အုတ်မြစ်ရဲ့ နောက်ဆုံးအလွှာ
Vol. 16 Ch. 153
‘ကျယ်ပြောတဲ့ မေရိုး... ဆံပင်ကို ရှေးစစ်သူရဲလိုမျိုး စည်းထားတယ်... အေးစက်ပြုံး ပြုံးနေတဲ့ မျက်လုံးတွေ...’ ဇီယိုဒါရက်ချာဟာ အော်ဒရီပေးတဲ့ ပုံတူပန်းချီကို စေ့စေ့စပ်စပ် ကြည့်ရှုရင်း ဆိုဖာပေါ် တစ်ဝက် ပစ်ထိုင်ပါတယ်။ သူမရဲ့ မျက်လုံးထဲမှာ ဒီလူက အသက်ရှိတဲ့ ပိုက်ဆံအိတ်ကြီးပါ။
ခီးလုံဂို့စ်ရဲ့ ရုပ်ရည်ကို ခေါင်းထဲမှာ အသေမှတ်ပြီးတာနဲ့ သူမဟာ စာရွက်အောက်က ဖော်ပြချက်ကို ဆက်ဖတ်ပါတယ်။
“အညိုရောင် ဆံပင်၊ စိမ်းနက်ရောင် မျက်လုံး...”
“ပစ်မှတ်က တခြားလူအဖြစ် ပြောင်းလဲနိုင်တဲ့ အစွမ်းရှိတော့ ဒီပုံတူပန်းချီက အကြမ်းဖျင်းပဲ ကိုးကားလို့ရတယ်... အသွင်ပြောင်းလဲတာကို သူ ဘယ်လောက်ကြာအောင် ထိန်းထားနိုင်လဲဆိုတာ မသိရဘူး”
‘ပုံတူပန်းချီကို ကိုးကားလို့ပဲ ရတယ်... ပစ်မှတ်က တခြားလူအဖြစ် အသွင်ပြောင်းလဲနိုင်စွမ်း ရှိတယ်... ကိုးကားချက်အနေနဲ့ပဲ... တခြားလူအသွင် ပြောင်းနိုင်တယ်... အဲဒါဆို ငါက ဘာဖြစ်လို့ အချိန်ကုန်ခံပြီး သူ့ရုပ်ရည်ကို အလွတ်မှတ်နေရတာလဲ...’ ဇီယိုဟာ လောကကြီးက သူ့ကို မကောင်းကြံတာကို ပထမဆုံးအကြိမ် ကြုံလိုက်ရသလိုမျိုး ကြောင်တောင်တောင် ဖြစ်သွားပါတယ်။
သူမ မော့ကြည့်လိုက်တဲ့အခါ ဖာ့စ်က သူမနဲ့ မျက်နှာချင်းဆိုင်က ဆိုဖာမှာ ခြေပစ်လက်ပစ် လှဲလိုက်တာ တွေ့လိုက်ရပါတယ်။ ဖာ့စ်ဟာ သူမဘာသာ ရေရွတ်စကား ဆိုပါတယ်။
“ဒီလူကို ရှာဖို့ နည်းလမ်း မရှိဘူး... ငါတို့တွေ သူ ဘယ်လိုပုံရှိလဲ ဆိုတာ မသိဘူး... ငါတို့သိတာဆိုလို့ သူက ဘက်ကလင်က မဟုတ်တာပဲ... ဒါပေမဲ့ ဘက်ကလင်ဆီလာတဲ့ နိုင်ငံခြားသားတွေက အများကြီးပဲ”
ဖာ့စ်ဟာ သုံးကြိမ်သုံးခါ ထိုင်ဖို့ ကြိုးစားပေမဲ့ မအောင်မြင်ပါဘူး။
“ငါက ပညာသင်... စီရင်သူ မဟုတ်ဘူး...” သူမဟာ နှုတ်ခမ်းစူပြီး ဆိုဖာလက်ရန်းပေါ် လက်တင်ကာ အားယူထပါတယ်။
“အဲဒီမိန်းမပျိုက ငါတို့ကို ရှေးဖြစ်ဟောဆရာတွေလို့ ထင်နေတာလား မသိဘူး” ဖာ့စ်ဟာ အပြောင်အပျက် ပြောပါတယ်။
ဇီယိုဟာ ပြန်ဖြေဖို့ဆဲဆဲမှာ စာတချို့ ကျန်နေသေးတာကို သတိထားမိသွားပါတယ်။ အဲဒါကြောင့် အသံထွက်ပြီး ညင်ညင်သာသာ ဖတ်လိုက်ပါတယ်။
“ခီးလုံဂို့စ်ကို ရှာဖွေဖို့ အကြံပြုချက်များကို အောက်ပါအတိုင်း ဖြစ်တယ်...”
“(၁) ခီးလုံဂို့စ်မှာ မကောင်းဆိုးဝါး ပစ္စည်းတစ်ခု ရှိတယ်... အဲဒီပစ္စည်းက လူတစ်ယောက်ရဲ့ အသွေးအသားနဲ့ ဝိညာဉ်ကို တစ်ရက်ကျော် စားသုံးတယ်... အဲဒါကြောင့် အိမ်ခြေမဲ့တွေ ပျောက်တာကနေ စရှာလို့ရတယ်”
“(၂) ခီးလုံဂို့စ်ရဲ့ သတင်းအချက်အလက်တွေကို ရှာဖွေပြီး သူ့ရဲ့ တစ်မူထူးခြားတဲ့ ဝါသနာတွေနဲ့ အပြုအမူတွေကို ကိုယ်ရေးအကျဉ်း တည်ဆောက်ပါ”
“(၃) လူတစ်ယောက်ရဲ့ မျက်နှာအသွင်အပြင်က ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်ပေမဲ့ အထူးတလည် လေ့ကျင့်ထားတဲ့လူ မဟုတ်ရင် သူ့ကိုယ်သူ အရင်အတိုင်း ပြုမူနေထိုင်မှာပဲ... ဥပမာ စားနေကျ အစားအစာ... လမ်းလျှောက်တဲ့ပုံစံ... ခန္ဓာကိုယ် လှုပ်ရှားမှုတွေနဲ့ တခြားအသေးစိတ် အချက်အလက်လေးတွေ...”
ဖာ့စ်ဟာ နားထောင်ရင်း ခေါင်းညိတ်ပါတယ်။
“မစ္စအော်ဒရီက မရိုးစင်းဘူး... ကောလဟာလတွေထဲကလိုမျိုး ဘာမှမသိတဲ့ ဆယ်ကျော်သက်လေး မဟုတ်ဘူး... သူ့ဆီမှာ စေ့စပ်သေချာမှုနဲ့ တည်တည်ငြိမ်ငြိမ် အကဲခတ်နိုင်စွမ်း ရှိတယ်”
“အဲဒီလိုလား...” ဇီယိုဟာ မယုံသင်္ကာနဲ့ မေးပါတယ်။ သူမဟာ ဒီလိုအဖြေမျိုးကို မျှော်လင့်မထားတဲ့အတွက် စကားလမ်းကြောင်း ပြောင်းလိုက်ပါတယ်။
“ငါက သတင်းအချက်အလက် စုဆောင်းဖို့ တာဝန်ယူမယ်... နင်က အဲဒီပိုက်ဆံအိတ်ကြီးရဲ့... မှားလို့... ဓားပြဗိုလ်ချုပ်ကြီးရဲ့ ဝါသနာနဲ့ တစ်မူထူးခြားတဲ့စရိုက်တွေကို စုစည်းပေးနိုင်မလား”
ဖာ့စ်ဟာ မျက်လုံးပြူးသွားပြီး စီးကရက် ထည့်ထားတဲ့ သံမဏိဘူးကို လှုပ်ခါလိုက်ပါတယ်။
“နင် ဘယ်လိုလုပ်ပြီး ခိုင်းရက်တာလဲ... နုနုနယ်နယ်နဲ့ ဆတ်ဆတ်ထိမခံတဲ့ စာရေးဆရာမကို နင် ဘယ်လိုလုပ်ပြီး အချက်အလက်တွေ စုစည်း စိစစ် တွက်ချက်ခိုင်းရက်တာလဲ”
ဇီယိုဟာ သူမရဲ့ သူငယ်ချင်းကောင်းကို တစ်ချက်ကြည့်ပြီး ဩဇာအာဏာကို သူမတောင် မသိဘဲ ထုတ်လွှတ်လိုက်ပါတယ်။
“နင့်ရဲ့ လေပြင်မုန်တိုင်း တောင်ပေါ်စံအိမ် ဝတ္ထုမှာ တွက်ချက်တာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ စာပိုဒ်တစ်ပိုဒ် ပါတယ်လေ”
ဖာ့စ်ဟာ ပုခုံးတွေကို လျှော့ချပြီး ခေါင်းငုံ့ကာ ကော်ဖီစားပွဲကို ကြည့်လိုက်ပါတယ်။
“အဲဒီစာတစ်ပိုဒ်အတွက် ငါ ဆံပင် ဘယ်နှပင် ဆွဲနှုတ်မိခဲ့လဲ ဆိုတာ နင်သိလား... အိပ်ရေး ဘယ်လောက် ပျက်ခဲ့ရလဲဆိုတာ နင် သိလား”
သူမဟာ ခေါင်းမော့ပြီး ဇီယိုဒါရက်ချာကို ကြည့်ပါတယ်။ အဲဒီနောက် ခေါင်းပြန်ငုံ့ပြီး ညည်းတွားပါတယ်။
“ဘဝက တိုတိုလေး... လုပ်စရာတွေက အများကြီး... ဘာဖြစ်လို့ ငါတို့ရဲ့ အချိန်ကို ဒီလို စိတ်ဝင်စားစရာ မကောင်းတဲ့ အဆင့်နိမ့်အလုပ်မှာ ဖြုန်းတီးရမှာလဲ”
‘ဒါက တော်တော်လေး ကျိုးကြောင်းဆီလျော်တယ်...’ ဇီယိုဟာ ခေါင်းညိတ်ပြီး သဘောတူပါတယ်။ ဒါပေမဲ့ သူမဟာ စီရင်သူတစ်ယောက်အနေနဲ့ ဩဇာအာဏာအတွက် တိုက်ခိုက်ပါတယ်။
“ဒါဆို နင့်ဆီမှာ ဒီပြဿနာကို ဖြေရှင်းဖို့ တခြားနည်းလမ်း ရှိလား” သူမဟာ အသံကို တိုးပြီး ပြောလိုက်တဲ့အတွက် သူမရဲ့ ကလေးအသံဟာ ပိုပြီးတော့ နက်သွားပါတယ်။
ဖာ့စ်ဟာ စက္ကန့်နှစ်ဆယ်နီးပါး စဉ်းစားပြီး ရုတ်တရက် မော့ကြည့်လိုက်ပါတယ်။
“ငါတို့တွေ ပရော်ဖက်ရှင်နယ် ငှားလို့ရတယ်... နင် နောက်တန်းဗိုလ်ချုပ်ကြီး ဟာရီကိန်းရဲ့ သတင်း အချက်အလက်တွေကို စုဆောင်းပြီးရင် သူ့နာမည်ကို ဖျက်လိုက်... ပြီးရင် ထူးချွန်ထက်မြက်တဲ့ စုံထောက်တစ်ယောက်ကို အဲဒီအချက်အလက်တွေ ကျစ်လစ် ခိုင်မာအောင် တည်ဆောက်ပြီး စိစစ် တွက်ချက်ခိုင်းလို့ရတယ်... ပိုက်ဆံပဲ ပေးဖို့ လိုတယ်”
‘ငါ အဲဒါကို ဘာလို့ မတွေးမိပါလိမ့်...’ ဇီယိုရဲ့ စိတ်ဟာ ဟာလာဟင်းလင်း ဖြစ်သွားပါတယ်။ ဖာ့စ်နဲ့ ဇီယိုဟာ ဘာမှမပြောဘဲ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ပါတယ်။
နေရထိုင်ရ ခက်လာတဲ့အခါ သူမဟာ လည်ချောင်းရှင်းပြီး...။
“ငါ နင်အကြံပေးတဲ့အတိုင်း လုပ်မယ်...”
ပြီးတဲ့အခါ သူမဟာ ချက်ချင်းပဲ ဖြည့်ပြောပါတယ်။
“ဒါပေမဲ့ ပိုက်ဆံကို နင်ပေးရလိမ့်မယ်”
...
ဟောက်လမ်း၊ ဗေဒင်ကလပ်။
“မင်္ဂလာ နေ့လည်ခင်းပါ မစ္စတာ မိုရက်တီ” မိန်းမချောလေး အန်ဂျလီကာဟာ ကလိုင်းကို တအံ့တဩ ကြည့်လိုက်ပါတယ် “ရှင် သောကြာနေ့ လာခဲပါတယ်”
မီးခိုးခေါင်းတိုင်နီအိမ်ကို လိုက်ရှာရလို့ ပင်ပန်းနေတဲ့ ကလိုင်းဟာ ပြုံးလိုက်ပါတယ် “ကံကြမ္မာက အမြဲတမ်း တစ်သမတ်တည်း ရှိနေတာ မဟုတ်ဘူး... အံ့အားသင့်စရာတွေကို အမြဲတမ်း ဆောင်ယူလာတယ်”
ကလိုင်းဟာ မီးခိုးခေါင်းတိုင်နီအိမ်ကို ရှာရင်းနဲ့ ဒီနားတစ်ဝိုက်ကို ရောက်လာတဲ့အပြင် မြင်းလှည်း ငှားထားတာကလည်း အချိန်ပြည့်သွားတဲ့အတွက် လက်ဖက်ရည် တစ်ခွက်သောက်ပြီး အနားယူဖို့ ဗေဒင်ကလပ်ဆီ ရောက်လာတာပါ။
နောက်ပြီး ဒါက သူ ချထားတဲ့ အုတ်မြစ်ရဲ့ နောက်ဆုံး အလွှာပါ။ ဗေဒင်ကလပ်က ရလာတဲ့ အတွေ့အကြုံသစ်ကို အကြောင်းပြပြီး သူဟာ ဒန်းစမစ်ဆီ အထူးလျှောက်လွှာ တင်တော့မှာပါ။
“ရှင့်စကားက အမြဲတမ်း ဒဿနချည်းပဲ” အန်ဂျလီကာက ချီးကျူးပါတယ်။
ကလိုင်းဟာ တစ်ခဏ တွေးပြီးနောက်...။
“ကျွန်တော် နောက်ကျရင် ဗေဒင်ကလပ်ကို မကြာခဏ လာဖြစ်တော့မှာ မဟုတ်ဘူး... အဲဒါကြောင့် တခြားလူတွေဆီမှာ ကျွန်တော့်ကို ထောက်ခံမပေးတော့နဲ့”
သူဟာ ဆေးရည်ကို ချေဖျက်ပြီးပြီမလို့ ပန်းတိုင်သစ်ဆီ လျှောက်လှမ်းတော့မှာပါ။
“ဘာဖြစ်လို့လဲ” အန်ဂျလီကာဟာ အံ့ဩသွားပြီး ပဟေဠိနဲ့ မေးပါတယ်။
“ရှင်က ကလပ်ထဲမှာ နာမည်တစ်ခု ရနေပြီ... လူအများစုက ရှင်ဗေဒင်ဟောတာ မှန်ပြီး အံ့ဩဖို့ကောင်းတယ်ဆိုတာ သိနေကြပြီ... အမှန်အတိုင်း ပြောရရင် ကျွန်မတို့က ရှင့်ကို တနင်္ဂနွေနေ့မှာ ဟောပြောခိုင်းဖို့တောင် စဉ်းစားနေတာ”
‘တစ်ခါဟောလို့ တစ်ပေါင် ရမယ်ဆိုရင် ငါ ဘယ်လောက် ပင်ပန်း ပင်ပန်း ဆက်ပြီးတော့ ဟောမှာ... နောက်ပြီး ငါ မီးခိုးခေါင်းတိုင်နီအိမ်ကို စုံစမ်းပြီး နောက်ကွယ်မှာရှိတဲ့ တရားခံကို အမြန်ဆုံး ရှာတွေ့ဖို့ လိုတယ်...’ ကလိုင်းဟာ နွေးနွေးထွေးထွေး ပြုံးလိုက်ပါတယ်။
“မဒမ်... ကျွန်တော့်ကို ဆက်နေဖို့ မဖျောင်းဖျပါနဲ့... ဒါက ကံကြမ္မာရဲ့ စီစဉ်မှုပဲ”
“ကျွန်တော် ဗေဒင်ကလပ်ဆီ လုံးဝ မလာတော့ဘူးလို့ ပြောတာမှ မဟုတ်တာ... လာမဲ့အခေါက်ရေ နည်းသွားရုံပဲ... ကလပ်ကြေးကို ကျွန်တော် အချိန်မီ သွင်းပါ့မယ်”
‘ဘာပဲဖြစ်ဖြစ် ငါ ပြန်တောင်းလို့ ရတာပဲ... ငါ ရံဖန်ရံခါ လာပြီး ဒီနေရာကို စောင့်ကြည့်ရမယ်...’ ကလိုင်းဟာ စိတ်ထဲမှာ ပြောလိုက်ပါတယ်။
“စိတ်မကောင်းစရာ သတင်းပဲ... ကျွန်မက ကျွန်မ လမ်းပျောက်တဲ့ အချိန်ကျရင် ရှင့်ဆီမှာ ဗေဒင်တွက်မလို့ စဉ်းစားထားတာ” အန်ဂျလီကာဟာ သက်ပြင်းချပါတယ်။
သူမဟာ ဒီကိစ္စက သူမ မျှော်လင့်ထားသလို အံ့အားသင့်ဖို့ မကောင်းဘူးဆိုတာ သတိထားမိလိုက်ပါတယ်။
‘ဒီလိုမျိုး ကံကြမ္မာကို လေးစားတဲ့ အံ့ဖွယ်အမြင်ဆရာက ထင်းဂန်မြို့မှာရှိတဲ့ ကလပ်တစ်ခု ဆွဲထားနိုင်တဲ့အရာ မဟုတ်ဘူး...’ အန်ဂျလီကာဟာ တစ်ခုခုကို သဘောပေါက်သွားသလိုမျိုး ပြုံးလိုက်ပါတယ်။
“စီးဘလက် လက်ဖက်ရည်ပဲလား”
“အင်း...” ကလိုင်းဟာ အပြုံးနဲ့ ဖြေပါတယ်။
သူဟ ကလပ်ထဲမှာ မိနစ် ၂၀ လောက် နေပါတယ်။ ဒီအချိန်ကို သူဟာ အနားယူပြီး ကုန်ဆုံးပါတယ်။ လက်ဖက်ရည် သောက်ပြီးတဲ့အခါ သူဟာ ဗေဒင်ကလပ်ကနေ ထွက်ပြီး အများသုံး မြင်းလှည်းစီးကာ ဒက်ဖဒိုလမ်းဆီ ပြန်ပါတယ်။
ကလိုင်းဟာ အိမ်ထဲဝင်တဲ့အခါ သူ့အကျင့်အတိုင်း စာတိုက်ပုံးကို ဖွင့်ကြည့်ပါတယ်။ အဲဒီအခါမှာ လာထားတာ မကြာသေးတဲ့ စာတစ်စောင်ကို တွေ့လိုက်ရပါတယ်။ သူဟာ စာကို ဖွင့်ကြည့်တဲ့အခါ မစ္စတာအက်ဇစ်ဆီကမှန်း သတိထားမိသွားပါတယ်။
“... ငါ တနင်္ဂနွေနေ့ကျရင် မို့စ်မြို့ဆီ သွားပြီး ဗုဒ္ဓဟူးနေ့ကျ ပြန်လာမယ်”
‘မို့စ်မြို့မှာ နေတဲ့လူ အများစုက အရှင်မကို ယုံကြည်တဲ့လူတွေပဲ... သူက အဲဒီကို တနင်္ဂနွေနေ့ သွားမှာဆိုတော့ ပုံမှန်အခြေအနေမှာ ညသိမ်းငှက်တွေက ဒီသတင်းကို အင်္ဂါ ဗုဒ္ဓဟူးကျမှ ရလိမ့်မယ်... အဲဒီတော့ ငါ လုပ်နိုင်တယ်... မစ္စတာအက်ဇစ်က ငါ့တောင်းဆိုချက်ကို သတိရလိမ့်မယ်လို့ ထင်မထားဘူး... သူကိုယ်တိုင် မလှုပ်ရှားဖို့ မျှော်လင့်ရတာပဲ... စိတ်ဝိညာဉ်တစ်ကောင် ဆင့်ခေါ်ပြီး ကြောက်စရာကောင်းတာ တစ်ခုခု လုပ်လိုက်ရင် လုံလောက်ပါတယ်...’
ကလိုင်းဟာ ခေါင်းအသာညိတ်ပြီး စိတ်ဝိညာဉ်စွမ်းအား ထုတ်လွှတ်ကာ ပွတ်တိုက်မှုနဲ့ စာစောင်ကို မီးရှို့လိုက်ပါတယ်။ အဲဒီနောက် လက်ခါပြီး မီးတောက်ကို ပြာအဖြစ်ပြောင်းလဲကာ အောက်လွှတ်ချလိုက်ပါတယ်။
...
စနေနေ့၊ နေ့လယ်ခင်း။
အနက်ရောင် လေကာအင်္ကျီနဲ့ ဦးထုပ် ဆောင်းပြီး လက်ကိုင်တုတ် ကိုင်ထားတဲ့ ကလိုင်းဟာ ဆူးနက်လုံခြုံရေး ကုမ္ပဏီထဲကို ဖြည်းဖြည်းချင်း ဝင်လာပါတယ်။
ရိုဇန်းကို နှုတ်ဆက်ပြီးနောက် သူဟာ အခန်းခွဲထားတဲ့အပိုင်းကို ကြည့်လိုက်တဲ့အခါ ကပ္ပတိန်ရဲ့ ရုံးခန်းတံခါး ပွင့်နေတာ သတိထားမိလိုက်ပါတယ်။ အဲဒါကြောင့် သူဟာ အသံကျယ်ကျယ် ပြောလိုက်ပါတယ်။
“မနေ့က ကျွန်တော် ဗေဒင်ကလပ်မှာ ခင်ဗျားနဲ့ ရုပ်ချင်းဆင်တဲ့ မိန်းကလေးတစ်ယောက် တွေ့ခဲ့တယ်”
“တကယ်ကြီးလား...” ရိုဇန်းဟာ စိတ်ဝင်စားသွားပါတယ်။
ကလိုင်းဟာ ခေါင်းညိတ်ပါတယ် “ဟုတ်တယ်... ကျွန်တော်က သူ့ကို ခင်ဗျား ညီမလို့တောင် ထင်တာ”
“ရှင့်ကို စိတ်ပျက်စေမိတော့မှာပဲ... ကျွန်မမှာ ညီမဆိုလို့ ဝမ်းကွဲညီမတောင် မရှိဘူး” ရိုဇန်းဟာ ရယ်ပါတယ် “ရှင် သူ့နာမည်ကို မှတ်မိလား”
“မမှတ်မိဘူး... ကျွန်တော်က ဘာဖြစ်လို့ သူ့နာမည်ကို မှတ်မိရမှာလဲ” ကလိုင်းဟာ ပြုံးပါတယ် “သူ့ကို ကြည့်ရတာက ခင်ဗျားကို ကြည့်ရတာနဲ့ အတူတူပဲ”
“ဒါက ကျွန်မကို ချီးမွမ်းတာလား” ရိုဇန်းဟာ ဘယ်တော့မှ စကားစ ရှာဖို့မလိုတဲ့ စကားများတဲ့ မိန်းကလေးတစ်ယောက်ပါ။
“ကလိုင်း... ရှင် ဗေဒင်ကလပ်မှာ ဝင်ငွေ ကောင်းနေတယ်မလား... အမြင်ဆရာ စစ်စစ်ဆိုတော့ ရှင့်အစွမ်းက ဝါသနာသမားတွေထက် အများကြီး သာတယ်မလား”
‘နင် ဒီအကြောင်းကို မပြောရင် ငါတို့က လုပ်ဖော်ကိုင်ဖက်ကောင်းတွေ ဖြစ်နေဦးမှာ...’ ကလိုင်းဟာ ချောင်းဟန့်ပါတယ်။
“အမြင်ဆရာက ကံကြမ္မာကို လေးစားဖို့ လိုတယ်... တွက်ချက်တာကို အထူးခွင့်အရေးအနေနဲ့ အသုံးချလို့ မရဘူး”
“ရှင့်ရဲ့ ကိုယ်ပိုင် အမြင်ဆရာ ဆောင်ပုဒ်လား” ရိုဇန်းက သိချင်စိတ်နဲ့ မေးပါတယ်။
“ဟုတ်တယ်” ကလိုင်းက ခပ်ယဲ့ယဲ့ ဖြေပါတယ်။
စကားနည်းနည်းပါးပါး ထပ်ပြောပြီးနောက် ကလိုင်းဟာ ရိုဇန်းဟာ နှုတ်ဆက်ကာ အခန်းခွဲထားတဲ့ အပိုင်းဆီ ဦးထုပ်ချွတ်ပြီး လျှောက်သွားပါတယ်။
“ဒေါက်... ဒေါက်... ဒေါက်...”
သူဟာ တံခါးခေါက်ရင်း ကော်ဖီသောက်နေတဲ့ ဒန်းစမစ်ကို ကြည့်လိုက်ပါတယ်။
“ဝင်ခဲ့လေ” ဒန်းစမစ်ဟာ ကလိုင်းကို မော့ကြည့်ပြီး ကိုယ်ဟန်ကို ချက်ချင်း ပြင်ထိုင်ပါတယ်။
ကလိုင်းဟာ ပြီးခဲ့တဲ့နှစ်ရက်မှာ ကပ္ပတိန်ကို စုံစမ်း စစ်ဆေးပြီးပါပြီ။ ဒန်းစမစ်က သူပြောတာကို စမ်းကြည့်နေပေမဲ့ “သရုပ်ဆောင်တဲ့ နည်းလမ်း” လို့ တစ်ခါမှ စကားထဲ ထည့်မပြောပါဘူး။ သူလည်း ဘုရားကျောင်းက အထက်လူကြီးတွေကို သတိထားနေတယ်ဆိုတာ သိသာပါတယ်။
အဲဒါကြောင့် ကလိုင်းဟာ တံခါးပိတ်ပြီး ဒန်းစမစ်နဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်ပါတယ်။ အဲဒီနောက် လေးနက်တဲ့မျက်နှာ အနည်းငယ် စိတ်လှုပ်ရှားတဲ့ အမူအရာနဲ့...။
“ကပ္ပတိန်... ကျွန်တော် အမြင်ဆရာ ဆေးရည်ကို လုံးဝ ပိုင်နိုင်ပြီလို့ ယုံကြည်တယ်... ကျွန်တော် အထူးလျှောက်လွှာ တင်ချင်တယ်”