← Chapters

ကလိုင်းရဲ့ တောင်းဆိုချက်

Vol. 16 Ch. 151

ကလိုင်းရဲ့ တောင်းဆိုချက်

Vol. 16 Ch. 151

ပိုးမွှားတွေရဲ့ တကျည်ကျည် တကျာကျာ အော်မြည်သံနဲ့ ဇီးကွက်အော်သံတွေက လမိုဒ်မြို့လေးဆီ ပြန်လျှောက်တဲ့ လမ်းတစ်လျှောက် ပဲ့တင်ထပ်တမျှ ထွက်ပေါ်လာပါတယ်။ အက်ဇစ်ဟာ ရှေ့ကို လှမ်းကြည့်ပြီး လေးငါးစက္ကန့် တိတ်ဆိတ်နေပြီးမှ...။

“ငါ ဘာဖြစ်ခဲ့လဲဆိုတာ သေသေချာချာ မသိပေမဲ့ အကြမ်းဖျင်းတော့ ခန့်မှန်းလို့ ရတယ်”

“ငါ... ငါက နှစ်တွေ အကြာကြီး အသက်ရှင်ခဲ့တဲ့ တစ်ယောက်ယောက် ဖြစ်လိမ့်မယ်”

‘မစ္စတာအက်ဇစ်... တစ်ယောက်ယောက်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို သေချာစဉ်းစားသင့်တယ်...’ ကလိုင်းဟာ စိတ်ထဲမှာ ပြောလိုက်ပေမဲ့ အသံထွက် မပြောရဲပါဘူး။

“ဒီရှုပ်ထွေးမှု... ဒီတိတ်ဆိတ်မှု... ဒါတွေက လူတွေကို မကြာခဏ အားနည်းစေတယ်...”

“ငါက ဒီလို အချိန်အကြာကြီး အသက်ရှင်ဖို့အတွက် တန်ဖိုးတစ်ခုခု ပေးခဲ့ရလိမ့်မယ်... ငါက စတုတ္ထယုဂ် အဆုံးမှာ ကတည်းက ဒီတိုက်မှာ လေလွင့်နေတဲ့ စိတ်ဝိညာဉ်လိုမျိုး နေထိုင်ခဲ့တာ...” အက်ဇစ်ဟာ ခံစားချက်တွေကို ဖိနှိပ်ဖို့ ကြိုးစားနေသလိုမျိုး သူ့အသံက နက်ရှိုင်းသွားပါတယ်။

“ငါ အတိတ်ကို မမှတ်မိတော့ဘူး... ငါ မှတ်မိချင်တဲ့ လူတွေနဲ့ အရာတွေကို မေ့သွားခဲ့ပြီ”

ကလိုင်းဟာ သူ့ရှေ့မှာရှိတဲ့ မြက်ပင်ကို ဆွဲဆိတ်လိုက်ပြီး တွေးတွေးဆဆနဲ့ ပြောပါတယ်။

“မစ္စတာအက်ဇစ်... ကျွန်တော့်ဆီမှာ မစ္စတာအက်ဇစ်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သီအိုရီတစ်ခုတော့ ရှိတယ်”

“ဘာသီအိုရီလဲ” အက်ဇစ်က မေးပါတယ်။

“ကျွန်တော့်အထင် မစ္စတာအက်ဇစ် မှတ်ဉာဏ် ဆုံးရှုံးတာက သံသရာလည်နေတာ ဖြစ်မယ်... မစ္စတာအက်ဇစ်က အချိန်တစ်ခုရောက်တိုင်း သေပြီး အဲဒီမတိုင်ခင်က မှတ်ဉာဏ်တွေကို ဆုံးရှုံးသွားတာ ဖြစ်မယ်... အဲဒါပြီးလို့ အချိန်တစ်ခုကြာရင် မစ္စတာအက်ဇစ်က ပြန်နိုးလာပြီး ဘဝသစ်တစ်ခုကို စတင်တာ ဖြစ်နိုင်တယ်... ဒီလိုဆို မစ္စတာအက်ဇစ်ဆီမှာ ဘာလို့ မတူကွဲပြားတဲ့ အိပ်မက်အမျိုးမျိုး ရှိနေလဲဆိုတာ ရှင်းပြလို့ရပြီ... အဲဒီအိပ်မက်တွေက မစ္စတာအက်ဇစ် ရှင်သန်နေထိုင်ခဲ့တာ ဘဝအသီးသီးက အဖြစ်အပျက်တွေပဲ” ကလိုင်းဟာ သူ့သီအိုရီကို ရှင်းပြပါတယ်။

အမှောင်ထုက သူ့အင်္ကျီလက်စကို ဆွဲဆုပ်ကိုင်ထားသလိုမျိုး အက်ဇစ်ရဲ့ ခြေလှမ်းတွေဟာ နှေးကွေးသွားပါတယ်။ သူဟာ ဝေဝါးတဲ့ မျက်လုံးတွေနဲ့ ရှေ့ကို ကြည့်ပြီး အတန်ကြာတဲ့အခါ...။

“မင်းပြောတာက ခုနက ရုတ်တရက် နိုးထလာတဲ့ ငါ့မှတ်ဉာဏ်တွေနဲ့ ကိုက်တယ်”

‘ရုတ်တရက် နိုးထလာတဲ့ မှတ်ဉာဏ်တွေ...’ ကလိုင်းဟာ အကြံတစ်ခု ရသွားပြီး ချက်ချင်း ပြောလိုက်ပါတယ်။

“မစ္စတာအက်ဇစ်... မစ္စတာအက်ဇစ်ရဲ့ ပျောက်ဆုံးသွားတဲ့ အတိတ်ကို ရှာဖို့ ထင်းဂန်မြို့ကနေ ထွက်သွားစရာ မလိုလောက်ဘူး... ဖြည်းဖြည်းချင်း မှတ်ဉာဏ်တွေ ပြန်ရလာလိမ့်မယ်”

“ဘာဖြစ်လို့လဲ” အက်ဇစ်ဟာ ခေါင်းလှည့်ကြည့်ပြီး တအံ့တဩနဲ့ မေးပါတယ်။

ကလိုင်းက အပြုံးနဲ့ ဖြေပါတယ်။

“မစ္စတာအက်ဇစ်ရဲ့ မှတ်ဉာဏ်တွေက လုံးဝ ပျောက်သွားတာ မဟုတ်ဘူး... မှတ်ဉာဏ်တွေ ရုတ်တရက် နိုးလာတာက သက်သေပဲ”

“နောက်ပြီး မစ္စတာအက်ဇစ် ဘက်ကလင်မှာ နိုးလာတော့ အတိတ်မေ့သွားတယ်ဆိုတာ သိလိုက်တယ်မလား”

အက်ဇစ်ဟာ ခေါင်းညိတ်ပါတယ် “ဟုတ်တယ်... အဲဒါက ငါ့ကို ဒီနေ့အထိ ချောက်လှန့်နေတဲ့ အိပ်မက်ဆိုးပဲ”

ကလိုင်းဟာ လက်ကိုင်တုတ်နဲ့ မြေကြီးကို ဆောင့်ပြီး အသေးစိတ် ရှင်းပြပါတယ်။

“ဒီနေ့မတိုင်ခင်အထိ ကျွန်တော် အဲဒါကို ပြဿနာရှိတယ်လို့ မထင်ခဲ့ဘူး... ဒါပေမဲ့ မစ္စတာအက်ဇစ်ရဲ့ စောစောက စကားနဲ့ ကျွန်တော်ရဲ့ မှန်းဆချက်အရဆိုရင် ဒီဟာက နည်းနည်း ထူးဆန်းတယ်... မစ္စတာအက်ဇစ် နိုးလာတော့ သက်သေခံမှတ်တမ်းနဲ့ ပိုက်ဆံ အလုံအလောက် ရှိတယ်... တခြားလူတွေ အထိတ်တလန့် မဖြစ်စေမဲ့ ပုံစံမျိုးနဲ့လည်း ပေါ်လာတယ်... ဒါတွေ အကုန်လုံးက မစ္စတာအက်ဇစ် လူ့အသိုင်းအဝိုင်းမှာ အားနည်းနည်းစိုက်ရုံနဲ့ အံ့ဝင်ဂွင်ကျဖြစ်အောင် စီစဉ်ထားသလိုပဲ”

“ဘယ်သူက စီစဉ်ထားတာလဲ”

“အဖြေက တစ်ခုတည်းပဲ ရှိတယ်... အတိတ်က မစ္စတာအက်ဇစ် စီစဉ်တာပဲ”

“အတိတ်က မစ္စတာအက်ဇစ်က မှတ်ဉာဏ်တွေ ပြန်ရပြီး ဘဝသစ်တစ်ခု စတော့မှာကို သိတယ်... အဲဒါကြောင့် မစ္စတာအက်ဇစ်အတွက် အကုန်လုံး ပြင်ဆင်ပြီး တခြားလူတွေ သံသယမဝင်အောင် အကောင်းဆုံး ကြိုးစားခဲ့တာပဲ”

အက်ဇစ်ဟာ လမ်းလျှောက်တာ ရပ်ပြီး မြို့လေးဆီက လာနေတဲ့ အလင်းမှုန်တွေကို လှမ်းကြည့်ကာ ထပ်ပြီးတော့ တိတ်ဆိတ်သွားပါတယ်။

“ကြည့်ရတာ ငါ တစ်ချိန်လုံး ရှာနေတဲ့ မိဘတွေဆိုတာက အတိတ်ကငါ ထင်တယ်...” သူဟာ သက်ပြင်းချလိုက်ပြီး ကလိုင်းရဲ့ တွက်ချက်မှုက ဖြစ်နိုင်ခြေများတယ်လို့ ဝန်ခံပါတယ်။

“အဲဒါဆိုရင် မစ္စတာအက်ဇစ် ဘာမှ လုပ်စရာ မလိုဘူး... မှတ်ဉာဏ်တွေ ပြန်‌ပေါ်လာတာကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရုံပဲ” ကလိုင်းဟာ ကောက်ချက်ချပြီး မစ္စတာအက်ဇစ်ကို နှစ်သိမ့်ပေးပါတယ်။

အက်ဇစ်ဟာ မသိစိတ်နဲ့ စေ့ဆော်မှုအရ လက်ကိုင်တုတ်ကို ဝှေ့ယမ်းလိုက်ပြီးနောက် စကျင်ကျောက်နဲ့ ထုထားတဲ့ ကျောက်ဆစ်ရုပ်လို ငြိမ်သက်သွားပါတယ်။

အတော်ကြာမှ သူဟာ အဝေးကို လှမ်းကြည့်ပြီး ပြောပါတယ် “အင်း... ငါ့မှတ်ဉာဏ်တွေ အကုန်လုံး ပြန်ရတာက ငါ သေခါနီးမှ ဖြစ်လောက်တယ်... ငါ အဲဒီလောက် အကြာကြီး မစောင့်ချင်ဘူး... ငါ ဒီကံတရားကို နားလည်ပြီး ဒီကံတရားကနေ လွတ်မြောက်နိုင်ဖို့ အချိန်အများကြီး လိုချင်တယ်... အဲဒါကြောင့် ငါ့အတိတ်ကို ပိုရှာဖွေပြီး မှတ်ဉာဏ်တွေ ဖြည်းဖြည်းချင်း ပြန်ရအောင် လုပ်ရမယ်... မင်း ယူဆတဲ့ အချိန်မတိုင်ခင် ငါ့မှတ်ဉာဏ်တွေကို ပြန်ရ,ရလိမ့်မယ်... မဟုတ်ရင် နောက်တစ်ကြိမ် သံသရာ လည်နေဦးမှာပဲ”

“ဟုတ်တယ်... ဒီရွေးချယ်မှုက စိတ်လှုပ်ရှားစရာ အကောင်းဆုံးပဲ” ကလိုင်းဟာ အက်ဇစ်ရဲ့ အကြံကို မငြင်းဆန်ပါဘူး။ အဲဒီအစား...။

“မစ္စတာအက်ဇစ်... မစ္စတာအက်ဇစ် ကလေးရဲ့ ခေါင်းခွံနဲ့ ကျွန်တော် ကံကြမ္မာကို နှောင့်ယှက်ထားတဲ့ ရာဇဝတ်ကောင် ကိစ္စကလွဲရင် သာမန်ကိစ္စတချို့မှာ အကူအညီ တောင်းလို့ရမလား”

အက်ဇစ်ဟာ ခေါင်းအသာ ညိတ်ပါတယ်။

“ငါ ဘာလုပ်ပေးဖို့ လိုလဲ”

ကလိုင်းဟာ စကားလုံးတွေ စီပြီး...။

“နောက်အပတ်ထဲမှာ ထင်းဂန်မြို့ကနေ မြင်းလှည်းနဲ့ ၂ နာရီ ၅ နာရီသွားရင် ရောက်တဲ့ မြို့တစ်မြို့ဆီသွားပြီး ဘယ်သူကိုမှ မထိခိုက်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ကိစ္စတစ်ခု ဖန်တီးပေးပါ... မစ္စတာအက်ဇစ်က သွေးစည်း ဆက်သွယ်မှုကို အခြေခံပြီး ရာဇဝတ်ကောင်ကို ရှာတာဆိုတော့ လူသေ ဝိညာဉ်တွေနဲ့ ပတ်သက်ရင် မစ္စတာအက်ဇစ်က အတော်အတန် ကျွမ်းကျင်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်”

“ရတယ်... ကိစ္စမရှိဘူး” အက်ဇစ်ဟာ တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ ကတိပေးပါတယ်။ သူဟာ ကလိုင်းက ဘာဖြစ်လို့ ဒီလိုလုပ်ခိုင်းလဲ ဆိုတာတောင် မမေးပါဘူး။

တစ်ချိန်တည်းမှာပဲ သူဟာ ကလိုင်းရဲ့ သူ့စွမ်းအားအပေါ် မှန်းဆချက်ကို အတည်ပြုလိုက်ပါတယ်။

“ကျေးဇူးပါပဲ... ကျွန်တော့်အတွက် ဒါက တော်တော် အရေးကြီးတယ်... အင်း နောက်ပြီးတော့ မစ္စတာအက်ဇစ် ပစ်မှတ်ရွေးရင် ထာဝရညနတ်ဘုရားမ ယုံကြည်တဲ့လူကိုပဲ ရွေးပေးပါ... သဲလွန်စလည်း တစ်ခုမှ ချန်မထားခဲ့ပါနဲ့”

ဒီနည်းလမ်းကို သုံးမှပဲ ဒီကိစ္စက ထင်းဂန်မြို့ ညသိမ်းငှက်လက်ထဲ ရောက်မှာပါ။ အဲဒါမှ သူ တာဝန်ပေးခံရတဲ့ အဖွဲ့ထဲရောက်ပြီး ချိပ်ပိတ်လက်နက် ၃-၀၇၈၂ ကို သုံးဖို့ အကြံပြုနိုင်မှာပါ။ အဲဒါမှ သူ ချိပ်ပိတ်လက်နက်ကနေ နတ်ဘုရားသွေးရဲ့ စွမ်းအားကို ထုတ်ယူပြီး နေမီးတောက်အဆောင်ကို စီရင်နိုင်မှာပါ။

ဒါက လက်ရှိအချိန်မှာ သူ ရယူနိုင်တဲ့ အစွမ်းအထက်ဆုံး ပစ္စည်းပါ။

ရာဇဝတ်ကောင်က မီးခိုးခေါင်းတိုင်နီ အိမ်ကနေ ထွက်မသွားသေးဘူးလို့ ယူဆထားတဲ့အတွက် ဒီကိစ္စကို လိုက်စုံစမ်းမဲ့ ကလိုင်းဟာ သူ့ကိုယ်သူ စွမ်းအားပိုကြီးလာအောင် အကောင်းဆုံး ကြိုးစားမှာပါ။

‘အင်း... ငါ ရထားတဲ့ သတင်းအရဆိုရင် စွမ်းအားနည်းနည်း ခိုးတာက ချိပ်ပိတ်လက်နက် ၃-၀၇၈၂ ကို ထိခိုက်စေမှာ မဟုတ်ဘူး... အများဆုံး စွမ်းအား မသိမသာ လျော့သွားရုံလောက်ပဲ... ဒါက ထင်းဂန်မြို့ရဲ့ တည်ငြိမ် အေချမ်းရေးအတွက်ပဲ’

ကလိုင်းဟာ သူလုပ်တာ မှန်ကြောင်း စိတ်ထဲမှာ ဆင်ခြေပေးပါတယ်။

အက်ဇစ်ဟာ ကလိုင်းရဲ့ ရည်ရွယ်ချက်ကို ဂရုမစိုက်ပါဘူး။ သူဟာ ခေါင်းညိတ်လိုက်ပါတယ်။

“ငါ မြို့နာမည်နဲ့ ယေဘုယျအချိန်ကို ပြောပေးမယ်... မင်း ကြိုပြီးတော့ ပြင်ဆင်ထားလို့ ရတာပေါ့”

“ဟူး...” ကလိုင်းဟာ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။ သူဟာ ဒီလမိုဒ်မြို့ခရီးက အကျိုးမယုတ်ဘူးလို့ ခံစားလိုက်ရပါတယ်။ သူဟာ ဒီခရီးစဉ်မှာ မစ္စတာအက်ဇစ်ရဲ့ အပြင်ပိုင်းအကျဆုံး လျှို့ဝှက်အလွှာကိုပဲ ခွာချနိုင်ခဲ့တယ်ဆိုပေမဲ့ အနည်းဆုံးတော့ နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ ရာဇဝတ်ကောင်ကို ရှာဖွေတဲ့နေရာမှာ အားကိုးလို့ရတဲ့ မစ္စတာအက်ဇစ်ရဲ့ ရင်းနှီးမှုကို ရရှိခဲ့ပါတယ်။

...

ည ၁၁ နာရီခွဲတဲ့အခါမှာတော့ ဗိုက်ဆာပြီး ပင်ပန်းနွမ်းနယ်နေတဲ့ ကလိုင်းဟာ ဒက်ဖဒိုလမ်းဆီ ပြန်ရောက်သွားပါတယ်။

“မစ္စတာအက်ဇစ်က ငါ့ကို ညစာမကျွေးလိုက်ဘူး... ဟင်း... သူ့မှာ ညစာ စားချင်စိတ် ဘယ်လိုလုပ်ပြီး ရှိမှာလဲ” ကလိုင်းဟာ ရေရွတ်ရင်း တံခါးဖွင့်လိုက်ပါတယ်။

အိမ်ထဲမှာက သူ ထင်ထားသလို မှောင်မနေပါဘူး။ ဓာတ်ငွေ့မီးအိမ်တစ်လုံးက တိတ်တဆိတ် အလင်းရောင် ထုတ်လွှတ်ပြီး ဧည့်ခန်းကို အလင်းနွေးနွေး ပေးထားပါတယ်။ ဘန်ဆင်ဟာ ဆိုဖာပေါ်မှာ တစ်ယောက်တည်း ထိုင်ပြီး စာဖတ်နေပါတယ်။

တံခါးပွင့်သွားတာကို တွေ့လိုက်ရတဲ့ ဘန်ဆင်ဟာ စကားပြောဖို့ ပြင်လိုက်ပေမဲ့ သမ်းဝေမိလိုက်တာကြောင့် သူ့ပါးစပ်နဲ့ လက်နဲ့ အမြန်အုပ်လိုက်ပါတယ်။

ကလိုင်းဟာ တံခါးပိတ်ပြီးနောက် ပြုံးလိုက်ပါတယ်။

“ကျွန်တော် လမိုဒ်မြို့ကို မစ္စတာအက်ဇစ်နဲ့ သွားတာ... အဲဒီမှာ သမိုင်းကြောင်း ရှည်လျားတဲ့ ရဲတိုက်ပျက်တစ်လုံး ရှိတယ်”

ဘန်ဆင်ဟာ ချက်ချင်း နားလည်သွားပြီး ရယ်ပါတယ်။

“လမိုက်ည... ရှေးဟောင်း ရဲတိုက်ပျက်... အေးစက်ပြီး ကျောချမ်းဖို့ကောင်းတဲ့ ပတ်ဝန်းကျင်... ရှေးဟောင်း သုတေသနပညာရှင် နှစ်ဦး ပေါင်းလိုက်ရင်... ဒါက လျှို့ဝှက်ဆန်းကြယ် ဝတ္ထုတစ်ပုဒ်အတွက် ပြီးပြည့်စုံတဲ့ အစပဲ”

‘ဒီနေ့ ဖြစ်ခဲ့တာတွေက လျှို့ဝှက်ဆန်းကြယ်တယ်လို့ ပြောလို့ရတယ်...’ ကလိုင်းဟာ မစ္စတာအက်ဇစ် ဖန်တီးလိုက်တဲ့ ထူးဆန်းတဲ့ တံခါးနဲ့ ကလေးငိုသံကို ရုတ်တရက် ပြန်တွေးမိလိုက်ပါတယ်။ သူဟာ ကြောက်စိတ်မပြေသေးတဲ့ လေသံနဲ့...။

“ဟုတ်တယ်... ဟိုမှာတုန်းက အဲဒီလိုမျိုး နည်းနည်း ခံစားရတယ်”

ဘန်ဆင်ဟာ ထပ်သမ်းပြီး စာအုပ်ကို ပိတ်လိုက်ပါတယ်။

“ငါ အိပ်တော့မယ်... ငါ ဒီစာအုပ်တွေကို စလေ့လာကတည်းက အိပ်ရတာ ဘယ်လို့ကောင်းလို့ ကောင်းမှန်းကို မသိဘူး”

ကလိုင်းဟာ ရယ်လိုက်ပြီး မစ္စတရားမျှတမှု ပြောခဲ့တာကို သတိရသွားတာကြောင့် အသံတိုးတိုးနဲ့...။

“အစ်ကို... ကျွန်တော်ရဲ့ ကုမ္ပဏီက အာဝါခရိုင် ရဲစခန်းနဲ့ အဆက်အသွယ်ရှိတာ သိတယ်မလား... ဒီကြားထဲမှာ ကျွန်တော် ဘက်ကလင်က သတင်းတစ်ခု ကြားထားတယ်... ဘုရင်မင်းမြတ်၊ ဝန်ကြီးချုပ်၊ တခြားဝန်ကြီးတွေနဲ့ ပါလီမန် အမတ်တွေက အစိုးရယန္တရား နှေးကွေးတာကို သဘောမကျလို့ ပြုပြင်ပြောင်းလဲမှု လုပ်မယ်တဲ့... အရည်အချင်း ရှိတဲ့လူတွေ ရာထူးရအောင် စာမေးပွဲစစ်ပြီး ရွေးချယ်မယ်လို့ ကြားတယ်... တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ စစ်သလိုမျိုးပဲ”

ဘန်ဆင်ဟာ ပထမတော့ ကြောင်သွားပြီးနောက် သူ့မျက်လုံးတွေဟာ တလက်လက် တောက်ပသွားပါတယ်။

“စာမေးပွဲစစ်မှာလား”

“ဟုတ်တယ်... အစ်ကို စာမေးပွဲ အောင်တာနဲ့ အစိုးရဌာနခွဲ တစ်ခုခုမှာ အစိုးရဝန်ထမ်း ဖြစ်လိမ့်မယ်... ကျွန်တော် ခန့်မှန်းရသလောက်ဆို... ကျွန်တော် ခန့်မှန်းတာနော်... ဒီစာမေးပွဲမေးခွန်းက တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွေကို နာမူနာယူလိမ့်မယ်... အဲဒီတော့ ရသစာပေ၊ ဂန္တဝင်စာပေ၊ သင်္ချာနဲ့ ယုတ္တိဗေဒ... ဥပဒေ အခြေခံကို မေးလောက်တယ်...”

ကလိုင်းဟာ ဒီအခွင့်အရေးကို အသုံးချပြီး သူ့အမြင်ကို ထည့်ပြောပါတယ်။

“အစ်ကို... ဒီသတင်းကို လျှို့ဝှက်ထားနော်... သိပ်ပြီးတော့ မျှော်လင့်လို့ရတာတော့ မဟုတ်ဘူး... အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်က ဒီအဆိုကို အတည်ပြု မပြု ဘယ်သူမှ မပြောနိုင်ဘူး”

“အင်း... ငါ နားလည်ပါတယ်... စာကို ကြိုးစားလုပ်ရမှာမလား” ဘန်ဆင်ဟာ ပြုံးလိုက်ပြီး ဆက်ပြောပါတယ်။

“ဒီပြောင်းလဲမှု ဖြစ်ဖြစ် မဖြစ်ဖြစ် ငါ ကြိုးစားလေ့လာမယ်... ငါရဲ့ လက်ရှိအခြေအနေကနေ လွတ်မြောက်ပြီး ဒီထက် ပိုကောင်းတဲ့ အလုပ်တစ်ခုရအောင် ငါ အကောင်းဆုံး ကြိုးစားမယ်... သင်ယူလေ့လာတာက လူနဲ့ အမွှေးထူ မျောက်ကြားမှာ အကြီးမားဆုံး ကွာခြားချက်ပဲ”

‘ဘယ်သုတေသနကမှ အမွှေးထူမျောက်တွေမှာ အိုင်ကျူ အသင့်အတင်ရှိတယ်... သင်ယူလေ့လာနိုင်စွမ်း အတိုင်းအတာ တစ်ခုအထိ ရှိတယ်လို့ ပြောမထားဘူး...’ ကလိုင်းဟာ စိတ်ထဲမှာ စောဒက တက်ရင်း ဘန်ဆင် အပေါ်ထပ် တက်သွားတာ ကြည့်နေပါတယ်။

အဲဒီနောက် သူဟာ ပြုံးပြီး ဗိုက်ကို ပွတ်ကာ မီးဖိုချောင်ဆီ လျှောက်သွားပါတယ်။ သူဟာ ဘန်ဆင်နဲ့ မလီဆာ သူ့အတွက် အထူးတလည် ချန်ထားတဲ့ ကြက်သားဟင်းကို တွေ့လိုက်ရပါတယ်။ တင်းနေတဲ့ စိတ်တွေ ပြေလျော့သွားတဲ့ ကလိုင်းဟာ ညနက်စာ စ,စားပါတယ်။

ညဉ့်နက်နေပြီ ဖြစ်တဲ့အတွက် လူအများစုက အိပ်ရာဝင်သွားကြပါပြီ။ နိုးနေတာက သူတစ်ယောက်တည်းပါ။ ဟင်းနံ့ သင်းသင်းလေး ရောနေတဲ့ လေအေးကို ရှူရှိုက်ရင်း ကလိုင်းဟာ တကုပ်ကုပ်နဲ့ လှုပ်ရှားနေပါတယ်။

အရာအားလုံးဟာ တည်ငြိမ် အေးချမ်းလှပါတယ်။

...

ဗိုက်ဝသွားတဲ့အခါ ကလိုင်းဟာ ပန်းကန်တွေဆေးပြီး ရေချိုးပါတယ်။ အဲဒီနောက် သူ့အခန်းထဲ ပြန်ပြီး တံခါးလော့ချလိုက်ပါတယ်။

သူဟာ သမ်းဝေလိုက်ပေမဲ့ နိုးနေအောင် သတိထားပါတယ်။ အဲဒီနောက် သူဟာ အစီအရင်အတွက် သုံးတဲ့ ငွေဓားမြောင်တစ်ချောင်း ထုတ်ပြီး အိပ်ခန်းကို စိတ်ဝိညာဉ် တံတိုင်းနဲ့ ချိပ်ပိတ်လိုက်ပါတယ်။

သူဟာ မီးခိုးရောင် မြူခိုးထက်က ဆန်းကြယ်လောကမှာ “ဒီခေတ်က မပိုင်ဆိုင်တဲ့ အရူး” ကို ဆင့်ခေါ်တာက အန္တရာယ်ရှိမရှိ တွက်ချက်မှာပါ။

All Chapters