုံရသည်။ အကယ်၍ သေသေချာချာ နားထောင်ကြည့်လျှင် ထူးဆန်းသော စည်းချက်တစ်ခုဖြစ်ကြောင်း သိနိုင်ပေသည်။
ဘရော့ခ်က ၎င်းကို သတိမထားမိခဲ့ပေ။ သူသည် နှုတ်ရေးကို အကောင်းဆုံး အသုံးချကာ ပိုပို၍ စိတ်ဝင်စားနေသော ဆွယ်ရန် ကြိုးစားသည်။ “အရှင်မင်းသား။ တကယ်တော့ ကျုပ်ကလည်း နတ်ဆိုးဘုံက တော်ဝင်မိသားစုဝင် တစ်ယောက်ပါပဲ။ အရှင်မင်းသားလိုပဲ ကျုပ်က ပိုင်ဆိုင်တဲ့အရာတွေ လုယူခံခဲ့ရတယ်။ အရှင်မင်းသား ခံစားနေရတာကို ကျုပ် ကောင်းကောင်း နားလည်ပါတယ်။ အခု ဒီလူတွေရဲ့ အကူအညီနဲ့ ကျုပ်က သိသာထင်ရှားတဲ့ အစိတ်အပိုင်းတစ်ခုကို ပြန်ရရှိခဲ့ပြီ။ ပြီးတော့ နောက်ပိုင်းလည်း အများကြီး ရှိနေသေးတယ်......”
ဘရော့ခ် စကားပြောနေစဉ် ထူးဆန်းသော သတိပေးချက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
အကယ်၍ သူသာ နတ်ဆိုးအရှင်သခင်အဆင့် နားသို့ ရောက်မနေလျှင် ထိုကဲ့သို့ စူးရှသော ဆဋ္ဌမအာရုံ ရှိလိမ့်မည် မဟုတ်ပေ။
တစ်ဖက်လူနှင့် အဆက်အဆံသည် အတော်လေး အဆင်ပြေချောမွေ့ပြီး အန္တရာယ် မရှိလောက်သော်လည်း တိုက်ပွဲအများအပြား၌ အတွေ့အကြုံ ရှိခဲ့သည့်အလျောက် ထိုကဲ့သို့ အာရုံကို သူပို၍ ယုံကြည်သည်။ ဘရော့ခ်သည် ရိုင်းပြမှုအကြောင်း အာရုံ မစိုက်နိုင်တော့ဘဲ ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
ထိုတုံ့ပြန်မှုမှာ မှန်ကန်ကြောင်း လက်တွေ့က သက်သေပြပေးခဲ့သည်။ ဘရော့ခ် အလွန်မြန်ဆန်သော အမြန်နှုန်းဖြင့် နောက်သို့ ခုန်ထွက်သွားစဉ် ကျောက်ပြားမှ ရုတ်တရက် အလင်းရောင် တောက်သွားသည်။ ၎င်းသည် ပတ်ဝန်းကျင်ကို ဆွဲထုတ်၍ မရနိုင်အောင် လွှမ်းခြုံသွားသည်။
ဘရော့ခ်၏ စိတ်တုံ့ပြန်မှုမှာ မြန်ဆန်သော်လည်း သူ၏ ခန္ဓာကိုယ်သည် တစ်ခုခု သက်ရောက်ခံနေရပုံရသည်။ အကြောင်းတချို့ကြောင့် သူ၏စွမ်းအားများ အားနည်းနေပြီး အမြန်နှုန်းလည်း နှေးကွေးသွားသည်။ သူသည် တင်းတင်းကျပ်ကျပ် ရစ်ပတ်ခံလိုက်ရ၏။
ချန်လွေ့က ခုနက ကြမ်းပြင်ကို စည်းချက်ဖြင့် တီးခေါက်ခဲ့သည်။ သူသည် အသံကြိမ်နှုန်း အသုံးပြုသော မှော်ထောင်ခြောက်ကို အသုံးပြုနေခဲ့ခြင်း ဖြစ်သည်။ ထိုမှော်ထောင်ခြောက်မှာ အစ်ဇဘယ်လာနှင့် ချန်လွေ့တို့ “ချိန်းတွေ့”ခဲ့စဉ်က ပြုလုပ်ခဲ့သော နည်းလမ်းများထဲမှ တစ်ခု ဖြစ်သည်။ ၎င်းသည် နဂါးထွင်းစာနှင့် မှော်စက်ဝိုင်းတို့ ပေါင်းစပ်ထားပြီး ရှေးမှော်စာ၏ မှော်သက်ရောက်မှု အနည်းငယ် ရှိသည်။ (ကံဆိုးစွာပင် ၎င်းသည် အတော်လေး ကန့်သတ်မှုရှိ၏။)
ဘရော့ခ် ရုန်းကန်သော်လည်း ဖောက်ထွက်နိုင်ရန် အတော်လေး ခက်ခဲလှသည်။ ကုသရခက်ခဲသော အဆိပ်မိထားသကဲသို့ပင် သူသည် အတော်လေး အားနည်းလာသည်။ ထို့နောက် သူ၏မျက်လုံးများက နဂါးအမွှေးနံ့သာအပေါ် ရောက်ရှိသွားသည်။ သူ၏ မျက်နှာအမူအရာ အလျင်အမြန် ပြောင်းလဲသွားတော့သည်။
ဒီ အမွှေးနံ့သာကြောင့်လား။ ဒါကြောင့် ဒီအနံ့က ပေါ့ပြီးတော့ အကောင်းဆုံး မဟုတ်ဘူးလို့ “ချာလီစ်”ပြောခဲ့တာကိုး။ လက်စသတ်တော့ အဲဒါက ငါ့ရဲ့ သံသယကို ပျောက်ကွယ်စေဖို့ အတွက်ပဲ။ သူက ဖြေဆေးကို ကြိုသောက်ထားလောက်တယ်။
ဒါက လုံးဝ အဓိပ္ပာယ် မရှိဘူး။
သွေးမြေကျက ကမ်းလှမ်းတဲ့ ဒီလိုအလေးပေး သတ်မှတ်ချက်တွေကို ငါသာဆိုရင် သဘောတူမှာပဲ။ သဘောမတူဖို့ လုံးဝ မဖြစ်နိုင်ဘူး။
ဒီနည်းလမ်းက နောက်ဆုံးမှ သုံးလိုက်တဲ့ပုံ မပေါက်ဘူး။ အချိန်အကြာကြီး ပြင်ဆင်ထားခဲ့တဲ့ပုံပဲ။
ဘာလို့လဲ။