တိုက်ပွဲဘောလုံးလောင်းကြေး
Vol. 25 Ch. 373
ချန်လွေ့က အစ်ဇဘယ်လာကို လက်မောင်းထဲ၌ ပွေ့ချီထားသည်။ သူ၏ရင်ဘတ်မှ သွေးများသည် ရေခဲအဖြစ်သို့ အေးခဲနေပြီး အေးစက်မှုက ထိန်းမချုပ်နိုင်အောင် တုန်ခါ နေစေသည်။
“ဘရော့ခ်....သေပြီလား။” ဘရော့ခ်၏ ဒေါသတကြီး ပြုလုပ်ခဲ့သော တိုက်ခိုက်မှု၌ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း၏စွမ်းအားအချို့ ပါဝင်နေသည်။ အစ်ဇဘယ်လာသည် ယခုတွင် သေလုမျောပါး ဖြစ်နေခဲ့သည်။ သူ၏အသံ အတော်လေး အားနည်းနေသော်လည်း ရန်သူဖြစ်သူ၏ သေရေးရှင်းရေးကို မမေ့သေးပေ။
“အိုဆိုင်ဒန် ရှိနေတယ်ဆိုတော့ သူ သေချာပေါက် လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။”
အစ်ဇဘယ်လာ၏ မျက်လုံးထဲ၌ စိတ်သက်ရာ ရသွားဟန် ပြသနေသည်။ “တောင်းပန်ပါတယ်။ ကျွန်မရှင့်ကို တစ်ခါပဲ ကျေးဇူးပြန်ဆပ်နိုင်တော့မယ်။”
အစ်ဇဘယ်လာသည် မည်သည်ကိုပြောချင်ကြောင်း ချန်လွေ့သိသည်။ သူသည် ချန်လွေ့အား လေးကြိမ် သတ်ရန် ကြိုးစားခဲ့သည်။ ခုနက လုပ်ရပ်သည် တစ်ကြိမ် ဖာထေးခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း ၎င်းသည် သာမန် “ကျေးဇူးဆပ်ခြင်း” မဟုတ်ကြောင်း ချန်လွေ့ ခံစားမိသည်။
“အစ်ဇဘယ်လာ.....”
“ရှင် ကျွန်မကို ရင်းနီလို့ မခေါ်တော့ဘူးလား။” အစ်ဇဘယ်လာက ပြုံးရုံ ပြုံးသည်။ “ဒါပေမဲ့ ဒီအစ်ဇဘယ်လာက ရှင့်ဆီက ကြားခဲ့ရသမျှအထဲမှာ အစစ်မှန်ဆုံးပဲ။”
ချန်လွေ့၏ နှလုံးသုား တုန်ခါသွား၏။ အမှန်ပဲ။ ခံစားချက်တွေက ဟန်ဆောင်လို့ ရတဲ့အရာတွေ မဟုတ်ဘူး။ ပိုပြီးစိတ်နှစ်လေလေ အမှန်၊အမှားကို ပိုခံစားနိုင်လေပဲ။ ဒါဆို...
ချန်လွေ့က ၎င်းသည် အတုအယောင် အချစ်ဇာတ်ညွန်းတစ်ခုသာ ဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် ဆက်တိုက်ပြောနေခဲ့သည်။ ပြိုင်ဘက်ရဲ့ ပြဇာတ်ထဲမှာ သရုပ်ဆောင်ခဲ့တဲ့ မှားယွင်းပြီး ရက်စက်တဲ့ မိန်းမတစ်ယောက်။ သို့သော် ချန်လွေ့၏ နှလုံးသားသည် အကြောင်းရင်း တချို့ကြောင့် ကိုက်ခဲနာကျင်သွား၏။
“ချာလီစ်....ရှင် ဘာလုပ်ဖို့ စီစဉ်ထားလဲ။”
“ချာလီစ်”သည် သွေးမြေကျနှင့် ပူးပေါင်းခြင်းကို ငြင်းဆန်ခဲ့ပြီး သေဟန်ဆောင်ကာ ထွက်ပြေးသွားခဲ့သည်။ ၎င်းသည် နတ်ဆိုးဘုံ၌ သူ၏ခြေကုတ်ရယူမှုကို လုံးဝပျက်စီးသွား စေခဲ့သည်။ သူ မည်သည်ဆက်လုပ်မည်ကို အစ်ဇဘယ်လာ သိချင်နေခဲ့သည်။
“ငါက လူလိမ်တစ်ယောက်ပါ။ ရိုးရိုး လူလိမ်ပါ။ ဒါပါပဲ။” ချန်လွေ့က အစ်ဇဘယ်လာ၏ နဖူးပေါ်၌ သွေးများ စွန်းနေသော ဆံပင်များကို အသာအယာ သပ်ပေးလိုက်သည်။ “ငါက လူလိမ်တစ်ယောက်ပဲဆိုရင် ငါတို့အဆုံးသတ်က ကွဲပြားမှာလို့ မင်း ပြောခဲ့တယ် မဟုတ်လား။”
“မတူ...တော့ပါဘူး။” အစ်ဇဘယ်လာက ချန်လွေ့အား တိတ်တိတ်လေး ကြည့်ရင်း ထပ်မမေးတော့ပေ။ ချန်လွေ့သည် အစ်ဇဘယ်လာအား ကုသဆေးရည်တစ်ပုလင်း တိုက်ကြည့်သည်။ သို့သော် ထူးမလာခဲ့ပေ။ သူ၏ အသက်ဓာတ် အလျင်အမြန် ဆုံးရှုံး နေသည်ကို ချန်လွေ့ သေသေချာချာ ခံစားမိသည်။
“ကျွန်မကို ကတိ တစ်ခုပေး။ နောက်ပိုင်း ကျွန်မရဲ့တူလေးကို တွေ့လာခဲ့ရင်..... အရိပ်လေပြေဘွတ်ဖိနပ်က လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀၀တုန်းက ပျောက်ကွယ်သွားပြီလို့ သူ့ကို ပြောပေးပါ....”
အရိပ်လေပြေဘွတ်ဖိနပ်....
ချန်လွေ့ အံ့အားသင့်သွားသည်။ ၎င်းသည် လွန်ခဲ့သော နှစ်ပေါင်း၂၀၀ခန့်ကလူနှင့် သက်ဆိုင်နေနိုင်ကြောင်း ချန်လွေ့ မှန်းဆမိသည်။ ထို့ကြောင့် တမင်မေးလိုက်သည်။ “အရိပ်လေပြေ ဘွတ်ဖိနပ်လား။ အဲဒါက နတ်ဆိုးဘုံရဲ့ အဆောင်ပစ္စည်း ၇မျိုးထဲက တစ်မျိုးလား။”
ငြိမ်းလုနီးပါးဖြစ်နေသည့် အစ်ဇဘယ်လာ၏ အကြည့်သည် ပို၍ပင် အရောင်မှိန် သွား၏။ “အဲဒီနှစ်တုန်းက ဘာမှမသိတဲ့ ကောင်မလေးက အပြောချိုတဲ့ လူသား ကောင်လေးတစ်ယောက်နှင့် တွေ့ခဲ့တယ်။ သူက အဲဒီကောင်လေးအပေါ် သစ္စာရှိပြီးတော့ လုံးဝယုံကြည်ထားခဲ့တယ်။ သူက ကိုယ့်မိသားစုကို တိုက်ခိုက်ဖို့အတွက်ရော၊ ညီမ ဖြစ်သူနဲ့ ရန်ညှိုးဖွဲ့ဖို့ရော မတုံ့ဆိုင်းခဲ့ဘူး။ သူ့ရဲ့အဖိုးတန်ဆုံး အဆောင်ပစ္စည်းကိုတောင် အဲဒီကောင်လေးဆီ ပေးခဲ့တယ်....”
လက်စသတ်တော့ အရိပ်လေပြေဘွတ်ဖိနပ်က အဲဒီလူသားရဲ့ လက်ထဲကို ရောက်သွားတာကိုး။ ဘယ်ဖီဂေါရဲ့ အမြင့်ဆုံး အဆောင်ပစ္စည်း.....။ ချီးပဲ။ အဲဒါက တကယ်ကြီး အခု လူသားလောကမှာလား။
ဒါကို အဲဒါကို ပြန်ရယူဖို့အတွက် ရိုမန်က လူသားလောကဆီ သွားရမှာလား။
“ဆာဘရီနာက ငယ်ငယ်ကတည်းက ကျွန်မကို ရန်ဖြစ်ရတာ ကြိုက်တယ်။ ယောက်ျားလေးတွေ အတွက်လည်း အတူတူပဲ။ ဒါပေမဲ့ ကျွန်မတို့အားလုံး မှားခဲ့တယ်။” အစ်ဇဘယ်လာက ဝမ်းနည်းစရာ ကောင်းလောက်အောင် ပြုံးလိုက်သည်။ “အဲဒီလူက မျက်လုံးထဲမှာ အဆောင်ပစ္စည်းပဲ ရှိတာ။ ကျွန်မက သူ့ကို ကိုယ့်ကိုယ်ကိုယ် အပ်နှင်း ခဲ့သေးတယ်။ ဒါပေမဲ့ သူက တော်တော်လေး ချုပ်တည်းထားတယ်။ သူ အဆောင်ပစ္စည်းကို ရပြီး ကျွန်မကို အညှာအတာမဲ့ စွန့်ပစ်ပြီးသွားတဲ့နောက်မှာ သူက မိန်းမတွေကို တော်တော်လေး မုန်းတီးပြီးတော့ ယောက်ျားတွေကိုပဲ ကြိုက်တယ်ဆိုတာ ကျွန်မ သိသွားခဲ့တယ်။”
အစ်ဇဘယ်လာက ပို၍ပင် ဆိုးဆိုးဝါးဝါး ရယ်လိုက်သည်။ သူသည် သွေးစွန်း မျက်ရည်များဖြင့်ပင် ရယ်နေ၏။ ဘရော့ခ်၏ အေးခဲစွမ်းအားသည် မျက်ရည်များကို မခဲစေနိုင်ခဲ့ပေ။ “ရယ်စရာကောင်းလိုက်တာ။ ကျွန်မလို အရာအားလုံး ပစ်ချထားခဲ့တဲ့ အရူးမတစ်ယောက်က ဒီလိုမျိုး သွေးအေးအေး လူလိမ်တစ်ယောက်ကို ချစ်ကြိုက်ခဲ့တယ်။ သူ့အပေါ် ကျွန်မရဲ့ အပ်နှင်းမှုတွေတောင် ပျောက်ကွယ်သွားပြီ။”
ချန်လွေ့ တိတ်တိတ်လေး နားထောင်နေသည်။ သူလုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ အစ်ဇဘယ်လာ၏ မျက်ရည်များကို သေသေချာချာ သုတ်ပေးရန်သာ ဖြစ်လေ၏။
ချန်လွေ့သည် ဇာတ်လမ်းတစ်စိတ်တစ်ပိုင်းကိုသာ ကြားခဲ့ရသော်လည်း မိစ္ဆာထောင်ခြောက်ပန်း မဖြစ်ခင် ထိုနှစ်ပေါင်း ၂၀၀တွင် သန့်စင်ပြီး အပြစ်ကင်းသော နှင်းဒဲလက်ပန်း ခံစားခဲ့ရမည့် ခက်ခဲကြမ်းတမ်းမှုနှင့် နာကျင်မှုများကို တွေးကြည့်၍ ရနိုင်ပေသည်။ ထို့ကြောင့် သူသည် ယောက်ျားများနှင့် အချစ်စိတ်များကို မုန်းတီးခဲ့သည်။ သူသည် အရာအားလုံးကိုပင် မုန်းတီးခဲ့သည်။ သူ၏ဘဝ၌ အမုန်းတရားနှင့် လက်စားချေခြင်းတို့သာ ရှိခဲ့တော့သည်။
သို့သော် သူ၏မကျွမ်းကျင်သော နမ်းရှိုက်ခြင်းအရ မိစ္ဆာထောင်ခြောက်၏ အဆိပ်ရနံ့တွင် နှင်းဒဲလက်ပန်း၏ မွှေးရနံ့ ရေးရေးလေး ကျန်နေသေးကြောင်း မြင်နိုင်ပေသည်။
“ရှင်လည်း လူလိမ်ပဲ။ ချာလီစ်က ရှင့်ရဲ့ နာမည်အရင်း မဟုတ်လောက်ဘူး....” အစ်ဇဘယ်လာ၏ အသက်သည် ဝမ်းနည်းသော ရယ်သံနှင့်အတူ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ “ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်မရှင်နဲ့ ဆုံလိုက်ရမှာ။ အနည်းဆုံး.... အနည်းဆုံးတော့.....”
အစ်ဇဘယ်လာ၏အသံသည် အားနည်းသထက် အားနည်းလာပြီး ခန္ဓာကိုယ် တုန်ခါမှုသည်လည်း တဖြည်းဖြည်းရပ်တန့်သွား၏။
ချန်လွေ့က ပင့်သက်ရှိုက်လိုက်ပြီး နောက်ဆုံး၌ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
သူ၏လက်ထဲ၌ ဆေးရည်မည်းများ ထည့်ထားသည့် ကြည့်လင်သော ဖန်ပုလင်း တစ်လုံး ရှိနေသည်။
ကြယ်ကြွေတမန်မြို့တော်၏ နန်းတော်၌ -
အိုဆိုင်ဒန်က ဒူးထောက်နေကြသော လူအနည်းငယ်ကို မျက်မှာမည်းမှောင်လျက် ကြည့်နေသည်။ သူတို့ထဲမှ တစ်ယောက်မှာ သူသဘောအကျဆုံးနှင့် အယုံကြည်ရဆုံး ကိုယ်လုပ်တော် ဖြစ်သည်။ ထိုကိုယ်လုပ်တော်သည် ထိုနေ့က သူအရက်မူးနေစဉ် မတော်တဆ ပြောလိုက်မိသော လျို့ဝှက်ချက်ကို ပေါက်ကြားစေခဲ့ပြီး သူ့ကို သစ္စာဖောက် ခဲ့သည်။
သွေးမြေကျ...
ဒီနာမည်ကြီး အင်အားစုက တော်တော် အတင့်ရဲတာပဲ။ သူတို့ရဲ့ လွှမ်းမိုးက ငါ့မြေပေါ်မှာ တော်တော်လေး နက်နက်ရှိုင်းရှိုင်း နစ်တင်နေပြီ။ ငါ့နားက အယုံကြည်ရဆုံး မိန်းမတောင် အဲဒီအဖွဲ့အစည်းက ဖြစ်နေတယ်။
ကိုယ်လုပ်တော်၏ ရှင်းပြချက်အရ “ထိပ်တန်း”ပုဂ္ဂိုလ်သည် “ချာလီစ်”ကို သိမ်းသွင်းရန် ကြိုးစားနေခြင်း ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ “ချာလီစ်”နှင့် အစ်ဇဘယ်လာတို့၏ သေဆုံးခြင်းတို့မှာ သွေးမြကျ အဖွဲ့အစည်းကြောင့်ပင် ဖြစ်လေ၏။
၎င်းသည် အရေးအကြီးဆုံး ပြဿနာ မဟုတ်သေးပေ။
အဆိုးဝါးဆုံးမှာ “ချာလီစ်”ကို ပေးခဲ့သော ငွေပမာဏ အများကြီးပင် ဖြစ်သည်။ ထိုစဉ်က “ချာလီစ်”သည် သီးသန့်နေရာလွတ်တစ်ခုထဲ၌ နေရာလွတ်မှော်ပညာသုံးပြီး ပိုက်ဆံများကို သိမ်းထားခဲ့ကြောင်း အိုဆိုင်ဒန်ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ ယခုတွင် ထိုလုပ်ဖော်ကိုင်ဖက် သေပြီဖြစ်သည်။ ထိုငွေများသည်လည်း လေဟာနယ်ကြားထဲ၌ ပျောက်ကွယ်သွားလောက်လေပြီ။ ပြန်ရရန် မဖြစ်နိုင်တော့ပေ။ ၎င်းသည် အဓိက လော့ဒ်များနှင့် အဓိကမိသားများအပါအဝင် အိုဆိုင်ဒန်ထံမှ စုဆောင်းထားသော ရန်ပုံငွေ ဖြစ်သည်။ လိပ်ပြာနီလော့ဒ် ဂျို့ရှ်တစ်ယောက်တည်းပင် သန်းတစ်ထောင် ပေးထားခဲ့၏။
အခုတော့ ငွေပမာဏ အများကြီးနဲ့ ဆေးရည်မည်းတွေ မရှိတော့ဘူး။ ချာလီစ်တောင် မရှိတော့ဘူး။ ဘာသက်သေမှ မရှိဘူးလို့ ပြောလို့ရတယ်။ အဲဒီအချိန် အဲဒီမိသားစုတွေနဲ့ နယ်မြေတွေကို ငါ ဘာပြန်ပေးရမှာလဲ။
၎င်းကို တွေးနေရင်း အိုဆိုင်ဒန်၏ နှလုံးသား သွေးများ ယိုစီးလာ၏။
သွေးမြေကျ အကြောင်းကို ထုတ်ပြောလိုက်ရင်တောင်၊ ကိုယ်လုပ်တော်ကိုတောင် သက်သေခံအဖြစ်ထားရင်တောင် ဘယ်သူမှ ယုံကြမှာ မဟုတ်ဘူး။ ဘယ်သူမှ မယုံချင် ကြဘူး။ အဲဒီကောင်တွေက ငွေပဲလိုချင်တာ။
ဒါနဲ့ပတ်သက်ပြီးတော့ အာမခံမိတဲ့ ငါ့ကိုယ်ငါပဲ အပြစ်တင်ရမယ်။ ဒါပေမဲ့ အဲဒီတုန်းက ဒီလိုမျိုး ဖြစ်လာမယ်လို့ ဘယ်သူသိမှာလဲ။
အခုတော့ နတ်ဆိုးဘုံ ဆေးရည်ပညာရှင်ပြိုင်ပွဲ စတော့မယ်။ အရင်ဆုံး ရန်ပုံငွေ ပမာဏကို တိုးကောက်ပြီးတော့ အောင်အောင်မြင်မြင် ကျင်းပရမယ်။ နယ်မြေက ငွေတွေကိုတော့ နည်းလမ်းတစ်ခု ရှာမတွေ့မချင်း အချိန်ဆွဲဖို့ ကြိုးစားရမယ်။
ကိုယ်လုပ်တော်သည် ရှေ့သို့ အနည်းငယ်တက်ပြီး အိုဆိုင်ဒန်၏ ခြေထောက်ကို ဖက်ကာ ဖိနပ်ကို နမ်းပြီး အော်ပြောသည်။ “အရှင်မင်းကြီး။ ကျွန်မကို ခွင့်လွှတ်ပေးပါ။ ကျွန်မကို ဒီလိုလုပ်ဖို့ ဖိအားပေးခံရတာပါ။ ကျွန်မ ထပ်မလုပ်ရဲတော့ပါဘူး။ ကျွန်မ အရှင်မင်းကို ပိုပြီးတော့ စိတ်ရောကိုယ်ပါ ပြုစုပေးပါ့မယ်....”
စကားမဆုံးသေးခင်မှာပင် သူ၏လှပသော မျက်နှာသည် ရုတ်တရက် လောင်ကျွမ်းသွား၏။ အော်သံများ ကြားထဲ၌ သူ့တစ်ကိုယ်လုံး ပြာကျသည်အထိ လောင်ကျွမ်းသွားခဲ့သည်။ ချစ်ရသောမိန်းမကို ကိုယ်တိုင် သတ်ပစ်ခဲ့သော အိုဆိုင်ဒန်၏ မျက်လုံးထဲ၌ အေးစက်သော အလင်းရောင်တစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် အံကြိတ်ကာ စကားတစ်လုံး ပြောလိုက်သည်။ “သွေးမြေကျ...”
အမှောင်လမြို့၌ -
မြို့သူ/သားများက အမှောင်လမြို့မှ ထွက်သွားသောသူသည် မြို့တော်၌ တုန်လှုပ်ဖွယ်ရာတစ်ခုကို ဖြစ်စေခဲ့ကြောင်း သိကြမည်မဟုတ်ပေ။ သူတို့သည် လက်ရှိ၌ အဖြစ်အပျက် အသေးလေးတစ်ခုကိုသာ ဆွေးနွေးနေကြသည်။
ယခုလက်ရှိ အမှောင်လမြို့တွိင် အများဆုံး ဆွေးနွေးကြသော အကြောင်းမှာ တိုက်ပွဲဘောလုံး ကစားပွဲ ဖြစ်သည်။
ထိုကစားပွဲသည် ယခင်ပွဲများနှင့် လုံးဝကွဲပြာသည်။ ၎င်းသည် ပြင်းထန်မှုနှင့် စိတ်လှုပ်ရှားမှုကို ညွှန်းဆိုခြင်း မဟုတ်ပေ။ ၎င်းမှာ အမှောင်လမြို့ အခြေအနေ တစ်ခုလုံးကို သက်ရောက်စေနိုင်သော လောင်းကြေးကစားပွဲတစ်ခု ဖြစ်သည်။
ပုံမှန်အစည်းအဝေး၌ တော်ဝင်မင်းသမီး ရှီရာ၏ တစ်လှမ်းချင်း ချောက်ထဲသို့ တွန်းပို့ခံနေရသော ဘဏ္ဍာရေးအရာရှိ ဂျိုးဆက်ပ်သည် နောက်ဆုံး၌ လူသိရှင်ကြား ပုန်ကန်မှုကို ပြုလုပ်သည်။ သူသည် အုပ်ချုပ်သူ၏ အရေးယူမှုများနှင့် ဖိနှိပ်မှုများကို တိုင်ကြားသည်။ သို့သော် ဂျိုးဆက်ပ်ကို ယခုတွင် လိပ်ပြာနီနယ်မြေက မယုံကြည် တော့သည့်အတွက် ယခင်ကဲ့သို့ လိပ်ပြာနီ မူဝါဒကို ဝှက်ဖဲအနေဖြင့် သုံး၍မရတော့ပေ။ ထို့ပြင် လက်ရှိ အမှောင်လမြို့သည် လွန်ခဲ့သော ၁နှစ်၂နှစ်က အမှောင်လမြို့မျိုး မဟုတ်တော့ပေ။
တိုင်ကြားမှု မခိုင်လုံသည့်အတွက် ဂျိုးဆက်ပ်သည် နောက်ဆုံးအကွက်ကို ထုတ်သုံးရတော့သည်။ ၎င်းမှာ သူတည်ဆောက်ခဲ့သာ ကုန်သည်ကြီးများအသင်း၊ သူ၏ နာမည်အောက်မှ လုပ်ငန်းများအားလုံးနှင့် ဘဏ္ဍာရေးအရာရှိ ရာထူးကို တော်ဝင်မင်းသမီးနှင့် လောင်းကြေးထပ်ခြင်း ဖြစ်သည်။ ဂျိုးဆက်ပ်၏ လောင်းကြေးမှာ အကုန်ဟု ပြော၍ရသည်။ သူသည် တော်ဝင်မင်းသမီးကို ပူးတွဲ ကုန်သည်ကြီးများအသင်း၊ ညစျေး၊ မင်းသမီးလက်လီစတိုး၊ လေလံအိမ်၊ ပြိုင်ကွင်း အစရှိသည်တို့နှင့် လောင်ကြေး ထပ်ရန် တောင်းဆိုသည်။ ၎င်းမှာ ရှီရာထိန်းချုပ်ထားသော စီးပွားရေးအင်အားစု အားလုံးနီးပါးပင် ဖြစ်သည်။
ရှီရာက ချက်ချင်းပင် ငြင်းဆန်ခဲ့ပြီး လောင်းကစားကဲ့သို့ ပေါ့တန်တန် နည်းလမ်းများကို ကိစ္စအကြီးများ၌ အသုံးမပြုသင့်ကြောင်း ပြောခဲ့သည်။ လက်ရှိအခြေအနေအရ သူသည် ထိုသို့အရဲမစွန့်လျှင်ပင် ဂျိုးဆက်ပ်ကို ဖြည်းဖြည်းချင်း ဖိခြေနိုင်ပေသည်။
ဂျိုးဆက်ပ်သည် အလွန် ဉာဏ်များလှသည်။ တော်ဝင်မိသားစုနာမည်ဖြင့် သူသည် ရှီရာအား အတင်းတွန်းပို့ခဲ့သည်။ သူသည် အချိန်အတော်ကြာ ပြင်ဆင်ခဲ့သော နည်းလမ်း အများအပြားကိုလည်း အသုံးချခဲ့သည်။ ရှီရာ မငြင်းဆန်နိုင်တော့သည့်အတွက် ဆင်ခြေတစ်ခု ပြောင်းလဲခဲ့သည်။ ဂျိုးဆက်ပ်၏ လောင်းကြေးမှာ မိမိလက်ရှိ ပိုင်ဆိုင်မှုများနှင့် မယှဉ်နိုင်ကြောင်း ရှီရာ ပြောသည်။ ၎င်းအမှာ အမှန်ပင် ဖြစ်သည်။
လွန်ခဲ့သော ၁နှစ် ၂နှစ်ကဆိုလျှင် ထိုအချိုးမှာ မဖြစ်နိုင်လုနီးပါး ဖြစ်သည်။ ယခုတွင် အခြေအနေမှာ လုံးဝပြောင်းလဲသွားလေပြီ။ လုပ်ပိုင်ခွင့်ဖြစ်စေ၊ အင်အားဖြစ်စေ၊ ရှီရာက လုံးဝ အသာစီးရနေသည်။
ထိုအချိန်၌ ရုတ်တရက် ပြောင်းလဲမှုတစ်ခု ဖြစ်သွားသည်။ ရှီရာဘက်၌ ရပ်နေပြီး အင်ပါယာအစောင့် အရန်တပ်ဖွဲ့ခေါင်းဆောင်လည်းဖြစ်သော “အက်ဂ်ယော”သည် ရုတ်တရက်ပင် ကျောခိုင်းပြီး ဝတ်ရုံဂိုဏ်းက ဂျိုးဆက်ပ်ကို အပြည့်အဝ ထောက်ခံကြောင်း ကြေညာခဲ့သည်။
လူတိုင်း အုတ်အုတ်သောင်းသောင်း ဖြစ်သွားကြသည်။ လက်စသတ်တော့ “အက်ဂ်ယော”က ရှီရာဘေးနားမှာ ဂျိုးဆက်ပ်ထားခဲ့တဲ့ ကျားရုပ် ဖြစ်နေတာကိုး။
ရလာဒ်အနေဖြင့် ဂျိုးဆက်ပ်တွင် ပြိုင်ကွင်း၊ ညစျေးနှင့် ဝတ်ရုံဂိုဏ်းတို့ ရှိသွားသည်။ ဘဏ္ဍာရေးအရာရှိနေရာပါ ပေါင်းလိုက်လျှင် သူသည် ရှီရာနှင့် ညီမျှရုံ ဖြစ်သွားသည်။ ရှီရာသည် အရေးကြီးအခိုက်အတန့်၌ ဘက်ပြောင်းသွားသော “အက်ဂ်ယော”ကို အလွန် ဒေါသထွက်နေခဲ့သည်။ မိသားစုအုပ်စုတစ်ခု၏ ထောက်ခံမှုနှင့်အတူ ရှီရာ ချက်ချင်း သဘောတူလိုက်ရသည်။ ထိုမိသားစုများမှာ နှစ်ဖက်ခွများ ဖြစ်ကြသည်။ သူတို့သည် အခွင့်အရေးကို ရှာတွေ့ရာ၌ ထူးချွန်ကြသည်။ မည်သူ နိုင်နိုင်၊ ရှုံးရှုံး၊ အနိုင်ရသူကို သူတို့ ထောက်ခံမည် ဖြစ်သည်။ မျှော်လင့်တကြီးစောင့်ဆိုင်းနေကြသော ပြိုင်ပွဲကို လကုန်တွင် ပရိသတ်အားလုံးအား သက်သေခံအဖြစ် ပြိုင်ကွင်းတွင် ကျင်းပရန် စီစဉ်ထားသည်။ အနိုင်ရရှိသူသည် အမှောင်လမြို့၏ စီးပွားရေးကို အမှန်တကယ် ထိန်းချုပ်နိုင်ပေမည်။
အမှောင်လမြို့ရှိ ရှီရာ၏ ဂုဏ်သြဇာနှင့်အတူ အင်ပါယာအစောင့်များနှင့် မြို့စောင့် တပ်သားများကလည်း ပုဂ္ဂလိကအသင်းထက် သိသိသာသာ ကောင်းမွန်နေသည့်အတွက် တော်ဝင်မင်းသမီးအပေါ် အများစုက အကောင်းမြင်ကြသည်။ ဂျိုးဆက်ပ်၏ အသင်းမှာမူ လျို့ဝှက်လေ့ကျင့်ထားသည့် အတော်လေး ကောင်းမွန်သော အသင်းတစ်သင်းသာ ဖြစ်သည်။ အမှောင်လကို ကိုယ်စားပြုပြီး နတ်ဆိုးဘုံ တိုက်ပွဲဘောလုံး၌ အမြင့်ဆုံးအဆင့်ဖြစ်သော အင်ပါယာအစောင့်များနှင့် မြို့စောင့်တပ်သားများကို ယှဉ်နိုင်မည်မဟုတ်ပေ။
ကန့်သတ်ချက်များသည် ပြိုင်ပွဲတင် နှစ်သင်းစလုံးပေါ်၌ အလွန်တင်းကျပ်ကြောင်း သိသင့်သည်။ အမြင့်ဆင့်နတ်ဆိုးနှင့် အနိမ့်ဆင့်နတ်ဆိုးများ ဝင်ကစားရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ဂျိုးဆက်ပ်နှင့် တော်ဝင်မင်းသမီးတို့က နှစ်ဖက်စလုံးသည် အလယ်ဆင့် နတ်ဆိုးအသင်းဖြင့် ကစားမည်ဖြစ်ကြောင်း သဘောတူခဲ့ကြသည်။
ရှီရာမှာ အနိုင်လက်မှတ် ရှိလောက်တယ်။ အမှောင်လစစ်တပ်နှင့် မြို့သူ/များက ထိုသို့တွေးကြပြီး မိသားစုအများစုလည်း ထိုသို့ထင်ကြသည်။ သို့သော် ဂျိုးဆက်ပ် တစ်ယောက်တည်းသာ ထိုသို့မထင်ပေ။ သူသည် “အက်ဂ်ယော”လက်အောက်ရှိ အလယ်ဆင့် နတ်ဆိုးအသင်းကို မြင်ခဲ့ဖူသည်။ သူတို့၏ ရုပ်ပိုင်းဆိုင်ရာ အင်အားသည် အမှောင်လမြို့၏ အသင်းများအားလုံးထက် သာလွန်သည်။ အစကတည်းမှ သူသည် ပုန်ကန်မှု အများအပြားပြုလုပ်ပြီး ကမ်းပါးအစွန်းသို့ တွန်းပို့ခံခဲ့သည်မှာ ထိုလောင်းကြေး အတွက်သာ ဖြစ်သည်။
“အက်ဂ်ယော” ငါ့ကို စိတ်မပျက်စေခဲ့ဘူ။ သူ အချိန်မီ ဝင်ရောက်လာပြီးတော့ လောင်းကစားပွဲကို အောင်အောင်မြင်မြင် တွန်းပို့ပေးခဲ့တယ်။ ဒီမဟာမိတ်ရဲ့ သေချာတဲ့ အစီအစဉ်တွေနဲ့ဆိုရင် ဂျိုးဆက်ပ်ဆိုတဲ့ငါက အဆုံးသတ်မှာ ရယ်နိုင်တဲ့ တကယ့် အောင်နိုင်သူ တစ်ယောက် ဖြစ်လာမှာပဲ။
သို့သော်လည်း “အက်ဂ်ယော” ကိုယ်တိုင်ပင် ရှီရာ နိုင်မည်ဟု ထင်ထားကြောင်း သူ မသိခဲ့ပေ။ ၎င်းသည် လုံးဝကို ထောင်ခြောက်တစ်ခု ဖြစ်သည်။ ယခုတွင် ဂျိုးဆက်ပ် ခုန်ဆင်းလိုက်ပြီး မြေကြီးထဲသို့ တစ်ဆင့်ချင်း နစ်ဝင်နေခဲ့သည်။ တစ်ဂေါ်စာသာ ကျန်ပေတော့သည်။
“အက်ဂ်ယောဘယ်ဇီဘတ်”နှင့် ပူးပေါင်းခဲ့သည့် အချိန်မှစ၍ ထိုဉာဏ်များပြီး စိတ်ပျက်စရာကောင်းသော အမှောင်လမြို့၏ ဘဏ္ဍရေးအရာရှိ၊ လိပ်ပြာနီလော့ဒ်၏ သားအကြီးဆုံးသည် သနားစရာကောင်းလောက်အောင် အဆုံးသတ်ရန် ကြိုတင် လျာထားပြီးသား ဖြစ်လေ၏။