စမ်းသပ်မှု
Vol. 16 Ch. 152
ထာဝရ မပြောင်းလဲမဲ့ မီးခိုးရောင် မြူခိုးတွေဟာ လေထဲမှာ ပြည့်နေပြီး ဝိုးတိုးဝါးတား ကြက်သွေးရောင် ကြယ်တွေကလည်း သူ့ဘေးပတ်လည်မှာ အကွာအဝေး အသီးသီးနဲ့ တည်နေပါတယ်။ ကလိုင်းဟာ ဘီလူးတွေရဲ့အိမ်နဲ့ တူတဲ့ ခမ်းနားထည်ဝါတဲ့ နန်းတော်ကြီးထဲမှာ ထိုင်ရင်း တရင်းတနှီးရှိတဲ့ မြင်ကွင်းကို ကြည့်လိုက်ပါတယ်။
လေးငါးစက္ကန့် အကြာမှာတော့ သူဟာ အကြည့်ကို ပြန်ရုပ်သိမ်းပြီး သူ့ရှေ့မှာ ဝါညိုရောင် သိုးသားရေ တစ်ရွက် ပေါ်လာအောင် လုပ်လိုက်ပါတယ်။ အဲဒီနောက် သူဟာ ဖော့ပင်ကိုင်ပြီး သူပြင်ထားတဲ့ ဆင့်ခေါ် အစီအရင်ကို ချရေးပါတယ်။
“ငါ့ကို ကိုယ်စားပြုတဲ့ ဖယောင်းတိုင်တစ်တိုင် ထွန်းရမယ်”
“စိတ်ဝိညာဉ်တံတိုင်း သုံးပြီး သန့်စင်မွန်မြတ်တဲ့ ပတ်ဝန်းကျင် ဖန်တီးရမယ်”
“လပြည့်ဆီတစ်စက် မီးတောက်ထဲ ချမယ်... ကမ်မိုမိုင်ရေစင်၊ ညအိပ်ပန်း ပေါင်ဒါမှုန်နဲ့ တခြားပါဝင်ပစ္စည်းတွေလည်း ပါမယ် (မှတ်ချက်။ ကိုယ့်ကိုယ်ကိုယ် ပြန်ဆင့်ခေါ်တာ ဖြစ်တဲ့အတွက် တိကျစရာ မလိုဘူး။)
“အောက်က မန္တန်ကို ရွတ်ဆိုရမယ်”
“ငါ (ရှေးဟောင်း ဟာမီး၊ ဂျိုဒင်၊ နဂါးဘာသာစကား၊ နတ်သူငယ် ဘာသာစကား။ အသံနက်နဲ့ ကျယ်ကျယ် ပြောရမယ်။)
“ငါ့နာမနဲ့ ဆင့်ဆိုတယ် (ဟာမီး)”
“ဒီခေတ်က မပိုင်ဆိုင်တဲ့အရူး၊ မီးခိုးရောင် မြူခိုးထက်က လျှို့ဝှက်ဆန်းကြယ် စိုးမိုးသူ၊ ကံကောင်းမှုကို ပိုင်စိုးတဲ့ ဝါနက်ရောင်ဘုရင်”
...
သုံးကြိမ်သုံးခါ စေ့စေ့စပ်စပ် စစ်ဆေးပြီးနောက် ကလိုင်းဟာ အောက်ဆုံးမှာ ဗေဒင်တွက်မဲ့ စာကြောင်းကို ရေးပါတယ်။
“အပေါ်က အစီအရင်ကို ဒီလောကရဲ့ အပြင်ဘက်မှာ စီရင်ရင် အန္တရာယ် ရှိလိမ့်မယ်”
“ဟူး...” သူဟာ လေပူတစ်ချက် မှုတ်ထုတ်ပြီး ဖော့ပင်ချလိုက်ပါတယ်။ အဲဒီနောက် အင်္ကျီလက်စထဲက ငွေချိန်းကြိုးကို ဆွဲထုတ်ပြီး ဘယ်လက်နဲ့ ကိုင်လိုက်ပါတယ်။
ဥဿဖရားဆွဲကြိုးဟာ ဗေဒင်တွက်မဲ့ စာကြောင်းရေးထားတဲ့ သိုးသားရေ အထက်က အကွာအဝေး အနည်းငယ်မှာ တွဲလောင်း ဖြစ်သွားပါတယ်။ အဲဒီနောက် ကလိုင်းဟာ သူ့အတွေးတွေကို ဇက်ကြိုးသတ်ပြီး တွေးခေါ်မှု အခြေအနေထဲ ဝင်ပါတယ်။
“အပေါ်က အစီအရင်ကို ဒီလောကရဲ့ အပြင်ဘက်မှာ စီရင်ရင် အန္တရာယ် ရှိလိမ့်မယ်”
“အပေါ်က အစီအရင်ကို ဒီလောကရဲ့ အပြင်ဘက်မှာ စီရင်ရင် အန္တရာယ် ရှိလိမ့်မယ်”
...
ကလိုင်းဟာ ဗေဒင်တွက်မဲ့ စာကြောင်းကို ခုနစ်ခေါက် ရွတ်ဆိုပြီးနောက် မည်းနက်လုနီး ဖြစ်နေတဲ့ မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တဲ့အခါ ဥဿဖရားဆွဲကြိုးက နာရီလက်တံပြောင်းပြန်အတိုင်း လည်နေတာ တွေ့လိုက်ရပါတယ်။
ဆန့်ကျင်ဘက် ရလဒ်ဖြစ်တဲ့အတွက် အန္တရာယ်မရှိဘူးလို့ ဆိုလိုပါတယ်။
“ဒါဆိုရင် ငါစမ်းကြည့်ရမယ်” ကလိုင်းဟာ သူ့ရှေ့က ပစ္စည်းတွေ ပျောက်သွားအောင် လုပ်လိုက်ပါတယ်။ အဲဒီနောက် သူ့ကိုယ်သူ စိတ်ဝိညာဉ်စွမ်းအားနဲ့ လွှမ်းခြုံပြီး အောက်ပြုတ်ကျတဲ့ ခံစားချက်ရအောင် လှုံ့ဆော်လိုက်ပါတယ်။
အိပ်ခန်းထဲ ပြန်ရောက်သွားတဲ့အခါ တစ်ခန်းလုံးကို စိတ်ဝိညာဉ် တံတိုင်းနဲ့ ချိပ်ပိတ်ထားပြီးပြီမလို့ ကလိုင်းဟာ စားပွဲကို ချက်ချင်းရှင်းပြီး ပူဒီနာနံ့ရှိတဲ့ ဖယောင်းတိုင်တစ်တိုင်ကို စားပွဲအလယ်ခေါင်က ညာဘက်မှာ ထားလိုက်ပါတယ်။
အဲဒီနောက် မီးစာကို လက်နဲ့အသာကိုင်ပြီး စိတ်ဝိညာဉ်စွမ်းအားနဲ့ ပွတ်တိုက်ကာ မီးညှိပါတယ်။
ခပ်ဖျော့ဖျော့ အလင်းရောင်အောက်မှာ ကလိုင်းဟာ သက်ဆိုင်တဲ့ အဆီတွေကို တစ်စက်ချင်းချပြီး ဆေးပင် ပေါင်ဒါမှုန့်တွေကိုလည်း မီးတောက်ထဲ ထည့်ပါတယ်။
စိတ်အမောပြေစေတဲ့ ရနံ့ဟာ လေထဲမှာ ရုတ်တရက် ပြည့်သွားပြီး တောက်ပမှုနဲ့ မှောင်မိုက်မှုဟာ တစ်လှည့်စီ ဖြစ်ပေါ်လာပါတယ်။
ခြေနှစ်လှမ်းဆုတ်ပြီးနောက် ကလိုင်းဟာ သူ့ကို ကိုယ်စားပြုတဲ့ ဖယောင်းတိုင်ကို ကြည့်ပြီး ဂျိုဒင်နဲ့ ခပ်ကျယ်ကျယ် ပြောလိုက်ပါတယ်။
“ငါ...”
အဲဒီနောက် သူဟာ ဟာမီးဘာသာစကားနဲ့...။
“ငါ့နာမနဲ့ ဆင့်ခေါ်တယ်”
“ဒီခေတ်က မပိုင်ဆိုင်တဲ့အရူး... မီးခိုးရောင် မြူခိုးထက်က လျှို့ဝှက်ဆန်းကြယ် စိုးမိုးသူ... ကံကောင်းမှုကို ပိုင်စိုးတဲ့ ဝါနက်ရောင်ဘုရင်...”
သူ ရွတ်လို့ ဆုံးတယ်ဆိုရင်ပဲ ယိမ်းယိုင်နေတဲ့ ဖယောင်းတိုင် မီးတောက်က ရုတ်တရက် အားနဲ့မာန်နဲ့ ကခုန်လာပြီး ဘေးပတ်ဝန်းကျင်က ရနံ့တွေနဲ့ ဝဲကတော့တစ်ခု ဖြစ်တည်လာတာ ခံစားမိလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ အဲဒါက သူ့စိတ်ဝိညာဉ်စွမ်းအားကို အရူးအမူး စုပ်ယူပါတော့တယ်။
“လနီက ပိုင်ဆိုင်တဲ့ ညအိပ်ပန်း... သင့်စွမ်းအားကို ကျွန်ုပ်ရဲ့ မန္တန်ဆီ ပေးသနားတော်မူပါ...” ကလိုင်းဟာ မန္တန်ကို ဆုံးအောင် ရွတ်ဆိုရင်း စိတ်ဝိညာဉ်စွမ်းအား ကုန်ခမ်းသွားတဲ့ ဒဏ်ကို တောင့်ခံပါတယ်။
အဲဒီနောက် ဖယောင်းတိုင် မီတောက်ဟာ ယိမ်းယိုင်တာ ရပ်သွားပြီး မီးခိုးရောင် တောက်ကာ လက်တစ်ဖဝါးစာထိ ကျယ်ပြန့်သွားပါတယ်။
“ငါ ဘာကိုမှ မဆင့်ခေါ်မိဘူး... အို ဟုတ်သားပဲ... ငါ မီးခိုးရောင် မြူခိုးထက်ကနေ တုံ့ပြန်မှ ရမှာပေါ့... ကိုယ့်ကိုယ်ကိုယ် ပြန်ဆင့်ခေါ်ရတာက တကယ်ကို ဒုက္ခများတာပဲ...” ကလိုင်းဟာ တစ်ကိုယ်တည်း ရေရွတ်ရင်း ကိုက်ခဲနေတဲ့ နဖူးကို နှိပ်လိုက်ပါတယ်။
အဲဒီနောက် သူဟာ စိတ်ငြိမ်အောင် လုပ်ပြီး နာရီလက်တံ ပြောင်းပြန်အတိုင်း ခြေလှမ်း လေးလှမ်း လှမ်းကာ မီးခိုးရောင်မြူခိုးထက်ဆီ ရောက်သွားပါတယ်။ အဲဒီမှာ သူဟာ ရှေးဟောင်းစားပွဲရဲ့ ခေါင်းရင်း ထိုင်ခုံ အထက်မှာ ဂယက်ထနေတဲ့ အလင်းရောင်ကို တွေ့လိုက်ရပါတယ်။
ဒီအလင်းရောင်က ထိုင်ခုံနောက်မှာရှိတဲ့ ထူးဆန်းတဲ့ သင်္ကေတကနေ ထွက်ပေါ်လာတာပါ။ ဒီထူးဆန်းတဲ့ သင်္ကေတက လျှို့ဝှက်ခြင်းကို ကိုယ်စားပြုတဲ့ မျက်ဆံမဲ့ မျက်လုံးနဲ့ ပြောင်းလဲမှုကို ကိုယ်စားပြုတဲ့ တွန့်လိမ်ကောက်ကွေးတဲ့ မျဉ်းကြောင်းတွေနဲ့ ဖြစ်တည်နေတဲ့ သင်္ကေတပါ။
ကလိုင်းဟာ လက်ဆန့်ပြီး ထိလိုက်တဲ့အခါ ချက်ချင်းပဲ အသံ ကြားလိုက်ရပါတယ်။
“ငါ... ငါ့နာမနဲ့ ဆင့်ခေါ်တယ်... ဒီခေတ်က မပိုင်ဆိုင်တဲ့ အရူး... မီးခိုးရောင် မြူခိုးထက်က လျှို့ဝှက်ဆန်းကြယ် စိုးမိုးသူ... ကံကောင်းမှုကို ပိုင်စိုးတဲ့ ဝါနက်ရောင်ဘုရင်”
အဲဒီနောက် သူဟာ လိမ့်တက်လာတဲ့ စိတ်ဝိညာဉ်စွမ်းအားက အလင်းရောင်ဂယက်နဲ့ ပေါင်းစပ်ပြီး ပုံသဏ္ဌာန် အတည်တကျ မရှိသေးတဲ့ ဝိုးတိုးဝါးတား တံခါးတစ်ပေါက် ဖြစ်တည်သွားတာ တွေ့လိုက်ရပါတယ်။
တံခါးဟာ ပွင့်တော့မဲ့ ပုံစံမျိုး လှုပ်သွားပါတယ်။ ကလိုင်းဟာ ချက်ချင်းပဲ စိတ်ဝင်စားသွားပြီး တံခါးကို တွန်းဖွင့်ဖို့ စိတ်ညွှတ်လိုက်ပါတယ်။
ရုတ်ခြည်းဆိုသလို အပြောကျယ်လှတဲ့ မြူခိုးတွေနဲ့ ခမ်းနားထည်ဝါတဲ့ နန်းတော်ဟာ ရှေ့ကို ဆွဲခံလိုက်ရပါတယ်။ သတိထားမိနိုင်ရုံ လှိုင်းငယ် အနည်းငယ်လည်း ထွက်ပေါ်လာပါတယ်။
ဒီလှိုင်းငယ်လေးတွေဟာ ပုံမပေါ်သေးတဲ့ ဝိုးတိုးဝါးတား တံခါးဆီ တရဟော ရောက်သွားပါတယ်။
ဒါပေမဲ့ ကလိုင်း ဘယ်လိုပဲ ကြိုးစား ကြိုးစား တံခါးက မပွင့်ပါဘူး။ လှုပ်ရှားမှုတိုင်းက နောက်ဆုံးမှာ တိတ်ဆိတ်သွားတာချည်းပါပဲ။
“ဆင့်ခေါ်တံခါးက ပုံမပေါ်သေးတာလား” ကလိုင်းဟာ သူ့စိတ်ဆန္ဒကို ဇက်ကြိုးသတ်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။ သူ ဘာဖြစ်လို့ ကျရှုံးရတာလဲ ဆိုတာကိုလည်း စိစစ်သုံးသပ်ပါတယ်။
သူဟာ ဒီတံခါးကို “ဆင့်ခေါ်တံခါး” လို့ နာမည် ပေးလိုက်ပါတယ်။
“အင်း... ငါ စိတ်ဝိညာဉ်စွမ်းအားက အားနည်းသေးလို့ ဆင့်ခေါ်တံခါး တစ်ခုလုံး မပေါ်နိုင်တာ ဖြစ်ရမယ်... ငါ ဆုံမှတ် ၈ လူရွှင် ဖြစ်ပြီး ကနဦး အန္တရာယ်ရှိတဲ့ အဆင့်ကို ကျော်မှ နောက်တစ်ခါ စမ်းကြည့်ရမယ်... အဲဒီအချိန်ကျရင် ပြဿနာ မရှိလောက်တော့ဘူး ထင်တာပဲ...”
ကလိုင်းဟာ ခေါင်းအသာ ညိတ်ပြီး ဘာဖြစ်တာလဲ ဆိုတာ အကြမ်းဖျင်း နားလည်သွားပါတယ်။
ဒီစမ်းသပ်မှုက သူ့ကို ယုံကြည်မှု တိုးသွားစေပါတယ်။ အနှိုင်းမဲ့တောက်ပတဲ့ နေမင်းကို တွက်ချက်တဲ့ ကိစ္စမပါရင် ဒါက သူ ပထမဆုံးအကြိမ် မီးခိုးရောင် မြူခိုးထက်က ဆန်းကြယ်လောကဆီကနေ တုံ့ပြန်မှု ရတာပါ။
‘တစ်နေ့ကျရင် ဒီနေရာက လျှို့ဝှက်ချက်တွေ အကုန်လုံးကို ငါ နားလည်ရမယ်...’ ကလိုင်းဟာ ရင်ထဲမှာ စိတ်လှုပ်တရှား ကြော်ငြာချက် ထုတ်လိုက်ပါတယ်။ အဲဒီနောက် သူ့ကိုယ်သူ စိတ်ဝိညာဉ်စွမ်းအားနဲ့ လွှမ်းခြုံပြီး အောက်ဆင်းတဲ့ ခံစားချက်ပေါ်အောင် လှုံ့ဆော်လိုက်ပါတယ်။
...
ကလိုင်းဟာ အိပ်ခန်းထဲ ပြန်ရောက်တဲ့အခါ ဖယောင်းတိုင်မီးကို ခပ်မြန်မြန် ငြှိမ်းလိုက်ပါတယ်။ အဲဒီနောက် အစီအရင်ကိုအဆုံးသတ်ပြီး စားပွဲကို ရှင်းလင်းကာ စိတ်ဝိညာဉ် တံတိုင်းကို ဖယ်ရှားပါတယ်။
သူ သမ်းလိုက်တဲ့အခါ လေပြင်းတစ်ချက် ရုတ်တရက် တိုက်ခိုက်လာပါတယ်။ သူဟာ အရုပ်ကြိုးပြတ် အိပ်ရာထဲ လဲကျသွားပြီး စောင်ခြုံကာ မြန်မြန်ဆန်ဆန်ပဲ အိပ်မောကျသွားပါတယ်။
ဝေဝါးတဲ့ အိပ်မက်လောကမှာ ကလိုင်းဟာ ဆတ်ခနဲ နိုးလာပြီး သူက သူ့အိမ်ရဲ့ ဧည့်ခန်းထဲမှာ ထင်းဂန်မြို့ သတင်းမှန် သတင်းစာကိုင်ကာ ထိုင်နေမှန်း သိလိုက်ပါတယ်။
‘... ကပ္ပတိန် ရောက်လာပြန်ပြီလား...’ သူဟာ ပထမတော့ မှင်တက်သွားပေမဲ့ နောက်တော့ စိတ်အနှောင့်အယှက် ဖြစ်စရာ အခြေအနေမှာ ရယ်စရာရှာဖို့ ပြတင်းပေါက် အပြင်ဘက် လှမ်းကြည့်လိုက်ပါတယ်။
ကျွီခနဲ မြည်ကာ တံခါး ပွင့်သွားပြီး ဒူးဖုံးတဲ့ အနက်ရောင် လေကာအင်္ကျီနဲ့ ဒန်းစမစ်ဟာ လက်ကိုင်တုတ်နဲ့ ဆေးတံကိုင်ကာ တစ်လှမ်းချင်း ဝင်လာပါတယ်။
သူဟာ အနက်ရောင် သက္ကလပ်ဦးထုပ် ဆောင်းထားတုန်း ဖြစ်ပြီး သူ့မီးခိုးရောင် မျက်လုံးတွေက အရင်အတိုင်း သိမ်မွေ့နက်နဲ နေပါတယ်။
ဒန်းစမစ်ဟာ ဧည့်ခန်းထဲ လျှောက်လာပြီး တစ်ယောက်ထိုင် ဆိုဖာပေါ်မှာ ဝင်ထိုင်ပါတယ်။ အဲဒီနောက် ဘယ်ခြေထောက်ပေါ် ညာခြေထောက်တင်ကာ ခြေထောက် ချိတ်လိုက်ပါတယ်။
သူဟာ လက်ကိုင်တုတ်ကို ဘေးချပြီး ဦးထုပ်ချွတ်ကာ နောက်မှီလိုက်ပါတယ်။ သူဟာ ဆိုဖာပေါ်မှာ တိတ်တဆိတ် ထိုင်ပြီး ကလိုင်းကို ကြည့်နေပါတယ်။
‘ကပ္ပတိန်... ဒီနေ့ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ...’ ကလိုင်းဟာ ကြက်သေသေသွားပါတယ်။
သူ အိပ်မက် မက်နေမှန်း သိတယ်ဆိုတာ မပေါ်အောင် ကလိုင်းဟာ ဘာမှမဖြစ်သလို ဟန်ဆောင်ပြီး သတင်းစာ ဆက်ဖတ်ပါတယ်။
တစ်မိနစ်၊ နှစ်မိနစ်၊ ငါးမိနစ်။
သူဟာ ခေါင်းမော့ပြီး မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ဒန်းစမစ်ကို ကြည့်လိုက်တဲ့အခါ ဒန်းစမစ်က ဆိုဖာပေါ်မှာ တိတ်တိတ်လေး ထိုင်ပြီး သူ့ကိုကြည့်ကာ အတွေးနက်နေတာ တွေ့လိုက်ရပါတယ်။
ငါးမိနစ်၊ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်။
ကလိုင်းဟာ သတင်းစာကို ခေါက်တုံ့ခေါက်ပြန် လှန်ရင်း မျက်လုံးထောင့်ကနေ ဒန်းစမစ်ကို ကြည့်လိုက်တဲ့အခါ ဒန်းစမစ်က သူ့ကို ကြည့်ပြီး အတွေးနက်နေတုန်းဆိုတာ သတိထားမိလိုက်ပါတယ်။
‘ကပ္ပတိန်... ကပ္ပတိန်က ကျွန်တော့်ကို မသက်မသာ ဖြစ်အောင် လုပ်နေတာပဲ...’ ကလိုင်းဟာ စိတ်အေးလက်အေး ထိုင်မနေနိုင်တော့ပါဘူး။ သူဟာ သတင်းစာကို ခေါက်ပြီး ဘေးချလိုက်ပါတယ်။ အဲဒီနောက် ဒန်းစမစ်ကို ခေါင်းညိတ်ပြီး ပြုံးပြလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ မီးဖိုချောင်ထဲသွားကာ အဝတ်စတစ်စ ယူပြီး ထမင်းစားပွဲနဲ့ ကော်ဖီစားပွဲကို စသုတ်ပါတယ်။
‘ကပ္ပတိန် ကြည့်... ကျွန်တော့် အိပ်မက်က သာမန်ပဲ... ရိုးရှင်းပြီး ပျင်းစရာ ကောင်းလွန်းတယ်... လေ့လာစရာ ဘာမှ မရှိဘူး... မြန်မြန် ထွက်သွားပါတော့... ကပ္ပတိန် ဘာဖြစ်လို့ သရဲဟန် မဆောင်တာလဲ... အဲဒါဆို ကျွန်တော် လန်သွားသလို ဟန်ဆောင်လို့ ရတာပေါ့... ဒီလိုဆို ကပ္ပတိန်က အိပ်မက်ဆိုး ဖြစ်ပြီ...’
သူဟာ တိတ်တဆိတ် ဆုတောင်းပြီး မော့ကြည့်လိုက်တဲ့အခါ အတွေးနက်နေတဲ့ ဒန်းစမစ်ရဲ့ မီးခိုးရောင် မျက်လုံးတွေကို တွေ့လိုက်ရပါတယ်။
ဒီလို ငြိမ်သက်ပြီး ဆက်တိုက် စောင့်ကြည့်နေတဲ့ အကြည့်အောက်မှာ ကလိုင်းဟာ ပရိဘောဂ အကုန်လုံးကို သုတ်ပြီး သူ့အခန်းကိုပါ သန့်ရှင်းရေးလုပ်လို့ ပြီးသွားပါတယ်။ အိပ်မက်ထဲမှာ ဆိုပေမဲ့ သူ တော်တော်ကို ပင်ပန်းသွားပါတယ်။
သူ့ကို အပင်ပန်းစေဆုံးကတော့ သူ့ကို တိတ်တိတ်လေး ကြည့်ပြီး အတွေးနက်နေတဲ့ ဒန်းစမစ်ပါ။
ကလိုင်းဟာ သူ့ကိုယ်သူ အလုပ်ရှုပ်အောင် လုပ်နေတဲ့အတွက် အချိန် ဘယ်လောက် ကုန်သွားတယ် ဆိုတာ မသိပါဘူး။ နောက်ဆုံးမှာတော့ သူဟာ ကပ္ပတိန်က ခြေထောက် ချိတ်ထားတာ ဖြုတ်ပြီး မတ်တတ်ရပ်လိုက်တာ တွေ့လိုက်ရပါတယ်။ အဲဒီနောက် ကပ္ပတိန်ဟာ လက်ကိုင်တုတ်ယူပြီး ဦးထုပ်ဆောင်းကာ တံခါးကနေ ထွက်သွားပါတယ်။
ကလိုင်းဟာ အသက်အောင့်ပြီး ဒန်းစမစ် အိမ်ထဲကနေ ထွက်သွားတာကို ကြည့်နေပါတယ်။ သူဟာ တာ့တာ မပြဘဲ မနေနိုင်ပါဘူး။
“ဟူး...” အကုန်လုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားတဲ့အခါ ကလိုင်းဟာ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပါတယ်။
‘ဒါက တကယ်ကို အိပ်မက်ဆိုးပဲ...’ ကလိုင်းဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။
...
ဘက်ကလင်၊ အနောက်ပိုင်း၊ ဖိလစ် ကုန်တိုက်။
ဖိလစ်က လိုအင်နိုင်ငံရဲ့ အဆင့်မြင့် ကုန်တိုက်တွေထဲက ကုန်တိုက် တစ်တိုက်ပါ။ အဖွဲ့ဝင်ဖြစ်ဖို့ အရည်အချင်းရှိတဲ့ သူဌေးသူကြွယ်တွေနဲ့ အထက်တန်းလွှာတွေကိုပဲ ရောင်းချပါတယ်။ တံဆိပ်အမျိုးမျိုးရှိတဲ့ ဇိမ်ခံမြင်းလှည်းတွေဟာ ကုန်တိုက်ရဲ့ အပြင်ဘက်မှာ အမြဲတမ်း ရပ်ထားပါတယ်။
ဖိလစ်ကုန်တိုက်က ဈေးဝယ်ထွက်ဖို့ ဘေးကင်း လုံခြုံတဲ့ နေရာတစ်ခုတင် မကပါဘူး။ အဖွဲ့ဝင်တွေအပေါ်မှာ ကန့်သတ်ချက်တွေ များတဲ့အတွက် လူမှုရေးပွဲတွေ ကျင်းပရာ နေရာတစ်ခုလည်း ဖြစ်လာပါတယ်။
အော်ဒရီဟာ သူမရဲ့ အိမ်ဖော် အန်နီနဲ့ ရွှေရောင်စပ်ခွေး ဆူဇီကို ခေါ်လာပါတယ်။ တက်ကြွနေတဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ လမ်းညွှန်မှုအောက်မှာ သူမဟာ မြင်းလှည်းပေါ်က ဆင်းပြီး ကုန်တိုက်ထဲ ဝင်ပါတယ်။
လမ်းတစ်လျှောက်မှာ သူမဟာ မြို့နယ်စား၊ နယ်စားတွေရဲ့ သမီးတွေနဲ့ လူမှုအဆင့်အတန်းမြင့်တဲ့ မိဘတွေရှိတဲ့ မဒမ်တွေကိုလည်း တွေ့လိုက်ရပါတယ်။
သူမဟာ ကြော့ကြော့ရှင်းရှင်းနဲ့ သူတို့အကုန်လုံးကို ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ပါတယ်။ မတူညီတဲ့ အထက်တန်းလွှာတွေနဲ့ မတူညီတဲ့ အကြောင်းအရာတွေကို ပြောဆိုပါတယ်။ ဥပမာ နယ်စားကတော် တစ်ယောက်နဲ့ တွေ့ရင် သူမရဲ့ အဝတ်အစားအကြောင်း ချီးကျူးပြီး မြို့စားကတော် တစ်ယောက်နဲ့ တွေ့ရင် သူမယောက်ျားရဲ့ အထက်လွှတ်တော်မှာ ထူးချွန်တဲ့ ဆောင်ရွက်မှုတွေကို ချီးကျူးပါတယ်။
အရင်တုန်းက အော်ဒရီဟာ ဒီအပိုင်းမှာ သိပ်မတော်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူမက ခေါင်းမာပြီး မာနကြီးလို့ပါ။ ဒါပေမဲ့ အခုတော့ သူမဟာ အံ့ဝင်ဂွင်ကျဖြစ်အောင် တုံ့ပြန်ဖို့ အားတောင် သိပ်မစိုက်ရပါဘူး။
ပွဲကြည့်သမားရဲ့ မျက်လုံးထဲမှာ အမျိုးသမီး အထက်တန်းလွှာတွေရဲ့ ခံစားချက်တွေနဲ့ အတွေးအများစုက သူတို့မျက်နှာပေါ်မှာ ရေးထားပါတယ်။
ဒုတိယထပ်ကို ရောက်တဲ့အခါ အော်ဒရီဟာ အသင့်ဝတ် အဝတ်အစားတွေ ရောင်းတဲ့ ဆိုင်တစ်ဆိုင်ထဲ ဝင်လိုက်ပါတယ်။
ဆိုင်ဝန်ထမ်းက ချောမောလှပတဲ့ မိန်းမပျိုတစ်ယောက်ပါ။ သူမဟာ ဖြူမည်း ဝတ်စုံကို ဝတ်ဆင်ထားပြီး ပုခုံးပေါ်ဝဲကျနေတဲ့ ရွှေရောင်ဆံပင်တွေ ရှိပါတယ်။ သူမက စီရင်သူ ဇီယိုဒါရက်ချာပါ။
အော်ဒရီဟာ မျက်နှာအမူအရာ မပြောင်းဘဲ ဆူဇီကို တစ်ချက် ကြည့်လိုက်ပါတယ်။ ဆူဇီဟာ သူ့သခင်ရဲ့ ဆိုလိုရင်းကို နားလည်တဲ့အတွက် ချက်ချင်း တခြားကောင်တာ တစ်ခုစီ ပြေးသွားပါတယ်။
အိမ်ဖော် အန်နီလည်း ဆူဇီကို ဆွဲခေါ်ဖို့ နောက်ကနေ လိုက်သွားပါတယ်။
‘တော်တယ်...’ အော်ဒရီဟာ စိတ်ထဲမှာ ချီးကျူးလိုက်ပြီး အဝတ်အစားတွေ ကြည့်သလိုမျိုး ဇီယိုဒါရက်ချာနား ကပ်သွားပါတယ်။
“... ဒီနေရာမှာတွေ့ဖို့ ဘာလို့ စီစဉ်တာလဲ” ဇီယိုဟာ အဝတ်အစားတွေကို ကျယ်ကျယ်လောင်လောင် မိတ်ဆက်ပေးရင်းက အသံတိုးတိုးနဲ့ မေးပါတယ်။ သူမရဲ့အသံက ကလေးသံလိုပဲ နူးညံလှပါတယ်။
“အရင်လုပ်နေတဲ့ ဝန်ထမ်း ဘယ်ရောက်သွားလဲ” အော်ဒရီဟာ ဇီယိုရဲ့ မေးခွန်းကို မဖြေဘဲ ပြန်မေးပါတယ်။
ဇီယိုဟာ ဘေးဘီဝန်းကျင်ကို ကြည့်ပြီး “ငါ သူ့ကို ဖျောင်းဖျလိုက်တယ်... သူလည်း တစ်မနက် နားရတော့ ပျော်နေတယ်”
အော်ဒရီဟာ အဝတ်အစား ဒီဇိုင်းမျိုးစုံကို ကြည့်ရင်း သေချာ ခေါက်ထားတဲ့ စာရွက်တစ်ရွက်ကို သိုးသားရေ လက်ဆွဲအိတ်ထဲက ထုတ်ယူပြီး ဇီယိုဆီ သိုသိုသိပ်သိပ် ကမ်းလိုက်ပါတယ်။
“နောက်တန်း ဗိုလ်ချုပ်ကြီး ဟာရီကိန်း၊ ခီးလုံဂို့စ်က ဘက်ကလင်ထဲ ခိုးဝင်လာတယ်... ဒါက သူ့ပုံတူပန်းချီပဲ... သူ့ကို ရှာပေးစေချင်တယ်... အင်း... သူ သတိမထားမိစေနဲ့”
ဇီယိုဟာ ခေါက်ထားတဲ့ စာရွက်ကို ယူပြီး ဖြန့်ကြည့်ကာ တစ်ချက်ကြည့်လိုက်တဲ့အခါ ကျယ်ပြန်တဲ့ မေးရိုးနဲ့ အသက်သုံးဆယ်အရွယ် အမျိုးသားတစ်ယောက်ရဲ့ အသက်ဝင်လှတဲ့ ပုံတူပန်းချီကို တွေ့လိုက်ရပါတယ်။
‘တစ်ခါတုန်းက ပန်းချီဆရာက ငါ့ကို ဆက်တိုက် ချီးမွမ်းခဲ့တာ...’ အော်ဒရီဟာ ဇီယိုကို တစ်ချက် ခိုးကြည့်ပြီး ခေါင်းမော့လိုက်ပါတယ်။ အဲဒီနောက် သူမဟာ ထပ်ပြောပါတယ်။
“နိုင်ငံတော်ကလည်း ခီးလုံဂို့စ်ကို ဆုငွေ ပေါင်တစ်သောင်း ထုတ်ထားတယ်... သူ့ကို ဖမ်းမိရင် သတင်းပေးတဲ့လူတောင် အနည်းဆုံး ပေါင်သုံးလေးရာ ရမှာပဲ”
သူမရဲ့ စကား ဆုံးတယ်ဆိုရင်ပဲ ဇီယိုရဲ့ မျက်လုံးတွေက တလက်လက် တောက်ပသွားပါတယ်။ ဒီလိုဖြစ်မှာကို အော်ဒရီဟာ ကြိုတွက်ထားပြီးသားပါ။